Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 29, 2013

ကောင်းကင်မှာအတောင်ဆန့် ပျံဝဲလိုသူ ဂျွန်ထရာဗိုလ်တာ

ဂျွန်ထရာဗိုလ်တာဟာ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ချီးကျူးဂုဏ်ပြုခံရဆုံး၊၊ ပရိတ်သတ်အတွက် အမြဲကြိုးကြိုးစားစားသရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တွေထဲကတစ်ဦးပါ။ ၁၉၇၅ ခုနှစ်က တီဗီဇာတ်လမ်းတွဲ Welcome Back, Kotter မှာ အတန်းဖော်တွေကြားထင်ပေါ်သူ၊ စိတ်ကြီးဝင်၊ ဘဝင်ခိုက်နေတဲ့ အီတလီ-အမေရိကန်ကပြားလူငယ်လေး၊ ပျိုတိုင်းကြိုက်တဲ့လူငယ်လေး Vincent "Vinnie" Barbarino ဆိုတဲ့ အဖြစ် ရွှတ်နောက်နောက်သရုပ်သွားခဲ့ပုံနဲ့ စပြီးသရုပ်ဆောင်ခဲ့တယ်။

 အဲဒီဇာတ်ကောင်ရဲ့ဟန်ပန်အမူအရာနဲ့ အလိုက်ဖက်ဆုံးဖြစ်ခဲ့ပြီး လူသိများလာခဲ့ပါတယ်။ Welcome Back, Kotter ထဲမှာ ၁၉၆၀ ခုနှစ်လောက်က ရစ်သမ် နဲ့ ဘလူးစ်ဂီတစတိုင်လ်ဖန်တီးတဲ့ The Regents ရဲ့ သီချင်း Barbara Ann ကို ဂျွန်ထရာဗိုလ်တာသီဆိုခဲ့တော့ ဂီတပရိတ်သတ်တွေကပါ အကြိုက်တွေ့သွားခဲ့ကြတာပေါ့။ 
ဖခင်က ဘောလုံးသမားတစ်ဦးဖြစ်ခဲ့ပေမဲ့ မိခင်ကတော့ သရုပ်ဆောင်၊ အဆိုတော်ဖြစ်နေတော့ မိခင်ရဲ့ ဗီဇတွေ သူ သိမ်းပိုက်ရယူနိုင်ခဲ့တာပါပဲ။ မောင်နှမ ၆ ယောက်ထဲမှာ အငယ်ဆုံးဖြစ်ခဲ့ပြီး အဲဒီ တီဗီဇာတ်လမ်းတွဲထဲမှာပဲ အစ်မ အဲလန်လည်း ပါဝင်သရုပ်ဆောင်ခဲ့သေးတယ်။ ဂျွန်ထရာဗိုလ်တာဟာ ကခုန်ရတာကိုလည်း အင်မတန်ဝါသနာကြီးလှတယ်။ သူ့ရဲ့ ဒစ်စကို အကအခုန်အစွမ်းကိုတော့ Saturday Night Fever နဲ့ Grease ရုပ်ရှင်တွေမှာ ကြည့်ခဲ့ရမှာပါ။ Grease ထဲက ရှုးဖိနပ်သံ စည်းချက်ကျကျ အကတွေက စွဲမက်စရာ၊ နှစ်သက်ချီးကျူးစရာပါပဲ။ အဲဒီနောက်ပိုင်း ၁၉၈၀ ခုနှစ်တွေကတော့ ထရာဗိုလ်တာသရုပ်ဆောင်မှုအစွမ်း အနည်းငယ်ငြိမ်သက်အေးဆေးခဲ့တဲ့အချိန်တွေဖြစ်သွားခဲ့တယ်။  ၁၉၈၉ Look Who’s Talking မှာသရုပ်ဆောင်ခဲ့ချိန်မှာ အဲဒီရုပ်ရှင်ဟာ ပျှမ်းမျှ ဒေါ်လာ သန်း ၃၀၀ ရရှိခဲ့ပါတယ်။ ဒါရိုက်တာ Quentin Tarantino ရိုက်ကူးခဲ့တဲ့ Pulp Fiction မှာ သရုပ်ဆောင်လမ်းကြောင်းပေါ်မှာ မားမားမတ်မတ်မတ် ပြန်လည်ရပ်တည်နိုင်ခဲ့တယ်။ Pulp Fiction နဲ့ Saturday Night Fever မှာ အကယ်ဒမီဆုအတွက် အကောင်းဆုံးသရုပ်ဆောင်ဆုလျာထားစာရင်းဝင်ခဲ့ပါတယ်။ သန်းပေါင်းများစွာကြွယ်ဝချမ်းသာတဲ့ မီလျံနာကြီးကို Rolling Stone မဂ္ဂဇင်းမှာ လေးကြိမ်မှတ်တမ်းတင်ဖော်ပြလိုက်တယ်။ 
ဂျွန်ထရာဗိုလ်တာနဲ့ နောက်ထပ်ကျွမ်းကျင်မှုကတော့ စီးပွားဖြစ်လေယာဉ်မှုးလက်မှတ်ရရှိခဲ့တာပါ။ ဂုဏ်သတင်းကြီးဆုံးလေယာဉ်မောင်းဆု နှစ်ဆုကိုလည်း ပိုင်ဆိုင်ထားနိုင်သေးတယ်။ လေယာဉ်ပျံသန်းမောင်းနှင်ဖို့ အရူးအမူးဝါသနာကြီးမှုကို သူ့မှာ ရှိနေတဲ့ Gulfstream လေယာဉ်သုံးစင်းရယ်၊ စိတ်ကြိုက်မှာယူထားတဲ့ ဘိုးရင်း ၇၀၇ နဲ့ Lear ဂျက်လေယာဉ်တွေက မီးမောင်းထိုးပြနေတာပဲပေါ့။ 
တကယ့်ကိုပဲ ဂျွန်ထရာဗိုလ်တာရဲ့ လေယာဉ်မောင်းဖို့ စိတ်အားထက်သန်မှုပြင်းထန်လိုက်တာ သားငယ်ကိုတောင် jett လို့ နာမည်ပေးခဲ့သေးတယ်။ အဲဒီသားငယ်ဟာ ၂၀၀၉ ခုနှစ် ခရစ်စမတ်အားလပ်ရက်တစ်ခုမှာ ဆုံးပါးသွားခဲ့ဖူးပါတယ်။ ဖလော်ရီဒါ၊ Ocala ရှိ ဂရေးစတုန်းလေဆိပ်မှာ ဒေါ်လာ ၄.၉ သန်းကုန်ကျတဲ့ ကိုယ်ပိုင်လေယာဉ်ပြေးလမ်းဝယ်ယူထားခဲ့ပါတယ်။ ဘာသာတရားအယူအဆဆိုရင်တော့ ရိုမန်ကက်သလစ် ကနေ ၁၉၇၅ မှာ Scientology (အဆုံးမသတ်တဲ့နာမ်ဝိညာဉ်၊ ဘဝသစ်ပြန်ဝင်စားခြင်း၊ နာမ်လောကစိတ်ကုထုံးတွေယုံကြည်တဲ့ အယူဝါဒ)ကို ပြောင်းလဲလက်ခံလိုက်တာက ဒီနေ့အထိပါပဲ။ အဲဒီ ၁၉၇၅ ခုနှစ်လောက်က မက္ကဆီကို Durango မှာ The Devil’s Rain ရုပ်ရှင်ရိုက်ကူးရင်း Dianetics: The Modern Science of Mental Health စာအုပ်ကိုဖတ်ခဲ့ရပြီးနောက် ကူးပြောင်းခဲ့တာပါ။ ၂၀၁၀ ဟေတီ ငလျင်လှုပ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို တခြား ထင်ပေါ်ကျော်ကြားသူတွေနဲ့ တတ်စွမ်းသလောက် အတူပူးပေါင်းပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ 707 လေယာဉ်ပေါ် အထောက်အပံ့ပစ္စည်းတွေ၊ ဆရာဝန်တွေ နဲ့ Scientologist ဗော်လန်တီယာတွေပါ တင်ဆောင်ပြီး သူကိုယ်တိုင်ပျံသန်းမောင်းနှင်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေပြုလုပ်ခဲ့ကြတာပါ။

ဂျွန်ထရာဗိုလ်တာ ရဲ့ ကိုယ်ပိုင်လေယာဉ်ထားနိုင်တဲ့ စံအိမ်
ဟောလိဝုဒ်စူပါစတား ရဲ့ လေယာဉ်ချစ်မက်မှုကိုဖြည့်တင်းပေးနိုင်မယ့် အိမ်မျိုးပေါ့။ garage ဂိုထောင်တစ်ခုရှိတာဟာ သူ့ရဲ့ ကားတွေအတွက်မဟုတ်ပါဘူး။ လေယာဉ်တွေသိမ်းထားနိုင်မယ့် ဂိုထောင်ပါ။ Frank Sinatra ဆီက ဒေါ်လာ ၃.၅ သန်းနဲ့ ဝယ်ယူခဲ့ပြီး လေယာဉ်ပြေးလမ်းကြောင်း၊ လေယာဉ်ထားတဲ့ရုံ၊ လေကြောင်းထိန်းမျှော်စင်အဆောက်အဦးတွေပြန်လည်မွမ်းမံခဲ့ပါတယ်။ အမည်က Jumbolair Aviation Estate ဖြစ်ပြီး လိုင်စင်ရ ပုဂ္ဂလိကလေဆိပ်တွေထဲမှာ အကြီးဆုံးပါပဲ။ နေရာကတော့ ဖလော်ရီဒါ Ocala မြို့မြောက်ပိုင်းမှာပါ။ စံအိမ်ဟာ Gulfstream ဂျက်တွေရယ်၊ နှစ်ဦးထိုင်ဂျက်တိုက်လေယာဉ် နဲ့ အင်ဂျင်လေးလုံးတပ် ဘိုရင်း 707 လေယာဉ်တွေ သိမ်းဆည်းထားနိုင်လောက်အောင်ကျယ်ပြန့်ပါတယ်။ လေဆိပ် terminal အဆောက်အဦးပုံစံ ဒီဇိုင်းထွင်ထားပြီး အဲဒီအိမ်မှာပဲ ဇနီး ကယ်လီပရက်စတန်၊ သမီး အယ်လာ တို့နဲ့အတူနေထိုင်ပါတယ်။ ထရာဗိုလ်တာဟာ အဲဒီအိမ်ကနေ ဘိုးရင်း 707 မောင်းနှင်ပြီး ဝင်လိုက်ထွက်လိုက် မကြာခဏမောင်းနှင်လေ့ရှိသူပါပဲ။
ကောင်းကင်မှာ မကြာခဏအတောင်ဆန့် ပျံသန်းလိုသူအတွက်တော့ ကားဂိုထောင်မဟုတ်ဘဲ လေယာဉ်ဂိုထောင်ကြီးကြီးမားမား လိုနေတော့တာပေါ့။ Gulfstream ဂျက်သုံးစင်းရပ်နားတဲ့ နေရာပါ။ ဘိုးရင်း 727 ပိုင်ဆိုင်ထားတဲ့ပိုင်ရှင်အဖြစ် ထရာဗိုလ်တာ ဂုဏ်ယူပါသတဲ့။ အလတ်စားအရွယ်ရှိတဲ့ ဂျက်ဟာ ခရီးစဉ်လမ်းကြောင်းတိုတိုအတွက်အသုံးပြုဖို့ပါ။ အဲဒီလေယာဉ်နဲ့ ယူအက်စ်အတွင်းခရီးသွားတဲ့အခါ ထရာဗိုလ်တာ မကြာခဏအသုံးပြုလေ့ရှိပါတယ်။ အရွယ်ကြီးမားတဲ့ ဘိုးရင်း 707 ကိုတော့ ခရီးထွက်တဲ့ van ကားတစ်စီးလိုပါပဲ။ 707 ကို တောက်ပမော်ကြွားတဲ့ဖက်ရှင်စတိုင်လ်တစ်မျိုးအဖြစ် ကမ္ဘာတစ်ဝှမ်းခရီးလှည့်တဲ့အခါ မိသားစုဝင်တွေ နဲ့ သူငယ်ချင်းတွေတင်ဆောင်ပြီး သွားလေ့ရှိပါတယ်။ သူ့ရဲ့ တခြား ဂျက်လေယာဉ်တွေကို Bombardier Challenger 601 ဂျက်အဖြစ် အဆင့်မြှင့်ခဲ့ပါတယ်။ ဘိုးရင်း 707 လေယာဉ်ကို ပိုင်ဆိုင်ပြီး မောင်းနှင်ခွင့်ရရှိထားတဲ့ တစ်ဦးတည်းသော ပုဂ္ဂလိက နိုင်ငံသားတစ်ဦးလို့ ဆိုကြတယ်။ ရေတပ်အပြာရောင် ဝတ်စုံနဲ့ ကြွကြွရွရွအဖြူရောင်ကက်ဦးထုပ် ဝတ်ဆင်နိုင်ခွင့်ရှိသူပါ။ အင်ဂျင်တစ်လုံး၊ နဲ့ အထက်အင်ဂျင်တပ်ထားတဲ့ လေယာဉ်မောင်းနှင်နိုင်ခွင့်ရှိသူလည်းဖြစ်ပါတယ်။ အမြင့်ဆုံးလေယာဉ်မောင်း ဆေးအောင်လက်မှတ်လည်းရရှိထားသူပါ။ ဂုဏ်ယူစရာကောင်းတဲ့ အကြီးမားဆုံးဆုလာဒ်ပါလို့ သူက ငံ့ကြွားစွာဆိုလေ့ရှိတယ်။
ဂျွန်ထရာဗိုလ်တာ ရဲ့ ပိုင်ဆိုင်တဲ့ကားတွေ
၁၉၅၅ ၊ ၁၉၅၆ နဲ့ ၁၉၅၇ မိုဒယ် Thunderbird ဖို့ဒ်ကားတွေပိုင်ဆိုင်ပါတယ်။ အဲဒီအမျှိုးအစားဟာ ရှေးကျတဲ့ခေတ်အမေရိကန်လူကုံထံတွေ ကြီးကျယ်ခမ်းနားစွာ စီးလေ့ရှိတဲ့ရိုးရာစတိုင်လ် ကားပုံစံတစ်မျိုးပေါ့။ လေယာဉ်တွေကို ပိုပြီးချစ်ခင်ရင်းနှီးနေတတ်တဲ့ ထရာဗိုလ်တာက ခရီးရှည်တွေအတွက် မသုံးဖြစ်ပါဘူးလို့ဆိုတယ်။ ဒါပေမဲ့ ဒီကားတွေကို မောင်းနှင်ရတာ သဘောတွေ့ပါသတဲ့။

နောက်တစ်စီးက Jaguar XJ6 ပါ။ ကမ္ဘာ့အကောင်းဆုံး Sedan (စလွန်း) ကားလို့ ပြောနေကြတာက ဂျွန်ထရာဗိုလ်တာ တစ်စီးပိုင်ဆိုင်ထားလို့ပဲလို့ ဆိုကြတဲ့အထိပါပဲ။

Rolls Royce ကားအနက်ရောင်တစ်စီးလည်းရှိနေပါတယ်။ Rolls Royce ကားရဲ့ သင်္ကေတကတော့ အမွေအနှစ်တစ်ခုလိုပဲ။ တော်ဝင်တယ်၊ မဟာဆန်တယ်ဆိုတာနဲ့တင် ကျော်ကြားသူတွေဝယ်ယူပိုင်ဆိုင်ထားကြတာမျိုးပါ။
Vintage Sport Car ၁၉၇၀ ထုတ် Mercedes-Benz 280SL ကားလည်းရှိတယ်။ အဲဒီ မာဆေးဒီးစ်ကားကို အခိုးခံခဲ့ရပါတယ်တဲ့။ Jaguar ကားအရောင်းပြပွဲကိုသွားနေတဲ့အချိန်မှာ ခိုးယူသွားခဲ့တာပါ။ ကားတန်ဖိုးက ဒေါ်လာ ၁၀၀၀ ၀၀၀ တန်ကြေးရှိပါတယ်။

ဂျွန်ထရာဗိုလ်တာ ရဲ့ မင်္ဂလာပွဲ
ဟောလိဝုဒ်ရဲ့ ပိုပြီးအောင်မြင်တဲ့လက်ထပ်ပွဲလို့ပြောရမလိုပါပဲ။ ဂျွန် နဲ့ ကယ်လီတို့ရဲ့ဆက်ဆံရေးဟာ နှစ် ၂၀ ကျော်ကြာ အချိန်ကာလရဲ့စမ်းသပ်မှုကို စောင့်ကြည့်ခဲ့ကြတဲ့အချစ်မျိုးပါ။ လက်ထပ်ပွဲ အစီအစဉ်တွေနဲ့ ကိုင်တွယ်စီမံဖို့ ကိစ္စတွေအများကြီးပဲရှိနေကြတာနဲ့ ထရာဗိုလ်တာဟာ ကယ်လီကို ပြင်သစ်အထိ ခိုးယူသွားခဲ့ပါတယ်။ အဲဒီနေ့က ၁၉၉၁ စက်တင်ဘာ ၁၂ မှာပေါ့။ ပဲရစ်မြို့က ဟိုတယ် De Crillon မှာ ညလယ်အခမ်းအနားနဲ့ သူတို့နှစ်ယောက်ရဲ့ ရှည်ကြာခိုင်မြဲခဲ့တဲ့ အချစ်ကို ပိုပြီးချည်နှောင်လိုက်ကြပါတယ်။
ဂျွန်ထရာဗိုလ်တာ ရဲ အားလပ်ရက် ထွက်ပြေးလွတ်မြောက်ရာ အီဖဲလ် မျှော်စင်ဟာ ဂျွန်ထရာဗိုလ်တာရဲ့ အနှစ်သက်ဆုံးအားလပ်ရက်အပမ်းဖြေသွားလေ့ရှိတဲ့နေရာပါပဲ။ မိသားစုနဲ့ အတူ မကြာခဏ အလည်အပတ်သွားတတ်ပါတယ်။
နဲလ်စန်မန်ဒဲလား ကလေးများရံပုံငွေ
ဂျွန်ထရာဗိုလ်တာနဲ့ ဇနီး ကယ်လီပရက်စတန်တို့ဟာ နဲလ်စန်မန်ဒဲလားကလေးများရံပုံငွေ အတွက် အလှူငွေ ဒေါ်လာ ၁၀ ၀၀၀ ကို ပြီးခဲ့တဲ့နှစ် တောင်အာဖရိကက်ုအလည်အပတ်သွားရင်လှူဒါန်းခဲ့တယ်။

Jett Travolta ဖောင်ဒေးရှင်း
ဂျက်ထ် ထရာဗိုလ်တာဖောင်ဒေးရှင်းကို ဂျွန်ထရာဗိုလ်တာရဲ့ ၂၀၀၉ ခုနှစ်က သေဆုံးသွားခဲ့တဲ့ သားငယ်အမှတ်တရအဖြစ်တည်ထောင်ခဲ့တယ်။ ဖောင်ဒေးရှင်းကို ၂၀၀၉ ခုနှစ်ကစတင်ခဲ့ပြီး ဒေါ်လာ ၅၆ ၀၀၀ ခန့် လှူဒါန်းနိုင်ခဲ့ပါပြီ။

အေအိုင်ဒီဘက်စ် ကလေးငယ်တွေ
ထရာဗိုလ်တာဟာ ၁၉၉၂  က စတင်ခဲ့တဲ့ Children with AIDS ကုသိုလ်ဖြစ်အဖွဲ့ကိုအထောက်အပံ့ပေးဖို့ စိတ်အားထက်သန်လှတဲ့သူပါ။ အဲဒီအဖွဲ့ဟာ HIV / AIDS ကူးစက်ခံရတဲ့ကလေးငယ်တွေ ကောင်းမွန်တဲ့ဘဝမှာ နေထိုင်နိုင်အောင် စောင့်ရှောက်ပေးတဲ့အဖွဲ့ပါ။

ဂျွန်ထရာဗိုလ်တာ ရဲ့ Brand ပစ္စည်းတွေမှာ
Oakley Square Ware နေကာမျက်မှန်ကို The Taking of Pelham ရပ်ရှင်မှာလေယာဉ်အနုကြမ်းစီးတဲ့အခန်းမှာ သရုပ်ဆောင်စဉ် ဒီနေကာမျက်မှန်ကို တပ်ဆင်ခဲ့တာကို တွေ့ခဲ့ကြတယ်။ Breitling Chronomat ဆွစ်ကုမ္ပဏီက ထုတ်တဲ့နာရီကို ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ မကြာခဏဝတ်ဆင်ခဲ့တာကိုတွေ့ခဲ့ကြရတယ်။ Smith Super Method Sunglasses နေကာမျက်မှန်ကို အင်မတန်သဘောကျပါသတဲ့။ Wild Hogs ရုပ်ရှင်မှာ ဝူဒီစတဲဗန်စ် အဖြစ်သရုပ်ဆောင်ပြီး Smith Super Method Sunglasses ကိုတပ်ဆင်ထားတာတွေ့ခဲ့ကြတယ်။

ကောင်းကင်မှာပျံသန်းရဖို့ ကို အမြတမ်းစိတ်အားထက်သန်တဲ့ ဂျွန်ထရာဗိုလ်တာပါပဲ။ သူ့ရဲ့ ကိုယ်ပိုင် Living Fashion နေထိုင်မှုစတိုင်လ်ဟာ သူ့မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် စိတ်လှုပ်ရှားပျော်ရွှင်စရာပဲပေါ့။      ။
Living Fashion Magazine, September, 2013
ဖြိုးဖြိုး
Source : http://www.bornrich.com

No comments: