Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 04, 2013

ညွှန်းတဲ့ရုပ်ရှင်

Getaway
Action / Crime
Warner Bros. Pictures
ဒါရိုက်တာ - Courtney Solomon
ထုတ်လုပ်သူ - Steve Richards, Moshe Diamant, Joel Silver
ဇာတ်ညွှန်း - Sean Finegan, Gregg Maxwell Parker
သရုပ်ဆောင်များ - Ethan Hawke, Selena Gomez, Jon Voight, Bruce Payne, Paul Freeman, Rebecca Budig

အချစ်ဒရာမာရုပ်ရှင်ဇာတ်လမ်းတွဲ Before Sunrise, Before Sunset နဲ့ Before Midnight တို့မှာ သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်မင်းသား၊ သရုပ်ဆောင်၊ ဒါရိုက်တာလည်းဖြစ်တဲ့ Ethan Hawke ရဲ့ ပြေးပြေးလွှားလွှား ရှပ်ရှင်တစ်ကားပါ။ Getaway မှာ လေပွေကြမ်းကြမ်းရိုက်ခတ်သလို လျှပ်တပြက်လှုပ်ရှားမှုတွေနဲ့ ဘရန့်ထ်မက်ဂ်နာ (Ethan Hawke) အကျဉ်းအကျပ်ဖြစ်နေပုံနဲ့ စထားတယ်။ ကားတစ်စီးထဲမှာ အမိအရထိန်းချုပ်ခြင်းခံနေရတယ်။ ဘရန့်ထ် ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီးခိုင်းစေနေတဲ့သူရဲ့ အသံက ကားထဲမှာ ခြောက်လှန့်ကြိမ်းမောင်းနေလိုက်တာ။  ကားထဲက screen လေးမှာ ဘရန့်ထ် ရဲ့ ချောမောလှပတဲ့ ဇနီးသည် အလန့်လန့်အဖြတ်ဖြတ်ဖြစ်နေတဲ့ပုံ ပေါ်လာတော့ သူ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ရပြီ။ ဘရန့်ထ် အဲဒီပဟေဠိဆန်လှတဲ့အသံပိုင်ရှင်ရဲ့ အမိန့်တွေအတိုင်း လိုက်နာရတော့မယ်။ ဇနီးရဲ့ အသက်ကို အမြန်ဆုံးကယ်ဆယ်နိုင်ဖို့က နံပါတ်စဉ်ရေတွက်မှုတွေနဲ့အမျှ အရေးကြီးနေပါပြီ။ ချောက်ချားစရာအသံပိုင်ရှင်ကြီးက ဘာကိုလိုချင်တာလဲ။ ဘရန့်ထ်ဘာလုပ်ပေးရမှာတဲ့လဲ။ ဘရန့်ထ်က ကားပြိုင်ပွဲတွေမှာနွှဲလေ့ရှိတဲ့သူဟောင်းတစ်ဦးပါ။ ဘရန့်မောင်းနှင်တဲ့ကားက Ford Mustang ကားတွေထဲက အဆင့်မြင့်ကား Shelby Cobra ကားမျိုး။ အသံရှင်ရဲ့ အမိန့်တွေနောက် အဆောတလျင်လိုက်ရင်း လမ်းတဝက်မှာ the Kid (Selena Gomez) ဆိုတဲ့ ကွန်ပျူတာကျွမ်းကျင်တဲ့မိန်းကလေးကားပေါ်စွေ့ကနဲပါလာခဲ့ပြီ။ အသံပိုင်ရှင်က the Kid ကို သတ်ပြစ်ရမယ်တဲ့။ ၅ .. ၄ ... ၃ .. ၂ .. ၁ ရေတွက်သံတွေရဲ့ အဆုံး ဘရန့်ထ် စိတ်တွေအဆုံးစွန် ပူလောင်နေခဲ့ရပါပြီ။

Prisoners
Crime / Drama / Thriller
Warner Bros.
ဒါရိုက်တာ - Denis Villeneuve
ထုတ်လုပ်သူ - Broderick Johnson, Kira Davis, Andrew A. Kosove, Adam Kolbrenner
ဇာတ်ညွှန်း- Aaron Guzikowski
သရုပ်ဆောင်များ - Hugh Jackman, Jake Gyllenhaal, Viola Davis, Maria Bello, Terrence Howard, Melissa Leo, Paul Dano

ကျေးဇူးတော်နေ့အခမ်းအနားရှိတဲ့ ဘော်စတွန်မြို့လေး လှုပ်ရှားသက်ဝင်နေတဲ့အချိန်မှာ… အဲဒီမြို့လေးက လက်သမားဆရာ ကဲလာဒိုဗာ (Huge Jackman) ရဲ့ ခြောက်နှစ်သမီးလေး အန်နာ နဲ့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း ဂျွိုင်းတို့ ပြန်ပေးဆွဲခံလိုက်ရတယ်။ သဲလွန်စရှာလို့မရနိုင်လိုက်ဘူး။ အဲဒီအမှုကို စုံစမ်းဖို့တာဝန်ကျတဲ့ မထီတရီဟန်အပြည့်နဲ့ စုံထောက် လိုကီ (Jake Gyllenhaal)ကို အလွန်အမင်း စိတ်ထိခိုက်နေတဲ့ ဒိုဗာ အားမရနိုင်တော့ဘူး။ သူတို့အားလုံး ပိုက်စိတ်တိုက်ရှာဖွေကြတယ်။ ဒိုဗာရဲ့ သားက အပမ်းဖြေကား recreational vehicle အဖြူရောင်ကြီးကို သဘောမတွေ့ဘူး။ မင်္သကာဘူးလို့ သတင်းပေးတယ်။ ကလေးတွေပျောက်ဆုံးသွားတဲ့အချိန်မှာ အဲဒီ ကားအဖြူကြီး သူတို့လမ်းမှာ ရပ်ထားတာ သတိထားမိသူတွေရှိခဲ့ကြတယ်။ အဲဒီကားကို ပိုင်ဆိုင်တဲ့ သူက အဲလက်စ်ဂျုံးစ် (Paul Dano) တဲ့။ စုံထောက်လိုကီက မြန်မြန်ဆန်ဆန်ပဲ အဲလက်စ်ကို ဖမ်းဆီးလိုက်ပါတယ်။ ဒါပေမဲ့ အထောက်အထားမခိုင်လုံ/ မရှိဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ အဲလက်စ် ချက်ချင်းပြန်လွတ်လာတယ်။ တရားဥပဒေအတွင်းကနေ နှေးကွေးလေးလံတဲ့ စုံစမ်းထောက်လှမ်းမှုကို မစောင့်ဆိုင်းနိုင်တော့တဲ့၊ သွေးရူးသွေးတန်းဖြစ်နေတဲ့ ဒိုဗာက အဲလက်စ်ကို ဖမ်းဆီးပြစ်လိုက်တယ်။ အန်နာတို့ကို အမြန်ဆုံးရှာမတွေ့နိုင်ရင် အခြေအနေပေးမှုတွေပိုနည်းသွားမယ်။ နောက်ကျသွားရင် အန်နာကို ဘယ်တော့မှ ရှာတွေ့တော့မှာမဟုတ်ဘူးလို့ ဒိုဗာ ယုံကြည်နေတယ်။ ကလေးတွေပျောက်ဆုံးနေတဲ့အမှုမှာ သူကပဲ တာဝန်အရှိဆုံးလို့ ဒိုဗာ ယုံကြည်နေတယ်။ စုံထောက်လိုကီက ဒီအမှုမှာ ဒိုဗာကို ဝင်မပါဖို့ တောင်းပန်တယ်။ တားဆီးတယ်။ ဒိုဗာကတော့ ထိမ်းမနိုင်သိမ်းမရဖြစ်နေခဲ့ပြီ။ ဒိုဗာ အဲလက်စ်ကို ဝန်ခံခိုင်းဖို့  ပိုပိုပြီး ကြိုးစားလေလေ၊ သူ့ရဲ့ စိတ်နှလုံးကြွေပြုန်းရမယ့်အခြေအနေပိုပြီး နီးကပ်လေလေ ဖြစ်လာခဲ့ပါပြီ။ မြို့လေးမှာတော့ မြို့ခံတွေဟာ ကလေးငယ်တွေပျောက်ဆုံးသွားခဲ့နေရာမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖယောင်းတိုင်လေးတွေ တိတ်တိတ်ဆိတ်ဆိတ်ထွန်းညှိနေကြပါပြီ။

Rush
Action / Biography / Drama
Universal Pictures
ဒါရိုက်တာ - Ron Howard
ထုတ်လုပ်သူ - Ron Howard, Brian Grazer, Andrew Eaton, Eric Fellner, Brian Oliver
ဇာတ်ညွှန်း- Peter Morgan
သရုပ်ဆောင်များ - Chris Hemsworth, Daniel Brühl, Olivia Wilde, Alexandra Maria Lara

Rush ဟာ ၁၉၇၆ ခုနှစ် Formula One ကားပြိုင်ပွဲကာလအတွင်း ကားမောင်းပြိုင်သူ ဂျိမ်းစ်ဟန့်ထ် နဲ့ နီကီလောက်ဒါတို့ကြားက ပြိုင်ဆိုင်မှုတွေအကြောင်းကို ကိုယ်ရေးအတ္ထုပတ္ထိပုံစံ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပါ။ Rush ကို လာမယ့် စက်တင်ဘာမှာပြုလုပ်မယ့် ၂၀၁၃ တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ ပြသဖို့ရွေးချယ်ထားပါတယ်။ သြစတြီးယန်း Formula one ကားမောင်းသမား Niki Lauda ရဲ့ ၁၉၇၆ ဂျာမန် Grand Prix ကားပြိုင်ပွဲ Nürburgring မြို့ လမ်းကြောင်းမှာ အသက်ဆုံးလုနီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်။ ၁၉၇၆ ရက် သြဂုတ်လ ၁ ရက်နေ့မှာ ဒုတိယပြေးလမ်းတစ်ကျော့မှာ အပြင်းဆုံးအရှိန်နဲ့ မောင်းနှင်နေခဲ့တဲ့ လောက်ဒါရဲ့ ပြိုင်ကားအနီလေးဟာ ပြေးလမ်းနံရံကို ဝင်တိုက်မိတော့တယ်။ နောက်ပြန်လိမ့်ကျလာတဲ့  လောက်ဒါရဲ့ Ferrari ပြိုင်ကားဟာ မီးတွေတောက်လောက်လာခဲ့ပြီး လောက်ဒါရဲ့ ခန္ဓာကိုယ်ဟာလည်း မီးတောက်တွေထဲမှာ အလူးလူးအလိမ့်လိမ့်ပိတ်မိနေခဲ့တော့တယ်။ လောက်ဒါရဲ့ ဦးခေါင်းမှာ အပြင်းထန်ဆုံးလောင်ကျွမ်းခဲ့တယ်။ မီးလောင်ရာကထွက်ပေါ်လာတဲ့ ပူပြင်းတဲ့အဆိပ်ဓာတ်ငွေ့တွေကြောင့် အဆုတ်လည်း ပြင်းထန်စွာထိခိုက်ခဲ့တော့တယ်။ စိတ်ဓာတ်ပြင်းထန်လှတဲ့ လောက်ဒါဟာ အဲဒီအချိန်မှာတောင် သတိရှိနေခဲ့ပြီး ထိခိုက်မှုဖြစ်ပြီးပြီးချင်း ချက်ချင်းမတ်တပ်ရပ်နိုင်ခဲ့ပါသေးသတဲ့။ နောက်ပိုင်းမှသာ သတိလစ်မေ့မြောသွားခဲ့ပါတယ်။ Rush မှာ နီကီလောက်ဒါအဖြစ် Daniel Brühl က သရုပ်ဆောင်ထားခဲ့တာပါ။ ရုပ်ရှင်မှာ အဲဒီထိခိုက်မှုအပြီး လောက်ဒါဟာ ပြိုင်ဘက် ဂျိမ်းစ်ဟန့်ထ် (Chris Hemsworth) ကို ပြန်လည်ရင်ဆိုင်ဖို့ ဂျပန်နိုင်ငံ Fuji မှာ ကျင်းပတဲ့ ၁၉၇၆  ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဆီ ပြန်လာခဲ့တာပြထားတယ်။ “လူတိုင်းဟာ တစ်စုံတစ်ရာရဲ့ မောင်းနှင်မှုကို ခံရတယ်”  “အန္တရာယ်နဲ့ မောင်းနှင်တယ်” “စိတ်အားထက်သန်မှုနဲ့ မောင်းနှင်တယ်” “တစ်ဦးနဲ့ တစ်ဦးစီလည်း မောင်းနှင်တယ်” “အပြေးအလွှားပဲ၊ ငါတော့ မရပ်နိုင်တော့ဘူး” တဲ့။ ပြိုင်ကားဝါသနာကြီးသူတွေအတွက် စိတ်ဝင်စားစရာပြကွက်တွေနဲ့ ပြည့်နှက်နေတဲ့ Rush ပါ။

Cloudy with a Chance of Meatballs 2
Acnimation / Comedy / Family
Columbia Pictures
ဒါရိုက်တာ - Cody Cameron, Kris Pearn
ထုတ်လုပ်သူ - Kirk Bodyfelt
ဇာတ်ညွှန်း- John Francis Daley, Jonathan Goldstein, Erica Rivinoja
သရုပ်ဆောင်များ - 
Bill Hader as Flint Lockwood
Anna Faris as Samantha "Sam" Sparks
James Caan as Tim Lockwood
Neil Patrick Harris as Steve the Monkey
Benjamin Bratt as Manny
Terry Crews as Officer Earl Devereaux
Will Forte as Chester V

အခုတော့ တီထွင်ပါရဂူ ဖလင့်ထ်လော့ခ်ဟုဒ် (Bill Hader) ဟာ စူပါတီထွင်ပါရဂူတစ်ဦးဖြစ်တဲ့ Chester V ရဲ့ The Live Corp ကုမ္ပဏီမှာ အလုပ်လုပ်နေပါပြီ။ ပထမပိုင်း Cloudy with a Chance of Meatballs ရုပ်ရှင်မှာ ဖလင့်ခ်တီထွင်ခဲ့ဖူးတဲ့ ဒလက်စက်ကြီးကြောင့် ဘေးအန္တရာယ်ကြီးလှတဲ့ အစားအစာမျိုးကွဲမုန်တိုင်းဖြစ်ပေါ်ခဲ့သတဲ့။ အဲဒီတော့ ဖလင့်ထ်နဲ့ သူငယ်ချင်းတွေကို Swallow Falls ကနေ တီထွင်ပါရဂူရာထူးက နှုတ်ထွက်ဖို့ အတင်းအကျပ်ခိုင်းတာကို ခံခဲ့ရတယ်။ ဖလင့်ထ်ကလည်း သဘောတူလိုက်ပြီး သူ လေးစားအားကျတဲ့ Chester V ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ပါတယ်။ The Live Corp ဟာ သူတို့နေထိုင်တဲ့ကျွန်းလေးကို သန့်ရှင်းအသက်ဝင်နေစေဖို့၊ ဂြိုဟ်ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်ပိုကောင်းမွန်လာဖို့ နည်းပညာတွေစမ်းသပ်တီထွင်နေတာပါ။ တကမ္ဘာလုံးက အကောင်းဆုံးတီထွင်ပါရဂူတွေကို စုဆောင်းထားတယ်။ ဒါပေမဲ့ Swallow Falls ကုမ္ပဏီမှာတုန်းက  ဖလင့်ထ်တီထွင်ခဲ့တဲ့စက်ကြီးက အခုထိ အလုပ်လုပ်နေတုန်းပဲ။ မျိုးကွဲ အစားအစာတွေဖန်တီးနေဆဲပါ။ သက်ရှိ pickle, ဆာလောင်နေတဲ့ tacodile, ပုဇွန် shrimpanzees၊ ပန်းသီး piethon တို့ရဲ့ မျိုးကွဲတွေ အဆက်မပြတ်ရှင်သန်နေတယ်။ ဖလင့်ထ် နဲ့ သူငယ်ချင်းတွေက အဲဒီစက်ကြီးကို ရပ်တန့်ဖို့။ သူတို့ရဲ့ ကျွန်းလေးနဲ့ သူတို့ရဲ့ ဂြိုဟ်ကမ္ဘာကြီးကို အစားအစာ mutant တွေကြားထဲ နစ်မြုပ်မသွားအောင်အမြန်ဆုံး ကယ်ဆယ်ရဦးတော့မယ်။

ဖြိုးဖြိုး
(Yati Magazine, September, 2013)

No comments: