Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 03, 2013

အချိန်နာရီတွေရဲ့ အရှင်သခင်

၂၀၁၀ တိုင်းမ် မဂ္ဂဇင်းရဲ့ Man of  the year အဖြစ် သတ်မှတ်ခံခဲ့ရသူ၊ အချိန်နာရီတွေရဲ့ သခင်၊ Facebook တည်ထောင်သူ CEO တစ်ဦးက မာ့ခ်ဇူကာဘာ့ဂ်ပါ။ မာခ့် သွားသွားလာလာ ရေးခဲ့၊ ဖန်တီးခဲ့တဲ့ ဆိုရှယ်မီဒီယာwebsite ဖြစ်တဲ့ Facebook ဟာ ၂၀၁၂ မေ ၁၈ ရက်နေ့က အမေရိကန်စတောခ့်ငွေလှဲလှယ်ဈေးကွက် NASDAQ စာရင်းမှာ တန်ဖိုးအကြီးဆုံးနည်းပညာကုမ္ပဏီတစ်ခုအဖြစ် ဖော်ပြခဲ့တယ်။ ရှယ်ယာတစ်ခုမှာ ဒေါ်လာ ၃၈ ဒေါ်လာနှုန်းနဲ့ ဈေးကွက်ထဲမှာ ဒေါ်လာ ၁၀၄ ဘီလီယံ အမြတ်ရှိပါတယ်။ ဆီလီကွန်တောင်ကြားက အကြီးဆုံးနည်းပညာကုမ္ပဏီတွေထဲက တစ်ခုအဖြစ်သာမကဘဲ ကမ္ဘာတစ်ဝှမ်း အကြီးဆုံးကုမ္ပဏီတွေထဲက တစ်ခုအဖြစ်လည်းရပ်တည်နေနိုင်ခဲ့ပါပြီ။ မာခ့်ရဲ့ ရှယ်ယာ ၄၄၃ မီလီယံဟာ ရှယ်ယာတစ်ခုဈေးနှုန်း ၃၈ ဒေါ်လာနဲ့ပဲ ဒေါ်လာ ၁.၉ ဘီလီယံတန်ကြေးရှိနေပါတယ်။ မာ့ခ်ရဲ့ လစာငွေဟာ နှစ်စဉ် ၅၀၀ ၀၀၀ ကနေ ဒေါ်လာ ၁.၇ သန်းခန့်ရှိတယ်။ မာခ့် ပိုင်ဆိုင်ထားတဲ့ Facebook ရှယ်ယာ ၂၈ ရာခိုင်နှုန်းကလည်း ၂၈ ဘီလီယံ ယူအက်စ်ဒေါ်လာရှိသေးတယ်ဆိုတော့ ဒီကမ္ဘာကြီးထဲက အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ ရှေ့တန်းမှာရှိနေနိုင်တဲ့သူပါပဲ။

၁၉၈၄ မေလ ၁၄ ရက်နေ့မှာ သွားဆရာဝန် ဖခင် အက်ဒ်ဝပ်ဇူကာဘာ့ဂ်နဲ့ စိတ်ကျန်းမာရေးအထူးကုဆရာဝန် မိခင် ကာရန်တို့က မွေးဖွားခဲ့တယ်။ မာ့ခ်က ကလေးအရွယ်ကတည်းက ပါရမီရှင်လေးပါပဲ။ ကွန်ပျူတာ programming ကိုစိတ်ဝင်စားခဲ့တယ်။ မာ့ခ်အရွယ် ကလေးတွေက ဂိမ်းတွေဆော့နေတဲ့အချိန်မှာ မာ့ခ်ကတော့ အဲဒီလို ဂိမ်းတွေရေးနေခဲ့ပါပြီ။ ဆယ်ကျော်သက်မတိုင်ခင်အရွယ်မှာပဲ Synapse လို့ နာမည်ပေးထားတဲ့ music player တစ်ခုကို ကျောင်းက သူငယ်ချင်းတစ်ဦးအကူအညီနဲ့ ရေးခဲ့တယ်။ Microsoft နဲ့ AOL ကတောင် အဲဒီ music player ကို ဝယ်ယူဖို့နဲ့ မာ့ခ်ကိုပါ အလုပ်ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မာ့ခ်က နှစ်ခုလုံးကို ငြင်းဆန်လိုက်တယ်။ အဲဒီအစား ၂၀၀၂ မှာ ဟားဗတ်ဒ်တက္ကသိုလ်ကိုပဲ သွားခဲ့တယ်။ ၂၀၀၄ ဖေဖေါ်ဝါရီမှာ သူ့ရဲ့ အခန်းဖော်တွေဖြစ်တဲ့ ဒပ်စတင်မော့စ်ကိုဗစ်ဇ် နဲ့ ခရစ်ဟုဂ်စ် နဲ့ တခြားသူငယ်ချင်း အက်ဒွာဒိုဆေဗရင်က ငွေးကြေးအထောက်အပံ့ပေးခဲ့ပြီးရေးသားခဲ့ကြတဲ့ သူ့တို့ရဲ့ The Facebook ကို စတင်မိတ်ဆက်လိုက်ပါတယ်။ Facebook ဟာ  အချိန်မဆိုင်းဘဲ လူသိများသွားခဲ့ပါတယ်။ ၂၀၀၇ မှာတော့ မာ့ခ်ဟာ ကမ္ဘာ့အငယ်ဆုံးဘီလျံနာတစ်ဦးဖြစ်သွားခဲ့ပါပြီ။ မာ့ခ်ရဲ့ site ဟာ ကမ္ဘာတစ်ဝှမ်းနေရာတိုင်းမှာရှိနေပါတယ်။  Facebook ကိုသုံးစွဲနေကြသူ ၁.၁၁ ဘီလီယံ ခန့် ရှိပါတယ်။ ဆန်းသစ်တဲ့အတွေးအမြင်ရှိသူ၊ ထူးချွန်သူ မာ့ခ်ဖြစ်စေချင်တာက ကမ္ဘာကြီးကို ပိုပြီးဖွင့်ဟထားတဲ့နေရာတစ်ခုအဖြစ်၊ နေရာအမျိုးမျိုးက လူတွေ အချင်းချင်းဆက်သွယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝနေထိုင်မှုပုံစံ၊ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေ အချင်းချင်းဖလှယ်နိုင်မယ့် နေရာတစ်ခုအဖြစ် Facebook ကို ဖန်တီးခဲ့တာပါ။ Facebook အောင်မြင်ခဲ့ပါတယ်။ မာ့ခ်ရဲ့ စိတ်ကူးအိပ်မက် အမှန်တကယ်ဖြစ်လာခဲ့တာပါပဲ။
မာခ့် စိတ်ကြိုက် ပိုင်ဆိုင်တဲ့စံအိမ်
Palo Alto House
Palo Alto အိမ်ဟာ  ဘီလျံနာ မာ့ခ်ဇူကာဘာ့ဂ်ရဲ့ ပထမဆုံး ရင်းနှီးမြှပ်နှံမှုပါ။ Facebook ရုံးချုပ်တွေရှိတဲ့ Menlo Park နဲ့ ၁၀ မိနစ်ကားမောင်းသွားရတဲ့နေရာမှာရှိနေပါတယ်။ အဲဒီအိမ်မှာပဲ သူ့ရဲ့ ကောလိပ်က ချစ်ရည်းစား အခုတော့ ဇနီးသည် ပရစ်စီလာချန်း နဲ့ အတူနေထိုင်ပါတယ်။ စတုရန်းပေ ၅၁၆၁၇ ကျယ်ဝန်းတဲ့နေ့ရာမှာ တည်ရှိနေတယ်။ အဲဒီ အိမ်ကို ၁၉၀၃ ခုနှစ်က တည်ဆောက်ခဲ့တာပါ။ အဲဒီခေတ်က သမိုင်းဝင်လက်ရာမျိုးတွေ ဝံ့ဝံ့ကြွားကြွား ခမ်းနားထည်ဝါလှတဲ့အိမ်တွင်းအသုံးအဆောင်တွေ ပြည့်နှက်လို့နေပါသတဲ့။ လက်ရာမြောက်လျှောပြတင်းပေါက်တွေ၊ ကျောက်မျက်ရတနာမြှပ်နှံအလှဆင်ထားတဲ့ မျက်နှာကြက်၊ ပြင်သစ်စတိုင်တံခါးတွေ နဲ့ ဆင်ဝင်မြင့်မြင့်မားမားပါရှိတယ်။ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါတဲ့ အဲဒီစံအိမ်ကို ဒေါ်လာ ၇ သန်းနဲ့ဝယ်ယူခဲ့တာပါ။ အိမ်ကြီးဟာ ခမ်းနားကြီးကျယ်တာမှန်ပေမယ့် မြင်တွေ့ရတာ ပလွှားကြွားဝါတဲ့ဟန်ပန်မျိုးမရှိဘဲ မာ့ခ်ရဲ့ စီလီကွန်တောင်ကြားကခေတ်ပြိုင်အိမ်ခန်းတွေနဲ့ အပြိုင် ခေတ်မှီတဲ့အိမ်ဒီဇိုင်းမျိုးပါပဲ။ နှစ်ထပ်အိမ်ထဲမှာ ရေငန်ရေချိုးကန်၊ နံရံတွင်းလိုဏ်ခေါင်းပုံစံဖောက်ထားတဲ့ ဂီတသီချင်းနားထောင်နိုင်တဲ့အခန်း၊ ကျယ်ကျယ်ပြန့်ပြန့်ဆင်ဝင်ပါရှိပြီး မီးဖိုခန်းခပ်ကျယ်ကျယ်ဟာ မနက်စာဝိုင်းဖွဲ့စားနိုင်တဲ့နေရာနဲ့ ဆက်သွယ်ထားတယ်။ အိပ်ခန်းကျယ်မှာလည်း စကျင်ကျောက်သားတွေနဲ့အလှဆင်ထားတဲ့ spa ရှိသေးတယ်။ Palo Alto အိမ်အနီးအနားမှာ အမေရိကန်ဘောလုံးသမား ဘီလျံနာ စတိဗ်ရန်းရဲ့ အိမ်လည်းရှိနေတယ်။

မာ့ခ်ရဲ့ ကိုယ်ပိုင်လေယာဉ်
ကိုယ်ပိုင်ဂျက်လေယာဉ်အတွက် မာ့ခ် ဟာ ဒေါ်လာ ၇၀၀ ၀၀၀ ခန့်သုံးစွဲခဲ့ပါတယ်။ ကိုယ်ပိုင်လေယာဉ်ဆိုပေမယ့် Facebook လုပ်ငန်းကိစ္စတွေအတွက် Facebook CEO နဲ့ COO တို့ သုံးစွဲနိုင်မယ်လို့ဆိုတယ်။

မာ့ခ် ရဲ့ စိတ်ကြိုက်ကား
မာ့ခ်ရဲ့ ဆလင်ဒါ အင်ဂျင် ၄ လုံးတပ် Accura TSX ကားဟာ အဆင့်မြင့်ပစ္စည်းတွေနဲ့ထုပ်ပိုးထားတာပါပဲ။ အတွင်းပိုင်းမှာ သားရေအသားနဲ့ပါ။ ရာသီဥတုအတိုင်းအလိုအလျောက်ထိန်းညှိပေးနိုင်တယ်။ အသံစနစ်က 7-speaker အသံစနစ်ဖြစ်ပြီး ဂြိုဟ်တုရေဒီယို၊ Bluetooth နဲ့ handset free အသုံးပြုနိုင်တာတွေစုံစုံလင်လင်ပါတယ်။ အဲဒီကားရဲ့ တန်ဖိုးက ဒေါ်လာ ၃၀ ၀၀၀ ခန့်ပါ။

မာ့ခ် နဲ့ ချန်း တို့ရဲ့ မင်္ဂလာပွဲ
၂၀၁၂ မေလ ၁၉ ရက်နေ့မှာ ကယ်လီဖိုးနီးယားက Palo Alto အိမ်မှာပဲ မင်္ဂလာဧည့်ခံပွဲကျင်းပခဲ့ကြပါတယ်။ မာ့ခ် နဲ့ ချန်း တို့ မိတ်ဆွေသူငယ်ချင်းတွေက ပရစ်စီလာချန်းရဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဘွဲ့ယူတဲ့အခမ်းအနားကိုမျှော်လင့်ခဲ့ကြပေမယ့် ရုတ်တရက်ဆိုသလို မာ့ခ်နဲ့ ချန်းတို့ရဲက မင်္ဂလာပွဲဖိတ်ကြားခံခဲ့ရတာပါ။ ချန်းဟာ ကြော့ရှင်းတဲ့အဖြူရောင် လက်ပြတ်သတို့သမီးဝတ်စုံလေးနဲ့ ပြည့်စုံတဲ့နတ်သမီးလေးတစ်ပါးအသွင်နဲ့ မာ့ခ်ကတော့ နက်ပြာရောင်ဝတ်စုံ၊ အဖြူစစ်စစ်ရှပ်အကျီကိုအတွင်းမှာ အကျအနဝတ်ဆင်၊ tie စည်းထားကာ ပေါ့ပေါ့ပါးပါးသတို့သမီး၊ သတို့သားအဖြစ် မြင်တွေ့ခဲ့ကြရတယ်။ ချစ်ခင်စရာကောင်းလှတဲ့သတို့သမီးအတွက် မာ့ခ်ရဲ့ လက်ဆောင် လက်ထပ်လက်စွပ်ဟာ မာ့ခ်ကိုယ်တိုင်ပဲဒီဇိုင်းဆွဲထားတဲ့ ပတ္တမြားနဲ့စိန်ပွင့်ပါ ရိုးရှင်းလှတဲ့ဒီဇိုင်းဖြစ်ပြီး ဘီလျံနာသူဌေးတစ်ဦးအတွက် တန်ဖိုးသိပ်မကြီးလှတဲ့ ဒေါ်လာ ၂၅၀၀၀ဝန်းကျင် တန်ကြေးရှိတာကြောင့် သနားစဖွယ် သတို့သမီးလို့ တချို့အွန်လိုင်းဖိုရမ်၊ ဘလောဂ့်တွေမှာ ရေးသားခဲ့ကြပါသေးတယ်။ အဲဒါဟာ ကြီးမားလှတဲ့ကျောက်တုံးကျောက်ခဲတွေ လက်ချောင်းပေါ်တင်ထားကြရမှာကို မလိုလားတဲ့ မာ့ခ်နဲ့ ချန်းတို့ရဲ့ စိတ်ကြိုက်ရွေးချယ်မှုပါပဲ။ စေ့စပ်လက်စွပ်ဟာလည်း ပတ္တမြားနဲ့ စိန်ပွင့်ခပ်သေးသေးတွေဖြန့်ကျဲထားတဲ့ ဒီဇိုင်းပါပဲ။  ရိုးရိုးရှင်းရှင်းနဲ့ မင်္ဂလာရှိလှတဲ့မင်္ဂလာပွဲလေးကို ရင်းနှီးတဲ့မိတ်ဆွေ ၁၀၀ ခန့်တက်ရောက်ခဲ့ကြပြီး အရသာရှိလှတဲ့မက္ကဆီကန်အစားအစာနဲ့ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ဂီတဖျော်ဖြေမှုကိုတော့ ပန့်ခ်ရောခ့်အဖွဲ့ Green Day က ဘီလီဂျိုးအမ်းစထရောင်းန်က ဧည့်ခံပါတယ်။ မာခ့် သူ့ရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေ သတင်းတွေ status တင်ခဲ့တော့ like ခဲ့တဲ့သူပေါင်း ၂၈၀ ၀၀၀ ကျော်ရှိခဲ့ကြတယ်။ 
Engagement Ring

မာခ့်ရဲ့ အားလပ်ရက်အပမ်းဖြေခရီး
Facebook တည်ထောင်သူ ဘီလျံနာ မာခ့် ရယ် ဇနီး ချန်း နဲ့ တခြား သူငယ်ချင်းအချို့ ဗီယက်နမ်ကို အပမ်းဖြေခရီးသွားခဲ့ကြပါတယ်။ ဗီယက်နမ်ဟာကွန်မြူနစ်နိုင်ငံဖြစ်ပြီး မာ့ခ်ဇူကာဘာဂ့်ရဲ့ လူမူကွန်ယက်ဆိုက် Facebook ကို အသုံးပြုခွင့်မရှိတားမြစ်ထားပါတယ်။ ဒါပေမဲ့ အဲဒီလိုတားမြစ်တာဟာ Facebook CEO မာခ့်ကို မကြိုဆိုနိုင်ဘူးလို့ အဓိပ္ပါယ်ရတာတော့မဟုတ်ပါဘူး။ မာခ့် ရဲ့ ၂၀၁၁ ဒီဇင်ဘာ ခရစ်စမတ်ပွဲအချိန်တွေကုန်ဆုံးစေခဲ့ပါတယ်။ Ha Long Bay မှာ ခရစ်စမတ်ညနေခင်းနဲ့ Sapa မြို့လေးမှာတော့ နောက်တစ်နေ့ ခရစ်စမတ်နေ့ နေထိုင်ခဲ့ကြတယ်။ ကိုယ်ပိုင် ရဟတ်ယာဉ်နဲ့ ခရီးသွားခဲ့ကြပြီး ဒေါ်လာ ၆၀၀၀ ခန့် သုံးစွဲခဲ့ကြသတဲ့။ ဗီယက်နမ်မှာ ခရီးသွားဧည့်သည်တွေအတါက် ရွေးချယ် လည်ပတ်ကြည်ရှုစရာတွေအများကြီးပဲရှိနေပါတယ်တဲ့။ အလွန်လှပတဲ့ဟိုတယ်နဲ့ အပမ်းဖြေစရာနေရာတွေဟာ ဧည့်သည်တွေကို စစ်မှန်တဲ့နွေးထွေးမှုနဲ့ ကြိုဆိုတယ်။ ရိုးသားတဲ့ဧည့်ဝတ်ကျေပွန်မှု ရှိကြတယ်လို့ မာ့ခ်ကပြောပါတယ်။ အံ့သြဖွယ်ကောင်းလှတဲ့ ကမ်းခြေတွေ၊ အပူပိုင်းသစ်တော၊ တောင်တန်း၊ လှပတဲ့ရေကန်တွေနဲ့ ရေတံခွန်တွေ၊ လှပလွန်းတဲ့ နေဝင်ချိန်တွေကြည်ရှုပြီး အနားယူရတာ စိတ်ကျေနပ်စရာပါပဲ တဲ့။ Facebook ထက် ပိုပြီး ဘဝဆန်တဲ့နေရာတွေရှိတယ်ဆိုတာ နောက်ဆုံးတော့ မာ့ခ် နားလည်သွားခဲ့ပါသတဲ့။ အဲဒါကြောင့်ပဲ လက်ထပ်ပြီးခါစ ဇနီးမောင်နှံဟာ ရိုးရှင်းတဲ့မင်္ဂလာပွဲတစ်ခုနဲ့ သူတို့ရဲ့ ဘဝကိုချည်နှောင်လိုက်ပြီး ပျားရည်ဆမ်းခရီးကိုတော့ အီတလီကို အပြေးအလွှားသွားခဲ့ကြတယ်။ ဗာတီကန်က Sistine ဘုရားကျောင်းကို သွားခဲ့ကြတယ်။ ရောမက ဂျူးတွေရဲ့ရပ်ကွက်ထဲမှာရှိနေတဲ့ နာမည်ကျော် Kosher စားသောက်ဆိုင်ကိုလည်း အရောက်သွားကြတယ်။

 အဲဒီမှာ ညစာစားပြီးတဲ့အခါမှာတော့ တစ်ယောက်လက်တစ်ယောက် ခိုင်မြဲစွာ ဆုပ်ကိုင်ပြီး ကျောက်သားချောချောပြောင်ပြောင်လမ်းမတွေမှာ အေးအေးလူလူလမ်းလျှောက်ခဲ့ကြတယ်။ ဘီလျံနာကြီးဟာ အသုံးအစွဲ စေ့စပ်သူကပ်စေးနည်းလှတဲ့သူလို့ ထင်မြင်ခဲ့ရင်တော့ လွဲသွားမှာပါပဲ။ မာ့ခ်တို့ အီတလီကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားခဲ့ကြတယ်။ တစ်ညကို ဒေါ်လာ ၁၀၀၀ ကနေ စတင်ငွေကြေးယူတဲ့ Portrait Suites လို့ခေါ်တဲ့ ကြယ်ငါးပွင့်ဟိုတယ်တွေမှာ တည်းခိုခဲ့ကြတာပါ။ အီတလီက Amalfi ကမ်းရိုးတန်းမှာ အပျော်တမ်းရွက်လှေစီးနေကြတဲ့ မာခ့် နဲ့ ချမ်း တို့ရဲ့ ဓာတ်ပုံတွေကြည့်မြင်ရတာ သူတို့ရဲ့ ပျားရည်ဆမ်းခရီးဟာ နေရာရွေးချယ်မှုမှန်ကန်ခဲ့တာပဲလို့ ဆိုနေကြပါတယ်။

မာ့ခ် ရဲ့ ပရဟိတအလှု
ဆီလီကွန်တောင်ကြားဘီလျံနာတွေရဲ့ ခြေလှမ်းအတိုင်းပဲ မာ့ခ်ဇူကာဘာဂ့်လည်း သူ့ရဲ့ ကြွယ်ဝမှုတွေကို လှူဒါန်းဖို့ ဆန္ဒပြင်းပြတာပါပဲ။ Start-up ပညာရေးဖောင်ဒေးရှင်းတည်ထောင်ထားပါတယ်။ နယူးဂျာစီက Newwark ကျောင်းတွေရဲ့ ပညာသင်ကြားရေးအတွက် ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ မာ့ခ်ကတော့ တိတ်တဆိတ်လူမသိဘဲလှူဒါန်းလိုက်ချင်ပေမယ့် Newark မြို့တော်ဝန် Cory A. Booker က နယူးဂျာစီအုပ်ချုပ်ရေးမှုး Chris Christie ရဲ့ အကူအညီနဲ့ မာ့ခ်ကို နာမည်ကြေညာလှူစေဖို့ သိမ်းသွင်းစည်းရုံးခဲ့ပါတယ်။
The Giving Pledge ဖောင်ဒေးရှင်းကတော့ ဘီလ်ဂိတ်စ် နဲ့ ဝါရန်ဘူဖေးတို့က စတင်ခဲ့ပြီး ဘီလျံနာတွေရဲ့ပိုင်ဆိုင်မှုတွေကို အသက်ရှင်စဉ်၊ ဒါမှမဟုတ် သေဆုံးသွားခဲ့ရင် ပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာတစ်ဝက်/ တစ်ဝက်ထက်ပို ကို ပရဟိတအတွက်လှူဒါန်းစေဖို့ လှုံဆော်စည်းရုံးနေခဲ့တာပါ။ ၂၀၁၀ ဒီဇင်ဘာ ၉ ရက်နေ့မှာ မာ့ခ်လည်း ဘီလ်ဂိတ်စ် တို့နဲ့ အတူ သဘောတူလက်မှတ်ရေးထိုးထားခဲ့ပြီးပါပြီ။

ကျန်းမာရေး နဲ့ ပညာရေး ဆီလီကွန်တောင်ကြားကုသိုလ်ဖြစ်ရံပုံငွေအတွက် ဒေါ်လာ ၈၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ Facebook ရှယ်ယာ ဒေါ်လာ ၁၈ သန်းလှူဒါန်း ဒီအလှူမှာ မာ့ခ်ရဲ့ ဇနီး ပရစ်စီလာချန်းကလည်း ပါဝင်လှူဒါန်းထားပါတယ်။ အဲဒီ NGO ဟာ ဘဝပြုပြင်ပြောင်းလဲရေး ပြဿနာတွေအတွက် ရည်စူးလှူဒါန်းကြပြီး ၅ နှစ်အတွင်း ဒေါ်လာ ၂.၅ ဘီလီယံနီးပါးရရှိလှူဒါန်းနိုင်ခဲ့ပါပြီ။ 
မာခ့် ပိုင်ဆိုင်တဲ့ အိမ်မွေးတိရစ္ဆာန် ဆိုရင်တော့ ဟန်ဂေးရီးယန်း ပူလီ ခွေးငယ်လေးရှိကြတယ်။ ခွေးလေးရဲ့ အမည်ကိုတော့ ထူးထူးဆန်ဆန်းအမည် Beast လို့ ပေးထားကြသတဲ့။ Hungarian Water Dog လို့ ခေါ်ကြတဲ့ အဲဒီခွေးလေးတွေဟာ အင်မတန်ဥာဏ်ကောင်းကြတယ်။ သခင်ကို ချစ်ခင်လွန်းကြတယ်။ တခါတရံ ခေါင်းမာလွန်းပြီး ရန်မူလိုတတ်တယ်။ ဒါပေမဲ့ အမြဲလိုလို နောက်နောက်ပြောင်ပြောင် ချစ်စရာကောင်းလှပြီး သတ္တိကောင်းတဲ့ခွေးလေးတွေလို့ ဆိုပါတယ်။ သူတို့ရဲ့ ထူထူထဲထဲအမွှေးလေးတွေဟာ တစ်ကိုယ်လုံး ၉၉ ရာခိုင်နှုန်းလောက်အထိတောင် ဖုံးအုပ်ထားသတဲ့။ မာ့ခ်နဲ့ ချန်းတို့ရဲ့ အချစ်တော် ခွေးလေးပါပဲ။

ကမ္ဘာ့အငယ်ဆုံး ဘီလျံနာ မာ့ခ် သွားသွားလာလာဝတ်ဆင်ဖြစ်တဲ့ sweatshirt ရဲ့ တံဆိပ်က hoodie ပါ။ အဲဒီ hoodie ရှပ်ကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစရာရှိတဲ့ အစည်းအဝေးမျိုးမှာတောင် ဝတ်ဆင်တတ်သတဲ့။ ပေါ့ပေါ့ပါးပါးရှိပြီး ကြော့မော့ခေတ်ဆန်တဲ့ မာခ့်အသွင်ရဲ့ ဟန်ပန်အစစ်ကို hoodie sweatshirt နဲ့ အလိုက်ဖက်ဆုံးမြင်တွေ့ရလေ့ရှိတယ်။ မာခ့် စိတ်ကြိုက် hoodie ရှပ်ရဲ့ အတွင်းသားမှာတော့ စာတန်းတစ်ခု ရိုက်နှိပ်ထားတယ်။ အဲဒီစာသားကတော့ “ကမ္ဘာကြီးကို ပိုပြီးဖွှင့်လှစ် ပြီးတော့ ဆက်သွယ်ကြဖို့ပေါ့” တဲ့။       ။

ဖြိုးဖြိုး
(Living Fashion Magazine, August, 2013)

No comments: