Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 19, 2013

မေ့မရတဲ့ လူ ( အပိုင်း ၂ )

၁၉၉၅ ခုနှစ်ဝန်းကျင်ကာလတွေ...
          ကျောင်းပြီးတော့ ရန်ကုန်ပင်မတက္ကသိုလ် အပန်းဖြေရိပ်သာ(Recreation Center )မှာ ဖွင့်လှစ်ထားတဲ့ ဖက်စပ်(၃)၊ စာရေးကိရိယာအရောင်းဆိုင်လေးမှာ ကျွန်မ၀င်လုပ်ခဲ့သေးတယ်။ အဲဒီမှာ ပါဝါမျက်မှန်ထူထူကြီးနဲ့ ပါးလျလျကျောင်းသားတွေကို မြင်မိတိုင်း “သူ”များလား ဆိုပြီး အယောင်ယောင် အမှားမှားနဲ့ လိုက်လိုက် ကြည့်မိခဲ့တယ်။ တစ်ခါမှကို မဆုံဖြစ်ခဲ့ပါဘူး။ သူ့သီချင်းတွေနဲ့တော့ ရင်းနှီးသထက် ရင်းနှီးခဲ့တယ်။ အဲဒီ စာရေး ကိရိယာဆိုင်လေးမှာ တစ်နှစ်ခန့်လုပ်ပြီးတဲ့အခါ ကျွန်မငြီးငွေ့လာတယ်။ ဗလာစာအုပ်တွေ၊ ဘောလ်ပင်တွေလို စာရေးကိရိယာပစ္စည်းတွေ စုပုံ ပြည့်ကျပ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ကို ရိုးအီလာတဲ့ သဘောပေါ့။ ဒါနဲ့ သတင်းစာထဲမှာ လျှောက်လွှာခေါ်တဲ့ ဟိုတယ်ဝန်ထမ်းအလုပ်ကို ၀င်လျှောက် တဲ့အခါ Andaman Club Hotel လို့ခေါ်တဲ့ သူဌေးကျွန်းဟိုတယ်မှာ Guest Relation Officer (G.R.O )အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တယ်။ ရန်ကုန်ကို စွန့်ခွာပြီး ကော့သောင်းမြို့လေးမှာ သွားနေရတာ။ အဲဒီမှာ မြင်မြင်သမျှ မြင်ကွင်းတွေဟာ ကျွန်မအတွက် အသစ်အဆန်းတွေ ချည်းပဲဖြစ်နေပြီး ဘယ်နားကြည့်လိုက်ကြည့်လိုက် စိတ်ဝင်စားစရာကောင်းလွန်းနေတာမို့ အရင်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသမျှ တွေကို မေ့ပစ်သွားနိုင်လောက်တဲ့ အထိပါပဲ။ ထူးဆန်းတာက ကျွန်မ သူ့ကို တစ်နေ့မှ မမေ့ခဲ့ဘူး။ လူချင်း တစ်ခါမှ မသိ၊ မမြင်ဖူးတဲ့လူတစ်ယောက်ကို လွမ်းလွမ်းနင့်နင့်ကြီး သတိရနေမိတဲ့အဖြစ်ဟာ  ဘယ်လောက်တောင်မှ အနေရခက်လှတယ်ဆိုတာ ကျွန်မ ပြောတောင် မပြောပြတတ်တော့ဘူးရှင်။ သူ့ကို သတိရလေလေ သူ့သီချင်းတွေကို ဆိုညည်းမိလေလေနဲ့။ဒါပေမဲ့ ဆိုသမျှ သီချင်းတွေက အရင်ကလို ပျော်မြူးစရာ မကောင်းတော့တာ ကျွန်မ သတိထားမိတယ်။ ဆွေးတာ လွမ်းတာ၊ တမ်းတတာ၊ သူစိမ်းဆန်တာ၊ အထီးကျန်တာ၊ မမျှော်လင့်ရဲတာ၊ ဝေးကွာတာ၊ အိပ်မက်မက်တာ၊ မျက်ရည်ဝဲတာ၊ အရိပ်မဲ့တာ၊  အခါလွန်တာ... ဒီလိုအဓိပ္ပာယ်တွေ တနင့်တပိုးကြီး ကိန်းအောင်းနေတဲ့ ကြေကွဲလှိုက်မောဖွယ်ရာ သူ့သီချင်းတွေကိုပဲ ကျွန်မ ဆိုတတ်ခဲ့ရပါပြီ။ တော်ရုံမိန်းကလေးတွေ တစ်ယောက်တည်းမသွားရဲကြတဲ့ ပါချန်မြစ်ကမ်းဘေးမှာ သွားထိုင်၊ ဂစ်တာတစ်လက်နဲ့ သီချင်းညည်း တတ်တဲ့ မိန်းကလေးဆိုလို့ ကျွန်မပဲ ရှိမယ်။ လက်ထဲမှာ ကျွန်မချစ်တဲ့ ဂစ်တာရှိတယ်၊ အတွေးထဲမှာ ကျွန်မသဘောကျတဲ့ “သူ”ရှိတယ်။ အို ဘယ်သူ့ကို  ဂရုစိုက်လို့ ဘာကိုကြောက်ရမှာလဲနော်...။

          “လမ်းဘေးကဖေးလေး ငါထိုင်ငေး..အဆွေးဆုံးအတွေးများ ငါခံစား မင်းမသိနိုင်ပါ(စာသားအမှန်က “မင်းသိမှာပါ”၊ ကျွန်မက သူမသိနိုင်တာကို ရည်ရွယ်ပြီး “မင်းမသိနိုင်ပါ”လို့ ပြောင်းဆိုတာ) ငါလေ..တစ်ယောက်တည်း အထီးကျန်...။
           ဒါပေမဲ့ တိုက်ဆိုင်မှုလို့ပဲ ဆိုရမလား..အထီးကျန်အလွမ်းအဆွေးတွေ ဆိုညည်းဖို့ ရှေ့ဆက် မလိုတော့တဲ့အဖြစ်လေး တစ်ခု ကျွန်မမှာ ဖြစ်ပျက်ခဲ့တယ်။

xxxxx

           အို.. ကျွန်မတစ်ကိုယ်လုံးပဲ မြောက်တက်ပြီး ကမ္ဘာ့အဝေးဆုံးကို လွင့်ထွက်သွားပြီလားလို့ ထင်မှတ်မိတဲ့အထိ ပါပဲ။ မြက်ခင်းစိမ်းလေးတွေကို ရှပ်တိုက်ပြီး လွင့်ပျံ့လာတဲ့ သီချင်းသံတစ်ပိုင်းတစ်စ။ ကောင်လေးတစ်ယောက် ရဲ့အသံကို ကြားမိခိုက်မှာ အဲဒီကောင်လေးမျက်နှာကို ဘေးတိုက်ငေးကြည့်ရင်း ကျွန်မအသည်းနှလုံးတွေ တဆတ် ဆတ်တုန်ခါလို့ အံ့သြမှင်တက်ခဲ့မိတယ်။

          ခဏအနားပေးတဲ့ ကော်ဖီဘရိတ်အချိန်လေးမှာ သင်တန်းသား ကောင်လေး တစ်ယောက်က  ကော်ဖီခွက်လက်ကကိုင်ရင်း မြက်ခင်းပေါ်မှာ သူ့ဘာသာ သီချင်း ထိုင်ညည်းနေတာလေ။ သူ့နှုတ်ဖျားက “အိမ်ပြန်ချင်တယ် အိမ်ပြန်ချင်တယ်”လို့ တဖွဖွ ဆိုညည်းနေတာတွေ ကျွန်မကြားနေရတယ်။ “ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်လေးတားမရဘူး..” တဲ့။ မြက်ခင်းတွေပေါ် ဖွဖွနင်းဖြတ်ရင်း ကောင်လေးရဲ့အနားကို တရွေ့ရွေ့နဲ့ အသာလေးချဉ်းကပ်သွားမိတယ်။ ပိုပြီး အံ့သြစရာကောင်းတာက အဲဒီကောင်လေးဟာ ကျွန်မရင်ထဲက အရင်းနှီးဆုံးလူစိမ်း တစ်ယောက်ဖြစ်တဲ့“သူ့”အတိုင်းပဲ “သူ”နဲ့ တစ်ပုံစံတည်းပဲ..၊ သူ့လိုပဲ ပါဝါမျက်မှန် အထူစားကြီးနဲ့၊ သူ့လိုပဲ ပါးပါးလျလျနဲ့၊ သူ့လိုပဲ ဆံပင် တွန့်တွန့်လေးတွေနဲ့။ သူ့လိုပဲ..တကယ့်ကိုပဲ သူ့လိုပဲ...။ အမှတ်တမဲ့နဲ့ ကြားမိလိုက်တဲ့ ကောင်လေး နှုတ်ခမ်းဖျားက လိမ့်ဆင်းလာတဲ့သီချင်းဆိုသံကလည်း သေချာ နားစိုက်ထောင်လေလေ၊ သီချင်းအယ်လ် ဘမ်တွေထဲမှာ ကြားကြားနေကျ သူ့အသံနဲ့ ခွဲမရနိုင်အောင် တူလေလေ။

          “ဟေ့ကောင် ဘာရထားဥသြသံလဲ..လေယာဉ်သံလုပ်စမ်းပါ ငှက်လေးရာ”

          အလို..“ငှက်လေး” ဆိုပါလား။ ကျွန်မရဲ့နောက်ကျောဘက်က အသံဆူ ဆူညံတွေထွက်ပေါ်လာတယ်။ ကောင်လေးရဲ့ဘော်ဒါ Front Office က သင်တန်းသားတွေ။ Receptionist တာဝန်ထမ်းဆောင်မယ့် ကောင်လေးနဲ့ အဲသည်နေ့က စသိခဲ့တယ်။ တိုက်ဆိုင်လွန်းလိုက်တာ ကောင်လေးရဲ့ favourite က ပြည်ပမှာ ဆိုရင် Eagles တဲ့။ ပြည်တွင်းမှာတော့ “သူ”တဲ့။ သင်တန်းနားရက် တစ်ရက်မှာ ကောင်လေးက စုဆောင်း ထားသမျှ သီချင်းစာအုပ်တွေ အားလုံး ထုတ်ပြခဲ့တယ်။ ဒါပေမဲ့ ကောင်လေး မောသွားပါတယ်။ ကျွန်မက“သူ့” သီချင်းတွေ အားလုံး တစ်ပုဒ်မကျန်၊ တစ်ပိုဒ်မကျန် သီချင်းစာအုပ် မလှန်မကြည့်ဘဲ အကုန် အလွတ် တီးနိုင် ဆိုနိုင်နေခဲ့တယ်လေ။

          ထူးခြားတာက အဲဒီကောင်လေးနဲ့ ခင်မင်ရင်းနှီးခဲ့ချိန်ကစပြီး ကျွန်မဟာ အရင်ကလို “အထီးကျန်” သီချင်းတွေပဲ ဆိုညည်းလေ့ရှိတဲ့ မိန်းကလေးမဟုတ်တော့ဘူး။ “ကလေးရေ”၊ “အလိုအပ်ဆုံး”၊ “ခေါင်းလောင်းလေးတွေမြည်နေပြီ”၊ “သီချင်းလေးသက်သေ”၊ “ချစ်”၊ “အချစ်ဆုံး..လို့”၊ “တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်”၊ “အကြင်နာအိပ်မက်”၊ “လျှို့ဝှက်အချစ်”၊ “အရင်အတိုင်း”၊ “မင်းရှိရင်ဖြစ်တယ်”၊ “မင်းဆီအပြေး”၊ “ထာဝစဉ်”..စတဲ့ သာယာလှိုက်မောဖွယ် သီချင်းလေးတွေကို အဆိုများလာခဲ့တယ်။ သင်တန်းပြီးတဲ့အချိန် ညနေခင်းတွေမှာ သူငယ်ချင်းတွေ ဈေးသွားကြ၊ ဆိုင်ကယ်တွေ လျှောက်စီးကြ၊ ကတ်ကြေးကိုက်သွားစားကြနဲ့ ကော့သောင်းတစ်မြို့လုံး လည်ပတ်လို့မဆုံး ဖြစ်နေချိန်မှာ ကျွန်မတို့နှစ်ဦးက ဂစ်တာကိုယ်စီကိုင်လို့၊ အဆောင်ရဲ့ တိုက်ခေါင်မိုးတွေပေါ်မှာ၊ ပါချန်မြစ် ကမ်းဘေးမှာ၊ ဘုရင့်နောက်ကုန်းမြင့်လေးပေါ်က မြက်ခင်းစိမ်းတွေမှာ...သီချင်းတွေ အတူ ဆိုညည်းတတ်ခဲ့ပြီ။ အိပ်မက်ထဲက“သူ”နဲ့ Duet သီချင်း တစ်ပုဒ်လောက် အတူဆိုခွင့်ကို ကျွန်မမျှော်လင့်ခဲ့ဖူးတယ်မဟုတ်လား။ အခု“သူ” မဟုတ်ပေမဲ့လည်း“သူ”နဲ့ အရာ အားလုံးဆင်တူတယ် ဆိုရမယ့် ငှက်လေးဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ သီချင်းအတူ ဆိုညည်းဖြစ်ခဲ့တာ အပြစ်တစ်ခုမဟုတ်နိုင်ပါဘူးနော်။ “ကာရန်မညီသော”၊ နှလုံးသားရဲ့ကျမ်းစာ”၊ “ရင်ခုန်ရင်အချစ်”၊ “ဝေးသွားတဲ့အခါ” ဒီသီချင်းတွေက ကျွန်မတို့နှစ်ဦးအတူ ဆိုနေကျ လက်ရွေးစင်သီချင်းလေးတွေပေါ့။

          ဒါပေမဲ့ အရင်းနှီးဆုံးလူစိမ်းအဖြစ် ကျွန်မအာရုံထဲ ခိုတွယ်ကိန်းအောင်းနေတဲ့ “သူ့”ရဲ့ပုံရိပ်တွေကတော့ အရင်အတိုင်းပဲ ထုထည်ကြီးမားစွာ စိုင်ခဲ၊ ဖွဲ့တည်နေတုန်းပါပဲ ရှင်။

xxxxx

          သင်တန်းကာလပြီးဆုံးလို့ လုပ်ငန်းခွင်မှာတာဝန်တွေ တိကျစွာ ထမ်းဆောင် ရတော့မယ့်အချိန်။ ဟိုတယ်မှာ ယူနီဖောင်းတွေ ထုတ်ပေးလို့ အားလုံးပဲ ပျော်ပျော်ပါးပါး ၀တ်ကြည့်ရင်း စိတ်ဓာတ်တွေ တက်ကြွနေ တဲ့ နေ့တစ်နေ့။ အိုလေ..ကျွန်မမှာတော့ ဘယ်လိုမှကို မပျော်ရွှင်နိုင်တော့ပါဘူး။ ဟိုတယ်တစ်ခုလုံးမှာ ကြေကွဲ နေရသူဆိုလို့ ကျွန်မ တစ်ယောက်တည်းရယ်။ အိမ်ပြန်ချင်တယ်...အိမ်ပြန်ချင်တယ်လို့ ဆိုညည်း နေကျ ကျွန်မ ရဲ့ တစ်ဦးတည်းသော ဂီတမိတ်ဆွေ ငှက်ကလေးက သူ့အိမ်ကို တကယ်ပဲ ပြန်သွားခဲ့ပါပြီ။ အိမ်က ပြန်ခေါ်လို့ဆို တဲ့ အကြောင်းပြချက်တစ်ခုသာ ချန်ထားခဲ့ပြီး ကျွန်မ ဘ၀ထဲကနေ လှစ်ခနဲ ပျောက်ကွယ်သွားပါ ပြီ။ ထုတ်ယူ ၀တ်ဆင်မယ့်သူ မရှိတဲ့ လောင်ဒရီအခန်းထဲက ယူနီဖောင်းလေးတစ်စုံကို သနားမိသလိုလို၊ သီချင်းအတူ ကူဆို မယ့်သူ မရှိတော့တဲ့ ကျွန်မကိုယ် ကျွန်မ သနားမိသလိုလို။ “ငှက်လေး”ပြန်သွားပြီ ဆိုတဲ့ အသိက ကျွန်မ တစ်ကိုယ်လုံးကို မလှုပ်ချင်အောင် တုပ်ချည်ထားတယ်။ ပင်လယ်ထဲက အေးမြသာယာတဲ့ဟိုတယ်တစ်ခုမှာ နေနေရပါလားဆိုတာကို ဇဝေဇ၀ါဖြစ်လောက်အောင်ပါပဲ၊ ကျွန်မရဲ့ခြေလှမ်းတွေ လှမ်းလိုက်တိုင်း မီးတောက် တွေဝိုင်းလို့ ကျွမ်းလောင်သလို၊ ခိုလှုံစရာ အရိပ်မရှိတဲ့ ကန္တာရထဲလျှောက်နေရသလို  ကျွန်မတစ်ကိုယ်လုံး ပူပြင်းတောက်လောင်နေခဲ့ပါတယ်။

          “ခြောက်သွေ့တဲ့ စိတ်တွေက လှုပ်ရှားမှုမဲ့...ထွက်ပေါက်မဲ့ မျက်ရည်များ လောင်ကျွမ်းရင်းနဲ့...အေးစက်တဲ့သွေးတွေက လည်ပတ်မှုမဲ့...ခါးသီးတဲ့နေ့ရက်များ ဖြတ်သန်းရင်းနဲ့...တိတ်ဆိတ်တဲ့ညတွေမှာ သီချင်းများဖွဲ့”

          “ချစ်သူ..ဝေး”ဆိုတဲ့ သီချင်းထဲက တေးစာသားတွေက ကျွန်မရင် တစ်ပြင်လုံးကို ဆုပ်ညှစ်ပြီး ချေမွပစ်နေတယ်လို့ ခံစားရတယ်။ ခုချိန်မှာ ကျွန်မဟာ အလွမ်းတွေအပြည့်နဲ့ လှေသင်္ဘောကြီးတစ်စင်းပေါ့။ နေ့စဉ်အချိန်မှန် ပင်လယ်ထဲ ရွက်လွှင့်ရင်း သူဌေးကျွန်းဟိုတယ်ဆီ ဦးတည်နေရပေမဲ့ မှောင်မိုက်ခြင်း ရဲ့နေ့ရက်တွေ၊ လေလွင့်ခြင်းရဲ့နေ့ရက်တွေ၊ ဒဏ်ရာရတဲ့နေ့ရက်တွေ၊ တစေ်္ဆခြောက်တဲ့နေ့ရက်တွေသာ ကျွန်မဘ၀ထဲ တစ်စတစ်စနဲ့ များများလာခဲ့ရတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။

“ငှက်လေး”ကတော့ ငှက်ကလေး တစ်ကောင်လို ကျွန်မအပါးကနေ ပျံသန်းထွက်ပြေးသွားခဲ့ပါပြီ။

ဆက်ရန်

စုမီအောင်

No comments: