အဲဒီတုန်းက ....
လင်းစတူဒီယိုမှာ...။ မှတ်မိသေးတယ်။
အင်တာဗျူးလုပ်အပြီး ဓာတ်ပုံရိုက်မယ်ဆိုတော့
မနေတတ်နေတတ်နဲ့ သူ နေပေးရှာခဲ့တယ်။
ဒီမှာထိုင်ပေးဆို ထိုင်ပေးတယ်။ ဒီနားမှာရပ် ဆို သူရပ်ပေးတယ်။ ငေါင်းစင်းစင်း၊ ငေးရီရီနဲ့ပဲ....။ ခြံအပြင်မှာ အုတ်ကွက်လေးတွေရှေ့မှာ ရိုက်ချင်သေးတယ်ဆိုတော့လည်း သူ စတူဒီယိုခြံဝင်းအပြင်ဘက်ထိ လိုက် ရပ်ပေးတယ်။
တကယ်တော့ ကျွန်မက သူ့ဘာသာသူ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားနေတာကို (ကလေးတစ်ယောက် စိတ်ကူးတည့်ရာ သွားတဲ့နောက် တကောက်ကောက် လိုက်ရိုက်သလိုမျိုး လိုက်ရိုက်ချင်တာ)ကျွန်မစိတ်ကူးကို အကောင်အထည်မဖော်ရက်တော့ဘူး။)
စိတ်ကျဉ်းကျပ်နေပုံရတဲ့ သူ့ကို အားနာလာမိတာနဲ့ လေး၊ ငါးပုံလေးပဲ ရိုက်ပြီး ကျေနပ်လိုက်ရတယ်။ သူ့ဆံပင်တွေက အဲဒီတုန်းကလည်း အရှည်။ စိစစ်ရေးအဖွဲ့က လူယောက်ျားတွေကို ဆံပင်ရှည်နဲ့ စာမျက်နှာပေါ်တင်တာ တားမြစ်ထားတဲ့အချိန် ဆိုတော့ ရုပ်ရှင်စတားမဂ္ဂဇင်းအယ်ဒီတာကလည်း သူ့ဆံပင်ရှည်တွေကို တိုသယောင်ထင်ရအောင် သူတို့နည်းသူတို့ဟန်နဲ့ ဟိုဖုံးဒီဖိ ဖျောက်ဖျက်ပိတ်ပင်ပေးလိုက်ရတယ်။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီ အင်တာဗျူး ပါလာတာ သြဂုတ်လ။
မမျှော်လင့်ဘဲ သူ ကျွန်မတို့ကိုစွန့်ခွာသွားတာ သြဂုတ်လ။
သူဟာ........
သြဂုတ်ထဲမှာ အမြဲရှိနေမယ့်လူ။
ကျွန်မအတွက်တော့ မေ့မရတဲ့ လူ။
မေ့မရတဲ့ လူ (အပိုင်း ၁)
၂၀၁၂ ခုနှစ်
လူတိုင်းမှာ မေ့မရတဲ့လူတွေ ကိုယ်စီကိုယ်င ရှိကြတယ်။ ကျွန်မမှာ မေ့ မရတဲ့လူတစ်ယောက်ရှိခဲ့တယ်။ မေ့မရခြင်းဟာ လှပတဲ့သတိရခြင်း ဖြစ်ခဲ့မယ်ဆိုရင် အဲဒီလူဆီ ကျွန်မ သတိရခြင်းတွေအစဉ်တစိုက် စေလွှတ်မိ မှာ အသေအချာပဲပေါ့။ ဒါပေမဲ့ သူက ဘယ်နည်းနဲ့မှ မသိနိုင်တော့ဘူး။ ပျောက်သောသူ ရှာလျှင်တွေ့၊ သေ သောသူ ကြာလျှင်မေ့ ဆိုတဲ့စကားအရဆိုရင် အဲဒီလူကို ကျွန်မ မေ့ပစ်ခဲ့ဖို့ ကောင်းတာ၊ သူက သေဆုံးခဲ့ ပြီ လေ။ ကမ္ဘာရဲ့အဝေးကြီးတစ်နေရာကို လွင့်သွားခဲ့ရပြီ။ ဒါပေမဲ့ ကျွန်မ သူ့ကို တစ်စက္ကန့်လေးမှ မေ့မရခဲ့ဘူး။ သေသောသူ ကြာလျှင်မေ့ ဆိုတဲ့ စကားကြီးက ရှိနေတော့ “ကြာရင်မေ့”ဆိုတဲ့စကားလို ကျွန်မသူ့ကို အချိန်တွေ ကြာရင် တကယ်ပဲမေ့သွားမှာလား...။ အခု မကြာလှသေးလို့ မမေ့သေးတာပဲလား။ ကြာရင်ဆိုတာ အချိန် ကာလအားဖြင့် ဘယ်လောက်ကာလကို ဆိုလိုတာလဲ။ အခုနှစ် ၂၀၁၂၊ သြဂုတ်လ ဆိုရင်တော့ သူ အဝေးကြီး ကို ထွက်သွားတာ၊ ရှစ်နှစ်တိတိပြည့်ခဲ့ပါပြီ။ လအားဖြင့် ၉၆ လ၊ ရက်အားဖြင့် ၂၉၂၀ ရက်၊ နာရီအားဖြင့် ၇၀၀၈၀ နာရီ ကြာမြင့်ခဲ့ပြီ။ ဒီအချိန်၊ ဒီကာလဟာ လူတစ်ယောက်ကိုမေ့ဖို့ လုံလောက်တဲ့ အချိန်ပဲလား။ မလုံလောက်သေးဘူးလား။
သေချာတာတစ်ခုက ကျွန်မသူ့ကို မေ့မရသေးဘူး။ ဟင့်အင်း မေ့မရသေးတာမဟုတ်ဘူး။ တကယ်ပဲ မေ့မရတာ...ဟုတ်တယ် မေ့မရတာပါ။ မေ့မရတာ...မေ့မရတာ...မေ့မရတာ...မေ့မရတာ...။
xxxxx
၁၉၈၄ ခုနှစ်ဝန်းကျင်ကာလတွေ...
ကျွန်မကြီးပြင်းခဲ့ရတဲ့ ဇာတိမြို့လေးက အမြဲလို ဖုန်ရောင်လွှမ်းထနေလို့ သုန်သုန်မှုန်မှုန်၊ ကုပ်ကုပ်ချိချိနဲ့ ပျင်းစရာလည်းကောင်းလှတဲ့ မြို့လေးပါ။ အ၀ါရောင်နဲ့ အနီရောင်ဖောက်ထားတဲ့ ၀ါကြင့်ကြင့်၊ နီကြန်ကြန်မြို့ လေးပေါ့။ ငယ်စဉ်ကတည်းက တေးဂီတကို ၀ါသနာပြင်းပြတဲ့ကျွန်မဟာ ဂစ်တာတစ်လက်နဲ့ နေ့ရှိသရွေ့ လုံးထွေး ရစ်ပတ်နေခဲ့ရတာနဲ့ပဲ မြို့ကလေးကို ကောင်းကောင်းမသိခဲ့ဘူး။ ၀ါကြင့်ကြင့် နီကြန်ကြန် မြို့ကလေး ကတော့ ကျွန်မကို ကောင်းကောင်းသိခဲ့ရှာတယ်။ ကျွန်မဟာ မြို့ကလေးက ကောင်းကောင်းသိနေခဲ့တဲ့အတိုင်း သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်နေ့တွေမှာ ဂစ်တာတစ်လက်နဲ့ သီချင်းတွေဆိုဆိုနေခဲ့တဲ့ မိန်းကလေး ပေါ့။ ငါ့ဆီမှာ ဂစ်တာတစ်လက်နဲ့သီချင်းတွေဆိုနေတတ်တဲ့ မိန်းကလေးတစ်ယောက်ရှိလေရဲ့ လို့ မြို့ကလေးက ဂုဏ်ယူဝင့်ကြွားနေချိန်မှာ ကျွန်မက မြို့ကလေးကို ဘယ်လိုထားရစ် ခဲ့ရမလဲ၊ သူ့ကို ဘယ်တော့စွန့်ခွာရင် ကောင်းမလဲလို့ အကြံထုတ်နေခဲ့တာပါ။
နေ့ဘက်တွေမှာ မြို့ကလေးကို ဘာသိဘာသာ နေမိပေမဲ့ ညဘက်တွေမှာ တော့ ဒီမြို့ကလေးကို ကျွန်မ အချစ်ပိုရတတ်တယ်။ ဘာလို့ဆို လရောင်ပြေပြေလေး ကျနေတဲ့ ညတွေမှာ ဂစ်တာတစ်လက်နဲ့ သီချင်းဆိုဆိုနေရတဲ့ အရသာကို ကျွန်မ စွဲမက်မိရလို့ပါပဲ။ ဟုတ်တယ်။ အိမ်ရှေ့မြေကွက်လပ်လေးမှာ ဒါမှမဟုတ် ရေမြောင်းကို ခွပြီးဆောက်ထားတဲ့ ခြံဝက အုတ်ခုံလေးမှာ၊ ဒါမှမဟုတ် ခြံဝင်းထဲက ပုန်းညက်ပင် ပုအိုင့်အိုင့်လေးအောက်မှာ...ဂစ်တာတစ်လက်နဲ့ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆို-ဆိုနေရတာ ဘာနဲ့မှ မလဲနိုင်တဲ့ ဘ၀ရဲ့အပျော်ရွှင်ဆုံး အချိန်လေးတွေပါ။
သူငယ်ချင်းတွေက အတူပူးပေါင်းပြီး လာဆိုချင်လို့ ကမ်းလှမ်းကြပေမဲ့ ကျွန်မလက်မခံဘူး။ အတ္တကြီး တယ်ပဲ ဆိုရမလား..ကျွန်မက ကျွန်မလက်က တီးခတ်လိုက်တဲ့၊ ကျွန်မဂစ်တာအိမ်ထဲက ထွက်ကျ လာတဲ့ ဂီတ သံကိုပဲ နှစ်သက် မက်မောတတ်တာလေ။ ကျွန်မကိုယ်တိုင်လုပ်တဲ့ ကျွန်မရဲ့ဂီတသံကိုပဲ သဘောကျတာ။ ဘယ်သူနဲ့မှ မပူးပေါင်းချင်သလို ဘယ်သူ့လက်သံကိုမှ မကြားချင်ဘူး။ ကျွန်မတီးခတ် လိုက်သမျှ ဂစ်တာသံနဲ့ ကျွန်မဆိုညည်းလိုက်သမျှ သီချင်းတွေကိုပဲ သဘောအကျကြီး ကျနေတတ်တာလေ။
ဂစ်တာမတီးတတ်ခင်ကသာ ဂစ်တာသမားကောင်လေးတွေကို အထူး အရေးပေးပြီး ပေါင်းသင်းခဲ့တာ။ ဂစ်တာကော့ဒ်တွေနဲ့ လက်ခတ်စတိုင်လ်တွေ အနီးကပ်အတုခိုး၊ ဂီတပညာဆည်းပူးချင်တဲ့ စိတ်နဲ့ပေါ့။ ကျွန်မတို့ မြို့လေးက ဆင်းရဲနုံချာတဲ့ မြို့လေးဖြစ်နေလေတော့ ဂီတသင်တန်းကျောင်းရယ်လို့လည်း တစ်ကျောင်းတမြီးမှ မရှိဖူးပါဘူး။ ဒီတော့ ဂီတပတ်သက်တဲ့ ပညာတွေ သိလို တတ်လိုတဲ့စိတ်နဲ့ ဘော်ဒါတွေများများထားပြီး လေ့လာ သိုမှီးဆည်းပူးခဲ့ရတယ် ဆိုပါတော့။ ဂစ်တာမတီးတတ်တဲ့ကောင်လေးတွေဆို ကျွန်မ ဘယ်လောက်ချောချော ဘယ်တော့မှအပေါင်းအသင်း မလုပ်ဘူး။ ဂစ်တာတီးတတ်တဲ့ကောင်လေးတွေဆို ဘယ်လောက်ရုပ်ဆိုးဆိုး လာခဲ့၊ ကြားခံလူမိတ်ဆက်ပေးစရာမလို၊ အားလုံး ချစ်ပြီးသား ခင်ပြီးသား၊ ရင်းနှီးပြီးသားပဲ။ ဆိုးတာက ကျွန်မ ကိုယ်တိုင် ဂစ်တာကို အကျွမ်းတ၀င်ရှိသွားတဲ့ အချိန်ကစလို့ သူတို့ကို တစ်ယောက်မှ အပေါင်းအသင်း မလုပ် ဖြစ်တော့ဘူး။ ဘယ်သူနဲ့မှ အရောမ၀င်၊ ဘယ်သူ့ကိုမှ အဖက်မလုပ်တော့ဘူး။ ဂစ်တာကိုပဲ အဖော်လုပ်တယ်။ တစ်နေ့တာ ကျောင်းချိန်ကုန်ဆုံးတာနဲ့ ကျွန်မဟာ အိမ်အမြန်ပြန်တယ်။ ကျွန်မအခန်းထဲမှာပဲ ဂစ်တာနဲ့နေတယ်။ အခန်းအောင်းပြီး ဂစ်တာကျင့်တယ်။ ဂစ်တာကို သိသထက်သိအောင် လုပ်တယ်။ ညအိပ်ချိန်တွေမှာတောင် ကျွန်မနဲ့ ဂစ်တာက မခွဲဘူး။ ကျောချင်းကပ်ပြီးအိပ်တယ်။ ရင်ချင်း အပ်ပြီးအိပ်တယ်။ ဂစ်တာမှ ဂစ်တာ ရူးသွပ်မိ သလိုပဲ ငါ့လက်သံမှ ငါ့လက်သံ အဟုတ်ထင်ရင်း ကျွန်မကိုယ်ကျွန်မပဲ သဘောကျနေခဲ့မိသူပါ။
၁၉၈၇ ခုနှစ်ဝန်းကျင်ကာလတွေ...
မမျှော်လင့်တဲ့တစ်နေ့မှာ ကျွန်မဘ၀ထဲကို “သူ”၀င်ရောက်လာခဲ့တယ်။ ကျွန်မဘ၀ထဲ“သူ” ၀င်ရောက် လာခဲ့ချိန်ကစလို့ ကျွန်မကိုယ်ကျွန်မ ဂီတအရာမှာ တော်တော်ဟုတ်လှပြီလို့ ထင်မှတ်ခဲ့သမျှတွေဟာ အလွှာ လိုက် အဖတ်လိုက် ကွာကျကုန် တော့တာပဲ။ ဟုတ်တယ်။ သူ့ရဲ့ဂီတ၊ သူ့ရဲ့သီချင်းတွေမှာ ကျွန်မဟာ ပျော်ဝင် မူးမေ့ ခဲ့တော့တယ်။ ဒုတိယအယ်လ်ဘမ် ထွက်ရှိလာတော့လည်း ကျွန်မ အပြေးအလွှား ၀ယ်ယူနားထောင်ရ တယ်။ ကြီးကျယ်တာတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာ အဆိုသမား၊ ဂီတသမား ဆိုလို့ သူ တစ်ယောက်ပဲ ကျွန်မ မြင်မိတယ်။ အိုမဟုတ်ဘူး၊ သူ့တစ်ယောက် ကိုပဲ ကျွန်မက ကြိုက်မိတာ။ ကျွန်မအကြိုက် ပြည်ပက ဂီတ သမားတွေဖြစ်တဲ့ “JoePass, Eric Clipton John Mayer တို့ရဲ့ wallsheet တွေ၊ တေးအယ်လ်ဘမ်တွေနဲ့ အပြိုင် ကျွန်မရဲ့ အိပ်ခန်းထဲမှာ ဗြောင်းဆန်အောင် နေရာဝင်ယူလာတာက သူ့ရဲ့ ဓာတ်ပုံတွေနဲ့ ထွက်ထွက် လာသမျှ သူ့သီချင်းခွေတွေ...။ သူ့သီချင်းတွေထွက်တာနဲ့ တစ်ပတ်အတွင်းမှာ ကျွန်မ အကုန်ဆိုနိုင်၊ တီးနိုင်ပြီး သားပဲ..အဲသည်လောက်အထိ။ ဆိုးတာက သူ့သီချင်းကို ဆိုညည်းမိတဲ့ အချိန်တိုင်းမှာလည်း သူ့ရုပ်ပုံလွှာကိုပါ တသသမြင်ယောင်လို့ လွမ်းလွမ်းဆွတ်ဆွတ်ကြီး ခံစားနေရတော့တာပါပဲရှင်။ အပြင်မှာ လူချင်း တစ်ကြိမ် တစ်ခါမှ မမြင်ဖူးပေမဲ့ သူဟာ ကျွန်မအတွက်တော့ အရင်းနှီးဆုံး လူသားတစ်ဦး အသေအချာ ဖြစ်နေခဲ့တာ အမှန်ပါပဲ။ အရင်းနှီးဆုံးလူစိမ်းပေါ့။
အတွေးထဲမှာ ကျွန်မနဲ့သူ သီချင်း အတူတူ ဆိုဖူးတယ်။ ဂစ်တာ အတူ တွဲတီးဖူးတယ်။ သူက ကျွန်မကို ဂစ်တာတီး သီချင်းဆိုပြတဲ့အခါလည်း ရှိရဲ့။ ကျွန်မက သူ့ကို ဆိုတီးပြတဲ့အခါလည်းရှိရဲ့။ အဲသည်လို ကျွန်မ ဂစ်တာတီးပြတဲ့ အခါတိုင်း သူက ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတာချည်းပဲ။ ဘာစကားမှ သူ မပြောဘူး။ ညညမက်တဲ့ အိပ်မက်တွေထဲမှာ အမြဲလို သူ့ကို ထည့်မက်လေ့ရှိပေမဲ့ အိပ်မက်ထဲမှာ သူနဲ့ ကျွန်မ တစ်ခါမှကို စကားမပြောဖူးဘူး။ ကျွန်မနဲ့သူ့ကို သီချင်းတွေကပဲ ရစ်ပတ်နှောင်ဖွဲ့ထားတယ်။ စကားတွေ ဘယ်တုန်းကမှ ပြောစရာမလိုခဲ့ ဘူး။ သူဟာ ကျွန်မအတွက် စကားလုံးမရှိတဲ့ကောင်းကင်တစ်ခု အသေအချာကြီးကို ဖြစ်ခဲ့ တယ်။
သူ့ကို စွဲလန်းစိတ်နဲ့ ကျွန်မ ဆယ်တန်းအောင်အောင်ကြိုးစားနိုင်ခဲ့တယ်။ ဆယ်တန်းအောင်မှ ရန်ကုန် မှာ ကျောင်းသွားတက်လို့ရမှာလေ။ သူက ရန်ကုန်မှာ ဂီတအလုပ်တွေကို ဇောက်ချပြီးလုပ်နေပြီဆိုတော့ ရန်ကုန်ရောက်ရင် သူ့ကို အရင်ဆုံး ရှာမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ သူ့ကို တွေ့ခွင့်ရခဲ့ရင် ကျွန်မ ဘာဆက် လုပ်မှာ လဲ....။ အို..ကျွန်မ အများကြီးမျှော်လင့်မထားပါဘူးရှင်။ နှစ်ခုပဲ စိတ်ကူးထားတယ်။ သူ့ကို ဘယ်လောက် ကြိုက် တယ်ဆိုတာ...(အို..ဟင့်အင်း..မဟုတ်ဘူး၊ မဟုတ်ဘူး... ကျွန်မကြိုက်တာ သူ့ဂီတသူ့သီချင်းကိုပါ၊ အိုမဟုတ် သေးဘူး ကြိုက်တာလည်း မဟုတ်ဘူး၊ ချစ်တာ၊ သူ့သီချင်းတွေကိုချစ်တာ၊ သူဟာ ချစ်ဖို့ကောင်းတဲ့ သီချင်းတွေ ကို ရေးနိုင်သူပါ)။ သူ့သီချင်းတွေကို ကျွန်မ ဘယ်လောက်ချစ်တယ်ဆိုတာ သူသိအောင် အရင်ဆုံး ပြောပြလိုက် မယ်၊ နောက်ပြီးတော့ သူနဲ့ တစ်ခါလောက် ဂစ်တာအတူတွဲတီးပြီး Duet သီဆိုခွင့်တောင်းမယ်။ ဒါလောက်ပါပဲ။ ဒီနှစ်ခုတည်းပဲ...။ ဒီနှစ်ခုကိုသာ လုပ်ခွင့်ရခဲ့မယ်ဆိုရင် ဒီဘ၀မှာ ကျွန်မသေပျော်ပါပြီလို့ ဆိုနိုင်တဲ့အထိပါပဲ။
ဒီလိုနဲ့ ဆယ်တန်းအောင်တဲ့အခါ ကျွန်မ ရန်ကုန်မှာကျောင်းတက်ခွင့် (transferred လုပ်ပြီး)ရတယ်။ ဓာတုဗေဒအဓိကနဲ့ ကြည့်မြင်တိုင်နယ်မြေမှာ ပထမနှစ်၊ ဒုတိယနှစ် စာသင်နှစ်တွေ ကုန်ခဲ့ပေမဲ့လည်း သူ့ကို ယောင်လို့မှ မတွေ့ခဲ့ဘူး။ သူ့လို အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ လူတစ်ယောက်ကို ကျွန်မအနေနဲ့ တွေ့ အောင် ရှာမယ် ဆုံးဖြတ်ရင် တွေ့ခွင့်ရမှာ အသေအချာပဲဖြစ်ပေမဲ့ တကယ်တမ်းကျတော့ ကျွန်မ အဲဒီလို မလုပ် ခဲ့ပါဘူး။ ဘာကိုမှ မကြိုးစားဘဲနဲ့ အလိုအလျောက် ဆုံလာမယ့် တွေ့ဆုံခြင်းမျိုးကိုပဲ မျှော်လင့် နေမိတော့ လည်း အခက်သား။
တတိယနှစ်မှာ ရန်ကုန်ပင်မတက္ကသိုလ်မှာ ကျွန်မကျောင်းတက်တော့ Fresher Welcome Day အဖြစ် စင်မြင့်ဖျော်ဖြေပွဲကျင်းပတယ်။ RC ထဲမှာ။ အဲသည်မှာ သူ့ကို လာရောက်သီဆိုပေးဖို့ဖိတ်ကြားထားသတဲ့။ ကျွန်မ ဗျာများသွားတယ်။ ကံကြမ္မာက ကျွန်မကို မျက်နှာသာပေးခဲ့လေပြီ ဆိုပြီး ၀မ်းသာသွားတယ်။ သူနဲ့ တွေ့တဲ့အခါ ဘာစကားက စပြောရရင်ကောင်းမလဲလို့ တစ်ညလုံးပဲ စဉ်းစားလိုက်ရတာရှင်။ ဒါပေမဲ့လည်း တကယ်တမ်းမှာ ကျွန်မ ဘာမှ မကြိုးစားဖြစ်ခဲ့ဘူး။ သူ့အနားသွားပြီး စကားဆိုဖို့ သိပ်ကို ၀န်လေးတွန့်ဆုတ် သွားခဲ့တယ်။ သူ့ဘေး ပတ်ပတ်လည်မှာ အချောအလှကျောင်းသူမလေးတွေ ၀ိုင်းအုံနေတာ တွေ့ရလို့ပါပဲ။ သတိ္တမရှိတာပဲလား မသိပါဘူး။ အဲဒီ အပျံစားအမိစား အကဲမလေးတွေကြားထဲ ကျွန်မ တိုးမ၀င်ချင်ဘူး၊ စိတ်ထဲ မှာ သိမ်ငယ်နေလိုက်ရတာ မပြောပါနဲ့တော့ရှင်။ စင်မြင့်ပေါ်မှာတုန်းကလည်း ကျောင်းသူမလေးတွေက ပန်းစည်းတွေ၊ ပ၀ါတွေ ကမ်းပေးကြသလို စင်အောက်ရောက်ပြန်တော့လည်း အမှတ်တရပစ္စည်းတွေ အလု အယက်ပေးကြတာ တွေ့တယ်။ တချို့မိန်းကလေးတွေများဆို သူတို့ ကိုယ်ပေါ်မှာ ၀တ်စားဆင်မြန်း ထားတဲ့ အဖိုးတန်ပစ္စည်းတွေတောင် ချွတ်ပြီး အမှတ်တရလက်ဆောင် အဖြစ် ကြည်ကြည်ဖြူဖြူပေးလားပေးရဲ့။ ဒါတွေကိုမြင်လေလေ ကျွန်မ ၀မ်းနည်း လေလေ။ သူ့ဆီက တုံ့ပြန် အသိအမှတ်ပြုမှုကို ရဖို့ ပြန်လည်ရရှိဖို့ ကျွန်မအနေနဲ့ ထူးထူးကဲကဲပေးစရာ ဘာမှမရှိဘူးလေ။ ကျွန်မလို ဘာအဆင်အပြင် ဘာဒီဇိုင်းမှမရှိတဲ့ သာမန်ကျောင်းသူမလေး၊ အမှတ်တရ လက်ဆောင်ပစ္စည်းလေး တစ်ခုလောက် တောင် မှ မပေးနိုင်တဲ့ မိန်းကလေး တစ်ယောက်ကို သူက အရေးတယူနဲ့ အသိအမှတ်ပြု လက်ခံစကားဆိုမှာ မဟုတ်ပါဘူးလေလို့ တွေးပြီး ၀မ်းနည်းတိတ်ဆိတ် ကြေကွဲနေ ခဲ့တယ်။
လက်တွေညောင်းချိမတတ် လက်မှတ်ထိုးပေးနေရတဲ့ သူ့ကို အဝေးကနေ ငေးကြည့်နေမိရုံလေးပဲ ကျွန်မ လုပ်နိုင်ခဲ့တယ်။ အော်တိုရေးခိုင်းခဲ့တဲ့ သူငယ်ချင်းမ ကတစ်ဆင့် သူ့လိပ်စာကို နောင်အခါ အတိအကျ ရခဲ့ပေမဲ့ လက်ထဲမှာ ကိုင်ထားတဲ့ လိပ်စာစာရွက်လေးကို ကြည့်ပြီး ကျွန်မ ဘာလုပ်ရမယ်မှန်း မသိခဲ့ပြန်ဘူး။ သူနဲ့တွေ့ဖို့ မကြိုးစားရဲလေလေ၊ သူ့ကို သတိရစိတ်နဲ့ သူ့သီချင်းတွေကိုပဲ လူသိရှင်ကြား ဆိုညည်း မိလေလေနဲ့ နောက်ဆုံးတော့ ကျွန်မဟာ ကျွန်မနေတဲ့ အဆောင်ဝန်းကျင်မှာ ဂစ်တာတစ်လုံးနဲ့ ထူးအိမ်သင်ရဲ့ သီချင်းတွေ ချည်းပဲ တလှိုက်တလှဲ ဆိုညည်းလေ့ရှိတဲ့ အဆောင်သူကောင်မလေးရယ်လို့ သတင်းကြီးခဲ့လေရဲ့။ သူ့သီချင်းကို ဆိုညည်းမိတဲ့အခါတိုင်း မျက်မှန်ထူထူအောက်က ငေးရီရီမျက်ဝန်းတွေကို ကျွန်မ တန်းတန်းစွဲ မြင်ယောင်နေမိ တယ်ဆိုတာကိုလည်း တိတ်တိတ်လေး ၀န်ခံရပါဦးမယ်။
သူ့ကိုတွေ့အောင်ရှာမယ်၊ သိအောင်လုပ်မယ်၊ ရင်းနှီးအောင်ကြိုးစားမယ် ဆိုတဲ့ စိတ်ကူးတွေဗရပွနဲ့ ရန်ကုန်မှာကျောင်းတက်ခဲ့ပေမဲ့ ကျောင်းပြီးလို့ ဘွဲ့သာရ သွားတယ် ကျွန်မ အခြေအနေက ဒုံရင်းဒုံရင်းပါပဲ။

မေ့မရတဲ့ လူ အပိုင်း ( ၂ )
၁၉၉၅ ခုနှစ်ဝန်းကျင်ကာလတွေ...
ကျောင်းပြီးတော့ ရန်ကုန်ပင်မတက္ကသိုလ် အပန်းဖြေရိပ်သာ(Recreation Center )မှာ ဖွင့်လှစ်ထားတဲ့ ဖက်စပ်(၃)၊ စာရေးကိရိယာအရောင်းဆိုင်လေးမှာ ကျွန်မ၀င်လုပ်ခဲ့သေးတယ်။ အဲဒီမှာ ပါဝါမျက်မှန်ထူထူကြီးနဲ့ ပါးလျလျကျောင်းသားတွေကို မြင်မိတိုင်း “သူ”များလား ဆိုပြီး အယောင်ယောင် အမှားမှားနဲ့ လိုက်လိုက် ကြည့်မိခဲ့တယ်။ တစ်ခါမှကို မဆုံဖြစ်ခဲ့ပါဘူး။ သူ့သီချင်းတွေနဲ့တော့ ရင်းနှီးသထက် ရင်းနှီးခဲ့တယ်။ အဲဒီ စာရေး ကိရိယာဆိုင်လေးမှာ တစ်နှစ်ခန့်လုပ်ပြီးတဲ့အခါ ကျွန်မငြီးငွေ့လာတယ်။ ဗလာစာအုပ်တွေ၊ ဘောလ်ပင်တွေလို စာရေးကိရိယာပစ္စည်းတွေ စုပုံ ပြည့်ကျပ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ကို ရိုးအီလာတဲ့ သဘောပေါ့။ ဒါနဲ့ သတင်းစာထဲမှာ လျှောက်လွှာခေါ်တဲ့ ဟိုတယ်ဝန်ထမ်းအလုပ်ကို ၀င်လျှောက် တဲ့အခါ Andaman Club Hotel လို့ခေါ်တဲ့ သူဌေးကျွန်းဟိုတယ်မှာ Guest Relation Officer (G.R.O )အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တယ်။ ရန်ကုန်ကို စွန့်ခွာပြီး ကော့သောင်းမြို့လေးမှာ သွားနေရတာ။ အဲဒီမှာ မြင်မြင်သမျှ မြင်ကွင်းတွေဟာ ကျွန်မအတွက် အသစ်အဆန်းတွေ ချည်းပဲဖြစ်နေပြီး ဘယ်နားကြည့်လိုက်ကြည့်လိုက် စိတ်ဝင်စားစရာကောင်းလွန်းနေတာမို့ အရင်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသမျှ တွေကို မေ့ပစ်သွားနိုင်လောက်တဲ့ အထိပါပဲ။ ထူးဆန်းတာက ကျွန်မ သူ့ကို တစ်နေ့မှ မမေ့ခဲ့ဘူး။ လူချင်း တစ်ခါမှ မသိ၊ မမြင်ဖူးတဲ့လူတစ်ယောက်ကို လွမ်းလွမ်းနင့်နင့်ကြီး သတိရနေမိတဲ့အဖြစ်ဟာ ဘယ်လောက်တောင်မှ အနေရခက်လှတယ်ဆိုတာ ကျွန်မ ပြောတောင် မပြောပြတတ်တော့ဘူးရှင်။ သူ့ကို သတိရလေလေ သူ့သီချင်းတွေကို ဆိုညည်းမိလေလေနဲ့။ဒါပေမဲ့ ဆိုသမျှ သီချင်းတွေက အရင်ကလို ပျော်မြူးစရာ မကောင်းတော့တာ ကျွန်မ သတိထားမိတယ်။ ဆွေးတာ လွမ်းတာ၊ တမ်းတတာ၊ သူစိမ်းဆန်တာ၊ အထီးကျန်တာ၊ မမျှော်လင့်ရဲတာ၊ ဝေးကွာတာ၊ အိပ်မက်မက်တာ၊ မျက်ရည်ဝဲတာ၊ အရိပ်မဲ့တာ၊ အခါလွန်တာ... ဒီလိုအဓိပ္ပာယ်တွေ တနင့်တပိုးကြီး ကိန်းအောင်းနေတဲ့ ကြေကွဲလှိုက်မောဖွယ်ရာ သူ့သီချင်းတွေကိုပဲ ကျွန်မ ဆိုတတ်ခဲ့ရပါပြီ။ တော်ရုံမိန်းကလေးတွေ တစ်ယောက်တည်းမသွားရဲကြတဲ့ ပါချန်မြစ်ကမ်းဘေးမှာ သွားထိုင်၊ ဂစ်တာတစ်လက်နဲ့ သီချင်းညည်း တတ်တဲ့ မိန်းကလေးဆိုလို့ ကျွန်မပဲ ရှိမယ်။ လက်ထဲမှာ ကျွန်မချစ်တဲ့ ဂစ်တာရှိတယ်၊ အတွေးထဲမှာ ကျွန်မသဘောကျတဲ့ “သူ”ရှိတယ်။ အို ဘယ်သူ့ကို ဂရုစိုက်လို့ ဘာကိုကြောက်ရမှာလဲနော်...။
“လမ်းဘေးကဖေးလေး ငါထိုင်ငေး..အဆွေးဆုံးအတွေးများ ငါခံစား မင်းမသိနိုင်ပါ(စာသားအမှန်က “မင်းသိမှာပါ”၊ ကျွန်မက သူမသိနိုင်တာကို ရည်ရွယ်ပြီး “မင်းမသိနိုင်ပါ”လို့ ပြောင်းဆိုတာ) ငါလေ..တစ်ယောက်တည်း အထီးကျန်...။
ဒါပေမဲ့ တိုက်ဆိုင်မှုလို့ပဲ ဆိုရမလား..အထီးကျန်အလွမ်းအဆွေးတွေ ဆိုညည်းဖို့ ရှေ့ဆက် မလိုတော့တဲ့အဖြစ်လေး တစ်ခု ကျွန်မမှာ ဖြစ်ပျက်ခဲ့တယ်။
xxxxx
အို.. ကျွန်မတစ်ကိုယ်လုံးပဲ မြောက်တက်ပြီး ကမ္ဘာ့အဝေးဆုံးကို လွင့်ထွက်သွားပြီလားလို့ ထင်မှတ်မိတဲ့အထိ ပါပဲ။ မြက်ခင်းစိမ်းလေးတွေကို ရှပ်တိုက်ပြီး လွင့်ပျံ့လာတဲ့ သီချင်းသံတစ်ပိုင်းတစ်စ။ ကောင်လေးတစ်ယောက် ရဲ့အသံကို ကြားမိခိုက်မှာ အဲဒီကောင်လေးမျက်နှာကို ဘေးတိုက်ငေးကြည့်ရင်း ကျွန်မအသည်းနှလုံးတွေ တဆတ် ဆတ်တုန်ခါလို့ အံ့သြမှင်တက်ခဲ့မိတယ်။
ခဏအနားပေးတဲ့ ကော်ဖီဘရိတ်အချိန်လေးမှာ သင်တန်းသား ကောင်လေး တစ်ယောက်က ကော်ဖီခွက်လက်ကကိုင်ရင်း မြက်ခင်းပေါ်မှာ သူ့ဘာသာ သီချင်း ထိုင်ညည်းနေတာလေ။ သူ့နှုတ်ဖျားက “အိမ်ပြန်ချင်တယ် အိမ်ပြန်ချင်တယ်”လို့ တဖွဖွ ဆိုညည်းနေတာတွေ ကျွန်မကြားနေရတယ်။ “ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်လေးတားမရဘူး..” တဲ့။ မြက်ခင်းတွေပေါ် ဖွဖွနင်းဖြတ်ရင်း ကောင်လေးရဲ့အနားကို တရွေ့ရွေ့နဲ့ အသာလေးချဉ်းကပ်သွားမိတယ်။ ပိုပြီး အံ့သြစရာကောင်းတာက အဲဒီကောင်လေးဟာ ကျွန်မရင်ထဲက အရင်းနှီးဆုံးလူစိမ်း တစ်ယောက်ဖြစ်တဲ့“သူ့”အတိုင်းပဲ “သူ”နဲ့ တစ်ပုံစံတည်းပဲ..၊ သူ့လိုပဲ ပါဝါမျက်မှန် အထူစားကြီးနဲ့၊ သူ့လိုပဲ ပါးပါးလျလျနဲ့၊ သူ့လိုပဲ ဆံပင် တွန့်တွန့်လေးတွေနဲ့။ သူ့လိုပဲ..တကယ့်ကိုပဲ သူ့လိုပဲ...။ အမှတ်တမဲ့နဲ့ ကြားမိလိုက်တဲ့ ကောင်လေး နှုတ်ခမ်းဖျားက လိမ့်ဆင်းလာတဲ့သီချင်းဆိုသံကလည်း သေချာ နားစိုက်ထောင်လေလေ၊ သီချင်းအယ်လ် ဘမ်တွေထဲမှာ ကြားကြားနေကျ သူ့အသံနဲ့ ခွဲမရနိုင်အောင် တူလေလေ။
“ဟေ့ကောင် ဘာရထားဥသြသံလဲ..လေယာဉ်သံလုပ်စမ်းပါ ငှက်လေးရာ”
အလို..“ငှက်လေး” ဆိုပါလား။ ကျွန်မရဲ့နောက်ကျောဘက်က အသံဆူ ဆူညံတွေထွက်ပေါ်လာတယ်။ ကောင်လေးရဲ့ဘော်ဒါ Front Office က သင်တန်းသားတွေ။ Receptionist တာဝန်ထမ်းဆောင်မယ့် ကောင်လေးနဲ့ အဲသည်နေ့က စသိခဲ့တယ်။ တိုက်ဆိုင်လွန်းလိုက်တာ ကောင်လေးရဲ့ favourite က ပြည်ပမှာ ဆိုရင် Eagles တဲ့။ ပြည်တွင်းမှာတော့ “သူ”တဲ့။ သင်တန်းနားရက် တစ်ရက်မှာ ကောင်လေးက စုဆောင်း ထားသမျှ သီချင်းစာအုပ်တွေ အားလုံး ထုတ်ပြခဲ့တယ်။ ဒါပေမဲ့ ကောင်လေး မောသွားပါတယ်။ ကျွန်မက“သူ့” သီချင်းတွေ အားလုံး တစ်ပုဒ်မကျန်၊ တစ်ပိုဒ်မကျန် သီချင်းစာအုပ် မလှန်မကြည့်ဘဲ အကုန် အလွတ် တီးနိုင် ဆိုနိုင်နေခဲ့တယ်လေ။
ထူးခြားတာက အဲဒီကောင်လေးနဲ့ ခင်မင်ရင်းနှီးခဲ့ချိန်ကစပြီး ကျွန်မဟာ အရင်ကလို “အထီးကျန်” သီချင်းတွေပဲ ဆိုညည်းလေ့ရှိတဲ့ မိန်းကလေးမဟုတ်တော့ဘူး။ “ကလေးရေ”၊ “အလိုအပ်ဆုံး”၊ “ခေါင်းလောင်းလေးတွေမြည်နေပြီ”၊ “သီချင်းလေးသက်သေ”၊ “ချစ်”၊ “အချစ်ဆုံး..လို့”၊ “တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်”၊ “အကြင်နာအိပ်မက်”၊ “လျှို့ဝှက်အချစ်”၊ “အရင်အတိုင်း”၊ “မင်းရှိရင်ဖြစ်တယ်”၊ “မင်းဆီအပြေး”၊ “ထာဝစဉ်”..စတဲ့ သာယာလှိုက်မောဖွယ် သီချင်းလေးတွေကို အဆိုများလာခဲ့တယ်။ သင်တန်းပြီးတဲ့အချိန် ညနေခင်းတွေမှာ သူငယ်ချင်းတွေ ဈေးသွားကြ၊ ဆိုင်ကယ်တွေ လျှောက်စီးကြ၊ ကတ်ကြေးကိုက်သွားစားကြနဲ့ ကော့သောင်းတစ်မြို့လုံး လည်ပတ်လို့မဆုံး ဖြစ်နေချိန်မှာ ကျွန်မတို့နှစ်ဦးက ဂစ်တာကိုယ်စီကိုင်လို့၊ အဆောင်ရဲ့ တိုက်ခေါင်မိုးတွေပေါ်မှာ၊ ပါချန်မြစ် ကမ်းဘေးမှာ၊ ဘုရင့်နောက်ကုန်းမြင့်လေးပေါ်က မြက်ခင်းစိမ်းတွေမှာ...သီချင်းတွေ အတူ ဆိုညည်းတတ်ခဲ့ပြီ။ အိပ်မက်ထဲက“သူ”နဲ့ Duet သီချင်း တစ်ပုဒ်လောက် အတူဆိုခွင့်ကို ကျွန်မမျှော်လင့်ခဲ့ဖူးတယ်မဟုတ်လား။ အခု“သူ” မဟုတ်ပေမဲ့လည်း“သူ”နဲ့ အရာ အားလုံးဆင်တူတယ် ဆိုရမယ့် ငှက်လေးဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ သီချင်းအတူ ဆိုညည်းဖြစ်ခဲ့တာ အပြစ်တစ်ခုမဟုတ်နိုင်ပါဘူးနော်။ “ကာရန်မညီသော”၊ နှလုံးသားရဲ့ကျမ်းစာ”၊ “ရင်ခုန်ရင်အချစ်”၊ “ဝေးသွားတဲ့အခါ” ဒီသီချင်းတွေက ကျွန်မတို့နှစ်ဦးအတူ ဆိုနေကျ လက်ရွေးစင်သီချင်းလေးတွေပေါ့။
ဒါပေမဲ့ အရင်းနှီးဆုံးလူစိမ်းအဖြစ် ကျွန်မအာရုံထဲ ခိုတွယ်ကိန်းအောင်းနေတဲ့ “သူ့”ရဲ့ပုံရိပ်တွေကတော့ အရင်အတိုင်းပဲ ထုထည်ကြီးမားစွာ စိုင်ခဲ၊ ဖွဲ့တည်နေတုန်းပါပဲ ရှင်။
xxxxx
သင်တန်းကာလပြီးဆုံးလို့ လုပ်ငန်းခွင်မှာတာဝန်တွေ တိကျစွာ ထမ်းဆောင် ရတော့မယ့်အချိန်။ ဟိုတယ်မှာ ယူနီဖောင်းတွေ ထုတ်ပေးလို့ အားလုံးပဲ ပျော်ပျော်ပါးပါး ၀တ်ကြည့်ရင်း စိတ်ဓာတ်တွေ တက်ကြွနေ တဲ့ နေ့တစ်နေ့။ အိုလေ..ကျွန်မမှာတော့ ဘယ်လိုမှကို မပျော်ရွှင်နိုင်တော့ပါဘူး။ ဟိုတယ်တစ်ခုလုံးမှာ ကြေကွဲ နေရသူဆိုလို့ ကျွန်မ တစ်ယောက်တည်းရယ်။ အိမ်ပြန်ချင်တယ်...အိမ်ပြန်ချင်တယ်လို့ ဆိုညည်း နေကျ ကျွန်မ ရဲ့ တစ်ဦးတည်းသော ဂီတမိတ်ဆွေ ငှက်ကလေးက သူ့အိမ်ကို တကယ်ပဲ ပြန်သွားခဲ့ပါပြီ။ အိမ်က ပြန်ခေါ်လို့ဆို တဲ့ အကြောင်းပြချက်တစ်ခုသာ ချန်ထားခဲ့ပြီး ကျွန်မ ဘ၀ထဲကနေ လှစ်ခနဲ ပျောက်ကွယ်သွားပါ ပြီ။ ထုတ်ယူ ၀တ်ဆင်မယ့်သူ မရှိတဲ့ လောင်ဒရီအခန်းထဲက ယူနီဖောင်းလေးတစ်စုံကို သနားမိသလိုလို၊ သီချင်းအတူ ကူဆို မယ့်သူ မရှိတော့တဲ့ ကျွန်မကိုယ် ကျွန်မ သနားမိသလိုလို။ “ငှက်လေး”ပြန်သွားပြီ ဆိုတဲ့ အသိက ကျွန်မ တစ်ကိုယ်လုံးကို မလှုပ်ချင်အောင် တုပ်ချည်ထားတယ်။ ပင်လယ်ထဲက အေးမြသာယာတဲ့ဟိုတယ်တစ်ခုမှာ နေနေရပါလားဆိုတာကို ဇဝေဇ၀ါဖြစ်လောက်အောင်ပါပဲ၊ ကျွန်မရဲ့ခြေလှမ်းတွေ လှမ်းလိုက်တိုင်း မီးတောက် တွေဝိုင်းလို့ ကျွမ်းလောင်သလို၊ ခိုလှုံစရာ အရိပ်မရှိတဲ့ ကန္တာရထဲလျှောက်နေရသလို ကျွန်မတစ်ကိုယ်လုံး ပူပြင်းတောက်လောင်နေခဲ့ပါတယ်။
“ခြောက်သွေ့တဲ့ စိတ်တွေက လှုပ်ရှားမှုမဲ့...ထွက်ပေါက်မဲ့ မျက်ရည်များ လောင်ကျွမ်းရင်းနဲ့...အေးစက်တဲ့သွေးတွေက လည်ပတ်မှုမဲ့...ခါးသီးတဲ့နေ့ရက်များ ဖြတ်သန်းရင်းနဲ့...တိတ်ဆိတ်တဲ့ညတွေမှာ သီချင်းများဖွဲ့”
“ချစ်သူ..ဝေး”ဆိုတဲ့ သီချင်းထဲက တေးစာသားတွေက ကျွန်မရင် တစ်ပြင်လုံးကို ဆုပ်ညှစ်ပြီး ချေမွပစ်နေတယ်လို့ ခံစားရတယ်။ ခုချိန်မှာ ကျွန်မဟာ အလွမ်းတွေအပြည့်နဲ့ လှေသင်္ဘောကြီးတစ်စင်းပေါ့။ နေ့စဉ်အချိန်မှန် ပင်လယ်ထဲ ရွက်လွှင့်ရင်း သူဌေးကျွန်းဟိုတယ်ဆီ ဦးတည်နေရပေမဲ့ မှောင်မိုက်ခြင်း ရဲ့နေ့ရက်တွေ၊ လေလွင့်ခြင်းရဲ့နေ့ရက်တွေ၊ ဒဏ်ရာရတဲ့နေ့ရက်တွေ၊ တစေ်္ဆခြောက်တဲ့နေ့ရက်တွေသာ ကျွန်မဘ၀ထဲ တစ်စတစ်စနဲ့ များများလာခဲ့ရတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။
“ငှက်လေး”ကတော့ ငှက်ကလေး တစ်ကောင်လို ကျွန်မအပါးကနေ ပျံသန်းထွက်ပြေးသွားခဲ့ပါပြီ။
မေ့မရတဲ့ လူ (အပိုင်း ၃)
၁၉၉၇ ခုနှစ်ဝန်းကျင်ကာလတွေ...
ငွေကြေးအရ အဆင်ပြေတဲ့ဘ၀လို့ ဆိုနိုင်ပေမဲ့ နှလုံးသားခံစားမှုအရ ပျော် ရွှင်မှုတွေ တစ်စတစ်စ လျော့ပါးလာတဲ့အခါ အိမ်ပြန်ချင်တဲ့စိတ်တွေဗရပွနဲ့ ဒီဟိုတယ်အလုပ်ကနေ ကျွန်မ ထွက်ခဲ့တယ်။ ကြမ်းတမ်း လှတဲ့ ပင်လယ်ကို ကျောခိုင်းထွက်ခွာလာတဲ့ ကျွန်မဟာ သီချင်းနဲ့ဂစ်တာကို လက်ထဲက လွှတ်မချနိုင် လောက်အောင် စွဲမက်တဲ့ စိတ်တွေနဲ့အတူ ဘားလမ်းက Mr.Guitar ကော်ဖီဆိုင်လေးမှာ သီချင်းတွေဆိုရင်း မောခဲ့ရသမျှစိတ်တွေ အပန်းပြေလို့ ပြန်လည်လန်း ဆန်းခဲ့ပါတယ်။ တစ်ဖက်ကလည်း ၀ါသနာအလျောက် စာတိုပေစလေးတွေ ရေးနေခဲ့တယ်။
သည်လိုနဲ့ ရုပ်ရှင်စတားမဂ္ဂဇင်းက ဂီတလောကထဲကလူတွေကို အင်တာ ဗျူးလုပ်ပြီး ရသဆောင်းပါး တွေရေးပေးဖို့ တောင်းဆိုတဲ့အခါ ကျွန်မ မဆိုင်းမတွ လက်ခံလိုက်တယ်။ ကျွန်မကိုယ်ကျွန်မ ဂီတဆိုင်ရာ ရသဆောင်းပါးတွေ သူမတူ အောင် ရေးသားနိုင်လိမ့်မယ်လို့ ဒက်ခနဲ ယုံကြည်လို့တော့ မဟုတ်လှပါဘူး။ ကျွန်မ စိတ်ထဲမှာ မျှော်လင့်ခြင်းလေး တစ်ဖဲ့တစ်စ ရှိနေတာက ဂီတလောကသားတွေကို အင်တာဗျူးလုပ်ဖို့ အခွင့်သာ တဲ့အခါ “သူ့”ကို အရင်ဆုံးရအောင် လုပ်မယ်လို့ ရည်ရွယ်ထားလို့ပါပဲ။ သူနဲ့ တွေ့ဆုံခွင့်ရပြီး အပြန်အလှန် စကားဆိုခွင့်တွေရတဲ့အခါ ကျွန်မ အရင်ဆုံးပြောပြချင်တာက“ရှင့်ရဲ့သီချင်းတွေကို ကျွန်မ အရူးအမူးကိုချစ်ခဲ့ တာပါ”ဆိုတဲ့ စကားလေးတစ်ခွန်းပဲ။ အနည်းဆုံး ဒီတစ်ခွန်းကိုတော့ ပြောဖြစ်အောင် ပြောမယ်လို့ ကျွန်မ စဉ်းစားထားလိုက်တယ်။ သူနဲ့အတူ Duet ဆိုဖို့ဆိုတဲ့ မျှော်လင့်ခြင်းလေးက ပျောက်မသွားသေးဘူး။
xxxxxxx
အဲဒါ ဘာဖြစ်ရတာပါလိမ့်။ “သူ့”အိမ် တိုက်ခန်းရှိရာ သီတာလမ်းထဲကို အခေါက်ပေါင်း မရေမတွက် နိုင်အောင် ရောက်ခဲ့ပေမဲ့ လှေကားထစ်တွေကို မတက်ဘဲနဲ့ လှည့်လို့သာ ပြန်ခဲ့မိတယ်။ ငါ့လို မလောက်လေး မလောက်စား မိန်းကလေးကို သူ့လို နိုင်ငံကျော်ပုဂိ္ဂုလ်ကြီးက လက်သင့်ခံတွေ့ဆုံပါ့မလား၊ တွေ့ဆုံပြီ ထားပါတော့ စိတ်လိုလက်ရမှ ဖြေဆိုပေးပါ့မလား၊ ငါ့ကို ဘယ်လို ဆက်ဆံမှာပါလိမ့် ဆိုတဲ့ ကပေါက်တိ ကပေါက်ချာမေးခွန်းတွေနဲ့ ကိုယ့်ဘာသာ ဗျာများရစ်ပတ်ရင်း တစ်နေ့ပြီး တစ်နေ့ စိတ်ဒုံရင်းတွေနဲ့ လာလမ်းအတိုင်းသာ လှည့်လို့ ပြန်ခဲ့မိတာချည်းပါပဲ။ လွန်ခဲ့တဲ့ နှစ်ကာလများစွာကတည်းက တွေ့ချင်ဆုံချင် လွန်းတဲ့ လူတစ်ယောက်ကို တကယ်တမ်းတွေ့ဖို့ အခွင့်အလမ်းပေါ် လာတောင်မှ မဆုံရဲမတွေ့ရဲဖြစ်ရပြန်တဲ့ အထိ ကျွန်မစိတ်တွေ သွေးကြောင်နေလို့ အချိန်တွေ အကြာကြီးကုန်ဆုံးခဲ့ရတယ်။ ဒီကြားထဲ မဂ္ဂဇင်းတိုက်က အယ်ဒီတာ စိတ်ကျေနပ်အောင် တခြားအောင်မြင်နေတဲ့ အဆိုသမားတွေ စည်သူလွင်၊ အဲလက်စ်တို့ဘက် လှည့်လုပ်ပေးထားရတယ်။ နာမည်ကြီး တေးရေးသမားနဲ့ အဆိုသမားဖြစ်တဲ့ စောခူဆဲနဲ့ အင်တာဗျူးကိုတောင် အေးအေးလူလူ လုပ်ခဲ့နိုင်ပြီးမှ ကျွန်မအရင်ဆုံး စိတ်ကူးထားတဲ့“သူ့”ကို ရက်ပေါင်းများစွာ ကြာတဲ့အထိ မလုပ်နိုင်ခဲ့ဘူးဖြစ်နေတယ်။
အဲဒီအချိန်မှာပဲ “အကြင်နာအိပ်မက်”ဆိုတဲ့ သူ့သီချင်းကို “စိုးမြတ်ကလျာ” ဆိုထားတာ တီဗီမှာကြည့် လိုက်ရတယ်။ သီချင်းလေးကို ကျွန်မ အရမ်းနှမြောသွားတယ်။ ဟန်မဆောင်စတမ်းပြောရရင် စိုးမြတ်ကလျာက အသံမနိုင်ဘူး၊ သူရေးဖွဲ့ နေကျ သူ့ပုံစံအတိုင်း အသံအကွေ့အ၀ိုက်လေးတွေလှလှပပနဲ့ ဆိုရမယ့်သီချင်းဟာ စိုးမြတ်ကလျာရဲ့ အသံယိုင်ယိုင်နဲ့နဲ့တွေကြောင့် လုံးဝကို ပျက်စီးသွားတော့တာပဲလို့ ကျွန်မ ခံစားလိုက်ရတယ်။ ရင်ထဲမှာလည်း “ဘာလို့လဲ၊ ဘာလို့ပေးဆိုရတာလဲ၊ ဂီတအရာမှာ ထူးချွန်ပါးနပ်သူ တကယ့်စံပြလူလို့ ဆိုရမယ့် သူလိုလူစားမျိုးက အသံမနိုင်တဲ့၊ အဖြစ်သဘောလောက်သာ ဆိုနိုင်တဲ့ မင်းသမီးကို ဘာသဘောနဲ့ ပေးဆိုရတာ လဲ၊ သူ့မှာ ဂီတပညာနဲ့ပတ်သက်ပြီး “မူ”မရှိတော့ဘူးလား၊ “စည်း”မထားတော့ဘူးလား၊ ဒီကိစ္စဟာ နည်းနည်းကလေးမှ မဖြစ်သင့်ဘူး”လို့ ဒေါသတွေတလိပ်လိပ်နဲ့ မခံမရပ်နိုင်ဖြစ်ရတယ်။
ဒီမခံမရပ်နိုင်တဲ့စိတ်တွေကပဲ သူနဲ့ တွေ့ရဲဆုံရဲ မေးရဲဖို့ တွန်းအားတစ်ခု ဖြစ်ခဲ့ပြီး သူ့ဆီ ကျွန်မ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရောက်သွားခဲ့တော့တယ်။
ခက်တာက ကျွန်မဘက်က တွေ့ရဲမေးရဲပြီ၊ အဆင်သင့်ဖြစ်ပြီ ဆိုတဲ့အချိန်မှာ သူ့ဘက်က အဆင်မပြေ တော့ဘူး။ ကျွန်မ တယ်လီဖုန်းအကြိမ်ကြိမ်ဆက်တယ်။ အိမ်ကိုသွားတယ်။ မတွေ့..မတွေ့ဘူး။ နာမည်ကြီး interviewer မဟုတ်လို့ ရှောင်လွှဲ နေတာများလားဆိုတဲ့ အတွေးညစ်ညစ်တွေဝင်လာမိပေမဲ့ တကယ်ပဲ အချိန် မပေးနိုင်အောင် အလုပ်များနေကြောင်း သူ့ဇနီးက ရှင်းပြတဲ့အတွက် ကျွန်မဖြေသိမ့် နိုင်ခဲ့တယ်။ တစ်ခါ နံနက်ခင်းတစ်ခင်းမှာ သူ့အိမ် ရောက်ခဲ့ပြန်တော့ အိမ်ထဲမှာ သူရှိနေခဲ့တယ်လို့ သိရလို့ ရုတ်တရက် ပျော်သွား ပေမဲ့ မနိုးသေးဘူး၊ အိပ်နေတုန်းတဲ့။ နှိုးပေးမယ်လို့ သူ့ဇနီးသည်က ပြောလာပေမဲ့ နေရောင်ခြည်ခပ်မြင့်မြင့် အောက်မှာ အိပ်မောကျနေဆဲ သူ့မျက်နှာကို ဖျပ်ခနဲ ပုံဖော်ကြည့်ရင်း ကျွန်မ ကရုဏာစိတ်လည်း ၀င်သွားတယ်။ နေပါစေ၊ အိပ်ပါစေ လို့ ပြောပြီး ကျွန်မ လှည့်ပြန်ခဲ့တယ်။ လူကိုယ်တိုင် အိမ်ကို လေးကြိမ်သွားပြီးနောက်၊ တယ်လီဖုန်းအားဖြင့် ဆယ့်တစ်ကြိမ်မြောက် ဆက်ပြီးနောက်မှာတော့ “သူ”နဲ့ တွေ့ဆုံခွင့် တကယ်ပဲ ရရှိခဲ့တော့ တယ်။
xxxxxxx
၁၉၉၇၊ ဇွန် ၁၇ ။
နေ့လယ်ခင်းမှာတော့ “အိုအေစစ်”စတူဒီယိုကို လာခဲ့ပါဆိုတဲ့ သူ့ဆီက တုံ့ပြန်ချက်ကို ရရှိခဲ့တာမို့ ကျွန်မ ၀မ်းမြောက်ပျော်ရွှင်သွားတယ်။ ကျောပိုးအိတ်ထဲမှာ မီနီအသံဖမ်းစက်တစ်လုံး၊ အော်တိုကင်မရာတစ်လုံးနဲ့ ဘက်ထရီလေး နှစ်စုံထည့်ပြီး အိုအေစစ်ကို ပြေးရတယ်။ ဘတ်စ်ကားနဲ့ပါ။ ခြေလှမ်းတွေ မြန်နေသလို ရင်ခုန်သံ တွေလည်း ထိန်းချုပ်မရအောင် မြန်နေတယ်။ မေးမယ် ရည်ရွယ်ထားတာတွေ တစ်ခုမကျန် မေးဖြစ်ဖို့၊ ပြောမယ် စိတ်ကူးထားတဲ့ စကားလေးတစ်ခွန်းကိုလည်း ပြောဖြစ်အောင် ပြောပစ်ဖို့ အားတွေတင်းရင်း ကြိုတင်ပြင်ဆင် ခဲ့ပါတယ်။
အိုအေစစ်လို့ ရေးထားတဲ့ ဂိတ်ဝကနေ ခြံအတွင်းကို လှမ်းကြည့်လိုက်ရုံနဲ့ စားပွဲခုံတန်းရှည်တစ်ခုမှာ လမ်းဘက်ကို မျက်နှာမူပြီး ငူငူကြီးထိုင်နေတဲ့ “သူ့”ကို တွေ့ရတယ်။ ကျွန်မခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားတယ်။ မေးချင်တာတွေ မေးဖြစ်ဖို့၊ ပြောချင်တာလေး ပြောဖြစ်ဖို့ အားပြန်တင်းရင်း ဟန်မပျက် လှမ်းဝင်လိုက်တယ်။ သူ့ရှေ့က ခုံတန်းရှည်မှာ ကျွန်မ၀င်ထိုင်လိုက်တဲ့အထိ သူ ဘာမှ မပြောသေးဘူး။ ကျွန်မကလည်း ဘာစကားကနေ စရမယ်မှန်းမသိခဲ့ဘူး။ သာလိကာ ရှုံးလောက်အောင် စကားသွက်၊ စကားတတ်လွန်းတဲ့ ကျွန်မဟာ သူ့ရှေ့မှာ စကားတောင်မပြောတတ်သေးတဲ့ ကလေးလေးတစ်ယောက်လို ဖြစ်နေတယ်။ အနံတစ်တောင်လောက်ကျယ်တဲ့ စားပွဲတစ်လုံးသာ ကျွန်မတို့ကြားမှာ ရှိမနေခဲ့ရင် ကျွန်မရင်ခုန်သံကို သူကြားရနိုင်တယ်။ လက်ထဲမှာ အသင့်ကိုင်ထားတဲ့ ကက်ဆက်တိတ်ပ်ခွေလေးတစ်ခွေကို စားပွဲပေါ်မှာ ချလိုက်ပြီး ကျွန်မဘက်ကို တွန်းပို့တယ်။
“ခင်ဗျားအတွက်”
မထင်မှတ်ဘဲ လက်ခံရရှိလိုက်တဲ့ ကက်ဆက်တိတ်ပ်လေးကို အံ့သြစိတ်နဲ့ ငုံ့ကြည့်ရင်း “ကျေးဇူးပါပဲ ရှင်”လို့ တိုးတိုးလေး ပြောလိုက်ရတယ်။ ပြောချင်တဲ့ စကားတစ်ခွန်းကို အသာထားဦး၊ အလုပ်ကိစ္စနဲ့ ငါလာတာ လို့ ကျွန်မကိုယ်ကျွန်မ သတိပေးရင်း ကျောပိုးအိတ်ထဲက မီနီအသံဖမ်းစက်လေးကို ထုတ်လိုက်တယ်။
““ခင်ဗျား ကက်ဆက်နဲ့ မေးမလို့လား””
““ရှင်..””
ကျွန်မ စိတ်ထဲ နည်းနည်းတော့ အချဉ်ပေါက်သွားတယ်။ သူမေးပုံက ဘုဆတ်ဆတ်နဲ့။ လက်ထဲက အသံဖမ်းစက်ကို ဆုပ်ချေပစ်ရမလိုလို၊ ကိုင်ပေါက်ပစ်ရတော့မလိုလို၊ တခြားသူသာဆိုရင် ကက်ဆက်နဲ့ မမေးလို့ ရှင့်ဘကြီးနဲ့ မေးရမှာလား လို့ ကျွန်မ အငေါ်တူးမိမှာ သေချာတယ်။ သူ့ကြည့်တော့ အေးအေးလူလူ၊ ငြိမ်းငြိမ်း ချမ်းချမ်းပဲ။ တစ်ဖက်သားကို ကလိကလိ လုပ်ချင်တဲ့စိတ်နဲ့ ပြောတာ ဟုတ်ပုံမရဘူး။ လက်ထဲက မီနီအသံဖမ်း စက်လေးကို သူမြင်မှာ စိုးထိတ်တဲ့အလား ပုန်းလျှိုးကွယ်လျှိုး အုပ်ကိုင်ထားရင်း အသက် ကို မှန်အောင် ကြိုးစားရှုသွင်းနေရတယ်။
““ကျွန်တော်ဖြေချင်တာတွေကို ဒီနေ့ထိ ဘယ်သူမှ လာမမေးဖူးသေးဘူး။ ဘယ်သူမှ ဘယ်တော့မှ လာမေးမှာလည်း မဟုတ်ပါဘူး””
အဲဒါ သူကျွန်မကို စကားပြောနေတာလား..သူ့ဘာသာ ရေရွတ်ညည်းညူ လိုက်တာလား ကျွန်မ မသဲကွဲဘူး။
““ထားပါလေ၊ ကက်ဆက်နဲ့မေးကြဖြေကြတာတွေကို ခင်ဗျားယုံသလား””
““ရှင်””
ကျွန်မက သူ့ကိုမေးဖို့လာတာဖြစ်ပေမဲ့ အခုသူကချည်း ကျွန်မကို မေးလို့ ကျွန်မမှာ တရှင်ရှင်ပဲ ဖြစ်နေရတယ်။ မယုတ်မလွန်ဖြေလိုက်ရတယ်။
““ဟုတ်ကဲ့..ယုံသင့်သလောက်တော့ ယုံပါတယ်””
““ကျွန်တော်တော့ မယုံဘူး””
သူ ဒီလိုပြောတော့ ကျွန်မမှာ ဘာပြောလို့ ပြောရမှန်းမသိတော့အောင်ပါပဲ၊
စိတ်တွေ အရမ်းရှုပ်ထွေးသွားတယ်။ ဒါကို သူရိပ်စားမိပုံရတယ်။
““ဒီလို လုပ်ရအောင်””
သူက စားပွဲပေါ်မှာ ကျောက်ခဲတစ်ခဲနဲ့ ဖိထားတဲ့ စာရွက်လွတ်တွေထဲကနေ နှစ်ရွက် ဆွဲယူလိုက်တယ်။
““ရော့ ဟောဒီတစ်ရွက် ခင်ဗျားယူ””
ကျွန်မဘက်ကို တစ်ရွက်ထိုးပေးပြီး သူပြောတယ်။
““အဲဒီမှာ မေးခွန်းတစ်ခု ရေးပေး””
မေးခွန်းတစ်ခု ကျွန်မ ရေးပြီးတဲ့အခါ သူက ကျွန်မစာရွက်ကို ဆွဲယူလိုက် ပြီး သူ့ဆီက ဗလာတစ်ရွက်ကို ထိုးပေးတယ်။
““နောက်ထပ်တစ်ခု အဲဒီမှာရေးပါ”
ပထမမေးခွန်းကို သူဖြေနေချိန်မှာ ကျွန်မက ဒုတိယမေးခွန်းရေး။ ဒုတိယ မေးခွန်း သူဖြေနေချိန်မှာ စောစောက စာရွက်ပြန်ယူ တတိယမေးခွန်း ကျွန်မက ရေး။ သည်လိုနဲ့ စားပွဲတစ်လုံးပေါ်မှာ စာရွက်တွေ အပြန်အလှန် ဝေ့၀ဲသွားတယ်။ မေးခွန်းရေးရတာက တိုတော့ သူဖြေနေတာကို စောင့်ရင်း သူ့ကို ငေးကြည့် နေမိ တယ်။ ကျေနပ်စရာက သူဟာ မေးခွန်းတွေကို ပေါ့ပေါ့လေးမတွေးဘူး။ သေချာ အာရုံစူးစိုက်ပြီး ဖတ်တယ်။ ထပ်တလဲလဲဖတ်တယ်။ တစ်ခါတစ်ခါ ကျွန်မ ပခုံးပေါ်ကနေ ကျော်ပြီး အဝေးကြီးကို ငေးငေးကြည့်ပြီးမှ မျက်မှောင်ကြုတ်ရင်း ချရေးတယ်။ တစ်ခါတစ်ခါ မျက်လုံးတွေကို သူနောက်စေ့ဘက် သူပြန်ကြည့်သလို လှန်လှန်ပြီးကြည့်တယ်၊ စဉ်းစားတယ်၊ ချရေးတယ်။ ဘယ်ဘက်လက်မှာ ဆေးလိပ်ကို ညှပ်ထားတယ်၊ ဖွာတယ်၊ စဉ်းစားတယ်၊ ချရေးတယ်။
ကျွန်မရဲ့နောက်ဆုံး မေးခွန်းကိုတော့ သူ မဖြေခဲ့ဘူး။ သည်လိုနဲ့ အချိန်တစ်ခု လွန်တဲ့အခါ စကားလုံး မရှိတဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်လည်း ပြီးဆုံးသွားတယ်။
““သံစဉ်လှိုင်းတွေကို ကျွမ်းကျင်နိုင်နင်းတဲ့ ရှင့်လို ဂီတပညာရှင် တစ်ဦးက အသံမှန်အောင် မဆိုနိုင် တဲ့သူကို ဘာလို့ ရှင့်သီချင်းတွေ ပေးဆိုတာလဲ။ စနစ်တကျ ထိန်းကျောင်းပဲ့ပြင်ခဲ့တဲ့ ကိုယ့်ရင်သွေးကို ပရမ်းပတာမိဘမျိုးရဲ့ လက်ထဲ မွေးစားဖို့ ပြီးစလွယ်ထိုးအပ်သလို ဖြစ်မနေဘူးလား၊ ကိုယ့်သွေးသားအပေါ် ရက်စက်ရာမကျဘူး လား၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင့်ရဲ့သဘောထားအမှန်က ဘာများလဲ...””
စိုးမြတ်ကလျာကို သီချင်းနှစ်ပုဒ်ပေးဆိုထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မေး ခဲ့တာပါ။ မဖြေချင်တာကို ဖြေဖြစ်သွားအောင် လှည့်ပတ်မေးတတ်တဲ့ ၀ါရင့်interviewer လည်း မဟုတ်လေတော့ သူ့နှုတ်ဖျားက မဖြေချင်ဘူးလို့ ငြင်းဆိုတဲ့အတိုင်းပဲ ကျွန်မ ကျေနပ်လိုက်ရပါတယ်ရှင်။
ဓာတ်ပုံရိုက်ဖို့ ပြောတဲ့အခါ သူက နည်းနည်းစိတ်ကသိကအောက်ဖြစ်သွား ပုံရတယ်။ ဒါပေမဲ့ “ဘယ်နားမှာ ရိုက်မလဲ”ဆိုပြီး ကျွန်မစိတ်ကူးနဲ့ ကျွန်မ ပြောပြ သမျှ ရိုက်ချင်တဲ့အနေအထားတွေရအောင် ကြိုးစား လုပ်ပေးရှာတယ်။ သူ့ခမျာ ခုံမှာ ထိုင်လိုက် မတ်တတ်ရပ်ပေးလိုက်နဲ့။ တစ်ပုံရိုက်ပြီးတိုင်း “ဘယ်လိုနေရမလဲ”လို့ မေးတယ်။ “နေချင်သလိုပဲနေပါ”လို့ ကျွန်မပြောလိုက်တယ်။
“studio ခြံအပြင်ဘက်မှာ ရိုက်ချင်သေးတယ်”ဆိုတော့ သူက “ဟာ..အပြင်မထွက်ချင် ဘူး” တဲ့။ ကျွန်မစိတ်ကူးတာက အိုအေစစ်လမ်းသွယ်လေးမှာ သူ့ဘာသာ ငေးချင်ရာငေးပြီး ပေါ့ပေါ့ပါးပါး လမ်းလျှောက် လာတဲ့ပုံကို မြင်ကွင်းကျယ်ရိုက်ယူမယ်ပေါ့။ ကင်မရာရှေ့ လာရပ်ပြီး တမင်သက်သက် အရိုက်ခံတဲ့ အတောင့် သားပုံတွေ ကျွန်မ မလိုချင်ဘူး။ သူ့ဘာသာ နေချင်သလို နေနေတဲ့ လှုပ်ရှားမှုအစစ်တွေကို ကျွန်မက စောင့်ပြီး ဖမ်းရိုက်ချင်တာ။ ငှက်ကလေးတစ်ကောင် ငြိမ်းချမ်းလွတ်လပ်စွာ ပျံသန်းနေတာကို အသာလေး စောင့်ကြည့် မှတ်တမ်းတင်သလိုမျိုး၊ အဲဒီလို စိတ်ကူးတွေနဲ့..။ ကျွန်မစိတ်ကူးတွေ ကြီးကျယ် သွားသလားပဲ၊
သူစိတ်ကျဉ်းကျပ် အောင်တော့ ဇွတ်ကြီးမတောင်းဆိုချင်ဘူး။ ဒါနဲ့ပဲ “အပြင်ဘက် အဝေးကြီးထိ မထွက်ပါဘူး၊ ခြံဝလေးတင်ပါ”လို့ပြောတော့ သူ့ခမျာ ငေးငေးလှုပ်လှုပ်နဲ့ ထလိုက်လာပြီး ခြံတံခါးဝ ရှေ့မှာ လက်ပိုက်ရပ်ပေးတယ်။
တွေ့ဆုံခွင့်များရခဲ့ရင် ပြောဖြစ်အောင်ပြောပစ်မယ်ဆိုတဲ့ စကားတစ်ခွန်း ကတော့ ကျွန်မလည် ချောင်းထဲကိုပဲ ခဏခဏပြုတ်ပြုတ်ကျပြီး နောက်ဆုံး ကျွန်မ အတွင်းသားထဲမှာပဲ ယီးလေးခိုလို့ ကျွန်မနဲ့အတူ ပြန်ပါလာခဲ့တော့တယ်။ ကျွန်မ ဘာလို့ ရင်ထဲက စကားတွေကို မဖွင့်ဟ ဖြစ်ခဲ့တာပါလိမ့်၊ ကျွန်မ စာရေးသလို Mr.Guitar မှာ ဂစ်တာတီးသီချင်းဆိုတယ်ဆိုတာရယ်၊ ပြီးတော့..“ရှင့်သီချင်းတွေကို ချစ်တယ်”ဆိုတာရယ်၊ အခွင့်သာတဲ့ တစ်နေ့မှာ ရှင်နဲ့အတူ သီချင်းတစ်ပုဒ်လောက် Duet ဆိုခွင့်ရချင်တယ် ဆိုတာ ရယ်..ဒါတွေ ဒါတွေ ဘာလို့မပြောဖြစ်ခဲ့တာပါလိမ့်။ ဂီတကို ကြားခံထားပြီး အပြန်အလှန်စကားဖလှယ်ဖို့ အခွင့်သာပါ လျက်နဲ့...။ အပြန်လမ်း တစ်လျှောက် ကျွန်မကိုယ်ကျွန်မ အားမလိုအားမရနဲ့ အတွေးတွေဖြာနေမိခဲ့တယ်။
အို..နောက်တစ်ခါ ကြုံဦးမှာပါ။ အချိန်တွေ အများကြီး ရှိသေးတာ ပဲလေ...လို့ ဖြေသိမ့်နေရတယ်။
(ဒီအင်တာဗျူးကို “စကားကုန်မပြောလိုတဲ့ပညာရှင် သို့မဟုတ် ထူးအိမ်သင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ရုပ်ရှင် စတားမဂ္ဂဇင်းမှာ ဖော်ပြခဲ့တယ်)။
မေ့မရတဲ့လူ (အပိုင်း ၄)
၁၉၉၈ ခုနှစ် ၀န်းကျင် ကာလတွေ
န၀ရတ် စတူဒီယို ခန်းမထဲမှာ ကျွန်မရဲ့ခင်ပွန်းသည် guitar solo အချောတီးတာကို ထိုင်စောင့်ရင်းနဲ့ ခြေလက်တွေ အေးပြီးကျဉ်လာလို့ ကျွန်မ အပြင်ကိုထွက်ခဲ့တယ်။ ကျွန်မက အအေးခန်းထဲ ကြာရှည်နေလို့ မရဘူးလေ။ ကင်တင်းမှာ ထိုင်နေတုန်း ကားတစ်စီး စတူဒီယိုခြံဝင်းထဲ ကွေ့ဝင်လာတာတွေ့တယ်။ ကားပေါ်က အပျံစားမချောလေး နှစ်ယောက်မှာ တစ်ယောက်က အရင်ဆင်းလာပြီး စတူဒီယိုဘေးပေါက်ကနေ အထဲဝင်သွားတယ်။ ပြီး ချက်ချင်းပြန်ထွက်လာတယ်။ ကားပေါ်က မချောလေးကို ‘ဟဲ့ အမြန်လာအမြန်လာ အထဲမှာ ထူးအိမ်သင် တစ်ယောက်တည်း ဂစ်တာတီးနေတယ်’လို့ လှမ်းခေါ်တယ်။ ကျွန်မကြောင်စီစီဖြစ်သွားတယ်။ ဒီနေ့ န၀ရတ်မှာ လူရှင်းကရှင်းနဲ့၊ ကိုငှက်လာတာလည်း မမြင်မိပါလား ပေါ့။ မချောလေးနှစ်ယောက် တံခါးဆွဲဖွင့်ပြီး စတူဒီယိုခန်းထဲ ၀င်သွားကြတယ်။ တစ်မိနစ်လောက်လေးပဲ သူတို့ပြန်ထွက်လာကြ တယ်။
“ဟယ် တကယ်တူတာတော့၊ ငါ့နှယ်ထူးအိမ်သင်လားလို့၊ အော်တိုသွားရေးခိုင်းမလို့ နောက်မှ အဲဒီလူ ဒီဘက်လှည့်လာတော့မ၊ှ မဟုတ်ဘူး” “ဒီလောက်တူတာ ရှိသေးလား” ။ အဲဒီလို သူတို့အချင်းချင်း ပြောနေ တာကျွန်မ ကြားတယ်။ တစ်ယောက်တည်းဂစ်တာထိုင်တီးနေတဲ့ ကျွန်မရဲ့ ညီညီကို သူတို့ လူမှားသွားတာ။ အို မတူပါဘူး။ တစ်စက်ကလေးမှ မတူပါ ဘူးလို့ ကျွန်မစိတ်ထဲ ငြင်းဆန်နေမိတယ်။
မချောလေးတွေ ကားနဲ့ ပြန်ထွက်သွားကြတော့ ကျွန်မ စတူဒီယိုခန်းလေးထဲ ပြန်ဝင်လာခဲ့တယ်။ တံခါးကို ဆွဲဖွင့်ပြီး အ၀င်မှာ ကျွန်မ တစ်ချက်ငိုင်တွေပြီး ကြည့်မိသွားတယ်။ အို စောစောက မချောလေးတွေ ပြောတာ ဟုတ်နေသလို လိုပဲ။ ခြေတစ်ဖက်ကို ချိတ်ပြီး ခေါင်းကိုငုံ့လို့ ဂစ်တာထိုင်တီးနေတဲ့်ညီညီ့ပုံစံကို ကျွန်မကိုယ်ပိုင်မျက်လုံးတွေနဲ့ မဟုတ်ဘဲ သူစိမ်းမျက်လုံးတွေနဲ့ အစားထိုးကြည့်မိလိုက်တယ်။ ညီညီက ခပ်ရှည်ရှည် ဆံပင်ခွေတွန့်တွန့်တွေကို နောက်ဘက်မှာ သားရေပင်တစ်ပင်နဲ့ စုစည်းထားတယ်။ နှာတံချွန်ချွန်ကို ခပ်စောင်းစောင်းအနေအထားကနေ သိသာစွာမြင်နေရတယ်။ မျက်မှန်တပ်ထားတာရယ်၊ ပါးလျလျကိုယ်ခန္ဓာရယ်၊ ဂစ်တာပေါ်မှာ တလှုပ်လှုပ်ပြေးနေတဲ့ သွယ်လျလျ လက်ချောင်းတွေ ရယ်၊ ပြီးတော့ အကွက်ဖျော့ဖျော့ရှပ်အကျီကို တံတောင်ဆစ်အပေါ်ဘက် ထိ ခေါက်တင်ထားတယ်။
အို ဘုရားသခင် ..လွန်ခဲ့တဲ့ ကာလတစ်ခုဆီက အိုအေစစ် စတူဒီယို ကို ကျွန်မစိတ်တွေ တစ်ခေါက်ပြန် ရောက်သွားတယ်။ ရှပ်အကျီကို ခုလိုပဲ တံတောင်ဆစ်အပေါ်ဘက်ထိ ခေါက်တင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့တဲ့ သူ့ပုံစံကို ပြန်မြင် ယောင်မိတော့ ဘုရားတမိတဲ့အထိ ကျွန်မ၇င်မှာ လှိုက်ခနဲ တုန်ယင်သွားတယ်။ စောစောက မချောလေးတွေ လွဲမယ် ဆို လွဲချင်စရာပါ။ ခုလိုအနေအထားမျိုးမှာ ကျွန်မရဲ့ညီညီက သူနဲ့ အရမ်းကို ဆင်တူနေပါလား။ အို မဟုတ်ဘူး။ သူ က ညီညီနဲ့ ဆင်တူတာပါ။ အို မဟုတ်သေးဘူး….ကျွန်မရဲ့ညီညီက သူနဲ့ သွားတူနေတာ။ အို မဟုတ်…မဟုတ်သေးဘူး….ဒီလိုနဲ့ ကျွန်မ စိတ် တွေ ဇဝေဇ၀ါနဲ့ လည်ထွက်သွားတယ်။ ကျွန်မရဲ့ ညီညီက သူနဲ့ သွားတူတာလား၊ သူက ကျွန်မရဲ့ ညီညီနဲ့ လာတူနေတာ လား။ ဒါကိုတော့ မပြောတတ်တော့ပါဘူး။ နောက်ဆုံး မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကျွန်မရဲ့ ပင်ကို မျက်လုံး အစစ်နဲ့ ပြန်ကြည့်မိတော့မှ အင်း ကျွန်မရဲ့ ညီညီက ဘယ်သူနဲ့မှ မတူပါဘူးလေလို့ သက်ပြင်း ချမိတော့တယ်။
ကင်တင်းမှာ နေ့လယ်စာစားကြရင်း နဲ့ မိန်းကလေးနှစ်ယောက် လူမှားသေးတဲ့အကြောင်း ညီညီ့ကို ပြော ပြလိုက်တယ်။
“ဟုတ်တယ် ဒီလိုပဲ တချို့ဆို လူမှားပြီး ပခုံးလာပုတ် နှုတ်ဆက်တာရှိတယ်၊ ဒါပေမဲ့ အလွန်ဆုံး မှားရင် သုံး-လေး စက္ကန့်စာလောက်ပါပဲ ချက်ချင်းပဲ မှားသွားပြီ မဟုတ်ဘူးလို့ သူတို့ပြန်သိပါတယ်။ ရုတ်တရက် ပုံစံဆင်တယ် ထင်ရတာပါ၊ တကယ်တော့ မတူပါဘူး၊ မျက်မှန်တပ်ထားတဲ့အခါမျိုးမှာ ပိုမှားလေ့ရှိတယ်”လို့ ညီညီက ပြောတယ်။
“ဟုတ်တယ်ဟုတ်တယ်၊ မျက်မှန်ကြောင့်၊ ပါဝါလည်းသိပ်မရှိဘဲနဲ့ဟာ မျက်မှန်မတပ်နဲ့တော့”လို့ ကျွန်မ တတွတ်တွတ်ပြောမိသွားတယ်။ ဘာဖြစ်လို့လဲ၊ ကျွန်မရဲ့ညီညီကို နာမည်ကျော်ကြား ထင်ရှားနေတဲ့ လူတစ်ယောက်နဲ့ မတူစေချင်တာပဲလား၊ မတူဘူးမတူဘူးလို့ စိတ်ထဲ ငြင်းဆန်နေမိတယ်။
တစ်ကြိမ်မှာတော့ န၀ရတ်စတူဒီယိုရဲ့ ကင်တင်းမှာပဲ သူနဲ့ တစ်စားပွဲတည်း အတူထိုင်ဖြစ်ခဲ့ကြတယ်။ ညီညီနဲ့ သူ အပြန်အလှန် နှုတ်ဆက်စကားဆိုကြတာကို ကျွန်မ ဘေးကနေ ထိုင်ကြည့်နေမိတယ်။ “မတွေ့တာတောင် ကြာပြီ၊ ဘာတွေ လုပ်နေလဲ” လို့ သူတို့အချင်းချင်း နှုတ်ဆက်ရုံကလေးပါပဲ။ သူတို့နှစ်ယောက်စလုံးက စကားနည်းကြတယ်။ တစ်ယောက် ပြန်ဖြေလိုက်တာကို တစ်ယောက်က သေချာကြားမိပုံတောင် မပေါ်ဘူး။ (တွေ့တာနဲ့ စကားတွေ ကြီးကြီးကျယ်ကျယ်၊ တောင် ရောက်မြောက်ရောက်၊ ထင်ရာမြင်ရာ၊ ပုတ်ပုတ်ခတ်ခတ်၊ ဟိုငြင်းဒီခုံ လုပ်တတ်တ်တဲ့သူတွေထဲမှာသူတို့ မပါဘူး) ကိုယ့်အတွေးနဲ့ကိုယ် ဆိတ်ဆိတ်ထိုင်နေကြတယ်။ ကျွန်မကိုလည်း ညီညီ့မိတ်ဆွေမိန်းကလေးတစ်ယောက် ဒီစားပွဲမှာ ထိုင် နေတယ်ဆိုတဲ့ သဘောလောက်ပဲ ရိုးရိုးရှင်းရှင်း သူမြင်ပုံရတယ်။ မြင်ဖူးသလိုလိုပဲဆိုပြီး ကွက်ကြည့်ကွက်ကြည့် လုပ်တာမျိုး၊ အလ္လာပသလ္လာပ စကားတွေ ရောယောင်ဆိုတာမျိုး သူတစ်ခုမှ မလုပ်ဘူး။ အိုအေစစ်စတူဒီယိုထိ ငါ့ကို အင်တာဗျူး လာလုပ် ဖူးတဲ့မိန်းကလေးပါလားလို့လည်း သူ့အာရုံမှာ မိပုံမပေါ်ဘူး။ ကျွန်မဘက်က ဒါကို အစပြန်ဖော်ပြီး ပြောပြရင် သူကောင်း ကာင်း မှတ်မိလိမ့်မယ်လို့ ယုံကြည့်ပေမဲ့ ဘာတစ်ခုမှ ကျွန်မ မလုပ်မိဘူး။ ခုလို ကျွန်မရဲ့ညီညီနဲ့ သူနဲ့ ဘေးချင်းယှဉ်လျက် တွေ့လိုက် ရပါမှ သူတို့နှစ်ဦး ဘာမှ မတူပါဘူးလို့ ကျွန်မ သေချာသွားတော့တယ်။
အဲဒီမှာ ပြောမယ်စိတ်ကူးဖူးတဲ့ လွန်ခဲ့တဲ့နှစ်များစွာက စကားတစ်ခွန်း “ရှင့် သီချင်းတွေကို ကျွန်မ အရမ်းချစ်တာ လေ” ဆိုတာကို ဖွင့်ဟပြောပြလိုက်ဖို့ ကျွန်မ ကြိုးစားကြည့်ပါသေးတယ်။ ဂီတ မိတ်ဆွေတွေချင်းပဲမို့ ကျွန်မ ဒီလို ပြောလိုက် လို့လည်း ကျွန်မရဲ့ ညီညီက ဘာမှ ဝေဖန်ချက်ပေးလိမ့်မှာမဟုတ်ဘူးဆိုတာလည်း သိသိကြီးနဲ့ ကျွန်မရင်ထဲ ဘယ်လို အရာက တင်းခံနေမှန်း မသိတော့ပါဘူးရှင် ……..။
၂၀၀၄၊ ဖေဖော်ဝါရီ ၇ ရက်..
The Ant က မောင်မောင်ဇော်လတ် စီစဉ်တဲ့ အိပ်မက်တိုင်းမှာ Unplugged Live Show အတွက် ဂစ်တာ တီးပေးဖို့ ကိုမင်းဦး(The Trees Band)က ကျွန်မကို လာခေါ်ခဲ့လို့ မသေသေးတဲ့ဝါသနာအရ ‘လင်း” စတူဒီယိုခြံဝင်းထဲ ကျွန်မ ရောက်နေ ခဲ့ပါပြီ။ တကယ်တော့ အဲဒီအချိန်မှာ ကျွန်မက စာရေးဆရာဖြစ်နေပါပြီ။ Family မဂ္ဂဇင်းမှာလည်း အယ်ဒီတာ ၀င် လုပ်နေခဲ့ပြီ။ စာပေသမားဖြစ်နေလို့ ဂီတအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ ကိုမင်းဦးနဲ့က တစ်မြို့တည်းသားတွေဖြစ်ပြီး ငယ်စဉ် ကတည်းက အတူ ဆိုတီးနေကျမို့ သူ့ကို ချစ်ခင်စိတ်နဲ့ ၀င်တီးဖြစ်ခဲ့တာ)။ သစ်ပင်လေးများ အဖွဲ့နဲ့အတူ ဖြိုးကြီး၊ ယုဇန ၊ သီရိ ဂျေမောင်မောင် တို့ အတွက် သီချင်းတွေ လင်းစတူဒီယိုမှာ ကျင့်ကြတယ်။ တစ်နေကုန်ပဲ။ အဲဒီမှာ သူနဲ့ မမျှော်လင့်ဘဲ တွေ့တယ်။
သူက ဂျောက်ဂျက်လို တူရိယာပစ္စည်းခပ်သေးသေးလေးနှစ်ခုကို လက်တစ်ဖက်စီမှာ ကိုင်ထားပြီး စတူဒီယို ခန်းကျယ် တစ်ခုထဲမှာ လမ်းလျှောက်နေတယ်။ တစ်ခုကို လှုပ်ခါကြည့်လိုက် ၊ နားနားကပ်နားထောင်လိုက်၊ နောက် တစ်ခုကို လှုပ်ကြည့်လိုက် နဲ့ အသံတွေကို နှိုင်းဆနားစွင့်နေပုံရတယ်။ သူ့အသွင်အပြင်က အိုအေစစ် စတူဒီယိုမှာ ဆုံခဲ့တုန်းကနဲ့ မတူ တော့ဘဲ ပိုပြီး ညှဉ်းဆိုးဆိုး ဆန်နေတယ်။ သူ့မျက်နှာကလည်း အရင်ကထက်ပိုပြီး ငေးငိုင်နေတယ်။ အဝေးကြီး တစ်နေရာကို မျှော်ငေးကြည့်နေပုံရတဲ့ သူ့မျက်လုံးတွေဟာလည်း သူ့စိတ်နဲ့ သူ့ခန္ဓာ တွဲလျက် မရှိဘူးဆိုတာကို သွယ်ဝိုက်ပြသ နေကြတယ်။
ကျွန်မတို့ ဂစ်တာတီးနေကြတဲ့ အခန်းကျယ်ကြီးထဲမှာ သူက ဟိုဘက်ဖြတ်လိုက် သည်ဘက်လျှောက် လိုက် လုပ်နေတယ်။ တစ်ခါတစ်ခါ ခေါင်းတညိတ်ညိတ်နဲ့ အဲဒါ သူသီချင်းရေးနေတာလား၊ စကားလုံးတွေ ရှာဖွေနေတာ လား။ ကျွန်မအဖို့ သီရိဂျေမောင်မောင်ရဲ့ သီချင်းတွေက မူရင်းအင်္ဂလိပ်သီချင်း ကြားဖူးပြီးသားတွေမို့ အလွယ်တကူ ရှိလှပေမဲ့ ဖြိုးကြီး နဲ့ ယုဇန သီချင်းတွေက အစိမ်းသက်သက်ဖြစ်နေတာကြောင့် သီချင်းနုတ်စ်တွေထဲ အာရုံမနည်းနှစ်နေရတယ်။ ကျွန်မစိတ်တွေ သီချင်းထဲ နှစ်လို့မရတော့တဲ့ အကြောင်းရင်းက အနားမှာ သူ ရှိနေတယ် ဆိုတဲ့ အသိကြောင့်ပါပဲ။ အခု သီချင်းကျင့်တာတွေ ဘယ်ချိန်ပြီးလို့ ဘယ်အချိန်နားကြမလဲ၊ ကျွန်မတို့ နားချိန်မှာ သူ ဒီမှာ ရှိနေဦးမှာလား။ သူရှိနေဦးမယ် ဆိုပါစို့။ ကျွန်မ သူ့ကို စကား သွားထိုင်ပြောရရင် ကောင်းမလား…အရင်ကတည်းက မပြောဖြစ်ခဲ့ဘဲ သိမ်းထား၇တဲ့ စကားလေးတစ်ခွန်း ကို အခု ပြောပြလိုက်ရမလား………ဒီအတွေးတွေနဲ့ ကျွန်မစိတ်တွေ ဗောက်ဗက်ခတ် နေတယ်။်
ဟင့်အင်း ..သူရှိတဲ့ဘက်ကို မကြည့်မိစေနဲ့လို့ စိတ်တင်းပြီး ကိုယ့်ဂစ်တာကိုယ် စိုက်ကြည့် ခေါင်းငုံ့စွတ်တီး နေ မိတယ်။ ကိုမင်းဦးရဲ့ ဘေးနားမှာ လာရပ်ပြီး သူက တစ်ခုခု ပြောလိုက်တော့ ကျွန်မ မနေနိုင်တော့ဘူး။ သူ့ကို တစ်ချက် မော့ကြည့်မိတော့ သူက ယဲ့ယဲ့လေးပြုံးရင်း ခေါင်းကို ဆတ်ခနဲညိတ်ပြတယ်။ ဒါ ဘာအဓိပ္ပာယ်များလဲ။ ကျွန်မမသိဘူး။ ဂီတမိတ်ဆွေတွေအချင်းချင်း ‘ကောင်တယ် ဆက်လုပ်” လို့ အားပေးတဲ့သဘောလား။ ကျွန်မကို သိကျွမ်းမှတ်မိတယ် ဆိုတဲ့ သဘောလား၊ ဒါဆို ဘယ်လိုမှတ်မိတာလဲ၊ သူ့ကို အင်တာဗျူးလာလုပ်ဖူးတာကို မှတ်မိတာလား၊ သူ့မိတ်ဆွေ ညီညီ့ ရဲ့ ကောင် မလေးပဲ ဆိုပြီး မှတ်မိတာလား…….အသံတိတ်မေးခွန်းတွေ တစ်လှေကြီးနဲ့ ကျွန်မ လုံးထွေးဗျာများသွားတယ်။ သူ့မျက်လုံး တွေထဲ ရှာဖွေစူးစမ်းကြည့်မိပြန်တော့ သူ့မျက်လုံးတွေက ကျွန်မဆီမှာ ရှိမနေတော့ဘူး။ ကျွန်မ ခေါင်းပေါ်ကနေ ကျော်ပြီး နောက်ဘက် အခန်းနံရံတွေ ကြားထဲထိ ပြေးဝင်ထိုးဖောက်လို့ အဝေးကြီးကို ရောက်သွားခဲ့ပါပြီ။
ကျွန်မကို ညီညီလာခေါ်မယ်ဆိုလို့ လင်းစတူဒီယိုအခန်းအပြင်ဘက်ကို ထွက်စောင့်မယ် လုပ်တော့ လှေကားထစ် အောက်ခြေလေးမှာ ငုတ်တုတ်ထိုင်နေတဲ့ သူ့ကို တွေ့လိုက်ရတယ်။ ထုံးစံအတိုင်း အဝေးကြီးတစ်နေရာကို သူငေး ကြည့်နေတယ်။ ဒီတစ်ခါ သူငေးတာကို ရှေ့တူရှူကို မဟုတ်ခဲ့ဘူး။ ကြယ်လေးတွေ ဖြိုးဖြိုးဖြောက်ဖြောက် လက်နေတဲ့ မိုးသား ကောင်းကင်နက်နက်ကြီးထဲကို…..။
အနားမှာ လူတစ်ယောက်စာလောက်လေးခြားပြီး ကျွန်မ သူ့အနား ၀င်ထိုင်လိုက်တော့ “ပြီးသွားပြီလား” လို့ သူက လှည့်မကြည့်ဘဲ မေးတယ်။ “ ဟုတ် ပြီးသွားပြီ” လို့ ကျွန်မဖြေလိုက်တယ်။ ပြီးတော့ ကျွန်မ ပြောချင်လွန်းတဲ့ စကား တစ်ခွန်းကို အခုပဲ ပြောတော့မယ်လို့ ဆုံးဖြတ်ရင်း စကားလုံးတွေ စိတ်ထဲအပြေးအလွှား ကြိုစီနေမိတယ်။ စကားလုံးေ တွ ချောသွားပြီလို့ သေချာသွားတာနဲ့ စကားစပြော မလို့ သူ့ဘက်ကို အားယူ လှည့်ကြည့်လိုက်တယ်။
ကောင်းကင်ကြီးထဲကို သူကြည့်နေပုံက အရင်လို ခပ်ငေးငေး မဟုတ်ဘူး။ တစ်ခုခုကို ရှာဖွေ ငံ့လင့် နေသလိုပဲ ။ တစ်စုံတစ်ရာကို မကြာခင်အချိန်ပိုင်းလေးမှာပဲ တွေ့ရတော့မှာမို့ မျက်တောင်မခတ်တမ်း ငံ့လင့်စောင့်စား နေသလိုမျိုး၊ ဘယ်လို အရာကို သူမျှော်လင့်နေတယ်ဆိုတာ ကျွန်မ မသိနိုင်ပေမဲ့ လောလောဆယ် ကောင်းကင်မိုးသားထဲ ငေးကြည့်နေဲ့ သူ့ရဲ့ ဒီပုံစံ ဒီ အနေအထားလေးကို ကျွန်မ မဖျက်ဆီးရက်တော့ဘူး။ ကျွန်မကြောင့် သူ့စိတ်ကူးလေးတွေ ပုံစံ ပျက်ယွင်းသွားမှာ အရမ်းပဲ စိုးထတ်သွားတယ်။ သူ့စိတ်ကူးနဲ့သူ အဆုံးအစမရှိ၊ လွတ်လပ်စွာ ပျံသန်းနေပါစေတော့….လို့ သူ့ ဘက်ကို မျှဝေစဉ်းစားပေးလိုက်တဲ့အခါ အဆင်သင့်ဖြစ်နေတဲ့ ကျွန်မနှုတ်ခမ်းဝက စကားလုံးတွေဟာ လျှောခနဲ လျှောခနဲ လည်ချောင်းထဲကို ပြန်ပြုတ်ကျသွားတော့တယ်။ ဒါနဲ့ပဲ အသာကလေး မတ်တတ်ရပ်၊ ခြေထောက်တွေကို လှေကား ထစ်လေး ပေါ် ဖွဖွကလေး နောက်ပြန်တက်၊ ကိုယ်ကို ယို့ပြီး သူ့အနားကနေ ခွာခဲ့တော့တယ်။
၁၀ ရက်နေ့ Pioneer Club မှာ Live Show အစီအစဉ်ရိုက်ကူးတဲ့အခါ သူက percussion ၀င်တီးပေးမယ်လို့ သိရတယ်။ အဲဒီနေ့ကို ရောက်တော့ နေမျိုးဆေး လက်စွမ်းပြထားတဲ့ ပူပူပြင်းပြင်း decoration ၊ ဖယောင်းတိုင်မီးတွေ ပတ်ပတ်လည် ထွန်းညှိထားတဲ့ကြားမှာ ဗီဒီယိုကင်မရာမီးတွေ ပြုံထိုးထားတာကိုလည်း ခံနေရလို့ စိတ်တွေ ကျဉ်းကျပ်၊ မျက်လုံးတွေ ပြာဝေပြိး ကျွန်မ သူ့ကို သတိမထားမိတော့ပါဘူး။
မေ့မရတဲ့ လူ (ဇာတ်သိမ်းပိုင်း)
၂၀၀၄၊ သြဂုတ်၊ ၁၄ရက်...
ကျောက်မြောင်း၊ မဂ္ဂင်လမ်းမှာရှိတဲ့ အမေ့အိမ်ကနေ ကျွန်မအလုပ်သွားမလို့ ထွက်လာခဲ့တယ်။ လမ်းထိပ်မှာ TheTrees “သစ်ပင်လေးများ”အဖွဲ့က ကိုမင်းဦးရဲ့ အမျိုးသမီးနဲ့တွေ့တယ်။
“ကိုငှက်မရှိတော့ဘူး၊ အခုသူ့အိမ်သွားမလို့ လိုက်ခဲ့ပါလား”လို့ ဗလုံးဗထွေး ပြောတယ်။ မစ္စစ်မင်းဦးရဲ့ မျက်လုံးတွေက နီရဲလို့၊ ငိုထားတယ်။ အမှန်ဆို လူတစ်ယောက် သေဆုံးကြောင်းသတင်းကြားမိတာနဲ့ ပထမ “ဟင်..ဟုတ်လား”လို့ အာမေဋိတ်ဖြစ်မယ်၊ ပြီး “အို.. ဘယ်တုန်းကလဲ” လို့ ဘယ်သူမဆို အချိန်ကို မေးမိကြမှာ ပဲ။ အဲဒီမှာ ကျွန်မ ဖြစ်ပျက်နေပုံက “ဟင်..ဟုတ်လား” လို့လည်း တအံ့တသြ မဖြစ်မိဘူး။ ဘာမှလည်း မတုံ့ပြန်ဖြစ်ဘူး။ လှုပ်လှုပ်ရှားရှား မဖြစ်ဘဲ ငြိမ်နေတဲ့ ကျွန်မပုံစံကြောင့် မစ်္စစ်မင်းဦးက “သွားနှင့်မယ်၊ လိုက်ခဲ့လေ”လို့ပြောပြီး ကျွန်မမြင်ကွင်းကနေ လှစ်ခနဲပျောက်သွားတယ်။ တကယ်ဆို ဒီလမ်းထိပ်မှာပဲ ကျွန်မခြေလှမ်းတွေ ဘယ်ဘက်ကိုချိုးပြီး သီတာလမ်းဘက် လျှောက်သွားသင့်တာ။ အခု သည်နေရာမှာပဲ ငြိမ်လို့ အတောင့်သားရပ် ကျန်နေမိတယ်။
လူတချို့က ကျွန်မကို ပခုံးနဲ့ဝင်တိုက်သွားကြတယ်၊ ဆိုက်ကားတွေက ဆူဆူညံညံအသံပြုပြီး ကျွန်မကို ကွေ့ဝိုက်ရှောင်ကွင်းသွားကြတယ်။ ဒါတွေကို မျက်လုံးကမြင်နေပေမဲ့ ကျွန်မခြေထောက်တွေ လှုပ်လို့ကိုမရဘူး။
“သူမရှိတော့ဘူး၊ မရှိတော့ဘူး”ဆိုတဲ့ အသံနက်ကြီးတစ်သံက ရင်တစ်ပြင်လုံး ပွင့်ထွက် ပေါက်ကွဲ သွားမတတ် အတွင်းသားထဲကနေ သွက်သွက်ခါခါ အော်မြည် ရုန်းကန်နေတယ်။ ဒါဟာ ဘယ်လို ခံစားချက် ကြီးလဲ ဆိုတာကို ကျွန်မ ထုတ်ဖော် မပြောပြတတ်တော့တဲ့အထိပါပဲ။ ပြီးတော့ ဒီခံစားချက်ကြီးကို ကျွန်မ မုန်းလိုက်တာရှင်။ အမှန်က ကျွန်မကိုယ်ကျွန်မ မုန်းနေမိတာ။
“ခုမှ မရှိတော့ဘူး လုပ်မနေနဲ့”၊ “ရှိတုန်းက စကားလေးတစ်ခွန်းတောင် ပြောဖြစ်ခဲ့လို့လား..”။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်ထုတ်မိတဲ့မေးခွန်းတွေနဲ့ ကျွန်မ တစ်ကိုယ်လုံးပူပြင်းတောက်လောင်လာတယ်။ ဘယ်လို ခံစားချက်ကြီးပါလိမ့် ….။ ၀မ်းနည်းလိုက်ပါလား၊ မျက်ရည်ကျလိုက်ပါလား အဲဒီလို ဆို့နင့်ကြေကွဲလို့လည်း မရဘူး။ အဲဒီနေရာက ချောက်တိချောက်ချက် လက်ဖက်ရည်ဆိုင်လေးရဲ့ခုံတစ်လုံးကို ဆွဲယူ၊ မနည်းကို ကြိုးစား ၀င်ထိုင်လိုက်ရတယ်။ သီတာလမ်းဘက် ထသွားချင်လို့ လှုပ်လှုပ် ခါခါဖြစ်နေတဲ့ ကျွန်မ ခြေထောက်တွေကို ပြန်ငုံ့ကြည့်ရင်း ကျွန်မကိုယ်ကျွန်မ မုန်းတီးလာပြန်တယ်။
“သွားပြီး ငါ ဘာလုပ်မှာလဲ၊ ဘာပြောမှာလဲ”
“ဘာပြောပြော သူမကြားနိုင်တော့ဘူး၊ မသိနိုင်တော့ဘူး”
“သိနိုင် ကြားနိုင်တုန်းက ငါ ဘာလို့ မပြောခဲ့တာလဲ” အဲဒီလို မေးခွန်းတွေက ဦးနှောက် တစ်ပြင်လုံး ပတ်ချာ လှည့် မြည်တမ်းထွက်လာနေတယ်။ အဲဒီခဏလေးမှာ ကျွန်မ အရာရာကို မေ့သွားခဲ့တယ်ထင်ပါတယ်။
xxxxxxxx
သူ့အိမ်ကို ကျွန်မ မရောက်ခဲ့ဘူး။ သူ့ရဲ့ နာရေးကြော်ငြာလေးတွေ သတင်းစာထဲပါလာတော့လည်း ကျွန်မ မကြည့်ခဲ့ဘူး။ သူ့ရဲ့ ဈာပန အခမ်းအနားကို မသွားခဲ့ဘူး။ နောက်ဆုံးခရီးကို မပို့ခဲ့ဘူး။ သူ့အကြောင်း လူတွေက တသသပြောကြတော့လည်း ကျွန်မ ၀င်မပြောဘူး။ သူရှိနေစဉ်က အခါအခွင့်သင့်ပါလျက်နဲ့ စကား လေး တစ်ခွန်းတောင်မပြောနိုင်ခဲ့တာ အခုမှ ဘာတွေထူးပြီး လုပ်နေရဦးမှာလဲ။
ကျွန်မကိုယ် ကျွန်မ မုန်းတီးမိတဲ့ နောင်တစိတ်တွေနဲ့ ကျွန်မရဲ့အခန်းထဲမှာ........................ကျွန်မ လေ………။
xxxxxxxx
စာအုပ်စင်ပေါ်က မဂ္ဂဇင်းစာအုပ်တွေကို ဆွဲဖြိုချပြီး တစ်ခုတည်းသော မဂ္ဂဇင်းလေးကို ကျွန်မ အာသာ ငမ်းငမ်း ရှာဖွေနေမိတယ်။ တွေ့ပါပြီ။ ရုပ်ရှင်စတားမဂ္ဂဇင်းလေး။ အနှောင့်တွေတောင် ပြဲစုတ်နေပြီ။ ထက်ထက် မိုးဦးရဲ့ cover လေးနဲ့။ အတွဲ (၁)၊ အမှတ် (၁၂)။ တစ်နှစ်ပြည့်အထူးထုတ်တဲ့။ ၁၉၉၇ တဲ့။ အဲဒီတုန်းက သတိ တောင် မထားမိဘူး။ ၁၉၉၇ ဘေးက သြဂုတ်လ ဆိုတာကို မြင်လိုက်မိမှ မဂ္ဂဇင်းလေးဟာ ကျွန်မ လက်ထဲကနေ ကြမ်းပြင်ဆီကို လျှောခနဲ ပြုတ်ကျသွားတယ်။
ဘုရားသခင် သြဂုတ်လ သြဂုတ်လ……၊ သြဂုတ်လ၊ ……….ဒီသြဂုတ်လ……..။
ရှားရှားပါးပါး တစ်ကြိမ်တစ်ခါတည်းသာ လုပ်ခဲ့တဲ့ သူ့အင်တာဗျူးဆောင်းပါးလေးဟာ သြဂုတ်လ ထုတ်မှာ ပါခဲ့သလို သူ ကျွန်မတို့ကို စွန့်ခွာသွားခဲ့တာ ဒီသြဂုတ်လမှာ…………။
စူးခနဲ နင့်ဆို့သွားတဲ့စိတ်နဲ့အတူ ကျွန်မကြည့်မိတဲ့ ၀န်းကျင်တစ်ခုလုံးေ၀၀ါးသွားတယ်။ အမြင်တွေ ရှုပ်ထွေးသွားတယ်။ မျက်မှန် ဘာဖြစ်သွားတာပါလိမ့်။ အို မဟုတ်ဘူး ကျွန်မမျက်လုံးမှာ မျက်ရည်စတွေ ခိုတွဲ လာတာ။ မျက်တောင်တစ်ချက်ခတ်လိုက်တော့ ခိုတွဲနေတဲ့ မျက်ရည်တွေက ပါးပြင်ပေါ် တလိမ့်ချင်း လူးလိမ့် ကြွေဆင်းလာတယ်။ ဘုရားသခင် …ဒါ ကျွန်မ မျက်ရည်တွေလား။ လက်ဝါးနှစ်ဖက်နဲ့ ပါးပြင်ပေါ်က မျက်ရည် တွေကို တို့ထိစမ်းရင်း ကျွန်မကိုယ်ကျွန်မ မယုံနိုင်အောင် အံ့သြငေးငိုင်မိသွားတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်၊ အဖြစ်သနစ်တွေ ပူနွေးလတ်ဆတ်တုန်းက တစ်စက်မှ မကျခဲ့တဲ့ မျက်ရည်……အခု ဘယ်လိုလုပ်ပြီး ဒီလောက်ကြာမှ………..။
ကျွန်မ အခန်းထဲမှာ အရာရာ ပိန်းပိတ်အောင် မှောင်အတိကျသွားတယ်။ အဲဒါ မီးပျက်သွားတာလား။ ကျွန်မ မျက်စိတွေ ကန်းသွားတာလား။ နံရံထက်ကနေ ကြမ်းပြင်ဆီ ဖတ်ခနဲလွင့်စဉ်ဝဲကျလာတဲ့ အရာတစ်ခုကို ၀ိုးတ၀ါးလေး မြင်တယ်။ စမ်းတ၀ါးဝါးနဲ့ ကောက်ယူလိုက်မိတယ်။ ဇွန်လမှာ အမြဲရပ်တန့်နေတဲ့ ကျွန်မရဲ့ တစ်ခု တည်းသော ပြက္ခဒိန်။ အသေအချာ ချိတ်တွဲထားတဲ့ နံရံထက်က ပြက္ခဒိန်က ဘယ်လိုပြုတ်ကျလာသလဲ ကျွန်မ မသိဘူး။ ကြောင်စီစီနဲ့ ပြက္ခဒိန်ကို ကျွန်မ ကြည့်နေမိတယ်။
ဘယ်ကနေ စီးဖြာနေတယ် မဆိုနိုင်တဲ့ အလင်းတစ်စအောက်မှာ မိမိရရ ထောင်ကြည့်လိုက်တော့ သြဂုတ်လကို လှန်ထားတဲ့ ပြက္ခဒိန်စာရွက်။ ဘုရားသခင် ဒီပြက္ခဒိန်ကို ဘယ်သူ သြဂုတ်လရောက်အောင် လှန်ခဲ့သလဲ။ နံရံကနေ ပြုတ်ကျပြီးမှ သြဂုတ်လကို ရောက်သွားတာလား။ သြဂုတ်လကို တိတ်တဆိတ် ရောက်ခဲ့ပြီးမှ ဒါဟာ နံရံထက်က ပြုတ်ကျခဲ့တာလား….တစ်ခုခုတော့ မှားနေပြီ။ ဟင့်အင်း ဒါကမှ မှန် နေတာ ဖြစ်ရင်ဖြစ်မှာ။ ကျွန်မ အခန်းထဲက တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်သနစ်တွေကို ကျွန်မ ကိုယ်တိုင် လိုက်လို့မမီ တော့ဘူးဖြစ်နေတယ်။ ကျွန်မ ခေါင်းတစ်ခုလုံး ရှုပ်ထွေးပွယောင်းလာတယ်။
““ကိုယ့်ရဲ့အခန်းငယ်လေးထဲမှာ နေ့တိုင်း အားငယ်ထိတ်လန့်စွာ ပုန်းအောင်းနေ တစ်ယောက်တည်း အလင်းရောင်များပျောက်ဆုံး အထီးကျန်ကမ္ဘာလေးပဲ xxxxx တစ်လောကလုံးရွံ့မုန်း စိတ်နာနေဆဲ ကိုယ့်ရင်ထဲမှာလည်း အဖော်ကွဲ ဂစ်တာဟာ အသံမဲ့သွားတယ်”
အခန်းအပြင်ဘက်ထွက်ပြေးပြီး စကြ၀ဠာအဆုံး ကောင်းကင်အမိုး ဖောက်ခွဲ တစ်ယောက်တည်းထိုင်နေတာ အိပ်မက်တယ်...””
ကျွန်မအခန်းထဲမှာ ကျွန်မတစ်ယောက်တည်းရှိတဲ့အချိန်တိုင်း ဒီသက်ငြိမ်သီချင်းလေးက အချိန်မှန် ထွက်ပေါ်လွင့်ပျံ့လာတတ်တယ်။ wifi sound box တွေကနေ ထွက်ပေါ်လာသလား၊ အခန်းနံရံတွေကနေ ထွက်ပေါ်လာသလား ဘယ်နေရာကနေ ထွက်ပေါ်လာတာလဲ သဲသဲကွဲကွဲ မရှိလှဘူး။
ကျွန်မ စိတ်တွေမထိန်းနိုင်တော့ဘူး။ ငိုချင်တယ်။ ငိုတယ်။ တကယ်ပဲ ငိုနေပါတယ်။ ရှစ်နှစ်ကြာမှ အတမ်းတမ်း အတတ၊ အနွမ်းနွမ်းအလျလျနဲ့ ကျွန်မငိုတယ်။ ကျွန်မအတွက် ကျွန်မ ငိုတာလား၊ သြဂုတ်လ နဲ့အတူ မေ့မရတဲ့လူတစ်ယောက်အတွက် ငိုတာလား။ ကျွန်မ တစ်ယောက်တည်းရှိတတ်ချိန်မှာ မဖွင့်ဘဲ အမြဲလို ပေါ်ထွက်လာတတ်တဲ့ သီချင်းသံတွေအတွက် စိတ်ချောက်ချားပြီး ငိုတာလား။ တခြားငိုချင်စရာ အကြောင်း ရင်းခံတွေကပဲ တိတ်တဆိတ်လေး လှုံ့ဆော်နေလို့ပဲလား။ မသိဘူးမသိဘူး။ တကယ်ပဲမသိတော့ ပါဘူး။ ကျွန်မ ငိုတယ်။ ဘယ်သူမှ ချော့မျြူမနိုင်အောင် ကျွန်မငိုတယ်။ ဘာ့အတွက်ငိုမှန်းမသိတဲ့စိတ်တွေနဲ့ ကျွန်မ ငိုတယ်။ သြဂုတ်လကို ကူးဝင်လိုက်တဲ့ ပထမဆုံး ၁ရက် ဗုဒ္ဓဟူးနေ့ညမှာပဲ သည်းသည်းထန်ထန် ကျွန်မ ငိုတယ်။ အနားကို ရှင်ရောက်လာမှာ ကြောက်လွန်းလို့ ကျေးဇူးပြုပြီး ကျွန်မနဲ့ဝေးဝေးနေပေးပါရှင်လို့ တောင်းပန် တိုးလျှိုးနေမိတယ်။
ကျွန်မငိုလေလေ သီချင်းသံက ကျယ်ကျယ်လောင်လောင်ပီပီသသကြီး ထွက်ပေါ်လာလေလေ။ ကျွန်မ ဒီသီချင်းကို လုံးဝ မဖွင့်ခဲ့ပါဘူးရှင်။
“အခန်းအပြင်ဘက်ထွက်ပြေးပြီး စကြ၀ဠာအဆုံး ကောင်းကင်အမိုးဖောက်ခွဲ တစ်ယောက်တည်း ထိုင်နေတာ အိပ်မက်တယ်”
“အခန်းအပြင်ဘက်ထွက်ပြေးပြီး စကြ၀ဠာအဆုံး ကောင်းကင်အမိုးဖောက်ခွဲ တစ်ယောက်တည်း ထိုင်နေတာ အိပ်မက်တယ်”
“အခန်းအပြင်ဘက်ထွက်ပြေးပြီး စကြ၀ဠာအဆုံး ကောင်းကင်အမိုးဖောက်ခွဲ တစ်ယောက်တည်း ထိုင်နေတာ အိပ်မက်တယ်”
စကားပြောရေရွတ်လိုက်သံက ကျွန်မအနားနား ကပ်ပြောလိုက်သလို အတိုင်းသားကြီးဝင်လာတယ်။ တစ်ကြိမ်တည်းမဟုတ်ဘူး။ အထပ်ထပ်အခါခါ ……ယောင်ယမ်းပြီး ပြတင်းဝကနေ မည်းမည်းမှောင် ကောင်းကင်အမိုးဆီ ပြေးထွက်မော့ကြည့်လိုက်မိတော့ ကျွန်မ ပါးနားတစ်ဝိုက်မှာ စူးစူးစိမ်းစိမ်း အသက်ရှူသံ တစ်ခုနဲ့အတူ လေငွေ့နွေးနွေးက ရှတတလေးရိုက်ခတ်သွားတယ်။ “ကောင်းကင်အမိုး ဖောက်ခွဲ တစ်ယောက် တစ်ယောက်တည်း ထိုင်နတာ အိပ်မက်တယ်” လို့ ကျွန်မကို စကားလာပြောလိုက်သလား….။ စီးကရက်နံ့လိုလို အနံ့အသက်တစ်ခုကို ကျွန်မ အသေအချာကြီး ရှူရှိုက်လိုက်မိပြန်တယ်။ ညကြီးသန်းကောင် ဘယ်သူ ကျွန်မအခန်းထဲလာပြီး စီးကရက်ထိုင်သောက်နေလဲ။
တကယ်ဆို အခန်းထဲမှာ ကျွန်မတစ်ယောက်တည်းပါ။ ဒါပေမဲ့ လူတစ်ယောက်ယောက် အနားမှာ အသေအချာရောက်နေသလို တကယ်ပဲ ရှိန်းရှိန်းမြမြ ခံစားထိတွေ့နေရတယ်။ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ အမှန်တရား ဒါမှမဟုတ် ၀ိညာဉ်တစ်စုံ ကျွန်မအခန်းထဲမှာ ၀ဲပျံနေတယ်။
ဘုရားရေ..ဘုရားသခင်...အို..သေချာပါတယ်...အဲဒါ သူရှိနေတာ..။
စုမီအောင်
(၂၀၀၈ ခုနှစ် ၊ သြဂုတ်လထုတ်၊ Faces မဂ္ဂဇင်းမှာ ပါခဲ့တဲ့စာဟောင်းကို အခု လက်ရှိခံစားချက်နဲ့ မွမ်းမံလိုက် တာပါ။ ကျွန်မသတိရသလို ရှင်တို့အားလုံးပဲ သူ့ကို သတိရနေလိမ့်မယ်လို့ယုံကြည်ပါတယ်၊ အထူးသဖြင့် အခုလို မိုးဖွဲဖွဲရွာဆဲ သြဂုတ်လတွေမှာပေါ့)
No comments:
Post a Comment