Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 01, 2013

ဟိုသတင်း ဒီသတင်း

၁. ကိုက်ဖြတ်ဖို့လား အလှဆင်ဖို့လား
အမေရိကန် ရက်ပ်အဆိုတော်မလေး ကေးရှာ(Ke$ha) ရဲ့ “ကေးရှာနှင်းဆီ” လို့အမည်ပေးထားတဲ့ လက်ဝတ်ရတနာအလှဆင်လုပ်ငန်းကို သြဂုတ်လထဲ မိတ်ဆက်ရောင်းချတော့မှာပါ။ ကေးရှာရဲ့ အလှဆင်လက်ဝတ်ရတနာတွေဟာ တခြားအောင်မြင်ကျော်ကြားသူတွေရဲ့ လက်ဝတ်ရတနာလုပ်ငန်းဒီဇိုင်းတွေနဲ့ မတူပါဘူး။ သူမရဲ့ လက်ဝတ်ရတနာတွေမှာ “cannibal capsule” လို့ နာမည်ပေးထားတဲ့ လက်စွပ်ဒီဇိုင်းလည်းပါနေတယ်။ အဲဒီလက်စွပ်ကို တကယ့် လူသွားအစစ်တွေ ရွှေသားကွပ်ပုံဖော်ထားတယ်။ အံ့သြစရာတော့သိပ်မကောင်းလှပါဘူးတဲ့။ ကေးရှာဟာ တစ်ခါတုန်းက သူမပရိသတ်တွေရဲ့ သွားတွေနဲ့ သရဖူပုံစံ ဦးခေါင်းအလှဆင်တန်ဆာပြုလုပ်ခဲ့ဖူးပါတယ်။ နည်းနည်းအလန့်တကြားဖြစ်စရာရှိနေတာတစ်ခုပဲ။ အဲဒီသွားတွေကို ဘယ်ကရခဲ့သလဲဆိုတာပါ။ သူမရဲ့ သရဖူကိုတော့ ပရိသတ်တွေပို့ပေးလာတဲ့ သွားတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ ဆိုတယ်။ အဲဒီလို ထူးထူးဆန်းဆန်း ရူးကြောင်ကြောင်နိုင်လှတဲ့ လက်ဝတ်ရတနာဖန်တီးမှုက ကေးရှာက ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ လူသွားရတနာပစ္စည်းတွေကို အွန်လိုင်းဈေးဝယ်နိုင်တဲ့ Etsy website မှာ တင်ပြီးရောင်းချထားတာကိုလည်း တွေ့နိုင်တယ်။ သူမရဲ့ ရတနာလုပ်ငန်းမှာ တခြား ဒီဇိုင်းသုံးမျိုးလည်းရှိနေပါတယ်။ Kesha Rose ကတော့ အပြာရောင်နှင်းဆီပွင့်တွေနဲ့ ဦးခေါင်းပုံ မြှားခေါင်းပုံစံ ဒီဇိုင်းပါ။ Out Alive က Day of the Dead မက္ကဆီကန်အားလပ်ရက်ပွဲတော်တွေမှာ ဝတ်ဆင်ကြတဲ့ဒီဇိုင်းမျိုး ဦးခေါင်းခွံတွေအများကြီးရယ် နှင်းဆီနီ၊ နှင်းဆီနက် အပြောက်အမွှမ်းတန်ဆာဆင်ထားတာပါ။ Wonderland ဒီဇိုင်းမှာတော့ ကြယ်ပုံသလင်းကျောက်၊ တခြား သလင်းခရစ်စတယ် နဲ့ မှော်ပဉ္စလက်အမှတ်တံဆိပ်ပုံစံတွေနဲ့ ပုံဖော်ထားပါတယ်။ ကေးရှာရဲ့ သွားလက်ဝတ်ရတနာဒီဇိုင်းတွေဟာ ဒေါ်လာ ၃၀ ကနေ ဒေါ်လာ ၇၅၀ အထိ တန်ကြေးရှိကြတယ်။

၂. စွဲလမ်းမှုနဲ့ သေလုမြောပါး အမ်မီနမ်
Slim Shady သီချင်းရဲ့ ဆွဲဆောင်နိုင်မှုနဲ့အတူ Slim Shady လို့ပါ အမည်တွင်ခဲ့တဲ့ ရက်ပ်ဂီတသမား အမ်မီနမ်ဟာ မူးယစ်ဆေးဝါးကို အလွန်အမင်းစွဲလမ်းခဲ့ဖူးတယ်။ သေဆုံးလုနီးပါးအခြေအနေထိရောက်ခဲ့ဖူးပါတယ်။ မာရှယ်မက်သားစ်ဆိုတဲ့ ဂီတသမားလေးဟာ “How to Make Money Selling Drugs” မှတ်တမ်းရုပ်ရှင်ကားသစ်မှာ  ဆေးစွဲလမ်းမှု တန်ပြန်တိုက်ခိုက်ရပုံကို ဖွင့်ဟထားတယ်။ “အကိုက်အခဲပျောက်ဆေး ဗီကိုဒင်း ပထမဆုံးသုံးဖြစ်ခဲ့တုန်းက ခံစားချက်ကတော့ အားလုံးက ငြိမ့်ငြိမ့်ညောင်းညောင်းခံစားချက်ချည်းပဲမဟုတ်ဘူး။ နာကျင်ကိုက်ခဲမှုဘာမှရှိတော့ဘူး။ ဘယ်အချိန်မှာ ပြဿနာစဖြစ်လာလည်း ဘယ်အနေအထားလောက်မှာဖြစ်လာသလဲ အတိအကျကျွန်တော်မသိပါဘူး။ အဲဒီအချိန် လူတွေက ကျွန်တော့်မှာ ပြဿနာရှိနေပြီဆိုတာ ပြောဖို့ ကြိုးစားလာကြပြီ။ ကျွန်တော်က အဲဒီလူတွေဒီနေရာကထွက်သွားဖို့ ပြောပြစ်ခဲ့တယ်။ သူတို့ပြောတာ ကျွန်တော်မယုံနိုင်ပါဘူး။ ကျွန်တော် ဟီးရိုးအင်းတွေသုံးနေတာမဟုတ်ဘူး။ ကိုကင်းတွေနှာခေါင်းကနေစုပ်ယူနေတာမဟုတ်ဘူး။ ခရက်ကိုကင်းဖွာရှိုက်နေတာလည်း မဟုတ်ဘူး” ။ အဲဒီလို ငြင်းဆန်နေခဲ့ပေမယ့် အကိုက်အခဲပျောက်ဆေးဝါးတွေသုံးစွဲခဲ့တာဟာ တရစ်ပြီးတရစ် ရစ်ပတ်နွယ်တက်လာခဲ့ပြီး ထိန်းချုပ်လို့ မရနိုင်လောက်အောင်ဖြစ်သွားခဲ့တယ်။ အသက် ၄၀ အရွယ် ကလေးငယ်သုံးဦးရဲ့ ဖခင်ဟာ ဆေးရုံကို အပြေးအလွှားသွားခဲ့ရတယ်။ “ဆေးရုံကို နောက်ထပ်၂နာရီလောက်သာနောက်ကျပြီးရောက်ခဲ့ရင်တော့ ကျွန်တော်သေသွားနိုင်တယ်” လို့ သူကပြောပါတယ်။ ကျွန်တော်ကိုယ်တွင်းကလီစာတွေ ပိတ်ကုန်ပြီ၊ ကျွန်တော့် အသည်း၊ ကျောက်ကပ်၊ အားလုံးပဲ၊ သူတို့ ကျောက်ကပ်ဆေးကြောသန့်စင်ဖို့လုပ်ကြတယ်။ သူတို့က ကျွန်တော်ဆေးဝါးသုံးစွဲမယ်လို့ မထင်ကြဘူး လို့ ဆိုတယ်။ အမ်မီနမ်ဟာ အလွန်အကျွံမဟုတ်ပေမယ့် အကိုက်အခဲပျောက်ဆေး နဲ့ စိတ်ငြိမ်ဆေးစွဲမှု ၄ နှစ်လောက်ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂၀၀၅ လောက်မှာ ဗီကိုဒင်း တစ်နေ့ ၁၀လုံးကနေ အလုံး ၂၀ အထိ အလွန်အကျွံသုံးစွဲမိပြီး ဆေးရုံရောက်ခဲ့ရတဲ့သူရဲ့ အတွေ့အကြုံတွေကို ရှင်းပြခဲ့တာပါ။ ဟီးရိုးအင်း၊ ကရက်ကိုကင်း တိုက်ရိုက်မသုံးစွဲခဲ့ပေမဲ့ အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသုံးစွဲမှုတွေဟာလည်း အန္တရာယ်ကြီးလှတဲ့အကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ဆန့်ကျင်ရေးမှတ်တမ်းကားမှာ အမ်မီနမ်က ဝန်ခံပြောပြသွားပါတယ်။

၃. အတိတ်ကခရီးသွားပုံရိပ်တွေ အမှတ်တရသိမ်းဆည်းထားနိုင်မယ့် အကောင်းဆုံးနေရာ
အစ္စရေးပန်းချီဆရာ Yuval Yairi ဟာ  ခရီးသွားမှတ်တမ်း အမှတ်တရပုံရိပ်ဟောင်းတွေကို သူ့ရဲ့တစ်မူထူးခြားတဲ့နည်းလမ်းနဲ့ အလတ်ဆတ်ဆုံးသိမ်းဆည်းနေပါတယ်။ အဲဒါကတော့ သူ့ရဲ့ အယုံကြည်ရဆုံးခရီးသွားဖော် ခရီးဆောင်လက်ဆွဲသေတ္တာငယ်မှာ လှပတဲ့ရှုခင်းနေရာတွေကို ပန်းချီရေးဆွဲမှတ်တမ်းတင်ထားတာပါ။ ရိုင်ရီ ရဲ့ “အမှတ်တရ ခရီးဆောင်သေတ္တာများ” ကို ကြည့်ရှုတဲ့အခါ ပန်းချီကားတွေကို ကြည့်မြင်ခံစားရတဲ့ရသမျိုးထက် ဓာတ်ပုံဟောင်းတွေကြည့်နေရသလိုစိတ်ထဲမှာ ထင်မြင်လာအောင် မှိန်ဖျော့တဲ့အရောင်၊ စိုလွင်နေတဲ့ နီညိုရောင်ဆေးသားမျိုးတွေနဲ့ ပေါင်းစပ်ခြယ်မှုန်းပါတယ်။ အဲဒါမှပဲ အတိတ်ကပုံရိပ်တွေကို တသသလွမ်းဆွတ်ချင်စရာ အာရုံခံစားမှုရရှိနိုင်မယ်လို့ ရိုင်ရီက ယူဆထားတယ်။ ရိုင်ရီက သူ့ရဲ့ ကင်းဗတ်စတွေကို အောက်ဒိုးရှုခင်းတွေရိုက်ကူးမှတ်တမ်းတင်ဖို့ ခရီးသွားတဲ့အခါယူဆောင်သလို ခရီးဆောင်လက်ဆွဲသေတ္တာတွေဟာလည်း ခရီးဆက်ဖို့အတွက် အသုံးပြုရတာပါပဲ လို့ဆိုတယ်။ ရိုင်ရီရဲ့ စိတ်ကူးဟာ တကယ်ပဲ ထူးခြားလှတယ်။ သူ့ရဲ့ ပန်းချီတွေဟာလည်း တကယ့် ဓာတ်ပုံအိုတွေကိုကြည့်နေရတဲ့အတိုင်း အတိတ်ခရီးသွားမှတ်တမ်းတွေထဲ ကိုယ်တိုင်စီးမြောဝင်ရောက်သွားသလိုလို၊ ခံစားရလောက်အောင်လက်ရာမြောက်လှပါတယ်။ ၂၀၀၅ ခုနှစ်က အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့က တဲလ်အဗစ်အနုပညာပြတိုက်နဲ့ နယူးယောက်စီးတီး Andrea Meislin ပြခန်းမှာ ပြုလုပ်ခဲ့တဲ့ ရိုင်ရီရဲ့ Forevermore ပန်းချီပြပွဲစီးရီးတွေဟာလည်း လူသိများလှတယ်။

၎. ခရီးလှည့်မယ့် ရောခ့်ဝတ်စုံတွေ
မိုက်ကယ်ဂျက်ဆန်၊ မက်ဒေါနားနဲ့ ရောခ့်အဖွဲ့ Queen ရဲ့ ရောခ့်သမားကြီးဖရက်ဒီမာကျုရီတို့ ဝတ်ဆင်ခဲ့တဲ့ စင်ပေါ်ကဝတ်စုံတွေကို Hard Rock Cafe က နွေရာသီ tour အဖြစ် ခရီးလှည့်ပြသခဲ့ကြတယ်။ Rock and Roll အမှတ်တရပစ္စည်းတွေကို ဆိုင်ရဲ့ နံရံတွေမှာ ဒီဇိုင်းဆင်ပြသထားတာက Hard Rock Cafe ဆိုင်တွေရဲ့ ယဉ်ကျေးမှုစတိုင်လ်ပါပဲ။ ဖလော်ရီဒါက HRC က အကြီးဆုံးဖြစ်ပြီး နိုင်ငံ ၅၃ နိုင်ငံမှာ HRC ဆိုင်ခွဲတွေရှိနေပါတယ်။ မော်စကိုက HRC ဆိုင် နံရံမှာ ဘွန်ဂျိုဗီ ရဲ့ ဂစ်တာကို ချိတ်ဆွဲပြသထားတယ်။ HRC ရဲ့ ခရီးသွားရောခ့်ဝတ်စုံပြပွဲကို ဥရောပ မြောက်ပိုင်းနိုင်ငံတွေမှာ ပြသခဲ့ပြီးပါပြီ။ အခု ပြပွဲကိုတော့ လန်ဒန် ဂလာစ့်ဂို နဲ့ မန်ချက်စတာမှာ ပြသခဲ့တာပါ။ ဂျက်ဆန်ရဲ့ Beat It သားရေဂျာကင်၊ မက်ဒေါနား ရဲ့ ဂျီးန်ပေါလ်ဂေါ်တီရာ ဒီဇိုင်း ရွှေရောင် corset ၊ မာကျူရီ ရဲ့ အနက် နဲ့ အဖြူလိုင်းတွေပါတဲ့ အလပ်စတစ်သား အသားကပ်ဝတ်စုံတွေ မြင်တွေ့နိုင်တယ်။ လန်ဒန်က HRC ဆိုင် နံရံတွေမှာ ဇွန် ၂၉ နဲ့ ၃၀ ရက်တွေမှာ ပြသခဲ့ပြီး ဂလာ့စ်ဂို Royal Concert Hall မှာတော့ သြဂုတ် ၁၆ ကနေ ၂၅ ရက်နေ့အထိ ရောခ့်ပရိတ်သတ်တွေကအတွက်ပြသခဲ့တယ်။ မန်ချက်စတာ HRC မှာတော့ သြဂုတ် ၃၀ ကနေ စက်တင်ဘာ ၈ ရက်နေ့အထိ ပြသထားမှာပါ။ Hard Rock သမိုင်းဆရာ ဂျက်ဖ်နိုလန်ပြောတာက “ဒီလို tour ခရီးပြသနေတာ ၂ နှစ်နီးပါးရှိခဲ့ပါပြီ။ ရောခ့်ဂီတအမှတ်တရပစ္စည်းပေါင်း ၇၇၀၀၀ လောက် စုဆောင်းရှာဖွေနေပါတယ်။ အဲဒါတွေအားလုံးကို တစ်စုတစ်စည်းတည်းပြသနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ HRC ဧည့်သည်ကြီးတွေ လက်ဖျားခါသွားမှာပဲ” တဲ့။ ပထမဆုံး HRC ဆိုင်ကို လန်ဒန်မြို့မှာ ၁၉၇၁ ဇွန် ၁၄ ရက်နေ့က အမေရိကန်လူငယ်လေးတွေဖြစ်တဲ့ Peter Morton နဲ့ Isaac Tigrett တို့က တွဲဘက်ဖွင့်လှစ်ခဲ့ကြတယ်။

၅. ပရင့်စ်ဂျက်ဆန်ပြောတဲ့ အမှားအယွင်းနဲ့ ဖခင်ရဲ့သေခြင်းတရား
လောစ့်အိန်ဂျလိစ်မှာ ပြုလုပ်တဲ့ မိုက်ကယ်ဂျက်ဆန်ရဲ့ သေဆုံးမှုစစ်ဆေးကြားနာခဲ့တဲ့နေ့မှာ ဂျက်ဆန်ရဲ့သားကြီး ပရင့်စ်ဂျက်ဆန် သက်သေခံခဲ့ပါတယ်။ အဲဒီနောက် ဂျက်ဆန်သေဆုံးခဲ့တဲ့ ၄ နှစ်မြောက်နှစ်ပတ်လည်နေ့ ဇွန်လ ၂၅ ရက်နေ့နောက်တစ်ရက်မှာ ပထမဆုံးအကြိမ်အဖြစ် ဖခင်ရဲ့သေဆုံးမှုနဲ့ပတ်သတ်ပြီး လူသိရှင်ကြားဖွင့်ပြောလာခဲ့တယ်။  အသက် ၁၆ နှစ်အရွယ် ပရင့်စ်ဂျက်ဆန် ဂျူရီလူကြီးတွေကိုပြောတာက AGV Live ဂီတပွဲဖြစ်မြောက်ရေးစီစဉ်သူနဲ့ အခြေအနေတင်းမာတဲ့ဖုန်းခေါ်မှုပြောဆိုမှုတချို့ရှိခဲ့ပြီး တခါတရံ ဖခင်ဟာ ဖုန်းပြောအပြီးမှာ မျက်ရည်တွေနဲ့ ဖရိုဖရဲဖြစ်နေခဲ့တယ် တဲ့။ “သူတို့ ငါ့ကိုသတ်မလို့လုပ်နေကြပြီ သတ်မလို့လုပ်နေပြီ လို့ ဒက်ဒီက ပြောလာခဲ့တယ်” လို့ ဆိုတယ်။ ဂျက်ဆန်ရဲ့ မိခင် ကက်သရင်းဂျက်ဆန်က AGD Live ကုမ္ပဏီကို သူမရဲ့ သား သေဆုံးမှုအတွက် ဒေါ်လာ ဘီလီယံ ၄၀(ပေါင် ၂၆ ဘီလီယံ) လျော်ကြေးတောင်းတရားစွဲဆိုထားတယ်။ ကုမ္ပဏီကတော့ အမှားအယွင်းဘာတစ်ခုမှမလုပ်ခဲ့ပါဘူးလို့ပဲ ငြင်းဆန်ခဲ့ပါတယ်။ AGD Live ဟာ ၂၀၀၉ လန်ဒန်ဂီတဖျော်ဖြေပွဲစဉ်တွေမစတင်မီ ငှားရမ်းပေးထားခဲ့တဲ့ ဂျက်ဆန်ရဲ့ ဆရာဝန် ဒေါက်တာ ကွန်ရာ့ဒ်မာရေးနဲ့ ပတ်သက်ပြီး ပေါ့လျော့မှုတွေရှိနေခဲ့တယ်။ ဂျက်ဆန်သေဆုံးပြီးနောက်ပိုင်းမှာလည်း လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ပျက်ကွက်ခဲ့တာတွေရှိတာကြောင့် တရားစွဲခဲ့ကြတာပါ။ ဒေါက်တာမာရေးဟာ နှလုံးရောဝါအထူးကုဆရာဝန်ဟောင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဂျက်ဆန်ရဲ့ ကျန်းမာရေးအတွက် သတိပေးမှုတွေမရှိခဲ့တာကြောင့် မရည်ရွယ်တဲ့လူသေမှုအဖြစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ မာရေးဟာ This Is It ဂီတပွဲတွေအတွက် ပြင်ဆင်ဖို့စောင့်ရှောက်ပေးခဲ့ရတာပါ။ AGD Live က မာရေးကို ငှားရမ်းပေးခဲ့တာ/ ကြီးကြပ်ညွှန်ကြားတာမဟုတ်ဘူးလို့တော့ ပြောနေခဲ့တာပါပဲ။ ပြီးတော့ ဂျက်ဆန်ဟာ ဆေးဝါးသုံးစွဲမှုရှိပြီးပြီး စွဲလမ်းနေတဲ့အဆင့်ပြဿနာတွေရှိခဲ့တာ ကာလကြာနေခဲ့ပါပြီ။ ကုမ္ပဏီနဲ့သဘောတူစာချုပ် မချုပ်ခင်ကတည်းကလို့ ဆိုတယ်။ ခွဲစိတ်ရာမှာသုံးတဲ့မေ့ဆေးစိတ်ငြိမ်ဆေးအလျွန်အကျွံသုံးစွဲမှုနဲ့ ဂျက်ဆန် ၂၀၀၉ မှာ သေးဆုံးခဲ့တော့ ပရင့်စ်က အသက်၁၂ နှစ်ပါ။  ပရင့်စ်က ပြောပါတယ်။ ဖခင်သေဆုံးတဲ့ညက သူတို့ရဲ့ လောစ့်အိန်ဂျလိစ်အိမ်မှာ စူးစူးဝါးဝါးအော်ဟစ်သံတွေကြားခဲ့ရတယ်။ “ကျွန်တော်အိမ်ပေါ်ထပ်ပြေးတက်သွားတော့ ဒေါက်တာကွန်ရာ့ဒ်က အိပ်ရာပေါ်က ဒက်ဒီ့ကို အရေးပေါ်အသက်ကယ်စောင့်ရှောက်မှု CPR ပေးနေတာတွေ့လိုက်ရတယ်။ ကျွန်တော့်ဒက်ဒီဟာ အိပ်ရာပေါ်မှာ တစ်ဝက်တပျက်လဲကျနေတယ်။ မျက်လုံးတွေကဦးခေါင်းဘက်ဆီလန်ကျနေတာပဲ” လို့ပြောပါတယ်။ “ကျွန်တော့်ညီမဟာ တချိန်လုံးညံစီနေအောင်အော်ဟစ်နေတယ်။ သူမဒက်ဒီကို ပြန်လိုချင်တယ်လို့ အော်နေခဲ့ပါတယ်။ ကျွန်တော်က လှေကားရင်းမှာစောင့်နေတယ်။ ငိုနေရင်းနဲ့ပဲ လူနာတင်ကားကို စောင့်မျှော်နေခဲ့တယ်' တဲ့။ နောက်တော့ မာရေးက ဆေးရုံလူနာစောင့်အခန်းမှာ “ဝမ်းနည်းပါတယ်ကလေးတို့ရယ်။ မင်းတို့အဖေ heart attack ရခဲ့တယ်။ သေဆုံးသွားခဲ့ပြီ လို့ ပြောလာတယ်”… ပရင့်စ်က ဂျူရီလူကြီးတွေကို ပြောပြနေခဲ့တာပါ။ ပရင့်စ်ရဲ့ ညီမငယ် ပဲရစ်ဂျက်ဆန်ဟာ ဇွန်လဆန်းပိုင်းလောက်မှာ လက်ကောက်ဝတ်သွေးကြောဖြတ်တောက်ပြီး သေကြောင်းကြံစည်ခဲ့တာကြောင့် ဆေးရုံမှာနေခဲ့ရပါသေးတယ်။ ဂျက်ဆန်ရဲ့တူ တီ.ဂျေ.ဂျက်ဆန်က “ပဲရစ်ဟာ ဒက်ဒီ့သမီးမျိုးပါ။ ကျွန်တော့်ဦးလေးက သူမရဲ့ ကမ္ဘာပါပဲ။ ကျွန်တော့်ဦးလေးကိုဆုံးရှုံးခဲ့ရတာဟာ ပဲရစ်ကို ပြင်းပြင်းထန်ထန်ထိရိုက်ခဲ့တယ်” လို့ ပြောပြတယ်။ "ပရင့်စ်ဟာ ငယ်ငယ်လေးကတည်းက စမတ်ကျကျနေတတ်တဲ့ကလေးမျိုးဖြစ်ပြီး အငယ်ဆုံးသား ဘလန်းကက်ထ်ကတော့ ဂျက်ဆန်ရဲ့ ခြေထောက်တွေကြားထဲ အမြဲပုန်းကွယ်နေတတ်တယ်။ အင်မတန်ရှက်တတ်တဲ့ကလေးပါ။ ဦးလေး သွားလေရာလိုက်တတ်တဲ့ကလေးပါပဲ။ ကျွန်တော့်ဦးလေးက ဘလန်းကက်ထ်အတွက် အရာရာတိုင်းဖြစ်စေခဲ့ပါတယ်”

၆. ကမ္ဘာ့အကြီးဆုံး သဘာဝလွန်မြင်းပန်းပုရုပ်
ဆဲလ်တစ်ရှေးဒဏ္ဍာရီပုံပြင်တွေထဲက သဘာဝလွန်မြင်း “Kelpie” ပန်းပုရုပ်ကြီးတွေကို စကော့တလန် အလယ်ပိုင်း Falkirk မြို့နဲ့ Grangemouth မြို့နှစ်မြို့ကြားက ဟက်တာ ၃၀၀ အကျယ်အဝန်းမြေနေရာမှာ တည်ဆောက်နေပါပြီ။ The Kelpies လို့ အမည်ပေးထားပြီး တစ်ခုစီမှာ တန် ၃၀၀ လေးနဲ့ စတီးလ်သားတွေနဲ့ မြင်းဦးခေါင်းပုံနှစ်ခုထုလုပ်ထားရှိမှာပါ။ ဂလာ့စ်ဂိုမြို့က ပန်းပုပညာရှင် အန်ဒီစကော့ထ်ရဲ့လက်ရာဖြစ်ပါတယ်။ The Kelpies ဆောက်လုပ်ရေးအတွက် ပေါင် ၅ သန်းခန့်ကုန်ကျပါလိမ့်မယ်။ လာမယ့် သြဂုတ်လလယ်လောက်မှာ ပြီးစီးမှာဖြစ်ပြီး မီတာ ၃၀ (၉၈ပေ)ရှိတယ်။ မြင်းပန်းပုရုပ်တွေထဲမှာ ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်ြ့ပီး ယူကေမှာ အကြီးဆုံးလေဟာပြင်အနုပညာလက်ရာတွေထဲက တစ်ခုဖြစ်လာမှာပါ။ စကော့တလန်အလယ်ပိုင်းမှာ ပေါင် ၄၃ သန်းခန့်အကုန်အကျခံပြုပြင်အလှဆင်နေတဲ့ Helix ပရောဂျက်ထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပန်းပုရုပ်ပါပဲ။ အဲဒီပရောဂျက်ဟာ Falkirk ဒေသနဲ့ စကော့တူးမြောင်းကြားက စပ်တူလုပ်ငန်းဖြစ်ပြီး ထီရံပုံငွေတွေကနေ ပေါင် ၂၅ သန်း ခွင့်ပြု/ လက်ခံရရှိခဲ့ပါတယ်။ The Kelpies ကို စကော့တလန်M9 အမြန်လမ်းမကြီးကနေ မြင်တွေ့နိုင်မှာပါ။ နှစ်စဉ်လူပေါင်း ၃၂သန်းလာရောက်ကြည့်ရှုကြလိမ့်မယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။ The Kelpies ကို တည်ဆောက်တဲ့အခါ စတီးလ်ချပ်အပြားပေါင်း ၄၉၅ ချပ်၊ စတီးလ်ပြွန် ၂၇၁၀ မီတာ၊ ၉၀၀၀ မင်းတုံး၊ ၂၅၀၀ m2  ဆေးခြယ်မှုန်းကြပါလိမ့်မယ်။

 ဖြိုးဖြိုး
(Yati Magazine, August, 2013)

No comments: