Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 03, 2013

စက်တင်ဘာရောက်တဲ့အခါ သတိရခြင်းတွေ ရှင်သန်ဖူးပွင့်ပါ

လေးတွဲ့တွဲ့ခြေလှမ်းတွေနဲ့ ဘူတာရုံလှေကားထစ်တွေကို လူတစ်ယောက်တက်လာတယ်။ စင်္ကြံမှာ အ၀တ်ပိတ်အဖြူလွှမ်းထား တဲ့ အလောင်းတစ်လောင်း။ စောစောကမှ သေနတ်ပစ်ခံရတာ။ ပိတ်စကို ဖယ်ပြီးကြည့်လိုက်တယ်။ မယုံနိုင်စရာ။ ယူကျုံးမရ ခံစား ရတယ်။ ပြည်သူလူထုကို အန္တရာယ်အပေါင်းကနေ ကာကွယ်စောင့်ရှောက်နေတဲ့ ရဲတစ်ယောက်က သူ့မိန်းမကိုတော့ မကာကွယ် နိုင်ခဲ့ဘူးတဲ့။ သွားပြီ၊ ရာဇ၀င်ရိုင်းပြီ။ အနားမှာ လွင့်စဉ်ကျနေတဲ့ လက်ထပ်လက်စွပ်လေးကို မြင်တော့ ရင်တစ်ပြင်လုံး နာကျင်မှုက မို့မောက်ပြင်းရှ လာတယ်။ ဒီလက်စွပ်လေး လူဆိုးလက်ထဲ မပါရလေအောင် ထိန်းသိမ်းကာကွယ်ရင်း အသက်ပါပေးလိုက်ရလေသလား။ ဘုရားဘုရား၊ ထိတ်လန့်ငိုကြွေးနေတဲ့ သမီးလေးကို အဲဒီလူက ပွေ့ချီလိုက်တယ်။ သမီးလေး `အဲလီ´ကို မိခင်လိုရော ဖခင်လိုပါ စောင့် ရှောက်ရတော့မယ်။

xxxxxxx

ပန်းချီဝါသနာကြီးတဲ့ ညီမလေး ကယ်ရိုလိုင်းက `အစ်ကိုနဲ့ သူ့အကြိုက်ဆုံးဆေးလိပ်´ပုံ ဆွဲမယ်လို့ပြောတယ်။ ကယ်ရိုလိုင်းက တိုင်လာ ဆေးလိပ်သောက်တာကို မကြိုက်ဘူး၊ အိမ်မကပ်တာလည်း မကြိုက်ဘူး။ အစ်ကိုတစ်ယောက်က သူ့ဘာသာသူ သတ်သေ၊ အဖေနဲ့အမေက ကွဲ၊ ဒီလိုပုံစံအနေအထားမှာ ကျန်တဲ့အစ်ကိုတစ်ယောက် ဖြစ်တဲ့ တိုင်လာဟော့ကင်းစ်ကိုပဲ ကယ်ရိုလိုင်းက တွယ်တာ နေရတာ။ တိုင်လာကလည်း ညီမလေးကယ်ရိုလိုင်းကို သိပ်ချစ်ပါတယ်။ ဘယ်နေရာ ရောက်နေနေ၊ ဘာပြဿနာတွေနဲ့ကြုံနေနေ ညီမလေးကို ကျောင်းပို့ဖို့၊ ပြန်ကြိုဖို့၊ ညီမလေးကို ဗိုလ်ကျရန်လုပ်တဲ့ ကျောင်းသူမတွေကို ရန်ဖြစ်ပေးဖို့ အမြဲအသင့်ရှိနေတဲ့အစ်ကိုပါ။  ညီမလေးနဲ့ အမေ့ကို ပစ်ထားပြီး စီးပွားပဲအရှာကောင်းနေတဲ့အဖေ့ကိုလည်း တိုင်လာ မကျေနပ်ဘူး။ အဖေက စီးပွားရေးလောကမှာ ထိပ်ဆုံးရောက်ဖို့ သူ့နာမည်ဂုဏ်သတင်း ထင်ရှားကျော်စောဖို့ပဲ အာရုံစိုက်ပြီး မိသားစုအရေးကို ဦးစားမပေးတဲ့လူ။ ငွေကြေးနောက် အာသာငမ်းငမ်းလိုက်တဲ့ အဖေကြောင့် မိသားစုတွေတစ်ကွဲတပြားဖြစ်ရတာလို့ တိုင်လာ မြင်တယ်။ ဒီလိုမိသားစုက သားတစ်ယောက်က ပေပေတေတေနဲ့ ဆေးလိပ် အရက်သောက်ချင်တာ၊ အိမ်မှာနေရတာထက် သူငယ်ချင်းနဲ့နေရတာကို ပိုမက်မော လာတာ ဘာဆန်းလဲ။ အခုလည်း ဘာဖြစ်လဲ၊ သူငယ်ချင်းနဲ့ သွားသွားနေတယ်။ ဒါကလွတ်လပ်တယ်။ တစ်ည သူငယ်ချင်းအက်ဒမ်နဲ့ ကလပ်ကိုသွားတယ်၊ အပြန်မှာ ရန်ပွဲတစ်ခုနဲ့ကြုံတယ်။ မတရားတာမြင်ရင် မနေတတ်တဲ့ တိုင်လာက ၀င်ဖျန်ဖြေရင်း ရန်ပွဲဆက်ဖြစ်ရတယ်။ ရဲတွေလာတော့ ငြိမ်းအေး သွားရမယ့်အစား တိုင်လာရဲ့ကြွပ်ဆတ်ဆတ်စကားပြောပုံကြောင့် ရဲတစ်ယောက်နဲ့ တိုင်လာပြဿနာတက်တယ်။ ထိုးကြကြိတ်ကြ။ တိုင်လာ အချုပ်ထဲ ရောက်တယ်။ သူငယ်ချင်းက အဖေ့ကိုဖုန်းဆက်ခေါ်လို့ အဖေရောက်လာပြီး တိုင်လာကို ခေါ်ထုတ်ပေးခဲ့တယ်။ ဒါကိုပဲ တိုင်လာမကျေနပ်ဘူး။

မနက်မိုးလင်းတော့ အဖေ့အလုပ်ကိုလိုက်သွားတယ်။ စိတ်ပျက်စရာနေရာပဲ၊ ဆေးလိပ်သောက်နေတဲ့တိုင်လာ့ကို ရုံးဝန်ထမ်း မိန်းကလေးက ဒီနေရာမှာ ဆေးလိပ်မသောက်ရဘူးလို့ပြောတယ်။ ကောင်တာတစ်နေရာမှာတင်ထားတဲ့ ဆေးလိပ်ခွက်ကို လက်ညှိုးထိုး ပြီး ဒီမှာဆေးလိပ်ခွက်ထားထားတယ်လေ ဆိုတော့ ဒါကအလှထားတာတဲ့။ ဆေးလိပ်ခွက် အလှထားမှ ခမ်းနားမယ့် ရုံးခန်းလား၊ သွားစမ်းပါ။ ဆေးလိပ်ကိုနင်းကန်ဖွာ၊ ပြာတွေကို နင်းကန်ခြွေပြီး အလှထားတယ်ဆိုတဲ့ဆေးလိပ်ခွက်ထဲ တောက်ချပစ်လိုက်တယ်။ မှတ်ကရော။ အဖေ့ရုံးခန်းထဲဝင်လိုက်တယ်။

“ဘယ်လောက်ကုန်လဲ လာမေးတာ၊ အကုန်ပြန်ပေးမယ် ကျွန်တော်ခေါ်ထုတ်မခံချင်ပါဘူး။ ကျွန်တော်ခေါ်တာလည်း မဟုတ်ဘူး၊ ဒါ လာပြောတာ”

အဖေ့ရဲ့မတုန်မလှုပ်အမူအရာကို မြင်ရလေလေ တိုင်လာစိတ်တိုလေလေ။
တစ်နေ့ ကျောင်းမှာမမျှော်လင့်ဘဲ သိလိုက်ရတယ်။ တိုင်လာ့ကို ထိုးကြိတ် အချုပ်ခန်းထဲထည့်ခဲ့တဲ့ ရဲကြီးမှာ သမီးရှိတယ်လို့ အတူနေသူငယ်ချင်းအက်ဒမ်ကပြောတယ်။ `လက်စားချေဖို့အခွင့်ကောင်းပဲတဲ့။ ကင်တင်းမှာ မုန့်စားရင်း စာအုပ်ဖတ်နေတဲ့ မိန်းကလေး ကိုညွှန်ပြရင်း တိုင်လာ့ကို တွန်းလွှတ်တယ်။ ယောင်နနနဲ့ မိန်းကလေးအနားရောက်သွားတယ်။ မိန်းကလေးက မာရည်ကျောရည် ပုံစံ လေး။ ဒါပေမဲ့ တိုင်လာပဲ ဒါလောက်တော့ အပျော့ပေါ့။ နောက်ဆုံးတော့ ကျွန်မအဲလီ ပါ ဆိုပြီး မိန်းကလေးက လိုလိုလားလား လက်ဆွဲ နှုတ်ဆက်လာတော့တယ်။

xxxxxx

ဖုန်းပြောရင်းတန်းလန်း အ၀တ်အစားတွေလဲပြီး အပြင်ထွက်မယ့်ဟန်ပြင်တဲ့ အဲလီကို `ဘယ်သူနဲ့သွားမှာလဲ´အဖေမေး တော့  `ကျောင်းကကောင်လေးတစ်ယောက်နဲ့´လို့ဖြေလိုက်တယ်။ `ခွင့်ပြုချက်တောင်းတာမဟုတ်ဘူး၊ အသိပေးတာ´ လို့ အဲလီက အဖေ့ကို ထပ် ပြောလိုက် သေးတယ်။ အမေမရှိတော့ကတည်းက အချစ်ပိုတာလား၊ အစိုးရိမ်ပိုတာလား၊ အချုပ်ခြယ်ပိုတာလား မသိ၊ ဒီသမီးကိုပဲ အဖေက အရိပ်တကြည့်ကြည့်လုပ်နေတယ်။အဲလီတစ်ခုခုဖြစ်မှာ အမြဲစိုးရိမ်နေပုံပဲ။ အဲလီက သိပ်ဆိုးဆိုးဝါးဝါး မလုပ်ပါဘူး။ တိုင်လာ ဆိုတဲ့ ကောင်လေးနဲ့ ညနေစာစားရုံကလေးပဲ။ အပြန်မှာ game ၀င်ဆော့ကြပြီး အဲလီလိုချင်တဲ့ ၀က်ဝံရုပ်ရအောင် တိုင်လာ ကစားပေးခဲ့ တယ်။ အိမ်ပြန်တော့ အဲလီက မြေအောက်ရထားနဲ့မပြန်ချင်ဘူးလို့ ပြောတော့ တိုင်လာက ထူးဆန်းပုံနဲ့ကြည့်တယ်၊ တက္ကစီငှားပေးလိုက် တယ်။ ပထမတစ်ကြိမ်တော့ သိပ်မဆိုးပါဘူး။ ဒုတိယတစ်ကြိမ်တော့ အဲလီ အပိုတွေလုပ်မိသွားတယ်။ တိုင်လာ့သူငယ်ချင်းအက်ဒမ်က အရက်သောက်ဖို့ဖိတ်ခေါ်တာ မငြင်းဖြစ်ဘူး၊ တစ်ခွက်ပဲနော် ဆိုပြီး အဲဒီတစ်ခွက်ကပဲ မူးဝေအော့အန်ပြီး အိမ်မပြန်နိုင်တဲ့အထိ ဖြစ်သွား တယ်။ မနက်ကျမှ အိမ်ကို အသာလေး ခြေဖွဝင်လာတယ်။ တစ်ညလုံးပျောက်နေတဲ့သမီးကို စိတ်မပူတဲ့အဖေ ဘယ်ရှိမှာလဲ၊ ဆိုးတာက အဲလီဆီက အရက်နံ့ရ နေလို့ အဖေက ဒေါသပိုထွက်တယ်။
“ကြည့်လုပ်ဦး၊ မင်းကို မူးအောင်လုပ်၊ တစ်ညလုံးခေါ်ထားပြီး မိုးလင်းမှ အိမ်ပြန်လွှတ်တဲ့ ကောင်၊ ဘယ်လိုကောင်စားလဲ၊ မင်း လူကော ရွေးမှ ရွေးတတ်ရဲ့လား”
အဖေ့ကို စေ့စေ့ကြည့်ပြီး အဲလီ ပက်ခနဲပြန်ပြောလိုက်တယ်။
“ မရွေးတတ်ရင်လည်း အဲဒါ အမေနဲ့တူလို့ ဖြစ်မှာပေါ့”
ဒီစကားက အဖေ့တစ်ကိုယ်လုံးကို ဒေါသမြင့်မိုရ်တောင်ထိပ် ရောက်အောင် ဒိုင်းခနဲ တွန်းတင်လိုက်သလို ဖြစ်သွားတယ်။ မရိုက်စဖူး အဲလီကို အဖေရိုက်တယ်။
“ တော်တော်ဆိုးဝါးတဲ့ အဖေပဲ၊ အမေ့ကို အကာအကွယ်မပေးနိုင်တဲ့လူ၊ အမေ့ကို မကယ်နိုင်ခဲ့တာနဲ့ပဲ သမီးကို လာလာပြီး ချုပ်ခြယ်၊လာလာပြီး အနိုင်ကျင့်နေတာ၊ နောက်ထပ် လာမထိနဲ့”

အဲလီ စိတ်ထဲ နာကျင်သွားတယ်။ အဖေ့ကို ထားပြီး အိမ်ကထွက်လာတယ်။ ဘယ်သွားရပါ့။ တိုင်လာတို့နေတဲ့ဆီပေါ့။ အဲလီ အိမ်ကဆင်းလာတာကို တိုင်လာ ခေါင်းနပန်းကြီးသွားပေမဲ့ ကြည်ကြည်ဖြူဖြူလက်ခံပါတယ်။ သူငယ်ချင်းကမြှောက်ပေးလို့ ယောင်နန ချဉ်းကပ်မိပေမဲ့ နောက်ဆုံးတော့ အဲလီကို တိုင်လာ တကယ်ချစ်နေပြီလေ။ သီးခြားစီအိပ်ဖို့ စီစဉ်ပေးပေမဲ့ တကယ်ချစ်နေပြီဆိုမှတော့ ထိန်းလို့မရတော့ဘူးပေါ့။ နှစ်ယောက်သား အဆီးအတားမဲ့ ချစ်မိလိုက်ကြတယ်။ တိုင်လာ့ ၀ဲဘက်ရင်အုံမှာ တက်တူးလေး တစ်ခုတွေ့ တယ်။ အစ်ကိုမိုက်ကယ်ရဲ့နာမည် တံဆိပ်ခတ်နှိပ်ခဲ့တာလို့ တိုင်လာပြောပြတယ်။ ခံစားချက်တွေ ဖလှယ်မိကြပြီ။
“မိုက်ကယ်နဲ့ ငါ မနက်စာသွားသွားစားနေကျ၊ ကော်ဖီဆိုင်လေးရှိတယ်၊ နောက်ဆုံးတွေ့ခဲ့တာလဲ အဲဒီမှာပဲ၊ မိုက်က သူ့ကိုယ်သူ ဆွဲကြိုးချ သေသွားတာ၊ သူမရှိကတည်းက ငါလည်း….. ”
“ လွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်မအမေလည်း အသတ်ခံရတယ်၊ ဒါကြောင့် မြေအောက်ရထား မစီးချင်တော့တာ၊ ဒါပေမဲ့ ကျွန်မ အခု ဒီနေရာကို ရောက်နေတာ ကျွန်မအဖေ အသုံးမကျလို့ ဆိုပြီး သူ့ကိုတော့ အပြစ်မမြင်စေချင်ဘူး၊ အမှန်က သားသမီးတွေ ဘာဖြစ်နေ ဘာခံစားရနေ ဆိုတာကို သူတို့ နားမလည်တတ်တာပါ”
တိုင်လာက သူ့အဖေကို မကျေနပ်ပေမဲ့ အဲလီကတော့ အဖေ့ကို အပြစ်မမြင်ပါဘူး။ တကယ်လည်း အဲလီကို အဖေက ဖုန်းတွေ လျှောက်ဆက်၊ ဟိုရှာဒီရှာနဲ့ ဗျာများနေတာပါ။ မနက်ကျတော့ အဖေ့ကို ဖုန်းနဲ့တစ်ဆင့် စကားပါးလိုက်တယ်။ သူငယ်ချင်းတွေနဲ့နေတယ်၊ မပူပါနဲ့၊ သမီးအဆင်ပြေနေပါတယ်ပေါ့။
xxxxx
တိုင်လာ့ညီမလေးကယ်ရိုလိုင်းရဲ့ပန်းချီပြပွဲလုပ်နေပြီ။ သေချာကြိုပြောပြထားရက်နဲ့ အဖေရောက်မလာဘူး၊ အဖေမလာလို့ ညီမလေးက မျက်နှာပျက်လေလေ တိုင်လာ ဒေါသထွက်လေလေ။ နံရံပေါ်က ပုံတူပန်းချီကို ဆွဲခွာပြီး အဖေ့ရုံးကို လိုက်သွားတယ်။
အစည်းအဝေးလုပ်နေတဲ့ အဖေ့အခန်းထဲ ဇွတ်အတင်းဝင်တယ်။ လက်ထဲဆွဲကိုင်လာတဲ့ ပုံတူပန်းချီစာရွက်ကို ပြပြီး အော်ဟစ် ပေါက်ကွဲပစ်လိုက်တယ်။
“ ဒီမှာကြည့် သူဒီနေ့ ခင်ဗျားပုံတူ ချိတ်ဆွဲပြသခဲ့တယ်၊ ဒါတောင် ခင်ဗျားက ပေါ်မလာဘူး၊ ဘာလို့ မတုန်မလှုပ်လုပ်နေတာလဲ၊ ဒီအစည်းအဝေးက ဘယ်သူ့အတွက် လုပ်နေတာလဲ၊ ခင်ဗျားအတွက်တွေပဲမို့လား……”
စည်းဝေးခန်းမထဲက လူတွေ ထိုင်ရမလို ထရမလို ဖြစ်ကုန်တယ်။ တိုင်လာ့အဖေက `အားလုံးပြန်ထိုင်´လို့အော်တယ်။
“ ဘာလို့ ငါ့အလုပ်ထဲ လာသောင်းကျန်းနေတာလဲ၊ သူ့ကို ငါချစ်တာပဲလေ”
“ မဟုတ်ဘူး၊ ချစ်တယ်ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို မသိဘဲနဲ့များ ခင်ဗျားလျှောက်ပြောမနေနဲ့၊ ဒီလိုနဲ့ပဲ ခင်ဗျားမွေးထားတဲ့ သားသမီးတွေ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေကုန်လိမ့်မယ်”
အစ်ကိုဆွဲကြိုးချသတ်သေခဲ့တဲ့ ၀မ်းနည်းစရာအတိတ်ကို တိုင်လာ ပြန်ဖော်ပြောလိုက်တယ်။ တိုင်လာ့အဖေက အော်ဟစ် မောင်း ထုတ်တယ်။
“ မင်း ထွက်သွား”
xxxxx

စိတ်လိုက်မာန်ပါတွေလုပ်မိပေမဲ့ အဖေတစ်ယောက်တည်း အဆင်မပြေဖြစ်မှာ သမီးအတွက်ပူပန်သောကရောက်ပြီး အလုပ် ပျက် အကိုင်ပျက်ဖြစ်မှာတော့ အဲလီမလိုလားဘူး။ ဖုန်းဆက်မိတယ်။ အဖေ သမီးပါ၊ သမီးအဆင်ပြေတယ်ဆိုတာ ပြောပြတာ၊ နောက်မှ ပြန်ခေါ်မယ်နော်။ ဒီတစ်ခါတော့ဖုန်းကနေတစ်ဆင့် ခြေရာကောက်မိပြီး တိုင်လာ့အိမ်ထဲမှာ အဲလီအဖေ လာစောင့်နေတယ်။ တိုင်လာနဲ့ စကားတွေများကြတယ်။ လောင်းကြေးထပ်တဲ့သဘောနဲ့တွဲတာဆိုတဲ့စကားကြောင့် အဲလီအဖေက တိုင်လာ့ကို ထိုးကြိတ်တယ်။ အဲလီ ပြန်လာတော့ တိုင်လာ့မျက်နှာက အညိုအမည်းတွေကြောင့် လန့်ထိတ်သွားတယ်။ မရည်ရွယ်ဘဲ တိုင်လာ စကားတွေ ကျွံထွက် သွားတယ်။
“ ငါ မင်းအဖေကို အရင်ကတည်းကသိခဲ့တယ်၊ အက်ဒမ်နဲ့ငါ့ကို သူဖမ်းချုပ်ဖူးတယ်၊ သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုပြီး အက်ဒမ်က မင်းကိုချဉ်းကပ်ဖို့ အကြံပေးတယ်၊ ဒါနဲ့ပဲ….”
တိုင်လာက အဲလီ့အဖေနဲ့ သူ့အကြားက ဆက်နွှယ်မှုကို အမှန်အတိုင်းပြောပြလိုက်တာ၊ ဒါပေမဲ့ အဆုံးသတ်တော့ အဲလီကို တကယ်ချစ်မိသွားတာပါ လို့ ပြောပြချင်တာ။ အဲလီက ဘာမှ အပြောမခံတော့ဘဲ တကယ်စိတ်နာသွားတယ်။ အိမ်ကထွက်ခဲ့တုန်းကလို အ၀တ်အိတ်တစ်လုံးနဲ့ အခု အိမ်ကို ပြန်လာခဲ့တယ်။ ဘေစင်မှာ အိုးခွက်တွေ ဆေးကြောနေတဲ့ အဖေ့ကိုမြင်တယ်။ အဖေ အံ့သြပျော်ရွှင် သွားပုံပဲ။
“ အဲ အဲလိုမျိုး ဒယ်အိုးကို မဆေးရဘူး၊ ကပ်နေတဲ့ချိုးတွေ ပျော့သွားအောင် အရင် ရေစိမ်ထားရမှာ”လို့ အဲလီ အဖေ့ကို လှမ်းပြော လိုက်တယ်။ အဖေနဲ့ပဲ ပျော်ပျော်နေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
မနက်မိုးလင်းတော့ တိုင်လာ့သူငယ်ချင်းအယ်ဒမ်ရောက်နေတယ်။
“ တိုင်လာက မင်းကိုတကယ်ချစ်တာ၊ သူလျှောက်ပြောတာတွေ ဗွေမယူဘဲ ခွင့်လွှတ်ပေးလိုက်ပါ၊ ငါသိတာက သူ မင်းကို ကြည့်တဲ့အကြည့်မျိုး အရင်က တစ်ယောက်ပဲကြည့်ဖူးခဲ့တယ်၊ အဲဒါ သေးသေးငယ်ငယ် သူ့ညီမလေးပဲ၊ ငါ အဲဒါလာပြောတာ”

xxxxxx

အဖေ့ကြောင့် ကယ်ရိုလိုင်းစိတ်ဆင်းရဲနေတယ်။ ဆံပင်ညှပ်ဆိုင်မှာ သူ့ရဲ့လှပတဲ့ဆံနွယ်ရှည်ရှည်လေးတွေကို သွား ညှပ်ပစ် လိုက်တယ်။ ဘ၀ကို မကျေနပ်တဲ့ခံစားချက်တွေ များပြားလာရင် မိန်းကလေးတွေက ခေါင်းပေါ်ကဆံပင်တွေကို တိုကပ်အောင် ညှပ်ပစ်တတ်ကြတယ်။ ထူးထူးဆန်းဆန်း အဖေက အမေ့အိမ်ထိ ညီမလေးကို လာကြည့်လို့ တိုင်လာ နည်းနည်းတော့ ကျေနပ်သွား တယ်။ အဲလီလည်း တိုင်လာ့ဆီလိုက်လာတယ်။ အမေ့အိမ်ရှေ့မှာ စကားတွေထိုင်ပြောရင်း နားလည်မှုတွေ ပြန်လည်တည်ဆောက် လိုက်ကြတယ်။
            လိမ်လိမ်မာမာနေပါမယ်ဆိုမှ ကယ်ရိုလိုင်းကို ကျောင်းလိုက်ပို့ရင်း ကယ်ရိုလိုင်းကို လှောင်ပြောင်ကဲ့ရယ်တဲ့ အတန်းဖော် တချို့ကြောင့် တိုင်လာ ကျောင်းခန်းထဲမှာ ပစ္စည်းတွေ ပစ်ပေါက်ခွဲပြီး သောင်းကျန်းပစ်လိုက်တယ်။ ဒါနဲ့ပဲ အချုပ်ထဲ ရောက်ရပြန်ပြီ။ အဖေက အာမခံပြီး လာထုတ်ပေးတယ်။ `ကျောင်းကို နောက်ထပ် ဖျက်ဆီးမနေနဲ့ဦး´လို့ မှာတယ်။ ပြီးတော့ အဖေက သူ့အလုပ်ကို လာခဲ့တဲ့။ တိုင်လာခေါင်းညိတ်တယ်။ ဟုတ်တယ်၊ ညီမလေးအတွက် အစ်ကိုကြီး အဖအရာသဘောမျိုး အလုပ်တစ်ခုပုံမှန် လုပ်ရဖို့ အချိန်ကျပြီလို့ တိုင်လာနားလည်လိုက်တယ်။ အရင်လို အဖေ့ကို ကြွပ်ဆတ်ဆတ် မတုံ့ပြန်ချင်တော့ဘူး။ တိုင်လာ့စိတ်တွေ သိမ်မွေ့ နေတယ်။ ညီမလေးကို အဖေက ဂရုစိုက်လာပြီလို့ ခံစားရလို့ပေါ့။ တကယ်ပါပဲ။ အံ့သြစရာက တစ်မနက်မှာ ညီမလေးကို အဖေက လာခေါ်တယ်။ မှတ်မှတ်ရရ အဲဒါ စက်တင်ဘာ ၁၁ ရက်နေ့။

“ ကယ်ရိုလိုင်းကို ကျောင်းလိုက်ပို့ပေးမလို့ ရမလား”
 ပြုံးပြုံးကြီး ရောက်လာတဲ့ အဖေ့ကို အမေက လှိုက်လှိုက်လှဲလှဲကြိုဆိုရှာတယ်။
            “သိပ်ရတာပေါ့”လို့အမေက ပြောတော့ `ငါ ကားထဲကပဲ စောင့်နေမယ်´တဲ့။
            `မင်းညီမကို ငါကျောင်းလိုက်ပို့နေတယ်´လို့ အဖေက ဖုန်းဆက်တော့ တိုင်လာပျော်သွားတယ်။ ဘ၀က မုန်တိုင်းတွေ စဲပြီး ကြည်လင်သာယာလာခဲ့ပြီပေါ့။ အဖေ မရောက်သေးခင် အဖေ့စားပွဲမှာ ထိုင်ကြည့်နေမိတယ်။ အဖေ့ကွန်ပျူတာစကရင်မှာ သူတို့မိသားစု ဓာတ်ပုံတွေ အပုံအပင်ပဲ။ အစ်ကိုမိုက်ကယ့်ပုံတွေရောပဲ။ အဖေဟာ ငါတို့ကို မေ့လျော့မနေခဲ့ဘူးပေါ့။ အလုပ်စားပွဲမှာ ထိုင်တိုင်း ဒီပုံတွေကို ကြည့်နေခဲ့တယ်ပေါ့။ ခုမှ တိုင်လာ နားလည်သွားတယ်။ အဖေ့ရဲ့အလုပ်တွေကို ကူညီမယ်၊ အဖေ့အတွက် ပခုံးတစ်ဖက် အဖြစ် သူဝင်ပြီး ထမ်းပိုးကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ ပီတိစိတ်နဲ့ အလုပ်ခန်းမှန်ပြတင်းမှာ ရပ်ရင်း အဖေ့ကို မျှော်တယ်။ ဒါပေမဲ့ တိုင်လာတစ်ယောက် အဖေနဲ့မတွေ့နိုင်တော့ဘူး၊ အဲလီနဲ့ မတွေ့နိုင်တော့ဘူး၊ အမေနဲ့ သူအင်မတန်ချစ်တဲ့ ညီမလေး ကယ်ရိုလိုင်းနဲ့၊ သူငယ်ချင်းအက်ဒမ်နဲ့….. ဘယ်သူနဲ့မှ မတွေ့နိုင်တော့ဘူး။ သူရပ်နေတာက World Trade Center က အဖေ့ရုံးခန်းမှာ။ မြည်ဟည်း ပေါက်ကွဲသံကြီးနဲ့အတူ တိုင်လာ လွင့်စဉ်သွားခဲ့တယ်။
xxxxxx
ရုတ်ရုတ်သဲသဲ ပြေးလွှားနေတဲ့ လူတွေကြားထဲမှာ တိုင်လာ့ကို တွေ့ရနိုးနိုးနဲ့ ကျွန်မ ၀မ်းနည်းပက်လက် ရှာဖွေနေမိတယ်။ တိုင်လာ့အစား ကျွန်မ မြင်လိုက်ရတာက သူရေးရေးနေကျ ဒိုင်ယာရီစာအုပ်ဝါ၀ါလေး။ ကတ္တရာလမ်းမပေါ်က မှန်ကွဲ အစအနတွေကြား မှာ ဖရိုဖရဲလွင့်စဉ်ကျနေတဲ့ ပိုင်ရှင်မဲ့စာအုပ်လေး။ အရာအားလုံးကို မနေ့တစ်နေ့ကလို ပြက်ပြက်ထင်ထင် ပြန်မြင်ယောင်ရင်း ကျွန်မ မျက်ရည်ဝဲမိတယ်။
Remember Me က တိုင်လာဟော့ကင်းစ်ကို အမှတ်ရခိုင်းတာလား၊ ကမ္ဘာသူကမ္ဘာသားအားလုံး တုန်လှုပ်ချောက်ချားခဲ့ရတဲ့ စက်တင်ဘာ ၁၁ ရက်နေ့ (9/11) အဖြစ်အပျက်ဆိုးကြီးကို အမှတ်ရခိုင်းတာလား။ ဇဝေဇ၀ါခံစားမှုအစုစုနဲ့အတူ တစ်ပြိုင်တည်း ပြိုကျ လိမ့်ဆင်းကျလာတဲ့ မျက်ရည်တွေကြားကနေ မိန်းကလေးတစ်ယောက်ကို ကျွန်မ ၀ိုးတ၀ါးလေး လှမ်းမြင်မိလိုက်တယ်။ မြေအောက် ရထားဘူတာရုံမှာ…။ ဘုရားရေ အဲဒါ အဲလီ လား။ မျက်ရည်တွေကို ပွတ်သပ်ဖယ်ရှားပြီး ကျွန်မ မျက်လုံးပြူးကြည့်နေမိတယ်။ ဟုတ် တယ် အဲလီ အစစ်ပဲ။ အဲလီ ဘယ်တုန်းက မြေအောက် ရထားစီးရဲသွားတာပါလိမ့်။ ပထမသေခြင်းကြောင့် နာကျင်ကြောက်လန့်ခဲ့ရပေမဲ့ ဒုတိယသေခြင်းက သူ့ကို သတ္တိတွေ တစ်ဖန်မွေးဖွားပေးခဲ့တာ ဖြစ်မှာပဲလို့ ကျွန်မတွေးမိလိုက်တယ်။။ ရထားပေါ်ကို ရဲရဲဝံ့ဝံ့ နဲ့ လိုက်ပါစီးနင်းသွားတဲ့ အဲလီကို ငေးကြည့်ရင်း တိုင်လာဟော့ကင်းစ်နဲ့အတူ 9/11 ကို ကျွန်မ အမှတ်ရနေတော့တယ်။

တိုက်တိုက်ဆိုင်ဆိုင် အခုလ ဒီလက စက်တင်ဘာ…….။ ရှင်တို့အားလုံးလည်း စက်တင်ဘာကို အမှတ်ရပါ။ ကျေးဇူးပြုပြီး စက်တင်ဘာ ရောက်တဲ့အခါ သတိရခြင်းတွေ ရှင်သန်ဖူးပွင့်လိုက်ပါ။
ဂျူနီယို
Film - Remember Me (American Romantic Drama)
Cast – Robert Pattinson(Tyler Hawkins), Emilie de Ravin(Ally Craig), Pierce Brosnan(Charles), Chris Cooper(Neil Craig), Lena Olin(Diane Hirsch)

No comments: