Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 25, 2013

ခြောက်ရက် ခြောက်လ ခြောက်နာရီ

အာဖရိကတိုက်တွင် Tset Se ခေါ် ဖလိုင်းပိုးကောင်မှတစ်ဆင့် သယ်ဆောင်လာသော ဗိုင်းရပ်ပိုး သည် လူနှင့်တိရစ္ဆာန်များကို အလွန် ဆိုးဝါးစွာ ခြောက်လှန့်လျက်ရှိကာ အိပ်ငိုက်ရောဂါ (sleeping sickness) ကိုဖြစ်စေတတ်၏။ အိပ်ငိုက်ရောဂါဖြစ်ရခြင်း၏ အဓိက တရားခံမှာ ကပ်ပါးပိုး(parasite) တစ်မျိုးကြောင့်ပဲဖြစ်၏။  ယင်းသည် တစက်စီး ယင်ကောင်မှာ ရှိကြောင်း တွေ့ရပြီး လူသွေးကိုစုပ်၊ လူ့သွေးဖြင့် အသက်ရှင်သန်ရသော ထိုယင် ကောင်က လူကို ကိုက်လိုက်သည့် အခါ ယင်ကောင်အတွင်းရှိ ကပ်ပါး ပိုးသည်လူ့ခန္ဓာကိုယ် သွေးကြော များထဲသို့ အလျင်အမြန် ဝင်ရောက် သွားတော့၏။ သုံးနှစ်မှ ငါးနှစ်အထိ ကာလအတွင်းမှာ လူ၏အာရုံကြော နာ့ဗ်ကြောအဖွဲ့ အစည်း (nervous system) တို့ကို တိုက်ခိုက်ဖျက်ဆီး တော့သည်။ ယင်းကြောင့် အာရုံ ကြောထိခိုက်သွားကာ ဝေဒနာရှင် များသည် အားအင်ချည့်နဲ့လာကြပြီး မပြောနိုင်၊ မဆိုနိုင်၊ မစားနိုင် မသောက်နိုင်၊ မသွားနိုင်၊ မလျှောက် နိုင်ဖြစ်သွားရတော့၏။

နောက်ဆုံးတွင် အိပ်ငိုက် ရောဂါဝေဒနာသည်မှာ အိပ်မော ကျသွားပြီး မနိုးသောအိပ်ခြင်းဖြင့် အိပ်ပျော်ကာ သေဆုံးသွားရတော့ သည်။

 နေရဲသည် ဖတ်လက်စ မဂ္ဂဇင်း စာအုပ်ကို ပိတ်လျက် ဝမ်းသာအားရ ထခုန်လိုက်သည်။ အဖြေတစ်ခုကို ရှာတွေ့လေပြီ။ ထိုစာအုပ်ကိုယူကာ သော်သော်ဝေ့ ထံ အပြေးသွား သည်။


***

‘မဖြစ်နိုင်တာ မောင်ရယ်၊ အာဖရိကတိုက်မှာ ဖြစ်တဲ့ အိပ်ငိုက် ရောဂါက ဒီမြန်မာပြည် ရန်ကုန်မြို့ လယ်ကောင်မှာ နေနေတဲ့ ကျွန်မ ဆီကို ဘယ်လိုရောက်လာနိုင်မှာလဲ၊ အင်း မောင်လည်း ကျွန်မအတွက်နဲ့ ရူးကြောင်ကြောင်ဖြစ်နေပြီ တူပါရဲ့ ရှင်’

ပြောပြောဆိုဆို သော်သော်ဝေ ပြန်ပေးလာသည့် စာအုပ်ကိုကိုင်ကာ နေရဲ ခေါင်းကုတ်မိသည်။ တကယ် လည်း သူ ရူးချင်နေပါပြီ။ ကြည့်စမ်း ပါဦး၊ သော်သော်ဝေ့ အဖြစ်က မယုံ နိုင်စရာ။ ပြီးတော့ အံ့သြစရာ။ တခြားမိန်းကလေးတစ်ယောက် သာဆိုလျှင် သူမအား စိတ်ဝင်စားမှု ပိုအောင် ဂရုစိုက်မှုပိုအောင် သက် သက်မဲ့ စိတ်ကူးယဉ် ဖွဲ့နွဲ့ထားသည့် ဇာတ်လမ်းတစ်ပုဒ်ဟု သူစွပ်စွဲမိချေ မည်။ အခု သော်သော်ဝေသည် သူ၏ချစ်သူ၊ ခိုင်မာသော စိတ်နှလုံး သားမျိုးနှင့် စိတ်ကူးယဉ်လေ့မရှိ သည့် မိန်းကေ လးတစ်ယောက်။

သော်သော်ဝေ၏ ထူးဆန်းဖွယ် အဖြစ်အပျက်တစ်ခုက လွန်ခဲ့သော ၁ဝ ရက်ခန့်က ညနေခင်းတစ်ခုမှာ အစပျိုးခဲ့သည်။ မှတ်မှတ်ရရ ဇွန်လ ၆ရက်၊ ချစ်သူသက်တမ်း တစ်နှစ် တိတိပြည့်ခဲ့သည့်နေ့။ သူနှင့် လျှောက်လည်အပြီး အိမ်ပြန် အရောက်မှာ စဖြစ်ခဲ့သည်ဟု သော်သော်ဝေဆိုခဲ့၏။

”ဟုတ်တယ်မောင်၊ အဲဒီနေ့ ညနေက ကျွန်မအိမ်ရောက်တော့ ရေချိုးတယ်၊ ရေချိုးပြီး မောင့်ကို သတိတရနဲ့ အခန်းထဲမှာ တစ် ယောက်တည်း ဂစ်တာထိုင်တီးေ န ဖြစ်ခဲ့တယ်။ သီချင်းဆိုမလို့ အစပျိုး ရုံလေးရှိသေး ဂစ်တာကြိုးကထောင်း ခနဲပြတ်သွားရော၊ ကျွန်မ စိတ်ထဲမှာ တစ်မျိုးကြီးပဲ” ဟုပြောခဲ့သေးသည်။အဲဒီတုန်းက ”ဂစ်တာကြိုးပြတ်တာ ဘာဆန်းလဲ သော်သော်ဝေရဲ့” ဟု နေရဲ ဆိုခဲ့သေးသည်။ သော်သော်ဝေ က အကြောက်အကန်ငြင်းဆိုခဲ့ သည်။

”ဟင့်အင်း ဆန်းတယ်မောင်ရဲ့၊ ထူးဆန်းတယ်၊ ပြတ်ချင်းပြတ် ၁ ကြိုး၊ ၂ ကြိုး၊ ၃ ကြိုးတွေပဲ ပြတ်ရမှာ၊ အဲဒါတွေပြတ်တတ်လို့ အပိုလည်း ဆောင်ထားတတ်တဲ့ဟာ၊ အခုဟာက ပြတ်လေ့ပြတ်ထမရှိတဲ့ နံပါတ် ၆ ကြိုးက ရုတ်တရက်ကြီး အလယ် ကောင်တည့်တည့်က ပြတ်ထွက်သွား တာ၊ ကြိုးတွေကအဲဒီ့မနက်ကမှ အကုန်တစ်စုံလုံး လဲတပ်ထားခဲ့တာ အကောင်းပကတိ လတ်လတ် ဆတ် ဆတ်ကြီးတွေ။ မောင်လည်း ဂစ်တာ အကြောင်း နားလည်မှာပဲ၊ မနက်က မှ လဲတပ်ခဲ့တဲ့ အသစ်စက် စက်ကြိုး တွေ၊ နံပါတ် ၆ ကြိုး အလယ်တည့် တည့်ကပြတ်ထွက်တာ မောင် တွေ့ ဖူးလို့လား”

ထူးတော့ထူးဆန်းသားဟု သူ တွေးနေစဉ် သော်သော်ဝေက နောက်ထပ်ထူးဆန်းစရာများကို ဆက်တိုက်ပြောပြခဲ့သည်။

”ဂစ်တာလည်း တီးလို့မရတာနဲ့ ကျွန်မ စာအုပ်ဖတ်နေလိုက်တယ်။ စာအုပ်ထဲလည်း စိတ်မဝင်စားဘူး ဖြစ်နေတယ်။ နားထဲမှာ မိုးသံ လေသံတွေ ဆူညံနေတာပဲ၊ စိတ် ထဲ ကြောက်လာတယ်။ မောင်သိသားနဲ့ ကျွန်မက ကြောက်တတ်တဲ့သူမှ မဟုတ်တာ၊အခု အလိုလိုနေရင်း စိတ်တွေ ချောက်ချားလာတယ်၊ ကြက်သီးတွေပါ တဖြန်းဖြန်း ထလို့၊ ချမ်းစိမ့်စိမ့်အေးစက်စက် ဖြစ်လာလို့ ပြတင်းတံခါးကို သွားပိတ်လိုက်သေး တယ်၊ အပြင်ဘက်မှာ မိုးမရွာ၊ လေမတိုက်ဘူး။သိပ်ထူးဆန်း တာပဲ။ချမ်းစိမ့်စိမ့်ဖြစ် တဲ့ကြားက ကျွန်မ တစ်ကိုယ်လုံး ချွေးတွေ စို့နစ်လာ တယ်။ နေရတာ မလုံမလဲဖြစ်သလိုနဲ့၊ တစ်ယောက်ယောက်က ကျွန်မကို ကြည့်နေတယ်လို့ ခံစားနေရတယ်။ ထိုင်မရထမရနဲ့ စိတ်တွေ ချောက် ချားလိုက်တာ၊ အဲဒီမှာ အိမ်မှာမွေး ထားတဲ့ ကြောင်လေး ဖြူပြာက ကျွန်မအခန်းထဲ ဝင်လာပြီးမှ တညောင်ညောင်နဲ့ အမွေးတွေ ထိုးေ ထာင်ဖွားထွက်လာတဲ့အထိ တစ်ခန်းလုံး ပြေးလွှားအော်ဟစ် သောင်းကျန်းပြီး အခန်းထဲကနေ ပြေးထွက်သွားတယ်။ သူ့ကြည့်ရတာ တစ်ခုခုကိုမြင်ပြီး ကြောက်လန့် ထွက် ပြေးသွားသလိုပဲ ကျွန်မ ပိုကြောက် လာတယ်။ ကြိုးစားပြီး စာအုပ်ထိုင် ဖတ်ပြန်တော့ စာအုပ်က ကျွန်မ လက်ထဲကနေ ပြုတ်ပြုတ်ကျတဲ့အထိ ကျွန်မထိုင်လျက်ကြီး အိပ်ငိုက်လာ တယ်။ စားပွဲပေါ် စာအုပ်ပြုတ်ပြုတ် ကျပုံက တစ်ယောက်ယောက်က လက်နဲ့ ပုတ်ပုတ်ချနေသလိုမျိုးပဲလို့ တွေးမိရင်း ကျွန်မ အရမ်းကိုကြောက် လာတယ်။ အဖေနဲ့အမေလည်း ပြန် မလာသေးဘူး။ အိမ်မှာတစ်ယောက် တည်းရယ်။ အကြောက်ပြေ မောင့် ဆီ စာရေးမယ်ဆိုပြီး စာရွက်နဲ့ ဘောပင်ယူလိုက်တယ် ထိပ်ဆုံးမှာ ကျွန်မရေးလိုက်တာကတော့ မောင် ဆိုတဲ့စာလုံးပဲ၊ တကယ်တမ်း ကျွန်မ ရေးဖြစ်တာ…”

***

”ဘာတွေ တွေးနေတာလဲ မောင် စာအုပ်ကြီးကိုင်ပြီး”

သော်သော်ဝေ့အသံကြောင့် အတွေးစပြတ်သွားကာ နေရဲက သော်သော်ဝေ့ကို လှည့်ကြည့်လိုက် သည်။

”မောင်ကပါ ကျွန်မကို မယုံချင် ဖြစ်နေပြီလား၊ ဖေဖေမေမေတို့လည်း ဒီလိုပဲ၊ အဲဒီနေ့က သူတို့ ပြန်လာ တော့ ကျွန်မအဖြစ်အပျက်ကို ပြော ပြတာ၊ အိပ်ပျော်သလို အိပ်ငိုက်သလို ဖြစ်ရာကနေ ရေးခြစ်ခဲ့တဲ့ ဟောဒီ ပန်းချီကားကိုပါ သက်သေအဖြစ် ပြတာ သူတို့လည်း မယုံကြဘူး”
”မောင်ယုံပါတယ် ထူးဆန်း လွန်းလို့ အံ့သြစိတ်နဲ့ မယုံမရဲဖြစ်မိ တာပါ”

နေရဲက သော်သော်ဝေပြသည့် ပန်းချီပုံကို သေသေချာချာ ကြည့်နေ သည်။ ရှင်းလင်းပြတ်သားသော ရေးခြစ်ဟန်များက အိမ်တစ်လုံးပုံကို အတိအကျ ဖော်ဆောင်နေ သည်။ အိမ်သည် ကြီးမားကျယ်ပြန့်လွန်း သော်လည်း ခမ်းနားသစ်လွင်ဟန် မရှိ၊ အိမ်နံရံများဆီတွယ်တက်နေ သည့် နွယ်ပင်တချို့တို့ကြောင့် ရင့်ရော် အိုဟောင်းဟန် အပြည့် ရှိသည်။ ထူးဆန်းသည်က အိမ်၏အမိုးထိပ်မှာ ဆိုင်းဘုတ်တစ်ခုရှိပြီး Deep Reril  ဆိုသည့် စာလုံးကို သေးငယ်စွာ (သို့သော်) ပီပီသသ တွေ့ရခြင်းပင်။ အဓိပ္ပာယ်ကို စဉ်းစားမိတော့ နေရဲ ကျောချမ်းချင် သည်။ ရှာရှာဖွေဖွေ ဒီနာမည် စာလုံးကို သော်သော်ဝေ ဘယ်က ရကာ ဘယ်လိုရေးခဲ့တာပါလိမ့်။

ညာဘက်အောက်ခြေ ထောင့်စွန်းမှာ ပန်းချီရေးသူတို့၏ ထုံးစံအတိုင်း ဆိုင်းတစ်ခု ရေးထိုးထားသည်။D.P ဟု အတိုကောက် ရေးထိုးထားသည်။ Deep Reril ၏အတုိေ ကာက္စာလံုး။ နေရာလွတ်တွေမှာ ၆၆၆ ဆိုသည့် ဂဏန်းသုံးလုံးကို တွဲလျက်သား များ ပြားစွာ ရေးခြစ်ထားသေးသည်။ ဝလုံးတောင်မှ ဝိုင်းစက်အောင် မရေးတတ်၊ မျဉ်းတစ်ကြောင်းကိုမှ ဖြောင့်တန်းအောင် မရေးဆွဲတတ် သည့် သော်သော်ဝေက ဒီပန်းချီကို အိပ်ငိုက်နေသည့်ကြားက တစ် ယောက်တည်း ဆွဲမှန်းမသိ ဆွဲနေ ခဲ့သည် တဲ့။ ချစ်သူ သော်သော်ဝေကို ယုံကြည်သော်လည်း အဖြစ်အပျက် က ယုံကြည်စရာ တစ်စက်မှမရှိ။

”မောင်ပြတဲ့ ဆောင်းပါးထဲ ကလို အိပ်ငိုက်ရောဂါမျိုး မဟုတ်တာ တော့ သေချာတယ် မောင်၊ ဒီစာအရ ဆိုရင် ကျွန်မ အားအင်ချည့်နဲ့ပြီး မစားနိုင် မလှုပ်ရှားနိုင် ဖြစ်သွား ရမှာ၊ အခု ကျွန်မကိုကြည့် အားလုံး အကောင်းပဲ၊ အဲဒီ ညနေ ၆ နာရီ အချိန်ပိုင်းတစ်ချက်ကလေးပဲ အိပ် ငိုက်သွားပြီး ဒီပုံတွေကို ဆွဲဆွဲနေမိ တာ၊ ဘယ်လောက် ထူးဆန်းလဲ၊ မြန် လိုက်တာ။ ပြီးတာနဲ့ ကျွန်မစိတ်တွေ ကြည်ကြည်လင်လင်ပဲ ဘယ်မှာ အိပ်ငိုက်တော့လို့လဲ”

”မိသားစုနဲ့ အဲဒီအချိန်မှာ ဝိုင်း ဖွဲ့နေရင်ကော၊ တစ်ခုခုရှောင်လွှဲလုပ် နေတာမျိုး၊ ဥပမာ ဘုရားရှိခိုးတရား ထိုင်နေတာမျိုးပေါ့”

    ”ကျွန်မ အမျိုးမျိုး သတိထား လုပ်ကြည့်ပြီးပြီ မောင်၊ ဘယ်လိုမှ မရဘူး၊ အဲဒီအချိန်ဆို ဘာကြီးပဲလုပ် နေနေ ခြေထောက်တွေက အခန်း ထဲကို အပြေးသွားမိတာချည်း ပဲ၊ ပထမဆုံးနေ့ကို ကြောက်လန့်တာ မျိုးတော့ မဖြစ်မိတော့ဘူး။ နောက် နေ့တွေမှာ အိပ်ငိုက်ငိုက်သွားပြီး ဒီပုံတွေ ရေးမိတာပဲ”

မိတ္တူစက်ဖြင့် ကူးထားသလို တစ်ထပ်တည်းကျနေသော ပန်းချီ ရုပ်ပုံ စာရွက် ၉ ရွက်ကို ကြည့်ပြီး နေရဲ တကယ့်ကို ဦးနှောက်ခြောက် လာပြီ။ သော်သော်ဝေ့ခမျာ ဘယ်   လောက် ဦးနှောက်ခြောက်လိုက်မလဲ စာနာစိတ်ဖြင့် ချစ်သူကို ကူညီချင် သော်လည်း သူဘယ်လိုမှ မကူညီ နိုင်။ ခုချိန်ဆို သော်သော်ဝေသည် ၁ဝ ပုံမြောက် ရုပ်ပုံကို အိပ်ငိုက်လျက် ရေးဆွဲနေလိမ့်မည်။ မနေ့က ညနေ ၅ နာရီကတည်းက သော်သော်ဝေ့ကို ခေါ်ထုတ်လာကာ ဒီဆူးလေ ရင်ပြင် တော်ပေါ်မှာ သူနှင့်အတူ ရှိနေစေ ခဲ့သည်။ ၆ နာရီထိုးရန် ၁၅ မိနစ် အလိုမှာ သော်သော်ဝေသည် သူနှင့် အတူ ဘုရားဝတ်ပြုနေရာက ရုတ် တရက် လှုပ်လှုပ်ရှားရှားဖြစ်ပြီး အိမ် ပြန်မယ် အိမ်ပြန်မယ်ဆိုကာ ၃၅ လမ်းထဲရှိ သူမ၏တိုက်ခန်းသို့ အပြေးအလွှား ပြန်ပြေးခဲ့သည်။ ချစ်သူရှိကြောင်း သော်သော်ဝေက အိမ်ကို အသိမပေးလိုဟုဆိုထား သဖြင့် တိုက်လှေကား အောက်ခြေသို့ သာ နေရဲ လိုက်ပို့ခဲ့ရသည်။ မဖြစ် ချေတော့ မနက်ဖြန်ကျရင်တော့ ဒီကိစ္စကို မဖြစ်ဖြစ်သည့်နည်းဖြင့် တားဆီးရန် ကြိုးစားမည်ဟု နေရဲ ဆုံးဖြတ်လိုက်သည်။

***

အလွယ်တကူ ထပြန်လို့မရနိုင် သော နေရာ နေရဲ စဉ်းစားမိသည်။ ခဝဲခြံ(အင်းစိန်)ရှိ၊ သူ့သူငယ်ချင်း စောမူးလာ၏ အိမ်သို့ သော်သော် ဝေ့ကို ခေါ်လာခဲ့သည်။ ဒါ့ထက်ဝေး သောနေရာသို့ ခေါ်သွားချင်သော် လည်း သော်သော်ဝေက စိတ်ဆိုးနိုင် သည်။ သူမမိဘများက အထင်အမြင် လွဲမှားနိုင်သည်။ သို့နှင့် စိတ်ချ ယုံကြည်ရသော သူငယ်ချင်း မူးလာ ၏အိမ်သို့ ခေါ်ခဲ့ခြင်းဖြစ်သည်။ မူးလာက ဦးလေးနှင့်နေသည်။ သူ့ ဦးလေး ခရီးသွားသည်မို့ ဒီအကြံကို နေရဲ ရလိုက်ခြင်းဖြစ်သည်။ သို့သော် မူးလာ ကိုလည်း အဖြစ်မှန် ဖွင့်မပြော ချင်။ ”သော်သော်ဝေနဲ့ အေးအေး ဆေးဆေးတွေ့ချင်လို့ ကူညီပါ ၆ နာရီကျော်၊ ၇ နာရီလောက်မှ ငါတို့ ပြန်မယ်” ဟု ကိုယ့်စိတ်ကူးနှင့် ကိုယ် ပြောသောစကားကို မူးလာက ရယ် ကျဲကျဲဖြင့် ”အေးပါ ငါရှောင်ပေးပါ့ မယ်”ဟု စနောက်ခဲ့သေးသည်။ ညနေစောင်းလေလေ သော်သော်ဝေ မူပျက်လေလေ။

   ”မောင် ၃ နာရီကတည်းက ရောက်နေတာ၊ ၅ နာရီပဲ  ထိုးတော့ မယ်၊ ပြန်မယ်ကွာ လိုက်ပို့တော့” ဟု ဆိုလာတော့ နေရဲ လှုပ်လှုပ်ရှားရှား ဖြစ်ရပြီ။ မကြားဟန်ပြုလျက် စကားများ ဟိုပြောဒီပြော ပြောနေ သည်ကို သော်သော်ဝေ စိတ်မရှည် တော့။

    ”မောင်ပြောစရာလေးရှိလို့ပါ၊ ခဏလေးပဲ၊ မောင်တို့ ဘယ်တော့ အတူနေကြမှာလဲ၊ အနာဂတ် အတွက် သေသေချာချာ ဆွေးနွေး ရအောင်ပါ” ဟု ခပ်ပျော့ပျော့ လေ သံဖြင့် အချိန်ဆွဲနေသော်လည်း သော်သော်ဝေလက်မခံ။

    ”နောက်မှ အေးအေးဆေးဆေး ဆွေးနွေးမယ် မောင်၊ အခုအချိန် မရှိဘူး။ ဒီလောက်အကြာကြီးလည်း အပြင်မထွက်ဖူးဘူး၊ မေမေတို့ စိတ် ပူနေလိမ့်မယ်၊ မဟုတ်မ ဟတ်တွေ ထင်ကုန်ဦးမယ်”

   သော်သော်ဝေက ဝါသနာအရ အိမ်မှာ တစ်ယောက်တည်း ဂစ်တာ ထိုင်တီး၊ သီချင်းညည်းနေတတ်သူ ဖြစ်သော်လည်း အင်မတန် အနေ အထိုင်သိမ်မွေ့ယဉ်ကျေးပြီး၊ ဣနြေ္ဒ သိက္ခာကို ရှေ့တန်းတင်သည့် မိန်းကလေးပဲဖြစ်သည်။ ညနေ မိုးချုပ်မှ ပြန်ရောက်လာမည့် သမီး ကို မိဘများကအယုံအကြည်နည်း ပေလိမ့်မည် ဟု တွေးမိေ တာ့ နေရဲ တစ်ချက် တွေဝေသွားသည်။ ပြဿနာတစ်စုံတစ်ရာလည်း ပေါ် ပေါက်လာနိုင်သည်ဟု တွေးမိတော့ ပြန်ပို့ပေးရန် စိတ်ကူးဖြစ်မိသေး သည်။

သို့သော် ဖြစ်ချင်ရာဖြစ်၊အဖြေတစ်စုံတစ်ရာတော့ ယနေ့ပင် သိရအောင်လုပ်မည်ဟု နေရဲ ဆုံး ဖြတ်လိုက်သည်။ သော်သော်ဝေ စိတ်ဆိုးချင်လည်း ဆိုးစေတော့ သူ မမှုေ တာ့။ လူကြီးတွေနှင့် ပြဿနာ ဖြစ်လျှင်ဖြစ် သူအမှန်ကို ဖွင့်ပြော ကာ ဖြေရှင်းမည်၊ ဘာကိုမှ မမှု တော့။ အဖြေတစ်ခုရအောင်တော့ သူတွက်ထုတ်ချင်သည်။ သည်ညနေ ၆ နာရီ၊ သော်သော်ဝေ သူမအခန်း တွင်းမှာ ရှိမနေလျှင်ကော ဘာလုပ် မည်လဲ။ အရင်ညတွေက ရေးဆွဲခဲ့ဖူး သော အိမ်ပုံပန်းချီကားမျိုး ရေးဆွဲဦး မည်လား။ သည်ဧည့် ခန်းမှာ စာရွက် ဘောပင်တွေ ရှိနေတာ မတွေ့ရပါ။ စားပွဲပေါ်မှာ သတင်းစာများသာ ရှိသည်။ လမ်းထလျှောက်လျက် ဂနာမငြိမ်ဖြစ်နေသော သော်သော် ဝေ့ကို ကြည့် ကာ နေရဲ စိတ်လှုပ်ရှား သည်။

”မောင် တမင်လုပ်တာ သိ တယ်၊ မမီတော့ဘူး၊ ၅ နာရီခွဲပြီ။ အိမ်မပြန်တတ်လို့ ငြိမ်နေတာ၊ ပြန်တတ်လို့ကတော့ ကိုယ့်ဟာကိုယ် ထပြန်သွားပြီ သိလား”

တတွတ်တွတ်ပြောရင်း သော် သော်ဝေသည် ဟိုကြည့် သည်ကြည့် ပိုလုပ်လာသည်။ မျက်လုံးတွေက စာရွက်တွေ ဘောပင်တွေကို ရှာဖွေ နေသည်လား။ ဆုပ်ချည်ြ ဖန့်ချည်ဖြင့် လှုပ်လှုပ်ရွရွဖြစ်လာသော လက် ချောင်းကလေးများကို အသာဆွဲယူ လျက် နေရဲက သူ့အနားမှာ ထိုင်နေ စေသော်လည်း သော်သော်ဝေက ငြင်းဆန်သည်။ အသာလွှတ်ပေး ထားလိုက်ပြီး တိတ်ဆိတ်စွာဖြင့်သာ သော်သော်ဝေ့ကို နေရဲ အကဲခတ် နေသည်။ ၆ နာရီထိုးရန် ၁ဝ မိနစ် သာ လိုတော့သည်။ မျက်စိနောက် အောင် ဟိုဟိုသည်သည် လမ်း လျှောက်ရင်း ဗျာများလှုပ်ခတ်နေ သော သော်သော်ဝေ့ကိုကြည့်ကာ နေရဲ ခေါင်းပင်မူးလာသည်။ ၆ နာရီ ထိုးရန် ၅ မိနစ်။ နေရဲ ခေါင်းမူးရုံ သာမက မျက်ခွံများ လေးလံလာ သည်။ ၆ နာရီ ထိုးသည်ကိုပင် နေရဲ မသိတော့။ သော်သော်ဝေ အိပ်ငိုက် မငိုက် စောင့်ကြည့်မည့်နေရဲက အရင်ဦးအောင် အိပ်ငိုက်ကာ မိနစ် အနည်းငယ် အိပ်ပျော်သွားခဲ့ သည်။

 သူအိပ်ငိုက်သွားခဲ့သည်ဟု အလန့်တကြား သိလိုက်ရသည် ကတော့ ၆ နာရီ ၅ မိနစ်ကို ညွှန်ပြ နေသည့် နာရီလက်တံများကြောင့် ပင်။ ၁ဝ မိနစ်ခန့် သူအိပ်ငိုက်သွား ကာ ဘာမျှမသိလိုက်။ မျက်လုံးများ က အားယူဖွင့်လိုက်ကာ အကြည့်က သော်သော်ဝေ့ဆီ အပြေးအလွှား ရောက်သည်။ သော်သော်ဝေသည် အခန်းထောင့်တစ်နေရာမှာ ချိတ် ထားသည့် white board အသေး လေး၏ရှေ့မှာ ထိုင်လျက်လက်က soft pen တစ်ချောင်းကို ကိုင်ထား ဆဲ။

 သော်သော်ဝေ့အနားသို့ နေရဲ အလျင်အမြန်သွားသည်။

 ” ဒါ ကျွန်မရေးထားတာ ထင် တယ် မောင်”

 White board  ပေါ်ရှိ ၆၆၆ ဆိုသည့် ဂဏန်းအတွဲများကို ရှုပ် ယှက်ခတ်စွာ မြင်တွေ့လိုက်ရသည်။ ညာဘက် ထောင့်စွန်းမှာD.P ဆို သည့် အတိုကောက်လက်မှတ် က တော့ ယခင်ထက်ပိုကြီးကာ ထင်း ခနဲ ပေါ်လွင်နေသည်။ အိမ်ပုံကို မတွေ့ရတော့ပါ။

   ” သော်သော် အိပ်ငိုက်ခဲ့သေး လားဟင်”

   ”အင်း ထင်တာပဲ မောင် ဒါတွေ ကျွန်မရေးခဲ့တယ်ပေါ့၊ ဒီ နေရာမှာ ကျွန်မနဲ့မောင်ပဲ ရှိတဲ့ ဟာ”

   ”ထူးဆန်းလိုက်တာ အရမ်းထူး ဆန်းတယ်၊ မင်းကို စောင့်ကြည့် နေရင်းက မောင်ပါ အိပ်ငိုက်သွားတာ သိပ်ထူးဆန်းတာပဲကွာ”

   နေရဲ စကားကြောင့် သော် သော်ဝေ အကြီးအကျယ် အံ့အား သင့်လျက် မျက်လုံးပြူးမျက်ဆန်ပြူး ဖြင့် မယုံမရဲ ကြည့်လာသည်။

   အိမ်အပြန်နောက်ကျသည့် ကိစ္စနှင့်ယှက်နွှယ်ပြီး မိဘများ အထင်မြင်လွဲမှား၊ အယုံကြည်နည်း ပါးမည်ကို မလိုလားသော သော် သော်ဝေက နေရဲနှင့် စောမူးလာကို အိမ်သို့လိုက်ပို့ရင်း အဖြစ်မှန်ကို ပြောပြပေးရန် တောင်းဆိုလာသဖြင့် နေရဲ ပျော်သွားမိသည်။ တစ်လက် စတည်း သော်သော်ဝေ၏ချစ်သူ ဖြစ်ကြောင်းကိုပါ ဖွင့်ဟပြော ပလိုက် တော့မည်ဟု နေရဲတွေးသည်။ သော်သော်ဝေ့ကို ပြောပြတော့

”သူငယ်ချင်းတွေအဖြစ်နဲ့ပဲ ပြောပါ မောင်ရယ်”တဲ့။ နေရဲ အောင့်သက် သက်ဖြင့် ငြိမ်နေရသည်။

***

အဖြစ်အပျက်အလုံးစုံကို ပြော ပြအပြီး စောမူးလာက…

 ” ၆၆၆ ဆိုတာ ကျွန်တော်တို့ ခရစ်ယာန်ဘာသာမှာတော့ စာတန် ဆိုတဲ့နတ်ဆိုးရဲ့ သင်္ကေတအမှတ် တံဆိပ်ပဲဗျ။ ထူးဆန်းတာတော့ အမှန်ပဲ။ ကျွန်တော့်အထင် ဒီအဖြစ် အပျက်က စာတန်ရဲ့သွေးဆောင် ဖြားယောင်းနှောင့်ယှက်မှု တစ်ခုခု ဖြစ်နိုင်တယ်။ ဒီတော့ ကိုယ်ကိုး ကွယ်ယုံကြည်ရာ ဘာသာတရားကို ဒီရက်အတွင်းမှာ အလေး ထားပြီး ဖိဖိစီးစီး လုပ်ပေးရင် ကောင်းမယ် ထင်တယ်”

    သော်သော်ဝေ၏ဖခင်က ”မောင်ရင်ပြောတာ ဖြစ်တော့ဖြစ်နိုင် သား” ဟု ခပ်အေးအေးဆိုသည်။ မိခင်က ”အို အေးနေလို့မဖြစ်ဘူး။ မနက်ဖြန်မနက်ပဲ ဘုန်းကြီးတွေ ပင့်ပြီး ပရိတ်တရားလေးဘာလေးနာ၊ အမျှဝေတာ လုပ်ဦးမှ” ဟုဆိုကာ စိတ်လှုပ်ရှားပူပန်နေသလောက် သော်သော်ဝေက မတုန်မလှုပ်ဖြစ် နေသည်ကို နေရဲအကဲ ခတ်မိသည်။ သည် ထူးဆန်းသော အဖြစ်အပျက် မှာ သော်သော်ဝေ နစ်မြုပ်ပျော်ဝင် တော့မလား စိုးထိတ်ပူပန်လျက် နေရဲ သက်ပြင်းချသည်။

    ပရိတ်တရားနာအပြီး ထိုနေ့ ညမှာ သော်သော်ဝေ အိပ်ငိုက်ရောဂါ (သို့မဟုတ်) D.P ရောဂါ မဖြစ်တော့ ကြောင်း သိရလျှင် ဝမ်းမြောက်ပျော် ရွှင်ရသူက နေရဲ ဖြစ် ၏။ သော်သော် ဝေကတော့ ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်တစ်ခု အလွယ်တကူ ပျောက်ကွယ်သွားခြင်းကို ဘဝင်မကျ ဖြစ်လျက် မချင့်မရဲဖြစ်နေတော့ သည်။ နော က်နေ့ ညနေများမှာလည်း အခန်းထဲ တစ်ယောက်တည်း ထိုင် နေလျက် စာရွက်ဘောပင်များ အနီးအနားမှာ အသင့်ပြင်ဆင်ကာ အိပ်ငိုက်ခြင်းကို တမင်တကာစောင့် ဆိုင်းနေမိသော်လည်း အချည်းနှီး ပင်။ သည်အဖြစ်အပျက် ပျောက် ကွယ်သွားသည်မှာ တစ်လခန့်ပင် ရှိခဲ့ပြီဖြစ်သော်လည်း သော်သော်ဝေ စိတ်ထဲမှာတော့ စွဲထင်နေ ဆဲပင်။ တစ်နေ့ သော်သော်ဝေ့ဖခင်က မိတ် ဆွေတစ်ဦးထံ အလုပ်ကိစ္စဖြင့် သွား မည်ဆိုလျှင် စိတ်ပြေလက်ပျောက် သဘောဖြင့် သော်သော်ဝေ လိုက် သွားခဲ့သည်။ မြို့ကလေးက သေး ငယ်လွန်းပြီး ဘူတာက ဆင်းသည်နှင့် မြင်းလှည်းစီး သွားရသည်။ ဖခင်က တည်းခိုခန်းတစ်ခုလိပ်စာ ပြောကာ မြင်းလှည်းသမားကို ပို့ပေးရန်ပြော သည်ကို သော်သော်ဝေကြားသည်။ ဖခင်၏မိတ်ဆွေက ခမ်းနားသည့် တည်းခိုခန်းတစ်ခု ပိုင်ဆိုင်ထား သည်။ တည်းခိုခန်းက ဝေးလှချည့်။ မြို့အစွန်ဘက်မှာရှိသည် ဟု မြင်း လှည်းဆရာက ဆိုသည်။

    ဘေးဘီမြင်ရသမျှ မြင်ကွင်း တွေကို ငေးကြည့်ထိုင်လိုက်လာရာ က တစ်နေရာရောက်လျှင် သော် သော်ဝေ မျက်လုံးများ ဝိုင်းစက်ပြူး ကျယ်သွားသည်။ အမြင်အာရုံ ထဲမှာ စွဲငြိရင်းနှီးနေခဲ့သည့် အိမ်ကြီး တစ်လုံး။ အိပ်ငိုက်ရင်း ရေးဆွဲခဲ့ဖူး သည့် ပန်းချီကားတွေထဲက အိမ်။ ထင်ယောင်ထင်မှားဖြစ်လေသလား မျက်တောင်များ ပုတ်ခ တ်ပုတ်ခတ် လုပ်ကာ ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေမိသည်။ တကယ်ပါပဲ။ ပန်းချီကားထဲကအိမ်။ ဟောင်းတာ နှင့် သစ်တာပဲ ကွာသည်။ ပန်းချီ ကားထဲက အိမ်က
ဟောင်းအိုနေပြီး အခုမြင်ရသည့်အိမ်က ပြုပြင်မွမ်းမံ ထားသည်မှာ မကြာလှသေးသလို ဆေးရောင်များ တောက်ပကာ သစ်လွင်လှပနေသည်။  မြင်းလှည်း က ထိုအိ မ်ရှေ့တွင် ရပ်တန့်သွား သည်။ ”သမီး ပန်းချီကားထဲက အိမ်ကြီး”ဟု လွှတ်ခနဲ ပြောမိမလိုဖြစ် ပြီးမှ ဖခင်စိတ်အနှောင့်အယှက် ဖြစ်မည်စိုးကာ သိုဝှက်ထား လိုက် သည်။

   ”ဒီပဲယင်းဟိုတယ်မှ လှိုက်လှဲ စွာကြိုဆိုပါ၏”ဆိုသည့် စာတန်းကို သော်သော်ဝေ ခေါင်းမော့ဖတ် လိုက်ရင်း အသံထွက်ရွတ်ဆိုနေ မိသည်။ ဒီပဲယင်း…ဒီပဲယင်း… ဒီပဲယင်းဟု တိုးတိုးရွတ်ကြည့် နေရင်းက သော်သော်ဝေ လှုပ်လှုပ် ရှားရှားဖြစ်သွားသည်။ ကြည့်စမ်း ပါဦး…ဒီပဲယင်းဆိုတဲ့စာလုံးက  Deep Peril ဆိုတဲ့ သူမရဲ့အိမ်ပုံ ပန်းချီကားထဲက စာလုံးနဲ့ ဘယ် လောက်များ ဆင်တူလိုက်သလဲ…သေချာပြီ။ သည်နေရာမှာ သူမ အတွက် နောက်ထပ် စိတ်ဝင်စားစရာ တစ်စုံတစ်ရာ တွေ့ရဦး မည်ဟု သော်သော်ဝေ ရင်ခုန်စွာတွေးလိုက် သည်။

***

ဖခင်နှင့် သူ့မိတ်ဆွေဟိုတယ် ပိုင်ရှင်တို့ စကားပြောနေခိုက် Lobby Lounge အတွင်း လှည့်ပတ် ကြည့်ရှုနေရင်း ရုတ်တရက် သော် သော်ဝေ၏မျက်လုံးများ ပြူးကျယ် သွားပြီး ဖခင်ဖြစ်သူကို အတင်းဆွဲ ခေါ်လာသည်။ မိတ်ဆွေဖြစ်သူက ဘုမသိဘမသိ လိုက်ပါလာရင်း သော်သော်ဝေ တအံ့တသြ ညွှန်ပြ လာသည့် နံရံပေါ်က ပန်းချီကား ကို ကြည့်ကာ ရယ်သည်။

”ကျွန်တော့်ဟိုတယ်မှာ နေ သွားဖူးတဲ့ ပန်းချီဆရာ တစ်ယောက် ရဲ့လက်ရာပေါ့ဗျာ၊ နောက် သုံးလေး နှစ်အတွင်းမှာ မြင်တွေ့ရမယ့် ဟိုတယ်ရဲ့ပုံစံတဲ့၊ ကျွန်တော့်အ ထင် တော့ အဲဒီလောက်ကြီး မြန်မြန်ဆန် ဆန်ကြီး အိုစာဟောင်းနွမ်းမယ် မထင်ပါဘူးဗျာ၊ ဘယ့်နှယ် ကျွန်တော် ဒီနှစ်ထဲ သေသွားခဲ့ရင်တောင် ကျွန်တော့်သားသမီးတွေ က ထိန်း သိမ်းမွမ်းမံလိမ့်မပေါ့၊ ဘာပဲ ဖြစ်ဖြစ် သူ့ကိုအောက်မေ့ သတိရတဲ့အနေနဲ့ ကျွန်တော်ချိတ်ထားတာဗျ၊ လက်ရာ ကလည်းအတော် ကောင်းတယ် လေ”

    သော်သော်ဝေနှင့်အတူ ဖခင် ဖြစ်သူပါ ပန်းချီကားကို တအံ့တသြ ကြည့်လျက် ”ဘယ်လိုတိုက်ဆိုင်မှု မျိုးလဲတော့ မသိဘူး၊ ငါ့သမီး အိပ် ငိုက်ရင်း ရေးဆွဲခဲ့တဲ့ အိမ်ပုံပန်းချီ ကားနဲ့ အတူတူပဲ” ဟုဆိုသည်။ သို့သော် Deep Peril ဆိုသည့် စာလုံးနှင့် ၆၆၆ ဂဏန်းများကိုတော့ မတွေ့ရ။D.P ဆိုသည့်အတိုကောက် ဆိုင်းထိုးထား သည့် လက်မှတ်တစ်ခု ကိုတော့ ပန်းချီကားအောက်ခြေမှာ ထင်းထင်းကြီး မြင်နေရသည်။ မျက်ခုံးများကိုပင့်လျက် စိတ်လှုပ်ရှား စွာဖြင့် သော်သော်ဝေ မေးလိုက် သည်။

 ” သူ့နာမည်က ဘယ်သူလဲ ဟင်’

 ” ဒီပါတဲ့၊ ပန်းချီဆရာ ကိုဒီပါ”

   ” ကျွန်မ သူနဲ့ တွေ့ချင်လိုက်တာ၊ သူ့ရဲ့လိပ်စာလေးများ ရနိုင်မလား ရှင်”

    ဟိုတယ်ပိုင်ရှင်မိတ်ဆွေက ခေါင်းကိုအသာယမ်းပြသည်။

    ” စိတ်မကောင်းစရာပဲ ဒီ ဟိုတယ်မှာပဲ သူဆုံးသွားခဲ့တာ”

 ” ရှင် ဘယ်လိုဘယ်လို”

 ” အဲဒီလိုပဲ ဒီပန်းချီကားကို ကြည့်မိပြီး စကားစပ်မိတဲ့အခါတိုင်း လူတိုင်းအံ့သြကြတယ်”

   သော်သော်ဝေတို့က အခြားသူ များကဲ့သို့ သွေးရိုးသားရိုးအံ့သြခြင်း မဟုတ်ကြကြောင်း ထိုမိတ်ဆွေ မသိ ပါ။

 ” ဘယ်..ဘယ်တုန်းက ..ဘယ်လိုကြောင့်များ” ထူးဆန်း အံ့အားသင့်ခြင်းတစ်ဝက်၊ ရင်နင့် စိတ်မကောင်းဖြစ်ခြင်း တစ်ဝက်ဖြင့် သော်သော်ဝေ အထစ်ထစ် အငေါ့ ငေါ့   ပြောလိုက်မိသည်။

    ” အင်း သူဆုံးသွားတာကတော့ အရင်လ ၆ ရက်နေ့ကဗျ၊ အချိန် ကတော့ ညနေ ၆နာရီဝန်းကျင်လို့ ခန့်မှန်းကြတယ်၊ ဘယ်လိုကြောင့် ဆိုတာ ခုထိ ဘယ်သူမှ မသိဘူး”

    ” ဖြစ်နိုင်ရင် သူနေခဲ့တဲ့ အခန်း ကို ကျွန်မကြည့်ပါရစေရှင်”

 သော်သော်ဝေ၏ စူးစမ်းသိချင် စိတ်ကို ဖခင်ဖြစ်သူ တားမြစ်လိုဟန် မရှိပါ။ ခုချိန်မှာ သမီးနှင့်အတူ သူကိုယ်တိုင် ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်မှာ အလွန်အမင်းပင် စိတ်ဝင်စားနေပြီဖြစ်သည်။

***

ပထမထပ်မှာရှိသည့် ၆ ခု မြောက်အခန်း၊ အခန်းနံပါတ် ၁ဝ၆ ရှေ့မှာ ရပ်လျက် သော့ဖွင့်ပေးရင်း မိတ်ဆွေဟိုတယ် ပိုင်ရှင်က…

   ” အမှန်ကိုဝန်ခံရရင် ဟိုတယ် ဝန်ထမ်းတွေ ကြောက်ကြတာနဲ့ ဒီအခန်းကို အမြဲသော့ပိတ်ထားတာ၊ ဘာမှတော့ ထူးခြားချက်မရှိပါဘူး၊ သေပြီးသွားတဲ့လူက ဘာလု ပ်နိုင်မှာ မို့လို့လဲ ဟုတ်တယ်မို့လား”

    ထိုမိတ်ဆွေ၏စကားကို သော်သော်ဝေ လက်မခံချင်။ ဒါဖြင့်

”ကျွန်မ အိပ်ငိုက်ရင်း ရေးဆွဲဖူးခဲ့တဲ့ အိမ်ပုံပန်းချီကားတွေက ဘာတွေလဲ၊ ဘယ်လို တိုက်ဆိုင်မှုတွေလဲ”ဟု မေးပြော ပြောပစ်လိုက်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရ သည်။

အခန်းတွင်းကို သူတို့သုံး ယောက် ဝင်ကြည့်လိုက်ကြသည်။

   ” ဒါ သူ နောက်ဆုံးရေးခဲ့တဲ့ ပန်းချီဖြစ်မယ်ထင်ရဲ့၊ လက်စသတ် မထားရသေးဘူး။ အကြမ်းပဲရှိသေး တယ်”

    သူမ၏အခန်းပုံစံနှင့် တစ်ပုံစံ တည်းကျနေသည့် ပန်ချီကားချပ်ကို ကြည့်ကာ သော်သော်ဝေ အကြီး အကျယ် အံ့အားသင့်သွားတော့ သည်။ အဖြူရောင်အိပ်ရာခင်းနှင့် ခုတင်တစ်လုံး၊ ပြတင်းပေါက် ရှေ့ စားပွဲမှာ မိန်းမပျိုတစ်ဦး စာအုပ်ဖတ် နေဟန်၊ ဘေးတိုက်အနေအထား ကြောင့် မျက်နှာကို ရုပ်မဖမ်းနိုင် သော်လည်း ကုလားထိုင်အော က် ခြေထိ ဖားလျားကျနေသည့် ဆံပင် ရှည်များကြောင့် ထိုပုံသည် သူမ၏ပုံဖြစ်သည်ဟု သော်သော်ဝေ လက် ခံလိုက်သည်။ ခုတင်ပေါ်မှာ ထောင် လျက် နံရံကို မှီထားသည့် ဂစ်တာ တစ်လုံးကြောင့် ဒါသည် သူမ၏ပုံ၊ သူမ၏အခန်း သူမကို ရည်ညွှန်းကာ ရေးဆွဲထားခဲ့သည့် ပန်းချီကားဟု သေချာ ကောက်ချက်ချလိုက်သည်။ တစ်စုံတစ်ရာကို သတိရမိကာ အနီး ကပ်လျက် ဂစ်တာကို အာရုံစူးစိုက် ကြည့်လျှင် ဂစ်တာကြိုးများသည် ၅ ကြိုးသာရှိပြီး အပေါ်ဆုံးနံပါတ် ၆ ကြိုးနေရာက လွတ်ဟာလျက်ရှိသည် ကို အံ့သြဖွယ်မြင်ရပြန်သည်။

 ” ကျွန်မ ဒီအခန်းမှာ နေမယ်”ဆိုတော့ ဖခင်က အပြင်းအထန် ကန့်ကွက်ပြီး မိတ်ဆွေဟိုတယ်ပိုင် ရှင်ကလည်း ခွင့်ပြုခြင်းမရှိပါ။ သော် သော်ဝေသည် ထိုပန်းချီဆရာနှင့် ပတ်သက်ပြီး စိတ်စွဲလမ်းမှုတစ်စုံ တစ်ရာရှိနေကြောင်း သိလိုက်ရ သဖြင့် ဖခင်သည် သူ၏အလုပ်ကိစ္စ များပင် ပြီးပြတ်အောင် ဆွေးနွေး ခြင်းမပြုတော့ဘဲ ရန်ကုန်သို့ အမြန် ဆုံးပင် ပြန်ခဲ့တော့သည်။ အဖြစ် အပျက်သည် အံ့သြဖွယ်အတိ ပြည့် နှက်နေသော်လည်း မည်သို့မည်ပုံ ဖြစ်ပျက်တိုက်ဆိုင်နေသည် သူတို့ အဖြေရှာမရပါ။ ပန်းချီဆရာ၏အခန်းတွင်းမှ သော်သော်ဝေ့ကို ရည်ညွှန်းသည့်ပန်းချီကားနှင့် သော် သော်ဝေ၏ပုံ၊ သော်သော်ဝေအိပ် ငိုက်ပြီး ရေးခြစ်ခဲ့သော အိမ်ပုံ ပန်းချီကားနှင့် ယခုဒီပဲယင်းဟိုတယ်၊D.P ဆိုသည့် လက်မှတ်နှင့် ဒီပါဆို သည့်ပန်းချီဆရာ တစ်ခုချင်းစီ မည်သို့မည်ပုံ ဆက်စပ်ယှက်နွှယ်ကာ တိုက်ဆိုင်နေကြသည်ကို အဖြေရှာ ကြည့် ချင်သော်လည်း ပိုမိုရှုပ်ထွေး လာမည့်အနေအထားသို့ ရောက် လာမည်ကိုစိုးလျက် အမြန်ဆုံးမေ့ ဖျောက်ပစ်ရန်သာ သော်သော်ဝေ့ ကို ဝိုင်းဝန်းတိုက်တွန်းကြရေ တာ့ သည်။

***

ခရီးရောက်မဆိုက် သော် သော်ဝေ အပြေးအလွှား ပြောပြလာ သော အကြောင်းစုံကို နားထောင်ပြီး နေရဲ ခေါင်းနပန်းကြီးလျက် အံ့သြ တုန်လှုပ်သွားမိတော့သည်။ ပန်းချီ ဆရာသည် သော်သော်ဝေ့အခန်းကို မည်သို့မည်ပုံ မြင်ယောင်ရေးဆွဲခဲ့ သနည်း။ ပန်းချီဆရာ သော်သော်ဝေ့ အခန်းကို မရောက်ခဲ့ဘဲနှင့်တော့ ယခုလို သော်ေ သ်ာဝေ့ပုံ၊ ၆ ကြိုးပြတ် နေသည့်ဂစ်တာတစ်လုံး၊ သော်သော် ဝေ့ အခန်းအနေအထားများ တစ် ထပ်တည်းကျအောင် ရေးဆွဲနိုင်မည် မဟုတ်။ သို့ဆိုလျှင် မည်သည့် အချိန်က ရောက်လာခဲ့သနည်း။ မသေဆုံးခင်ကလား၊ သေဆုံးပြီးမှ လား။ သေဆုံးပြီး ဝိညာဉ်အဖြစ် အလည်အပတ်ရောက်လာခြင်းက ပိုပြီး ဖြစ်နိုင်ချေရှိနေသော်လည်း ကြိုးပြတ်နေသော ဂစ်တာကအစ၊ သော်သော်ဝေ့ရုပ်ပုံ၊ စာအုပ်ထိုင်ဖတ် နေဟန်နှင့်တကွ ထိုညက မြင်ကွင်းကို ဘယ်လိုစိတ်ဝိညာဉ်တန်ခိုးဖြင့် ဘယ်ကဲ့သို့ ရေးဆွဲခဲ့နို င်ပါလိမ့်။ စဉ်း စားစရာတော့ ဖြစ်နေခဲ့ပြီ။ အရင့် အရင်ညတွေကတည်းက သော်သော် ဝေ့ထံ ပန်းချီဆရာ ရောက်ခဲ့လေ သလား။ အသက်ရှင်နေသော လူ တစ်ယောက် ၏ဝိညာဉ်သည် ခန္ဓာ ကိုယ်ထဲမှ ထွက်ခွာ၊ ခန္ဓာကို ခဏ တစ်ဖြုတ်စွန့်ပစ်ထားခဲ့ကာ ခရီးသွား လာနိုင်ခြင်းရှိမရှိ နေရဲ တွေးကြည့်ဖို့ လိုက်မမီနိုင်တော့ပါ။ ကြိုးပြတ် နေသာ ဂစ်တာပုံကိုဆွဲရင် ဘယ်လို စိတ်တန်ခိုးရခဲ့သလဲ။ ပန်းချီ ဆရာ သည် သော်သော်ဝေ ဂစ်တာတီး ခိုက် ပြတ်နိုင်ချေ မရှိလောက်သော ဂစ်တာကြိုး နံပါတ် ၆ ကိုမှ တမင်   ရွေးဖြတ်ခဲ့ကာ သော်သော်ဝေ့အခန်း ထဲ သူရောက်နေကြောင်း အသိပေး ခဲ့လေသလား။ မနက်ကမှ လဲတပ် ခဲ့သည့် နံပါတ် ၆ ကြိုးက အလိုလို အလယ်ကောင်မှ ပြတ် ထွက်သွား ခဲ့ခြင်းကြောင့် သော်သော်ဝေကိုယ် တိုင်ပင် တအံ့တသြဖြစ်လွန်းခဲ့ သည်မဟုတ်လား။

 ၆၆၆ ကတော့ ၆ ရက်၊ ၆လ၊ ၆ နာရီကို ရည်ရွယ်ကာ ပန်းချီဆရာ က သူ သေဆုံးချိန်အတိအကျကိုသတင်းပို့ခဲ့ခြင်းဖြစ်သည်ဟု သော် သော်ဝေကယုံကြည်သည်တဲ့။ နေရဲ ဘဝင်မကျသည်က ကမ္ဘာကြီးမှာ လူ အများအပြား ရှိပါလျက် သူ့ချစ်သူ သော်သော်ဝေ့ကိုမှ ဘာကြောင့် ဒီဆက်သွယ်ချက် တိုက်ဆိုင်မှုတွေ ဖြစ်ပျက်ခဲ့တာလဲ။ ဝိညာဉ် အဖြစ်နှင့် တကယ်ပဲ သူ့ချစ်သူအခန်းကို ဒီပန်းချီဆရာ ရောက်လာနိုင်ခဲ့ သည်မှာ အမှန်ပဲလား၊ သူတောင်မှ သော်သော်ဝေ့အခန်းကို မရောက်ဖူး ခဲ့သေးဟု စဉ်းစားမိတော့
ထိုပန်းချီ ဆရာနှင့် သူ၏ဝိညာဉ်အပေါ် မနာ လိုစိတ်များ ပြင်းစွာဖွဲ့တည်လျက် နေရဲရင်ထဲ တည်တည်ငြိမ်ငြိမ် မရှိ တော့ဘဲ ရှုပ်ထွေးလှုပ်ခတ်နေတော့ သည်။

   ” အဲဒီမှာ ကိုဒီပါရဲ့ ရုပ်ဘယ်လို ဆိုတာ သော်သော်ဝေမြင်ဖူးခဲ့ သလား’

 ”ဟင့်အင်း မြင်ဖူးချင်လို့ ဓာတ် ပုံ လေးဘာလေးတောင်းကြည့်တာ မရခဲ့ဘူး၊ ဘယ်လိုပုံစံလဲတော့ မေး မကြည့်မိဘူးပေါ့”

   နေရဲ သက်ပြင်းငွေ့ငွေ့ချ သည်။ ဓာတ်ပုံကိုသာ တွေ့ခွင့်ရခဲ့ လျှင် သော်သော်ဝေ၏ စိတ်စွဲလမ်းပုံ မျိုးနှင့်တော့ မလွယ်ဟုတွေးကာ သူ စိတ်ပူမိသည်။ စိတ်ပူမိရသည့် အထဲ နောက်နှစ် ၆ ရက်၊ ၆ လ၊ ၆ နာရီမှာ အသေအချာ စောင့်ကြည့်ဦးမည်ဟု သော်သော်ဝေက မသိဆိုးရွားစွာ ပြောလိုက်သေးသည်။ ပန်းချီဆရာ ကိုဒီပါဆိုတဲ့လူဟာ သူမအခန်းဆီသို့ နောက်နှစ်မှာ နောက်တစ်ကြိမ် ထပ် ရောက်လာနိုင်သည်ဟု သော်သော် ဝေက ယုံကြည်နေချင်သေးသည်တဲ့။ နေရဲ ဘာမှမပြောချင်တော့။ တစ်ခု တော့ ရှိသည်။

နောက် နှစ် ၆ ရက်၊ ၆ လ၊ ၆ နာရီမရောက်ခင် သော် သော်ဝေ့ကို သူ မရအရ လက်ထပ် ယူပြီး သူတို့အတူတကွ ထိုနေ့ကို ဖြတ်သန်းကြမည်ဟု ဆုံးဖြတ်လိုက် သည်။ ပန်းချီဆရာ၏ဝိညာဉ် သော် သော်ဝေ့ဆီ ရောက်လာဦးတော့၊ ယခုလို ထူးဆန်းအံ့သြဖွယ်ကိစ္စများ ဖြစ်လာဦးတော့ သူ မမှုတော့ပါ။

***

များမကြာခင် သတင်းစာထဲမှာ နေရဲနှင့် သော်သော်ဝေတို့၏ လက်ထပ်ပြီးစီးခြင်း သတင်းနှင့်အတူ ဒီပဲယင်းဟိုတယ် အကြီးစား မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူအသေ အပျောက်များရှိခဲ့သဖြင့် ဟိုတယ်ကို ချိတ်ပိတ်ထားကြောင်း သတင်း တစ်ပုဒ် တိုက်ဆိုင်စွာ ပါရှိခဲ့သည်။

 နောက်တစ်နှစ်အကြာ သော် သော်ဝေသည် သားဦးကလေးကို ၆ ရက်၊ ၆ လ၊ ၆ နာရီမှာ တိုက်ဆိုင်စွာ မွေးဖွားခဲ့သည်။ သားကလေးသည် နေရဲနှင့်သော်လ ည်းကောင်း ၊ သော် သော်ဝေနှင့်သော်လည်းကောင်း ရုပ် ရည်မတူလှဘဲ မျက်နှာအသစ်ဖြင့် လူသားကလေး ဖြစ်နေပါသည်။ ပိုပြီးထူးဆန်းသည်က ထိုလူသား ကလေး ကျောင်းနေ သည့်အခါ ကျောင်းစာများထက် ပန်းချီရုပ်ပုံ များရေးခြစ်ရန်သာ အာသီသရှိသော ကျောင်းသား ကလေးတစ်ဦး ဖြစ်နေ ခြင်းပင်။

စုမီအောင်
(ရတီမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၁၃)

No comments: