၁. Les Misérables စတား စမန်သာဘာ့ခ် Dracula ရုပ်ရှင်အသစ်မှာ သရုပ်ဆောင်မယ်
Victor Hugo ရဲ့ ဝတ္ထုကိုပုံဖော်ထားခဲ့တဲ့ အချစ်ဒရာမာရုပ်ရှင် Les Misérables မှာ Eponine အဖြစ် သရုပ်ဆောင်ခဲ့တဲ့ စမန်သာဘာ့ခ် (Samantha Barks) ဟာ Dracula ကို အသစ်ပြန်လည်ဖန်တီးမယ့် ယူနီဗာဆယ်ရဲ့ ရုပ်ရှင်အသစ်မှာပါဝင်သရုပ်ဆောင်ပါလိမ့်မယ်။ ဘာ့ခ်နဲ့ အတူ Icelandic စတား Thor Kristjansson ၊ Game of Thrones သရုပ်ဆောင် Art Parkinson ၊ The Devil’s Double သရုပ်ဆောင် Dominic Cooper နဲ့ A Dangerous Method သရုပ်ဆောင် Sarah Gadon တို့လည်း ပါဝင်ကြတယ်။ Boardwalk Empire သရုပ်ဆောင် Charlie Cox လည်း သရုပ်ဆောင်ဦးမယ်။ Luke Evans ကတော့ ဒဏ္ဍာရီဇာတ်လမ်းထဲကအတိုင်း တူရကီလူအုပ်ထဲက ဇနီးနဲ့သားကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ အကျော်ကြားဆုံးသွေးစုပ်ဖုတ်ကောင် ထရန်ဆေးလ်ဗေးနီးယန်းမင်းသား (Prince of Darkness)အဖြစ်သရုပ်ဆောင်မှာပါ။ ဘာ့ခ်က ချောမောလှပတဲ့ မိန်းမပျိုလေး ဘာဘာရာဂါ အဖြစ်သရုပ်ဆောင်ပါလိမ့်မယ်။ ဘာဘာရာဂါဇာတ်ကောင်ဟာ ဆိုးသွမ်းကြမ်းတမ်းတဲ့စုန်းမတစ်ဦးအသွင်ပြောင်းလဲသွားခဲ့တဲ့သူပါ။ ခရစ်ဂျန်စ်စန်က Bright Eyes ဆိုတဲ့ အော်တမန်စစ်တပ်က လုပ်ကြံသတ်ဖြတ်သူ၊ ပါကင်စန်က ဒရက်ကူလာရဲ့ သားငယ် Ingeras အဖြစ်ပါဝင်ကြလိ့မ်မယ်။ ယူနီဗာဆယ်ရုပ်ရှင်ဟာ ဒရက်ကူလာမူရင်းဇာတ်လမ်းတွေကို အသေအချာလေ့လာနေပါတယ်။ တူရကီစစ်တပ်ရဲ့ ကျူးကျော်မှုကနေ သူ့ရဲ့ မိသားစုကို ကာကွယ်ကယ်ဆယ်နိုင်မယ့်နည်းလမ်းမျိုးစုံ ပြင်းပြင်းထန်ထန်ရှာဖွေခဲ့တဲ့ ထရန်ဆေးလ်ဗေးနီးယမ်းမင်းသားအကြောင်း ဦးတည်ရိုက်ကူးမယ်လို့ဆိုတယ်။ Dracula ရုပ်ရှင်အကြောင်းမကြားခဲ့ရတာ တော်တော်ကြာပါပြီ။ ဒရက်ကူလာဒဏ္ဍာရီကို ပြန်ပြီးလတ်ဆတ်အောင်ဖန်တီးမယ့်ရုပ်ရှင်ပုံစံမျိုးဖြစ်တဲ့အတွက် သွေးအလိမ်းလိမ်း၊ အစွယ်ဖွေးဖွေး သွေးစုတ်ဖုတ်ကောင်တွေကို သဘောကျတဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲလို့ ဆိုနေကြတယ်။ သွားစွယ်ဖွေးဖွေးမပါတဲ့ ခေတ်သစ်သွေးစုတ်ဖုတ်ကောင်ရှပ်ရှင် Twilight ထက်ပိုပြီးတော့ သမိုင်းထဲက သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေပြည့်နေမှာပဲတဲ့။ ဒါရိုက်တာက Gary Shore ပါ။ The Draft ဆိုတဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်တိုလေးတစ်ကားပဲ ရိုက်ကူးခဲ့ဖူးတဲ့ ဒါရိုက်တာအသစ်တစ်ဦးကို ဒီလို သမိုင်းကြောင်းဇာတ်အိမ်ကြီးမားတဲ့ရုပ်ရှင်ဖန်တီးဖို့ ယူနီဗာဆယ်က ယုံကြည်မှုပေးခဲ့တာကလည်း စိတ်ဝင်စားစရာပါပဲ။ ဒါပေမဲ့ Gary ဟာ Adidas, EMI, Warner Brothers, Vogue, Nokia နဲ့ တခြားခရီးသွားကြော်ငြာတွေ စီးပွားဖြစ်ရိုက်ကူးအောင်မြင်ခဲ့တဲ့ ဒါရိုက်တာတစ်ဦးတော့ဖြစ်နေပါတယ်။ Dracula Year Zero လို့ ပထမနာမည်ပေးထားတဲ့ ဒီ Dracula ရုပ်ရှင်ကို ၂၀၁၄ သြဂုတ်လ ၈ ရက်နေ့မှာ ဖြန့်ချိပြသမှာပါ။
၂. စိန်လက်စွပ်ရယ် ရေမွှေးရယ် ပန်းရောင်ရက်ပ်သီချင်းတွေရယ်
တောင်အမေရိကမြောက်ပိုင်းစွန်းက ထရီနီဒက် ကျွန်းနိုင်ငံဖွား အမေရိကန် ရက်ပ်အဆိုတော်မလေး Nicki Minaj ဟာ Housewives of Atlanta တီဗီစတား NeNe Leakes နဲ့ အတူ လော့စ်အိန်ဂျယ်လိစ် ညစာစားပွဲတစ်ခုတက်ရောက်ခဲ့တယ်။ ညစာစားပွဲကအပြန် သက်တော်စောင့်တွေဝန်းရံပြီးတွေ့လိုက်ရတဲ့အချိန်မှာ အားလုံးရဲ့ မျက်လုံးတွေဟာ ဂရမ်မီ ၄ ဆုရှင် နစ်ကီရဲ့ စိန်လက်စွပ်ဆီ အာရုံစိုက်ကုန်ကြတယ်။ အမှတ်တံဆိပ်တစ်ခုလို့ပြောရလောက်အောင် ပန်းနုရောင်အမြဲလိုလိုဆင်မြန်းလေ့ရှိတဲ့ နစ်ကီမီနပ်ခ်ျကို အခုတစ်ခါလည်း ပန်းနုရောင်ခပ်စူးစူးတီရှပ်၊ ဦးထုပ်နဲ့ အတူ၊ တဖျတ်ဖျတ်လက်နေတဲ့ စိန်လက်စွပ်ဝတ်ဆင်ထားတာတွေ့ခဲ့ရတယ်။ ပြီးတော့ ပုံမှန်မြင်တွေ့နေကြမဟုတ်တဲ့ မိတ်ဆွေနှစ်ဦးတို့ရဲ့တွေ့ဆုံမှုကြောင့်ပဲ ထူးခြားတဲ့ညစာစားပွဲဖြစ်နိုင်တယ်လို့ ပရိတ်သတ်တွေက ပြောနေကြတယ်။ သူတို့စူးစမ်းတာက DJ သမား Khaled က နစ်ကီကို လူသိရှင်ကြားလက်ထပ်ခွင့်တောင်းခဲ့တာကြောင့်ပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က Khaled ဟာ MTV သတင်းအမေးအဖြေတစ်ခုမှာ “နစ်ကီမီနပ်ခ်ျ ရေ၊ ငါ အခု MTV မှာပါ။ ငါ မင်းကို ချစ်တယ်။ ငါမင်းကို ကြိုက်နှစ်သက်တယ်။ ငါ မင်းကို ရယူချင်တယ်။ မင်းဟာ ငါ့အတွက်ဖြစ်စေချင်လိုက်တာ။ ငါအခု MTV မှာ ပြောလိုက်ရတာက ဒါဟာ ကမ္ဘာတစ်ဝှမ်းလုံးသိနိုင်တဲ့ကွန်ယက်ကြီးဖြစ်နေလို့ပါ” လို့ ရုတ်တရက်ပြောလိုက်တယ်။ နစ်ကီအတွက် ပျှမ်းမျှ ဒေါ်လာ ၅၀၀ ၀၀၀ ခန့်တန်ကြေးရှိမယ့် ၁၀ ကာရက်စိန်လက်စွပ်နဲ့ အတူ လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။ နစ်ကီကတော့ လက်ထပ်ခွင့်တောင်းခံတာနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှမပေးသေးပါဘူး။ ဒါပေမဲ့ Khaled ရဲ့ MTV ဗီဒီယိုကိုတော့ သူမရဲ့ Twitter အကောင့်မှာ “DJ Khaled ရဲ့ Nicki Minaj အတွက် အထူးစပယ်ရှယ်ကမ်းလှမ်းမှု” ဆိုပြီး တင်ထားလိုက်ပါတယ်။ အဲဒါဟာ Khaled အတွက် ကောင်းတဲ့လက္ခဏာပဲလို့ မိတ်ဆွေတွေကတော့ ပြောနေကြတယ်။ ညစာစားပွဲမှာ နစ်ကီဝတ်ဆင်ထားခဲ့တဲ့ လက်စွပ်ကစိန်ပွင့်တွေရဲ့ အဆင်ဒီဇိုင်းဟာ မတူပါဘူးလို့လည်းဆိုကြပြန်တယ်။ တချိန်တည်းမှာပဲ နစ်ကီမီနပ်ခ်ျရဲ့ သုံးခုမြောက် ရေမွှေး Minajesty ကို ဒီနှစ်ဆောင်းဦးပေါက်မှာ ရေမွှေးကောင်တာတွေဆီ အရောက်တင်ထားနိုင်အောင်စီစဉ်နေပါတယ်လို့ နစ်ကီကကြေညာထားတယ်။ ကြေညာပြီးနောက် ရက်အနည်းငယ်အတွင်း ယူကေ အရောင်းဈေးကွက်တစ်ခုထဲမှာပဲ ပေါင် ၁.၁ သန်းအမှာစာရခဲ့ပြီးပါပြီ။ ပန်းရောင်ပုလင်းဒီဇိုင်းနဲ့ရေမွှေးသစ် ကို Twitter မှာ မိတ်ဆက်ခဲ့တယ်။ အဲဒီနေ့က ပန်းရောင်ရက်ပ်အဆိုတော်မလေးဟာ ရိုးတွင်းချဉ်ဆီအစားထိုးဖို့ရံပုံငွေရှာဖွေတဲ့ သတင်းတွေလည်း ဆက်တိုက်တင်နေခဲ့ပါတယ်။ သူမကိုယ်တိုင် အဲဒီအလှူအတွက် ပါဝင်လှူဒါန်းခဲ့တယ်။
၃. ဂီတသံတွေရဲ့ အမှတ်တရတွေ
၁၉၆၅ ခုနှစ်က ဂန္တဝင်ဂီတရုပ်ရှင် The Sound of Music မှာ ဝတ်ဆင်ခဲ့တဲ့ဇာတ်ဝင်ခန်းဝတ်စုံတွေကို ကယ်လီဖိုးနီးယားက ဟောလိဝုဒ်အမှတ်တရပစ္စည်းလေလံတင်ပွဲမှာ လေလံတင်ရောင်းချခဲ့တဲ့အခါ ဒေါ်လာ ၁.၃ သန်း (ပေါင် ၈၄၅ ၀၀၀) ရရှိခဲ့ပါတယ်။ လေလံတင်ပွဲကဖော်ပြတာက သြစတြီးယန်းစတိုင် လက်ဖြစ် အညိုရောင်နဲ့ ဂျုံစေ့ရောင် လေးလေးလံလံ ဘလောက်စ်ရယ်၊ Von Trapp မိသားစုဝင် ယောက်ျားလေးတွေဝတ်ဆင်ခဲ့တဲ့ ဆိုင်းကြိုးပါ ပန်းပွင့်ဒီဇိုင်းကျဲပက်ထားတဲ့ဝတ်စုံတွေလည်း ပါဝင်တယ်လို့ဆိုတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ အန္တရာယ်ကနေလွတ်မြောက်အောင်ကြိုးစားခဲ့ကြတဲ့ သြစတြီးယန်း သီချင်းသည်မိသားစုရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ The Sound of Music ဟာ ၁၉၆၆ ခုနှစ် အော်စကာ ၅ ဆု ရရှိခဲ့တယ်။ ၂၀၁၂ ခုနှစ်က အိုပရာဝင်းဖရေးပြုလုပ်တဲ့ အမေးအဖြေမှာ ဗြတိသျှအင်ပါယာ ဂုဏ်ထူးဆောင် DBE ဘွဲ့ရခဲ့တဲ့ The Sound of Music ရဲ့ သရုပ်ဆောင် ဂျူလီအန်ဒရူးဟာ သူမ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်အကြောင်းပြောပြခဲ့တယ်။ ပထမ ရုပ်ရှင်ပြသခဲ့တုန်းက အဲဒီလောက်အောက်မြင်သွားခဲ့မယ်လို့ သူမ မထင်ခဲ့မိဘူးတဲ့။ “ကျွန်မရဲ့ ပန်းတိုင်ကို ပုံဖော်သွန်းလောင်းပေးခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့တယ်။ သိပ်ကို ကြီးကျယ်ခမ်းနားတဲ့ရုပ်ရှင်ပါ”လို့ ဂျူလီက ပြောပါတယ်။ အဲဒီလေလံပွဲမှာ Gone with the Wind ရုပ်ရှင်အဖွင့်ခန်း အသုံးပြုခဲ့တဲ့ တာရာရဲ့ ပန်းချီကားလည်း ပါဝင်ခဲ့တယ်။ အဲဒီပန်းချီကားကိုတော့ ဒေါ်လာ ၂၇၀ ၀၀၀ (ပေါင် ၁၇၅ ၀၀၀) နဲ့ရောင်းချနိုင်ခဲ့တယ်။ Walt Disney ရဲ့ ပထမဆုံး သိပ္ပံဆန်းကြယ်ရုပ်ရှင်ဖြစ်တဲ့ (ကာ့ခ်ဒေါက်ဂလပ်စ် ပါဝင်ခဲ့တဲ့) 20 000 Leages Under the Sea ထဲက ရေငုပ်ခေါင်းဆောင်းက ဒေါ်လာ ၇၅ ၀၀၀ ( ပေါင် ၄၅ ၀၀၀) နဲ့ The Sopranos ရဲ့ နောက်ဆုံးအခန်းမှာ တိုနီဆိုပရာနို(James Gandolfini)ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံက ဒေါ်လာ ၂၂ ၀၀၀ (ပေါင် ၁၄ ၂၀၀) စသဖြင့် လေလံတင်ရောင်းချခဲ့နိုင်ခဲ့ကြပါတယ်။
၎. ချစ်စရာမိခင်လောင်း ဖာဂီရဲ့ ဘေဘီ မိတ်ဆက်ပွဲ
The Black Eyed Peas ဟစ်ပ်ဟော့ပ်အဖွဲ့ရဲ့ အဆိုတော် ဖာဂီဟာ သူမရဲ့ ပထမဆုံး ကလေးကို ကြိုဆိုတဲ့ပွဲ၊ ဖာဂီရဲ့ ခင်ပွန်း ဂျိုစ့်ဒူဟာမဲလ်က ဇနီး မိခင်လောင်း ဖာဂီကို ဂုဏ်ပြုတဲ့ပွဲကို အရင်းနှီးဆုံး၊ အချစ်ခင်ဆုံးမိတ်ဆွေတွေနဲ့ လော့စ်အိန်ဂျယ်လိစ်၊ SLS ဟိုတယ်မှာ သြဂုတ်လကုန်ပိုင်းကပြုလုပ်ခဲ့ပါတယ်။ “ဒီနေ့က သားလေးကို ကြိုဆိုတဲ့ပွဲပါ။ သူ စကားပြောဖို့ ကြိုးစားနေပါတယ်”လို့ ဖာဂီက ပြောပါတယ်။ Say My Name လို့ ရေးထားတဲ့ ပူဖောင်းလေးကို ကိုင်ထားရင်း သူမရဲ့ အသွေးအရောင်စုံဝတ်စုံကျပ်အောက်က ကလေးငယ်ရဲ့ လှုပ်ရှားခုန်ပေါက်နေပုံကို ပြသရင်းနဲ့ ကြည်ကြည်နူးနူးပြောသွားခဲ့တာပါ။ အဲဒီပွဲမှာ ကယ်လီအော့စ်ဘွန်း၊ အဒမ်လမ်းဘာ့ထ်၊ လန့်စ်ဘေစ့်၊ ဂျူလီယန်ဟာ့ဖ် နဲ့ ဂါဘရီယလ်အော်ဘရီ တို့တက်ရောက်ခဲ့ပါတယ်။ ပွဲကျင်းပပေးခဲ့သူက ဖာဂီရဲ့ အေးဂျင့် ရှောင်န်ပက်တန်ဆန်၊ Dsquared ဖက်ရှင်ဒီဇိုင်နာ ဒီးန် နဲ့ ဒန်ကာတန်၊ ဆံပင်အလှဆင်သူ အန်ဒီလက်ကွမ်ပ်တဲ တို့ပါ။ အနက်၊ အဖြူ နဲ့ အပြာရောင်တွေနဲ့ လေးလွှာကိတ်မုန့်ထဲက တစ်လွှာမှာ “BABY” လို့ရေးထားတဲ့ ဂုဏ်ပြုကိတ်မုန့်ကိုတော့ ဒိုင်လန်ကန်ဒီဘားက ဒိုင်လန်လောရန်က ဒီဇိုင်းလုပ်ပေးခဲ့တယ်။ ကော့တေးလ်ပွဲအတွက် Cuca Fresca Organic Cachaca, Tallarico Vodka နဲ့ ဖာဂီရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ Ferguson Crest ဝိုင်နဲ့လည်း ဧည့်ခံခဲ့တယ်။ တိရစ္ဆာန်အရုပ်လေးတွေပုံစံပြုလုပ်ထားတဲ့ပူဖောင်းလေးတွေကိုတော့ ကလေးတွေအတွက်လက်ဆောင်ဖြစ်ပြီး အဖြူနဲ့ အပြာရောင်သကြာလုံးတွေကို ကလေးငယ်တွေ အိမ်အပြန်လက်ဆောင်ထည့်ပေးလိုက်ကြတယ်။ ဖာဂီနဲ့ သရုပ်ဆောင် ဂျိုစ့်ဒူဟာမဲလ်တို့ဟာ ၂၀၀၉ ခုနှစ်က မာလီဘူးမှာ မင်္ဂလာပွဲကျင်းပခဲ့ကြပါတယ်။
၅.သက်ရှိ Barbie မလေးရဲ့ တကယ့်ဘဝ
Barbie အရုပ်မလေးနဲ့တူအောင် ခွဲစိတ်ကုသမှုတွေအကြိမ်ကြိမ်ပြုလုပ်၊ မိတ်ကပ်တွေအလွန်အကျွံအသုံးပြုလာခဲ့တဲ့ ယူကရိန်းမော်ဒယ်လေး Valeria Lukyanova ရဲ့ မိနစ် ၂၀ စာ Barbie တကယ့်ဘဝ မှတ်တမ်းရုပ်ရှင်ကားကို ရိုက်ကူးပြသခဲ့ပါတယ်။ Space Barbie လို့ နာမည်ပေးထားတဲ့အဲဒီမှတ်တမ်းကားထဲမှာ ဗာလဲရီရာက “သူမဟာ တကယ်တော့ အာကာသအပြင်ဘက်က ဂြိုဟ်သားတစ်ဦးဖြစ်တယ်”လို့ ဆိုတယ်။ Space Barbie ထဲမှာ ဖတ်သွားတာက“ဗာလဲရီရာဟာ တကယ့်မိန်းကလေးအစစ်မဟုတ်ဘူးဆိုတာ ကမ္ဘာကမသိခဲ့ကြပါဘူးတဲ့။ ဒါပေမဲ့ အချိန်ခရီးသွားဂုရုတစ်ပါးရဲ့ စေစားခြင်းနဲ့ အပေါ်ယံ/ ဆန့်ကျင်ဘက်စွမ်းအားတွေကနေ ကမ္ဘာကို ကယ်ဆယ်ဖို့ရောက်ရှိနေရတယ်” တဲ့။ Barbie ရဲ့ တကယ့်ဘဝ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သူက ဒါရိုက်တာ Will Fairman ပါ။ ဗာလဲရီရာ ရဲ့ဓာတ်ပုံတွေကိုတွေ့ရှိသွားခဲ့ပြီး ၂၃ နှစ်အရွယ် အဲဒီမိန်းကလေးရဲ့ မယုံကြည်နိုင်လောက်အောင် သေးငယ်တဲ့ ခါးကျဉ်ကျဉ်လေးရယ်၊ ပြူးကျယ်ဝိုင်းစက်တဲ့ မျက်ဝန်းတွေရယ်၊ ပလပ်စတစ်သား မျက်နှာကြည်ကြည်လေးရယ်ကြောင့် ဒီလို မှတ်တမ်းကား ရိုက်ကူးဖို့ စိတ်ကူးရသွားခဲ့တာလို့ဆိုပါတယ်။ “သူများတွေတွေ့မြင်သလိုပဲ ကျွန်တော်လည်း သူမရဲ့ စိတ်ရှုပ်ထွေးစရာလည်းကောင်း၊ ပြီးတော့ အသည်းယားစရာ ကို့ရို့ကားယားနိုင်လှတဲ့ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုတွေကြည့်ခဲ့ရတာပါပဲ။ ကျွန်တော်တွေးမိတယ်။ ဒီ ထူးခြားတဲ့အသွင်အပြင်နောက်ကွယ်မှာ တစ်စုံတစ်ရာတော့ရှိနေမှာပဲ” Fairman က Daily Mail သတင်းစာကိုဖြေခဲ့တာပါ။ ဗာလဲရီရာဟာ သူမယုံကြည်ရာကို မီးမောင်းထိုးပြဖို့အတွက် Barbie ပုံစံရအောင်ခွဲစိတ်မှုတွေလုပ်ခဲ့သူပါပဲ။ “ခန္ဓာကိုယ်ပြင်ပ အချိန်ခရီးသွားလာမှု ဘာသာရပ်မှာ ကျွန်မက သရုပ်ပြသူပါ။ ကျွန်မသာ သီလရှင်တစ်ပါးဖြစ်ပြီး နာမ်လောကအကြောင်း၊ ကမ္ဘာအပြင်ဘက်က ဂြိုဟ်သားအကြောင်း ရှင်းလင်းပြောပြနေမယ်ဆို ဘယ်သူကများ သတိထားမိမလဲ” လို့ ဗာလဲရီရာက ဆိုတယ်။ Fairman ပြောတာက ဗာလဲရီရာဟာ အတုအယောင်မဟုတ်ပါဘူး။ သူမဟာ တခြားဂြိုဟ်က ဂြိုဟ်သားတစ်ဦးဖြစ်တယ်လို့ ၁၀၀ ရာခိုင်နှုန်းယုံကြည်ထားပါသတဲ့။ Space Barbie မှတ်တမ်းရုပ်ရှင်မှာ ဗာလဲရီရာရဲ့ ခွဲစိတ်မှုတွေအကြောင်း အဓိကရိုက်ကူးမထားပါဘူး။ ဗာလဲရီရာရဲ့ seminar တစ်ခုအတွက် ၇၅ ဒေါ်လာကောက်ခံတယ်လို့သတင်းတချို့မှာရေးပါတယ်။ သက်ရှိအရုပ်မလေး ဗာလဲရီရာရဲ့ Facebook အကောင့်ကနေ လတ်တလောတင်လိုက်တဲ့ ဓာတ်ပုံတွေမှာ သူမရဲ့ ခါးလေးဟာ ပိုလို့တောင်သေးကျဉ်လာပြီး ပိုပြီး ပိန်သွယ်လာတာကို အများက သတိထားမိခဲ့ကြတယ်။ ဒီ အင်တာနက်ပေါ်ကကျော်ကြားသူလေးဟာ ရောဂါဝေဒနာခံစားနေရသူနဲ့ တူနေပါပြီ လို့ မှတ်ချက်ပေးနေကြပါတယ်။
၆. နှစ် ၃၀ မြောက် အားလပ်ရက်ထဲက တကယ့်မိသားစုလေး

ဖြိုးဖြိုး
(Yati Magazine, September, 2013)
No comments:
Post a Comment