Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 26, 2013

ကိုယ့်ရဲ့ ကားကို လွယ်ကူတဲ့နည်းလမ်းနဲ့ မြန်မြန်ဆေးကြောချင်ရင်

Living Fashion Magazine, July, 2013
ကိုယ်ထင်မှတ်မထားတဲ့ ရိုးရှင်းပြီး၊ ဈေးသက်သာတဲ့ နည်းလမ်းလေးတွေနဲ့ ကိုယ့်ရဲ့ ကား ကို ဘယ်လိုဆေးကြောမလဲ။ ပြောင်လက်တောက်ပနေအောင် ဘယ်လိုကြာကြာထိန်းသိမ်းနိုင်မလဲ။ ဒီလိုနည်းလမ်းလေးတွေက ရိုးစင်းပေမယ့် အသုံးဝင်နေတာကြောင့် စမ်းကြည့်ရအောင်နော်။


တောက်ပဖို့အတွက် hair conditioner
ဆံပင်ပျော့ဆေးက အိမ်တွေမှာအလွယ်တကူရှိတတ်ကြပါတယ်။ အဲဒီ hair coditioner ကို အသုံးပြုပြီးဆေးကြောနိုင်ပါတယ်။ အထူးသဖြင့် ဆပ်ပြာ၊ အလှကုန်၊ အသားလှလိမ်းဆေးတွေမှာ အသုံးပြုကြတဲ့ lanolin(သိုးမွေးကရတဲ့အဆီ)ပါဝင်တဲ့ conditioner က အကောင်းဆုံးပါ။ ဖယောင်းဆီတင်ထားသလို လန်းဆတ်တဲ့အသွင်မြင်ရပါလိမ့်မယ်။ မိုးရွာခဲ့ရင်လည်း မိုးရေစက်တွေကို အကာအကွယ်ပေးသေးတယ်။


ကိုလာ နဲ့ လေကာမှန်ကိုဆေးကြောမယ်
မိုးရွာလိုက်၊ တစ်နေ့လုံးခပ်ကြာကြာခြောက်သွေ့နေလိုက်နဲ့ ညစ်ပေနေတဲ့ ကားရှေ့လေကာမှန်ဟာ ကြောင်ချေးရုပ်ပုံစံဖြစ်နေမှာပါပဲ။ အဲဒီအစွန်းအကွက်ကျားတွေဖယ်ရှားပြစ်ဖို့ မှန်ပေါ်ကို ကိုလာနဲ့လောင်းချလိုက်ပါ။ လေကာမှန်ရဲ့ အောက်ခြေတလျှောက်မှာ မျက်နှာသုတ်ပုဝါကြီးကြီးတစ်ခု ကာမိအောင် ဆွဲဖြန့်ထားဖို့တော့လိုပါမယ်။ ကားစက်ခေါင်းအဖုံးကဆေးသားတွေ ကာကွယ်တဲ့သဘောပါပဲ။ ကိုလာထဲမှာ ပါဝင်နေတဲ့ ဗလုံစီပူစီဖောင်းလေးတွေဟာ ညစ်ပတ်ပေကျံနေတဲ့ ချေးညှော်တွေကို ရှုးခနဲဖုံးကာ/ ရှင်းလင်းပြစ်လိုက်မှာပါ။ ဖုန်မှုန့်တွေကိုစုပ်ယူထားတဲ့ ကိုလာရဲ့အစေးတွေကိုတော့ ပုံမှန်ရေအဝတ်နဲ့ဆေးကြောပေးရမှာပေါ့။

ဗော့ဒ်ကာ ကလည်း အလုပ်လုပ်ပါတယ်
လေကာမှန်ဟာ ကိုလာ ကြိုက်သလို ဗော့ဒ်ကာကိုလည်းကြိုက်နှစ်သက်ပါတယ်တဲ့။ အဖုံးပိတ်ပါ တစ်ဂါလံပုလင်းထဲကို ဗောဒ့်ကာ သုံးခွက်လောက်(ဈေးအပေါဆုံး ဗောဒ်ကာရှာလို့ရနိုင်မှာပါ)လောင်းထည့်၊ ရေ ၄ ခွက် ကိုလည်းလောင်းထည့်ပါ။ ပန်းကန်ဆေး detergent ဆပ်ပြာ လဘက်ရည်ဇွန်း ၂ ဇွန်းစာ ထပ်ပြီးထည့်ကာ အဖုံးကိုပိတ်ပြီး သေသေချာချာလှုပ်ခါပါ။ ပြီးရင်တော့ လိုအပ်သလောက်နည်းနည်းစီလောင်းချပြီး ဆေးကြောနိုင်ပါပြီ။

ကားရှေ့မီးကြီးတွေလည်း တောက်ပဖို့လိုတာပဲ
ကားရဲ့ ရှေ့မီးတွေ ပြောင်လက်တောက်ပဖို့ ကိုယ်တိုင် စိတ်ချလက်ချဆေးကြောမယ်ဆိုရင် တံခါးမှန်ဆေးတဲ့ဆပ်ပြာကိုသုံးနိုင်ပါတယ်။ ခြေအိတ်အဟောင်း၊ စွပ်ကျယ်အဟောင်းစမျိုးနဲ့ ခပ်ဖိဖိ ပွတ်တိုက်ပြီးသုတ်လိုက်ရင် ရပါပြီ။

ကားမှန်တွေ ဆေးမယ်
ရှေ့လေကာမှန်နဲ့ တံခါးမှန်တွေကို အစိုဓာတ်ပါတဲ့ ဘေဘီစက္ကူပုဝါလေးတွေနဲ့ ပွတ်တိုက်သန့်စင်နိုင်ပါတယ်။ ဗောဒ့်ကာ၊ ကိုလာ၊ ဘေဘီစက္ကူပုဝါ ဘယ်ဟာက ကိုယ့်အတွက် အလွယ်ကူဆုံးဖြစ်မလဲ။ လွယ်ကူတဲ့တစ်ခုကို သုံးလို့ရတာပါပဲ။

လေသုတ်တံတွေ ဆေးကြောဖို့ဆိုရင်
လေကာမှန်တွေက လေသုတ်တံတွေ ညစ်ထပ်ထပ်ဖြစ်နေခဲ့ပြီဆိုရင်တော့ မှန်တွေမှာ အစင်းကြောင်းတွေ အရာတွေပေါ်လာတတ်တယ်။ မှန်တွေ သန့်ရှင်းမှုမရှိ ကြည်ကြည်လင်လင်မြင်ရတော့မှာမဟုတ်ဘူးပေါ့။ အိမ်သုံးအမိုးနီးယားအရည် ¼ ခွက်ကို ရေအေး ၂ပိုင့်(တစ်ဂါလံ လေးပုံတစ်ပုံ) ထဲ ထည့်ဖျော်ပါ။ သုတ်တံကို ညင်ညင်သာသာ ဆွဲယူမလိုက်ပြီး အတွင်းအပြင် ပတ်လည် ဖျော်ရည်စုပ်ယူထားတဲ့ နူးညံ့တဲ့အဝတ် ဒါမှမဟုတ် စက္ကူပုဝါနဲ့ သုတ်ပါ။ သုတ်တံကို နေရာပြန်မချခင် ခြောက်သွေ့တဲ့အဝတ်နဲ့ သုတ်ပေးရပါဦးမယ်။

အခုဆို ကြည်ကြည်လင်လင်မြင်ရပြီပေါ့
¼ ခွက် အိမ်သုံးအမိုးနီးယားနဲ့ ရေ ၂ ပိုင့် ဖျော်ထားတာကို ပလပ်စတစ်ပုလင်းထဲထည့်ထားပြီး သွားလေရာယူသွားနိုင်တယ်။ ကားလေကာမှန် စပြီး ညစ်ထေးထေးဖြစ်လာပြီဆိုရင် ရေမြှုပ်နဲ့ စုပ်ယူ မှန်ပေါ်ပွတ်တိုက်ပါ။ ပြီးရင် နူးညံ့တဲ့အဝတ်နဲ့ ခြောက်သွေ့အောင် တိုက်ပေးလိုက်ရင် ကြည်လင်လှတဲ့ မှန်သားရမှာပါ။

မုန့်ဖုတ်ဆိုဒါကလည်း သန့်ရှင်းပေးသူပဲ
မုန့်ဖုတ်ဆိုဒါ ¼ ခွက်ကို တစ်ဂါလံရှိတဲ့ ကရားထဲထည့်ပါ။ နောက်ထပ် ¼ ခွက် ပန်းကန်ဆေးဆပ်ပြာထည့်ကာ ကရားထဲ ရေပြည့်အောင်ဖြည့်ပြီး။ အဖုံးပိတ်၊ သေချာအောင် လှုပ်ခါပြီးတဲ့အခါမှာ အကုန်လုံးအနှစ်ကျသွားတဲ့အထိ သိမ်းထားလိုက်ပါ။ ကားရေဆေးရတော့မယ့်အချိန်ရောက်ပြီဆိုမှ ကရားကို ခပ်ပြင်းပြင်းလှုပ်ပြီး အဲဒီဆော်ဒါဆပ်ပြာ ကို ၂ ဂါလံ ဘာလီပုံးအခြေထဲထည့်ထားလိုက်ပါ။ ဘာလီပုံးကို ရေနွေးနွေးနဲ့ဖြည့်ကာ၊ နှံ့အောင်မွှေပြီးရင်တော့ အိမ်လုပ် ကားဆေးရမယ့်ဆေးရည် အသုံးပြုဖို့ အသင့်ဖြစ်ပါပြီ။

ညစ်ထေးတဲ့ လမ်းအိုလမ်းဟောင်းထဲက အပြန်
ကျေးလက်ဒေသတော်တော်များများမှာရှိတတ်တဲ့ ကျောက်၊ အုတ်ခင်းမထားတဲ့လမ်းကို ဆီလမ်းလို့ ခေါ်နေကြသလို ဆီဖြန်းချလိုက်ရင် အဲဒီလမ်းမျိုးဟာ ဖုန်မှုန့် သဲမှုန်တွေ လွင့်ခါနေတာကို သိမ်ဝပ်သွားအောင်ဖိသိပ်လိုက်ပါတယ်။ အဲဒီလို သိပ်အသုံးမပြုကြတဲ့လမ်းအိုလမ်းဟောင်းမှာ မောင်းနှင်ခဲ့မယ်ဆိုရင် လေကာမှန်တွေမှာ cream of tartar(မုန့်ဖုတ်ဆိုဒါပါ သတ္ထုတွေဆေးကြောနိုင်တဲ့ရေမှာပျော်နိုင်တဲ့အဖြူရောင်အမှုန့်- potassium bitartrate) ဟိုဒီ ကျဲပက်ပေးလိုက်ပါ။ အဲဒီ cream of tartar ဟိုတစ်ကွက်ဒီကွက်ထိတွေ့ထားတဲ့ ညစ်ထပ်ထပ်မှန်သားကို ဆပ်ပြာရေနဲ့ ဆေးကြောလိုက်မယ်။ ပြီးတော့ ခြောက်သွေ့စေမယ်။ ဒါဆိုရင် ကားမှန်တွေ ပြန်ပြီး ကြည်လင်သွားမှာပါ။

အံ့အားသင့်ဖွယ်ဖယောင်းသားမပါဘဲ ဆေးကြောမယ်
ရေနံဆီ(kerosene/ paraffin oil) ၁ခွက်ကို ၃ ဂါလံဝင် လက်ဆွဲ/ ဘာလီပုံးစာရေထဲ ထည့်ပါ။ ပြီးတော့ ရေမြှုပ်နဲ့ စုပ်ယူ ကားကိုယ်ထည်တလျှောက် သုတ်ယူဆေးကြောပါ။ အဲဒီလိုမလုပ်ခင် ရေနဲ့အရင်ဖြန်းထားဖို့၊ ဖယောင်းဖြစ်ဖြစ်သုတ်ထားဖို့ မလိုပါဘူး။ တကြိမ်တည်းနဲ့ပဲ သိသိသာသာတောက်ပလာတာ တွေ့ရလိမ့်မယ်။ နောက်တစ်ကြိမ် မိုးရေစက်လေးတွေထိတွေ့ရင်တော့ သန့်ရှင်းပြောင်လက်တဲ့ကားလေးဖြစ်သွားမှာပါပဲ။ သံချေးတက်တဲ့ပုံစံညစ်ထေးလာတတ်တာကိုလည်း လျော့ပါးစေတယ်။

လေနဲ့ခြောက်သွေ့စေတာရှောင်ပါ
ကားရေဆေးပြီးတဲ့အချိန် နည်းနည်းစိုနေသေးတဲ့အချိန်မှာ ကားကိုမောင်းမယ်။ တိုးဝှေ့လာတဲ့လေတွေနဲ့ ခြောက်စေတာက မြင်မကောင်းတဲ့ ရေစက်ရေပြောက်လေးတွေကျန်နေတာကြောင့် လုံးဝခြောက်သွေ့ပြီးမှပဲ ကားကိုသုံးပါ။ အဲဒီလို ရေစက်အစွန်းအထင်းမျိုးဆိုရင် ရှမွိုင်း/ သားရေအပျော့သား/ နူးညံ့တဲ့မျက်နှာသုတ်ပုဝါစကိုသုံးပြီး ရေများများမှာနှစ်ယူ ဆေးကြောနိုင်ပါတယ်။ လက်တံအရိုးရှည်ရှည်ပါ ကားမှတ်သုတ်တံကိုဝယ်ယူအသုံးပြုနိုင်တယ်။ ရေများများထဲမှာနှစ်ပြီးဆေးကြောရင်ပိုပြီလွယ်ကူပါတယ်။

လွယ်ကူပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတွေပါပဲ။ 
ရှင်တို့ရဲ့ ကားလေးတွေ အမြဲပြောင်လက်တောက်ပနေစေဖို့ အကူအညီရနိုင်ကောင်းပါရဲ့။      ။

Source : Reader’s Digest – Weird Tricks to clean your car
ဖြိုးဖြိုး