Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, September 07, 2013

ဘယ်အိမ်ကို အချစ်ဆုံး

ခုတလော Home & Services ဂျာနယ်ကို ဖတ်ကာ ကျွန်မ ဒါကိုပဲ တွေးတွေးနေမိသည်။
ကျွန်မ နေခဲ့ဖူးတဲ့အိမ်တွေ ဘယ်နှအိမ်ရှိပါလိမ့်၊ သိပ်များများစားစားမရှိ။
အိမ်တွေအပေါ် ကျွန်မခံစားချက်တွေ ဘယ်လို ရှိပါလိမ့်၊ ဒါတော့ ခပ်များများ ရှိနေသည်။

အိမ် (၁)
ပျဉ်းမနားမှာရှိသည်။ မွေးဖွားချိန်ကစလို့ ဆယ်တန်းအထိ ကျွန်မနေခဲ့သည်။ ကျွန်မတို့ မောင်နှမ ၇ ယောက်လုံး အဲဒီအိမ်မှာမွေးသည်။ အဲဒါဖေ့ဖေ့အိမ်လား၊ မေမေ့အိမ်လား၊ ဖေဖေကတော့ သူ့လက်သူ့ခြေ၊ သူ့ချွေးနှဲစာငွေ၊ သူ့စိတ်ကူးတွေနှင့် ဆောက်သည်လို့ အမြဲဂုဏ်ယူပြောလေ့ရှိသည်။ မေမေကလည်း ဖေဖေက `ငွေ လိုလို့ ခဏစိုက်ထားပေး နောက် ပြန်ပေးမယ်´ဆိုကာ ဖေဖေက တောင်းတောင်းယူသွားပြီး တစ်ခါမှလည်း ပြန်ရသည်မရှိဘဲ နောက်ဆုံး သူပိုင်ဆိုင်သမျှ ရွှေတွေ ဒီအိမ်ထဲမှာ အများကြီး မြှုပ်နှံရင်းနှီးခဲ့သည်လို့ ဆိုသည်။ ပိုင်ဆိုင်မှုစာရင်း စာရွက်ထဲမှာတော့ မေမေ့နာမည်နှင့် ဖြစ်သည်။ ပျဉ်းမနားအိမ်ကို တောင်နှင့်မြောက် ရှည်လျားသည့် ထောင့်မှန်စတုဂံပုံမြေကွက်ထဲ၊ မြောက်ဘက်နေရာယူကာ ဆောက်ထား သည်။ အစကတော့ ခြေတံရှည် ပျဉ်အိမ်ဖြစ်ပြီး အောက်မှာ အုတ်ဖြည့်ကာ တိုးဆောက်ခဲ့သည်။ နောက် မီးဖိုဆောင်လို့ ယူဆကာ မြောက်ဘက်စည်းရိုး ဘက်ကပ်ပြီး အိမ်တစ်လုံး ထပ်ဆောက် ပြန်သည်။ အိမ်မကြီးနှင့် အိမ်ပွားလေး။ သည်နှစ်လုံးကို အလယ်ကနေ ပေါင်းကူးစင်္ကြံသွယ်ကာ ကူးလူးယှက်နွှယ် လိုက်ပြန်သည်။ နောက် ကလေးတွေ ရှိလာတော့ လူနာတွေအတွက် သီးသန့်အခန်းလုပ်တာ ကောင်းမည်ဆိုကာ အိမ်မကြီးခေါင်းရင်းဘက်မှာ ဆေးခန်းတစ်လံုး ထပ်တိုးဆောက်ပြန်သည်။ အိမ်ပွားက လေးရဲ့ နောက်ဘက်မှာ ရေစင် အုတ်ကန်ကြီး ထပ်တိုးလာပြန်သည်။ လသာဆောင်နှင့်တွဲလျက်။ အိမ်မြောက်ဘက် စည်းရိုးနှင့်ကပ် လျက်မှာ ရေတွင်းရှိသည်။ မီးဖိုဆောင်အိမ်ရဲ့ရှေ့မှာ ပုန်းညက်ပင် တစ်ပင်ရှိသည်။ အိမ်မကြီးတောင်ဘက်က မြေနေရာလွတ် အရှည်ကြီးမှာ မေမေက နိုင်ငံခြားနှင်းဆီ အမျိုးမျိုး၊ ရွက်လှအစုံစုံ၊ ပိန်းပင်တွေ မျိုးစုံစိုက်သည်။ ဖေဖေက မေမေစိုက်သော အပင်တွေကို သိပ်မလိုလား။ စားလို့ရတဲ့ သီးနှံပင်တွေ စိုက်ချင်သည်။ ယိုးဒယားဆီးသီးပင် တွေ တစ်ခြံလုံး စိုက်ဖူးတာ ကျွန်မမှတ်မိ သည်။ နောက်တော့ ပိုးကျပြီး အကုန်သေကုန်သည်။ အိမ်မကြီး ရှေ့ဂိတ်ဝမှာ အမိုးခုံးလေးနှင့် နွယ်ပင်တစ်မျိုး စိုက်ထားသည်။ ခရမ်းပြာရောင် ပန်းပွင့်လေးတွေ သန်သန်မာမာပွင့်ကြသည်။ ဒါကြောင့် မေမေက ခရမ်းပြာခြံလို့ နာမည်ပေးခဲ့သည်။ မေမေက ကိုင်းညွှတ်ကျနေသည့် ခရမ်းပြာနွယ်ကိုင်းတွေ ဘယ်လောက်ရှည်ကျကျ ညှပ်မပစ်ချင်။ ဖေဖေက အ၀င်အထွက်မျက်စိ ရှုပ်သည်ဆို ကာ မေမေ့အလစ်မှာ ခဏခဏ ဆံပင်ညှပ်သလို မသိမသာ ခိုးခိုးညှပ်သည်။ ဖေဖေအဲလိုလုပ်လေလေ အပင်က ပိုသန်လေလေ။

အိမ်မှာပြတင်းပေါက်တွေ၊ လှေကားတွေများလှသလို အခန်းတစ်ခန်းနှင့်တစ်ခန်း လှည့်ပတ်ကူးလူးလို့ရသည်။ ဖေဖေစိတ် ကူးရတိုင်း ဟိုတိုး သည်ချဲ့၊ ပြန်ဖျက်ပြန်ဆောက်၊ ထပ်ထပ်ဆောက်သည့်အခါ ကျွန်မတို့အိမ်က သဘောင်္တစ်စင်းလိုလို၊ ၀င်္ကဘာလိုလို။ အိမ်ကို အမှတ်အရဆုံး အချိန်ကာလကို ပြောခိုင်းလျှင် ကျွန်မတို့မောင်နှမတစ်တွေ ဗြောင်းဆန်အောင် ဆော့ချိန် ကိုပဲ ပြောရတော့မည်။ ကျွန်မတို့က ရွယ်တူအိမ်နီးချင်းကလေးတွေနှင့် အိမ့်ပြင်ထွက် မြေကြီးပေါ်မှာ ဆော့ကစားဖူးခြင်းမရှိ။ အိမ်မှာပဲ မောင်နှမတစ်တွေ မျိုးစုံဆော့ဖူးသည်။ အိမ်ထဲရှိသမျှ ဆက်တီခုံပါမကျန် ထိုင်ခုံတွေတန်းစီဆက်က ရထားလုပ်၊ ခရီးသွားတမ်းကစားသည်။ အိမ်ကြမ်းပြင်ကျယ်ကြီးပေါ်မှာ စောင်ကြမ်းတစ်ထည်ဖြန့်ခင်းကာ အငယ်တွေက တက်ထိုင်၊ အကြီးတွေက ဆွဲပေးကြသည်။ တူပုန်းတမ်း၊ သေနတ်ပစ်တမ်း၊ သရဲခြောက်တမ်း စုံအောင်ဆော့သည်။ အိမ်ထဲမှာ ဆော့ကစားရ တာပျော်သည်။ တစ်ခန်းဝင် တစ်ခန်းထွက်၊ ဟိုပြတင်းကတက် သည် ပြတင်းကခုန်ချ၊ ဟိုလှေကားက ပြေးဆင်း၊ ဒီလှေကားခုန် တက်..။ တက္ကသိုလ်တက်သည့်အရွယ်ရောက်သည့်တိုင် ပိတ်ရက် အိမ်ပြန်လာတိုင်း ကလေးတွေလို တစ်အိမ်လုံးလှည့်ပတ် ပြေးဆော့ကြတုန်း။ ဆရာ့ကလေးတွေ ဆော့လှချည့်လို့ ဖေဖေ့ကို တစ်ယောက် ယောက်ကပြောလျှင် ကလေးတွေ မဟုတ်ဘူးဗျ၊ ကြည့် ဒီမှာ အငယ်ဆုံး ဆိုကာ ညီမအထွေးဆုံးကိုပြလျှင် မြင်သူတိုင်းအံ့သြ နှုတ်ပိတ်သွားတတ်သည်။ အငယ်ဆုံးက တက္ကသိုလ်တက်သည့်အရွယ်ကိုး။ သည်အရွယ်ထိ ပြေးလွှားဆော့မဆုံး။ ဧည့်သည်လာတိုင်း ဒါက သမီးကြီးအခန်း၊ ဒါက သမီးငယ် အခန်း၊ ဒါက သား.. စသဖြင့် အိမ်အနှံ့လိုက်လိုက်ပြတတ်တတ်သည့် ဖေဖေ့အကျင့်ကိုတော့ ကျွန်မတို့မကြိုက်ပါ။ နေချင်သလို နေနေချိန် ရုတ်တရက်ဧည့်သည်က အခန်းရှေ့ဘွားခနဲပေါ်လာလျှင် ကျွန်မတို့ ဘယ်ပြေးလို့ပြေးရမှန်း မသိ။ လုပ်လက်စ ဆက်လုပ်ရမလို၊ ဧည့်သည်ကို လာပါထိုင်ပါ လက်ဆွဲနှုတ်ဆက်ရမလို ကျဉ်းထဲကျပ်ထဲကျနေချိန် ဖေဖေကတော့ `တစ်အိမ်လုံး ကျွန်တော့်လက်ကျွန်တော့် ခြေနဲ့ ဆောက်တာဗျ´လို့ ပြုံးပြုံးကြီး ပြောကောင်းတုန်း။ သားသမီး ၇ယောက်လုံး သူ့အိမ်မှာ တစ်သက်လုံးနေစေမည်လို့ စဉ်းစားကာ ဒီလို တစ်ယောက်တစ်ခန်းစီ အိမ်အကျယ်ကြီးဆောက်ခဲ့လေသလား ကျွန်မ မတွေးချင်ပါ။ ဒီအိမ်ဟာ ကျွန်မတို့ကို ထာဝရပျော်ရွှင်စေမယ့်အိမ်လို့ ယုံကြည်တဲ့ကြားက အိမ်မှာ ဘယ်သူမှစွဲမြဲမနေနိုင်ကြဘဲ အဘယ်အရာကို ကျွန်မတို့ ဆန့်ထွက်ရှာဖွေနေခဲ့ကြပါသလဲ..။
အခုဆို လိုအပ်ချက်အရ ပိုင်းဖဲ့ရောင်းချရသည့်အခါ ထောင့်မှန်စတုဂံပုံမြေကွက်ရှည်ကြီးလည်း မရှိတော့ပြီ။ အိမ်နှစ်လုံးက ခြံဝင်းနှင့်ကွက်တိ၊ ရှေ့နေရာလွတ်တွေမှာ မြေကြီးတွေ အစား သမံတလင်းတွေက သိမ်းပိုက်လိုက်ပြီ။ ခြံဝင်းက ထောင့်မှန်စတုဂံပုံ အရှည်ကြီးကနေ စတုရန်းပုံ အသွင် ပြောင်းသွားပြီ။

အိမ်(၁)အပေါ် ခံစားချက် - ဘယ်နေရာရောက်ရောက် အိပ်မက်ထဲထိ ပါလာတတ်သည့် ထာဝရမှတ်မိနေမည့်အိမ်။

အိမ်(၂)
ကျောက်မြောင်း၊ မဂ္ဂင်လမ်းမှာရှိသည်။ ၁၉၉၀ ခုနှစ်မှစကာ ၁၉၉၇ ထိ ကျွန်မနေခဲ့သည်။ ညီမလေးနှင့်မောင်လေး တက္ကသိုလ်တက်ရ လွယ်အောင် အဆောင်နေဒုက္ခက ကင်းဝေးအောင် ၀ယ်ယူလိုက်သည့်တိုက်ခန်းသာ။ ကျွန်မလည်း အလုပ်လုပ်ရင်းနေသည်။ ၉ထပ်တိုက်၊ သုံးလွှာ ထောင့်ခန်းဖြစ်လို့ လေကောင်းကောင်းရသလို လမ်းထောင့် ချိုးကွေ့တိုင်း အသံပေးတတ်သည့် ကားဟွန်းသံတွေလည်း နေ့ရောညပါ ကြားရတတ်သည်။ နေခါစမှာပဲ ငလျင်နှင့်တိုးလို့ ကြောက် လိုက်သည့်ဖြစ် ခြင်း။ တိုက်အမြင့်တွင် မနေဖူးလို့ ကြောက်အားပိုတာလည်းပါသည်။ ဒီအိမ်က တိုက်ခန်းပီပီ တိုက်ခန်းအထာတွေ အပြည့်ရှိသည်။ အမြဲတမ်း သော့ခတ်ပိတ် ထားရသည်။ ရောက်စက မနေတတ်။ ကိုယ့်ကိုယ်ကိုယ် သော့ခတ်ပိတ်ပြီး နေရသည့် တိုက်ခန်းအထာကို မုန်းလိုက်သည့် ဖြစ်ခြင်း။ နောက်တော့လည်း ဒီလို သော့ခတ်ထားမှ လုံခြုံမှုအပြည့်ရသည်လို့ နားလည်တတ် ခဲ့သည်။ ၀ရန်တာကနေ တွဲလောင်းချထားသည့် ခေါင်းလောင်းကြိုး ရှိသည်။ ကြိုးကို ရေငင်သလို ငင်ယူဆွဲတင်ကာ မုန့်ဝယ်၊ ပိုက်ဆံ ညှပ်ချပေး အသုံးပြုရသည်။ လှေကား ထိပ်မှာ လျှပ်စစ်လူခေါ် ခေါင်းလောင်းရှိသည်။ လက်ဆော့ပြီး နှိပ်သွားတတ်သည့် ကလေးတချို့ကြောင့် ခဏခဏစိတ်တို ရတတ်သည်။ အရေးကိစ္စမရှိလျှင် ဘေးအခန်းကိုတောင် အခေါ်အပြောမလုပ်ဖို့ ဒီအိမ်က ကျွန်မတို့ကို သင်ပေးခဲ့သည်။ မောင်လေးနိုင်ငံခြားသွားချိန်မှာ မေမေ၊ ညီမလေး နှင့် ကျွန်မတို့သုံးယောက်သာ နေကြသည်။ ဖေဖေက ရံဖန်ရံခါ လာလည်တတ်ပေမဲ့ ပျဉ်းမနားအိမ်ကို ကြာကြာမခွဲနိုင်၊ သုံးလေးရက်ကြာ သည်နှင့် သူ့ဘာသာ ရထားလက်မှတ် သွားယူကာ ဇွတ်ပြန်တော့သည်။ ညီမလေးလည်း website designerအလုပ် လုပ်၊ ကျွန်မလည်း မဂ္ဂဇင်းတိုက်မှာအလုပ်လုပ်တော့ ဒီအိမ်မှာ မေမေတစ်ယောက်တည်းအများဆုံးနေရတတ်သည်။ ၀ရန်တာကနေ ကျွန်မတို့ နှစ်ယောက်ကို ပြိုင်တူ နှုတ်ဆက် လက်ပြ၊ မြင်ကွင်းကပျောက်ကွယ်တဲ့ အထိ ရပ်ကြည့်၊ ညနေတစ်ခါ ပြန်အလာကို ၀ရန်တာကနေ ကိုယ်တစ်ပိုင်း ထွက်ကျမတတ် မေမေ စောင့်တတ်သည်။ တစ်ခါမိုးသည်းသည်းမှာ ကျွန်မတို့က ထီးကိုယ်စီနှင့် မိုးမစိုဘဲ အိမ်ပေါ်တက် လာချိန်၊ ၀ရန်တာထက်မှာ ကျွန်မတို့မလာမချင်း ထွက်မျှော်နေသည့် မေမေ့ခမျာ ကြွက်စုတ်ကလေးလို မိုးတွေစိုရွှဲနေလို့။ ဒီမြင်ကွင်းကို ကျွန်မ တစ်သက် မမေ့ပါ။။ ဒီမဂ္ဂင်လမ်းအိမ်က အနောက်ဘက်အရပ် မျက်နှာမူသည်။ လူတချို့က မနှစ်သက်။ ကျွန်မကတော့ နေ၀င်ချိန် ညနေဆည်း ဆာကို မိမိရရစောင့်ကြည့်ရလို့ အလွန်ပျော်ဖူးသည်။ ဘေးဘက်ဝရန်တာကနေလည်း ညည ကောင်းကင်က လမင်းကို စောင့်စောင့် ကြည့်ရလို့ သဘောကျသည်။ သို့ပေမဲ့ အပျော်တွေ တာရှည်မခံ၊ လုံခြုံစိတ်ချမှုရှိဖို့ အိမ်ပတ်ပတ်လည် ၀ရန်တာတွေအားလုံး သံပန်းဆန်ခါကွက်တွေ စိတ်နေအောင် ကာရံခတ်ပိတ် လိုက်သည့်အခါ နေညိုဆည်းဆာနှင့် ကောင်းကင်ကို အဆီးအတားမဲ့ လွတ်လပ်စွာငေးကြည့်ခွင့် မရတော့ပါ။ ကျွန်မက အိမ်ထောင်ကျ၊ ညီမလေးကလည်း နိုင်ငံခြားသွားသည့်အခါ မေမေ တစ်ဦးတည်း နေလို့မဖြစ်တော့ပါ။ အပြီးအပြတ်ရောင်းချကာ မေမေက ပျဉ်းမနားအိမ်မှာ ပြန်နေရသည်။

            အိမ်(၂)အပေါ် ခံစားချက် - ကျောက်မြောင်း၊မဂ္ဂင်လမ်းကဖြတ်ချိန်မှာတောင် တစ်ချက်လောက်လှည့်ကြည့်ဖို့ မေ့လျော့နေ သည်အထိ ကျွန်မမှတ်ညဏ်ထဲက လွတ်ကျသွားခဲ့သည့်အိမ်။

အိမ် (၃)
ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲ၊ ဂျပ်ဆင်ဘုရားကျောင်းနှင့်အနီးဆုံးမှာရှိသည်။ ၁၉၉၇ ကစလို့ အခုထိ ဒီအိမ်မှာ ကျွန်မနေ သည်။ ပြည်လမ်းက ၀င်ရသည်။ မျက်နှာချင်းဆိုင်မှာ သီရိဆောင်၊ ခေါင်းရင်းဘက်မှာ ရွှေဘိုဆောင်တို့ရှိသည်။ ဒီမှာနေ တယ်လို့ သိသွားကြသည်နှင့် လူအပေါင်းတို့(အထူးသဖြင့် တက္ကသိုလ်အတူတက်ဖူးသည့် သူငယ်ချင်းတွေ)က ကျွန်မကို အလွန်အမင်း အားကျ သော မျက်လုံးကြီးများဖြင့် စုပြုံကြည့်တတ်ကြသည်။ ကျောင်းပြီးတာတောင် တက္ကသိုလ်ကျောင်းနှင့် ဝေးမသွား၊ ဘွဲ့နှင်းသဘင်၊ သစ်ပုတ်ပင်၊ အဓိပတိလမ်းတို့စုဝေးရာ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ခုထိနေခွင့်ရတာ သိပ်ကံကောင်း သည်တဲ့။ သူတို့သည်လိုပြောလာ ကြတိုင်း ကျွန်မကိုယ်ကျွန်မ ဇ၀ိုဇ၀က်နှင့် မေးခွန်းပြန်ထုတ်ကာ ငိုချင်နေမိတတ်သည်။ ကျွန်မတကယ်ပဲ ကံကောင်းသလား။ ကျွန်မက တော့ ကံ သို့မဟုတ် ကြမ္မာကို မယုံကြည်ပါ။ ဘုရားသခင်ကိုတော့ စိတ်နှလုံးပုံကာ ယုံကြည်သည်။ ဘုရားကျောင်းနှင့်အနီးဆုံးမှာ နေခွင့်ရ၊ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမပျက်မကွက်တက်ခွင့်ရ၊ ဓမ္မသံစုံအဖွဲ့မှာ alto memberအဖြစ် ပုံမှန်သီဆိုခွင့်ရလို့ ကျွန်မသိပ် ပျော်သည်။ ဒါကလွဲလို့ ဒီအိမ်မှာ ကျွန်မအတွက် အထူးတပ်မက် ပျော်ရွှင်စရာရှိမနေခဲ့ပါ။ စိမ်းမြမြသစ်ပင်တွေအမျိုးပေါင်း မရေတွက်နိုင်အောင် ခြံဝင်းအနှံ့ရှိနေပေမဲ့ ဒီအပင်တွေကို အမည်နာမနှင့် တွဲကာ ကျွန်မ မသိခဲ့။ သူတို့ကလည်း အိမ်သော့၊ခြံသော့၊ ဂိတ်သော့ သော့တွဲတစ်စုံ ကိုင်လို့ မိုးလင်းသည်နှင့် အိမ်ကထွက်၊ မိုးချုပ်မှ ပြန်ဝင်လာတတ်သည့် ကျွန်မကို ရင်နှီးကျွင်္မ်းဝင်စိတ် ရှိဟန် မတူပါ။ မြန်မာပြည်က နာမည်ကျော်ဂီတသမားကြီး ထူးအိမ်သင် မျက်ဝါးထင်ထင် မြင်တွေ့စပ်ဆိုခဲ့သည့် ဂျပ်ဆင်ထိပ်က လရိပ်ပြာကို လည်း ကျွန်မခုထိမတွေ့ရသေး။ ဒီအိမ်မှာ ခြံဝင်းတစ်ခုလုံး မီးမပျက်ပါ။ ကျွန်မနေသည့် အခန်းထဲမှာတော့ မီးပျက်သည်ထက် ပိုဆိုးသည့် အမှောင်ထု ကြီးစိုးချိန်တွေ မကြာခဏကြုံ ရတတ်လို့ တစ္ဆေသရဲတောင် မကြောက်တတ်သည့် ကျွန်မ တဖြည်းဖြည်း ကြောက်တတ် နေခဲ့ပြီ။ ဒီအိမ်မှာ ရေမပြတ်၊ သို့ပေမဲ့ ကျွန်မ အလုပ်ကပြန် လာချိန်တိုင်း ဆာဟာရထဲလမ်းပျောက်သူလို ရေတစ်ပေါက်ကို ပြင်းပြင်းပြပြ ဆာငတ်နေတတ်သည်။ ဒီအိမ်မှာ မီးဖိုချောင်တစ်ခုလုံး ဟိုတယ်ဆားဗစ်လို ၂၄နာရီ အစာအာဟာရနှင့်ပြည့်စုံသည်။ ဒါနဲ့တောင် ကျွန်မ အစာအိမ်က အမြဲလို ဟာတာတာနှင့်ဖြစ်နေတတ်တာ ဘာသဘောပါလိမ့်။ အိမ်က ကျွန်မကို၊ ကျွန်မက အိမ်ကို အပြန်အလှန် ရင်းနှီး ကျွမ်းဝင်ဖို့ ၁၆နှစ်ဆိုသည့် ကာလတစ်ခုတစ်ခုက မလုံလောက်သေးသည့် သဘောပဲလား။ နောက်ထပ်နှစ်ကာလ ဘယ်လောက်များ ကျွန်မ ရင်းနှီးပေးဆပ်ဖို့ လိုသေးဦးမလဲမသိ။ အိမ့်အပြင်နံရံ အုတ်သားတွေပေါ်မှာ တွယ်ကပ်ငြိခိုနေသည့် အုတ်ကပ်ပန်းနွယ်ပင်လေး တွေကတော့ ကျွန်မရဲ့အရင်းနှီးဆုံးအဖော်။ မြေပြင်ကစလို့ အိမ်နံရံပေါ် ကုပ်တွယ်တက်လာသည့် နွယ်ပင်လေးတွေက ကျွန်မအခန်း ပြတင်းပေါက်ထိ ရင့်သန်ကြိးထွားခဲ့ပြီ။ တစ်ကိုယ်ရေခံစားချက်တွေဖိတ်လျှံသည့်အခါ မှောင်ပိန်းပိန်းညတွေမှာ ပြတင်းသံဆန်ခါ ကြားက တိုးဝင်လာနေသည့် နွယ်ပင်လေးတွေကို ပါးနှင့်ကပ်ကာ ကျွန်မ ငိုကြွေးရှိုက်ငင်မဆုံး ဖြစ်ဖူးသည်။ အခု သူတို့မရှိတော့ပြီ။ ရှိရှိသမျှ အဟောင်းအမြင်း၊ အအိုအနွမ်းတွေကို ဖြိုဖျက်ခွာချကာ အိမ်ကို သိန်းပေါင်းများစွာ အကုန်အကျခံ  ပြုပြင်မွန်းမံ လိုက်သည့်အခါ အိမ်သည် ကျွန်မ ဆက်လက် မနေရဲတော့လောက်အောင် ငယ်ဘ၀ပုံပြင်ထဲက မှော်အိမ်တစ်လုံးလို နေ့ချင်းညချင်း သက်ဝင်ကာ လတ်ဆတ် သစ်လွင် ဆန်းကြယ်ခမ်းနားသွားခဲ့ပြီ။

အိမ်(၃)အပေါ်ခံစားချက် - ဒီတစ်သက် ဘယ်တော့မှ ကျွမ်းဝင်လာမှာမဟုတ်တော့သည့် သူစိမ်းတရံစာ အိမ်။

အိမ်(၃)
စိတ်ကူးထဲကအိမ်။ နေရပ်လိပ်စာ အတိအကျမရှိ၊ စိတ်ကူးထဲက အိမ်ဖြစ်သည့်အတွက် စိတ်ကူးထဲမှာပဲ သီးသန့်လေး ထားလိုက်ပါတော့မည်။
အိမ်(၃)အပေါ် ခံစားချက် - သေသည့်တိုင်အောင် လွမ်းမောတသနေရမည့်အိမ်။

အိမ်(၄)
ကောင်းကင်ဘုံမှာ ရှိသည်။ ထာဝရဘုရားရဲ့အိမ်တော်ရာ။ နေစရာအခန်းတွေက အသင့်အနေအထားရှိသည်။ လူ့ဇာတိ သဘောအရ မှားယွင်းစွာပြုမူမိလေသမျှ ၀န်ချတောင်းပန်ခြင်း နောင်တသဘောတစ်ခုတည်းဖြင့် ကျွန်မ ကို အဲဒီအိမ်က စောင့်ကြို နေလိမ့်မည်။ နွေးထွေးသန့်စင်သည့် ရောင်ခြည်တန်းတွေ စဉ်ဆက်မပြတ်လွှင့် ထုတ်ကာ ငြိမ်သက်ခြင်းအပြည့်နှင့် ကျွန်မကို မျှော်စောင့်နေဦးမည်။ အဲဒီအိမ်မှာ ငြူစူစောင်းမြောင်းခြင်း၊ ရန်လိုတိုက်ခိုက်ခြင်း၊ အမှောင်ထုကြီးစိုးခြင်း အလျဉ်းမရှိ။ ပကတိငြိမ်း ချမ်း သာယာမည့်သဘော အပြည့်ရှိသည်။ အဲဒီအိမ်မှာ ကျွန်မ ဘယ်တော့နားခိုရပါ့….။ဒါကို ဘုရားသခင်မှတစ်ပါး မည်သူမျှ မသိနိုင်ပါ။ သိပ်မဝေးလှတော့ပြီလို့တော့ ပြောနိုင်ပါသည်။
အိမ်(၄)အပေါ်ခံစားချက် - ထာဝရပျော်ရွှင်ခြင်းနှင့် ထာဝရငြိမ်သက်ခြင်းကို ပေးမည့်အိမ်။

xxxxxx

အိမ်တွေကို ပိုင်သည်လို့ အထင်ရှိသူများနှင့် ကျွန်မ သဘောချင်းမတိုက်ဆိုင်နိုင်ပါ။ တကယ်တော့ ကျွန်မတို့ကိုယ်စီ အဖိုးအခ တွေ ပေးပြီး ရင်းနှီးဖလှယ် နားခိုနေထိုင် သွားကြရတာပါပဲ။ တချို့က တစ်နှစ်စာပေးပြီး ဖလှယ်နားခို နေထိုင်သည်။ တချို့က တစ်သက်လုံးစာ နင့်ခနဲပေးပြီး ဖလှယ်နားခိုနေထိုင်သည်။ တချို့က ငွေကြေးပေးစရာမလိုဘဲ ဘ၀တစ်ခုလုံး ရင်းနှီးဖလှယ် ကာ နားခိုနေထိုင်ကြရသည်။ ဒါပဲ.. ဒါပဲကွာသည်။ အဆုံးတော့ နားခိုနေထိုင်သမျှ အိမ်အားလုံးကို ကျွန်မတို့ ထားခဲ့ကြရမည်။ မထားခဲ့ခင် အချိန်ပိုင်းမှာ ဘယ်အိမ်ကို အချစ်ဆုံး ဆိုတာတော့ ကျွန်မတို့ရင်ထဲမှာ တိတ်တခိုးအဖြေရှိပါသည်။         ။
စုမီအောင်
Essay(Home & Services Journal, Sep-4)

No comments: