Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Thursday, August 01, 2013
အနောက်မှာ သာတဲ့ လ
(Family Magazine, August, 2013)
တ၀ုန်းဝုန်း ပြေးပြေးလာတဲ့   လှိုင်းခေါင်းဖြူကြီးတွေက ကြောက်စရာ..။ကျွန်မမိတ်ဆွေ ဆင်သီယာတို့  ဇနီးမောင်နှံ့ ကတော့ ကြောက်ပုံမရပါဘူး။   အချင်းချင်းရေပက်ကစားရာက လှိုင်းစီးနေကြတယ်လေ။  ရွှေရောင် ဘီကီနီ ၀တ်စုံလေးနဲ့  ရွှေရောင်ဆံပင်နဲ့  ဆင်သီယာဟာ ရွှေငါးကလေးနဲ့  တူ တူသေးတော့။ 
ကျွန်မမှာသာ ရေလဲ မကူးဝံ့  လှိုင်းလဲ မစီးရဲ နဲ့  ကမ်းဦးရေတိမ်ပိုင်းမှာ တယောက်ထဲ ရေကစားနေမိတယ်။ ကျွန်မရဲ့  လက်တွေကို ဖြန့် တန်း ကွေ့ ဝိုက်လို့ ရေတွေကို သိမ်းကြုံးပွေ့ ပိုက်လိုက်ပေမဲ့ ဘာမှ ပါမလာဘူး။ရယ်စရာပါဘဲ ။ မျက်နှာကို သန့် စင်ဖို့  လက်ခုပ်ကလေးနဲ့  ခပ်ယူနေရတယ်။ 
လှိုင်းလုံးဖြူကြီးတွေက ကျွန်မကို အပြေးအလွှားတွန်းလှဲ သွားရင်တော့ အလဲလဲ အပြိုပြိုနဲ့   ကမန်းကတန်း ဟန်ချက်ညီအောင် ထိန်းမတ်ရသေးတာမို့  သဲထိတ်ရင်ဖိုတခု ပါဘဲ .။ 
ဟော..ဟိုမှာ လူစိမ်းတယောက်  ကျွန်မကို စိုက်ကြည့်နေတယ်။ 
လူပုံက ခန့် ညားတည်ကြည်တယ် ဥပဓိကောင်းတယ်။ ရုပ်ဖြောင့်တယ် ။ ရွှေရောင် လှိုင်းအိဆံနွယ်တွေက လည်ဂုတ်မှာ ဖြာကျနေတယ်။ 
ကျွန်မ သူ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားဖို့ ကြိုးစားရင်း ရေထဲကို တချက်ငုတ်လိုက်ပေမယ့် ရေမှာကြာကြာမနေရဲ ပြန်ဘူးလေ။ ဘွားကနဲ ပေါ်လာတော့လဲ ဒီလူ့ အကြည့်က မလွတ်သေးဘူး။ ဘယ်လို လူလဲကွယ်။ ရဲတင်းလိုက်တာ။ 
ပြန်မယ်။ 
ကျွန်မ လက်ကလေးနှစ်ဘက်နဲ့  ရင်အုံကို ယှက်သိုင်း  ဖုံးအုပ်ရင်း သောင်ပြင်မှာ ပြေးနေမိတယ်။ 
စိုနေတဲ့  ထမီက  သွက်သွက်လှမ်းလို့  မရအောင်  ခြေထောက်တွေကို တုတ်နှောင်ထားတယ်။ 
“အလို ..ဘုရားရေ..”
ရွှေရောင်ဆံပင် နဲ့  မျက်လုံးပြာရှင် က ကျွန်မရှေ့ မှာ ကာဆီး ကာဆီးနဲ့ ။ 
“ အိပ်က်စ်ကယူးစ် မီး  “ တဲ့ ..သူက….။
“ မေ့ခ်ကွေး ပလိစ်”
ကျွန်မ လွဲဖယ် ရှောင်တိမ်းသွားဖို့  ဟန်ပြင်ခဲ့ ပေမဲ့  သူက..…
 “ဝေ့ထ်   ဝေ့ထ် “တဲ့ ။ဆိုနေပြန်ပြီ ။ 
 ကျွန်မခေါင်းပေါ်မှာ ခေါင်းတလုံးစာ သူ့အရပ်က မိုးလို့ ။ 
“ ရိုင်းတယ် မထင်ပါနဲ့ ။မင်း ဘာလူမျိုးပါလဲ ။ ပြောပြပါ။ ခုနက မင်းရေကစားနေတာ ကျုပ်မြင်တယ်။ မင်းရဲ့  လက်တွေ လှုပ်ရှားနေပုံက ဇင်ယော်တကောင်ဝဲပျံနေသလို ..စိတ်ဝင်စားဖို့  ကောင်းလိုက်တာကွယ် ။  “ 
“  ကျေးဇူးပြုပြီး ကျွန်မကို သွားခွင့်ပြုပါရှင်” 
 ကျွန်မ သူ့ မျက်လုံးတွေကိုကြည့်လိုက်သည် ။မျက်လုံးတွေဟာ အမှန်တရားရဲ့  တံခါးပေါက်တွေတဲ့ ။ လူ့ အတွင်းမနောကို ထွင်းဖေါက်မြင်တွေ့ နိုင်သည်။ဒါ့ကြောင့် ကျွန်မ မငြင်းပယ်ခဲ့ ။
 ကျွန်မရဲ့  မြန်မာ ၀တ်စုံက သူ့ အတွက် ထူးထူးဆန်းဆန်းဖြစ်နေဟန်ပါဘဲ။ 
“  ကျွန်မနာမည် ..ယမင်းစန္ဒာဦးပါ ။ မြန်မာအမျိုးသမီးဖြစ်ပါတယ် ။ ရှင်ကရော ..ဘယ်သူပါလဲ ။” 
“ကျုပ်နာမည်က ဂျက်ဖရီ ရေးနိုး လ် တဲ့ ။  ရေမုဆိုး တယောက်ဘဲ  “
ကျွန်မ အံ့ သြရပါပြီ။  “ ရေမုဆိုး “  
“  သေချာပါတယ်ဗျာ  “  ကမ်းခြေမှာ ဆိုက်ကပ်ထားတဲ့   စပိဘုတ်ထ် လေးတစင်းကို သူက ညွန်ပြရင်း။
“ ကျုပ် မိတ်ဆွေ ကလေးလေ ..။ သူနဲ့  ဟို ပင်လယ်ကြီးထဲကို ခရီးသွားကြတယ်။ ဟယ်ရင်း ။ ဟက်ဒေါ့ ။ ကော့တို ငါးတွေကို ဖမ်းတယ်။ လူသုံးများတဲ့  ဆိုင်မန် ငါးတွေကို ဆိုရင် ကယ်လီဖိုးနီးယား ကမ်းခြေ မြောက်ပိုင်း ဘာရင်းရေလက်ကြားအထိ လိုက်ဖမ်းရတယ်။ သားစားငါးကြီးတွေနဲ့ ဆို ..သူသေ ကိုယ်ကြေဘဲ “ တဲ့ ။ သူ့အလုပ်ကို ဂုဏ်ယူဝင့်ကြွားဟန်စိတ်ဝင်စားဖွယ်  ပြောပြနေသေး။ 
“ကျုပ်ရဲ့  ပင်လယ်ကြီး ဘယ်လောက်လှသလဲဆိုတာ  မင်းဆန္ဒရှိရင်  လိုက်ပြချင်တယ် ။”
ပင်လယ်ကြီးကို့ စိတ်ဝင်စားပေမဲ့.. လွယ်လွယ်  ခေါင်းငြိမ့်ဖို့ က အခက်သား။
 “ ကောင်းပါပြီရှင်  နောင်ခါ ကြုံကြိုက်ကောင်း ကြုံကြိုက်ပါလိမ့်မယ်” 
“မနက်ဖြန်ညနေ ဒီမှာ ဆုံကြရအောင်  “လို့  သူက ချိန်းဆို ပေမဲ့  ကျွန်မ အဖြေမပေးခဲ့ပါဘူးး။ 
ကျောပေးထွက်ခွာလာခဲ့ ရာမှာတော့ ..သောင်ပြင်မှာ အနားယူ နေတဲ့  ရော့ခ် နဲ့  ဆင်သီယာတို့  မောင်နှံ က 
 လှမ်းနှုတ်ဆက်တယ်။ 
“ဟဲလို ..စန် ..ပြန်နှင့်မယ်လား။ မကြာခင် တို့ များ ထမင်းစားပွဲ မှာ ဆုံကြရအောင် “  တဲ့ ။ ကျွန်မ သောင်ပြင်ပေါ်က အခင်းမှာ  ချထားခဲ့ တဲ့  မွေးပွအင်္ကျီရှည်ကို ကောက် ၀တ်လိုက် ရင်း ..” အိုကေ .”  လို့ပဲ ပြောလိုက်မိတယ်။ 
လောလောဆယ် ကျွန်မစိတ်ကို ပိုင်စိုးလိုက်တာက  စောစောက လူ …ဂျက်ဖရီ…။မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးရေးရေးနှင့် ရွှေရောင် ဆံပင်နှင့် မျက်လုံးပြာ ပိုင်ရှင် ။အော် သူက တံငါသည်ပါလား။
ကျွန်မရဲ့  မိတ်ဆွေများဟာ Night Sea ဘန်ဂလို ကလေးတခုကို ပိုင်ဆိုင်ကြတယ်။ ရော့ခ် က အသင့်အတင့် ချမ်းသာကြွယ်ဝသူများဖြစ်တယ်။  အားလပ်ချိန်များမှာ  ကောင်းကောင်း အနားယူနိုင်ဖို့ ကယ်လီဖိုးနီးယားကမ်းခြေတခုမှာ  ဆောက်လုပ်ထားတာပါ။ကျွန်မရဲ့  အားလပ်ရက်မှာ အနားယူဖို့  ဖိတ်ခေါ်ခဲ့ကြသူများလည်းဖြစ်ပါတယ်။ 
Sea Gull နှင့်  Seal အမည်ရှီ အခြား ဘန်ဂလိုများလည်းရှိသေးတာပါ။ဘန်ဂလိုများဟာ ခန်းနားထယ်ဝါခြင်းမရှိလှပေမဲ့  လိုအပ်တဲ့ ပစ္စည်းများ အပြည့်အစုံထားရှိပေးတာမို့ ဝန်ဆောင်မှု ကောင်းလှပါတယ်။ဥပမာ ….
ပင်လယ်ဆားငံရေများ သန့် စင်ဆေးကြောရန် ရေပူ ရေအေးကန်ထားရှိခြင်း ဆားငံရေဒါဏ်ခံ လူးဆေးများအသင့်ထားရှိခြင်း။  မိမိကိုယ်တိုင် ချက်ပြုပ်စားသောက်လိုက ပစ္စည်းစုံ  အသင့်ရှိခြင်း ဆရာဝန်နှင့် ဆေးခန်းထားရှိခြင်း။ရပ်ဝေးရပ်နီးဆက်သွယ်လိုက အချိန်မရွေးလွယ်ကူချောမွေ့ ခြင်း  စတဲ့  ဂုဏ်အင်္ဂါများနဲ့  ပြည့်စုံတယ်။ 
ကျွန်မအတွက် ပေးထားတဲ့  အခန်းကို ပြန်ရောက်တော့လဲ ဂျက်ဖရီက လိုက်ပါလာဆဲ ။ ဘယ်လိုလူလဲကွာ.။
သူက သားစားငါးကြီးတွေနဲ့ လဲ ဘက်ပြိုင်တိုက်ခိုက်ဝံ့သူတဲ့  လား။ 
အသားပန်းရောင် ပြာလဲ့ လဲ့ မျက်ဝန်း။့  ပိရိသေသပ်သော နှုတ်ခမ်း၊နှင့်။   ရေးရေးမျှသော နှုတိခမ်းမွှေး က လူကို ခန့်  ညားနေစေသည်။ နက်ပြာရောင်ဂျင်းဘောင်းဘီကို အဖျားခေါက် လျက် အ၀ါနုရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး လက်ကိုမူ ကဘိုကရိုလိပ်တင်ထားသည်။
ဘာ့ကြောင့်များသူ့ ပုံသဏ္ဍာန်ကို အသေးစိတ် မှတ်မိနေရပါသလဲ ။  
ရှင်မတောင် သနပ်ခါးပုလင်းထဲက သနပ်ခါးရည်ကြဲကြဲလက်ဖ၀ါးပေါ်လောင်းချ  ပါးပါးလေးလူးနေခိုက်မှာလဲ  ဂျက်ဖရီက အနားရောက်နေတယ်။ 
ကျွန်မ ရေးရေး စဉ်းစားမိလိုက်တာက  ရီဝေေ၀ရှိနေတဲ့  ..သူ့ မျက်လုံး ကြီးတွေကိုပေါ့။ ဘာ့ကြောင့်များ ဆွေးမြေ့ နေဟန်ရှိနေရပါသလဲ ။ 
နေ့လည်စာစားဖို့  အချိန်နဲနဲ လိုနေသေးတဲ့ အတွက် ကျွန်မ” ကလျာ(၀ိဖ္ဖာသိပ္ပံ)”ရေးတဲ့  “၀င်ကစွပ်ကောင်လိုလူ “ စာအုပ်ကို ဖတ်နေလိုက်တယ်။ ဒါပေမဲ့  စာထဲကို  စိတ်မရောက်ပြန်ပါဘူး။ဂျက်ဖရီက အနားရောက်လာတယ်။ ခက်ပြီ။
ဖေဖေ့ကို အမှတ်ရလိုက်တာ။ ဖေဖေက မြန်မာစာ ပါမောက္ခပါ။ ရန်ကုန် ၀ိဖ္ဖာသိပ္ပံ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ရင်း အသက်ငယ်ငယ်လေးနဲ့ လူ့လောကကို စွန့် ခွာသွားတယ်လေ။အထက်တန်းပညာဦးစီးဌာနမှူးဖြစ်တဲ့  မေမေက ကျွန်မကို မဟာဝိဖ္ဖာဘွဲ့ ရတဲ့ အထိ ပညာသင်ပေးခဲ့ တယ်။ ကျွန်မကို အစဉ်တစိုက် လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမခဲ့ တယ်။ ဖေဖေ့အတွက် မေမေဟာ ဇနီးကောင်းတယောက်ဖြစ်ခဲ့ သလို  ကျွန်မအတွက်လည်း မိခင်ကောင်းတယောက်ဆိုတာ ငြင်းလို့ မရဘူး။
ဘယ်ဆွေမျိုးသားချင်းကိုမှ အားမကိုးခဲ့ဘဲ မေမေဟာ ကိုယ်ပိုင် စွမ်းရည်နဲ့ ဘဲ မိမိဘ၀ကို ရှင်သန်စေနိုင်ခဲ့သူဖြစ်တယ်။  ဖေဖေကဆို ကျွန်မကို မြန်မာမိန်းခလေးတယောက်ပီသဖို့ မျိုးနွယ်ကိုစောင့်ထိန်းဖို့ အမြဲ သွန်သင်ဆုံးမ နေတတ်ပြိး သူ့  စိတ်တိုင်းကျ  ပုံဖေါ်ပေးသွားတာပါ။
 မြန်မာစာပေကို လေ့လာလိုက်စားရင်း ကမ္ဘာ့စာပေနဲ့ လဲ ရင်းနှီးကျွမ်းဝင်စေရန် မပြတ် လေ့လာနေရတာမို့  အချိန်အားဆိုတာ မရှိသလောက်ပါ။
ဖေဖေ့လိုဘဲ မေမေဟာလည်း သက်ဆိုးမရှည်ဘဲ ကျွန်မကို ထားရစ်ခဲ့ တဲ့ အတွက်  တလောကလုံးကို ရင်ဆိုင်ဖို့  သတ္တိတွေအပြည့်နဲ့  ကျွန်မ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်ကို  စွန့်စားထွက်ခွာလာခဲ့ ပါတယ်။ 
 အရှေ့ တိုင်းဘာသာရပ်များဆိုင်ရာ မဟာဌာနအတွက် မြန်မစာပါမောက္ခအဖြစ် စာချုပ်နဲ့ ကျွန်မကို  ငှားရမ်းခဲ့ လို့ လဲ ဖြစ်ပါတယ်။  
ကျွန်မဒီမှာ ရှိနေစဉ်အတွင်း မြန်မာစာပေ ပြန့်ပွား ထွန်းကားဖို့  မြန်မာ့ဓလေ့ မြန်မာ့ယဉ်ကျေးမှုကို အခွင့်အခါရတိုင်း တတ်စွမ်းသလောက် ဖေါ်ထုတ်ပြသဖို့   ရည်မှန်းချက်ကြီးကြီးထား ကြိုးစားနေတာပါ။ဒီလိုပြသနိုင်ဖို့ အတွက်ကိုလည်း 
 ခိုင်မာတဲ့  အချက်အလက်များ အထောက်အထားများ စံနစ်တကျ စုဆောင်း သိုမှီးရ ပါတယ်။ စိတ်မအား ကိုယ်မအား နဲ့  ၀န် ပိနေရ့သူကို ..ကြည့်လေ  ဒီလူ ။ဘာ့ကြောင့်များ ကျွန်မကို လွှမ်းမိုးနေရတာလဲ ။ 
မြန်မာနိုင်ငံမှ မထွက်ခွာမီ သူငယ်ချင်းတွေက.ကျွန်မကို ၀ိုင်းဝန်းစကြ နောက်ကြတယ်။
“ယမင်းရေ..မင်း ဟိုရောက်ရင် အတွဲလေး ဘာလေးရှာတော့ ။အိနြေ္ဒကြီး တခွဲသားလုပ်မနေနဲ့   ဟိုင်းသွားမယ် “တဲ့ ။ တယောက်က  “ ဒီမှာ ယမင်း..မင်းရဲ့  သိက္ခာတွေ ခ၀ါချပစ်လိုက် ..ဘယ်သူသိတာမှတ်လို့  ..”  တဲ့ ။  ကျွန်မ ဒီတုံးက သိပ်စိတ်ဆိုးခဲ့တယ်။  “ မိန်းမတွေ ..ပေါ့ပျက်ပျက်မပြောကြနဲ့  ။ ငါ နိုင်ငံခြားသွားတာ  အပျော်မဟုတ်ဖူး။ အမျိုးဂုဏ်မြှင့်ဖို့  ။
ရည်ရွယ်ချက်အပြည့်ရှိတယ်။ ယမင်းစန္ဒာဦးဟာ မြန်မာမိန်းခလေး။ အဲဒါ ဘယ်တော့မှ မမေ့နဲ့ ။ ငါ့သိက္ခာကို ဘယ်တော့မှ အထိပါးမခံဘူး။ မင်းတို့  အားလုံးမှတ်ထားကြ။ “    လို့ အပြတ်ဆိုရင်း ခေါင်းကလေးမော့ လို့  ကြော့ကြော့လေး လေယဉ်ပေါ် တက်ခဲ့ တာ။
ဒါတောင် သီတာ ဆိုတဲ့  မိန်းမ ရှာရှေခဲ့ သေး ။”  အေးပါ ။အဲဒါကြောင့် ပြောတာပေါ့ အမေရိကဲန်တယောက်ကို ခေါင်းပေါင်းနဲ့  အချိတ်ပုဆိုးဆင် မြန်မာမှုပြု ခေါ်ခဲ့ ပါလို့  ..ဟုတ်ပလား  ငါတို့  ပန်းကုံးစွပ်ကြိုမယ် “ တဲ့ ။ “ ကျွန်မမှာ စိတ်မဆိုးနိုင်ဘဲ  ရယ်မိတော့တယ်လေ။
အို …ဒီလူကို အတွေးထဲ က ဖယ်ထုတ်မှ။ 
ကျွန်မမိတ်ဆွေတို့ နဲ့ အတူ ဒီညနေ့မှာလဲ ကမ်းခြေကို ဆင်းလာခဲ့ ကြပီ။
 “ မနက်ဖြန် ညနေ ဒီမှာ ဆုံကြရအောင် “တဲ့ ။ ကျွန်မနားမှာ ကြားယောင်လာတယ်။ သူ စောင့်နေပီလား။
 ကျွန်မ မဆုံးဖြတ်ရသေး။  ။ ခုထိ ချီတုံ ချတုံ ။ 
ကျမ ကျောက်စွယ်ကမူလေးတခုပေါ် ထိုင်ချလိုက်တယ် ။ 
ကမ်းရိုက်လှိုင်းလုံးများအကြား ထိုးဆိုက်ရပ်နားထားတဲ့  speed boat လေးတစင်း။ နိမ့်လိုက် မြင့်လိုက်ယိမ်းထိုး လှုပ်ရှားလို့  နေတယ်။ သူ နဲ့ အပြိုင်  ကျွန်မစိတ်တွေလဲ  ထှုပ်ရှားယိမ်းထိုးနေပါလား။ဆယ်ကျော်သက်ကလေး မဟုတ်ပါဘဲနဲ့ ။
ပင်လယ် ပြာပြာ မိုးပြာပြာမှာ  ဇင်ယော်လေးတွေ အုပ်စုဖွဲ့  ပျံသန်းနေကြတာမို့   ရှုခင်းက ပိုလို့  စိုပြေနေတော့တယ်။
 ကျွန်မရဲ့  လည်စီးပုဝါအနီလေးက လေမှာ တဖြတ်ဖြတ်လွှင့်လို့ ။ 
“ ဟဲလို ..မာ့ဒ်မာဇွယ်   ခင်ဗျားမှာ အဖေါ်မပါဘူးဆ်ုရင် ကျွန်တော်နဲ့ အတူ ရေကူးကြဖို့  ဖိတ်ခေါ်ပါရစေ  ကျွန်တော်က ပြင်သစ် အသေးစားစက်မှုလုပ်ငန်းရှင်  မွန်ဆီယာ ကာလို ဒီဗာနယ်လ်ပါ  “.တဲ့ 
အပြာရောင် ရေကူးဘောင်းဘီနှင့်လူတယောက် ပေါ်လာပြီးပြောတယ်။ 
“ခွင့်လွှတ်ပါရှင် ကျွန်မရေမကူးတတ်ပါဘူး။ “လို့  ငြင်းပယ်လိုက်တာကို  သူက  “ အား ..ဒါဖြင့် ကျွန်တော် ကောင်းကောင်းသင်ပေးနိုင်ပါတယ်ခင်ဗျာ “ တဲ့  လျာရှေနေသေးသည်။ထိုင်းအမျိုးသမီးလားဟုလည်း သူက မေးနေပြန်သည်။ 
‘ ကျွန်မ ရေကူးဖို့  အစီအစဉ်မရှိပါဘူး ။ကျေးဇူးပြုပြီး  ကျွန်မကို မနှောင့်ယှက်ပါနဲ့ လို့  ပန်ကြားပါရစေ “ လို့  ပြတ်ပြတ်သားသားငြင်းဆိုလိုက်တော့မှ လက်လျော့ ထွက်ခွာသွားတော့သည်။ 
ထိုလူ ရေထဲ ငုပ်လျိုး ပျောက်ကွယ်သွားပြီးနောက်မှာတော့ တိတ်တခိုးမျှော်လင့်မိသူ ဂျက်ဖရီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့တယ်။ ၊
ကျွန်မက ပင်လယ်ကြီးကို စူးစမ်းလေ့လာချင်နေတာပါ ။ 
ကျွန်မရဲ့  မတင်မကျ စိတ်ဟာ သူ့ ကို မြင်လိုက်တော့မှ စိတ်ချလက်ချ ဆုံးဖြတ်သွားမိတော့တယ် ။
“ စန် ..ကျုပ်ကို ယုံကြည်မှု ရှိပါ့မလား တွေးပူတယ် ။ ဒီဒါးကို ယူထားပါ ။ ကျုပ်ကို 
မင်းရဲ့  သုံပန်းတယောက်အနေနဲ့  သဘောထားပြီး ကြိုက်သလို စီရင်နိုင်ပါတယ် “တဲ့ ။ ခါးကြားက ဒါးမြောင်ကို ထုတ်ပေးနေတော့ ကျွန်မ ရယ်ချင်မိတယ်။ 
“မလိုပါဘူးရှင့်။ လူဆိုးလား လူကောင်းလား ကျွန်မ ခွဲခြာတတ်ပါတယ် ။” 
ကျွန်မဟာ အနက်ရောင်အောက်ခံမှာ ရောင်စုံ် အစင်းများပါတဲ့  ကရင် ထမီနဲ့  ကရင်အင်္ကျီ ကို ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားတယ်။ 
သူက မနေ့ က ၀တ်စုံနဲ့  ဒီကနေ့ ဝတ်စုံရဲ့  မတူကွဲပြားခြားနားခြင်းကို မေးလာတယ်။ အတော်ဘဲ။ ကျွန်မကလဲ ရိုးရာဝတ်စုံများအကြောင်းဆို ပြောချင်နှေတယ်။   
မနေ့ က ၀တ်စုံက မြန်မာအမျိုးသမီး ၀တ်စုံ ဖြစ်ကြောင်း ။ဒီကနေ့ ဝတ်စုံဟာ ကရင် တိုင်းရင်းသား အမျိုးသမီးဝတ်စုံဖြစ်ကြောင်းသူ့ ကို ရှင်းပြရတယ်။”သိပ်လှတဲ့  ၀တ်စုံကလေးပါဘဲ”  တဲ့ ။ 
ကချင်၊ ကယား၊ ဗမာ။ မွန်၊ ရှမ်း ၊ ကရင်။ ချင်း ရယ်လို့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြကြောင်း ပြောပြရတယ်။
အေးမြသန့် စင်တဲ့  ပင်လယ် လေညှင်းက ပြင်းပြင်းလေးတိုက်ခတ်ပြီးတော့ ကျွန်မရဲ့ဆံပင်တွေကိုတိုးဝှေ့  သွားတယ်။ဦးခေါင်းကို မော့ပြီး အသက်၀၀ရှူ လိုက်တော့ လူက အရမ်းကို လန်းဆန်းသွားတာဘဲ။
စပိဘုတ်ထ် ရှိရာသို့  ကျွန်မတို့  ဦးတည် လျှောက်လာခဲ့ကြပြီး “  ဂျက်ဖရီ “ နှင့်အတူ လှေပေါ် တက်လိုက်တယ်။ 
ရေပေါ်မှာ လှေကလေးတွေက မွကြဲလို့ ။ ရွက်လှေလေးတွေလဲ တွေ့ နေရတယ်။ငါးဖမ်းစက်လှေကြီးတွေလဲ ရှိတယ် ။
 ကျွန်မတို့  နေသားတကျ ထိုင်မိရင်ဘဲ ..”ဂျက်ဖရီ “က စက်နိုးထွက်ခွာနေပါပီ။ 
စက်လှေကို  အပြေး မောင်းလို့  ရေလွှာပြင်ကို ပဲ့ က ခွဲလိုက်တဲ့ အခါ ဖွာထွက်လာတဲ့  ရေပန်းလေးတွေကို ကျွန်မ သိပ်ချစ်တာပါဘဲ။ ဟို အရှေ့ က စက်လှေတစင်းးမှာ အဲဒါ မြင်နေရတယ်လေ။ 
ဟင်းလင်းပြင် ကောင်းကင်ကြီးနဲ့  ပင်လယ်ပြာပြာကြီးက ကျွန်မကို ဖမ်းစားညှို့ ယူနေပါရောလား။မိုးကုတ်စက်ဝိုင်းအောက်က အဏ္ဏ၀ါပြင်ကျယ်ကြီးဟာ  ဆုံးစမရှိ တကယ့်ကို ကျယ်ပြောနက်ရှိုင်းလွန်းတယ်။ မြင်ကွင်းဟာ ရှင်းလင်းနေတယ်။
ကျွန်းကလေးတကျွန်းပေါ်မှာ  မီးပြတိုက်ကလေးတခုကိုလဲ မြင်နေရတယ်။ 
စိမ်းစို ညိုမှိုင်းနေတဲ့  အုန်းပင်တွေ ပြည့်သိပ်နေတဲ့  ကျွန်းကလေးတကျွန်းကို တွေ့ ရော  ကျွန်မပျော်လွန်းလို့  လှစ်ကနဲ အော်လိုက်မိရဲ့ ။  
“ ဟာ ..ဟိုမှာ လှလိုက်တာ ။ ကြည့်စမ်း။ ချစ်စရာလေး။ အဲဒါ ဘာကျွန်းလဲ ဟင်။ “  
သူက ခေါင်းကို ငြိမ့်လိုက်ရင်း” သိပ်ထူးဆန်းတဲ့  ကျွန်းကလေးပါဘဲဗျာ။သန္တာကောင်တွေ ၀ိုင်းဝန်းတည်ဆောက်ထားတာပေါ့။သေးငယ်လွန်းတဲ့  သတ္တ၀ါတွေ ဖြစ်ပေမဲ့  ပေါက်ပွားစုရုံးတည်မှီ တွယ်ကပ်ပုံ ခိုင်မာလွန်းတော့ ပင်လယ် ရေမျက်နှာပြင်နဲ့  တပြေးညီဖြစ်လာပြီး သန္တာကျွန်းရယ်လို့  ခေါ်တွင်သွားတာပေါ့။  “
ဘယ်နေရာမှာမဆို စုစည်းမှုရှိလျှင် ခွန်အားရှိပါသည်။ 
စက်သံ က အနည်းငယ်ဆူညံခြင်းနေသည်မို့    စကားပြောဖို့ ကို တော်တော်လေး အားထုတ်ရသည်။ 
“သန္တာကောင်လေးတွေက ငယ်တုံးတော့ ရေမှာ သွားလာလှုပ်ရှားနေကြတာပါ။ ကြီးလာမှ ရေအောက်မှာရှိနှင့်ပြီးဖြစ်တဲ့  သန္တာကောင်တွေနဲ့  ဆင့်ကဲ ဆင့်ကဲ မှီတွယ်ခိုကပ်ပြီး ငြိမ်နေကြ့တယ်။ ကြာတော့  သူတို့  မှီခို တွယ်ကပ်ထားတဲ့  ရှိရင်းစွဲ ကျောက်တွေနဲ့  သူတို့ အခွန်တွေကတသားတည်းဖြစ်သွားရော ။ သူတို့ သေတော့လဲ အရိုးစု အခွန်တွေက မှီတွယ်ရင်းကျောက်မှာဘဲ တွယ်ကပ်နေပြီး ကျန်ရစ်ရော။ 
အဲ ဒါကို သန္တာကျောက်တန်းခေါ်တာ .လှိုင်းလေပုတ်ခတ်လို့  အမှိုက်သရိုက်တွေ ရွှံတွေသဲတွေနဲ့  ဆွေးမြေ့နေတဲ့  သန္တာကျောက်မှုံတွေ ဖုံးလွှမ်းဖန်များလာတော့  ပင်လယ်ရေမျက်နှာပြင်ထက် မြင့်တက်လာပြီး လူနေဖို့ ကျွန်းဖြစ်သွားတယ်။” လို့  .   သူက လက်ချာပေးနေတယ်။
“ဒီကျွန်းမှာ အုံးအပြင်  ဘာတွေ စိုက်ပျိုး ဖြစ်ထွန်းနိုင်မလဲ ။”လို့  ကျွန်မကမေးတော့  “ မျိုးစေ့တွေကို  ပင်လယ်ရေစီးကြောင်းနဲ့  ငှက်တွေက သယ်လာတာမို့   အပင်တွေ ဖြစ်ထွန်းလာတာမျိုးပါ။ ကျွန်းအနေအထားက ကျဉ်းမြောင်းလွန်းတော့ ကျွန်းသူ ကျွန်းသားတွေ အနေနဲ့  ပိန်းဥ မျောက်ဥ ၊နာနတ်၊ငှက်ပျော၊ကြံ စတာတွေဘဲ  စိုက်ပျိုးနိုင်တယ်။ပင်လယ်ကူးသင်္ဘောတွေ ဆိုက်ကပ်နားနေဖို့  အရေးပါတဲ့  ကျွန်းဖြစ်ပြီး ကမ္ဘာအရပ်ရပ်ကို အုန်းဆံခြောက် တွေ ပို့ ပေးနိုင်တာပေါ့ဗျာ။  “
“ဟာဝိုင်ယီကျွန်း က  ဟိုနိုလူလူမြို့ ဟာနာမည်ကြီး သင်္ဘောဆိပ်မြို့ နော် ။  ကျွန်မ သိတယ် “
“  ဟာဝိုင်ယီမှာက ဆေး ၊ပြောင်း ၊ မက်မုန်၊ စပြစ် ၊ လိမ္မော်၊စိုက်ပျိုးကြတယ်။ “
“ ဒီလို ကျွန်းတွေ အများကြီးလား ။”
“ အများကြီးပေါ့။ လူသားတွေ ခြေမချရသေးတဲ့  လျို့ ဝှက့်ကျွန်းတွေ အများကြီး။ “ 
“ဂျက်ဖရီ”က  စက်ရှိန်ကို မမြှင့်ဘဲ ဖြေးဖြေးထိန်းမောင်းရင်း ..ပြောပြန်တယ်။
“ဒီရေအောက် ပင်လယ်ကြမ်းပြင်မှာ တွန့် ခေါက်တောင်တန်းတွေ ရှိတယ်။ တွန့် ခေါက်တောင်တွေပေါ်မှာ မီးတောင်တွေရှိတော့ ချော်ရည် ချော်မြုပ်တွေ ဖုံးလွှမ်းဖန်များရာက နှစ်ကြာတဲ့ အခါ မီးတောင်ကျွန်းရယ်လို့  ဖြစ်ပေါ်လာတယ်။ သူက သန္တာကျွန်းထက် ပိုပြီးမြေသြဇာကောင်းတယ်ဗျ။” တဲ့ ။ 
“ အော်.. ရှင်တော်တော်လေ့လာထားတာဘဲ။” 
“ကျုပ်က  ပင်လယ်မှာမွေး ပင်လယ်မှာကြီး တဲ့  သူဘဲဗျာ..။ဒါပေမဲ့  ပင်လယ်အဏ္ဏ၀ါကြီးက သိပ်လျို့ဝှက်ဆန်းကျယ်လွန်းပါတယ်။ သူ့ အကြောင်း ဘယ်သူ ကုန်စင်အောင် သိနိုင်မလဲ။”
“ ကျွန်မကြားဖူးတယ်ရှင့် ။ အဏ္ဏ၀ါဗေဒ တက္ကသိုလ် Woods Hole Ocean graphic Institute ဟာ အမေရိကန်ပြည်ထေင်စုမှာ အကောင်းဆဲုး သုတေသနစမ်းသပ်ရေးစခန်း တဲ့  “
“ သိပ်ဟုတ်တာပေါ့ဗျာ ..၊အမေရိကန်က အဏ္ဏ၀ါဗေဒလုပ်ငန်းအတွက် ၁၉၆၅ခုနှစ်တုံးကတည်းက ဒေါ်လာငွေ 138,000,000 သုံးစွဲခဲ့တယ်။ ကျုပ်အနေနဲ့  တဦးတည်းကုန်ကျခံနေမဲ့ အစား ကမ္ဘာ့နိုင်ငံကြီးတွေ စုပေါင်းဆောင်ရွက်သင့်တယ်လို့  မြင်တယ်ဗျ ။ခင်ဗျားကော “
“ဒါပေါ့ ဘယ်နေရာမှာမဆို ၊ကမ္ဘာ့နိုင်ငံကြီးတွေ အားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲ ပြီး စုပေါင်းဆောင်ရွက်ကြရင်  ယနေ့  ကမ္ဘာကြီးဟာ ဒီ့ ထက် ပိုမိုတိုးတက် ဖွံ့ ဖြိုးလာမှာ မလွဲပါဘူး “
“ အေးဗျာ ..လူသားတွေအတွက် အရေးအကြီးဆုံးက ငြိမ်းချမ်းရေးဘဲ ။ငြိမ်းချမ်းစွာ သမုဒ္ဒရာကြီးကို အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခွဲဝေသုံးစွဲဖို့  တူညီတဲ့  မူဝါဒတခု ချမှတ်အကောင်အထည်ဖေါ်သင့်တယ်။”
“ ဒါပေမဲ့  သမုဒ္ဒရာကြီးက စွန့် ပစ်ပစ္စည်းတွေနဲ့  ညစ်ညမ်းနေတယ် နျူကလီးယား အညစ်အကြေးတွေ သိုမှီးသိမ်းဆည်းရာ ဌာနကြီးဖြစ်နေတယ်။   ၀မ်းနည်းစရာပါဘဲ ၊ရှင်ကော ဘယ်လိုမြင်သလဲ “
“ဟုတ်တယ်ဗျ ။ ပင်လယ်ထဲကို ဓါတုဗေဒအညစ်အကြေးတွေ စွန့် ပစ်တာဟာ လူသားတွေအဖို့  ကျန်းမာရေး မကောင်းနိုင်ဖူး။ အဏ္ဏ၀ါဇီဝမှာရော   ငါးဖမ်းလုပ်ငန်းရော ထိခိုက်နိုင်တယ်။ ပင်လယ်ကမ်းခြေရဲ့  သဘာဝအလှအပတွေလဲ  ပျက်စီး ဆုံးရှုံးနိုင်တယ်လေ။ဒါပေမဲ့   အမေရိကန်ဟာ 12,255 မိုင်  ရှည်လျားတဲ့  သူ့ ပင်လယ်ကမ်းရိုးတမ်းကြီး ကို ထိန်းသိမ်းဖို့  ပင်လယ်ရေ အဆိပ်အတောက်မဖြစ်ဖို့ ကာကွယ်တားဆီးရမဲ့  တာဝန်တွေ ရှိတယ်ဆိုတာ နားလည်ပါတယ်” 
‘ဒါပေမဲ့  နျူကလီးယားလက်နက်တွေကိုတော့ မပြတ် စမ်းသပ် နေတာဘဲလေ”
“ဒါကို ကျုပ် ၀န်ခံပါတယ်။ဒါပေမဲ့ ခေတ်မီဖွံ့ ဖြိုး တိုးတက်တဲ့ နိုင်ငံတခုအနေနဲ့  အမြဲ ဆန်းသစ်နေရမှာပါ။ ၊ အမေရိကန်ဟာ ရှေ့ ကို ခြေတလှမ်းအမြဲ သာနေဖို့ လဲ လိုတယ်။.ပြည်ပအန္တရယ်ကို ခုခံကာကွယ်ဖို့  ကိုလဲ အသင့်ရှိနေရမယ်။ ဒါ့ပြင်  မိတ်ဆွေနိုင်ငံတွေကိုပါ  ကာကွယ်ပေးဖို့ သူ့ မှာ တာဝန်ရှိတယ်။ ဒါ သူ့ ပေါ်လစီ။ “ 
အံ့သြရပါသည် ဂျက်ဖရီ.။
အမေရိကန်နိုင်ငံသားတိုင်းမှာ ခုလို အသိစိတ်ဓါတ် ရှိနေကြသည်လား။ ကျွန်မသူ့ ကို ငါးဖမ်းသမားအဖြစ် မမြင်မိ။ ဆီနိတ်တာ တယောက်အသွင်သာ မြင်နေမိသည်။ 
“ဒါမှန်ပါတယ်။ လူသားတွေ ပိုင်ဆိုင်ကြတဲ့ သမုဒ္ဒရာကြီးကို သင်္ဘောပျက်တွေ လေယဉ်ပျက်တွေ လူသားတွေရဲ့  သက်မဲ့  ခန္ဒာတွေ  မြုပ်နှံသင်္ဂြိုလ်ရာ နေရာတခုအဖြစ်မျိုး မကျရောက်စေချင်ဘူး။လူသားတွေအတွက် သုံးမကုန်နိုင်တဲ့ ဓါတ်သတ္တုတွေ  သယံဇာတတွေ ထုတ်နှုတ်သုံးစွဲ ရာ  ရတနာသိုက်ကြီးအသွင် ပြောင်းလဲသွားအောင် ဆောင်ရွက်ဖို့  လူသားတိုင်းမှာ တာဝန်ရှိတယ် လို့  ကျွန်မထင်တယ်။  “
“ ကျုပ်လဲ ခင်ဗျားလိုပါဘဲ “ 
ကျွန်မ သက်ပြင်း ညှင်းညှင်းခိုးချမိသည်။ နျူကလီးယားတွေ လက်နက်တွေ ပါလာတော့ ခေါင်း မူးချင်လာပြီ။ ပင်လယ် လေ အေးမြမြကို ရှူသွင်းမှဖြစ်တော့မည်။
လူထောင်သောင်းချီ အစုအပြုံလိုက်သေကြေပျက်စီးနိုင်သည့် လက်နက်တွေကို မထုတ်လုပ်စေချင်။ကမ္ဘာကြီး ငြိမ်းချမ်းပါစေ ။ 
ကြည့်ပါဦး။ ခု ကျွန်မရောက်ရှိနေသည့် နေရာက ကျွန်မတို့ ငယ်ငယ်ကကျောင်းမှာ  ဆေးရောင် ပြာပြာလေးတွေ လှလှပပ ချယ်သခဲ့  ကြသည့် ပင်လယ်ပြာပြာကြီးထဲ မှာလေ ။ အံ့ သြစရာပါဘဲ။ 
စက်လှေလေးကို ဖြည်းဖြည်းညင်သာစီးရတာ ရင်မှာ သိမ့်ကနဲ ..ငြိမ့်ကနဲ ။တလှပ်လှပ်နဲ့ ။ နွေးလာလိုက် ။အေးလာလိုက်။ ကျွန်မ အနှောင်အဖွဲ့  မရှိ လွတ်လပ်ကြည်နူးစွာ ပျော်ပလိုက်တယ်။
အရာရာတိုင်းကတော့ ရိပ်ကနဲ ရိပ်ကနဲ ပျောက်ကွယ် ကျန်နေရစ်သည်။စပိဘုတ်ရဲ့  အမြန်နှုံးမြှင့်တင်လိုက်မှုအား 
ဆန့် ကျင်စွာ တိုးဝှေ့ လာသည့် အဆီးအတားမဲ့  ပင်လယ်လေက ကျွန်မကို အေးမြကြင်ခဲ လာစေသည်။
ဂျက်ဖရီက စက်ရှိန်လျော့ကာ  သူ့ ခါးမှ အပေါ်ဝတ်ဂျာကင်ကို  လျင်မြန် ကျွမ်းကျင်စွာ ချွတ်ယူပြီးကျွန်မကိုယ်ပေါ် လွှမ်းခြုံပေးလာပါ၏။  
သူက တချက်ပြုံးလိုက်ရင်း ခေါင်းငြိမ့်ပြသည်။ ကျွန်မပါ ပြုံးမိရတော့သည်။ 
စပိဘုတ်ကလေးသည် အရှိန်ပြင်းလာခါ လျောကနဲ လျောကနဲ ပြေးလွှားနေသည်။ 
ချစ်စဖွယ် ဘဲ လေးတအုပ် ရေကူးသွားကြသည်။ ပင်လယ်ဇင်ယော်တွေ အုပ်စုဖွဲ့  ပျံသန်းသွားကြသည်။ တကောင်…နှစ်ကောင် ….သုံးကောင် …အိုး …အားလုံး ရှစ်ကောင်  ။
“ ဟော ..ဟိုမှာ ဘာလဲ ..ဟင် “ 
ခပ်လှမ်းလှမ်းမှာ ရေပြင်ကို ခွဲထွက်လာသည့် အကောင်တကောင် ။ဆူးတောင်ကြီးတွေနှင့် ရေကို တဖြတ်ဖြတ်ရိုက်ခတ်ကာ အပေါ်သို့  ထိုးတက်သွားပြီးချက်ခြင်းကြီးရေမှာ ငုတ်လျိုး ပျောက်ကွယ်သွားသည်။ 
“ အဲဒါ  ဂက်စ်တရိုပီလီကပ်စ် လို့ ခေါ်တဲ့  ပင်လယ်ငါးပျံတမျိုးပါ ။သူ့အမြီးနဲ့  ရေကို ရိုက်ခတ်ပြီး ဆူးတောင်တွေကို ငှက်တောင်လို ဖြန့် ပြီး လေဟုန်စီးနိုင်တယ် ပင်လယ်ကူးသင်္ဘောကုန်းပတ်တွေပေါ် ပျံတက်နိုင်တယ်။ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ အနေများတဲ့  ငါးပျံတွေဆို ရင်ဆူးတောင် ၀မ်းဆူးတောင် ကြီးလွန်းလို့  ဒီ့ထက် မြင့်မြင့် ပျံတက်နိုင်တယ် “
“ ဟုတ်လား .အံ့သြစရာဘဲနော်   “
“ဒါတင် ဘယ်ကမလဲ ၊ ပီရန်ညား လို့ ခေါ်တဲ့  သားစားငါးကြီးတွေလဲ ရှိတယ် ။ကလေးတယောက်လောက်ကိုများ အသာကလေးမျိုပစ်လိုက်နိုင်တဲ့  ပင်လယ် ငါးထွေကြီးတွေ၊ပင်လယ်ဖျံကြီးတွေ ရှိသေးတယ် “
“ငါးမန်းတွေရော “
“ရှိတာပေါ့ .ငပျံတွေ ထိတ်လန့် တကြားဖြစ်ပီဆိုရင် ငါးမန်းတွေ လင်းပိုင်တွေ မြင်လို့ ဘဲ ။ကျုပ်ကိုယ်တိုင်တောင် ငါးမန်းတွေနဲ့  ရင်ဆိုင်ဖူးတယ် “  
“ ဟင်! ဟုတ်တယ် ? “
“ အသေအချာပေါ့ “ တဲ့ ။  စက်ရှိန် လျော့ချရာက သူပြောသည်။ 
“ကျုပ်တို့  ပြန်ကြရအောင်။ မိုးနည်းနည်းချုပ်လာပြီ “
ပြောပြောဆိုဆို သူက စက်လှေကို နောက်ရင်းပြန်ကွေ့ သည်။ရွှေရောင် ငှက်တလိုင်းလေးတကောင်အဖေါ်မဲ့ စွာ ပျံသန်းသွားသည်။ “
“..ကျွန်မလဲ ပြောမလို့   ..”
“စန် ..ကျှုပ်အိမ်မှာ  ညနေစာ လိုက်စားပါ။ အိမ်မှာ ကျုပ်သားကလေးနဲ့  မိတ်ဆက်ပေးချင်တယ်။  “
“ ကျုပ်သားလေ: ?   “ကျွန်မ သူ့ စကားကို သံယောင်ပြန်လိုက်ရင်း အံ့သြတကြီး သူ့ မျက်နှာကို လှမ်းကြည့်လိုက်သည်။ သူက ခေါင်းငြိမ့်ပြုံးပြပြန်သည်။ ကျွန်မပါ ပြုံးမိရပြန်သည်။ 
“ဒါဖြင့် အမြန်သွားကြရအောင်   “လို့ ကျွန်မပြောလိုက်သည်။ ကျွန်မက ခလေးတွေကို အလွန်ချစ်တတ်ပါသည်။ ခလေးဟာ လူကြီးရဲ့  ဖခင်တဲ့ ။ ရှိတ်စ်ပီးယားစ်ကဆိုသည်။ 
ကျွန်မ  လှေပေါ်မှ အဆင်း  သူက လက်ကမ်း
ကူညီခဲ့ သည်။
ဂျက်ဖရီ့ အင်္ကျီကို ကျွန်မပြန်ပေးလိုက်ပါသည်။
အုန်းတောညို့ညို့ မှိုင်းမှိုင်းများ ကြား  အတန်ကြာ နှစ်ဦးသား ဖြတ်သန်း လျှောက်လာခဲ့ ကြပြီးနောက် ကိုးနှစ်သားအရွယ် ကလေးတယောက် ပြေးထွက်လာသည်နှင့် ကြုံရာ  ဂျက်ဖရီက ဆီးကြို ပွေ့ ယူလိုက်သည်။ 
“စန် ဟောဒီမှာ ကျုပ်ရဲ့  သားကလေး ၊ တက်ဒီ ရေးနိုးလ် လို့ ခေါ်တယ် “
“ ဟင် ဟုတ်လား  .ချစ်စရာလေး “
ကျွန်မတို့  အချင်းချင်း လက်ဆွဲ နှုတ်ဆက်ဖြစ်ကြသည်။ 
တက်ဒီမှာ သူ့ဘခင်လို ရွှေရောင်ဆံနွယ်လေးများလည်ဂုတ်ပေါ်တွင် ၀ဲလျက် ဖြာကျနေသည်။ နက်ပြာရောင်ဂျင်း ဘောင်းဘီနှင့် အနီရောင် ရှ့ပ်အင်္ကျိကို ၀တ်ဆင်ထားသည်။ မျက်လုံးလေးများကတောင် သူ့ ဘခင်လို ရီဝေေ၀မှုံမှိုင်းမှိုင်းပါလား။
ကျွန်မ သူ့လက်ဖျားကလေးများကို ဆွဲယူရင်းနဖူးပြင်လေးကို ဖွဖွ နမ်းရှုံ့ လိုက်တယ်။ “ တို့ များ နေတဲ့ ရွှေနိုင်ငံကို ခေါ်သွားချင်တယ်ကွာ ရွှေဘုရားတွေ ပေါတဲ့  နေရာကိုလေ ..” လို့  ပြောမိလိုက်တယ်။ 
“ အဲဒါ ဘယ်မှာ ရှိသလဲ   “ တဲ့ ။သူက ဖြတ်ကနဲ မေးသည်။ 
ကျွန်မ သောင်ပြင်ပေါ် ငုတ်တုတ်ထိုင်ချလိုက်ပြီး အနီးမှာ တွေ့ ရတဲ့  တုတ်တိုတချောင်းနဲ့  အာရှတိုက်ပုံ ဆွဲလိုက်တယ် ။ မြန်မာနိုင်ငံတည်နေရာပုံကို ထည့်ပြီးပြသလိုက်တဲ့ အခါမှာတော့ သားအဖ နှစ်ယောက်စလုံး အဆန်းတကြယ်ဖြစ်ရင်း “သိပ်လှတဲ့  နိုင်ငံကလေးဘဲ”တဲ့ ။အံ့သြပြီးရင်းအံ့သြရင်း ကြည့်လို့ မဆုံးဖြစ်နေကြတယ်။”တက်ဒ် “က 
“ကျွန်တော်တော့ “ စန်”့ ကို လေးစားချစ်ခင်သွားပြီ “တဲ့ ။ ပြောပုံလေးက ။လိမ္မာယဉ်ကျေးလှသည်။ 
ဒီ့ နောက်မှာတော့ ကျွန်မတို့  အားလုံး ဆာလောင်မွတ်သိမ့်နေကြပြီးမို့  ခပ်သွက် သွက် လှမ်းထွက်ခဲ့ ကြတယ်။ 
ဘယ်လိုဟင်းမျိုးကို ဂျက်ဖရီးဇနီးက ချက်ပြုတ်ထားမလဲ ကျွန်မ တွေးရင်း တောရင်း ..့။
ဟော ခေါင်မိုးချွန်ချွန်ကလေးမှာ ..မီးခိုးခေါင်းတိုင်ကလေးနှင့် ချစ်စဖွယ် သစ်လုံးအိမ်ကလေးတလုံးကို မြင်နေရသည်။ 
အိမ်ထဲမှာလည်း အိမ်ခန်းဖွဲ့ စည်းပုံ သေသပ်လှပသည်။ စံနစ်တကျရှိသည်။ ဒါပေမဲ့  ထူးဆန်းလိုက်တာ ။ ဂျက်ဖရီ့ အိမ်ရှင်မကို မမြင်တွေ့ ရသေးပါလား။ ဘယ်မှာပါလိမ့်..။
ညနေစာကို ဂျက်ဖရီက ကိုယ်တိုင်ပြင်သည်။ တက်ဒီက သူ့ဘခင်ကို ကူညီနေသည်။ 
ရှိုးကေ့စ်လေးတခုထဲတွင် ငါးအရိုးစုများ။ ကျောက်ပန်းခက်များ။ ခရုခွံကြီးများ နှင့် ရေထွက်ပစ္စည်းအချို့  ပြသထားသည်။ 
 ဧည့်ခန်းဒေါင့် စားပွဲလေးပေါ်တွင် ပန်းအိုးကလေးတလုံးနှင့် ဓါတ်ပုံလေးတပုံကိုလည်း ကျွန်မ  မျက်စိရှင်စွာ မြင်မိလိုက်သည်။ ဂျက်ဖရီတို့  မိသားစု ပုံဖြစ်မည်။ သူ့ဇနီးဖြစ်ဟန်တူသည့် မိန်းခလေးက အချောလေးပါဘဲ ။ ဒါပေမဲ့  ဆံပင်ကတော့ နက်မှောင်နေသည်။ ဂျက်ဖရီ့ ရင်ခွင်ထဲဝယ် နွဲ့ နွဲ့ လေးမှီရင်း အခါလည်သား ကလေးကို ယုယစွာ
 ပွေ့ ပိုက်ထားသည်။ဂျက်ဖရီက သားအမိနှစ်ယောက်စလုံးကို သိုင်းဖက်ထားရာ မြင်ကွင်းက  ကြည်နူးစရာ ကြီးပါဘဲ။    
သားအဖ့  တည်ခင်းဧည့်ခံထားသော ဟင်းလျာများမှာ တမဟုတ်ချင်းပင်  အမယ်စုံလာသည်။ အမဲသားကို ပါးပါးလှီး အရက်ဖြင့် အချိုနှပ်ကာ အသီးအရွက်စိမ်းစိမ်းစိုစိုကလေးများ  ဖုံးအုပ်ထားသည့် ဟင်းတခွက် ။ ခရုကမာကို အသားထုတ် ရှာလကာရည် ကြက်သွန်နီ ငရုပ်ကောင်းတို့ ဖြင့် စီမံချက်ပြုပ်ထားသည့် ဟင်းတခွက် ။ငါးစွပ်ပြုပ်နှင့် ကျောက်ပုဇွန်ထုပ်ကြော် ။ ပေါင်မုံ့ နှင့် သစ်သီးယိုဗူး။ မက်မုံခြောက် စပြစ်ခြောက် စသည် ဝေေ၀ဆာဆာရှိနေသည်။ တို့ ပြင် Ballantines  ပုလင်းနှင့် အခြား အချိုရည်ပုလင်းများကို ဖန်ခွက် သုံးလုံးချကာ ပြင်ဆင်ထားသည်။ ဂျက်ဖရီ ဆုတောင်းမည်ပြုစဉ် ကျွန်မက အလိုက်ကန်းဆိုးမသိ  မေးမိတော့သည်။
“ ရှင့် အိမ်ရှင်မကို မမြင်ရသေးဘူး “
ဂျက်ဖရီ မျက်နှာတချက်ပျက်သွားသည်။တက်ဒီက အီလယ်လယ်ဖြစ်နေသည်။ ကျွန်မမေးတာ မှားသွားပြီထင်တယ်။
“သေဆုံးသွားခဲ့ ပြီ  “
“ဘုရားရေ …သူ ဘာ့ကြောင့် သေဆုံးသွားရတာလဲ ဟင် ? ကျွန်မ မှားပြန်ပြီ။ အမှတ်တမဲ့  မသိသလို နေရမှာ နော်..။
“ကိစ္စမရှိဘူး။ ကျုပ်တို့  ပြောနိုင်ပါတယ်။ ပင်လယ်ထဲမှာ လှေလှော်ရွက်တိုက် အပျော်ခရီးထွက်ရာက မုန်တိုင်းမိပြီး သေဆုံးသွားခဲ့ တယ်။ မုန်တိုင်းအချေအနေ ခန့်မှန်းထားရက်နဲ့  အတင့်ရဲခဲ့ ကြတယ်လေ။သူ့ ဆန္ဒကို ကျုပ်က မိုက်မိုက်ကန်းကန်း အလိုလိုက်မိခဲ့တာပါ။ သူ့ အသက်ကိုကျုပ် မကယ်နိုင်ခဲ့ ဘူး။ဒီ့အတွက်  ဘယ်တော့မှ ကျုပ်ကိုယ်ကျုပ် ခွင့်မလွတ်ခဲ့ ဘူး “ဒီတုံးက ကျုပ်သား ၅နှစ်ဘဲ ရှိသေးတာ။ကျုပ်အရူးတပိုင်းဖြစ်ကျန်ရစ်ပေမဲ့  သားရှေ့ က မားမားရပ်ခဲ့  ပါတယ်။ “
ဘာ့ကြောင့် သူ့မျက်လုံးတွေ ရီဝေေ၀မှုံမှိုင်းမှိုင်း ဖြစ်နေရသလဲ ဆိုတာရဲ့   အဖြေကို ကျွန်မရှာတွေ့ ပြီ။ 
ကျွန်မ ကြင်နာစွာ သူ့ကို ကြည့်နေမိ၏။
အော် လွမ်းစရာ့ပုံပြင်လေးတပုဒ်ပါဘဲလား။ သူ့မှာရော ကိုယ့်မှာရော လူတိုင်းကိုယ်စီ အလွမ်းတွေ ရှိနေကြတာပါဘဲ။ 
“  အို .၀မ်းနည်းပါတယ်ရှင် .ကျွန်မကို ခွင့်လွတ်ပါ။တကယ်ဆို  ခလေးရှေ့မှာ မမေးသင့်ပါဘူး “
 “ အရာခပ်သိမ်း ဘုရားသခင့် အလိုတော်အတိုင်းပါ ။ ခုအချိန်မှာတော့ ကျုပ်တို့ သားအဖ ခံနိုင်ရည် ရှိနေပါပြီ ။ခလေးထိန်းနာနီနဲ့  ကြီးခဲ့ ရပေမဲ့  ကျုပ်သားကို ကျုပ် မျက်ခြေမပြတ်ပါဘူး။့  ကဲ  .စားကြရအောင် အော်..ကျုပ် ကို ၀ီစကီ နည်းနည်း သောက်ဖို့  ခွင့်ပြုပါ Ballantines၀ီစကီက အားအင်ပြည့်ဖြိုးပြီး ခန္ဒာကိုယ် ကြန့်ခိုင်မှု ပြညိ့ဝစေတဲ့  အားဆေးတမျိုးပါ.” 
“ကောင်းပါပြီရှင်” 
ကျွန်မတို့  အားလုံး အစာကို လောဘတကြီး မစားဘဲ  လိုသလောက်ကလေး အိနြေ္ဒရရ စားသုံးကြသည်။ သားကြီးငါးကြီး မစားဝံ့သူ ကျွန်မအတွက့်  ပေါင်မုံ့ နှင့် ကျောက်ပုဇွန်ထုပ်ကြော်၊ စပြစ်ခြောက် မက်မွန်ခြောက်  သစ်သီးဗူးနှင့် အချိုရည် စသည်တို့ က ဖူလုံလွန်းနေပါသည်။ 
တိတ်ဆိတ်ခြင်းကို ဖြိုခွင်းပြစ်သည့်အနေဖြင့်ကျွန်မက စကားစလိုက်သည်။ တကယ်တော့လည်း ကျွန်မ သိလိုနေသည့် အချက်များပါဘဲ။ 
“.ငါးဖမ်းပုံဖမ်းနည်ဲး ပြောပြပါအုံး ဂျက်ဖရီ“
“နည်းတွေ အများကြီးရှိတယ်။ ငါးဖမ်းခြင်းဟာလဲ အတတ်ပညာတမျိုးပါ။ ရေရဲ့  အနေအထားနဲ့  ရေသတ္တ၀ါတွေရဲ့  သဘောသဘာဝကို တတ်သိနားလည်ရပါမယ် ။အတွေ့ အကြုံ ရင့်ကျက်ပြီး  ကျွမ်းကျင်မှု ရှိရင်ပိုကောင်းပါတယ်  “
“ ကျွန်မကြားဖူးတာက ခေတ်မီငါးဖမ်းသင်္ဘောကြီးတွေနဲ့  လိုက်လံဖမ်းဆီးပြီး သင်္ဘောပေါ်မှာတင် စည်သွပ်တယ် ။ 
အိတ်စ်ပို့ ထ် လုပ်တယ်တဲ့  “ 
“ဟုတ်ပါတယ်ဗျာ .. ဒါပေမဲ့  ကျုပ်က တကိုယ်တော်သမားဗျ။ ခေတ်မီနည်းတွေ မလိုဘူး။ မိုက်ရူးရဲလို့  ဆိုချင်ဆို တော့ ။ ငါးကြီးတွေနောက် မှိန်းနဲ့  လိုက် တယ် ။ရေငုပ်တယ်။ တွေ့ ရင် ၀င်လုံး ထိုးသတ်ပလိုက်တာဘဲ “
“ ကျွန်မတို့  နိုင်ငံမှာလည်း ဆလုံ လူမျိုးဆိုတာ ရှိတယ်  ရေငုပ်သိပ်တော်တာ။   “  
“ ကျုပ်ကတော့ ငါးတန်ကြီးတွေ ငါးထွေကြီးတွေ ဖမ်းချင်ရင် ဖေါ့တုံးမှာ ငါးစာတပ်  ငါးမြှားချိတ်ပါတဲ့  ငါးမြှားးကြိုးနဲ့  ပတ်ရစ်ပြီုးရေမှာမျောချလိုက် ။လူက လှေနဲ့ လိုက် ကြည့် ။ အစာကို ငါးဟပ်တာနဲ့  ဖေါ့တုံးက ရေမှာ ၀ဲလယ်လှည့်နေတယ် ။ ဒါကို လူက လှေပေါ်ကနေ ဆွဲတင်ရုံဘဲ “ 
“ ဟုတ်လား “
“ မှိန်းသေနပ်နဲ့ လဲ ပြစ်ဖမ်းဖူးတယ်။ ဒါက ၀ါးလုံးတလုံးရဲ့  ထိပ်မှာ ကြေးပြောင်းတခုတပ်ရတယ်။  ကြေးပြောင်းဝကနေ ချွန်မြနေတဲ့  ကျည်ဗူးကို ပြစ်လွှတ်တာမျိုးပေါ့။ ဝေလငါးကြီးတွေရဲ့  ကိုယ်ထည်နံရံကို သေနတ်ပြောင်းနဲ့  ထိုးစိုက်ပြီး မောင်းထိန်းခလုပ်ကနေ ဖြုတ်ချပြစ်ဖမ်းနည်းပါ “
“ ငါးတွေ အတော်ခံရမယ်။သနားစရာဘဲ   “
“အား..ဒါ့ထက်ဆိုးတဲ့ နည်း ရှိသေးတယ်ဗျ။ ဒီနည်းက ငါးမန်းတွေ ငါးလိပ်ကျောက်တွေ သုံးတဲ့ နည်း။ဝါးလုံးရှည်မှာ စူးငါးခွခရင်း တပ်ပြီး လှံရှင်နဲ့  အသေလိုက် ထိုးသတ်တဲ့နည်းပေါ့။ ငါးမှာ လှံစိုက်သွားပြီဆိုတာနဲ့ ငါးက လှံသွားတန်းလန်းနဲ့  အသေပြေးရော ဆိုပါတော့ ၊လှံ့အသွားမှာလဲ ကြိုးတချောင်းချည်နှောင်ထားတာမို့  ငါးကမောလို့  အပြေးရပ်ရင် ကြိုးကို  ဖြေးဖြေးဆွဲတင်လိုက်ရုံဘဲ ။ ဒါပေမဲ့  ငါးနဲ့ လူနဲ့  ခွန်အားမမျှရင် လူမှာ အန္တရယ် ရှိနိုင်တယ် ဗျ။ ငါးက လူကို ဆွဲခေါ်သွားတတ်တယ်။ “
“အင်း ရှင်က စွန့် စားရတာ ၀ါသနာပါတယ်ထင်တယ် “ 
ဒီလိုနဲ့ ဘဲကျုပ်တို့   တနေ့  ရေမှာ သေရမှာဘဲလေ”
ဗုဒ္မရဲ့  တရားတော်အရ သေခြင်းသဘောကိုလည်း သူက နားလည် သဘောပေါက်ထားသည်ဘဲ။ 
“ တက်ဒ်ရေ …မင်းတခုခု ပြောပါအုံး။” 
 ကျွန်မက အေးဆေး ငြိမ်သက်စွာ စားသောက်နေသော ခလေးကို လှုပ်နိုးလိုက်ရာ သူက 
ပြုံးပြီးခေါင်းငြိမ့်ပြသည်။တက်ဒ်သည် သဘောကောင်း၍ ယဉ်ကျေးပြူငှာသော ခလေးတယောက်ပါဘဲ။ 
ဂျက်ဖရီနှင့် တက်ဒီတို့ ကိုညနေစာအတွက်  ကျေးဇူးတင်စကားဆိုရသည်။
ကျွန်မအခန်းပြန်ဖို့  သင့်ပြီဘဲ။ 
ကျွန်မအပြန်ကို သူတို့  သားအဖက လိုက်ပို့ ခဲ့ကြသည်။
ကျွန်မက တက်ဒ်၏နဖူးပြင်လေးပေါ် ဖွဖွ လေးမွေးပြီးနှုတ်ဆက်လိုက်ရာ ခလေးက ပျော်သွားပုံရသည်။ ဘယ်က ဘယ်လို ပေါ်လာသည်မသိ။ထူးခြားသော တွယ်တာမှု သံယောဇဉ် က နှောင်ဖွဲ့  ရစ်ပတ်လာသည်။ 
သဲသောင်ကို ကျော်ဖြတ်လာစဉ် လပြည့်ညမို့  လရောင်က လင်းလက်ဖြာကျနေသည်။ငွေရောင် ခြယ်မှုံးထားတဲ့  ပင်လယ်ပြင်ကြီးဟာ အထူးငြိမ်သက် အေးမြလို့ နေသည်။ 
ကျွန်မတို့ ခွဲခွာခါနီးတွင် တက်ဒီက  ကျွန်မအား သူကိုယ်တိုင်  ယောက်သွားဖြင့် အလှဆင်ထားသော ပစ္စည်းလေးတခု လက်ဆောင်ပေးခဲ့ သည်။ 
ဒီလိုနှင့် ကျွန်မတို့ မကြာခဏ တွေ့ ဆုံဖြစ်ကြတယ်။ ပင်လယ်ပြာပြာ မိုးပြာပြာအောက်မှာ သောင်ပြင်ပေါ်  Li-Lo Air- bed ကိုယ်စီနဲ့   အနားယူရင်း စကားတွေ ပြောမကုန်ခဲ့ ကြဘူး။ 
(ကျွန်မမိတ်ဆွေ ဇနီးမောင်နှံ့နဲံ့  ကျွန်မက ခွဲထွက် ခဲ့သလိုများ ဖြစ်နေမလား စိတ်ပူမိပေမဲ့  တနည်းအားဖြင့် သူတို့ နှစ်ဦးကို လွတ်လပ်စွာ နေထိုင်ခွင့် ပေးရာ ရောက်တာမို့  ကျေနပ်စရာပါ။)
တခါတရံ ပင်လယ်ပြင်ထဲမှာ စက်လှေစီးရင်း ကျွန်းငယ်လေးဆီ ကျွန်မတို့  သွားရောက်ခဲ့ တယ်။ တခါတရံ သဲသောင်ယံမှာ 
လမ်းလျှောက်ရင်း ခရုတွေ ကောက်ကြ စာတမ်းတွေဖေါ်ကြ အုန်းတောထဲမှာ အုန်းရည်စုပ်ကြနှင့် ။ရင်းနှီးကျွမ်းဝင်ခဲ့ ကြတယ်။ ကျွန်မက တက်ဒ်ကို  မင်းရဲကျော်စွာ၊ လဂွန်းအိမ် ၊ တပင်ရွှေထီး ၊နဲ့  ဗန္ဒုလအကြောင်း  ပြီးတော့ ရွှေဘုရားတွေ ပေါတဲ့  အကြောင်း  ပုံပြင်သဖွယ် ပြောပြခဲ့ တော့ ခလေးက သိပ်ကို စိတ်ဝင်တစား နားထောင်ခဲ့ တယ်။
တခါတရံမှာတော့ ရေငုပ်ဝတ်စုံအပြည့်နဲ့  ရေအောက်ဆင်းသွားတဲ့  ဂျက်ဖရီကို တက်ဒ်နဲ့  အတူ စောင့်ကြည့်ခဲ့ကြတယ်။ရေပေါ်တက်အလာမှာတော့ အယ်လ်ဂျေး ရေမှော်ပင်တွေ သူခူးလာပြီးဘယ်လောက် အသုံးဝင်ကြောင်း သူ ရှင်းပြတာကိုပါ ကျွန်မတို့ က  နားထောင်ခဲ့ ကြရပြန်ပါရော။  
တခါတရံ ၆နာရီ တကြိမ် ဒီရေအတက်အကျကို စောင့်ကြည့်ရင်းဗုဒ္မ၏ အယူအဆ ဒဿနတွေကို တခုစီ ရှင်းလင်းပြောပြမိတယ်။ဗုန္ဒရဲ့  အခြေခံ ပညတ်ချက်ငါးပါးက စလို့ ကျွန်မ စိတ်ရှည် လက်ရှည် ပြောပြနေမိတာပါ။ သူကလည်း ကျိုးကြောင်းခိုင်လုံတဲ့  ကျွန်မရဲ့  အပြော အဟောမှာ   သဘောပေါက်နားလည် လက်ခံပါတယ်။  
ဗုဒ္မဘာသာမှာ လူ့ ကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းဖို့ အခြေခံ  အချက်၅ချက်ရှိကြောင်း  ကို တခုစီရှင်းပြလိုက်တယ်။သူတပါးအသက်သတ်ဖြတ်ခြင်း။သူတပါးပစ္စည်းခိုးယူခြင်း။သူတပါးအိမ်ယာ ပြစ်မှားခြင်း။လိမ်လည်ပြောဆိုခြင်း။သေရည်သေရက် သောက်ခြင်း စတဲ့  အပြစ်တွေကို ထောက်ပြတော့လဲ  သူလက်ခံတယ်။ 
ခရစ်တော်က ထာဝရကို ပြဆိုပြီး ဗုဒ္မက အနိစ္စ ကို ပြဆိုကြောင်းအခိုင်အမာ ပြောပြတော့လည်း  သူ နားလည်သားဘဲ။ 
 သိပ္ပံနည်းကျ တဲ့ ဗုဒ္မအယူဝါဒကို ဘယ်သူ ညင်းပယ်နိုင်မလဲ ။ကျွန်မအမြဲ သွားလေရာ ဆောင်ယူတတ်တဲ့  အင်္ဂလိပ်မြန်မာ နှစ်ဘာသာထုတ် ဓမ္မပဒ စာအုပ်ကိုလက်ဆောင်ပေးလိုက်တော့လည်းသူက စိတ်ဝင်တစားဖတ်ရှုနေတယ်။
ပြီးတော့ “ ဂျက်ဖရီ”က   စကားတွေ ဖေါင်ဖွဲ့ ပြောနေရင့်း  ခရု ပုတီးလေးတကုံး ကောက်ယူသီကုံးပြီး  ကျွန်မလည်မှာ အမြတ်တနိုး ဆွဲ ပေးလိုက်စဉ်  ကျွန်မရင်တွေ ခုန်ခဲ့ရတာ အမောပါဘဲ။
ဘုရားရေ…
နေ့ တွေ  ရက်တွေ အချိန်တွေ အကုန် မြန်လိုက်တာ။ ကျွန်မတို့   ပြန်ကြရမဲ့ ရက် တဖြည်းဖြည်းနီးကပ်လာနေပါပကော။ ကျွန်မမက်နေတဲ့ အိမ်မက်ကနေ  နိုးထရတော့မှာလား။
အိမ်မက်လေးများ ပျောက်ပျက် လွင့်ပါးသွားမှာတော့  စိုးလှပါသည်။
ကယ်လီဇိုးနီးယားဒေသ၏ နွေကာလသည် ဇူလိုင် သြဂတ်စ်လများမှာ ကျရောက်သည်။ မြေထဲ ပင်လယ် ဥတုရှိသဖြင့် ဆောင်းမိုးရွာတတ်သည်တဲ့ ။ နွေရာသီကာလများမှာတော့ အပူရှိန် F70 ဒီကရီမျှသာရှိ၍ ဥတုညီညွတ်ပါသည်။ နေရောင်ထွန်းတောက်နေလို့  ရှုခင်းတွေဟာ ရဲရင့် ပွင့်လင်းလို့ နေတယ်။ ဒီနေ့ တော့ ကလျာရဲ့  ၀င်ကစွပ်ကို အပြီးသပ်ဖတ်မှ။ 
ကျွန်မတို့  မိတ်ဆွေ များနဲ့ အတူ ဘန်ဂလိုအနီး ရောင်စုံထီးကလေးများအောက်ရှိ လက်တင်ပါ ပက်လက် ကုလားထိုင်များပေါ်ကိုယ်စီ  အနားယူ  အပန်းဖြေနေကြစဉ် “တက်ဒ် “ တယောက်  ကင်မရာလေးလွယ်လို့  အပြေးရောက်လာတယ်။ 
“ ကမ်းမ် ..ကမ်းမ်  စန် ကျွန်တော် စန့် ကို ဓါတ်ပုံရိုက်ပေးချင်လို့  “  ကျွန်မက “ကောင်းသောနေ့ ပါ ကွယ်” လို့  နှုတ်ဆက်အပြီး  တက်ဒ်ကို KIA-ORA စပျစ်ဖျော်ရည်တခွက် ကမ်းပေးလိုက်တော့ သူက ကျေးဇူးတင်ကြောင်းပြောရင်း တချက်တည်းမော့သောက်လိုက်တယ် ။
“ ကျွန်တော်က ပန်းချီဆွဲဖို့ ရယ် ။ဓါတ်ပုံရိုက်ဖို့ ရယ်ဘဲ ၀ါသနာပါတာ “
“သိပ်မွန်မြတ်တဲ့ အလုပ်ပါဘဲ တက်ဒ် ဂုဏ်ယူပါတယ် “ ကျွန်မတို့   ပင်လယ်ဘက်ကို ထွက်ခဲ့ ကြတော့ သောင်ပြင်မှာ ကျွန်မ လမ်းလျှောက်လာတဲ့  ဟန်ပန်ကို တက်ဒ် က ၀ါရင့် ကင်မရာမင်းအသွင် ရိုက်ယူနေလေရဲ့ ။ 
“ အလို ..ကျောက် စွန်း ကျောက်စွယ်ပေါတဲ့  ပင်လယ်ကွေ့ လေးတခုမှာ  ဂျက်ဖရီ တယောက် “
“ဟုတ်တယ်.. စန် ။သူထွက်သွားတာ ကြာပြီ   “အော် ..ဟိုမှာ  ..ခဏ ခဏ စန် ။ကျွန်တော် ဒက်ဒီ့ ကို ဓါတ်ပုံရိုက်လိုက်အုံးမယ် “တက်ဒ်က သူ့ဘခင်ကို ကင်မရာချိန်နေသည်။ ဘေးတိုက် အနေအထားကို ချိန်လိုက် စဉ်…
“ စန် ..ကြည့်လိုက် …ကြည့်လိုက် ..ဒယ်ဒီ့အမူအရာ ထူးဆန်းနေတယ်.သူပြောတယ် ။ငါးမန်းတကောင် သောင်းကျန်းနေလို့  နှိမ်နင်းရမယ်တဲ့ ” 
“ ဟင်  ဒီလိုဘဲ သူလုပ်နေကျလား..  “တက် ပြန်မဖြေနိုင်ပါ။ …
.ကမ်းစပ် ရေတိမ်ပိုင်းမှာ တဗွမ်းဗွမ်း ရေသံတွေ ကြားနေရလို့ ပါ။ ဟော...”ဂျက်ဖရီ “ ရေထဲ ထိုးချလိုက့်သည်။ ကျွန်မတို့  နှစ်ယောက် အပြေးအလွှားကမ်းပါးကိုရောက်တော့ “ဂျက်ဖရီ”က ခါးကြားမှ ဒါးမြောင်ကို ဆွဲထုတ်နေတာ မြင်ရသည်။ 
ရေပေါ်မှာ ခဏ ပေါ်လာတဲ့  ပြိုင်ဘက် ရန်သူကို မြင်ရတော့ ကျွန်မ မျက်လုံးပြူးရပြီ” တက်ဒီ “်ကပါ 
 sharp! Sharp !      
လို့  အော် တော့ သည်။ သူတို့  ရေအောက်မှာ လုံးထွေးသတ်ပုတ်နေသည်လား။ ရေများက တဗွမ်း်ဗွမ်းနှင့် ၀ဲလည်လှည့်နေသည်။ရုပ်ရှင်မှာဆို ငါးမန်းကားကြည့်၍ သိပ်ကောင်းတာဘဲ ။ ခုတော့ စိုးရိမ်ပူပန်သောကတွေနှင့် ကြည့်မကောင်း။ နှစ်ယောက်သား အော်ဟစ် ဖက်တွယ်နေမိကြသည်။ ဒါဏ်ရာရနေသည့် ငါးမန်းက
 စွမ်းအားရှိသရွေ့  ခုခံနေမှာသေချာသည်။ ပြောင်ချောနေသော ကိုယ်ထည်ကြောင့် မကြာခဏ ချော်ထွက်နေဟန်တူသည်။ မိမိရရ ဖမ်းနိုင်ခြင်းမရှိချေ။ ငါးမန်းရဲ့  နောက်ကျောဖက်မှာ အလစ်တွယ်ဖက်ကာ ဒါးနှင့် ၀မ်းဗိုက်ကို ထိုးစိုက်ဖို့  သူကြိုးစားအားထုတ်နေပုံပါဘဲ။ အချိန်အတော်ကြာသည့်တိုင် အဖြေက မပေါ်နိုင်။ထွေးလုံးသတ်ပုတ်နေကြတယ်။ 
ကျွန်မတို့ နှစ်ဦးစလုံး ရင်မှာ လှိုင်းထနေပြီ။ ။ဒီအထဲ “တက်ဒ် “်က သူ့ဘခင်ကို ကုညီဖို့   ပြေးသွားမည် ကြံတိုင်း ကျွန်မ မနည်းလိုက်ထိန်းနေရသည်။ 
မကြာခင်မှာဘဲ ရေပြင်တခုလုံး သွေးရောင်လွှမ်းသွားတယ်။ ကျွန်မ “တက်ဒ် “ကို ဖက့်ထားရာက မျက်နှာကို တခြားတဘက်လှည့် ကွယ်ဝှက်မိတယ် ။ 
သူ “ဂျက်ဖရီ “တယောက် ဘာများဖြစ်သွာပြီလဲ။
ဒါပေမဲ့ မရဲ တရဲ လှမ်းကြည့်တော့။ သူ.။ သူရဲကောင်းတယောက်၏ဟန်ပန်မျိုးနှင့်။
ရေလွှာပြင်ကို ခွဲ ထွက်ပြီး ဘွားကနဲ  ပေါ်လာသည်။လက်မှ ဒါးမြောင်ကို ခါးကြားသွင်းရင်း ရေထဲက တက်လာနေသည်။့ ငါးမန်းမှာ  သွေးသံရဲရဲ နှင့် ကမ်းစပ်မှာ မေးတင်နေ၏။  သနားစရာ။သွေးတွေ ပန်းထွက်လို့ ။ 
ယဲ့ယဲ့လေး ပြုံးနေတဲ့  ဂျက်ဖရီ ကကျွန်မတို့ ကို မြင်သွားသည် ။တက်ဒ်က 
သူ့ ဘခင်ဆီ အပြေးလေးသွား ကာ လက်ဆွဲ နှုတ်ဆက်ပြီး  ချီးကျူးဂုဏ်ပြုနေပါကလား။ 
ကျွန်မကော  ချီးကျူးဂုဏ်ပြုရမည်လား။ ကျွန်မ ဘာဖြစ်သလဲ မသိ။ မျက်ရည်တွေ ကျလာသည်။ 
“ဂျက်ဖရီ”ကမူ ကျွန်မရဲ့  မေးစေ့ကို ဆွဲမပြီး ကျွန်မရဲ့  မျက်နှာကို စူးစိုက်ကြည့်ရှုရင်း ကျွန်မ မျက်ရည်ကျရခြင်းရဲ့  အဖြေကို ရှာဖွေနေပေလိမ့်မည်။  
“ စန် ..ကျုပ်ကို ချစ်နေတယ်?  “ တဲ့ ။ 
ကျွန်မက ချစ်တယ်ဆိုတဲ့ စကားလုံးကို ရှောင်ကွင်းရင်း…” ကျွန်မ ရှင့်ကို သိပ်သနားတာဘဲ “  လို့  ပြောလိုက်ပေမဲ့  သူ့ရင်ခွင်မှာ မျက်နှာအပ်မိတယ်။
 ဘယ်လောက်ကြာကြာ ကျွန်မတို့  ငြိမ်နေမိသည်မသိ ဖြတ်ကနဲ ..flash gun ပွင့်သွားမှ လူချင်း ခွာလိုက်မိတော့ ကင်မရာမင်းကလေးက ကျွန်မတို့ နှစ်ယောက်ကို ဓါတ်ပုံ ရိုက်ပြီးသွားပါပြီ။
အပျေိာထမ်းဓါတ်ပုံဆရာလေးက လက်သွက်လွန်းလှပါကလား။
ကျွန်မက အရှက်ပြေ …””ရှင့်ကိုယ်မှာ ဒါဏ်ရာတွေများရှိမလား။ ရေနွေးနဲ့ သန့် စင်ရမယ်လေ ။ ဆေးလိမ်းဖို့ လဲ လိုမယ်ထင်တယ် ။အဲဒါ ကျွန်မ ကူညီနိုင်ပါတယ်  ..”  လို့  တတွတ်တွတ် ပြောနေမိတယ်။ 
“ ကျုပ်တကိုယ်လုံး နာကျင်နေတယ်ဗျ။ ဒီကောင် ကျုပ်ခါးကို အမြီးနဲ့  ခဏ ခဏ ရိုက်တယ်  “  
သူ့ူ့အိမ်မှာပင် ကျွန်မတို့  ဒါဏ်ရာများကို စစ်ဆေးကြည့်ရှုပြီး သန့် စင် ဆေးကြောကါ ဆေးဝါးထည့ခဲ့ ကြသည်။  ဆေးခန်းသွားဖို့  မလိုအောင် သူ့အိမ်ကလေးမှာ ဆေးဝါးစုံလင်နေသည်။ တက်ဒ်နှင့် ကျွန်မ အတူတကွ လူနာ ပြုစု ရတော့တာပါ။
နေ့ လည်စာအတွက် ကျွန်မက တက်ဒ်ကို ကူညီပြင်ဆင်ပေးခဲ့ သည်။ 
ပင်လယ်ငါးတမျိုးကို ခရမ်းချဉ်သီးဆော့စ်နှင့် ချိုချိုချဉ်ချဉ် ပေါင်းထားသော ဟင်းတမျိုးကိုလည်း တက်ဒ် က ရေခဲသေတ္တာမှ ဆွဲထုတ်ကာ စီစဉ်ချထားပေးနေသည်။  
ရုတ်တရက် ကျွန်မ လျာဖျားမှာ Poula-Bali  သီချင်းက ၀င်ရောက် မှီတွယ်လာသည်။ တိုးတိုးကလေး ညီးနေမိသေး။ 
I found love neath an Indonesiam moon ,
A love that meant so much to me, 
It was a south Pacific Paradise ,
The Isle of Poula-Bali. 
ဘာ့ကြောင့် ကျွန်မ ဒီသီချင်းကို ဆိုမိနေသလဲ ။ အဖြေမရှာချင်တော့။ 
ဒါပေမဲ့  ကျွန်မ ဒီက အမြန်ခွာရမည်။ 
ကျွန်မ အခက် တကယ်ကြုံပြီ။ 
သူ့ မျက်ဝန်းတွေကို ကျွန်မဆက်လက် ရင်ဆိုင်ရန် မ၀ံ့ တော့ပါ။
မေတ္တာစကားသူပြောလာရင်တောင် ကျွန်မလက်ခံရန် အဆင်သင့် မရှိပါ။ ကံကြမ္မာ ခလုပ်တိုက်သဖြင့် သံယောဇဉ်တွယ်ငြိမိသော်လည်း ပေါင်းစည်းဖို့  မဖြစ်နိုင်ပါ။ 
ကျွန်မ၏ အရိုးစွဲနေပြီဖြစ်တဲ့  ခံယူချက်ကို ပယ်ဖျက်ရန်နည်းနည်းမှ မရည်ရွယ်ပါ။
တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာဖေါက်ဖျက်ရာ ရောက်မည့် မည်သည့်အပြုအမူကိုမှ ကျွန်မ လက်မခံနိုင်ပါ။ -
အနယ်ကျနေပြီးဖြစ်သည့် သူတို့  သားအဖ၏ဘ၀ကို ခလောက်ဆန်မိမှာစိုးပါသည်။
ဘာ့ကြောင့်များ မဆင်မချင် နောက်ကျူအောင် ကျွန်မ မွှေနှောက်မိပါလိမ့်။ ကျွန်မ အကြီးအကျယ် မှားခဲ့ မိပြီ။ 
ကျွန်မပြေးမှ ဖြစ်တော့မည်။
 တည်းခိုခန်းကို ကျွန်မ အမြန်ပြန်ရမည်။
လုပ်ဘော်ကိုင်ဘက်မိတ်ဆွေများ ကျွန်မကို စောင့်ဆိုင်းနေကြမည်။
 ပြီးလျှင် ကျွန်မအလုပ်ရှိရာ ကယ်လီဖိုးနီးယားတက္ကသိုလ်နယ်မြေသို့ ။ 
ကျွန်မဘယ်လိုဘဲ သူ့ ကို ရှောင်တိမ်း ရှောင်တိမ်း  ကျွန်မနှင့်အတူ မကွဲ မကွာ ပါလာသည်ကတော့ သူကိုယ်တိုင် ကျွန်မ ရှေ့ မှာတင် ကောက်ယူ သီကုံးပြီး လည်မှာဆွဲပေးခဲ့ သည့်  ခရုပုတီးလှလှလေး တကုံးပါဘဲ။ 
ဂျက်ဖရီ၏ပြောပြချက်။
ညဟာ အထူးတိတ်ဆိတ်လို့ နေတယ်။ သန်းခေါင်ကျော်ခဲ့ ပေမဲ့  တလူးလူး တလွန့် လွန့့်နဲ့  အိပ်မပျော်ခဲ့ ဘူး။သန်းခေါင်ယံညည့်အိမ်မက်က ကျုပ်တို့  သားအဖကို ဒီလို မကြာ မကြာ ခြောက်လှန့်တတ်သည်။
 “ မမ်..မမ်” နှင့် ယောင်ရမ်းနေတဲ့ သားကို တချက်လှမ်းကြည့်မိတယ်။ သူ အိပ်ပျော်နေဆဲပါ။သူု့ မျက်နှာလေးကို ကျုပ် ငုံ့  ကြည့်လိုက်တော့ မျက်ရည်စတွေနဲ့ ။ 
မုန်တိုင်းထန်တဲ့  ညတညရဲ့  ပင်လယ်ပြင်မှာ  ကိုးကွယ်ရာမဲ့  လက်လွတ်ဆုံးရှုံးခဲ့ ရတဲ့  သားအမေကို .  ကျုပ်မြင်ယောင်လာတယ်။ ကျုပ်ကိုယ်ကျုပ် မထိန်းချုပ်နိုင်တော့ဘူး။ တခါးကို ဆွဲဖွင့်လို့  အိမ်ပြင်ကို တဟုန်ထိုးပြေးထွက်လိုက်တယ်။ လိမ့်ဆင်းလာတဲ့  လှုါင်းလုံးကြီးတွေရဲ့ ညည်းညူ အော်ဟစ်သံတွေလား။ ။ပင်လယ်ပြင်ကြီးရဲ့  ငိုကြွေးသံတွေလား။မုန်တိုင်းရဲ့  ခြိမ်းခြောက်သံတွေလား။ တခုခုတော့ တခုခုပါဘဲ ။အားလုံးလဲ ဖြစ်နိုင်တယ်။ ကျုပ် ဘယ်လိုမှ ရ့ပ်တည်မနေနိုင်တော့ပါလား.။ကျုပ်နားမခံနိုင်တော့ဘူး။
“.အား..”ကျုပ်နားတွေကို ပိတ်ပစ်လိုက်တယ် ။ ကျုပ်ပြေးထွက်လာတယ် ။
ကျုပ်ရှေ့ မှာ.. ။ကျုပ်ဘေးမှာ.. ။ကျုပ်နောက်မှာ ..။ကျုပ် အားလုံးလိုက်ကြည့်တယ်။ မှောင်ပိန်းလို့ …။
မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့လ်ဲမဲချိတ်နေတယ် ။ 
အားလုံးက ကျုပ်ကို ၀ိုင်းပြီး အပြစ်ဆိုနေကြပြီ။  ။ ကျုပ် သိပ်ခံစားနေရတယ်ဗျာ ။
ကျုပ်ကိုယ်ကြီးကို ပင်လယ်ထဲ ပြစ်ချ မြုပ်နှံလိုက်ချင်ပေမဲ့ ….။
.ကျုပ်သားလေး။ 
အထီးကျန် အိပ်စက်နေတဲ့  ခလေး။သူ့အနားမှာကျုပ်ရှိနေရမယ်လေ။ 
ကျုပ် သားအတွက် ရှင်သန်ရပ်တည်ဖို့  လိုသေးတယ်။
 သောင်ပြင်မှာ  ကျုပ် ဒူးထောက်ထိုင်ချလိုက်တယ်။ ကျုပ်တို့  သားအဖ ရဲ့  ဘ၀ကို တည်ငြိမ်စွာ ရပ်တည် ရှင်သန်နိုင်ဖို့ အခွင့် ပေးသနားပါရန်  ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ဒါပေမဲ့  ..အလို …။
 ကျုပ် သောင်ပြင်မှာ ဦးတည်ချက်မရှိ ပြေးလွှားနေမိပါရောလား။စိတ်က ဦးတည်ချက်မရှိဘူးဆိုပေမဲ့  လူက Night –Sea  ဘန်ဂလို ဆီ .. ရောက်နေပါပြီ။ ဘန်ဂလိုရှေ့ က သောင်ပြင်တနေရာမှာ ပင်လယ်ဘက်ကို မျက်နှာမူပြီး ထိုင်နေတဲ့ ပုံသဏ္ဍာန်တခုက ငြိမ်သက်တိတ်ဆိတ် စွာရှိနေသည်။   လရောင်အောက်က ပုံသဏ္ဍာန်လေးဟာ “ စန်  “  ကလွဲလို့ ဘယ်သူဖြစ်နိုင်မလဲ ။
အနောက်နိုင်ငံသူတွေနှင့်မတူ တမူထူးခြားမှုရှိတဲ့  အရှေ့တိုင်းသူလေးပါဘဲ။ ဘာ့ကြောင့်များကျုပ်ကို ညှို့ယူနေနိုင်ရပါသလဲ။ သူမရဲ့  ကိုယ်သင်းနံ့ ကလေးက အနောက်တိုင်းသူတွေနှင့်မတူ.ချိုအီ မနေ။.သင်းပျံ့ပျံ့လေး။ မွှေးတယ် ဆိုရုံ။အြိဲန္ဒရရလေး မွှေးသည်။ 
 လရောင်ရဲ့  ဖေးမကူညျီမှုကြောင့်  လက်လက်ခါနေတဲ့  လှိုင်းအိလေးများက ညင်ညင်သာက လေး 
လူးလွန့် နေသလို 
ကျုပ်ရင်ထဲမှာလည်း လှိုင်းတအိအိထနေပါသည်။ ကျုပ် သူမအနောက်မှာ ဒူးထောက်ထိုင်ချလိုက်တော့ သူမ ကျုပ်ဘက်ကို လှည့်လာတယ်။ ကျုပ်က သူမလက်ကလေးတွေ ဆွဲယူပီး အသာအယာ ပွေ့ ဖက် နမ်းရှိုက်မိတော့ သူမက ချက်ခြင်းဘဲ ရုန်းထွက်လိုက်တယ်။ 
“  ၀မ်းနည်းပါတယ်။။ဂျက်ဖ် ..။ မနက်ဖြန်မနက် ကျွန်မတို့  ဒီကထွက်ခွာတော့မှာပါ။  ကျွန်မနှုတ်ဆက်ခဲ့ ပါတယ်။ “
“ စန် “်က ကျုပ်ကို နှုတ်ဆက်တယ်တဲ့ လား မဖြစ်နိုင်ပါ။ ဘာ့ကြောင့်လဲ ။ မိန်းခလေးရဲ့  မျက်ဝန်းတွေမှာ မျက်ရည်တွေ စိုစွတ်နေတာ ဘာ့ကြောင့်လဲ ကွယ်။  “ ဒါပေမဲ့  “ စန် “ က ကျောခိုင်းထွက်ခွာသွားပြီလေ။
“ ဂွတ်ထ်ဘိုင်” တဲ့ ။
“ကျွန်မရဲ့ ကိုယ်ကို ကျွန်မ မပိုင်ပါဘူး။ကျွန်မမွေးဖွားရာ ကျွန်မနိုင်ငံ ကျွန်မဇာတိမြေကသာပိုင်ပါတယ်။ ရှင်နားလည်မှာပါ “
တဲ့ ။  
ပြောပုံကလေးက ယဉ်ကျေးသိမ်မွေ့ လိုက်တာ..မိန်းခလေးရယ်။့ နောက်နေ့  နောက်နေ့ တွေမှာ မင့်ခြေရာလေးတွေ သောင်ပြင်မှာ မြင်တွေ့ ရပါဦးမလား။
ကျုပ်အိမ်ကို ပြန်ရောက်တော့ သားက “မောနင်းဒက် ဒီ “တဲ့ ။ သူမသိသေးဘူး။
သူကဆက်ပြောနေတယ်။
“ ကျွန်တော် အိမ်မက် မက်တယ် ဒက်ဒီ  အိမ်မက်ထဲမှာ “ စန်”  ငိုနေတယ် “
“  ဒက်ဒီလဲ ငိုချင်နေတယ် “ လို့  ကျုပ်ပြောလိုက်ချင်တယ်။
 “ ဒီမနက်ဘဲ သူပြန်တော့မယ်။”
“ ဟုတ်ရဲ့ လား  ကျွန်တော်မယုံဘူး ကျွန်တော် သွားကြည့်မယ်    “တဲ့  ။
“ ခရီးသည်ကြိုတဲ့ ကားနဲ့  သူပါသွားလောက်ပြီ  “
သားက ဘာမှ မပြောတော့။ ၀ုန်းကနဲ အိပ်ယာမှ ထပြေးတော့သည်။ ဘန်၈လိုကို ပြေးသွားတယ်ဆိုတာ သေချာပါသည်။
ကျုပ်ဝေဒနာကို အသာထားလို့  သားကို ပွေ့ ဖက် ချော့မြူရပါဦးမည်။
သူမပြန်သွားပြီးနောက်မှာတော့ ကျုပ်တို့ သားအဖ ယောင်ချာချာဖြစ်နေခဲ့ တာ အမှန်ပါဘဲ ။ ကျောင်းစာ တွေ နဲ့  အချိန်ကုန်တတ်တဲ့  သား။ ပန်ချီဆွဲရင်း ဓါတ်ပုံတွေရိုက်ရင်း အချိန်တွေ ကုန်တတ်တဲ့ သား ။ခု သူ့တာဝန်တွေ အများကြီးပျက်ကွက်နေပြီ။
ကျုပ်ရော။ ကျုပ်က  ပိုပြီးဆိုးမှာပါ။ ငါးဖမ်းထွက်ဖို့  ပင်  အတော်ခက်ခဲနေသည်။” မချိမဆန့်ခံရင်း သေရတဲ့  ငါးတွေကို ပျော်ပျော်ကြီး ကြည့်နေရက်သလားတဲ့  “ဒီစကားတွေက ကျုပ်အလုပ်ကို ကျုပ် မလုပ်နိုင်အောင် ရှေ့ က ကာဆီးနေတယ်။ 
 လရောင်ဖြာနေတဲ့  ညည့် ဦးယံများမှာ ငွေသဲသောင်ပြင်ပေါ် လမ်းလျှောက်ကြရင်း မြန်မာကျေးလက်ပုံပြင်တွေ .မြန်မာသူရဲကောင်း ပုံပြင်တွေ သူ့တိုင်းသူ့ပြည်ကို အမွန်းတင် ပြောပြတတ်တဲ့ “ စန် “ ။  ကျုပ်တို့  သားအဖ ဘယ်လို မေ့ပြစ်နိုင်မလဲ။ ကျုပ်တို့ နှစ်ယောက်  နွေကန္တာရကြီးထဲ ဖြတ်သန်းနေရသလိုပါဘဲ။ပူလောင်လိုက်တာ။
သောင်ပြင်မှာ သူမ ခြေရာလေးတွေ လိုက်ရှာနေမိကြတဲ့  သားအဖနှစ်ယောက် ဒုက္ခတော့ ရောက်ပြီ။ သားလေးအအေးမိဖျားပါလေရော။ဒီတော့မှ ကျုပ်ကောင်းကောင်းနားလည်မိတော့တယ်။ ကျုပ်သားက မိခင့်မေတ္တာ ကို ငတ်မွတ်တောင့်တနေသူပါကလား။”စန်က မိခင်သဖွယ် ယုယပြုစုခဲ့ တာဆိုတော့ သူတွယ်တာနေ့ပါလိမ့်မည် “ ခြစ်ခြစ်တောက်ပူလောင်နေတဲ့  ကြားက “မမ် နဲ့  စန်   “ ကိုသာ ယောင်ရမ်းခေါ်နေတော့ ကျုပ်ရင်နာရတော့တယ်။ 
သားကို အားရှိဖို့  အဖျားမြန်မြန်ကျဖို့  ကျုပ်ကိုယ်တိုင် ပြုစုတယ်။ အသားပြုတ်ရည် ကြိုချက်ပေးတယ်။ နာနီကို မခိုင်းဖူး။ 
တနေ့ တော့ သားက ပြောတယ်။ “ ဒယ်ဒီ  ကျွန်တော်တို့  ကယ်လီဖိုးနီးယားကို လိုက်သွားကြမယ် “တဲ့ ။ “သားနေကေင်းလာတဲ့ တနေ့ ပေါ့ “  လို့  ကျုပ်က ပြောတော့ …။
“ကျွန်တော် နေကောင်းပြီ..ဒက်ဒီ တဲ့  “သူက ထခုန်တယ်။ 
ကျုပ်တို့  မကြာဘူး။ ကယ်လီဖိုးနီးယားတက္ကသိုလ်အတွင်း ရောက်လာတယ်။ စုံစမ်းလိုက်တော့  ဒီကနေ့  ဟာ “မြန်မာ့အကြောင်းသိကေင်းစရာ“ ခေါင်းစဉ်နဲ့  မြန်မာစာပါမောက္ခ “ ယမင်းစန္ဒာဦး” က ဟောပြောမယ် ဆိုပါလား။
မြန်မာနိုင်ငံနဲ့  မြန်မာလူမျိုးကို ကိုယ်စားပြု ဟောပြောမှာ ဖြစ်တယ် လို့  သိရတယ်။ ဟောပြောပွဲ ကို ကျုပ်တို့  တက်ရောက်ခွင့် ရ မရ မေးမြန်းတော့ သက်ဆိုင်ရာဌာနမှာ ၀င်ခွင့်လက်မှတ်တောင်းခံရမယ်လို့  ဆိုတယ်။
 ဟောပြောပွဲခန်းမ စင်မြင့်မှာတော့ ။အမေရိကန်အလံနဲ့  မြန်မာအလံ အတူယှဉ်တွဲ လွှင့်ထူထားတယ်။အခန်းအနားက စနေပါပြီ။ ပါမောက္ခချုပ် ဒေါက်တာ ဒဗလျူ ကင်းနက် နော့ရစ်က မိတ်ဆက်ပေးနေတယ်။
အရှေ့ တိုင်းဘာသာ ဌာနမှူးက ထပ်မံ မိတ်ဆက်ပေးတယ်။
“စန်” ဟာ သူမရဲ့  နက်မှောင်ပြောင်လက်နေတဲ့  ဆံပင်တွေကို ပင့်တင်ပြီး သေသပ်ကျနစွာ ထုံးဖွဲ့ ထားတယ်။ ညာဖက်နားနောက်မှာတော့ ပန်းရောင် နှင်းဆီပွင့်တပွင့်  ပန်ထားတယ်။ ပန်းရောင် မြန်မာဝတ်စုံကို ၀တ်ဆင်ထားပြီး ကိုယ်ပေါ်မှာ ပုဝါပါးပါးလေး မခို့ တရို့  လွှမ်းခြုံထားတယ်။သူမရဲ့  ရိုးရာ ၀တ်စုံဟာ သူမကိုယ်လုံးအလှကို အထင်းသားပေါ်လွင်စေတယ်။ အနောက်တိုင်းအလှနဲ့  တမျိုးတဘာသာစီ ဘဲ ။ 
ခန်းမထဲမှာတော့ ငြိမ်သက်တိတ်ဆိတ်နေတယ်။အားလုံးယဉ်ကျေးသိမ်မွေ့ စွာ နားစိုက်နေကြတယ်။ဟော ..စပါပြီ။
သူမဟာ အခန်း၁၀ခန်း။ကဏ္ဍ ၁၀ခု ကို ဗွီဒီယို သရုပ်ဖေါ် ပုံပေါင်းများစွာ ပူးတွဲ  ပိုင်းခြားစိတ်ဖြာ ရှင်းလင်းနေတယ်။ အဓိက သူမ ပြောပြတာတွေက ..
၁။ မြန်မာနိုင်ငံ တည်နေရာ ။ ၂။တိုင်းနှင့်ပြည်နယ်များ။၃။ တိုင်းရင်းသားများနှင့် ၀တ်စားဆင်ယင်မှု ဓလေ့စရိုက် များ။ ၄။ကိုးကွယ်သည့်ဘာသာများ။၅။ပြည်ထောင်စု သမတနိုင်ငံတော်၏ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် မူဝါဒများ။၆။မြန်မာနိုင်ငံ၏ အဓိက လုပ်ငန်းနှင့် ထွက်ကုန်များ ၇။ ယဉ်ကျေးမှု နှင့် အနုပညာရပ်များ။ ၈။မြန်မာစာပေနှင့် စာဆိုများ။၉။ ပညာရေးဌာန၏ ဆောင်ရွက်ချက်များ။ ၁၀။ တိုင်းရင်းသားအကများ။ စသည် ရှင်းလင်းပြောပြနေသည်မှာ အားရကျေနပ်စရာပါဘဲ။ သူ့ မျိုး သူ့ဂုဏ်ကို အားပါးတရ ဖေါ်ထုတ်ပြသခွင့် ရရှိသဖြင့်လည်း သူမ အလွန် ပျော်နေပါလိမ့်မယ်။ နိဂုံးအချုပ်မှာ ပါမောက္ခချုပ်က သူမအား.”.အနောက်မှာ သာတဲ့ လ” လို့  တင်စားခေါ်ဝေါ်ခဲ့ တယ်။ 
အနောက်မှာ သာတဲ့ လတဲ့ လား။ ဟုတ်သည်။ အဲဒါ အမှန်ကန်ဆုံးပါဘဲ ။ “စန် “ဟာ အရှေ့ တိုင်းမှာ သာခဲ့ တဲ့  လပေမင့် အနောက်တိုင်းကိုအရောက်  ထွန်းလင်းတောက်ပလာသည့် လတစင်းဆိုရင်လည်း  မမှားနိုင်ပါဘူး။
ဟောပြောပွဲ ပြီးဆုံးသွားပေမဲ့  သူမကို နှုတ်ဆက် ကြသူ လက်မှတ်ထိုးခိုင်းသူ မေးခွန်းထုတ်သူ တို့ နှင့် ၀ိုင်းဝိုင်းလည်နေသည်။ 
မီဒီယာသမားတွေရဲ့  ကင်မရာတွေက လည်း သူမကို စုပြုံ ၀ိုင်းအုံ နေတော့တာပါဘဲ။ 
ထွက်ပေါက်ကိုရောက်ဖို့ ကို လမ်းရှင်းသူက မနည်း ရှင်းပေးနေရသည်။
ကျုပ်တို့ သားအဖလဲ  သူမလာရာလမ်းမှ ဆီးကြို နေကြသည်။ တက်ဒ် ကို သူမမြင်တော့ အံ့ သြ၀မ်းသာလို့ နေတယ်။ “တက်ဒ်”ကို ဆွဲယူ ပိုက်ပွေ့ ကါ နဖူးလေးကို ဖွဖွ နမ်းသည်။ ခလေးရယ် ခလေးရယ် နှင့် ညည်တွားရွတ်ဆိုနေသေးတော့သည်။ 
ကမ္ဘာမြေသည် စိမ်းလန်းစိုပြေ လွန်းလှသည်။ ဗုဒ္မ၏ မေတ္တာဓါတ်က ထိုကမ္ဘာကြီးနှင့် ထိုကမ္ဘာကြီးတွင် မှီတင်းနေထိုင်ကြသူအားလုံကို လွှမ်းပတ် ခြုံသိုင်းထားသည် တဲ့ ။ "စန်”ပြောခဲ့ ဖူးသည်။  မေတ္တာပန်းရနံ့ များ မွှေးးပျံ့ ကြိုင်လှိုင်လို့ နေသည်ကလည်း စကြာဝဠာ အနှံ့ ပါပဲ။          ။
ခင်မေသစ်
စာပြီးနှစ် ၁၉၇၉ခုနှစ် 
Geography  ဘာသာရပ်ကို သင်ကြားပေးခဲ့သည့် ကျွန်မ၏ဆရာ ဦးတင်မောင်အား ကျေးဇူးတင်လျက်။
No comments: