Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 26, 2013

ညွှန်းတဲ့ ရုပ်ရှင်


Beautiful Creatures
Drama / Fantasy
Warner Bros. Pictures
ဒါရိုက်တာ - Richard LaGravenese
ထုတ်လုပ်သူ - Andrew A. Kosove, Broderick Johnson, Erwin Stoff, David Valdes, Molly Mickler Smith
ဇာတ်ညွှန်း - Richard LaGravenese
ဝတ္ထု - Kami Garcia / Margaret Stohl
သရုပ်ဆောင်များ -
Alden Ehrenreich as Ethan Lawson Wate
Alice Englert as Lena Duchannes
Jeremy Irons as Macon Ravenwood
Viola Davis as Amma
Emmy Rossum as Ridley Duchannes
Thomas Mann as Link
Emma Thompson as Sarafine

New York Times သတင်းစာ အရောင်းရဆုံးလူငယ်လူကြီးဖတ် fantasyဝတ္ထုစာရင်းဝင်၊ စာရေးဆရာမ Kami Garcia နဲ့ စာရေးဆရာမ Magaret Stohl တို့ရဲ့ Caster Chronicles ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးစာအုပ် Beautiful Creatures ကို ပုံဖော်ရိုက်ကူးထားတာပါ။ သဘာဝလွန်အဖြစ်အပျက်တွေ ထုံမွှန်းထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ တောင်ကယ်ရိုလိုင်းနားက ထူးထူးဆန်းဆန်းမြို့လေး ဂါ့ထ်လင်မှာ ဖခင်စာရေးဆရာ၊ အိမ်တော်ထိန်းတို့နဲ့ အတူနေထိုင်တဲ့ အီသန်(Alden Ehrenreich)ဟာ အဲဒီမြို့လေးကို ရောက်လာတဲ့ လီနာ(Alice Englert)ကို မြင်မြင်ချင်းပဲစွဲလမ်းသွားတယ်။ တက္ကသိုလ်ကျောင်းပထမဆုံးဖွင့်တဲ့ရက်မှာ အီသန်မက်ခဲ့တဲ့အိပ်မက် အမှန်တကယ်ဖြစ်လာခဲ့တာပါ။ သူ အိပ်ရာနိုးတော့ အိပ်မွေ့ချခံရတော့မလောက်အောင် ကျောစိမ့်ချင်စရာသီချင်းတစ်ပုဒ်က သူ့ရဲ့ iPod ထဲမှာ ရောက်နေတယ်။ “ပင်လယ်နှင်းပန်း”ဆိုတဲ့ ပန်းတစ်မျိုးရဲ့ ရနံ့လိုလို၊ သင်းသင်းပျံ့ပျံ့သံပုရာနံ့ဆန်ဆန် မွှေးရနံ့တစ်မျိုးရနေတာကို အီသန်သတိထားလိုက်မိတာပေါ့။ ရနံ့ကချစ်ခင်နှစ်လိုဖွယ်ပါ။ ဒါပေမဲ့ အီသန် ဘာလို့များ ကျောထဲတွန့်ခနဲနေအောင် ကျဉ်တက်သွားရတာပါလိမ့်။ ဒါကို အီသန်မေ့ထားလိုက်တယ်။ ကျောင်းရောက်တော့ အီသန် ကျောင်းသူအသစ်လေးတစ်ယောက်တွေ့တယ်။ လီနာ တဲ့။ အီသန်ကတော့ လှိုက်ခနဲ ပျော်မြူးတာပဲ။ သူ့မြို့လေးမှာ ဘာမှစိတ်ဝင်စားစရာမရှိဘူး။ ပျင်းစရာအတိလို့ အီသန်ထင်နေခဲ့တာ။ အခုတော့တစ်မျိုးပြောင်းတော့မှာပါလားလို့ တွေးနေတယ်။ လီနာ နဲ့ အီသန် တို့ အမြဲတတွဲတွဲမခွဲကြတော့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ အဖူးအငုံအချစ်ပန်းလေးကို နှောက်ယှက်မယ့်အန္တရာယ်တွေက ဝန်းရံလို့လာနေပြီ။ လီနာ့မိသားစုရဲ့ “အမှောင်တိုက်စွမ်းအား”တဲ့။ “နင် .. ငါ့အကြောင်းဘာမှမသိပါဘူးကွာ။ ငါ့မိသားစုက သာမန်မဟုတ်ဘူးနော်” လီနာက ပြောပါတယ်။ အီသန်ပြန်စဉ်းစားကြည့်တယ်။ သူတို့စတွေ့ကြတဲ့ပထမဆုံးရက် စာသင်ခန်းက မှန်တွေဝုန်းခနဲ အစိတ်အမွှာမွှာကွဲထွက်ကုန်တာ အီသန် ပြန်မြင်မိ၊ ဒါလား။ “နင်က စုန်းမများလား” အီသန်တကယ်လို့တော့ မထင်ပါဘူး။ မရဲတရဲမေးကြည့်လိုက်တာ။ ဒါပေမဲ့ လီနာ့ နောက်မှာ အရိပ်လိုလိုက်နေတဲ့ အမှောင်တိုက်စွမ်းအား၊ ကျိန်စာတစ်ခုအကြောင်း အတိအလင်းသိလိုက်ရပါပြီ။ “ငါ့ အသက် ၁၆ နှစ်ပြည့်တဲ့နေ့မှာ ငါ့ရဲ့ ဘဝအမှောင်တိုက်အပြီးတိုင်ဖုံးလွှမ်းသွားတော့မှာ”လို့ လီနာက ပြောတယ်။ အီသန်က လီနာ့ကိုချစ်တာကိုး။ လီနာ့မိသားစုနဲ့ လိုက်တွေ့ထဲအထိ စွန့်စားလိုက်တယ်။ လီနာ မိခင်၊ ဖခင်တို့က နွေးနွေးထွေးထွေးဧည့်ခံကြသားပဲ။ အီသန် တွေးတယ်။ အားလုံးပုံမှန်ပါပဲပေါ့။ လီနာ့မိခင်က သူမ တပ်ထားတဲ့ မျက်မှောင်အနက်ရောင်ကို ချွတ်ပြတယ်။ “ကဲ ကြည့်ပါဦး။ အခု ငါ ဘယ်လိုလူလဲ”တဲ့။ ကျိန်စာကပြီးသွားပြီဆိုပဲ။ အမှောင်တိုက်ထဲမှာ ပြီးဆုံးသွားခြင်းမျိုးလား။ လီနာ့မိခင်ရဲ့ မျက်လုံးတွေဟာ ဝါကျင့်ကျင့်အရောင် တလက်လက်နဲ့ချောက်ချားစရာ။

A Good Day to Die Hard
Action / Crime / Thriller
20th Century Fox
ဒါရိုက်တာ - John Moore
ထုတ်လုပ်သူ - Alex Young
ဇာတ်ညွှန်း - Skip Woods
သရုပ်ဆောင်များ -        
Bruce Willis as John McClane
Jai Courtney as John "Jack" McClane, Jr.
Cole Hauser as Collins
Sebastian Koch as Komorov
Yuliya Snigir as Irina
Mary Elizabeth Winstead as Lucy McClane
Amaury Nolasco  
Pavel Lychnikoff
Megalyn Echikunwoke  
Anne Vyalitsyna
Ivan Kamaras

Die Hard ရုပ်ရှင်ဇာတ်လမ်းတွဲတွေရဲ့ ၅ ခုမြောက် ဒါရိုက်တာ ဂျွန်မိုးရ် ရိုက်ကူးထားပါတယ်။ ဘရုစ်ဝီလစ်ရဲ့ ကိုယ်ပွားလို့ပြောရလောက်အောင် ပုံသဏ္ဍာန်၊ ဟန်ပန်အမူအရာ ထပ်တူကြခဲ့တဲ့ စုံထောက် ဂျွန်မက်ကလိန်းဟာ Die Hard ဇာတ်လမ်းတွဲတွေရဲ့ အဓိကဇာတ်ကောင်ပါ။ ဂျွန်မက်ကလိန်းက ရုရှားကို ခရီးထွက်ခဲ့တယ်။ မော်စကိုမှာရောက်နေတဲ့ သူ့ရဲ့ ကင်းကင်းပြတ်ပြတ်ဖြစ်နေခဲ့တဲ့သား ဂျက်ခ် (Jai Courtney) ကို ကူညီကယ်ဆယ်ဖို့ပါ။ ဂျက်ခ်က စီအိုင်အေအဖွဲ့သားတစ်ဦးအဖြစ်လှုပ်ရှားနေသူပါပဲ။ ထင်ရာစိုင်းတတ်တဲ့သားမျိုးတဲ့။ နျူကလီးယားလက်နက်တွေ ခိုးထုတ်ကြတော့မယ့်အကြမ်းဖက်အဖွဲ့ရဲ့ ထောင်ချောက်ထဲမှာ ဂျက်ခ် ရုန်းမထွက်နိုင်ပဲ ပိတ်မိတော့တယ်။ မြေဇာပင်လေး ကြေမွပျက်သုဉ်းမသွားအောင် ဖခင်က သေသေကြေကြေကာကွယ်မှာပါပဲ။ မော်စကိုမှာ ကြားခဲ့ရတဲ့ စကားလုံးတွေက … “အမေရိကန်တွေအကြောင်း ငါ ဘာမုန်းသလဲသိလား” လို့ မေးတယ်။  ပြီးတော့ ဖြေတယ်။ “အကုန်လုံးပဲ” တဲ့။ “အထူးသဖြင့် နွားကျောင်းသားတွေ” တဲ့။ ဂျွန်မက်ကလိန်း ပထမဆုံးရင်ဆိုင်ရတာကလည်း စကားလုံးတွေ။ တက္ကစီမောင်းတဲ့သူက “ခင်ဗျားက အမေရိကန်လား၊ နယူးယောက်ကလား” လို့ မေးတာပဲ။ “ခင်ဗျားက ရဲ လား” တဲ့။ တဲ့တိုးမေးတဲ့စကားကို ဂျွန်မက်ကလိန်းက “မဟုတ်ဘူး။ ရှေ့နေ့တစ်ဦးဖြစ်မှာပေါ့ကွ” လို့ဖြေလိုက်တယ်။ ကားမောင်းနေတဲ့ ရုရှားလူငယ်က ခပ်ဟဟရယ်မောတယ်။ “ခင်ဗျား ကြည့်ရတာ ရှေ့နေတစ်ဦးနဲ့ မတူပါဘူး” တဲ့။ စကားသံအဆုံး သူတို့ ကားတန်းကြီးရဲ့အနောက်ဘက် ခပ်လှမ်းလှမ်းမှာ ပေါက်ကွဲသံတွေ ဝုန်းဒိုင်းကြဲဆူညံကုန်တယ်။ ဆူညံသံတွေက ဂျွန်မက်ကလိန်းတို့ကားဆီ အင်မတန်လျှင်မြန်လှတဲ့ အရှိန်အဟုန်နဲ့ ခုန်ပေါက်ပြေးဝင်လာတယ်။ စကားလုံးတွေ၊ အသံတွေချည်းပဲ မဟုတ်တော့ဘူး။ ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးတစ်ခုကနောက်က အပြေးလိုက်လာတော့တာ။ ဂျွန်မက်ကလိန်း ရှောင်ကာတိမ်းကာပြေးရတော့တယ်။ ကားတစ်စီး ဂျွန်မက်ကလိန်းဆီ တည့်တည့်ပြေးဝင်လာပြီ။ သူကတော့ တိုက်မိပြီလို့ပဲ တွေးလိုက်သေးရဲ့။ ကားဘရိတ်သံနဲ့အတူ ဂျွန်မက်ကလိန်းအသက်ရှင်ဆဲပဲ။ ကားပေါ်မှာက “ဂျက်ခ်” ပေါ့။ ဂျက်ခ်နဲ့ ဂျွန်မက်ကလိန်းတို့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ထောင်ချောက်ထဲ သေနတ်သံတွေ၊ ကျည်ဆံတွေ၊ သွေးစက်တွေအရင်းအနှီးပြုပြီး ရင်ဆိုင်တိုက်ခိုက်ကြပုံကို Dolby Atoms Surround Mixing အသံပြည့်ပြည့်ဝဝ IMAX ရုပ်ရှင်ရုံတွေမှာ အသည်းတထိတ်ထိတ် ကြည့်နိုင်ကြတော့မှာပါ။

Side Effects
Crime / Drama / Thriller
Open Road Films
ဒါရိုက်တာ - Steven Soderbergh
ထုတ်လုပ်သူ - Lorenzo di Bonaventura, Gregory Jacobs, Scott Z. Burns
ဇာတ်ညွှန်း - Scott Z. Burns
သရုပ်ဆောင်များ -        
Jude Law as a Dr. Jonathan Banks
 Rooney Mara as Emily Taylor
Catherine Zeta-Jones as Dr. Erica Siebert
Channing Tatum as Martin Taylor
Vinessa Shaw

“The bitter pill” လို့ မူလကနာမည်ပေးထားခဲ့တဲ့ အမေရိကန်ဒါရိုက်တာ၊ ပရိုဂျူဆာ၊ ဇာတ်ညွှန်းရေးဆရာ စတီဗင်ဆိုဒါးဘာ့ဂ် ရဲ့ စိတ္တဇဆန်ဆန် ရင်ဖိုစရာရုပ်ရှင်ပါ။ ထောင်ထဲက ခင်ပွန်းသည်ပြန်အလာကို သစ္စာရှိရှိစောင့်နေတဲ့ မိန်းကလေး အမ်မလီ (Rooney Mara) ဟာ စိတ်လှုပ်ရှားမှုတွေပြင်းထန်လိုက်၊ စိတ်ကျဆင်းလိုက်နဲ့ စိတ်တွေဂယောက်ဂယက်ဖြစ်နေတယ်။ ခင်ပွန်းမာတင်က ပြောဖူးပါတယ်။ “အမ်မလီ.. မင်း ဘယ်မှာပဲရှိရှိ ကိုယ်ရောက်အောင်လာတွေ့နိုင်ပါတယ်။ ကတိပေးတယ်” တဲ့။  အမ်မလီ ကျန်းမာရှင်သန်ချင်တယ်။ စိတ်ရောဂါကုဆရာဝန် ဒေါက်တာဂျွန်နသန်(Jude Law)နဲ့ ဆေးကုသမှု ခံယူရတော့တာပေါ့။ အမ်မလီက ခင်ပွန်းသည် မာတင်(Channing Tatum) နဲ့ပတ်သက်သမျှ စူးနစ်တွယ်ငြိချစ်မိသူပါ။ ဆရာဝန်ပေးတဲ့ဆေးလုံးကြောင့် အိပ်မပျော်နိုင်တဲ့ညတွေရပ်သွားတယ်။ အမ်မလီ အိပ်ပျော်နိုင်ခဲ့တယ်။ အမ်မလီ အားအင်ပြည့်ဖြိုးလာသလိုလည်း ခံစားလာရပါတယ်တဲ့။ ပြီးတော့ ထောင်ကလွတ်လာခါစ ခင်ပွန်း မာတင်နဲ့ ပွဲလမ်းသဘင်တွေတက်ရောက်နိုင်တယ်။ အမ်မလီ့ကိုကြည့်ရတာ နတ်သမီးလေးလိုပဲ လန်းလန်းဆန်းဆန်းနဲ့။ ဆရာဝန်နဲ့လည်း မပြတ်စစ်ဆေးမှုတွေလုပ်နေတယ်။ မာတင်က “သူမ နေကောင်းနေပါပြီ” လို့ မိတ်ဆွေတွေကိုပြောနေတယ်။ ဒါပေမဲ့ တစ်ကြိမ်တော့ အလွဲကြီးလွဲနေတဲ့ကိစ္စကြီးဖြစ်ခဲ့တယ်။ အမ်မလီရဲ့ ဓာတ်ပုံတစ်ပုံ မာတင်မမြင်ဖူးတဲ့ပုံ၊ သိပ်ပြီးလုံလုံခြုံခြုံရှိလှတဲ့ အဝတ်အစားမဟုတ်ပြန်ဘူး။ မာတင် ဒေါသအိုးပေါက်ကွဲရပြီ။ “အမ်မလီ ဘာတွေဖြစ်ကုန်တာလဲ” မေးရပြီ။ အမ်မလီက မျက်ရည်တွေ ကျရင်း “ကျွန်မ အရူးမဟုတ်တာရှင်သိပါတယ်” တဲ့။ “အမှန်တရားရဲ့ နောက်ကွယ်” က “လှို့ဝှက်ချက်ဟာ လုံခြုံစိတ်ချရမှုမရှိဘူး” ဆိုပဲ။ ဒေါက်တာ ဂျွန်နသန်က “ငါ့ဘဝကို ပြန်လိုချင်တယ်ကွ” လို့ ဒေါသတကြီးဟစ်အော်နေတယ်။ ဆေးတိုင်းဟာ ဘေးထွက်ဆိုးကျိုးဆိုတာရှိကြတာပါပဲ။ အမ်မလီ အတွက် ဒေါက်တာဂျွန်နသန်ပေးတဲ့ ဆေးညွှန်းကရော … ။ ဒေါက်တာဂျွန်နသန်ရဲ့ လုပ်ဖော်ကိုင်ဖက် ဒေါက်တာအဲရစ်ကာ(Catherine Zeta-Jones)က ရှင်းပြတယ်။ “ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးကတော့ ဘာမဆို .. လုပ်နိုင်တာပါပဲ” တဲ့။

Parker
Crime / Thriller
ပြသချိန် - ၁၁၈ မိနစ်
FilmDistrict
ဒါရိုက်တာ - Taylor Hackford
ထုတ်လုပ်သူ - Les Alexander, Steven Chasman, Taylor Hackford, Sidney Kimmel, Jonathan Mitchell
ဇာတ်ညွှန်း - John J. McLaughlin
သရုပ်ဆောင်များ -        
Jason Statham as Parker
Jennifer Lopez as Leslie Rogers
Michael Chiklis as Melander
Bobby Cannavale as Jake Fernandez
Nick Nolte as Hurley

ပါ့ခ်ကာ(Jason Statham) ဆိုတဲ့ ပရော်ဖက်ရှင်နယ်သူခိုးဟာ သူကိုယ်တိုင်တိတိကျကျသတ်မှတ်ထားတဲ့ ကျင့်ဝတ်သိက္ခာကို လေးစားလိုက်နာတတ်တဲ့သူပါ။ ဆင်းရဲနွမ်းပါးသူတွေဆီက ဘယ်တော့မှ ခိုးယူခြင်းမရှိဘူး။ အပြစ်မရှိတဲ့သူတွေကိုလည်း ဘယ်တော့မှ ထိခိုက်နာကျင်အောင် လုပ်တတ်သူမဟုတ်ဘူး။ ပါ့ခ်ကာယုံကြည်ခဲ့တဲ့ မိတ်ဆွေတွေက သစ္စာဖောက်ကြပြီဆိုတာ သိလိုက်ရတော့ သစ္စာဖောက်တို့ရဲ့လမ်းဟာ သေရမှာပဲပေါ့ လို့ ပါ့ခ်ကာ က ပြောတယ်။ ဖလော်ရီဒါကမ်းခြေ Palm Beach ကို တိတ်တဆိတ်လေး လစ်ထွက်သွားကြတဲ့ သစ္စာဖောက်မိတ်ဆွေတွေနောက်ကိုလိုက်တယ်။ ပြီးတော့ ပြောတဲ့အတိုင်းပဲ သုတ်သင်သတ်ဖြတ်တယ်။ “ဒါ လက်စားချေတာ မဟုတ်ဘူး။ ဒါ ပြန်အမ်းတာ။ အမြဲတမ်းအတွက် ပြန်အမ်းလိုက်တာ” ဆိုတဲ့ စကားတစ်ခွန်းပါးလိုက်သေးတယ်။ ပြီးတော့ ရုပ်ဖျက်ပြီး လှုပ်ရှားတော့တယ်။ ပါ့ခ်ကာ ရှာဖွေရဦးမယ့်သူ ကျန်နေသေးတယ်တဲ့။ အဲဒီမှာ အိမ်အရောင်းအဝယ်အေးဂျင့်မိန်းကလေး လက်စလီရော်ဂျားစ်(Jennifer Lopez) ရဲ့ အကူအညီတချို့ရလိုက်တယ်။ ပါ့ခ်ကာရဲ့ သစ္စာဖောက်သုတ်သင်မယ့်အစီအစဉ်ထဲမှာရော လက်စလီက ကူညီပေးဦးမှာလားပဲ။

မဉ္ဇူရီ
Living Fashion Magazine, February, 2013

1 comment:

မိုးနတ်ကြယ်စင် said...

ကျေးဇူးပါနော် မ :)))
ချစ်တဲ့...မိုးနတ်