Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 30, 2013

ဟိုသတင်း ဒီသတင်း

၁.  ဘိုးရင်း A380 ရဲ့ ၅ နှစ်မြောက်နှစ်ပတ်လည်
Emirates လေကြောင်းလိုင်းရဲ့ ဘိုးရင်း A380 လေယာဉ်ဟာ စတင်ပျံသန်းခဲ့တာ သြဂုတ်လထဲမှာ ၅ နှစ်ရှိခဲ့ပါပြီ။ ပထမဆုံး Airbus Flight A380 ကို နယူးယောက်မြို့ခရီးဆုံး ၂၀၀၈ သြဂုတ်လ ၁ ရက်နေ့က ပျံသန်းခဲ့တယ်။ လက်ရှိမှတ်တမ်းတွေအရ လေကြောင်းလိုင်းတွေမှာ ခရီးစဉ် ၂၁ ခု အထိ လန်ဒန် ဟိသရိုးလေဆိပ်အပါအဝင် ရောမ၊ မော်စကို၊ ဟောင်ကောင်၊ ဘန်ကောက် နဲ့ အောကလန်မြို့တွေ ပါဝင်ခဲ့ပါတယ်။ Emirates လေကြောင်းလိုင်းရဲ့ ဥက္ကဌ တင်မ်ကလာ့ခ်က “ငါးနှစ်တာအပြောင်းအရွေ့ကာလတွေဖြတ်သန်းခဲ့ပြီးတဲ့အချိန်မှာ ဒီစံချိန်တင်နိုင်လောက်တဲ့လေယာဉ်ရဲ့ လှုပ်ရှားပျံသန်းမှုတွေရဲ့ Emirates ရဲ့ လေကြောင်းခရီးသွားလုပ်ငန်းမှာရင်ဆိုင်ရတဲ့ကိစ္စတွေကို ပြောင်းလဲစေနိုင်ခဲ့ပါတယ်” လို့ဆိုတယ်။ “သူ့ရဲ့ လူသိများမှုဟာ အခုဆိုကျွန်တော်တို့ရဲ့ ခရီးသွားကွန်ယက် ၆ နေရာမှာ မြံမြံစွာခြေကုပ်ယူနိုင်ခဲ့ပါပြီ။ ခရီးသည်တွေက လေယာဉ်ထဲမှာပါတဲ့ပစ္စည်းဝန်ဆောင်မှုတွေကို ဆက်ပြီးအသုံးပြုဖို့ စိတ်အားထက်သန်နေပါပြီ။ ကြီးမားတဲ့လေယာဉ်ကြီးတစ်ခုလုံးရဲ့ ငြိမ်သက်မှု၊ Economy Class ရဲ့ ပြိုင်ဘက်ကင်းကျယ်ပြန့်မှု၊ Business Class က လှဲအိပ်စရာထိုင်ခုံအမျိုးအစား နဲ့ First Class မှာ ရေချိုးကန်၊ spa နှစ်ခု အေးအေးလူလူအသုံးပြုနိုင်တာတွေဟာ ခရီးသွားတွေရဲ့ စိတ်ကြိုက်ဝန်ဆောင်မှုတွေဖြစ်နေတာကြောင့်ပါ” လို့ ထပ်ပြီးပြောပါတယ်။ Emirates ခရီးစဉ်တွေမှာ ဒူဘိုင်း၊ အမ်စတာဒမ်၊ အောကလန်၊ ဘန်ကောက်၊ ဘီဂျင်း၊ ဟောင်ကောင်၊ ဂျက်ဒါး၊ ကွာလာလမ်ပူ၊ လန်ဒန်ဟိသရိုး၊ မန်ချက်စတာ၊ မဲလ်ဘုန်း၊ မော်စကို၊ မြူးနစ်၊ နယူးယောက်JFK ၊ ပဲရစ်၊ ရောမ၊ ဆိုးလ်၊ စင်္ကာပူ၊ ရှန်ဟိုင်း၊ ဆစ်ဒနီ နဲ့ တိုရွန်တိုမြို့တွေပါဝင်ပါတယ်။ နောက်ထပ်ထပ်မံတိုးချဲ့တဲ့ခရီးစဉ်သစ်တွေမှာ ဘရစ်ဘိန်း (လာမယ့် အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး)၊ လောစ့်အင်ဂျယ်လိစ် (ဒီဇင်ဘာ ၂ )၊ မော်ရေးရှပ် (ဒီဇင်ဘာ ၁၆ ) နဲ့ ဇူးရစ်မြို့ကို ဇန်နဝါရီ ၂၀၁၄ မှာ ပျံသန်းပါလိမ့်မယ်။

၂. Superstar Libra သင်္ဘောကြီးနဲ့ အာရှ ပစိဖိတ်ပင်လယ်ဆီ အပမ်းဖြေခရီးထွက်ကြမယ်
ဟောင်ကောင်အခြေစိုက် Star Cruises သင်္ဘောလိုင်းရဲ့ အပမ်းဖြေရေလမ်းခရီးစဉ်ကို Asia-Pacific အတွင်း ခရီးထွက်ကြမှာဖြစ်တဲ့အတွက် အဲဒီ ၇ရက် ၆ ည တာ ခရီးစဉ်မှာ ခရီးသည်တွေပါဝင်နိုင်ကြတယ်လို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ ပီနန်မြို့ကနေ၊ ထိုင်းနိုင်ငံတောင်ပိုင်းအနောက်ကမ်းရိုးတန်းက Krabi မြို့လေးကို ဖြတ်ကာ ရန်ကုန်၊ ပြီးတော့ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို သြဂုတ် ၁၁ ရက်နေ့မှာရောက်ရှိမှာပါ။ Star Cruises သင်္ဘောလိုင်းပိုင် SuperStar Libra သင်္ဘောကြီးရဲ့ မြန်မာနိုင်ငံမြို့တော်ရန်ကုန်ဆီ ပထဆုံးခရီးစဉ်ဖြစ်မှာပါ။ Star Cruises သင်္ဘော SuperStar Virgo သင်္ဘောကတော့ အရှေ့ရဲ့ ပန်းခြံမြို့တော်လို့ ခေါ်ကြတဲ့ ရန်ကုန်ကို ၂၀၀၃ ခုနှစ်က အပမ်းဖြေရေလမ်းခရီးနဲ့ ရောက်ရှိလည်ပတ်ခဲ့ကြဖူးပါတယ်။  Star Cruises အရောင်းဌာန အကြီးတန်းလက်ထောက်ဥက္ကဌက ပြောပါတယ်။ “Superstar Libra ဧည့်သည်တော်တွေကို ရန်ကုန်ကို ပထမဆုံးအကြိမ်ခေါ်ဆောင်သွားဖို့ ကျွန်တော်တို့ အင်မတန်စိတ်လှုပ်ရှားမိပါတယ်။ ကမ္ဘာလှည့်ခရီးသည်ဆွဲဆောင်နိုင်တဲ့နေရာတွေထဲမှာ ထိပ်ဆုံးကရှိတဲ့ ရန်ကုန်မြို့ရဲ့ အလေးအမြတ်ထားကြတဲ့ရွှေသားအတိပြီးတဲ့ ရွှေတိဂုံဘုရား၊ တိုင်းရင်းသာယဉ်ကျေးမှုကျေးရွာ နဲ့ ရိုးရာအစဉ်အလာတွေနဲ့ သန်လျင်မြို့ရဲ့မနက်ခင်းဈေး နဲ့ တခြား စိတ်ဝင်စားစရာနေရာတွေသွားကြမှာပါ” တဲ့။ ခရီးသွားတွေဟာ ယဉ်ကျေးမှုအစုံအလင်ရှိတဲ့ ရန်ကုန်မြို့ကနေ ကျယ်ကျယ်ပြန့်ပြန့်ကမ်းခြေလေ့လာရေးခရီးစဉ်တွေလည်းသွားနိုင်ပါမယ်။ မြန်မာစတိုင်လ်ထမင်းပွဲကိုလည်းလေ့လာနိုင်ကြမယ်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးကိုလည်းကြည့်ရှုကြပြီး အရည်အသွေးကောင်း၊ အဖိုးထိုက်တန်လှတဲ့မြန်မာ့ ကျောက်မျက်ရတနာတွေဈေးဝယ်ထွက်နိုင်ကြမယ်လို့ သူက ထပ်ပြီးပြောပါတယ်။ အလုပ်တာဝန်တွေနဲ့ပြည့်နှက်နေတဲ့ နေ့စဉ်ဘဝတွေထဲက ခဏတာလွတ်မြောက်ကြလိုသူတွေအတွက် SuperStar Libra ရဲ့ အဆင့်မြင့်ဝန်ဆောင်မှုတွေနဲ့ အပမ်းဖြေကြည့်ဖို့ထက် ကောင်းတဲ့တခြားနည်းလမ်းမရှိနိုင်ပါဘူး။ သင်္ဘောပေါ်မှာ ဖျော်ဖြေရေးအစီအစဉ်တွေ၊ အပမ်းဖြေလှုပ်ရှားမှုတွေပါရှိပြီး နွေးထွေးပျူငှာတဲ့ အာရှယဉ်ကျေးမှုနဲ့ ကြိုဆိုကြမှာပါ။ အဲဒီခရီးစဉ်အပြင် ပီနန်ကနေ ချမ်းမြေ့လှပလွန်းလှတဲ့ ဖူးခက်ကမ်းခြေကို ၄ ရက် ၃ည ခရီးစဉ်အဖြစ် တနင်္ဂနွေနေ့တိုင်း ခရီးစဉ်ရှိတယ်လို့ဆိုပါတယ်။ SuperStar Libra သင်္ဘောကြီးနဲ့ ၁ ညတာ ပင်လယ်ထဲ အပမ်းဖြေခရီးသွားချင်တယ်ဆိုရင်တော့ ဗုဒ္ဓဟူးနေ့ကနေ စနေ နေ့တွေအတွက် ခရီးစဉ်တွေရှိပါတယ်။ Star Cruises ရဲ့ ခရီးစဉ်တိုင်းဟာ အံ့အားသင့်စရာတွေပြည့်နေတဲ့ အပမ်းဖြေရေကြောင်းခရီးစဉ်လို့ ညွှန်းဆိုထားပါတယ်။

၃.  ရင်သပ်ရှုမောဖွယ် ဂရိကျွန်းစုတွေ၊ ဂရိကမ်းခြေတွေဆီ
Corfu
ဂရိနိုင်ငံရဲ့ ၂၀၁၂ ခရီးသွားလုပ်ငန်းအကျပ်အတည်းတွေကို ပြန်လှည့်ကြည်ရင်း ၂၀၁၃ ခုနှစ်ကတော့ မျှော်လင့်ချက်အသစ်တွေနဲ့ ပြန်ပြီးနိုးထလာခဲ့ပါတယ်။ နိုင်ငံတကာကခရီးသွားတွေလျော့ကျကုန်တာကတော့ စီးပွားရေးနဲ့ နိုင်ငံရေးမပြေမလည်ရှိခဲ့တာတွေကြောင့်ပါပဲ။ ရင်သပ်ရှုမောဖွယ်၊ သဘာဝအတိုင်း မပျက်မယွင်းသန့်စင်လှပနေဆဲ ကမ်းခြေတွေနဲ့ ရှေးဟောင်းသမိုင်းအထောက်အထားတွေ အလွန်ကြွယ်ဝတဲ့နေရာဒေသအခြေအနေတွေနဲ့ ဂရိ ဟာ ဒီနှစ်မှာ ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁၇ သန်းခန့်ဆွဲဆောင်ဖို့မျှော်လင့်ထားပါတယ်။ ၂၀၁၂ ကထက် တစ်သန်းခန့်ပိုများစေဖို့ ကြိုးပမ်းနေကြတယ်။ ခရီးသွားလုပ်ငန်းဟာ နိုင်ငံရဲ့ စီးပွားရေးကို ထောက်ကန်ဖေးမပေးနိုင်မယ့် တိုင်လုံးကြီးတွေပဲလို့ ဆိုတယ်။ ခရီးသွားလုပ်ငန်းဟာ ဂရိနိုင်ငံအတွက် နိုင်ငံအတွက် ဒုတိယအကျိုးအပြုဆုံးလုပ်ငန်းပါ။ ပထမလုပ်ငန်းကတော့ ရေကြောင်းလုပ်ငန်းပါပဲ။  ဂရိကျွန်းတွေဆီ အပမ်းဖြေခရီးထွက်မယ်ဆိုရင် Easter ကာလ ကနေ အောက်တိုဘာလလယ်လောက်အထိ အကောင်းဆုံးပါပဲ။ ဂရိတောင်ပိုင်းကျွန်း Crete နဲ့ Rhodes ကျွန်းတွေက အောက်တိုဘာလကုန်လောက်အထိ အချိန်တိုးဖွင့်လှစ်ထားပေမယ့် မြောက်ပိုင်းကျွန်းတွေဖြစ်တဲ့ Skiáthos ကျွန်းနဲ့ Corfu ကျွန်းတွေက ရက်သတ္တပတ်အနည်းငယ်ပိုစောပြီး ပိတ်လေ့ရှိတာကြောင့်ပါ။ ဟိုတယ်အခန်းခတွေ၊ စားသောက်ဆိုင်တွေ၊ ဘား ဝန်ဆောင်မှုတွေ လျှော့ဈေးအကောင်းဆုံးပေးတတ်တဲ့အချိန်တွေကတော့ သင့်တင့်တဲ့ရာသီဥတုအချိန်မျိုးပါပဲ။ မေလလယ်ကနေ ဇွန်လကုန်နဲ့ စက်တင်ဘာတစ်လလုံးဟာ အကောင်းဆုံးအချိန်တွေပါ။ ဇူလိုင်နဲ့ သြဂုတ်ကတော့ ကမ်းခြေရေဟာပူနွေးနေလို့ ရေကူးရတာ အင်မတန်ကောင်းလှပေမဲ့ လူများပြည့်ကျပ်နေတတ်တယ်။ တစ်ခါတစ်ရံ အင်မတန်မြင့်မားတဲ့အပူချိန်နဲ့ ကြုံရတတ်တယ်။ Lonian ကျွန်းစုတွေ နဲ့ Maïstros ကျွန်းမှာ အနောက်မြောက်လေပူတိုက်ခတ်တတ်ပါတယ်။ ဆောင်းရာသီအရသာစစ်စစ်ရနိုင်တာကတော့ Rhodes ဒါမှမဟုတ် Kérkyra မြို့လေးတွေ, Haniá ဒါမှမဟုတ် Crete ကျွန်းနဲ့ Hydra  ကျွန်းတွေပါ။ အေသင်ဟာလည်း ကျောင်းသားတွေလေ့လာခရီးထွက်စရာအသင့်တော်ဆုံး ဂရိသမိုင်းထဲကမှတ်တမ်းတွေပြည့်နေတဲ့နေရာပဲပေါ့။ 
Paros
Rhodes
Santorini
ဂရိကျွန်းတွေထဲမှာ 
ပန်းချီဆရာ၊ ဓာတ်ပုံဆရာတွေအတွက် အကောင်းဆုံးကျွန်းတွေက - Santorini, Mykonos & Crete
ပင်လယ်လှိုင်းစီးလိုသူတွေအတွက် - Naxos, Mykonos, Paros
ကမ်းခြေအလှကြည့်ချင်သူတွေအတွက် - Skiathos, Mykonos, Paros, Crete & Corfu
နိုက်ကလပ်ကောင်းကောင်းသွားလိုကြသူတွေအတွက် - Mykonos, Crete, Santorini, Ios & Rhodes
ဈေးဝယ်ထွက်လိုကြသူတွေအတွက် - Mykonos, Santorini & Rhodes
ခြေလျင်ခရီးထွက်လိုသူတွေအတွက် - Crete, Corfu, Santorini, Paros & Mykonos
ကားနဲ့ ခရီးထွက်မယ့်သူတွေအတွက် - Crete & Corfu 
စတဲ့ကျွန်းတွေက အသင့်တော်ဆုံးပါ။

၎. သဘာဝပတ်ဝန်းကျင်လေ့လာမှုခရီးစဉ်တွေထဲက အကောင်းဆုံးတစ်ခုဆိုရင်
အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေထဲမှာ လူကြိုက်အများဆုံးပုံစံတွေထဲက တစ်ခုဖြစ်တဲ့ စွန့်စွန့်စားစားခရီးသွားလုပ်ငန်းထဲမှာ မွန်ဘိုင်းအခြေစိုက် Anurayee Eco Touism ပါဝင်ပါလိမ့်မယ်။ အောက်တိုဘာလမှာ Anurayee Eco Tourism ကနေ ခရီးစဉ်တွေရှိပြီး အိန္ဒိယအနောက်ပိုင်းဒေသ Maharashtra ပြည်နယ်၊ Shahpur မြို့ဆီခရီးထွက်ကြမှာပါ။ ခြေလျင်တောင်တက်၊ မြစ်ကူးခရီးစဉ်၊ မြစ်ဝှမ်း၊ တောင်ကြားဖြတ်ကူးခရီး၊ ကြိုးနဲ့ တက်ခြင်း၊ မြှားပစ်၊ တချို့အသင်းတွေမှာ စခန်းချ၊ အိမ်ဆောက်လှုပ်ရှားမှုတွေ ပါဝင်တယ်လို့ဆိုတယ်။ အသင်းအဖွဲ့တွေနဲ့ ကုမ္ပဏီတွေကတော့ အချိန်အကြာကြီးမယူဘဲ ခရီးတိုအားလပ်ရက်တွေမှာ ခရီးထွက်ကြဖို့ ပိုပြီးနှစ်သက်ကြပါတယ်။ အဲဒီခရီးစဉ်မျိုးအတွက် စနေ တနင်္ဂနွေအပါအဝင် သုံးရက်တာ ခရီးစဉ်တွေရှိမယ်လို့ဆိုတယ်။ ခရီးသွားတွေဟာ အဲဒီမြို့လေးမှာ နေထိုင်စဉ်မှာ ဒေသခံ Maharashtrian အစားအစားကိုလည်း မြည်းစမ်းနိုင်ကြမှာပါ။ ခရီးစဉ်တစ်ခုမှာ အများဆုံးခရီးသည်အရေအတွက်က ၂၅ ဦးသတ်မှတ်ထားပါတယ်။ packages သုံးမျိုးရှိတယ်လို့ Anurayee Eco Tourism က ပြောပါတယ်။ ကုမ္ပဏီရဲ့ website က  http://www.anurayeecotourism.in/  ပါ။ ဆက်သွယ်နိုင်မယ့် မေးလ် နဲ့ ဖုန်းနံပါတ်တွေကတော့ 
Sanjay Sawant : 9820959572 / 26179059   
Mangala Singh :  9323698056 / 9764299566
Email id: anurayee@gmail.com  / anurayee@hotmail.com တို့ဖြစ်ကြပါတယ်။
 ဖြိုးဖြိုး
(Living Fashion Magazine, September, 2013)

No comments: