Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, January 03, 2013

ညွှန်းတဲ့ ရုပ်ရှင်

Zero Dark Thirty
Action / Drama / History
ပြသချိန် - ၁၅၇ မိနစ်
Columbia Pictures
ဒါရိုက်တာ - Kathryn Bigelow
ထုတ်လုပ်သူ - Kathryn Bigelow
ဇာတ်ညွှန်း - Mark Boal
သရုပ်ဆောင်များ - Chris Pratt, Jessica Chastain, Joel Edgerton

အီရတ်စစ်ပွဲအတွင်းက မိုင်းရှင်းတပ်သားလေးသုံးဦးအကြောင်းရုပ်ရှင် The Hurt Locker ကို ရိုက်ကူးထုတ်လုပ်၊ ဇာတ်ညွှန်းရေးခဲ့ကြတဲ့ Kathryn Bigelow နဲ့ Mark Boal တို့ရဲ့ နောက်ထပ်စစ်ပွဲနောက်ခံရုပ်ရှင်ပါ။ အကြီးကျယ်ဆုံး လိုက်လံရှာဖွေသုတ်သင်ခံခဲ့ရသူ သမိုင်းထဲကရာဇဝတ်ကောင် ပြီးတော့ ကမ္ဘာ့အန္တရာယ်အကြီးဆုံးလူသားလို့ သတ်မှတ်ခံရတဲ့ “အိုစမာဘင်လာဒင်”ကို ဖမ်းဆီး သတ်ဖြတ်ကြတဲ့မှတ်တမ်းရုပ်ရှင်ကားပါ။ The Hurt Locker ရုပ်ရှင်ဟာ အကောင်းဆုံးဓာတ်ပုံဆု၊ အကောင်ဆုံးဇာတ်ညွှန်းဆုအပါအဝင် အော်စကာဆုငါးဆု ရရှိခဲ့တာပါ။ အဲဒီရုပ်ရှင်ဒါရိုက်တာ ကက်သရင်းဘစ်ဂလိုဟာ Titanic နဲ့ Avatar ဖန်တီးရှင် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း ရဲ့ ဇနီးပါပဲ။ ကက်သရင်းကတော့ ခင်ပွန်းသည် ပုံဖော်ဖန်တီးလိုတဲ့အရသာနဲ့ ကွဲပြားတဲ့ သမိုင်းထဲကစစ်ပွဲတွေ၊ စစ်ပွဲတွေထဲက သမိုင်းဝင်အဖြစ်အပျက်တွေကို အမြဲစိတ်ဝင်စားနေခဲ့သူပါ။ “စစ်ပွဲဆိုတာ ခွန်အားတစ်ခုပါ။ အဲဒီအရာက ရည်မှန်းချက်အဓိပ္ပါယ် ဒါတွေကိုပေးပါတယ်” တဲ့။ ပူလစ်ဇာဆုရ အမေရိကန်နိုင်ငံရေးစာနယ်ဇင်းသမား ခရစ်ဟက်ဒ်ဂျက်စ် ရဲ့ ကျော်ကြားတဲ့စာတစ်အုပ်ရဲ့ ခေါင်းစဉ်ပါ။ အဲဒီစာသားကိုပဲ ဘစ်ဂလိုက သူမရဲ့ ရုပ်ရှင် The Hurt Locker အဖွင့်မှာ ဖော်ပြခဲ့ပါသေးတယ်။ “ထောက်လှမ်းရေးအုပ်စုအတွင်းမှာ ချီးကျုးဂုဏ်ပြုခြင်းမခံရတဲ့သူရဲကောင်းကြီးတွေကို ဘယ်လိုကိုင်တွယ်ကြသလဲ ဆိုတဲ့အကြောင်းလူတွေသိကြတာ အင်မတန်နည်းပါတယ်။ ဒီရုပ်ရှင်မှာအဲဒီရှားရှားပါးပါးအခွင့်အရေးကိုရနိုင်မှာပါ” တဲ့။ ရုပ်ရှင်ခေါင်းစဉ်မှာ “ဘုရားသခင်နဲ့ တိုင်းပြည်အတွက်” လို့ ရေးထားတယ်။ သန်းခေါင်အလွန် မိနစ် ၃၀ဆိုတာ စစ်တပ်တွင်းအသုံးအနှုံး။ အမှောင်ထု နဲ့ လှို့ဝှက်မှုကို ရည်ညွှန်းတာပါ  လို့ ဘစ်ဂလိုက ပြောပါတယ်။ သိပ်သည်းမည်နက်တဲ့ည သန်းခေါင်အလွန် မိနစ် ၃၀ အချိန်မှာ … လှို့ဝှက်ချက်တစ်ခုပေါ်ထွက်လာပုံကို…ဘစ်ဂလိုရဲ့ စိတ်လှုပ်ရှားတုန်ခိုက်စရာ ရိုက်ချက်တွေနဲ့ အသည်းတထိတ်ထိတ်ကြည့်ရဦးမှာပါ။

The Impossible
Action / Drama / Thriller
ပြသချိန် - ၁၁၄ မိနစ်
Warner Bros. (Spain), Summit Entertainment
ဒါရိုက်တာ - J.A. Bayona
ထုတ်လုပ်သူ - Álvaro Augustin, Belen Atienza, Enrique López Lavigne
ဇာတ်ညွှန်း - Sergio G. Sánchez
သရုပ်ဆောင်များ - Naomi Watts, Ewan McGregor and Tom Holland

၂၀၀၄ ခုနှစ်က လင်းလက်တောက်ပတဲ့ နေရောင်နွေနွေးနေ့လေးတစ်နေ့မှာ .. လူထောင်ပေါင်း ရာပေါင်းများစွာတို့ ရဲ့ အသက်ခန္ဓာဝိညာဉ်တွေ။ ၈ ..၇ …၆ …၅ … ၄.. ၃ ..၂… ၁ ..သူတို့အားလုံးရွေရွတ်ကြတယ်။ သူတို့ လွှတ်တင်လိုက်ကြတဲ့ မီးပုံးလေးတွေ နိမ့်ချည်မြင့်ချည် လှုပ်ကာယိမ်းကာနဲ့။ ကောင်းကင်ပေါ်ဆီတက်သွားကြပြီ။ အသက်ခန္ဓာဝိညာဉ်တွေဟာ ပြောင်းလဲကုန်ပြီ။ ပြိုလဲကွဲရှ ကြေမွပျက်စီးကုန်တာများ ဝန်းကျင်တစ်ခုလုံး ကြည့်မြင်စရာမကောင်းကြတော့ဘူး။ “သားတို့ လာကြည့်ပါဦး” တဲ့။ ဖခင်ရဲ့ ခေါ်သံနောက်က။ ကမ်းခြေဆီ ရှုမျှော်ငေးမောလိုက်ကြတဲ့ မိသားစုလေးရဲ့ နွေးထွေးကြည်မြတဲ့ အပျော်တွေဟာ ဆတ်ခနဲရပ်တန့်။ အကြည့်တွေဟာ ဟိုးအမြင့်ဆီ ခုန်ပေါက်ဝုန်းဒိုင်းကြဲ။ ပင်လယ်ကမ်းစပ်က အုန်းပင်တွေပေါ် ဗြောင်းခနဲရိုက်ချပြေးဝင်လာတဲ့ ရေလုံးကြီးတွေ အောက်မှာ သူတို့ ပြားပြားဝပ်ခဲ့ကြရပြီ။ “ကျွန်တော် ကြောက်တယ်” ကလေးက ငိုရှိုက်ညီးတွားရင်းပြောတယ်။ “မေမေလည်း သားလိုပဲ” မာရီယာလည်း ကြောက်လိုက်တာမှ။ ဟန်မဆောင်နိုင်အောင် တုန်တုန်ရီရီ သူလည်း ငိုကြွေးနေမိတာပဲ။ သူတို့ ရှင်သန်နိုင်ပါ့မလား။ ပင်လယ်ရေနဲ့ နူးနေကြတဲ့လက်မောင်း၊ လက်ဝါးပြင်ကအသားတွေ လန်ထွက်ပေါက်ပြဲကုန်ပြီထင်ရဲ့။ ဒီအုန်းပင်မှာ မာရီယာနဲ့ သူမရဲ့ သား ဘယ်လောက်ကြာအောင် ကုတ်ဖက်တွယ်ကပ်ထားနိုင်ပါ့မလဲ။ ဟန်နရီရော …
၂၀၀၄ ဒီဇင်ဘာ ၂၆ ရက်နေ့မနက်ခင်းမှာ ထိုင်းနိုင်ငံကမ်းရိုးတန်းတွေကို ရိုက်ခတ်ခဲ့တဲ့ ဆူနာမီဘေးကြုံခဲ့ရတဲ့ မိသားစုတစ်စုရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ ခရစ်စမတ်အားလပ်ရက် ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ စပိန်လူမျိုး မာရီယာ၊ ဟန်နရီနဲ့ သားသုံးယောက် လူးကပ်စ်၊ သောမတ်စ် နဲ့ ဆိုင်မွန်တို့ ပြန်ပြီးပြောပြခဲ့တဲ့အတိုင်း အဖြစ်အပျက်တွေဟာ စိတ်ချောက်ချားတုန်လှုပ်စရာတွေကြီးပါပဲ။ “မဖြစ်နိုင်ဘူးလို့” လို့ သူတို့ ခုထက်ထိ ထင်မြင်နေကြတုန်းပဲ တဲ့။

Les Misérables
Drama / Musical / Romance
ပြသချိန် - ၁၅၇ မိနစ်
Universal Pictures
ဒါရိုက်တာ - Tom Hooper
ထုတ်လုပ်သူ - Tim Bevan, Eric Fellner, Debra Hayward, Cameron Mackintosh
ဇာတ်ညွှန်း - William Nicholson
သရုပ်ဆောင်များ - Hugh Jackman, Russell Crowe, Anne Hathaway, Amanda Seyfried

အကျော်ကြားဆုံး ပြင်သစ်အချစ်စိတ်ကူးယဉ်စာရေးဆရာ Victor Hugo ရဲ့ ၁၈၆၂ ခုနှစ်က Les Misérables ဝတ္ထုကို အခြေခံထားပါတယ်။ ဂီတဒရာမာရုပ်ရှင်ကားဖြစ်ပြီး ၁၉၈၀ခုနှစ်နောက်ပိုင်း ပြင်သစ်နိုင်ငံမြို့လေးတစ်မြို့မှာ အကျဉ်းသားဘဝကနေ မြို့တော်ဝန်ဖြစ်လာတဲ့ ရန်ဗာလ်ရန်(Huge Jackman)က အဓိကဇာတ်ကောင်နေရာက ပါဝင်နေပါတယ်။ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးပါးခဲ့ပြီး အစ်မရဲ့ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ အလူးလူးအလိမ့်လိမ့်ဖြတ်သန်းခဲ့ရတယ်။ ဗာလ်ရန်အတွက် ပေါင်မုန့်တစ်လုံးစားရတဲ့နေ့ဟာ ကံကြီးလှတဲ့နေ့တစ်နေ့ပါပဲ။ ကံကြီးလှတဲ့နေ့တစ်နေ့ဖြစ်လိမ့်နိုးနဲ့ ပေါင်မုန့်တစ်လုံး မုန့်ဖုတ်နေတဲ့လူကြီးဆီက ခိုးဝှက်ယူလိုက်တယ်။ ဗာလ်ရန်ရဲ့ကံက နုံချာမွဲတေလှတယ်။ အဲဒီနေ့မှာပဲ ကံဆိုးမိုးမှောင်ကျတဲ့တစ်နေ့ဖြစ်သွားပြီး ဗာလ်ရန်ရဲ့ နေ့တွေ နစ်နစ်နဲနဲ မှောင်မိုက်သွားတော့တယ်။ ပေါင်မုန့်တစ်လုံးခိုးယူမှုအတွက်ပြစ်ဒဏ်က ထောင်ဒဏ် ၅ နှစ်တဲ့။ အကျဉ်းသားနံပါတ်က အမှတ် ၂၄၆၀၁။ ဗာလ်ရန် ဒီနံပတ်ကိုင်ဆောင်ထားဖို့ လက်မခံနိုင်ပါဘူး။ ဒီတော့ သူ ထွက်ပြေးဖို့ ကြိုးစားတယ်။ ၄ ကြိမ်တောင်မှပဲ။ တစ်ကြိမ်ကြိုးစားတိုင်း သူ့ရဲ့ မှောင်မိုက်တဲ့နေ့ရက်ပြစ်ဒဏ်တွေသာ ပိုပိုပြီး တိုးလာတယ်။ အဲဒါတွေပဲ သူ ထပ်ထပ်ပြီး ရလာတယ်။ ၁၉နှစ်ဆိုတဲ့ပြစ်ဒဏ်ကုန်ဆုံးသွားပြီးတော့ ဗာလ်ရန်လွတ်မြောက်လာခဲ့ပါပြီ။ အကျဉ်းထောင်ထဲမှာတော့ သူ အသည်းနာလှတဲ့ နံပါတ်ကြီးတစ်ခု ကိုယ်နဲ့ မကွာယူရတယ်။ အကျဉ်းသားဘဝက လွတ်မြောက်လို့ အပြင်လောကမှာဆိုရင်ကော။ ကိုင်ဆောင်ရမယ့်နိုင်ငံကူးလက်မှတ်-သက်သေခံကတ်ပြားက အကျဉ်းသားဖြစ်ဖူးသူ ဗာလ်ရန်အတွက် အဝါရောင်တဲ့။ ဒီအဝါရောင်ကတ်ပြားနဲ့ လစာကောင်းမယ့်အလုပ်မရနိုင်ဘူး။ ဗာလ်ရန်သိတာပေါ့။ သူရှာသမျှလစာတစ်ဝက်ကို အဝါရောင်ကတ်ပြားကဝါးမြိုသွားမှာပဲလေ။  ဘုန်းတော်ကြီးတစ်ပါးဆီရောက်သွားတဲ့ ဗာလ်ရန် ပေါင်မုန့်တစ်လုံးကောင်းမွန်တဲ့အစားသောက်တွေ ညလယ်စာအဖြစ် ဖောဖောသီသီစားလိုက်ရတယ်။ ဘုန်းတော်ကြီးက ဗာလ်ရန်ကို ယုံကြည်ပါတယ်။ ဗာလ်ရန်ကသာ သူ့ကံကိုမယုံတော့ဘူး။ ဘုန်းတော်ကြီးဆီက ငွေထည်ပစ္စည်းတွေခိုးယူလိုက်တယ်။ ဗာလ်ရန်ကို အရိပ်လိုလိုက်နေတဲ့သူက ရဲသားတစ်ဦး ရာဗဲထ်(Russell Crowe) ရဲ့ ရှေ့မှောက်ရောက်ရပြန်ပြီ။ ဗာလ်ရန်နဲ့ သူဟာ အမြဲဆန့်ကျင်ဘက်ပဲ။ ဘယ်တော့မှတစ်ဦးနဲ့တစ်ဦး မလိုလားကြသူတွေ။ ဘုန်းတော်ကြီးက သူ့ရဲ့ဖယောင်းတိုင်ငွေထည်မီးခုံတွေဟာ ဘာမှမဖြစ်ပါဘူးတဲ့။ ရှိနေသားပဲလို့ ငြင်းဆန်တယ်။ ဘုန်းတော်ကြီးက ငွေထည်ပစ္စည်းတွေ အသာတကြည်ပေးပြီး သူ့ရဲ့ ယုံကြည်မှုကို သက်သေပြစေချင်တယ်။ ဗာလ်ရန်ကလည်း သွေးထဲကကို ဆိုးသွမ်းမိုက်မဲချင်နေတဲ့သူမှ မဟုတ်တာပဲ။ သက်သေခံမယ့်တစ်နေ့အတွက် ဘုန်းတော်ကြီးကို ဗာလ်ရန် တောင်းပန်တိုးလျှိုးလိုက်တော့တယ်။

Lay the Favorite
Comedy
ပြသချိန် - ၉၄ မိနစ်
Cheetah Vision, Random House Films, The Weinstein Company
ဒါရိုက်တာ - Stephen Frears
ထုတ်လုပ်သူ - Randall Emmett, George Furla, Paul Trijbits
ဇာတ်ညွှန်း - D.V. DeVincentis
သရုပ်ဆောင်များ - Bruce Willis, Rebecca Hall, Catherine Zeta-Jones, Joshua Jackson

အမေရိကန် စာရေးဆရာမ၊ စာနယ်ဇင်းသမား Beth Raymer ရဲ့ ကိုယ်တွေ့အဖြစ်အပျက်အတွေ့အကြုံတွေကို အခြေခံပြီး ရေးထားတဲ့ စာအုပ် Lay the Favorite ကို ရုပ်ရှင်ရိုက်ကူးထားတာပါ။ ဘက်သ်ဟာ လိင်ကုန်ကူးမှု၊ အပျော်တမ်းလက်ဝှေ့ နဲ့ အားကစားစတဲ့ လောင်းကစားလောကထဲက ဘဝတွေအကြောင်းကို ကိုစတာရီကာ၊ နီဂါရာကွာ နဲ့ ပနားမားလို နိုင်ငံတွေပါသွားပြီး လေ့လာရေးသားခဲ့တာပါ။ ဘက်သ်(Rebecca Hall) လာစ့်ဗေးဂက်စ်ကို ရောက်လာပါတယ်။ အပြောင်းအလဲတချို့၊ ပြီးတော့ စိတ်လှုပ်ရှားစရာလေးတွေလုပ်ဖို့  ဒီကိုရောက်လာတာပါတဲ့။ အလုပ်ရှာတယ်။ ကော့တေးဆိုင်မှာ စားပွဲထိုးအလုပ်ရပါတယ်။ ပြီးတော့ သောက်ရင်းစားရင်းနဲ့ ပဲ ဒင့်ခ်(Bruce Willis) နဲ့ အဖွဲ့ကျသွားတော့တယ်။ ဒင့်ခ် က အားကစားလောင်းကစားလောကက ဆရာတစ်ဆူပဲ။ ဒင့်ခ်က ဘက်သ်ကို လောင်းကစားနည်းတွေ သင်ပေးပါတယ်။ လောင်းကစားဆိုတာ ဘာလဲသိရဲ့လားလို့ မေးတော့ ဘက်သ်က သက်သေပြဖို့ တစ်စုံတစ်ခုပြင်ဆင်ဖို့လိုပြီလေ။ ဘက်သ်လောင်းကစားနဲ့  ကနဦးဝင်ငွေရှာလိုက်နိုင်တာက  ဒင့်ခ်ရဲ့ ဇနီး ကျူးလစ်ဆီကပါ။ ဒင့်ခ် တစ်ယောက် ကိုယ့်အတတ်နဲ့ကိုယ် စူးတာပါပဲ။ ကျူးလစ်ကလည်း အရိပ်အခြေကြည့်နေပါပြီ။ 

မဉ္ဇူရီ
Living Fashion Magazine, January, 2013

No comments: