ကျွန်မ အိပ်မက် တစ်ခုကို မက်နေသည်။ အိပ်မက်ထဲမှာ ဆေးရုံ တစ်ရုံကို မြင်သည်။ ထိုဆေးရုံ အတွင်းသို့ ကျွန်မ ရောက်သွားသည်။ ဂျူတီကုတ်ဖြစ်ဟန် တူသော အဖြူရောင်ကုတ်အင်္ကျီ အနားစများကို တဖျပ်ဖျပ် ခါမြည်လျက် သုတ်သုတ်ပျာပျာ သွားနေကြသော ဆရာဝန်အများအပြားကို မြင်သည်။
လူနာများကိုမူ တစ်ဦးတလေမှ မမြင်ပါ။ အခန်းများကို တစ်ခန်းပြီးတစ်ခန်း ဖြတ်ကာ၊ ကော်ရစ်ဒါများကို တစ်ကွေ့ပြီးတစ်ကွေ့ချိုးကာ နောက်ဆုံးတွင် ဆရာဝန်များ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြသော ခန်းမဆောင် အတွင်းသို့ ကျွန်မ ၀င်ရောက်သွားသည်။ ကျွန်မ ဘာသွား လုပ်ရမှာပါလိမ့်။ မသိသေးပါ။
ဆရာဝန်များသည် ကျွန်မကို မြင်လိုက်ရသည်နှင့် ပုံဆိုးပန်းဆိုး တစ္ဆေမ တစ်ကောင်ကို တွေ့မြင်လိုက်ရဘိ သကဲ့သို့ ထိတ်ထိတ်ပျာပျာ ဖြစ်ကာ မျက်စိမျက်နှာ ပျက်ယွင်းနေကြ၏။ ကျွန်မ သူတို့ကို ဘာမှမလုပ်ရပါဘဲနှင့် ထိုသို့ ဖြစ်နေခြင်းက ထူးဆန်းလှ၏။ လွတ်နေသော ထိုင်ခုံတွင် ကျွန်မ ၀င်ရောက်ထိုင်လိုက်သည်။
ကျွန်မ သူတို့အား တစ်စုံတစ်ရာ လှမ်းမေးလိုက်ပုံရ၏။ ဆရာဝန်တို့သည် သူတို့၏ ဦးခေါင်းများကို ပြုတ်ထွက်မတတ် ဘယ်ပြန်ညာပြန် ခါယမ်းလျက်...
“ကျွန်တော် မပြောလိုဘူး”
“ကျွန်တော် မပြောပါရစေနဲ့”
ဟု ကျွက်ကျွက်စီ ပြောဆိုနေကြသည်။ အမှန်က သူတို့ အသံမထွက်ကြပါ။ ကျွန်မဘာသာ အလိုအလျောက် ကြားလိုက်ရခြင်း ဖြစ်သည်။ သူတို့ဘာကို မပြောချင်ကြတာပါလိမ့်။ လူသားပီပီ သူတစ်ပါး မပြောချင်တာကိုမှ ကျွန်မ သိချင်စိတ် အထူး ပြင်းပြလာနေသည်။
ကျွန်မ သူတို့ အားလုံးကို စေ့စေ့လိုက်ကြည့်ကာ တစ်ခုခု ထပ်၍ ပြောလိုက်ပုံရသည်။ ကျွန်မနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် နဖူးပြောင်ပြောင် ဆရာဝန်တစ်ဦးသည် ထိုင်ရာမှ ထလာကာ ကျွန်မရှေ့ စားပွဲပေါ်သို့ ဆေးမှတ်တမ်း ဖြစ်ပုံရသော စာရွက်တစ်ရွက်ကို လာချပေးသည်။ ဖတ်ကြည့်ရန် သူ မပြောပါ။ ကျွန်မ ဖတ်ကြည့်ဖို့ပဲ ဖြစ်လိမ့်မည်ဟု အလိုအလျောက် နားလည်လျက် စိတ်ဝင်တစား ကောက်ယူ ဖတ်ကြည့်လိုက်သည်။
ဘုရားသခင်...။ ဒါ ဘာလဲ။ ဆေးမှတ်တမ်းတစ်ခုလည်း မဟုတ်ပါ။ မင်အနက်ရောင် ခပ်ထူထူလိုင်းဖြင့် ရေးသားထားသည့် စာလုံးများသည် ခပ်တိုတို၊ နှစ်ကြောင်းစာမျှသာ ရှိသည်။ အောက်ပါ အမည်ရှင်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မုချသေဆုံးလိမ့်မည်။
စုမီအောင်။
ကျွန်မရှေ့က လူများသည် ဆရာဝန်တွေလား။ အနာဂတ်ကို ကြိုတင်သိမြင် ဟောကြားသူတွေလား။ သူတို့ ဘယ်သူတွေလဲ။
စာရွက် ကိုင်ထားသော ကျွန်မ၏ လက်များ တဆတ်ဆတ် တုန်ယင်လာသည်ကို ကျွန်မ မြင်နေရသည်။ ခေါင်းမော့ကြည့်လျှင် အနားတွင် မည်သူမျှမရှိတော့ပါ။ စာရွက်ကိုကိုင်ကာ အခန်းတွင်းမှ ပြေးထွက်လိုက်သည်။ ဆေးရုံတွင် လူတစ်ဦးမှ မရှိတော့ဘဲ ဗလာကျင်းနေသည်ကို ကျွန်မ သတိပြုမိလိုက်၏။ ဆေးရုံနံရံ တစ်နေရာတွင် ပြက္ခဒိန် တစ်ခု ချိတ်ဆွဲထားသည်ကို မြင်လျှင် အငမ်းမရ လှန်လှော ကြည့်လိုက်သည်။
တွေ့ပြီ။ ဒီဇင်ဘာလ၊ ဒီဇင်ဘာ..ဒီဇင်ဘာ..၁ ရက် နေ့မှစ၍ ၃၁ ရက်တွင် ကုန်ဆုံးနေသော ဂဏန်းကွက်များကို ကြည့်ကာ ကျွန်မ မူးဝေလာသည်။ ဒီဇင်ဘာ ၂၁ ရက် နီးပြီလား။ ၂၁ ဂဏန်းကွက်ကို လက်ဖြင့် ထောက်ကာ တွက်ချက် ကြည့်လိုက်သည်။ ဘုရားသခင်။ ကျွန်မ ဘယ်လို တွက်ချက်ရမှာပါလိမ့်။ ဒီနေ့ ဘယ်နှရက်လဲ။ ဒီနေ့ကို သိမှသာ ၂၁ ရက် ရောက်ဖို့ ဘယ်နှရက် လိုသည်ကို တွက်လို့ရမည်။
ဒီနေ့ ဘယ်နှရက်လဲ..၊ ဒီနေ့ ဘယ်နှရက်လဲ...။
ထိတ်ထိတ်ပျာပျာ ဖြစ်ကာ အပြင်းအထန် စဉ်းစား ကြည့်နေသော်လည်း မမှတ်မိပါ။ ဦးနှောက်တို့ ဗလောင် ဆူလာသည်။ အခု ဒီဇင်ဘာလကော ဟုတ်ပါရဲ့လား။ ဟုတ်ပါသည်။ ၂၀၁၂ ခုနှစ်ကော ဟုတ်ပါရဲ့လား။ ဟုတ်ပါသည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ဖြစ်ကြောင်းကိုတော့ ကျွန်မ ဦးနှောက်က ဘယ်လိုလုပ် မှတ်မိနေခဲ့တာ ပါလိမ့်။ တနင်္လာလား၊ အင်္ဂါလား၊ နေ့တွေကိုလည်း မသိတော့ပါ။ ဒီနေ့ကို လုံးလုံး မသိမှတော့ ဒီရှေ့က ပြက္ခဒိန်ကို ကြည့်နေလည်း အလကားပဲပေါ့။
ဒေါသတကြီး ဖြစ်လာကာ ပြက္ခဒိန် စာရွက်များကို ဆွဲဖြုတ်ပြီး လုံးခြေ လွှင့်ပစ်လိုက်သည်။ ကျွန်မကို ခြောက်လှန့်နေသည့် ဆရာဝန်ပေးသည့် စာရွက်ကို ရင်ဘတ်ထဲ ထိုးထည့်ကာ ကျွန်မ ထွက်လာခဲ့သည်။ ဆေးရုံဝင်း၏ ဂိတ်ဝတွင် ကွမ်းယာရောင်းနေသည့် လူတစ်ဦးကိုမြင်လျှင် ကျွန်မ အားတက်သွားမိ၏။
“ဦးလေး၊ ဒီနေ့ ဘယ်နှရက်လဲရှင့်”
ကျွန်မကို ထိုလူက မျက်လုံးလှန်ကြည့်ကာ ပြန်မေးသည်။
“ဒီနေ့လား၊ ဒီနေ့၊ အင်း.. အဲ၊ မနေ့က ဘယ်နှရက်ပါလိမ့်”
ကျွန်မ သင်ခန်းစာ ရသွားသည်။ ဒီနေ့ နေ့စွဲကို သိရဖို့ မနေ့က နေ့စွဲကို သိမှ ဖြစ်မည်ဆိုတာပဲ ဖြစ်သည်။ ခေါင်းကိုမော့ကာ သူ့ နောက်စေ့ကို သူ့ဘာသာ ပြန် လှည့်ကြည့်ရင်း မျက်စိစုံမှိတ် စဉ်းစားနေသည့် ထိုလူကြီးကို ကျွန်မ စိတ်ပျက်စွာ ကျောခိုင်းလိုက်သည်။
လမ်းဘေး တစ်နေရာတွင် ခွေလှိမ့် ဆော့ကစားနေသည့် ကလေးတစ်ယောက်ကိုမြင်လျှင် ကျွန်မ ၀မ်းသာသွားရ၏။ မိမိထက် များစွာ ငယ်ပုံရသည့် ကလေးငယ်ထံ မေးမြန်းရသည်ကို နည်းနည်းတော့ ရှက်ရွံ့သိမ်ငယ်စရာ ကောင်းလိမ့်မည်။ သို့သော် ယခုခေတ်ကလေး တို့သည့် လူကြီးများထက်ပင် အရာရာ၌ သိမြင်နိုင်စွမ်း ပိုရှိကြသည်ဟု ကျွန်မ ယုံကြည်ထားခဲ့သည်။
“ဟေ့ ကလေး၊ ဒီနေ့ ဘယ်နှရက်နေ့လဲ”
“ဗျာ၊ အဲ ဥပုသ်နေ့ဗျ”
မျက်မှောင်ကြုတ် ကြည့်လိုက်သော ကျွန်မကို ကလေးငယ်က ကြောင်တောင်တောင် ပြန်ကြည့်ကာ နောက်ထပ် ထပ်ပြောလိုက်သေးသည်။
“တကယ်၊ တကယ် ဥပုသ်နေ့ဗျ။ အမေတို့ ဘုန်းကြီးကျောင်းသွားတယ်။ ကျွန်တော် ကျောင်းပိတ်တယ်။ အဲဒါ ဥပုသ်နေ့မို့လို့ပေါ့”
စကားရှည်နေသော ကလေးငယ်ကို ကျွန်မ ထားရစ်ခဲ့ကာ ဆက်လျှောက်လာခဲ့သည်။ ဒီနေ့ကို ဒီနေ့ သိရမှ ဖြစ်မည်။ တစ်စုံတစ်ယောက်ကိုတော့ မေးကြည့်ရဦးမည်။ ရှေ့တွင် မိန်းကလေး တစ်ယောက် ဆတ်တောက်တောက်ဟန်ဖြင့် လျှောက်လာနေသည်ကို ကျွန်မ မြင်သည်။ သည်တစ်ခါတော့ အဖြေကို သိခွင့် ရတော့မည် ထင်ပါသည်။
“ညီမရေ၊ ဒီနေ့ ဘယ်နှရက်နေ့လဲဟင်”
“အမျိုးသားနေ့၊ သြော်. ဒီနေ့ ကျွန်မ အမျိုးသားနဲ့ လျှောက်လည်တဲ့ နေ့မို့လို့ အမျိုးသားနေ့လို့ ပြောတာရှင့်၊ ခစ် ခစ်”
ကျွန်မ စိတ်ထဲ ခိုးလိုး ခုလုဖြစ်သွားသည်။ ကျွန်မနှင့်သူ ယခုမှ တွေ့ဆုံကြခြင်း ဖြစ်၏။ ငယ်ပေါင်း ကြီးဖော်တွေလို နောက်နောက်ပြောင်ပြောင် စကားဆိုစရာအကြောင်း လုံးဝ မရှိပါ။ သူစိမ်းတစ်ယောက်က ချဉ်းကပ် မေးမြန်းလာသည့် မေးခွန်းများကို ပြက်ရယ်မပြုဘဲ တလေးတနက် ဖြေဆိုသင့်သည်ဟု ကျွန်မ ယူဆသည်။ အလကား ဟော့ပေါ့ ကောင်မလေးပဲ။ ခပ်ဟော့ဟော့ ၀တ်စားထားသလို ခပ်ပေါ့ပေါ့သာ ဖြေဆို နေကြသည့် ခုခေတ်ကာလ မိန်းကလေးများကို ကျွန်မ ကြည့်မရချင်တော့ပါ။ ကျွန်မကပဲ ခေတ်နောက်ပြန် ဆွဲနေပြီလား။ ခေတ်ရှေ့ပြေးသည်ဖြစ်စေ၊ ခေတ်နောက်ကျခဲ့သည်ဖြစ်စေ နေ့စွဲတစ်ခုတွင် ကျွန်မတို့ မုချ သေရမည်။ ယခုပင် ဒီဇင်ဘာ ၂၁ ရက်ဆိုသည့် နေ့စွဲ တစ်ခုက ကျွန်မနောက်တွင် ကပ်လျက် လိုက်ပါနေသည်ကို ကျွန်မ စိုးထိတ်စွာ သိနေရသည်။
လမ်းဘေး ပလက်ဖောင်းတစ်နေရာတွင် ဂျာနယ်များ အပြိုင်အဆိုင် ခင်းကျင်း ရောင်းချနေသည့် ဆိုင်လေးများကိုမြင်သည်။ ဆိုင်တန်းများသည် မျက်စိတစ်ဆုံး များပြားရှည်လျားလှ၏။သည်တစ်ခါတော့ မလွဲချော် နိုင်တော့ပါ။ မည်သူ့ကိုမျှ ခခယယ မေးကြည့်နေစရာပင် မလိုတော့။ ဒီနေ့ထွက်သည့် ဂျာနယ် ၀ယ်လိုက်လျှင် ကျွန်မ လိုချင်သည့် အဖြေကို သူ့အလိုလို သိရပေမည်။ စာစောင်များ ပတ်လည်ဝိုင်းလျက် ပျင်းတိပျင်းတွဲ ထိုင်နေသည့်မိန်းမကြီးကို ကျွန်မ ဦးညွတ် အရိုအသေပြုကာ လှမ်းပြောလိုက်သည်။
“ဒီနေ့ထွက်တဲ့ ဂျာနယ် တစ်စောင်လောက် ကျွန်မကို ပေးပါရှင်”
မိန်းမကြီးက ကျွန်မကို ချက်ချင်း မဖြေ၊ ဂျာနယ်တစ်စောင်လောက် ၀တ်ကျေတမ်းကျေ ဆွဲထုတ်လက်ကမ်းဖော် မရ။ ကျွန်မထံ ပေစောင်းစောင်း စွေကြည့်ရင်း သံပြတ်နှင့် ပြောသည်။
”ဒါတွေအားလုံး ဒီနေ့ ထွက်တာတွေချည်းပဲ၊ မနေ့ကဟာ မတင်တော့ဘူး”
ဘုရားသခင်၊ ဒါတွေအားလုံး အမှန်ပဲ ဒီနေ့ ထွက်တာလား။
ကျွန်မ ရင်သပ်ရှုမော ဖြစ်သွားသည်။ ဂျာနယ်ပြပွဲ၊ ဒါမှမဟုတ် ပြိုင်ပွဲကြီး ကျင်းပနေသည့် အလား။ အင်္ဂလိပ်အမည်၊ မြန်မာအမည်၊ အမည်နာမ အမျိုးမျိုး၊ ဒီဇိုင်း အမျိုးမျိုး၊ အသွေးအရောင် အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ရောယှက် ခင်းကျင်းထားသည့် ဂျာနယ်တို့က ကျွန်မကို ၀ယ်ပါယူပါနှင့် အလုအယက် မျက်စ ပစ်ပြနေတော့သည်။ သို့သော် ခုချိန်မှာ ကျွန်မ စိတ်ဝင်စားသည်က ဂျာနယ်ထဲက ထူးဆန်းထွေလာ အကြောင်းအရာများ၊ မျက်မှောက်ခေတ် အဖြစ်သနစ်များ၊ နိုင်ငံအ၀န်းက သတင်း အချက်အလက်များ၊ အလှအပ ဖက်ရှင်၊ အညှီ အဟောက် သတင်းနှင့် ဖျော်ဖြေရေးကဏ္ဍများ မဟုတ်ကြ။
လတ်တလော အခြေအနေတွင် ကျွန်မ အပူတပြင်း သိလိုသည်က မျက်နှာဖုံးမှာ ရေးထိုးထားသည့် နေ့စွဲ တစ်ခုသာ ဖြစ်သည်။ ဂျာနယ်ရောင်းချသူ မိန်းမကြီးသည် ခုချိန်ထိ ဂျာနယ်တစ်စောင်မျှ ကောက်ယူလှမ်းပေးခြင်းမရှိပါ။ လက်လှမ်းမီသမျှ ဂျာနယ်များကို တစ်ခုပြီးတစ်ခု ကျွန်မဘာသာ ကောက်ယူကြည့်ရင်း အာရုံများ ထွေပြားကာ ခေါင်းထဲမူးဝေလာသည်။
ဘုရားသခင်...။
ဂျာနယ်များတွင် နေ့စွဲ အတိအကျ ရေးထိုးထားခြင်း မရှိပါ။ တချို့က တနင်္လာနေ့တိုင်း ထုတ်ဝေသည်။ တချို့က အင်္ဂါနေ့တိုင်း ထုတ်ဝေသည်။ တချို့က ဗုဒ္ဓဟူး နေ့တိုင်းထုတ်ဝေသည်။ အကွဲကွဲ အပြားပြား (သို့သော် ဆင်တူယိုးမှား) မြင်နေရသည့် ဂျာနယ်များကို သိမ်းကျုံးကြည့်ကာ ကျွန်မ သွေးပျက် ထိတ်လန့်လာသည်။ ဒီနေ့ ထွက်တာချည်းပဲလို့ ထိုမိန်းမက သေချာပေါက်ပြောခဲ့သည်။ ဒါဖြင့် ဒီနေ့သည် တနင်္လာနေ့ ဖြစ်သလို၊ အင်္ဂါနေ့လည်း ဖြစ်၊ ဗုဒ္ဓဟူးနေ့လည်း ဖြစ်သည်ပေါ့။
ကျွန်မ စိတ်အချဉ် ပေါက်လာသည်။ ဒီနေ့ ဒီဇင်ဘာ ၂၁ ရက် ဖြစ်လိုက်စမ်းပါတော့၊ ဆေးရုံပေါ်က ရခဲ့သည့် စာရွက်ထဲကလို ကျွန်မ ဒီနေ့ပင် သေလိုက်စမ်းပါတော့လားဟု တောင့်တချင်လာသည်။ တကယ်တမ်းမှာ ကျွန်မ မသေချင်သေးပါ။ ဒီနေ့ကို သိရှိရန် ကြိုးစားပမ်းစား ရှာဖွေရပါဦးမည်။ တစ်စုံတစ်ရာကို သတိရမိလျှင် ဂျာနယ်များကို ကျွန်မ ကစဥ့်ကလျား ပြန်လွှတ်ချထားလိုက်သည်။
“သတင်းစာတစ်စောင် ပေးပါလားရှင်”
နေ့စဉ်ထုတ် သတင်းစာမှာတော့ ကျွန်မ လိုချင်သည့် အဖြေကို သေချာပေါက် ရှာတွေ့နိုင်သည်။ သည်အရာ ကို ကျွန်မ ဘာကြောင့်များ မေ့လျော့ခဲ့ပါလိမ့်။ နေ့စဉ်ထုတ် သတင်းစာကို မျက်ကွယ်ပြုပြီး ဂျာနယ်တွေကို အားကိုးမိခြင်းမှာ ကျွန်မ မှားလေပြီ။ ဂျာနယ်များသည် အမှားပြင်ဆင်ချက်များ မပြင်ဆင်ဘဲ ဘာသိဘာသာ လွှတ်ထားသည့်အမှားများ၊ မှားလို့ မှားမှန်းမသိသည့် အမှားများနှင့် မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ကခုန်လွန့်လူးနေကြသည်။ နေ့စဉ်နေ့တိုင်း ထွက်နေသည့် သတင်းစာ တွင်တော့ အမှားများကို ကျွန်မ မတွေ့ဖူးခဲ့ပါ။
ဝယ်သူ ကျွန်မကို အရေးတယူမရှိဘဲ လုပ်ချင်ရာ လုပ်နေသည့် ဂျာနယ် အရောင်းမိန်းမကြီးကို ကျွန်မ ထပ်မံပြောဆိုလိုက်သည်။
“သတင်းစာတစ်စောင် ပေးပါ အစ်မ”
“အမလေး၊ အချိန်ကိုလည်း ကြည့်စမ်းပါဦး။ သတင်းစာက မနက်ပိုင်းဆို ကုန်ပြီတော့။ တကတဲ ဘယ်လို မိန်းကလေးပါလိမ့်၊ ဂျာနယ်တွေလည်း အကုန် လျှောက်ဖွကြည့်တယ်။ ပြီးတော့ တစ်စောင်မှလည်း မ၀ယ်ဘဲ အဲ အဲ”
ထိုနေရာကနေ ကျွန်မ လှစ်ခနဲ ထွက်လာခဲ့တော့သည်။ ကျွန်မကို ရေရွတ် ကျိန်ဆဲရင်း ကျန်ရစ်ခဲ့သည့် မိန်းမကြီးကို စိတ်မဆိုးသည့်အပြင် ကျေးဇူးပင် တင်လိုက်မိ၏။ သူ့စကားထဲတွင်- “အချိန်ကိုလည်း ကြည့်စမ်းပါဦး” ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
သူ့စကားက ကျွန်မအား သတိပေးသလို ဖြစ်သွားသည့် အတွက် ကျွန်မ ရုတ်ခြည်းပင် အဲသည် “အချိန်” ဆိုတာကို သတိရသွားသည် မဟုတ်ပါလား။ အချိန် အချိန် အချိန်၊ နာရီ၊ နာရီ၊ နာရီ။ ဟုတ်ပြီ။ နာရီအရောင်းဆိုင်တစ်ဆိုင်ကို ကျွန်မ မျက်လုံးများက ကပျာကသီ ရှာဖွေလိုက်သည်။ ဒီနေ့ ဘယ်နှရက်နေ့လဲ ဆိုသည့် အဖြေကို ယခုပင် အတိအကျ တွက်ထုတ်နိုင်တော့မည်။
နာရီဆိုင်ရှေ့ရောက်လျှင် ကျွန်မ စိတ်ဓာတ်ကျသွားသည်။ နာရီအရောင်း ဆိုင်တွင် နာရီလက်တံတို့ သည် ၁၀ နာရီ ၁၀ မိနစ်သို့ တညီတညွတ်တည်း ဖော်ပြလျက်ရှိ၏။ နာရီဆိုင်များသည် နာရီ လက်တံများကို အဘယ်ကြောင့် ၁၀ နာရီ ၁၀ မိနစ်တွင် ထားရှိရသနည်း ဆိုသည်ကိုမူ ကျွန်မ မသိပါ။ သိရန်လည်း မလိုပါ။ ကျွန်မ သိလိုသည်က ဒီနေ့ ဘယ်နှရက်နေ့လဲ ဆိုတာပဲ ဖြစ်သည်။ လက်ပတ် နာရီကို ကျွန်မ မကြိုက်၊ ဘယ်တုံးကမှ ပတ်လေ့မရှိသည့်အတွက် စားပွဲတင်နာရီတစ်လုံးကို ဈေးနှုန်း မေးမနေတော့ဘဲ ခပ်မြန်မြန် ရွေးယူလိုက်သည်။ ပြီးတော့ နာရီရောင်းသူကို ခပ်ပြုံးပြုံး တောင်းဆိုလိုက်သည်။
“တစ်လက်စတည်း အချိန်တိုက်ပေးပါနော်၊ နေ့စွဲရော....”
ဘက်ထရီထည့်ပြီး ခပ်သွက်သွက် လှုပ်ရှားနေသည့် လူ့လက်များကို အနီးကပ်ခိုးကြည့်ရင်း ကျွန်မ ရင်ဖိုလာသည်။ စားပွဲတင်နာရီလေး၏ ညာဘက်ထောင့်ကွက်လေး ထဲမှာ ဘာဂဏန်းများ ထွက်ပေါ်လာမှာပါလိမ့်၊ ၁ လား၊ ၂ လား၊ ၂၁ ဂဏန်းကိုတော့ မတွေ့လို၊ မမြင်လိုသေးပါ။
နည်းသွားလိုက်၊ များသွားလိုက် ဟိုရောက်ဒီရောက် လှုပ်ရှားပြောင်းလဲနေသည့် ဂဏန်းများကို စူးစိုက်ကြည့် ရင်း ကျွန်မ ဦးခေါင်း တစ်ခုလုံး မူးနောက်ရီဝေလာသည်။
အတန်ကြာလျှင် နာရီ ရောင်းသူသည် ခေါင်းကုတ်လျက် ကျွန်မကို ဖျတ်ခနဲ လှည့်မေးသည်။
“ဒီနေ့ ဘယ်နှရက်နေ့လဲဗျ”
“သေလိုက်စမ်းပါတော့”
အသံထွက်ရေရွတ်ရင်း ကျသင့်ငွေ ပေးချေရန် အသင့် ဖွင့်ထားသည့် ပိုက်ဆံအိတ်ဇစ်ကို ဇွိခနဲ မြည်အောင် ကျွန်မ ဆောင့်ဆွဲ ပိတ်ပစ်လိုက်သည်။ ထိုနာရီအရောင်းဆိုင်ကနေ ဒေါသတကြီး လှည့်ထွက်ခိုက် နာရီဆိုင်ထဲမှ အသံမျိုးစုံ ထွက်ပေါ်လာသည်ကို ကျွန်မ ရုတ်တရက် ကြားလိုက်ရသည်။
“ကလင်၊ ကလင် ကလင်”
“တီတီတီ တီတီတီ တီတီတီ”
တချို့ နာရီများက အင်္ဂလိပ်ဘာသာစကားသံဖြင့် ဂက်အပ်(ပ်) ဂက်အပ်(ပ်) ဂက်အပ်(ပ်) အော်မြည်နေကြသည်။
ဆူဆူညံညံ အသံပေါင်းစုံ။
မျက်လုံးများကို အားယူ ဖွင့်ရင်း ခုတင်ဘေးက ဆူဆူ ညံညံအော်မြည်နေသည့် နာရီဆီ လက်လှမ်းကာ ကျွန်မ လှမ်းပိတ်လိုက်သည်။ တကယ်မဟုတ်၊ အိပ်မက်ပါလားဟု သိရသည်နှင့် စိတ်ပေါ့သွား၏။ အိပ်မက်က ထူးလည်း ထူးဆန်းခဲ့၏။ ရှည်လည်း ရှည်ကြာခဲ့၏။
အား... ဘယ်နှနာရီ ရှိနေပါလိမ့်။
နာရီပေါ်က နေ့စွဲကို မြင်လိုက်ရလျှင် ကျွန်မ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်ကာ အသက်ရှူနှုန်းများ မြန်ဆန်လာသည်။
Dec, ၂၁
လနှင့် ရက်စွဲကတော့ အိပ်မက်ထဲကအတိုင်း ညွန်ပြ နေပြီ။ ခုနှစ်ကော...။ အခု ဘယ်နှခုနှစ်လဲ။ လုပ်ကြပါ ဦး။ ၂၀၁၁ လား။ ၂၀၁၂ လား။ နံရံထက်က ပြက္ခဒိန်ချပ်က တလှုပ်လှုပ် ယိမ်းခါလျက် ကျွန်မကို သွေးပျက်မတတ် ခြောက်လှန့်နေ၏။ ပြက္ခဒိန်ကို ကျွန်မ အနားတိုး မကြည့်ရဲပါ။ ခုနေ၊ အလျင်အမြန်ပြန် အိပ်လျှင်ကော စောစောက အိပ်မက်ကို ဆက်မက်ဦးမှာလား။ တခြားအိပ်မက် အသစ် ပြောင်းမက်မှာလား။ ဘာပဲဖြစ်ဖြစ် အိပ်မက် မက်နေတာပဲ ကောင်းလိမ့်မည်။
ဒီနေ့ နေ့စွဲကို ဘယ်သူမှ အဖြေ ရှာမရဘဲ တ၀ဲလည်လည် ဖြစ်နေရင်းနဲ့ပေါ့။
စုမီအောင်
(၂၀၁၁ စက်တင်ဘာလထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀တ္ထုတို ဖြစ်သည်။)
(၂၀၁၁ စက်တင်ဘာလထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀တ္ထုတို ဖြစ်သည်။)
No comments:
Post a Comment