Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, January 24, 2013

ငွေသောင်ယံဦး နှင့် အခြားကဗျာများ ( ၃ )

  • ကဗျာသင်တန်းဆောင်းပါးမှ တြိချိုးများ
  • ရွေးချယ်သီရာ အတွေးကဗျာများ
  • ဇင်ဝင်း(သလ္လာ)သို့ 
  • မြှော်
  • ရွှေညာသူ

ကဗျာသင်တန်းဆောင်းပါးမှ တြိချိုးများ

၁။ လေအသင့် ကြွေလင့်မဲ့ပန်းသဇင်၊
နမ်းချင့်ဖွယ်ပင်။
မခြွေခင် ကြွေချင်ရက်ထင်ရဲ့၊
မဆိုင်သူ အရင်ဦးလျင်ဖြင့် ရူးရချေရဲ့။       ။

၂။ နှင်းဆီခင် ယဉ်ယဉ်လို့ ပွင့်ရှာတယ်၊
မွှေးရနံ့ကြွယ်။
သဇင်နွယ် ထယ်ထယ်ပ ၀င့်ကြွား၊
လှမ်းလင့်သူ အနေခက်အောင် ၊
ဆူးဖက်သလား။        ။

၃။ ရပ်ကိုးခွင် မိုးဆင်လို့ သိုင်းကာခြုံ၊
ပိန်းပိတ်လို့ မှုံ။
ဖေါ်မစုံ တော်ရုံကွဲ့ မာန်ပျိုး။
သည်ခင်မေ အနေခက်အောင် ၊
လှောင်ရက်မှာစိုး။       ။

၎။ ချစ်သမျှ လှစ်ဟလို့ စာတင်ကာ။
ပြောပြချင်တာ။
ဆယ်ကမ္ဘာ ပြယ်ပါဘု သက်ထား။
မြတ်စိန္ဒေ ထံတော်ပါးဝယ်၊
ချဉ်းကပ်ဝပ်တွား။      ။

၅။ ရပ်ကိုးခွင် မိုးဆင်လို့ သိုင်းကာခြုံ။
ဝိုင်းလို့သာအုံ။
ဖေါ်မစုံ တော်ရုံကွဲ့ မာန်ပျိုး။
သည်ခင်မေ သဲဘ၀င်ခိုက်အောင် ၊
ရွဲ့လိုက်မှာစိုး။       ။

၆။ ပင်အမြင့် ဇင်ပွင့်နဲ့ ရွှေခတ္တာ၊
ဖူးပွင့်ကြရှာ။
ဝေဆာဆာ မာလာနံ့ ထုံကြူး။
တော်ဝင်သူ ရွှေဇင်ခက်ရယ် ၊
လှမ်းလျက် ရည်စူး။      ။

၇။ ပန်းတပွင့် လှမ်းလင့်ဖို့ ရည်ရွယ်သူ၊
စိုးနှောင့်ဗျာပူ။
ချစ်ရည်တူ နိဗ္ဗူထိ မောင်မှန်း။
တော်ဝင်သူ မာလာခက်ရယ်၊ 
နီးရက်နဲ့လှမ်း။       ။

၈။ ချစ်သမျှ လှစ်ဟလို့ စာတင်ဆို၊
ပြောပြမယ်ကို။
ဘာလိုလို ကညာပျို စိတ်ထား။
မြတ်စိန္ဒေ ပုရမေဖျားရယ် ၊
စူးရစေသား။      ။

၉။ မြမြင့်မိုရ် ပျက်ပြိုလို့ လဲပါစေ။
မုန်းနိုင်ဘုလေ။
အဏ္ဏဝေ ရေမြေဆုံးစေတော့၊
ပျိုသက်ကို ဘယ်မပြစ်တယ်၊ 
စွဲချစ်မှာပေါ့။      ။

၁၀။ ရှုလေတိုင်း အုံ့မှိုင်းလို့ ပြာရီဝေ၊
မြရောင်လွှမ်းနေ။
ရဂုံဗွေ သာပေရဲ့ သည်တော။
အမ္ဗုန်မောင် အတင့်ရဲတယ်၊
မိုးစက်သက်လျော။        ။

၁၉၅၄ခုနှစ် အမှတ်(၁) တန်းမြင့်ကျောင်းတွင် အထက်တန်းပြမြန်မာစာဆရာကြီး ဦးလှ ၏ ကဗျာ သင်တန်းပို့ချချက်တွင် ထိုစဉ်က မိမိ တထိုင်တည်း ရေးချခဲ့သည်ကို “ကဗျာသင်တန်းဆောင်းပါး"
အမည်ဖြင့် အနော်ရထာစာစောင်သို့ ပေးပို့ခဲ့ရာ ၁၉၅၅ ခုနှစ် ဇန်န၀ါရီလ ထုတ်တွင် ဖေါ်ပြပေးခဲ့သည်။ 
***************************

ရွေ့းချယ်သီရာ အတွေးကဗျာများ

ပြန်လည်ဆုံဆည်းခြင်း
ကျောခိုင်းလျှောက်လာ၊
လမ်းခွဲပါလည်း၊
ကမ္ဘာမြေကြီး လုံးလုံးကြီးမို့၊
ပြန်ပြီးဆုံကြရအုံးမယ်။      ။

ဖြေသိမ့်ခြင်း
ဖြစ်သမျှအကြောင်း ၊
အကောင်းကြီးချည်းဘဲ၊
စိတ်မှာစွဲလို့၊
ရင်ထဲ ဖြေသိမ့်နေရတယ်။      ။

ရေလိုက်လွဲခြင်း
ဦးဏှောက်အသိ၊
ငြင်းဆန်ဘိလည်း၊
စိတ်၏အလို လိုက်ခဲ့တယ်။      ။

ချေုာင်းကလေး
မေတ္တာဆုယူ ၊ချစ်ရည်တူ၍
ကြည်ဖြူစေကြောင်း၊ ခွင့်မတောင်းနှင့်၊
အချစ်ချောင်းလေးခြားနေတယ်။      ။

ဘ၀ဟူသည်
သံသရာတစ်ပတ်၊
ခြားရဟတ်သို့ ၊
မပြတ်လှည့်နေ၊
လူ့ဘုံဗွေ။     ။

လှိုင်း  
ချစ်သူ့ မျက်နှာ ၊
ပြုံးကြည်သာကို၊ 
မြင်လာခဏ၊
သောကာလတွင်၊
ရင်မှာအသိ၊
ဂွမ်းဆီထိသို့၊
ပီတိလှိုင်းကလေးဖြာသွားတယ်။       ။

မေ့မရနိုင်
ဘ၀တကွေ့၊
ခဏတွေ့လည်း၊
မေ့မရနိုင်ပါလားနော်။     ။

ခွဲခွာခြင်း
မျက်နှာခြင်းဆိုင်၊
ပိုင်ပိုင်ငယ်အတွေ့၊
မ၀ံ့မရဲရယ်နှင့်၊
ဘ၀င်သဲကြွေကွဲလို့ရယ်။
လမ်းခွဲတဲ့နေ့။     ။

သဘော
ဝေဒနာအစုံ၊
သေအချာအကုန်၊
ပြောပြောမပြနိုင်လို့၊
ကြေညာရုံ သဘောဘဲ ထားလိုက်ကြပါစို့။    ။

စွဲချက်
မျက်မာန်တင်းလှ၊
ကိုယ့်ဒေါသကို၊
ချေပနိုင်စွမ်းမရှိပါ။      ။

ခိုကိုးရခက်သူ
ရွာယောင်ဟန်ပျိုး၊
မောင့်ချစ်မိုးကို၊
ခိုကိုးမ၀င့်သူမို့ပါ။     ။
ထူးခြားချက်
မျက်လုံးချင်းဆုံ၊
ရင်ခုန်တဲ့ သည်အကြည့်၊
ချစ်ခွန်းချွေ ဖွဲ့သီကြူးသည်ထက်၊ 
ထူးလှပါဘိ။     ။

အင်အား
ချစ်လဲခက်ခက်၊
မုန်းခက်ခက်မို့၊
သိုဝှက်သိမ်းထား၊
ဒို့သဲကြားမှာ၊
အချစ်မြှားလေး စူးနေပြီ။     ။

ရုပ်သေး
သူကြိုးဆွဲတိုင်း၊
မဆိုင်းမတွ၊ ကခဲ့ရသည့် ၊
ကျွန်မ ရုပ်သေးမင်းသမီး။     ။

အောင်ပွဲ
ငါ့ကိုယ်ရုပ်လွှာ၊
ငါ့ခန္ဓာကို၊
သင်သာပိုင်စိုးခဲ့သော်လည်း၊။

ငါ၏၀ိညာဉ် ၊
စိတ်အစဉ်ကို ၊
သင်လျင် ထိန်းချုပ်မစွမ်းနိုင်။       ။

စပယ်
စပယ်ကလေး၊
တကယ်မွှေးလို့ ၊
ဖွေးဖွေးကလေးနှင့် လှရက်တယ်။       ။

သိမ်းရခက်တဲ့ ပစ္စည်းကလေးတခု
ချစ်မေတ္တာကို၊
ရင်မှာသိုဝှက်၊ 
အသိမ်းခက်သည်၊
ဖျောက်ဖက်မရနိုင်တကား။      ။

မေ့မရနိုင်
ဘ၀တကွေ့၊
ခဏတွေ့လည်း၊
မေ့လို့မရပါတော့နိုင်။

တိတ်တခိုးအချစ်
ချစ်တဲ့စိတ်ကလေး၊
တိတ်တိတ်မွေးတော့၊
အဆွေးစက်ဝန်းချာချာလည်၊      ။

ကုစားရ ခက်ခြင်း
ဝေဒနာအသစ် ၊
သေအချာဖြစ်တော့၊
မေကညာဇရစ်၊မတတ်သာ။      ။

စက်ရုပ်
သံပတ်အပေး၊
ရွေ့ရွေ့ပြေးသည့်၊
စက်ရုပ်ကလေး ပမာလို။    ။
***************************

 ဇင်ဝင်း(သလ္လာ) သို့
ကဗျာဥာဏ်ဇင့်အမေးကိုလ၊
ကညာမှန်လင့်မနှေးပါဘု၊
ဖွင့်ရေးပါလို့ ပြောပြမည်။

တနယ်ကျေးဆီသို့၊
လွှင့်ပြေးသူ မေ့သက်မှူးရယ်ကြောင့်၊
စိတ်ကူးရယ်တဖုံပြောင်းပါလို့၊
ပြည်သူကို ပြန်ငဲ့မစောင်းနိုင်ဘု၊
နှောင်းခဲ့လေပြီ၊

ချစ်မဟာ ချစ်မှုများကိုလ၊
သစ်ကညာလစ်လှူရှုသော်လဲ၊
လွမ်းမှုက ထွေတလာစီ။
ဖြေကာမဆည်နိုင်ဘု၊
လောကီသွေး။

 သိစေချင်၊
ဖြစ်ကြောင်းရယ်ကုန်အစင်ပါဘဲ၊
သံယောဇဉ် နှောင်တစင်းကိုဖြင့်၊
သစ်ခင်မေ ရှောင်မကွင်းနိုင်လို့၊
(ဇင်ရယ်) ဆင်းမိတယ်လေး။       ။

ကျွန်မတို့ ငယ်ငယ်က ပြည်သူအကျိုးပြုစာပေများကိုသာ ရေးဖွဲ့ကြမယ်လို့ အသံကောင်းတွေ ကြီးကြီးကျယ်ကျယ်ဟစ်ပြီး စိတ်ကူးရသလို တောင်ရေး မြောက်ရေး ရေးခဲ့ကြတယ်။ဒါလဲ ရုပ်ရှင်မျက်မှန် မဂ္ဂဇင်း (၁၉၅၅ခု စက်တင်္ဘာလထုတ်) မှာ ဖေါ်ပြပါရှိလာတော့  ပရိသတ်တွေက အသံသာတယ်လို့ ချီးကျုးခဲ့ကြတယ်။
***************************

မြှော်
ဝေးရပ်မြေ 
တနယ်ခြားဆီက၊
ရောက်လာငြား ၊
မောင်သ၀ဏ်၊
မြှော်မိတယ်ရှင်။

လမင်းကိုပင်၊
စေချင်ရဲ့ပျိုတပါး။
သော်တာဆွေ ဖြူငွေလဲ့ရယ်၊
ခွန်းဖွဲ့မှာလား။      

နှမပျို လက်ကိုချိုးပါလို့၊
ရက်တိုးနှင့် မောင့်စာမြှော်၊
လွမ်းလှလို့နော်။
မြှော်သာမြှော် ၊
အို ပေါ်လာဘု သွေရှောင်ထင့်။
မောင့်သက်ဝေ အနေကြုံ့သူလို့ ၊
ခွန်းတုံ့ကြူဆင့်။     ။
မြ၀တီမဂ္ဂဇင်း ၁၉၅၆ခုနှစ် ဖေဖေါ်ဝါရီလထုတ် တွင် ဖေါ်ပြပါရှိပြီးဖြစ်သည်။
***************************

ရွှေညာသူ
နိုင်လွန်ဖန် အမှန်ချွတ်ပါလို့၊
အညာဟန် သဏ္ဍာန်ညွှတ်ရင်ဖြင့်၊
ခွင့်လွှတ်မှာလား မေ့ချစ်ကြင်။

အမြင်ကြမ်းတယ်လို့ ၊
ပျိုဖြန်းခင် မေ့ကိုငြိုးသော်လဲ၊
ဇွတ်တိုးကာ မဖြုံဘူးသာပ၊
ကမ္ဘာမှာ စံပြတဦးရယ်၊
ထူးလိမ့်မယ်ရှင်။  

သရက်ထည် ဂျော်ဂျက် မုန်းပါဘိ၊
စက်ယက်ချည် ပေါ်လျက် မသုံးလိုဘု၊
လုံးလုံးကြီး စိတ်မ၀င်၊
အတိတ်ဆင်ပါလို့ ထင်တရေး။

ပျို့သက်လယ် ကျွန်ဝတ်ကို မခင်တွယ်နှင့်၊
ခန့်ထယ်ထယ် ဗမာဖြစ်ရယ်နှင့်၊
ကမ္ဘာမှာ ဗမာစစ်ဖို့ရယ်၊
အားသစ်စို့လေး။   ။

(၁၉၅၆ခုနှစ် ဇန်န၀ါရီလထုတ် မြ၀တီမဂ္ဂဇင်း ၊
သင့်ဘ၀မဂ္ဂဇင်း တို့တွင် ဖေါ်ပြပါရှိပြီးဖြစ်သည်။)


ခင်မေသစ်
ဆက်ရန်

No comments: