Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, January 07, 2013

မေ့မရတဲ့ လူ (အပိုင်း ၁)

(မစုမီအောင်စာပါ။ ကျွန်မ မဖတ်ရသေးတာနဲ့ ဖတ်ဖြစ်အောင်လို့လည်း ဒီမှာတင်လိုက်တာပါ။ အကုန်တင်လိုက်ရင် တော်တော်ရှည်တာမို့ အပိုင်း ခွဲတင်လိုက်ပါတယ်။)
၂၀၁၂ ခုနှစ်
       လူတိုင်းမှာ မေ့မရတဲ့လူတွေ ကိုယ်စီကိုယ်င ရှိကြတယ်။ ကျွန်မမှာ မေ့ မရတဲ့လူတစ်ယောက်ရှိခဲ့တယ်။ မေ့မရခြင်းဟာ လှပတဲ့သတိရခြင်း ဖြစ်ခဲ့မယ်ဆိုရင် အဲဒီလူဆီ ကျွန်မ သတိရခြင်းတွေအစဉ်တစိုက် စေလွှတ်မိ မှာ အသေအချာပဲပေါ့။ ဒါပေမဲ့ သူက ဘယ်နည်းနဲ့မှ မသိနိုင်တော့ဘူး။ ပျောက်သောသူ ရှာလျှင်တွေ့၊ သေ သောသူ ကြာလျှင်မေ့ ဆိုတဲ့စကားအရဆိုရင် အဲဒီလူကို ကျွန်မ မေ့ပစ်ခဲ့ဖို့ ကောင်းတာ၊  သူက သေဆုံးခဲ့ ပြီ လေ။ ကမ္ဘာရဲ့အဝေးကြီးတစ်နေရာကို လွင့်သွားခဲ့ရပြီ။ ဒါပေမဲ့ ကျွန်မ သူ့ကို တစ်စက္ကန့်လေးမှ မေ့မရခဲ့ဘူး။ သေသောသူ ကြာလျှင်မေ့ ဆိုတဲ့ စကားကြီးက ရှိနေတော့ “ကြာရင်မေ့”ဆိုတဲ့စကားလို ကျွန်မသူ့ကို အချိန်တွေ ကြာရင် တကယ်ပဲမေ့သွားမှာလား...။ အခု မကြာလှသေးလို့ မမေ့သေးတာပဲလား။ ကြာရင်ဆိုတာ အချိန် ကာလအားဖြင့် ဘယ်လောက်ကာလကို ဆိုလိုတာလဲ။ အခုနှစ် ၂၀၁၂၊ သြဂုတ်လ ဆိုရင်တော့ သူ အဝေးကြီး ကို ထွက်သွားတာ၊ ရှစ်နှစ်တိတိပြည့်ခဲ့ပါပြီ။ လအားဖြင့် ၉၆ လ၊ ရက်အားဖြင့် ၂၉၂၀ ရက်၊ နာရီအားဖြင့် ၇၀၀၈၀ နာရီ ကြာမြင့်ခဲ့ပြီ။ ဒီအချိန်၊ ဒီကာလဟာ လူတစ်ယောက်ကိုမေ့ဖို့ လုံလောက်တဲ့ အချိန်ပဲလား။ မလုံလောက်သေးဘူးလား။

       သေချာတာတစ်ခုက ကျွန်မသူ့ကို မေ့မရသေးဘူး။ ဟင့်အင်း မေ့မရသေးတာမဟုတ်ဘူး။ တကယ်ပဲ မေ့မရတာ...ဟုတ်တယ် မေ့မရတာပါ။ မေ့မရတာ...မေ့မရတာ...မေ့မရတာ...မေ့မရတာ...။
                                     
                                             
xxxxx

၁၉၈၄ ခုနှစ်ဝန်းကျင်ကာလတွေ...
          ကျွန်မကြီးပြင်းခဲ့ရတဲ့ ဇာတိမြို့လေးက အမြဲလို ဖုန်ရောင်လွှမ်းထနေလို့ သုန်သုန်မှုန်မှုန်၊ ကုပ်ကုပ်ချိချိနဲ့ ပျင်းစရာလည်းကောင်းလှတဲ့ မြို့လေးပါ။ အ၀ါရောင်နဲ့ အနီရောင်ဖောက်ထားတဲ့ ၀ါကြင့်ကြင့်၊ နီကြန်ကြန်မြို့ လေးပေါ့။ ငယ်စဉ်ကတည်းက တေးဂီတကို ၀ါသနာပြင်းပြတဲ့ကျွန်မဟာ ဂစ်တာတစ်လက်နဲ့ နေ့ရှိသရွေ့ လုံးထွေး ရစ်ပတ်နေခဲ့ရတာနဲ့ပဲ မြို့ကလေးကို ကောင်းကောင်းမသိခဲ့ဘူး။ ၀ါကြင့်ကြင့် နီကြန်ကြန် မြို့ကလေး ကတော့ ကျွန်မကို ကောင်းကောင်းသိခဲ့ရှာတယ်။ ကျွန်မဟာ မြို့ကလေးက ကောင်းကောင်းသိနေခဲ့တဲ့အတိုင်း သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်နေ့တွေမှာ ဂစ်တာတစ်လက်နဲ့ သီချင်းတွေဆိုဆိုနေခဲ့တဲ့ မိန်းကလေး ပေါ့။ ငါ့ဆီမှာ ဂစ်တာတစ်လက်နဲ့သီချင်းတွေဆိုနေတတ်တဲ့ မိန်းကလေးတစ်ယောက်ရှိလေရဲ့ လို့ မြို့ကလေးက ဂုဏ်ယူဝင့်ကြွားနေချိန်မှာ ကျွန်မက မြို့ကလေးကို ဘယ်လိုထားရစ် ခဲ့ရမလဲ၊ သူ့ကို ဘယ်တော့စွန့်ခွာရင် ကောင်းမလဲလို့ အကြံထုတ်နေခဲ့တာပါ။

       နေ့ဘက်တွေမှာ မြို့ကလေးကို ဘာသိဘာသာ နေမိပေမဲ့ ညဘက်တွေမှာ တော့ ဒီမြို့ကလေးကို ကျွန်မ အချစ်ပိုရတတ်တယ်။ ဘာလို့ဆို လရောင်ပြေပြေလေး ကျနေတဲ့ ညတွေမှာ ဂစ်တာတစ်လက်နဲ့ သီချင်းဆိုဆိုနေရတဲ့ အရသာကို ကျွန်မ စွဲမက်မိရလို့ပါပဲ။ ဟုတ်တယ်။ အိမ်ရှေ့မြေကွက်လပ်လေးမှာ ဒါမှမဟုတ် ရေမြောင်းကို ခွပြီးဆောက်ထားတဲ့ ခြံဝက အုတ်ခုံလေးမှာ၊ ဒါမှမဟုတ် ခြံဝင်းထဲက ပုန်းညက်ပင် ပုအိုင့်အိုင့်လေးအောက်မှာ...ဂစ်တာတစ်လက်နဲ့ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆို-ဆိုနေရတာ ဘာနဲ့မှ မလဲနိုင်တဲ့ ဘ၀ရဲ့အပျော်ရွှင်ဆုံး အချိန်လေးတွေပါ။

       သူငယ်ချင်းတွေက အတူပူးပေါင်းပြီး လာဆိုချင်လို့ ကမ်းလှမ်းကြပေမဲ့ ကျွန်မလက်မခံဘူး။ အတ္တကြီး တယ်ပဲ ဆိုရမလား..ကျွန်မက ကျွန်မလက်က တီးခတ်လိုက်တဲ့၊ ကျွန်မဂစ်တာအိမ်ထဲက ထွက်ကျ လာတဲ့ ဂီတ သံကိုပဲ နှစ်သက် မက်မောတတ်တာလေ။ ကျွန်မကိုယ်တိုင်လုပ်တဲ့ ကျွန်မရဲ့ဂီတသံကိုပဲ သဘောကျတာ။  ဘယ်သူနဲ့မှ မပူးပေါင်းချင်သလို ဘယ်သူ့လက်သံကိုမှ မကြားချင်ဘူး။ ကျွန်မတီးခတ် လိုက်သမျှ ဂစ်တာသံနဲ့ ကျွန်မဆိုညည်းလိုက်သမျှ သီချင်းတွေကိုပဲ သဘောအကျကြီး ကျနေတတ်တာလေ။

       ဂစ်တာမတီးတတ်ခင်ကသာ ဂစ်တာသမားကောင်လေးတွေကို အထူး အရေးပေးပြီး ပေါင်းသင်းခဲ့တာ။ ဂစ်တာကော့ဒ်တွေနဲ့ လက်ခတ်စတိုင်လ်တွေ အနီးကပ်အတုခိုး၊ ဂီတပညာဆည်းပူးချင်တဲ့ စိတ်နဲ့ပေါ့။ ကျွန်မတို့ မြို့လေးက ဆင်းရဲနုံချာတဲ့ မြို့လေးဖြစ်နေလေတော့ ဂီတသင်တန်းကျောင်းရယ်လို့လည်း တစ်ကျောင်းတမြီးမှ မရှိဖူးပါဘူး။ ဒီတော့ ဂီတပတ်သက်တဲ့ ပညာတွေ သိလို တတ်လိုတဲ့စိတ်နဲ့ ဘော်ဒါတွေများများထားပြီး လေ့လာ သိုမှီးဆည်းပူးခဲ့ရတယ် ဆိုပါတော့။ ဂစ်တာမတီးတတ်တဲ့ကောင်လေးတွေဆို ကျွန်မ ဘယ်လောက်ချောချော ဘယ်တော့မှအပေါင်းအသင်း မလုပ်ဘူး။ ဂစ်တာတီးတတ်တဲ့ကောင်လေးတွေဆို ဘယ်လောက်ရုပ်ဆိုးဆိုး လာခဲ့၊ ကြားခံလူမိတ်ဆက်ပေးစရာမလို၊ အားလုံး ချစ်ပြီးသား ခင်ပြီးသား၊ ရင်းနှီးပြီးသားပဲ။ ဆိုးတာက ကျွန်မ ကိုယ်တိုင် ဂစ်တာကို အကျွမ်းတ၀င်ရှိသွားတဲ့ အချိန်ကစလို့ သူတို့ကို တစ်ယောက်မှ အပေါင်းအသင်း မလုပ် ဖြစ်တော့ဘူး။ ဘယ်သူနဲ့မှ အရောမ၀င်၊ ဘယ်သူ့ကိုမှ အဖက်မလုပ်တော့ဘူး။ ဂစ်တာကိုပဲ အဖော်လုပ်တယ်။ တစ်နေ့တာ ကျောင်းချိန်ကုန်ဆုံးတာနဲ့ ကျွန်မဟာ အိမ်အမြန်ပြန်တယ်။ ကျွန်မအခန်းထဲမှာပဲ ဂစ်တာနဲ့နေတယ်။ အခန်းအောင်းပြီး ဂစ်တာကျင့်တယ်။ ဂစ်တာကို သိသထက်သိအောင် လုပ်တယ်။ ညအိပ်ချိန်တွေမှာတောင် ကျွန်မနဲ့ ဂစ်တာက မခွဲဘူး။ ကျောချင်းကပ်ပြီးအိပ်တယ်။ ရင်ချင်း အပ်ပြီးအိပ်တယ်။ ဂစ်တာမှ ဂစ်တာ ရူးသွပ်မိ သလိုပဲ ငါ့လက်သံမှ ငါ့လက်သံ အဟုတ်ထင်ရင်း ကျွန်မကိုယ်ကျွန်မပဲ သဘောကျနေခဲ့မိသူပါ။

၁၉၈၇ ခုနှစ်ဝန်းကျင်ကာလတွေ...
          မမျှော်လင့်တဲ့တစ်နေ့မှာ ကျွန်မဘ၀ထဲကို “သူ”၀င်ရောက်လာခဲ့တယ်။ ကျွန်မဘ၀ထဲ“သူ” ၀င်ရောက် လာခဲ့ချိန်ကစလို့ ကျွန်မကိုယ်ကျွန်မ ဂီတအရာမှာ တော်တော်ဟုတ်လှပြီလို့ ထင်မှတ်ခဲ့သမျှတွေဟာ အလွှာ လိုက် အဖတ်လိုက် ကွာကျကုန် တော့တာပဲ။ ဟုတ်တယ်။ သူ့ရဲ့ဂီတ၊ သူ့ရဲ့သီချင်းတွေမှာ ကျွန်မဟာ ပျော်ဝင် မူးမေ့ ခဲ့တော့တယ်။ ဒုတိယအယ်လ်ဘမ် ထွက်ရှိလာတော့လည်း ကျွန်မ အပြေးအလွှား ၀ယ်ယူနားထောင်ရ တယ်။ ကြီးကျယ်တာတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာ  အဆိုသမား၊ ဂီတသမား ဆိုလို့ သူ တစ်ယောက်ပဲ ကျွန်မ မြင်မိတယ်။ အိုမဟုတ်ဘူး၊ သူ့တစ်ယောက် ကိုပဲ ကျွန်မက ကြိုက်မိတာ။ ကျွန်မအကြိုက် ပြည်ပက ဂီတ သမားတွေဖြစ်တဲ့  “JoePass, Eric Clipton John Mayer တို့ရဲ့ wallsheet တွေ၊ တေးအယ်လ်ဘမ်တွေနဲ့ အပြိုင် ကျွန်မရဲ့ အိပ်ခန်းထဲမှာ ဗြောင်းဆန်အောင် နေရာဝင်ယူလာတာက သူ့ရဲ့ ဓာတ်ပုံတွေနဲ့ ထွက်ထွက် လာသမျှ သူ့သီချင်းခွေတွေ...။ သူ့သီချင်းတွေထွက်တာနဲ့ တစ်ပတ်အတွင်းမှာ ကျွန်မ အကုန်ဆိုနိုင်၊ တီးနိုင်ပြီး သားပဲ..အဲသည်လောက်အထိ။ ဆိုးတာက သူ့သီချင်းကို ဆိုညည်းမိတဲ့ အချိန်တိုင်းမှာလည်း သူ့ရုပ်ပုံလွှာကိုပါ တသသမြင်ယောင်လို့ လွမ်းလွမ်းဆွတ်ဆွတ်ကြီး ခံစားနေရတော့တာပါပဲရှင်။ အပြင်မှာ လူချင်း တစ်ကြိမ် တစ်ခါမှ မမြင်ဖူးပေမဲ့ သူဟာ ကျွန်မအတွက်တော့ အရင်းနှီးဆုံး လူသားတစ်ဦး အသေအချာ ဖြစ်နေခဲ့တာ အမှန်ပါပဲ။ အရင်းနှီးဆုံးလူစိမ်းပေါ့။

          အတွေးထဲမှာ ကျွန်မနဲ့သူ သီချင်း အတူတူ ဆိုဖူးတယ်။ ဂစ်တာ အတူ တွဲတီးဖူးတယ်။ သူက ကျွန်မကို ဂစ်တာတီး သီချင်းဆိုပြတဲ့အခါလည်း ရှိရဲ့။ ကျွန်မက သူ့ကို ဆိုတီးပြတဲ့အခါလည်းရှိရဲ့။ အဲသည်လို ကျွန်မ ဂစ်တာတီးပြတဲ့ အခါတိုင်း သူက ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတာချည်းပဲ။ ဘာစကားမှ သူ မပြောဘူး။ ညညမက်တဲ့ အိပ်မက်တွေထဲမှာ အမြဲလို သူ့ကို ထည့်မက်လေ့ရှိပေမဲ့ အိပ်မက်ထဲမှာ သူနဲ့ ကျွန်မ တစ်ခါမှကို စကားမပြောဖူးဘူး။ ကျွန်မနဲ့သူ့ကို သီချင်းတွေကပဲ ရစ်ပတ်နှောင်ဖွဲ့ထားတယ်။ စကားတွေ ဘယ်တုန်းကမှ ပြောစရာမလိုခဲ့ ဘူး။ သူဟာ ကျွန်မအတွက် စကားလုံးမရှိတဲ့ကောင်းကင်တစ်ခု အသေအချာကြီးကို ဖြစ်ခဲ့တယ်။

          သူ့ကို စွဲလန်းစိတ်နဲ့ ကျွန်မ ဆယ်တန်းအောင်အောင်ကြိုးစားနိုင်ခဲ့တယ်။ ဆယ်တန်းအောင်မှ ရန်ကုန် မှာ ကျောင်းသွားတက်လို့ရမှာလေ။ သူက  ရန်ကုန်မှာ ဂီတအလုပ်တွေကို ဇောက်ချပြီးလုပ်နေပြီဆိုတော့ ရန်ကုန်ရောက်ရင် သူ့ကို အရင်ဆုံး ရှာမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ သူ့ကို တွေ့ခွင့်ရခဲ့ရင် ကျွန်မ ဘာဆက် လုပ်မှာ လဲ....။ အို..ကျွန်မ အများကြီးမျှော်လင့်မထားပါဘူးရှင်။ နှစ်ခုပဲ စိတ်ကူးထားတယ်။ သူ့ကို ဘယ်လောက် ကြိုက် တယ်ဆိုတာ...(အို..ဟင့်အင်း..မဟုတ်ဘူး၊ မဟုတ်ဘူး... ကျွန်မကြိုက်တာ သူ့ဂီတသူ့သီချင်းကိုပါ၊ အိုမဟုတ် သေးဘူး ကြိုက်တာလည်း မဟုတ်ဘူး၊ ချစ်တာ၊ သူ့သီချင်းတွေကိုချစ်တာ၊ သူဟာ ချစ်ဖို့ကောင်းတဲ့ သီချင်းတွေ ကို ရေးနိုင်သူပါ)။ သူ့သီချင်းတွေကို ကျွန်မ ဘယ်လောက်ချစ်တယ်ဆိုတာ သူသိအောင် အရင်ဆုံး ပြောပြလိုက် မယ်၊ နောက်ပြီးတော့ သူနဲ့ တစ်ခါလောက် ဂစ်တာအတူတွဲတီးပြီး Duet သီဆိုခွင့်တောင်းမယ်။ ဒါလောက်ပါပဲ။ ဒီနှစ်ခုတည်းပဲ...။ ဒီနှစ်ခုကိုသာ လုပ်ခွင့်ရခဲ့မယ်ဆိုရင် ဒီဘ၀မှာ ကျွန်မသေပျော်ပါပြီလို့ ဆိုနိုင်တဲ့အထိပါပဲ။

       ဒီလိုနဲ့ ဆယ်တန်းအောင်တဲ့အခါ ကျွန်မ ရန်ကုန်မှာကျောင်းတက်ခွင့် (transferred လုပ်ပြီး)ရတယ်။ ဓာတုဗေဒအဓိကနဲ့ ကြည့်မြင်တိုင်နယ်မြေမှာ ပထမနှစ်၊ ဒုတိယနှစ် စာသင်နှစ်တွေ ကုန်ခဲ့ပေမဲ့လည်း သူ့ကို ယောင်လို့မှ မတွေ့ခဲ့ဘူး။  သူ့လို အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ လူတစ်ယောက်ကို ကျွန်မအနေနဲ့ တွေ့ အောင် ရှာမယ် ဆုံးဖြတ်ရင် တွေ့ခွင့်ရမှာ အသေအချာပဲဖြစ်ပေမဲ့ တကယ်တမ်းကျတော့ ကျွန်မ အဲဒီလို မလုပ် ခဲ့ပါဘူး။ ဘာကိုမှ မကြိုးစားဘဲနဲ့ အလိုအလျောက် ဆုံလာမယ့် တွေ့ဆုံခြင်းမျိုးကိုပဲ မျှော်လင့် နေမိတော့ လည်း အခက်သား။

       တတိယနှစ်မှာ ရန်ကုန်ပင်မတက္ကသိုလ်မှာ ကျွန်မကျောင်းတက်တော့ Fresher Welcome Day အဖြစ် စင်မြင့်ဖျော်ဖြေပွဲကျင်းပတယ်။ RC ထဲမှာ။ အဲသည်မှာ သူ့ကို လာရောက်သီဆိုပေးဖို့ဖိတ်ကြားထားသတဲ့။ ကျွန်မ ဗျာများသွားတယ်။  ကံကြမ္မာက ကျွန်မကို မျက်နှာသာပေးခဲ့လေပြီ ဆိုပြီး ၀မ်းသာသွားတယ်။ သူနဲ့ တွေ့တဲ့အခါ ဘာစကားက စပြောရရင်ကောင်းမလဲလို့ တစ်ညလုံးပဲ စဉ်းစားလိုက်ရတာရှင်။ ဒါပေမဲ့လည်း တကယ်တမ်းမှာ ကျွန်မ ဘာမှ မကြိုးစားဖြစ်ခဲ့ဘူး။ သူ့အနားသွားပြီး စကားဆိုဖို့ သိပ်ကို ၀န်လေးတွန့်ဆုတ် သွားခဲ့တယ်။ သူ့ဘေး ပတ်ပတ်လည်မှာ အချောအလှကျောင်းသူမလေးတွေ ၀ိုင်းအုံနေတာ တွေ့ရလို့ပါပဲ။ သတိ္တမရှိတာပဲလား မသိပါဘူး။ အဲဒီ အပျံစားအမိစား အကဲမလေးတွေကြားထဲ ကျွန်မ တိုးမ၀င်ချင်ဘူး၊ စိတ်ထဲ မှာ သိမ်ငယ်နေလိုက်ရတာ မပြောပါနဲ့တော့ရှင်။ စင်မြင့်ပေါ်မှာတုန်းကလည်း ကျောင်းသူမလေးတွေက ပန်းစည်းတွေ၊ ပ၀ါတွေ ကမ်းပေးကြသလို စင်အောက်ရောက်ပြန်တော့လည်း အမှတ်တရပစ္စည်းတွေ အလု အယက်ပေးကြတာ တွေ့တယ်။ တချို့မိန်းကလေးတွေများဆို သူတို့ ကိုယ်ပေါ်မှာ ၀တ်စားဆင်မြန်း ထားတဲ့ အဖိုးတန်ပစ္စည်းတွေတောင် ချွတ်ပြီး အမှတ်တရလက်ဆောင် အဖြစ် ကြည်ကြည်ဖြူဖြူပေးလားပေးရဲ့။ ဒါတွေကိုမြင်လေလေ ကျွန်မ ၀မ်းနည်း လေလေ။ သူ့ဆီက တုံ့ပြန် အသိအမှတ်ပြုမှုကို ရဖို့ ပြန်လည်ရရှိဖို့ ကျွန်မအနေနဲ့ ထူးထူးကဲကဲပေးစရာ ဘာမှမရှိဘူးလေ။ ကျွန်မလို ဘာအဆင်အပြင် ဘာဒီဇိုင်းမှမရှိတဲ့ သာမန်ကျောင်းသူမလေး၊ အမှတ်တရ လက်ဆောင်ပစ္စည်းလေး တစ်ခုလောက် တောင် မှ မပေးနိုင်တဲ့ မိန်းကလေး တစ်ယောက်ကို သူက အရေးတယူနဲ့ အသိအမှတ်ပြု လက်ခံစကားဆိုမှာ မဟုတ်ပါဘူးလေလို့ တွေးပြီး ၀မ်းနည်းတိတ်ဆိတ် ကြေကွဲနေ ခဲ့တယ်။

          လက်တွေညောင်းချိမတတ် လက်မှတ်ထိုးပေးနေရတဲ့ သူ့ကို အဝေးကနေ ငေးကြည့်နေမိရုံလေးပဲ ကျွန်မ လုပ်နိုင်ခဲ့တယ်။ အော်တိုရေးခိုင်းခဲ့တဲ့ သူငယ်ချင်းမ ကတစ်ဆင့် သူ့လိပ်စာကို နောင်အခါ အတိအကျ ရခဲ့ပေမဲ့ လက်ထဲမှာ ကိုင်ထားတဲ့ လိပ်စာစာရွက်လေးကို ကြည့်ပြီး ကျွန်မ ဘာလုပ်ရမယ်မှန်း မသိခဲ့ပြန်ဘူး။ သူနဲ့တွေ့ဖို့ မကြိုးစားရဲလေလေ၊ သူ့ကို သတိရစိတ်နဲ့ သူ့သီချင်းတွေကိုပဲ လူသိရှင်ကြား ဆိုညည်း မိလေလေနဲ့ နောက်ဆုံးတော့ ကျွန်မဟာ ကျွန်မနေတဲ့ အဆောင်ဝန်းကျင်မှာ ဂစ်တာတစ်လုံးနဲ့ ထူးအိမ်သင်ရဲ့ သီချင်းတွေ ချည်းပဲ တလှိုက်တလှဲ ဆိုညည်းလေ့ရှိတဲ့ အဆောင်သူကောင်မလေးရယ်လို့ သတင်းကြီးခဲ့လေရဲ့။ သူ့သီချင်းကို ဆိုညည်းမိတဲ့အခါတိုင်း မျက်မှန်ထူထူအောက်က ငေးရီရီမျက်ဝန်းတွေကို ကျွန်မ တန်းတန်းစွဲ မြင်ယောင်နေမိ တယ်ဆိုတာကိုလည်း တိတ်တိတ်လေး ၀န်ခံရပါဦးမယ်။

          သူ့ကိုတွေ့အောင်ရှာမယ်၊ သိအောင်လုပ်မယ်၊ ရင်းနှီးအောင်ကြိုးစားမယ် ဆိုတဲ့ စိတ်ကူးတွေဗရပွနဲ့ ရန်ကုန်မှာကျောင်းတက်ခဲ့ပေမဲ့ ကျောင်းပြီးလို့ ဘွဲ့သာရ သွားတယ် ကျွန်မ အခြေအနေက ဒုံရင်းဒုံရင်းပါပဲ။

စုမီအောင်
ဆက်ရန်

No comments: