Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, January 24, 2013

ပုတီးကုံးလေးဆွဲကြမယ်

ပုတီးစေ့ကလေးတွေက ငယ်ငယ်လေးသေးသေးလေးတွေပါ။ လက်မှုပညာရှင်တို့က သစ်သားတုံး ရွှံ့စေးကအစ ပင်လယ်ကရတဲ့   ခရုခွံ ကမာခွံ ကျောက်ဖြစ်ရုပ်ကြွင်း သဘာဝ အော်ဂဲနစ်ပစ္စည်း ဆင်စွယ်၊ ပယင်း၊ မှန်၊ ဖန် ပလပ်စတစ်သတ္တု၊ ငွေ ၂၀ရာခိုင်နှုန်းပါဝင်တဲ့ သတ္တုစပ်ပုလဲ စသည် အပေါက်ဖေါက်နန်းကြိုးကလေးနဲ့သီကာ လက်ရာမြောက် ထုဆစ်ဖန်တီးထားပါတယ်။ အနှစ်တစ်သိန်းလောက်သက်တမ်းရှိခဲ့ကြတဲ့ nassa ရွှံ့ခရု (ခရုအကြီးစား dog whelk) တွေရဲ့ အခွံမာလေးတွေနဲ့ ပုတီး စတင်သီကုံးဝတ်ဆင်ခဲ့ကြတဲ့ ယဉ်ကျေးမှုရှိခဲ့တယ်လို့ဆိုတယ်။
ပုတီးစေ့ကို လက်လှမ်းမှီရာ မာကြောသော အရာဝတ္ထုများ  သဘာဝ အော်ဂဲနစ်ပစ္စည်းများနှင့် ပြုလုပ်လာရာမှ နောင်အခါ တနေ့တခြား ထုတ်လုပ်မှု နည်းပညာ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ တဖြည်းဖြည်း ခေတ်မှီဆန်းပြားစွာ  ပုတီးစေ့ကလေးများကို ကြွေထည်၊ ဖန်၊ မှန်၊ ပလပ်စတစ် စသည် အရည်ဖျော်ပေါင်းစပ် ပြီးအရောင်စုံ  ပုံစံ အမျိုးမျိုးဆန်းသစ်တီထွင်လာခဲ့ကြတယ်။
ကျောက်မျက်ရတနာမှအစ  သက်မဲ့ ကျောက်တုံးများ တွင်းထွက်ကျောက်များ၊ ပယင်း၊ ကြေးနီ၊ ကြေးဝါ၊ ဂျက်ကျောက်၊ ဆင်စွယ် စသည် တိရိစ္ဆာန်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ  စသည် နည်းပညာတီထွင် ဆန်းသစ်လာသည်နှင့်အမျှ တစထက်တစ ယခုအခါ ဖန်တီးရှင်တို့ က တောက်ပ၀င်းလက်သောပုတီးစေ့များကို နာမည်အမျိုးစုံပေးပြီးအသွေးစုံ၊ အရောင်စုံ၊ ပုံစံမျိုးစုံ၊ အမယ်စုံ ထုတ်လုပ်လာခဲ့ကြတယ်။ ဂျီသြမေထရီနည်းဖြင့်လည်း ပညာသားပါပါ ပုံစံသစ်များ၊ လည်ဆွဲများ၊ ကီးချိန်းများ၊ လက်ကောက် လက်စွပ်များ၊ နားကပ်နားဆွဲ နားကွင်းများ စသည် မူလအခြေခံဝတ္ထုပစ္စည်း အပေါ်မူတည်ပြီး အသွင်အမျိုးမျိုးဓါတ်ပေါင်းပြုလုပ်ဖန်းတီလာတာမျိုးတွေလည်း ထွန်းကားလာတယ်။
ချက်သမတနှိင်ငံမှာ ၁၄ရာစုနှစ်က စတင်သုံးစွဲလာပြီး အမေရိကန်ပြည်ထောင်စုမှာတော့  အရွှေတောင်ဘက်ပိုင်းရှိ ဋ္ဌာနီလူရိုင်းတွေက စတင်သုံးစွဲကြောင်းသိရတယ်။ ကမ္ဘာတ၀ှမ်းမှာ သူ့နည်းသူ့ဟန်နှင့် သူ့ စတိုင်နှင့် သူ အမျိုးမျိုး တီထွင် ၀တ်ဆင်ကြတာ တွေ့ နိုင်တယ်။ ဗုဒ္မဘာသာဝင် ဟိန္ဒူလူမျိုးများက ဘာသာရေးအရ တရားကျင့်ကြံရန် စိပ်ပုတီးများကို အသုံးပြုကြတယ်။
မတူကွဲပြားသော ပုတီးစေ့များ
အလင်းဖေါက်၍ အရည်လည်နေသော ပုတီးစေ့များ
ယူဂန်ဒါနိုင်ငံမှ ပုတီးစေ့ဖြင့် ၀င်ငွေရှာနေကြသူများ
ယခုအခါ နာမည်ကြီး ကုန်တိုက်တွေမှာ ပုတီးစေ့ကလေးများကို ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုး အသွင်သဏ္ဍန် မျိုးစုံ ငေးမော ကြည့်ရှု ရွေးချယ် ၀ယ်ယူဆင်မြန်းနိုင်ပါတယ်။ ဘယ်လို အ၀တ်အစားနှင့်ဖြစ်ဖြစ် လိုက်ဘက်တဲ့ ရတနာ ပုတီးစေ့များ ကို (ယခုအခါ ကျောက်မျက်ရိုင်းများ မှ အဖိုးတန်ရတနာများ စိန်ပွင့်များနှင့်လည်း တွဲဖက်လို့ လက်ဝတ်ရတနာမျိုးစုံ ပုံသစ်ပုံဆန်း ဖန်တီးထုတ်လုပ်ကြတယ်။) ယခုအခါ အာဖရိကတိုက် ယူဂန်ဒါ နိုင်ငံ မြောက်ပိုင်းက မိန်းခလေးများဟာ ခေတ်နှင့်အညီ နိုးကြားတက်ကြွနေပါပြီ။ သူတို့ တတွေ ဟာ မိမိတို့ ရဲ့  ဆင်းရဲ မွဲတေမှုကို တနည်းတဖုံ ခုခံ ကာကွယ် ပြီး ဆင်းရဲ ခြင်းမှ လွတ်ကင်းအောင် မိမိတို့ နည်း မိမိတို့  ဟန်နှင့် စည်းပွားရှာတတ်လာပါတယ်။ 
ကျောာင်းအားချိန်များမှာ သူတို့ဟာ ပုံတွေမှာ ပြသထားတဲ့ ပုတီးစေ့ ရောင်စုံကလေးများဖြစ်အောင် စွန့်ပစ်စက္ကူဟောင်းတွေ ကနေ အသစ်ထပ်မံ ဆန်းသစ်တီထွင်ခြင်းဖြင့် လှပတဲ့ပုတီးရောင်စုံကလေးများ လက်ဖြစ် ဖန်တီး လုပ်ကိုင် ရောင်းချကြပါတယ်။
ဘယ်လောက်လှပလိုက်ပါသလဲ။ 
မြင်ရုံနှင့်တင်  ဘယ်လောက် ကြည်နူးပျော်ရွင် ရပါသလဲ။ 
အဲဒီအဖွဲ့အစည်းကလေးများကို “Bead for life" လို့ အမည်ပေးထားပါတယ်။ မိမိတို့ရဲ့ ဘ၀ကို ပုတီးစေ့ကလေးများက ရှင်သန်ဖွံ့ ဖြိုးတိုးတက်စေအောင် ပြုလုပ်ပေးကြတယ်လို့ မျှော်လင့် ယုံကြည်နေကြတာပါ။ မျှော်လင့်သလိုလည်း အောင်မြင်မှု ရပါတယ်။

 အသားအရောင်မခွဲခြားဘဲ  “Bead for life"အသင်းအဖွဲ့များထူထောင်ပြီး ပုတီးစေ့လက်ဝတ်ရတနာများရောင်းချကာ ၇ံပုံငွေ စုဆောင်းကြတယ်။ ဆင်းရဲ မွဲတေသူတွေကို  လှူဒန်းကြပါတယ်။ ရလာတဲ့ ၀င်ငွေနှင့် အစားအစာ၊ ဆေးဝါး၊ စာသင်စရိတ် စသည် လိုအပ်သလိုဘ၀ကို ကူညီဖေးမ ထူထောင်နေကြတယ်။ မယုံကြည်နိုင်စရာပါပဲ။ အမှန်တော့ သူတို့ဟာ ယုံကြည်ချက်အပြည့်အ၀နှင့် ၀ီရိယထုတ်တယ်။ စိတ်လက်ပါပါ လုပ်ကိုင်ကြတယ်။ စေတနာပါတယ်။ ဆန္ဒပြင်းထန် စိတ်ထက်သန်တယ်ဆိုတော့  မအောင်မြင်သော အရာသည် အဘယ်မှာ ရှိပါ့မလဲ။ 

ကနေဒါနိုင်ငံ အွန်တို ရီယို မြို့က ပုတီးစေ့ ချစ်သူ “အိုင်ဗိုနီ စတားလင်း"  ပြောပြတာ နားထောင်လိုက်စမ်းပါ။
“ကျွန်မအလုပ်ဝန်ပိလို့ စိတ်အပန်းဖြေချင်တဲ့အခါ ပုတီးစေ့ကလေးတွေကို ပုံစံအမျိုးမျိုးထွင် ဓီဇိုင်းအသစ်လုပ်ကြည့်လိုက်တာပဲ။ ဒီလို လုပ်ခြင်းဖြင့် စိတ်ဖိစီးမှု လျော့ပါးသွားတဲ့အပြင် ငြိမ်အေးချမ်းသာမှုကိုလည်း ပုတီးလေးများက ပေးစွမ်းကြပါသေးတယ်။ ကျွန်မ ပုတီးစေ့လေးတွေကို သိပ်ချစ်ပါတယ် ” တဲ့။


Florist  မျှဝေသည်။

3 comments:

SHWE ZIN U said...

လှပတဲ့ ပတီးကုံးလေး တွေရဲ့ သမိုင်းကြောင်းလေး တွေ အတွက်ကျေးဇူးနော်

မိုးနတ်ကြယ်စင် said...

မဖြိုးရေ...မိုးနတ်အရင်က သိထားပေမဲ့
အထူးတလည်သတိမထားမိခဲ့တဲ့ ချစ်စရာပုတီးစေ့လေး
တွေအကြောင်းကို သိရလို့ အံ့သြ၀မ်းသာ ကျေနပ်မိရ
ပါတယ်...ခုမှပဲ သေချာကြည့်မိတယ် ပုတီးစေ့လေးတွေ
ကသိပ်ပြီးချစ်ဖို့ကောင်းတာပဲ...လှလဲလှတယ်..:)
အဲဒိပုတီးစေ့လေးတွေကို ဖန်တီးပြုလုပ်တဲ့ လူတွေကိုလဲ
လေးစားတန်ဖိုးထားမိတယ်...သူတို့ရဲ့ ရည်ရွယ်ချက်
လေးက ရိုးသားပြီး ကောင်းမွန်လိုက်တာ..
ကျေနပ်စရာကောင်းလွန်းတယ်...:)
ဝေမျှပေးတာ ကျေးဇူးကမ္ဘာပါနော် မ...
ချစ်တဲ့...မိုးနတ်

မိစံ said...

အဖိုးထားတဲ့သူလက်ထဲရောက်တော့..
အဖိုးတန်သွားရတာ.. :)