Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, January 16, 2013

မောင့်အတွက် ချစ်ကတိ ( ဇာတ်သိမ်း)

စုမီအောင်
(ကျန်းမာရေးမဂ္ဂဇင်း အောက်တိုဘာ၊ ၂၀၁၂)

“အသက် ၂၇ နှစ်အရွယ်၊ ၁၈၉၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့မှာတော့ ဒီလူနာဟာ ဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့တယ်။ ဒီရောဂါကို ကာကွယ်ကုသနိုင်တဲ့ အထောက်အထားမျိုးတော့ ဒီနေ့တိုင် မတွေ့ရှိရသေးဘူးလို့ပဲ သိရှိရပါတယ်”
အံ့ဘုန်းမြတ်၏ရှေ့ခုံမှ ဆေးကျောင်းသားဖြစ်ဟန်တူသည့် လူငယ်တစ်ဦးက လက်ထောင် ပြသည်။ မေးစရာရှိသည်ဆိုသည့်သဘော။

“ဆရာ..အဲဒီပထမဆုံး ဆင်လူသား ဂျိုးဇက်ကာမားရစ်ခ်ဖြစ်တဲ့ရောဂါဟာ စောစောက ဆရာမ ပြောသွားတဲ့ အမျိုးအစားတွေအရ ပြောမယ်ဆိုရင် ဘယ်အမျိုးအစားထဲမှာ ပါဝင်သလဲ သိချင်ပါတယ်”
ခန္ဓာဗေဒပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာလှမိုးက ခေါင်းညိတ်ပြကာ ဆက်လက်ရှင်းလင်း သွားသည်။


“အခုလို မစ်္စတာဂျိုးဇက်ဖြစ်ပွားတဲ့ ရောဂါကို...ဆင်တစ်ကောင်နဲ့ပုံသဏ္ဌာန်တူလို့ Elephantiasis လို့ အလွယ်ခေါ်ပြီး Type အနေနဲ့တော့ Neurofibromatosis Type 1 အမျိုးအစားလို့ ခွဲခြားသတ်မှတ်ခဲ့တယ်ဆိုပြီး သိရှိရတယ်။ ဒီနေ့ခေတ်မှာတော့ အဲဒါကို ဖြစ်တောင့်ဖြစ်ခဲဝေဒနာ Proteus Syndrome  ဒါမှမဟုတ် Proteus Syndrome နဲ့ Neurofibromatosis Type 1 အခြေအနေ နှစ်မျိုး ပေါင်းစပ်ပြီး ဖြစ်ပွားတာလို့ လက်ခံထားကြောင်း သိရှိရတယ်”

သူ့ဘေးခုံမှ မိန်းကလေးတစ်ဦးက တစ်ဖက်သို့လှည့်ကာ စကားတိုးတိုးပြောနေသည်ကို ဒေါက်တာအံ့ဘုန်းမြတ် ကြားနေရသည်။

“ဟဲ့ ငါ အင်တာနက်မှာဖတ်ရတယ်၊ အဲဒီ ပထမဆုံးဆင်လူသားကို စာနာသနားတဲ့အနေနဲ့ မိုက်ကယ်ဂျက်ဆင်က ပြဇာတ်တစ်ခု တင်ဆက်ဖျော်ဖြေခဲ့ဖူးတယ်တဲ့”

“ဟုတ်လား ငါမသိသေးဘူး၊ ဒီနေ့ ည ရှာကြည့်ဦးမှာပဲ၊ ငါတော့ သမိုင်းလမ်းဆုံက လက်ဖက် ရည်ဆိုင်တစ်ဆိုင်မှာ တစ်ကိုယ်လုံး အဖုအကျိတ်တွေပြည့်နှက်နေတဲ့ မိန်းမတစ်ယောက်တွေ့ဖူးတယ်၊ လက်ဖက်ရည်ခွက်တွေ ချပေး၊ ပိုက်ဆံတွေ သိမ်းပေးနဲ့ လုပ်နေတာတွေ့တာပဲ၊ ဘယ်သူမှတော့ ရွံရှာ ဟန်မရှိဘူး”

“ဟုတ်လား ငါ့ကို အဲဒီဆိုင်ခေါ်သွား စမ်းပါ၊ အနီးကပ်ကြည့်ချင်လို့”

“အေးပါ”

ဆေးကျောင်းသူဖြစ်ဟန်တူသည့် မိန်းကလေးနှစ်ဦး၏စကားကိုကြားရ၍ အသာငဲ့ နားထောင်မိ နေစဉ် သူ့ဘေးက မိန်းကလေးက လက်ထောင်ပြကာ မတ်တပ်ရပ်လိုက်သည်ကို တွေ့ရ၏။

“ဆရာ..ကျွန်မဖတ်ခဲ့ရတဲ့ သတင်းလေးတစ်ပုဒ် တိုက်ဆိုင်လို့ ပြောပြပါရစေ၊ SUN မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ သတင်းတစ်ပုဒ် အင်တာနက်မှာ ဖတ်ရတာပါ၊ ထိုင်းနိုင်ငံ ဇင်းမယ်မြို့က မော်ဒယ်လ် တစ်ဦးရဲ့ တကယ့်အဖြစ်အပျက်လို့ ဆိုထားပါတယ်”

          မော်ဒယ်တစ်ဦးဟုကြားရသည်နှင့် ဒေါက်တာအံ့ဘုန်းမြတ်အာရုံတွင် မြလွန်းညို၏ အသွင်က ရိပ်ခနဲပေါ်လာသည်။

“သူ့နာမည်က Suriwong Yung Chai တဲ့၊ သူက တကယ့်အလှဧကရီတစ်ဦးပါ၊ ဖက်ရှင်ပွဲ တွေမှာ သူမပါရင်မပြီးဘူး၊ စာနယ်ဇင်းသမားတွေ၊ ဓာတ်ပုံဆရာတွေ တစ်ချိန်လုံး ၀ိုင်းဝိုင်းလည်နေတဲ့ သူလို့ ကျွန်မ သိရတယ်”

          တိုက်ဆိုင်ပါဘိခြင်း။ ဒေါက်တာအံ့ဘုန်းမြတ်သည် မြလွန်းညိုကို နင့်သီးစွာ သတိရသွားတော့ သည်။ မြ အနားမှာ စာနယ်ဇင်းသမားတွေ၊ ကင်မရာမင်းတွေ ၀ိုင်းနေခဲ့ဖူးသည်ကို မြင်ယောင်လာ မိသည်။

“သူအိမ်ထောင်ကျပြီး သိပ်မကြာခင်လို့ ထင်တာပဲ၊ နှစ်တော့ ကျွန်မ မမှတ်မိခဲ့ဘူး၊ အဲဒီရောဂါ ဖြစ်ခဲ့တာ၊ ခန္ဓာကိုယ်မှာ အဖုအကျိတ်လေးတွေ စဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ အဖုတွေက ကြီးလာတယ်။ မျက်ခွံတွေ တွဲကျလာတယ်၊ ပါးစုန့်တွေ မို့ထွက်လာတယ်၊ နှုတ်ခမ်းတွေ ရောင်ကြွပြီး စူဖောင်းလာတယ်၊ နားရွက်တွေလည်း ပျော့စိစိနဲ့ရှည်ထွက်လာတယ်၊ အသားအရေက လေလျော့သွား တဲ့ ပူဖောင်းလိုပဲ၊ အဖုတွေနဲ့ မာတဲ့နေရာက မာ၊ ပျော့တဲ့နေရာက ပျော့၊ ဆရာရယ် ကျွန်မပြော လို့တောင် မထွက်တော့ဘူး၊ ပုံတွေလည်း ကြည့်ရတယ်၊ သနားလိုက်တာ၊ သူ့နဂိုရုပ်က အရမ်းကို  ချောမောလှပခဲ့တာ၊ မယုံနိုင်စရာပဲ”

သူ့ဦးခေါင်းကို မိုးကြိုးအစင်းပေါင်းများစွာ ပစ်ချခံလိုက်သလို ဒေါက်တာအံ့ဘုန်းမြတ် ခံစား လိုက်ရသည်။ နှလုံးခုန်သံတွေ ဆောင့်တိုးမြန်ဆန်လာသည်။ ကြားလိုက်သမျှတွေ ဟုတ်မှ ဟုတ်ရဲ့ လား၊ ဒီလိုမယုံနိုင်စရာအဖြစ်တွေ ရှိသတဲ့လား စိတ်တွေ ဂနာမငြိမ်ဖြစ်လာသည့် အဆုံး ထိုခန်းမထဲက နေ ပြေးထွက်ကာ ကားကို တရကြမ်းမောင်းလျက် အိမ်သို့ဒုန်းစိုင်းပြန်ချ လာခဲ့တော့သည်။

          “မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒါ ပေါက်ကရတွေ၊ အဲဒီကျောင်းသူမ ညာနေတာ”ဟု လမ်း တစ်လျှောက်လုံး ငြင်းဆန်နေခဲ့သေးသည်။

          အိမ်ထဲရောက်သည်တွင် ဇနီးသည်ရှိစဉ်ကလည်း မသိကျိုးကျွံပြုခဲ့သည့်အခန်း၊ ဇနီးသည် မရှိ သည့်နောက်ပိုင်းမှာလည်း နှစ်များစွာ သော့ပိတ်ထားခဲ့သည့်အခန်း၊ ထိုအခန်းကို ယခုမှဖွင့်ကာ အပူ တပြင်း ၀င်ကြည့်မိတော့သည်။

အခန်း(၈)

          အခန်းတစ်ခုလုံး ပစ္စည်းများပြည့်ကျပ်ကာ မွစာကြဲနေသည်။ အရင်ဆုံး မြလွန်းညို အလုပ် ထိုင်လုပ်သည့် စားပွဲပေါ်ကို သူ စေ့စေ့ စပ်စပ်ကြည့်သည်။  သံသယဖြစ်စရာ လုံးခြေထားသည့် စာရွက်များကို တစ်ရွက်မကျန် ဖြေကြည့်၊ ဖြန့်ကြည့်မိသည်။

          အင်တာနက်ဝက်ဘ်ပေ့ဂ်ျကနေ တိုက်ရိုက် ပရင့်အောက်လုပ်ထားသည့် စာရွက်များကို များပြားစွာတွေ့ရ၍ သူ စိတ်ဝင်စားသွားသည်။ ထိုစာရွက်များပေါ်တွင် ဆင်လူသားပုံသဏ္ဌာန်နှင့် လူသားရုပ်ပုံများကို အသေအချာတွေ့ရလျှင် အံ့ဘုန်းမြတ် ခေါင်းနပန်းကြီးသွားတော့သည်။  စားပွဲ အောက်ခြေတွင် တစ်စစီပြုတ်ထွက်နေသည့် စုတ်ဖြဲထားပုံရသော ဓာတ်ပုံများကိုလည်း ဖရိုဖရဲ တွေ့ရ သေးသည်။

          မြခမျာ တစ်ဦးတည်း သွေးပျက်ချောက် ချားနေခဲ့သည်ပဲ။

          “မြရယ် ...ဖြစ်မှဖြစ်ရလေ ...”

          သူယူကျုံးမရ ငိုကြွေးလိုက်မိသည်။ မြ သူ့ကိုစွန့်ခွာထွက်ပြေးသွားရခြင်း အကြောင်းရင်းကို သူ အခုမှ ထင်းထင်းပြက်ပြက်ကြီး သိလိုက်ရသည်။ နောက်အကျကြီး နောက်ကျခဲ့လေပြီ။

“တော်တော်အသုံးမကျတဲ့ ငါ”ဟု မိမိ ကိုယ်ကိုယ်ကျိန်ဆဲပြစ်တင်လိုက်၊ ဇနီးသည် အမည်ကို တဖွဖွတမ်းတလိုက်နှင့် သူရူး တစ်ယောက်လို အံ့ဘုန်းမြတ် ခံစားနေရသည်။

“ငါ့အပြစ်ပဲ၊ မြကို မတွေ့တွေ့အောင် ရှာ မယ်၊ မတွေ့မချင်း မတွေ့မချင်း ...”

ထို့နောက် အိမ်ခြံဝင်းထဲကနေ ကားကို လီဗာဆောင့်နင်းကာ အရှိန်ပြင်းစွာ မောင်းထွက် ခဲ့သည်။ ကားသံကို ကြားဟန်မတူဘဲ တလှုပ်လှုပ်သွားနေသည့် ရှေ့နားဆီက လူရိပ်တစ်ခုကို မြင်မိလျှင် ဟွန်း အဆက်မပြတ်တီးလျက် အသံပေးလိုက်သည်။

          ထိုလူက ကြားပုံမရ။ ရုတ်တရက် ဘရိတ်ကို ဆောင့်အုပ်လိုက်ရသည်။

 “ကျွိ”
“ဒုန်း”

သွားပြီ။ စောစောကလူ လမ်းမပေါ် ခွေခနဲ မှောက်လဲသွားသည်။

          “ဒီလူကို ထားလိုက်၊ မြကို ငါရှာရမယ်”

          ရုတ်တရက်ဖြစ်ပေါ်လာသည့် စိတ်နှင့်အတူ ကားကို နောက်ပြန်ဆုတ်ကာ လဲကျနေသူကို ကွေ့ဝိုက်ရှောင်သွားရန် မိုက်မိုက်ကန်းကန်း သူကြိုးစားမိသေးသည်။ သို့သော် လဲကျသူကို တစ်ချက် ကြည့်မိခိုက် နေ့ခင်း ကြောင်တောင် အနက်ရောင် အ၀တ်ဖားဖားကြီးရုံထားသည်ကို သံသယ၀င်ကာ ကားပေါ်မှ အပြေးအလွှားဆင်းကြည့်မိသည်။

အ၀တ်များကို ဆွဲဖယ်လိုက်လျှင် အော်ဂလီဆန်ချင်စရာ ဆင်လူသားမျက်နှာတစ်ခုကို ဘွားခနဲ တွေ့လိုက်ရသည်။ အ၀တ်များအောက်က လျော့ရဲရဲ ထိုးထွက်နေသည့် လည်ပင်းအသားဖတ် များပေါ်တွင် အနီရောင် ကြိုးတစ်စ။ ထိုကြိုးစတစ်နေရာတွင် ချိတ်ဆွဲထားသည်က လက်စွပ်တစ်ကွင်း။ လက်ထပ်သောနေ့က “မြ ဒီလက်စွပ်ကို ဘယ်တော့မှ မချွတ်ရဘူးနော်” ဟု သူပြောခဲ့စဉ်က “အို.. စိတ်ချ၊ မြ လက်တွေတစ်ခုခုဖြစ်ခဲ့လို့ ၀တ်မရရင်တောင် ခန္ဓာကိုယ်တစ်နေရာရာမှာ မရရအောင် ကြိုးနဲ့ချည်ဆောင်ထားမှာ” ဟု မြလွန်းညို ကတိပေးခဲ့ဖူးသည်။ မြ ကတိတည်ခဲ့သည်ပဲ။ သက်မဲ့ခန္ဓာကို သူ ကြေကွဲစွာ ဦးညွှတ်ဖက်ပွေ့လိုက်သည်။        ။

No comments: