Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, January 29, 2013

အုတ်သားနီနီအဆောက်အဦထဲ တစ်ယောက်တည်းမအိပ်ရဲသူ “အဒဲလ်”

အတွင်းက(ရင်ထဲက)လာတဲ့ စာတွေ ရေးချင်ပေမယ့် အခြေအနေ(အချိန်က အဓိကပေါ့)မပေးတဲ့အချိန် ကိုယ်လုပ်ရမယ့်အလုပ်တွေကိုပဲ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေရတာပါပဲ။ အပြင်ကစာတွေကိုပဲ ရေးဖြစ်နေပါတယ်။ ကိုယ့်ဘာသာအားမရပေမယ့် ပိုပြီးကြိုးစားဖို့ပဲ သံပတ်တင်းမိတယ်။ အတွင်းကလာတဲ့ စာတွေက note စာအုပ်ထဲမှာပဲ to write အဆင့်က တက်မလာနိုင်သေးဘူး။ စာလာဖတ်တဲ့မိတ်ဆွေအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။

မှတ်ချက် - ဒီနေ့အတွက် ပြောချင်နေတဲ့ "ရင်ထဲက"စကားပါ :D
******************

၂၁၁၂ ဂရမ်မီဆု ၆ခု ပိုင်ဆိုင်ထားခဲ့ပြီး ဂျိမ်းစ်ဘွန်းရုပ်ရှင် နောက်ခံသီချင်း Skyfall အတွက် အကောင်းဆုံး မူရင်းသီချင်းအတွက် ရွှေကမ္ဘာလုံးဆု(Golden Globe) (အကယ်ဒမီဆုဇကာတင်)ကိုပါ ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းမှာ အဒဲလ် ရရှိသွားခဲ့ပါတယ်။ အမေရိကရဲ့ ထိပ်တန်းစာရင်းမှာပါ ရပ်တည်နိုင်ခဲ့တဲ့ ဗြိတိသျှ Soul, R & B, Pop အဆိုတော်အဖြစ် ဆုတံဆိပ်၊ လက်ခုပ်သံတွေစတဲ့ အောင်မြင်မှုတွေ အများကြီးပဲ ပိုင်ဆိုင်နိုင်ခဲ့တာပါ။ ၂၀၁၂ နှစ်ဦးပိုင်းမှာ သူမရဲ့ အမျိုးသားမိတ်ဆွေဖြစ်လာမယ့် ဆိုင်မွန်ကော်နက်ကီ နဲ့ တွေ့ဆုံသိကျွမ်းခဲ့ပြီး ၂၀၁၂ ဇွန်လမှာ တော့ သူမနဲ့ ကော်နက်ကီတို့ဟာ ကလေးလေးတစ်ယောက် ရရှိတော့မှာပါ လို့ ကြေညာခဲ့ကြတယ်။ “ကျွန်မ မိခင်တစ်ယောက်တကယ်ပဲဖြစ်ချင်ပါတယ်။ ကျွန်မဘဝရဲ့ ကောင်းမွန်တဲ့အချိန်ရရှိနေပါပြီ။ ကျွန်မ အသက် ၃၀ မှာတော့ သားလေး သုံးယောက် ပိုင်ဆိုင်ချင်မိပါရဲ့ရှင်” လို့ အဒဲလ် ရဲ့ personal website မှာ ရေးသားဖော်ပြခဲ့တာပါ။ အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ သူမရဲ့ သားငယ်လေးကို မွေးဖွားခဲ့ပါတယ်။

အဒဲလ်ရဲ့ ပိုင်ဆိုင်မှုတွေမှာဆိုရင် ၂၀၀၈ ခုနှစ်က လန်ဒန် Notting Hill မှာ တိုက်ခန်းတစ်ခန်း ဝယ်ယူလိုက်တယ်။ အဲဒီ နော်တင်ဟေးလ်တိုက်ခန်းမှာ မိခင် ပန်နီအက်ဒ်ကင်န်စ် နဲ့ အတူနေထိုင်ခဲ့ကြပါတယ်။ အဒဲလ်ရဲ့ မိခင် ဟာ ဆယ်ကျော်သက်အရွယ်နဲ့ မိခင်ဘဝကိုရောက်ခဲ့ရသူလေးပါ။ ဝေလသားဖခင် အီဗန်စ်နဲ့ မိခင်တို့ ဘယ်တုန်းကမှလက်မထပ်ခဲ့ကြပါဘူး။ ဖခင်အီဗန်စ်ဟာ အဒဲလ် ၂ နှစ်အရွယ် ကလေးမလေးအရွယ်တုန်းက အတူလက်တွဲကာ လမ်းလျှောက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသက် ၂၀ အရွယ် အဒဲလ်မိခင်ကို လက်တွဲဖြူတ်သွားခဲ့တယ်။

၂၀၁၂ မှာ အင်္ဂလန်တောင်ပိုင်း West Sussex မှ ၂၅ ဧကကျယ်ဝန်းတဲ့ စံအိမ်ကြီးကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ပေါင် ၇ သန်း(ဒေါ်လာ ၁၁ သန်းကျော်)တန်ကြေးရှိတဲ့ အဲဒီစံအိမ်ကြီးဟာ ၁၉ရာစုခေတ်ကလက်ရာမျိုးပါ။ မဟာဆန်ဆန် ခံ့ညားကျယ်ဝန်းတဲ့ အိမ်ပါပဲ။ အဲဒီအိမ်မှာ ကိုယ်ပိုင်ရဟတ်ယဉ်ဆင်းသက်နိုင်တဲ့ကွင်း ပါရှိပြီး မိသားစုဘုရားကျောင်းလေးရှိတယ်။ သီလရှင်တွေနေထိုင်မယ့်အိမ်နေရာတွေလည်းရှိနေပါတယ်။ အဒဲလ်ရဲ့ အခန်းကတော့ စကျင်ကျောက်သား ဖွေးဖွေးလွလွအခန်းပါပဲ။ လက်ဆေးဇလုံ၊ မီးလင်းဖို နဲ့ ခမ်းခမ်းနားနားအလှဆင် ပန်းကနုတ်တွေနံရံတွေဟာလည်း စကျင်ကျောက်သားနံရံတွေပါ။ အိပ်ခန်း ၁၀ ခန်းတောင်ရှိနေတဲ့ စံအိမ်ကြီးမှာ အဒဲလ်အတွက် မီးလင်းဖိုပါတဲ့ ရေချိုးခန်း၊ ချစ်စရာ စကျင်ကျောက်သားဧည့်ခန်း၊ ခေတ်ဆန်ကြော့မော့တဲ့ ဆိုဖာဆက်တီခုံတွေနေရာချထားတဲ့ အသွေးရင့်ရင့်သစ်သားဧည့်ခန်း၊ အိမ်ရဲ့ အပြင်ဘက်မှာ တင်းနစ်အားကစားကွင်း၊ ရေကူးကန်နှစ်ကန်ရယ်၊ ခြေပစ်လက်ပစ် စိတ်ကြိုက်အနားယူနိုင်တဲ့ အိပ်ခန်းကျယ်တွေလိုပဲ တဆန့်တလျားကျယ်ပြောတဲ့ မြက်ခင်းပြင်မြေသားတွေ သစ်ပင်တွေနဲ့ တောအုပ်သဖွယ်လည်းပါရှိတယ်။ အဒဲလ်အတွက် အားလုံးပြည့်စုံရုံမျှမကသေးပဲ ပိုပိုသာသာလေးခန့်ညားလှတဲ့ အုတ်သားအနီရောင်အဆောက်အဦပါ။ 
ဒါပေမဲ့ အဒဲလ်ရဲ့ အဆောက်အဦပိုင်ဆိုင်မှု ကံတရားဟာ သူမရဲ့ ပထမတစ်ကြိမ်က ချစ်မေတ္တာရေးရာလိုပဲ ကံမကောင်းနိုင်ဘူးလားပဲ။ ဘာကြောင့်လည်းဆိုတော့ အဒဲလ်က သူမရဲ့ သူငယ်ချင်းတစ်ယောက်ကိုပြောသတဲ့၊ “ဒီနေရာက ကျောစိမ့်ချင်စရာကြီးပဲ” တဲ့။ ညတွေမှာ ပစ္စည်းတချို့ ပွတ်တိုက်တွန်းရွှေ့တဲ့အသံတွေကြားခဲ့ရတယ် တဲ့။ သူမကို ခြောက်လှန့်နေတယ် လို့ တွေးထင်နေခဲ့ပါတယ်။ အဒဲလ်ကြောက်လန့်တာကိုလည်း အပြစ်တင်ချင်စရာတော့မရှိပါဘူး။ မြင့်မားခိုင်မတ်နေတဲ့ အဲဒီစံအိမ်ကျယ်ကြီးရဲ့ နောက်ခံသမိုင်းမှာ ဘာသာရေးသမိုင်းကြောင်းတွေရှိခဲ့တယ် ဆိုတဲ့ သတင်းစကားတွေကြားလာရတာကြောင့်ပါ။ “ခရစ်ယာန်သီလရှင်ကျောင်းအဖြစ်အသုံးဖြစ်ခဲ့တဲ့ အခန်းဆောင်နဲ့ အမိုးတစ်ခုတည်းအောက် အတူတူမအိပ်ရဲပါဘူး” လို့ ဆိုကြတယ်။ “အထူးသဖြင့်တော့ တချိန်က အသုံးပြုခဲ့ကြတဲ့နေရာတစ်ခုဟာ အခုအချိန်မှာ အသုံးမပြုတော့ဘူးလစ်လပ်နေမယ်ဆိုရင် အဲဒီနေရာဟာ တစ္စေသရဲတွေအတွက် မဟုတ်ဘူးလား” လို့ ချဲ့ကား ပြောဆိုလာကြသူတွေလည်း ရှိတာပါပဲ။ အဒဲလ် ကိုယ်တိုင်ကလည်း ကြောက်ရွံထိတ်လန့်သွားခဲ့ပြီး ညတွေမှာ တစ်ယောက်တည်းမအိပ်ဝံ့တာကြောင့် အမျိုးသမီးကိုယ်ရံတော်တစ်ဦး ငှားရမ်းလိုက်ပါတယ်။ အဲဒီအတွက် အဒဲလ် တစ်နှစ်စာ ပေါင်တစ်သိန်းတောင် ကုန်ကျမှာပါ။ ပြီးတော့ အဝင်ဂိတ်ဝအတွက် လုံခြုံရေး အစောင့် နှစ်ဦးကိုလည်း ထပ်ပြီး ငှားထားလိုက်တယ်။ သူမ ရဲ့ အိမ်ရှေ့တံခါးမှာ အပြေးအလွှား လှမ်းလျှောက်သွားတဲ့ ခြေရာမျိုးတွေ ရှာတွေခဲ့တယ်လို့ အဒဲလ်က ပြောပါတယ်။ အဲဒီအချိန်ပြည့် လုံခြုံရေး အစောင့်နှစ်ဦးအတွက် တစ်လကို ပေါင် ၁၅၀၀၀ ကုန်ကျတာပါ။
တကယ်ဆိုရင် အဒဲလ်မှာ အင်မတန်အဖော်ရတဲ့ ဂျာမန် (dachshund)မျိုး ခွေးလေး “လူဝီ” ရှိပါတယ်။ လူဝီ ကို မွေးတဲ့ညက ဘရစ်တနီစပီးယားစ် ရဲ့ လန်ဒန်ညဂီတဖျော်ဖြေပွဲပြုလုပ်နေတဲ့အချိန်ပါ။ ခွေးလေးက ခွေးထီးလေးဖြစ်နေသည့်တိုင်အောင် ဘရစ်တနီလို့ အဒဲလ်က နာမည်ပေးချင်ခဲ့တယ်လို့ဆိုတယ်။ နောက်တော့ အဒဲလ် အကြိုက်ဆုံး ဘောလုံးစတား အာရွန်လန်နွန် အမည်ပေးမယ်လို့ စဉ်းစားပြန်သတဲ့။ နောက်တော့ အမေရိကန်ဂျက်စ်အဆိုတော် လူဝီအမ်းစထရောင်း သီချင်းဖွင့်ထားတဲ့အချိန် ခွေးလေးကထပြီး ဟောင်နေအူနေခဲ့တာကြောင့်ပဲ “လူဝီ” လို့ အမည်ပေးလိုက်တာပါ လို့ အဒဲလ်က ပြုံးရွှင်ရယ်မောစွာနဲ့ ပြောပါတယ်။ လူဝီလေးက အဖော်ရတာတော့ မှန်ပေမယ့် ဟိုနားဒီနားလမ်းလျှောက်ထွက်ရုံလောက်ပါပဲ။ “ကျွန်မဘဝရဲ့ အချစ်တစ်ခု က လူဝီပါ”တဲ့။ လူဝီက ပြောင်နောက်နောက်နဲ့ ချစ်စရာခွေးလေးပါ။ ဒါပေမဲ့ သူ့ဘာသာတောင် ဘယ်လိုခုခံရမယ်မှန်းမသိရှာဘူး။ အိမ်နားမှာ လမ်းလျှောက်ထွက်တဲ့တစ်နေ့တုန်းက အိမ်နီးချင်းရဲ့ Jack Russell တယ်ရီယာခွေးလေး လူဝီ့ကို ကိုက်ခဲလိုက်တာ ဒဏ်ရာရသွားခဲ့သေးတယ်လို့ ဆိုတယ်။ 

မဟာဆန်ဆန် ခံ့ညားလှတဲ့ အုတ်သားနီနီ West Sussex အဆောက်အဦကို သဘောကျပေမယ့် ဒီလို ကျောချမ်းစရာအိမ်ကြီး အပြီးအပိုင်ဝယ်ယူလိုက်ဖို့တော့ ဆုံးဖြတ်ချက်မချရသေးပါဘူးတဲ့။ ၂၀၁၃ ခုနှစ်ထဲမှာတော့ လူဝီ ရဲ့ ညီမဖြစ်လာမယ့် ခွေးလေးတစ်ကောင် “အဲလာ” ကို ဝယ်ယူဖို့ အစီအစဉ်ရှိနေပါတယ်။ နာမည်ကိုတော့ ကြိုတင်ရွေးထားလိုက်ပါပြီ။ ခွေးအမျိုးအစားအတိအကျ မဆုံးဖြတ်ရသေးပါဘူး။ လူဝီ့လိုပဲ daschund ခွေးမျိုးလေးဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ အဒဲလ်က daschund ခွေးလေးတွေချစ်ခင်တာကြောင့်ပါ။ အဲလာ နဲ့ လူဝီ က အဒဲလ်ရဲ့ ကျောချမ်းနေတဲ့ညတွေကို ဖယ်ရှားပေးနိုင်လိမ့်မယ်လို့တော့ Someone Like you စတား တေးသီငှက်လေးက မျှော်လင့်နေပါတယ်       ။ 

မဉ္ဇူရီ
Living Fashion Magazine, February, 2013

1 comment:

...အလင်းစက်များ said...

အိုး..... ပေါင်တစ်သန်း မကုန်ပေါင်.. သများတို့  ရှိနေတာပဲကို ခေါ်လက်ပေါ့ အဲ့သည် အဒဲလ်ကလည်း :D :D ဒါမှမဟုတ်... ဂျက်ကီနဲ့  ပီဂျီ ပို့ ပေးထားလိုက်ပါလား အစ်မ :D