Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 14, 2013

အသံတိတ်ပုံပြင်

လူသားတိုင်းမှာ ပြောပြစရာပုံပြင်တွေ ကိုယ်စီကိုယ်င ရှိကြပါတယ်။ အဲဒီ ပုံပြင်တွေဟာ အနုပညာရှင်တွေရဲ့ အားကောင်းတဲ့ဖန်တီးမှုကြောင့် စာပေ၊ ဂီတ၊ ပန်းချီ၊ ရုပ်ရှင်၊ ပြဇာတ်၊ ရေဒီယို စသဖြင့် ကြားခံမီဒီယာတွေ အမျိုးမျိုးကွဲပြားသွားပြီး ပြည်သူ လူထုအကြား စီးမျောပျံ့နှံ့သွားတယ်။ စီးမျောပျံ့နှံ့ခြင်းရဲ့ အဆုံးမှာ “မျှဝေခံစားမှုနယ်ပယ် အသစ်” တွေ ပေါ်ထွန်းလာတယ်။ လူသားတိုင်းမှာ ပြောပြစရာ ပုံပြင်တွေ ရှိသလို ပန်းချီကားတစ်ချပ် မှာ ပြောပြစရာပုံပြင်တစ်ပုဒ်စီ ရှိနေတယ်ဆိုတဲ့အကြောင်း ပြည်သူပြည်သား အားလုံးကို ဒီနေရာကနေ ကျွန်မ ပြောပြချင်တာပါ။ ပန်းချီဟာ အခြား ရုပ်ရှင်၊ ဂီတတို့လို ကြားခံမီဒီယာတွေနဲ့ တစ်စက်ကလေးမှ မတူပါဘူး။ ပန်းချီ (art)ကနေ ခက်ဖြာလာတဲ့ “မျှဝေခံစားမှုနယ်ပယ်”ဟာ အင်မတန်သိမ်မွေ့ပြီး တိတ်ဆိတ် ငြိမ်သက်ခြင်းကို ကိုယ်စားပြုနေပါတယ်။လူသားတွေရဲ့ပုံပြင်မှာ အသံများစွာရှိပေမယ့် ပန်းချီကားတစ်ချပ်ရဲ့ ပုံပြင်ကတော့ “အသံမဲ့” ဖြစ်ပါ တယ်။ တကယ်လို့ စာဖတ်သူ ပြည်သူပြည်သားအပေါင်းမှာ တိတ်ဆိတ် နူးညံ့စွာ ပူးဝင် ခံစားလိုတဲ့ စိတ်ကလေးတစ်ခု ရှိမနေခဲ့ဘူးဆိုရင်တော့ ပန်းချီကားတစ်ချပ်ကနေ ကြေကွဲနာကျင်စွာ (ဒါမှမဟုတ်) ကြည်နူးဝမ်းမြောက်စွာ လှစ်ဟပြောပြနေတဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့ စာဖတ်သူ ပြည်သူလူထုဟာ တက်တက်စင် လွဲချော်သွားမှာပါ။
            ဒါကြောင့် ဒီမျှဝေခံစားမှု နယ်ပယ်အသစ်လေးထဲ  ပြည်သူပြည်သား အားလုံး အခုပဲ ခြေစုံပစ် ၀င်ရောက်လှည့်ပါလို့ ကျွန်မ လှိုက်လှဲနွေးထွေးစွာ ဖိတ်ခေါ်ပါရစေ။

xxxxx

ငါ ဟာ အခန်းတစ်ခုထဲမှာ။ မဟုတ်ဘူး ဒါဟာ အခန်းတစ်ခုဖြစ်နိုင်သလို လောကတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါဖြင့် ဒါဟာ ဘယ်လို အခန်း၊ ဘယ်လိုလောကမျိုး လဲ။ ဒါကို ငါ တစ်ယောက်ပဲ သိနိုင်မယ်။ ဆိုးတာက ဒီနေရာကို ဘယ်တုန်းက၊ ဘယ်လို၊ ဘာကြောင့်၊ ဘယ်ပုံစံရယ်နဲ့ ရောက်နေခဲ့မှန်း ငါ့ဘာသာငါ မသိတော့တာပါပဲ။ ဓားချက်လား၊ စုတ်ချက်လား၊ ဒဏ်ရာဒဏ်ချက်တွေ ပဲလား၊  မကွဲပြားတဲ့ အပြာရောင်ပြင် ကြီးက ငါ့ကို ရင့်တစ်လှည့်၊ နုတစ်လှည့် တစိမ့်စိမ့်နဲ့ လွှမ်းမိုးခြယ်လှယ်ဖို့ အတင်းအဓမ္မ ကြိုးစားနေတယ်။
ကြည့်စမ်းပါဦး။       ဟော့ဒီမှာလေ…။ ငါ့ခြေ ထောက်တွေကရော ဘာပြုလို့ အောက်ခြေမှာ စုသိမ်နေတာပါလိမ့်။ ခြေကျင်းဝတ်တွေဆီက မာကျစ်လေးတွဲ့တဲ့ အေးစက်စက်ခံစားမှုကြီး ငါ ရနေတယ်။ ငါဟာ ဒီနေရာမှာ စိတ်ပျက်လက်လျှော့ဟန်နဲ့ ငါ့ခန္ဓာကိုယ်ကို ကိုင်းညွတ်ပျော့ခွေ ထိုင်သာ ထိုင်နေရတာပါ။ ငါ့ ဦးခေါင်းကတော့ ဘယ်တော့မှ  ညွတ်စိုက်ကျမနေပါဘူး။ တွေ့တယ်မို့လား။ ခပ်လှမ်းလှမ်းက အဖြူရောင်ပြတင်းဆီ ငါ့ဦးခေါင်းက လင့်မျှော် မော်ကြည့်နေတာပါ။ ငါ့ရဲ့ စိတ်ဝိညာဉ် အရိပ်တစ်စုံဟာ ခြယ်လှယ်ကြီးစိုးလာနေတဲ့ လွှမ်းမိုး မှု“အပြာ” ပြင်ကျယ်ထဲ ခြေဖော့ ပူးဝင်တွန်းတိုက်ရင်း ရိပ်ရိပ်ငွေ့ငွေ့ကလေး ရုန်းကန်လွင့်ထွက်နေပါတယ်။ ဘယ်ကိုလွင့်ထွက်နေတာလဲ။ ဘယ်ကို ရှိရဦးမှာလဲ။ ခပ်လှမ်းလှမ်းက အဲဒီ “အဖြူရောင်ပြတင်းပေါက်တစ်ပေါက်”ဆီကိုပဲပေါ့…။
            ပြတင်းအဖြူရဲ့တစ်ဖက်မှာ ငါလိုလားတဲ့ အရာတစ်ခု ငါ့ကို ဆီး ကြိုနေမှာ သေချာပါတယ်။ လောလောဆယ် ဘယ်လို အကျပ်အတည်း အနှောင်အဖွဲ့ဆိုးထဲ သက်ဆင်းနေရပါစေ၊ ငါ့ခန္ဓာကိုယ်ဟာ ဂုဏ်သိက္ခာ အပြည့်နဲ့ ကြွယ်ဝချမ်းသာခြင်း “အ၀ါ”ကို မိမိရရ ဆင်မြန်းလွှမ်းခြုံထားခဲ့တယ်။

xxxxx

            ဒီပန်းချီကားမှာ ”ပန်းချီဆရာ နိုင်နိုင် ”ဟာ အက်ခရိုက်လစ်ဆေးသားပျစ်ပျစ်တွေနဲ့ အ၀ါ၊ အဖြူ၊ အပြာ အရောင်သုံးမျိုး ကို အထားအသိုမှန်ကန်စွာ ဖလှယ်ပြီး နေရာချထားတယ်။ ပန်းချီဆရာရဲ့ ပွတ်ကာသီကာ တို့ထိထားတဲ့၊ အိပ်မက်ဆန်ဆန်stroke တွေကို စာဖတ်သူအားလုံး မြင်တွေ့ရမှာပါ။ သူ့လက်ရာတွေကို အများစုက modern လို့ သတ်မှတ်ကြပေမယ့် သူကတော့ ဘယ်-ism ပါလို့  ခေါင်းစဉ်တပ်ချင်ပုံ မရပါဘူး။ “ကျွန်တော် ရေးဆွဲသမျှတွေဟာ ကျွန်တော့်ရဲ့ismပဲဗျ”လို့ ပြောလေ့ ရှိပါတယ်။ ပန်းချီကားတွေကို နာမည်ပေးလေ့မရှိတာကလည်း ပန်းချီဆရာရဲ့ယုံကြည်မှုတစ်ခုပဲဖြစ်ပါတယ်။ ပြပွဲကြည့် ပရိသတ်က မချိတင်ကဲနဲ့ title တစ်ခုခုတပ်ဖို့ပြောတိုင်း ခေါင်းမာစွာ သူငြင်းတတ်တယ်။ “ပန်းချီကား တွေကို နာမည်ကို မပေးရက်တာ” လို့ ပန်းချီဆရာက ရင်ဖွင့်ဖူးတယ်။
အနုပညာဖန်တီးမှုဟာ လူမှုဝန်းကျင်ကို supporting လုပ်နိုင်တယ်လို့ ပန်းချီဆရာက ယုံကြည်နေပါ သေးတယ်။ ဒါပေမဲ့ သဘာဝရဲ့ဒဏ်၊ စစ်ရဲ့ဒဏ်၊ အာဏာရှင်စနစ်ရဲ့ ထက်အောက်ဖိစီးမှုဒဏ် ... စတဲ့ ကြောက်မက်ဖွယ်ဒဏ်များစွာကို ခံစားနေကြရတဲ့ ပြည်သူပြည်သားတွေအတွက် ပန်းချီကားတစ်ချပ်ဟာ ဖြေသိမ့်မှု သေးသေးလေးတစ်ခုကိုသာ ပေးနိုင်လိမ့်မယ်လို့ ပန်းချီဆရာက တွေးတွေးဆဆ ပြောတယ်။ ပန်းချီကားတစ်ကားနဲ့တော့ တင်းမာကျစ်ခဲနေတဲ့ လူ့ဘောင်လောက ထူထူထဲထဲကြီးကို အပြောင်းအလဲ မလုပ်နိုင်ပါဘူးတဲ့။ ဒါဖြင့် ပန်းချီကားတွေ အများကြီး အုံနဲ့ကျင်းနဲ့ ဆိုရင်ကော လူ့ဘောင်လောဟာ ပြောင်းလဲသွားမလား..လို့ ကျွန်မ စဉ်းစားနေမိတယ်။ ပန်းချီဆရာတွေ  အများကြီးရဲ့ စုစည်း မှု“အင်အား” လိုပါတယ်။ မျက်စိပသာဒရှိဖို့၊ ပန်းချီဈေးကွက်မှာ ဒေါ်လာနဲ့ ရောင်းချနိုင်ဖို့ထက် အတွေးအမြင်၊ အဓိပ္ပယ်တွေ နက်ရှိုင်းစွာခိုတွယ်နေတဲ့ လက်ရာမြောက်၊ အတွေးမြောက် ပန်းချီကားတွေ အများကြီး ဖန်တီးဖို့လိုပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး တမက်တမောခံစား တတ်လာအောင် ပြပွဲစီစဉ်သူတွေက ပြည်သူအကြား ထဲထဲဝင်ဝင် ခင်းကျင်းပြသဖို့လည်းလိုတယ်။ 
လောလောဆယ် အသံတိတ် ပြောပြနေတဲ့ ဒီပန်းချီကားထဲက ပုံပြင်လေးကို စာဖတ်သူတွေ အရင်ဆုံး နားထောင်တတ်ဖို့ လိုပါတယ်။
ဂျူနီယို
( ပြည်ထောင်စုနေ့စဉ်သတင်းစာ၊ ၅၊ ၈၊ ၂၀၁၃-တနင်္လာ နေ့ထုတ်)

No comments: