Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 01, 2013

ညွှန်းတဲ့ ရုပ်ရှင်

Elysium
Action / Drama / Sci-Fi
TriStar Pictures
ဒါရိုက်တာ - Neill Blomkamp
ထုတ်လုပ်သူ - Bill Block, Neill Blomkamp, Simon Kinberg
ဇာတ်ညွှန်း - Neill Blomkamp
သရုပ်ဆောင်များ - Matt Damon, Jodie Foster, Sharlto Copley, Alice Braga, Diego Luna, Wagner Moura, William Fichtner
နှစ် ၂၁၅၄ မှာ အလွန်အမင်းချမ်းသာကြွယ်ဝတဲ့ အယ်လီစီယမ်(Elysium) စတန်းဖိုဒ့်အာကာသဗိမာန်ကြီးဟာ အံ့ဘနန်းအဆင့်မြင့်နည်းပညာတွေ ပြည့်နှက်နေတဲ့ မြို့ကြီးပြကြီးတစ်ခုဖြစ်နေခဲ့ပြီ။ တည်နေရာက ကမ္ဘာကြီးရဲ့ အပြင်ဘက်စက်ဝိုင်းပုံ လမ်းကြောင်းအာကာသထဲမှာ၊ အဲဒီနေရာမှာ ပြစ်မှုတွေမရှိဘူး၊ စစ်ပွဲအတွက်တိုက်ခိုက်ဖို့လည်း ဟန်တပြင်ပြင်လုပ်မနေကြဘူး။ ဆင်းရဲ/ ငတ်မွတ်မှုလည်းမရှိ၊ ရောဂါပိုးမွှားတွေဆိုတာလည်းမရှိတဲ့ နေရာ၊ နတ်ဘံနတ်နန်းတစ်ခုလိုပဲ။ အယ်လီစီယမ်နဲ့ ဆန့်ကျင်ဘက်နေရာကတော့ အောက်ဖက်နားဆီမှာ … လူဦးရေပြည့်သိပ်၊ ယိုယွင်းပျက်စီးနေတဲ့ မြေကမ္ဘာကြီးပါ။ အယ်လီစီယမ် နိုင်ငံသားတွေဟာ စည်းစိမ်အပြည့်ဇိမ်ကျကျနေနိုင်တဲ့ဘဝပိုင်ဆိုင်ထားချိန်မှာ၊ ကမ္ဘာကြီးပေါ်ကနိုင်ငံသားတွေခမြာ နေ့စဉ်လိုအပ်ချက်လေးတွေကိုပဲ မွတ်သိပ်တောင့်တစွာ ရှာဖွေ/ ရုန်းကန်လှုပ်ရှားနေကြရတယ်။ အဲဒီတော့ ကမ္ဘာကြီးပေါ်ကခက်ခဲကြမ်းတမ်းတဲ့ဘဝတွေဆီကနေ လွတ်မြောက်ဖို့ သေသေကြေကြေကြိုးစားလာတော့တယ်။ ကမ္ဘာသားတွေအရောက်သွားချင်တာက အယ်လီစီယမ် ကိုပေါ့။ အယ်လီစီယမ်အစိုးရပိုင်းက အတွင်းရေးမှူးမလေး ရုပ်ဒ်(စ်)(Jodie Foster)ဟာ ကမ္ဘာသားတွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖို့ စွမ်းနိုင်သမျှကြိုးပမ်းတယ်။ သူမကတော့ အယ်လီစီယမ်နိုင်ငံသားတွေရဲ့ အဆင့်မြင့်ဘဝနေထိုင်မှုကို ကာကွယ်ထိန်းသိမ်းတာပါပဲ။ အယ်လီစီယမ်ကို အရောက်လာနိုင်မယ့် အာကာသယာဉ်ပျံတွေကို တိုက်ခိုက်ဖျက်ဆီးပြစ်လိုက်တယ်။ အစကတော့ ကားခိုးသူ နောက်တော့ စက်ရုံအလုပ်သမားအဖြစ်အလုပ်လုပ်တဲ့ မက်က်(စ်)ဒီကော့စတာ (Matt Damon) ဟာ အလုပ်မှာ မမျှော်လင့်ပဲ ကင်ဆာဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတယ်။ အဲဒီဗိုင်းရပ်စ်ကို သတ်ဖြတ်ဖို့ အယ်လီစီယမ်ကို ငါးရက်အတွင်းအရောက်သွားနိုင်မှ သူအသက်ရှင်နိုင်တော့မယ်တဲ့။ မက်က်(စ်) သံထည်အဖုံးအကာဝတ်စုံကြီးဖန်တီးတယ်။ မစ်ရှင်တစ်ခုအတွက် နောက်မဆုတ်တမ်း ပြင်ဆင်တော့တယ်။ အဲဒီမှာ အတူပူးပေါင်းပါဝင်သူတွေရှိတယ်။ သူတို့ခရီးအောင်မြင်ခဲ့ရင် မက်က်(စ်)ရဲ့ ဘဝတစ်ခုကိုပဲ ကယ်ဆယ်နိုင်ရုံတင်မကသေးဘူး။ ကွဲပြားနေတဲ့ အစွန်းနှစ်ဘက်က ကမ္ဘာနှစ်ခုရဲ့ မညီမျှခြင်းကို ချေဖျက်နိုင်ကြမှာပဲ။ ဇာတ်ညွှန်းရေး၊ ရိုက်ကူးသူ ဒါရိုက်တာ Neil Blomkamp ဟာ District 9 နဲ့လည်း နာမည်ကြီးခဲ့သူပါ။ တောင်အာဖရိကမှာမွေးဖွားခဲ့တဲ့ ဒါရိုက်တာ Neil ကို အာဖရိကရဲ့ ၂၁ ဦးမြောက် နာမည်ကျော်တစ်ဦးလို့ အမည်ပေးခဲ့ဖူးတယ်။ တိုင်းမ် မဂ္ဂဇင်းရဲ့ ၂၀၀၉ အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် ၁၀၀ ထဲက တစ်ဦးအပါအဝင်ဖြစ်ခဲ့သေးတယ်။

The Butler
Biography, Drama
The Weinstein Company
ဒါရိုက်တာ - Lee Daniels
ထုတ်လုပ်သူ - Pam Williams, Lee Daniels, Buddy Patrick, Cassian Elwes
ဇာတ်ညွှန်း - Danny Strong
သရုပ်ဆောင်များ - Forest Whitaker as Eugene Allen, Oprah Winfrey, Cuba Gooding Jr., Terrence Howard, Alan Rickman as Ronald Reagan, Jane Fonda as Nancy Reagan
အမေရိကန်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ Lee Daniels ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံဒရာမာရုပ်ရှင်တစ်ကားပါ။ အမေရိကန်သမ္မတအိမ်ဖြူတော်မှာ အလုပ်လုပ်တဲ့ စားဖိုးဆောင်အကြီးအကဲ လူမည်းတစ်ဦး ဆက်ဆီလ်ဂိန်းစ်(Forest Whitaker) ဟာ သူတာဝန်ယူခဲ့ရချိန်မှာ ထူးထူးခြားခြားအဖြစ်အပျက်တွေ မြင်တွေ့ခဲ့တယ်။ တကယ်တော့ ဆက်ဆီလ်ဂိန်းဇာတ်ကောင်ဟာ အမေရိကန်သမ္မတသက်တမ်းရှစ်ကြိမ်မြောက်ကာလအတွင်း ၁၉၅၂ ကနေ ၁၉၈၆ ခုနှစ်အထိ အိမ်ဖြူတော်မှာ စားဖိုမှူးအကြီးအကဲတာဝန်ယူခဲ့တဲ့ လူမည်း Eugene Allen ရဲ့ တကယ့်ဘဝကို အခြေခံရိုက်ကူးထားတာပါ။ ဆက်ဆီလ်ဂိန်းစ် အလုပ်စဝင်ဝင်ချင်း… 
 “အိမ်ဖြူတော်မှာ မင်း ဘာမှမကြားဘူး၊ မင်း ဘာကိုမှမမြင်ဘူး။ မင်းရဲ့ တာဝန်ကိုပဲ အမှုထမ်းဖို့ပဲ” …တဲ့။ သတိပေးစကား ကြိုနှင့်နေခဲ့ပြီ။ လူဖြူလူမည်းပြဿနာမီးတွေ တောက်လောင်ခဲ့တဲ့အချိန်မှာပေါ့။ ဖခင်ကို လူဖြူတစ်ဦးကသေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ သူ အဲဒါကို မျက်မြင် မြင်တွေ့ခဲ့ရတယ်။ ဆာလောင်ငတ်မွတ်လွန်းလှလို့ မှန်တံခါးကို ရိုက်ခွဲ၊ ကရင်မ်ဖြူလွလွကိတ်တစ်လုံးကို ခိုးဝှက်ယူငင် အငမ်းမရစားခဲ့ဖူးတယ်။ အလုပ်လုပ်ဖို့လည်း ဥာဏ်စွမ်းရှိသလောက်ကြိုးစားနေခဲ့တာပါပဲ။ သူဟာ ခက်ခဲကြမ်းတမ်းတဲ့အတိတ်ကို ကျော်လွှားနိုင်ခဲ့သူပါ။ အဲဒီနောက်မှာ အိမ်ဖြူတော်သမိုင်းထဲ အစိတ်အပိုင်းတစ်နေရာစာ သူ ပါဝင်လာနိုင်ခဲ့ပြီ။ အသားအရောင်ခွဲခြားဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန်ရိုက်ခတ်ခံခဲ့ရတဲ့သူ့ရဲ့ဘဝ၊ အမေရိကန်သမိုင်းထဲက ကြီးကျယ်တဲ့ဖြစ်ရပ်တွေ မြင်တွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတစ်ဦးဘဝ၊ အဲဒီဘဝမျိုးဟာ သည်းထိတ်ရင်ဖိုအဖြစ်အပျက်တွေ မဆုံးတမ်းပြည့်နှက်နေတော့တာပေါ့။ သမိုင်းထဲကပုဂ္ဂိုလ်တွေအဖြစ် ရော်ဘင်ဝီလျမ်စ်က သမ္မတ Dwight D.Eisenhower ၊ ဂျိမ်းစ်မာစ်ဒန်း က John F.Kennedy ၊ အလန်ရစ်ခ်မန် က Ronald Reagan ၊ ဂျိန်းဖောင်ဒါက Nancy Reagan ၊ နယ်လ်ဆန်အဲလစ်က Matin Luther King. Jr နဲ့ မာရိုင်းယာကယ်ရေး စတဲ့ အကျော်အမော်တွေ ပါဝင်သရုပ်ဆောင်ထားကြတယ်။

The Mortal Instruments: City of Bones (2013)
Action, Adventure, Drama
Sony Pictures Entertainment, Screen Gems
ဒါရိုက်တာ - Harald Zwart
ထုတ်လုပ်သူ - Don Carmody, Robert Kulzer
ဇာတ်ညွှန်း - I. Marlene King, Jessica Postigo
ဝတ္ထု - City of Bones by Cassandra Clare
သရုပ်ဆောင်များ - Lily Collins, Jamie Campbell Bower, Robert Sheehan, Kevin Zegers, Lena Headey, Kevin Durand, Aidan Turner, Jemima West, Godfrey Gao, CCH Pounder, Jared Harris, Jonathan Rhys Meyers
ကလဲရီဖရေး(Lily Collins) ဟာ ပုံမှန် ပေါ့ပေါ့ပါးပါး၊ သွားသွားလာလာ ဆယ်ကျော်သက်မလေးတစ်ဦးပါပဲ။ ဒါပေမဲ့ ကလဲရီ ရှာဖွေသိရှိလိုက်တာက သူမဟာ နတ်မိမယ်၊ နတ်သားတစ်ပိုင်းလူငယ်စစ်သည်တော်တွေရဲ့ လှို့ဝှက်ကေဒါအဖွဲ့ “အရိပ်မုဆိုးများ” နဲ့ အစဉ်အဆက် ဆက်စပ်မှုရှိနေတယ်တဲ့။ တကယ်တော့ ကလဲရီမိခင်ကိုယ်တိုင်က လူတစ်ပိုင်းအိန်ဂျယ်လ်တစ်ပိုင်း အရိပ်မုဆိုးတစ်ဦးပါပဲ။ အဲဒီအဖွဲ့ဟာ မကောင်းဆိုးဝါးမိစ္ဆာတွေရဲ့ ရန်ကနေ သူမတို့ရဲ့ကမ္ဘာကို ကာကွယ်စောင့်ရှောက်နေကြသူတွေပေါ့။ ကလဲရီလည်း အဲဒီအရိပ်မုဆိုးအဖွဲ့ထဲ ပူးပေါင်းပါဝင်ရတော့မယ်။ ဘာကြောင့်များလဲ။ ကလဲရီ့ မိခင် ဂျိုဆဲလင်း(Lena Heady) နယူးယောက်စီးတီးက သူမတို့ရဲ့ အိမ်မှာပဲ တိုက်ခိုက်ခံလိုက်ရတယ်။ ဗယ်လင်တိုင်း(Rhys Meyers) ဆိုသူက ပြန်ပေးဆွဲသွားခဲ့ပြီ။ သေဆုံးသူစာရင်းထဲပါတဲ့အတိုင်း မိခင်ကို ခေါ်ဆောင်သွားတာလို့လည်းဆိုနေပြန်တယ်။ အရိပ်မုဆိုး ဂျေစ့်(Campbell Bower)နဲ့ သူ့အဖွဲ့သား အလက်စ်(Kevin Zegers) နဲ့ အစ်စဘဲလ်လိုက်ဝုဒ်(Jemima West) တို့က ကလဲရီရဲ့ မိခင်ရှာဖွေမှုမှာ ကူညီပေးကြလိမ့်မယ်။ ကလဲရီ့အနီးအနားကိုရောက်နေကြပြီ။ ကလဲရီ ဂျေစ့်နဲ့ အတူရှိနေစဉ် ဂျေစ့် ရဲတစ်ဦးကို သတ်ဖြတ်ပြစ်လိုက်တယ်။ ကလဲရီ မှင်သက်တွေဝေသွားရတယ်။ “ဂျေစ့် … ရှင် လူသတ်လိုက်ပြီပဲ”  “မဟုတ်ဘူး သေသေချာချာလည်း ကြည့်စမ်းပါဦး၊ အဲဒါ မိစ္ဆာတစ်ကောင်ကွ” … ဂျေစ့် ခပ်ပြင်းပြင်း ငြင်းဆန်ပါတယ်။ ဂျေစ့်ပြောတဲ့အတိုင်းပါပဲ။ ကလပ်တစ်ခုက ကပွဲခမ်းမထဲမှာလည်း ဂျေစ့် လူသတ်လိုက်တာမြင်ဖူးထားတယ်။ အဲဒါလည်းမိစ္ဆာပဲလား။ ဂျေစ့်ပြောပြတဲ့ New York မြို့ကြီးက သူတို့ အခေါ် “Downworld”ပေါ့။ မိစ္ဆာတွေ၊ စုန်းမတွေ၊ သွေးစုတ်ဖုတ်ကောင်တွေ၊ သမန်းဝံပုလွေတွေနဲ့ တခြား သေသေကြေကြေတိုက်ခိုက်ကြတဲ့ သတ္တဝါဆိုးတွေပြည့်နေသတဲ့။ ကလဲရီမိခင်ကို အချိန်မှီကယ်ဆယ်ဖို့ “သေဆုံးစာရင်းပါရှိနေတဲ့ ခွက်”ကိုမြန်မြန်ရှာတွေမှဖြစ်တော့မယ်။ စာရေးဆရာမ Cassandra Clare ရဲ့ ကမ္ဘာတလွှားရောင်းအားကောင်း လူငယ်/ လူကြီးဖတ် စိတ်ကူးယဉ်စာအုပ်ဇာတ်လမ်းတွဲ The Mortal Instruments  ပထမဆုံးစာအုပ်ကို ရိုက်ကူးထားတာပါ။ တိုရွန်တို၊ အွန်တာရီယို၊ ကနေဒါ နဲ့ နယူးယောက်မြို့နေရာဇာတ်ဝင်ခန်းတွေပါဝင်ကြတယ်။

Jobs
Biography, Drama
Open Road Films
ဒါရိုက်တာ - Joshua Michael Stern
ထုတ်လုပ်သူ - Mark Hulme, Marcos A. Rodriguez
ဇာတ်ညွှန်း - Matt Whiteley
သရုပ်ဆောင်များ - Ashton Kutcher, Josh Gad, Ahna O'Reilly, Dermot Mulroney, Matthew Modine, J. K. Simmons, Lukas Haas

Apple ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူ၊ ဥက္ကဌ၊ စီအီးအို အမေရိကန်လုပ်ငန်းရှင် စတိဗ်ဂျော့ဘ်(စ်) ရဲ့ ဘဝဇာတ်ကြောင်း (၁၉၇၁ ကနေ ၂၀၁၁) သေဆုံးချိန်အထိ အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဒရာမာရုပ်ရှင်ကားပါ။ အက်ရှ်တန်ကာ့ထ်ချာ က ဆီလီကွန်တောင်ကြားလုပ်ငန်းရှင် ဂျော့ဘ်(စ်)အဖြစ် သရုပ်ဆောင်ထားပါတယ်။ စတိဗ်ဂျော့ဘ်(စ်)ရဲ့ ထင်ရှားပေါ်လွင်ဆုံးအချိန်၊ ကိုယ်ရေးကိုယ်တာအဖြစ်အပျက်တွေ၊ စိတ်ပါဝင်စားမှုအပိုင်းနဲ့ သူ့ရဲ့ ဘဝထဲက မိတ်ဆွေတွေအကြောင်း ထိတွေ့ရိုက်ကူးထားတယ်။ ပုံသွင်းရလွယ်ကူတဲ့လူငယ်လေး၊ ထိန်းရကျောင်းရတော့ခက်နေပြန်တဲ့ မာကျောကြွပ်ဆတ်ဟစ်ပီလေးပုံစံ ငယ်ဘဝကနေ အောင်မြင်မှုတွေဆီဖြတ်ကျော်နင်းလျှောက်လာခဲ့တဲ့ဂျော့ဘ်(စ်)ရဲ့ ခြေလှမ်းတွေကို အက်ရှ်တန်ကာ့ထ်ချာက ပုံဖော်ထားတယ်။ သူတည်ထောင်ခဲ့တဲ့ကုမ္ပဏီကနေ ထုတ်ပယ်ခံရပြီး နောက်ဆုံး Apple နဲ့ အတူ အောင်ပွဲခံနိုင်ခဲ့ပုံတွေဟာ လေးစားအားကျ/ အတုယူစရာအဖြစ် မြင်တွေ့ရလိမ့်ဦးမယ်။ ဂျော့ဘ်(စ်)ရဲ့ ငယ်ဘဝကအိမ် ကယ်လီဖိုးနီးယား၊ လောစ့်အယ်လ်တော့စ်မှာလည်းရိုက်ကူးခဲ့ကြတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ကို အမည်တပ်ဖို့ စဉ်းစားခဲ့ကြတုန်းက jOBS ဆိုပြီး Apple ရဲ့ ကုန်ပစ္စည်းအမည် “i” စာလုံးအသေးနဲ့ အမည်ပေးလိုက်တယ်။ ဒါပေမဲ့ ဂျော့ဘ်(စ်)ရဲ့ အမည် ရသပျောက်ပျက်ကုန်တယ်လို့ ယူဆပြီး မူလအမည် Jobs နာမည်ပဲအသုံးပြုလိုက်ကြတော့တယ်။ ၂၀၁၃ Sundance Film Festival မှာ ပိတ်ပွဲရုပ်ရှင်အဖြစ် Jobs ကို ပြသခဲ့ကြပါတယ်။ အက်ရှ်တန်ကာ့ထ်ချာပရိတ်သတ် နဲ့ ဂျော့ဘ်(စ်) ရဲ့ Apple ပရိတ်သတ်တွေ … အားလုံးအတွက် စောင့်မျှော်ရဦးမယ့် ရုပ်ရှင်ပါပဲ။

ဖြိုးဖြိုး
(Yati Magazine, August, 2013)

No comments: