Photo : |
သံဃာတော်အများစုပါဝင်တဲ့ လမ်းလျှောက်ဆန္ဒပြပွဲတွေအပေါ် ပြည်သူလူထုရဲ့ တုံ့ပြန်မှုတွေမှာတော့ ကြောက်ရွံ့စိုးထိတ်မှုတွေရှိနေသေးတာ သိသိသာသာမြင်နေခဲ့ရတယ်။ ဗုဒ္ဒဘာသာတိုင်းပြည်မှာ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေဖြစ်ပေါ်လာခဲ့မလား အားလုံးပဲထိတ်လန့်နေခဲ့ကြပါတယ်။ သံဃာတွေဟာ မန္တလေးမြို့မှာလည်း ချီတက်ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြတယ်။ သံဃာ ၄၀၀၀ ခန့် အပါအဝင် လူပေါင်း ၁၀၀၀၀ ခန့်လမ်းလျှောက်ဆန္ဒပြပါတယ်။ ဆန္ဒပြပွဲတွေဟာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ပိုလို့ကျယ်ပြန့်လာခဲ့တယ်။ မြန်မာစစ်အစိုးရဟာ နိုင်ငံထဲမှာ နိုင်ငံခြားသတင်းထောက်တွေကိုကန့်သတ်ထိန်းချုပ်ထားခဲ့ပေမယ့် အင်တာနက်ဆက်သွယ်ရေးတွေ၊ ထိုင်းနိုင်ငံက ပြည်ပြေးအစုအဖွဲ့တွေနဲ့ မြန်မာနိုင်ငံတွင်းအဆက်အသွယ်တွေကတဆင့် ဆန္ဒပြပွဲဓာတ်ပုံ၊ ဗီဒီယို နဲ့ အသံဖိုင်တွေ နိုင်ငံပြင်ပကို လျှင်လျှင်မြန်မြန်ပဲ စီးဆင်းသွားနိုင်ခဲ့ကြတယ်။ ၁၉၈၈ ခုနှစ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့တဲ့ လူထုအုံကြွမှုကို စစ်တပ်က ဖိနှိပ်ချေမှုန်းလိုက်ပြီးကတည်းက ဆန္ဒပြပွဲတွေ၊ ပြည်သူဆန္ဒဖော်ထုတ်ရေးဆိုတာတွေဟာ စုံးစုံးမြုပ်ငုပ်လျှိုးသွားခဲ့တာပါ။ အဲဒီ ၁၉၈၈ ခုနှစ်အရေးအခင်းမှာ ခန့်မှန်းခြေ အရပ်သား ၃၀၀၀ ခန့် သတ်ဖြတ်ခံရပါတယ်။ ၁၉၉၁ မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့အိမ်မှာ ပြီးခဲ့တဲ့ ၁၈ နှစ်တာကာလအတွင်း နေအိမ်အကျယ်ချုပ် ၁၂နှစ်ကျခံနေခဲ့ရတယ်။ အစိုးရဟာ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာဖမ်းဆီးခဲ့ပါတယ်။ ယူအက်စ် နဲ့ ဥရောပက တင်းကျပ်တဲ့စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ အဓိက တရုတ်နိုင်ငံ၊ အိန္ဒိယ နဲ့ တချို့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကုန်သွယ်မှု နဲ့ အထောက်အပံ့တွေကြောင့် ပိတ်ဆို့မှုတွေဟာ အားလျော့ခဲ့တယ်။ ယူနိုက်တက်စတိတ်ဟာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးရှိနေခဲ့ပြီး သံအမတ်တော့မထားရှိခဲ့ပါဘူး။ သမ္မတဘုရှ် နဲ့ ဇနီး လော်ရာဘုရှ် နဲ့ ဟောလိဝုဒ်အကျော်အမော်တွေကလည်း မြန်မာနိုင်ငံအကြောင်းအရေးယူပြောဆိုလာခဲ့ကြတယ်။ လူအခွင့်အရေးချိုးဖောက်ကာ နိုင်ငံရေးအာဏာအကြမ်းဖက်ကိုင်တွယ်မှုတွေပြုလုပ်ခဲ့တဲ့ အာဏာသိမ်းစစ်ဘက်အရာရှိတွေကို ပိုပြီးသတိထားမိစေဖို့၊ အရေးတကြီးကိစ္စအဖြစ် ယူအန်အစည်းတွေခေါ်ယူနိုင်အောင်တိုက်တွန်းလှုံ့ဆော်ခဲ့ကြတယ်။ ယူအက်စ် အတွင်းရေးမှူး ကွန်ဒိုလီဇာရိုက်စ်ဟာ ကုလသမဂ္ဂကိုရောက်ရှိခဲ့စဉ်မှာ “မြန်မာအစိုးရဟာ ဆန္ဒပြပွဲတွေကို ဘယ်လိုကိုင်တွယ်စီမံမလဲ။ အသေအချာစောင့်ကြည့်နေပါတယ်” ဆိုတဲ့ ဘုရှ်အုပ်ချုပ်ရေးအဖွဲ့ရဲ့သဘောထားအတိုင်း သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ “မြန်မာပြည်သူလူထုဟာ ပိုကောင်းတဲ့အနေအထားနဲ့ ထိုက်တန်ပါတယ်” “လွတ်လပ်မှုအပြည့်နဲ့ ရှင်သန်နေထိုင်နိုင်မယ့် ဘဝတစ်ခုနဲ့ ထိုက်တန်တယ်” လို့ ရိုက်စ်က ထပ်ပြီးပြောပါတယ်။ ပုန်းလျှိုးကွယ်လျှိုးရိုက်ကူးခဲ့ကြတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ အရပ်သားထောင်ပေါင်းများစွာပါ ပူးပေါင်းချီတက်လာကြတာကိုပါ တွေ့မြင်ရပါပြီ။ သံဃာတော်တွေရဲ့ အားဟာ အကြောက်တရားနဲ့ အသားကျယဉ်ပါးနေကြတဲ့ မြို့သူမြို့သားတွေကို ရဲဆေးတင်ပေးလိုက်သလိုပါ။ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တဲ့ လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲဟာ အင်မတန်တွေ့မြင်ရခဲတဲ့ အာခံဖီဆန်မှုပြပွဲတစ်ခုပါပဲ။ တချို့ဓာတ်ပုံတွေမှာ လူတွေဟာ ရွှေဝါရောင်ဝတ်ဆင်ထားတဲ့သံဃာတော်တွေကို အကာအကွယ်ပေးလိုတဲ့သဘော ဘေးတစ်ဘက်တစ်ချက်မှာ လက်ချင်းချိတ်လို့ လမ်းလျှောက်လိုက်ပါခဲ့ကြတာမြင်တွေ့ကြရတယ်။ တခြားမြင်တွေ့ရသေးတာက ဗုဒ္ဓဘာသာဝင်သီလရှင်တွေလည်း ပါဝင်လာကြတာကို စောင့်ကြည့်နေကြတဲ့သူတွေက လက်ခုပ်သြဘာပေးချီးမွမ်းနေကြတာပါ။ အသံဖိုင်မှတ်တမ်းတွေမှာဆိုရင် ၁၉၈၈ ခုနှစ်က လမ်းမတွေပေါ်မှာကြားခဲ့ဖူးကြတဲ့ “တို့အရေး” ကြွေးကြော်သံကို ကြားလိုက်ကြရတယ်။
“သံဃာတော်တွေဟာ မြန်မာ့ယဉ်ကျေးမှုမှာတော့ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ သြဇာအရှိဆုံးအာဏာပိုင်တွေပါပဲ” လို့ ပြည်ပညွန့်ပေါင်းအဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးအောင်ကပြောပါတယ်။ သံဃာတော်တွေမှာသာတစ်ခုခုဖြစ်ခဲ့ရင်၊ အခြေအနေတွေဟာ ၁၉၈၈ က ကျောင်းသားတွေနဲ့ အစပြုခဲ့တဲ့အရေးအခင်းထက်ပိုပြီး မြန်မြန်ဆန်ဆန်ပျံ့နှံသွားနိုင်မှာပဲ လို့ ဆိုတယ်။ အာဏာပိုင်တွေရဲ့မဝံ့မရဲချဉ်းကပ်မှု၊ ဖြစ်တည်လာတဲ့စိန်ခေါ်မှုတွေဟာ စနေနေ့မှာ ထင်ရှားလာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာအိမ်ရှေ့ တက္ကသိုလ်ရိပ်သာလမ်းက သံဆူးကြိုးကာအတားအဆီးတွေကို အစောင့်တွေကဖယ်ရှားပေးလိုက်တယ်။ သူမဟာ သံတံခါးဝကနေ လမ်းလျှောက်ဆန္ဒပြနေခဲ့တဲ့ သံဃာတော်တွေကို တွေ့ဆုံပါတယ်။ မျက်မြင်သက်သေတွေပြောကြတဲ့မှတ်တမ်းတွေမှာ အဲဒီအချိန်တုန်းက သံဃာတွေကို နှုတ်ဆက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မျက်ရည်ဖြိုင်ဖြိုင်ကျနေခဲ့ပါတယ်လို့ ဆိုတယ်။ ဆန္ဒပြ သံဃာတချို့ကလည်း “စုကြည် လွှတ်မြောက်ပါစေ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ မိုးရေစက်တွေကြားက ဆန္ဒပြပွဲတွေ တစ်လခန့်ဆက်တိုက်ဖြစ်ပွားနေခဲ့စဉ်တစ်လျှောက်လုံးမှာ ယူနီဖောင်းဝတ်ရဲအရာရှိတွေနဲ့ စစ်သားတွေဟာ ဆန္ဒပြပွဲတွေဆီဝင်မလာဘဲ စောင့်ကြည့်နေခဲ့ကြပါတယ်။ ဒါပေမဲ့ သက်သေတွေပြောတာက အရပ်သားဝတ်စုံနဲ့ ရဲအရာရှိတွေဟာ ချီတက်ဆန္ဒပြသူတွေရဲ့ နောက်မှာ အရိပ်လိုနောက်ယောင်ခံလိုက်နေခဲ့ကြတာပါတဲ့။ လက်နက်တပ်ဆင်ကိုင်ဆောင်ထားတဲ့ရဲတွေကို လမ်းကြောင်းတစ်လျှောက် နေရာချထားခဲ့တယ်။ ဒုတိယနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့သွားခဲ့တဲ့ သံဃာတော်အုပ်စုငယ်တစ်စုကို အဲဒီရဲအရာရှိတွေက နောက်ကြောင်းပြန်လှည့်စေခဲ့ပါတယ်။ တွေ့ဆုံနှုတ်ဆက်ခွင့်မပေးတော့ပါဘူး။ နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်အတွင်း အသက် ၆၂ နှစ်ရှိနေခဲ့ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေမြင်ကွင်းထဲက မှုန်ဝါးပျောက်ကွယ်သွားဖို့ မြန်မာစစ်အစိုးရကကြိုးစားခဲ့ပေမယ့် အာဇာနည်တစ်ဦးအဖြစ်ကတော့ ပြည်သူတွေရဲ့ရင်မှာ အမြဲတည်ရှိနေခဲ့တာပါပဲ။ “သူမ လူတိုင်းရဲ့မြင်ကွင်းထဲကနေ ကွယ်ပျောက်နေခဲ့ပေမယ့် သူမရဲ့ အရေးပါမှုသရုပ်သကန်ကတော့ လျှော့တွက်လို့မရနိုင်ပါဘူး” လို့ အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဒါရိုက်တာ ဘာဆေးလ်ဖာနန်ဒိုက ပြောခဲ့တယ်။
၁၉၈၈ ခုနှစ်အရေးအခင်းပြီးစီးသွားခဲ့တဲ့နောက်ပိုင်း Saffron Revolution - ရွှေဝါရောင်တော်လှန်ရေးလို့ အမည်တပ်ခဲ့ကြတဲ့ အကြီးမားဆုံးဆန္ဒပြပွဲတွေဖြစ်လာအောင် စနက်မီးပျိုးပေးလိုက်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘယ်အရာတွေကများ မီးပွင့်သွားစေခဲ့တာလဲဆိုရင်
သြဂုတ်လ ၁၅ ရက်နေမှာ အစိုးရက လောင်စာဆီဈေးနှုန်းတွေတိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့စရမှာပါ။ ဓာတ်ဆီ၊ ဒီဇယ်ဆီ ၂ မျိုးလုံး ဈေးနှုန်းက ၂ ဆမြင့်တက်သွားခဲ့ပါတယ်။ ဘတ်စ်ကားတွေမှာသုံးတဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းကတော့ ၅ ဆမြင့်တက်သွားပါတယ်။ အဲဒီလိုဈေးနှုန်းတွေ ထိုးတက်သွားတာဟာ မြန်မာပြည်သူပြည်သားတွေအတွက် ပြင်းထန်တဲ့ရိုက်ချက်ပါပဲ။ နေ့စဉ်သွားလာအသုံးပြုနေရတဲ့ သယ်ယူပို့ဆောင်ရေးလမ်းစရိတ်၊ အဓိက ဆန်ဈေး၊ ဟင်းချက်ဆီဈေးနှုန်းတွေမှာလည်း အကျိုးသက်ရောက်မှုမီးပွားတွေလွင့်စင်ကျကုန်တာပါပဲ။ ဒီမိုကရေစီထောက်ခံအားပေးတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ကနဦးဆန္ဒဖော်ထုတ်မှုတွေကို မြန်မာနိုင်ငံရဲ့ အဓိကမြို့တော် ရန်ကုန်မှာ ဦးဆောင်စတင်ခဲ့ကြတာပါ။ လူပေါင်း ၄၀၀ လောက် သြဂုတ်လ ၁၉ ရက်နေ့မှာ ချီတက်ခဲ့ကြပါတယ်။ အဲဒါဟာ နှစ်ပေါင်းများစွာအတွင်း စစ်အာဏာသိမ်းနိုင်ငံရဲ့ အကြီးဆုံး လှုပ်ရားမှုတစ်ခုပါပဲ။ အာဏာပိုင်တွေက ဆန္ဒပြသူတွေကို မြန်မြန်ဆန်ဆန်ဖိနှိပ်ချေမှုန်းလိုက်ပါတယ်။ တက်ကြွလှုပ်ရှားသူ ဒါဇင်များစွာ အလျှင်အမြန်ဖမ်းဆီးလိုက်တယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေဆက်ပြီးဖြစ်နေခဲ့ပါတယ်။ အရေအတွက်ကတော့နည်းပါတယ်။ ဒါပေမဲ့ ရှိနေကြတယ်။ ရန်ကုန်၊ စစ်တွေ နဲ့ တခြား မြို့လေးတွေမှာ ဆန္ဒပြနေခဲ့ကြတယ်။
သံဃာတော်တွေဘာကြောင့် ပါဝင်ခဲ့ကြတာလဲဆိုတော့ ...
စက်တင်ဘာ ၅ ရက်နေ့မှာ ပခုက္ကူမြို့လယ်က ငြိမ်းချမ်းစွာစုရုံးလှည့်လည်ဆန္ဒုပြခဲ့တဲ့တာကို စစ်သားတွေက အင်အားသုံးဖြိုကွဲလိုက်တဲ့အခါ သံဃာတော်တွေက အရေအတွက်များပြားစွာပါဝင်လာခဲ့တာပါ။ သံဃာသုံးပါး အနည်းဆုံး ဒဏ်ရာရခဲ့တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တွေကို စက်တင်ဘာ ၁၇ ရက်နေ့နောက်ဆုံး၊ တရားဝင်တောင်းပန်စကားဆိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အကြောင်းပြန်ကြားလွှာ၊ တောင်းပန်တာတစ်စုံတစ်ခုမှ ရမလာခဲ့ပါဘူး။ နောက်ဆုံးအချိန်ကျော်လွန်သွားခဲ့တဲ့အခါ သံဃာတော်တွေဟာ အရေအတွက်ပိုများများနဲ့ ကန့်ကွက်ဆန္ဒပြနိုင်ဖို့ စတင်လာခဲ့တယ်။ စစ်အာဏာပိုင်နဲ့ မိသားစုတွေလှူဒါန်းဆက်ကပ်တဲ့လှုဖွယ်ပစ္စည်းတွေကိုလည်း လက်မခံတော့ပါဘူး။ အဲဒီရက်တွေနောက်ပိုင်း ရန်ကုန်မြို့မှာပါ နေ့စဉ်ကန့်ကွက်ဆန္ဒပြမှုတွေရှိလာခဲ့တာပါ။ သံဃာအပါး တစ်သောင်းခန့်ပါဝင်လာခဲ့ကြပါတယ်။ သံဃာတွေပါဝင်လာမှုဟာ အရေးပါလှတယ်။ ဘာကြောင့်လဲဆိုတော့ သံဃာတော်တွေကို ပြည်သူပြည်သားတွေဟာ ထူးထူးခြားခြားကြည်ညိုကြတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းအရလည်း နိုင်ငံရေးဆန္ဒပြပွဲတွေမှာ သံဃာတွေပါဝင်ခဲ့မှုဟာ ထင်ရှားခဲ့တာပါ။ အစိုးရဟာ ဝါတော်ရကျောင်းထိုင်ဆရာတော်ကြီးတွေကို နိုင်ငံရေးအရထောက်ခံပါဝင်လာအောင် ခက်ခက်ခဲခဲကြိုးစား ဆွဲဆောင်ခဲ့တယ်။ ဒါပေမဲ့ ဆရာတော်ကြီးတွေက ဆိတ်ဆိတ်နေခြင်းအားဖြင့်ပဲ ပြည်သူအများဘက်က ရပ်တည်ပေးတဲ့လက္ခဏာပြသလိုက်ပါတယ်။ သံဃာတွေရဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေကို ခွင့်လွှတ်လျစ်လျူရှုတယ်။ တနည်းအားဖြင့်လည်း ထောက်ခံအားပေးလိုက်သလိုပါ။
ကန့်ကွက်ဆန္ဒပြမှုဟာ ဝန်ချတောင်းပန်ခြင်း တစ်ခုတည်းအတွက်လား။ နောက်ထပ်ဘာတွေများရှိဦးမလဲ။
တချို့သံဃာတွေအတွက်တော့ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ တခြားသံဃာတွေအတွက်တော့ အဲဒီထက်ခပ်ဝေးဝေးကျော်လွန်တဲ့ ရည်ရွယ်ချက်/ တောင်းဆိုမှုတွေရှိချင်ပါတယ်။ လေ့လာဆန်းစစ်သူတွေပြောတာက လောင်စာဆီဈေးနှုန်း မြင့်တက်သွားတာဟာ သံဃာတွေအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ပါတဲ့။ သံဃာတွေဟာ နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ငြီးငွေ့ညည်းတွားဖွယ်ကောင်းလှတဲ့ ဆင်းရဲငတ်မွတ်မှုကို မျက်မြင်တွေ့နေကြသူများပါ။ Alliance of All Burmese Buddhist Monks လို့ခေါ်တဲ့ သံဃာအုပ်စုတစ်စုဟာ ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ပေါ်ထွက်လာခဲ့တယ်။ ၂၁ စက်တင်ဘာမှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ အစိုးရကို “ပြည်သူ့ ရန်သူ” လို့ ဖေါ်ပြထားခဲ့တယ်။ အဲဒီအုပ်စုက ကတိကဝတ်ပြုလိုက်တာက “စစ်အာဏာရှင်စနစ်မြန်မာ့မြေပေါ်က ပြုတ်ကျသွားတဲ့အထိ” ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်ပြီးလုပ်သွားမယ်တဲ့။ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကိုလည်း အတူပူးပေါင်းပါဝင်ဖို့ တောင်းဆိုလိုက်ပါတယ်။
တခြားသူတွေ ပူပေါင်းခဲ့ကြလားဆိုတော့ ...
ဆန္ဒပြပွဲတွေ အစပိုင်းမှာတော့ ပြည်သူတွေ ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားတာမရှိကြဘဲ သံဃာတွေကိုသာ ရေချမ်းကပ်လှူ၊ လမ်းမတွေမှာ ဘေးကရပ်ကြည့်ချီးကျူးအားပေးခဲ့ကြတာပါ။ ပြည်သူတွေက အစိုးရအာဏာပိုင်တွေရဲ့ လက်တုံ့ပြန်အရေးယူမှုတွေကို အင်မတန်ကြောက်ရွံ့နေခဲ့ကြပုံပါလို့ စောင့်ကြည့်ဝေဖန်သူသတင်းသမားတွေက ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်တံခါးဝမှာ အစောင့်အကြပ်တွေထူထပ်စွာချထားဆဲအခြေအနေမှာ သံဃာတော်တွေသွားရောက်နှုတ်ဆက်ခဲ့ကြတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာ သံဃာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခွင့်ရခဲ့ကြပါတယ်။ ဒါပေမဲ့နောက်ပိုင်း ကန့်ကွက်ဆန္ဒပြသူတွေရဲ့ အရေအတွက်ပိုပိုများလာခဲ့ပြီး အခြေအနေတွေပြောင်းလဲလာခဲ့တယ်။ စစ်သားတွေရဲ့ဖြိုကွဲတိုက်ခိုက်မှုမခံရအောင် သံဃာတွေကို လက်ချင်းချိတ်ထားတဲ့ ပြည်သူတွေက ဘေးဘက် ဝဲယာကနေ ကာကွယ်ပေးခဲ့ကြတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ ပြည်သူထောင်ပေါင်းများစွာဟာ သံဃာတွေနဲ့ အတူ ကြီးမားကျယ်ပြန့်စွာပူးပေါင်းပါဝင်လာခဲ့ကြတာပါ။ အတိုက်အခံပါတီ National League for Democracy (NLD) ရဲ့ အဓိကအဖွဲ့ဝင်တွေကလည်း ထောက်ခံအားပေးခဲ့ကြပါတယ်။ အစပိုင်းမှာတော့ လှုပ်ရှားမှုတွေကနေ ခပ်ဝေးဝေးကနေခဲ့ကြတယ်။
အဲဒီအတွက် အစိုးရက ဘာတွေလိုက်လျောခဲ့ပါသလဲ။
အစပိုင်းမှာ နိုင်ငံကအာဏာပိုင်ခေါင်းဆောင်တွေဟာ ကန့်ကွက်ဆန္ဒပြပွဲတွေကို ဆက်လက်ပြုလုပ်ခွင့်ပေးထားခဲ့တယ်။ ဒါပေမဲ့ နောက်ထပ်ရက်သတ္တတစ်ပတ်အကြာ ကန့်ကွက်ဆန္ဒပြသူတွေကြီးမားများပြားလာတဲ့ အခါမှာတော့ သူတို့ “အရေးယူဆောင်ရွက်ဖို့” အသင့်ဖြစ်နေပါပြီလို့ သတိပေးလာပါတယ်။ ညမထွက်ရ(curfew) အမိန့်ထုတ်လိုက်ပါပြီ။ စစ်သားရာပေါင်းများစွာ၊ အဓိကရုဏ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များစွာရဲ့အားနဲ့ ပိုများလာတာတဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ စတင်ခဲ့တယ်။ အဓိကရုဏ်နှိမ်နင်းမှုတွေကို အင်တာနက်၊ မိုဘိုင်းလ်ဖုန်းအဆက်အသွယ်တွေကတဆင့် ပြင်ပကမ္ဘာက သိရှိသွားနိုင်ခဲ့ကြတယ်။ ရဲတွေဟာ အဓိကရုဏ်နှိမ်နင်းတဲ့တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး သံဃာတွေနဲ့ ပူးပေါင်းပါဝင်တဲ့ကန့်ကွက်ဆန္ဒပြသူတွေကို ဖြိုခွဲတိုက်ခိုက်ခဲ့ကြပုံတွေ နိုင်ငံခြားရုပ်သံလိုင်းတွေမှာ ထိတ်လန့်စရာ ချက်ချင်းမြင်တွေခဲ့ကြရတယ်။ အကြမ်းဖက်ဖြိုခွဲမှုအဆိုးဆုံးနေ့ကတော့ စက်တင်ဘာ ၂၇ ရက်နေ့ပါပဲ စစ်အာဏာပိုင်တွေကက လူကိုးဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ထိခိုက်သေဆုံးမှုဟာ အဲဒီထက်ပိုမြင့်မားနိုင်တယ်လို့ ထင်မြင်ယူဆကြတယ်။ ထောင်ပေါင်းများစွာအဖမ်းအဆီးခံရတဲ့ မှတ်တမ်းတွေရရှိခဲ့ကြတယ်။ သံဃာတွေကို အတင်းအကျပ်လူဝတ်လဲခိုင်းခဲ့တာတွေ၊ ဘုန်းကြီးကျောင်းတွေကို အဓမ္မဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ ဆူးလေဘုရားရှေ့က ဆန္ဒပြသူတွေကြားထဲက ဂျပန်သတင်းထောက် ကန်ဂျိနာဂါအိ သေနတ်မှန်သေဆုံးသွားခဲ့ပါတယ်။ သေဆုံးပြီးနောက် သံရုံး၊ ကုလသမဂ္ဂကားယဉ်တွေရောက်လာ၊ လူနာတင်ယာဉ်နဲ့ သေဆုံးသွားခဲ့တဲ့သတင်းထောက်ရဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်သွားခဲ့ပြီးတဲ့အချိန်ထိ ရန်ကုန်မြို့လယ်ဆူးလေဘုရားရှေ့မှာ ကန့်ကွက်ဆန္ဒပြသူတွေပြည့်ကျပ်နေဆဲပါပဲ။ ဆူးလေဘုရားဖက်ကို အာရုံစူးစိုက်နေကြတဲ့ လူအုပ်ကြီးရဲ့နောက်ဘက် အလံပြဘုရားလမ်းဘက်ဆီက စစ်ကားတွေချဉ်းနင်းဝင်ရောက်လာ၊ အနောက်ဘက်က အလစ်အငိုက်ဝင်ရောက်ဖြိုခွဲမှုတွေပြုလုပ်ခဲ့ကြတယ်။
အဲဒီအကျပ်အတည်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှုကရော
US က ပိတ်ဆို့မှုတွေနဲ့ စစ်ခေါင်းဆောင်တွေကို တင်းကျပ်ခဲ့ပါတယ်။ EU ကလည်းပဲ ကန့်ကွက်ဆန္ဒပြသူတွေ တောင်းဆိုတာတွေကို အရေးယူဆောင်ရွက်ဖို့ ပြောလိုက်ပါတယ်။ ဒါပေမဲ US ရော EU ပါ မြန်မာနိုင်ငံခေါင်းဆောင်တွေအပေါ် အရေးပါတဲ့သြဇာလွှမ်းမိုးနိုင်မှုမရှိကြပါဘူး။ မြန်မာရဲ့ အနီးကပ်ဆုံးမဟာမိတ် တရုတ်နိုင်ငံကသာ စစ်အာဏာရှင်တွေကို အလွှမ်းမိုးနိုင်ဆုံးလို့ ထင်မြင်ရပါတယ်။ တရုတ်နိုင်ငံက မြန်မာခေါင်းဆောင်တွေကို အကြမ်းဖက်မှုတွေကနေ ချုပ်ထိန်းဖို့ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အိမ်တွင်းရေးကို ကြားဝင်စွက်ဖက်ဖို့ တွန့်ဆုတ်နှေးကွေးတဲ့ပုံစံမျိုးနဲ့ပါ။ မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ရှိနေခဲ့ကြတဲ့ အိန္ဒိယ၊ ရုရှားတို့ကလည်း ရပ်တည်ချက်ပုံစံအတူတူပါပဲ။ အရှေ့တောင်အာရုနိုင်ငံများအဖွဲ့အစည်း (အာဆီယံ)ဟာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ထုတ်ပြန်ခဲ့ဖူးတဲ့ကြေညာချက်တွေထက် အပြင်းထန်ဆုံးကြေညာချက်ကိုထုတ်ပါတယ်။ ဆန္ဒပြသူတွေကို ဆန့်ကျင်အကြမ်းဖက်နေတာကို မြန်မာအာဏာပိုင်တွေက ရပ်တန့်ပေးဖို့တောင်းဆိုခဲ့တာပါ။ UN ကတော့ အထူးသံတမန် အီဗရာဟင် ဂမ်ဘာရီကို စေလွှတ်ခဲ့တယ်။ မစ္စတာဂမ်ဘာရီဟာ အစည်းအဝေးတွေတက်ရောက်ပြီး ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ ထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတယ်။ တွေ့ဆုံဆွေးနွေးမှုတွေပြီးတော့ သူ့ရဲ့ အပြန်ခရီးစဉ်မှာ ယူအန်လုံခြုံရေးကောင်စီကို ပြန်ပြီးသတင်းပို့ပါမယ်လို့သာ ပြောသွားခဲ့တယ်။
မြန်မာနိုင်ငံမှာ ဒီလို ကန့်ကွက်ဆန္ဒပြပွဲ နောက်ဆုံးဘယ်အချိန်မှာမြင်တွေ့ခဲ့ရလဲ။
၁၉၈၈ သြဂုတ်လအတွင်းမှာ မြင်တွေ့ခဲ့ရတာက နောက်ဆုံးအကြိမ်ပါပဲ။ ၁၉၈၇ မှာ ထုတ်ပြန်လိုက်တဲ့ ငွေစက္ကူတချို့တရားမဝင်တော့တဲ့ ကြေညာချက်ကြောင့် လူအများ၊ တက္ကသိုလ်ကျောင်းသားတွေရဲ့ ငွေကြေးတွေသုံးစွဲမရနိုင်တော့တဲ့ပြဿနာဖြစ်ခဲ့ရတယ်။ အဲဒီ ကြေညာချက်ဟာ ၁၉၈၈ ကန့်ကွက်ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွား၊ လောင်ကျွမ်းစေခဲ့တဲ့ မီးပွားတစ်စပါ။ ဆန္ဒပြပွဲတွေဟာ ကျောင်းသားတွေကြားမှာ စတင်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ သံဃာ နဲ့ ပြည်သူကြား ပျံ့နှံ့သွားခဲ့တာပါ။ အဆုံးသတ်သွားခဲ့ရတဲ့အချိန်ကတော့ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့မှာပါ။ လူပေါင်းသိန်းကျော်ချီတက်ဆန္ဒပြခဲ့ကြပြီး အစိုးရတစ်ရပ်ပြောင်းလဲဖို့ တောင်းဆိုကြတယ်။ တောင်းဆိုမှုအတွက် ရရှိခဲ့တာက ကြမ်းတမ်းရက်စက်စွာနှိမ်နင်းမှုပါပဲ။ အဲဒီအရေးအခင်းမှာ လူပေါင်း ၃၀၀၀ အနည်းဆုံးသေဆုံးခဲ့တယ်လို့ ယုံကြည်ကြပါတယ်။
ရွှေဝါရောင်သံဃာတွေနဲ့ ပြည်သူတွေ တသွေးတည်းတသားတည်း ရည်မှန်းချက်တူညီစွာလျှောက်လှမ်းခဲ့ကြတဲ့ လမ်းတွေရဲ့ ဦးတည်ရာကွဲပြားခြားနားသွားခဲ့ပြီလား။ ပန်းတိုင်တွေဟာ ယိမ်းယိုင်ထွေပြားကုန်ပြီလား။ မျှော်လင့်တောင့်တခဲ့ကြတဲ့ ဒီမိုကရေနိုင်ငံတော်သစ်ဆီချဉ်းနင်းဝင်ရောက် လျှောက်လှမ်းနေပြီလား။ ကမ္ဘာ့နိုင်ငံရေးတွေ မအေးပါ။ မြန်မာ့နိုင်ငံရေးဟာလည်း မအေးနိုင်လှသေးပါဘူး။ ဒါမှမဟုတ် မြန်မာ့နိုင်ငံရေး “လေး” နေတာများလား။ “လေး” နေရင် “ပြေး” ဖို့ လိုအပ်မလား။ စည်းချက်ညီ လျှောက်လမ်းခဲ့တဲ့လမ်းတွေဟာလည်း ထင်သလောက် ခရီးမရောက်ခဲ့ကြပါဘူး။ ၂၀၀၇ ခုနှစ်က စက်တင်ဘာမိုးလမ်းမတွေကတော့ ခြောက်သွေ့သွားခဲ့ပါပြီ။ စက်တင်ဘာမိုးလမ်းမတွေဟာ ခရီးမရောက်ခဲ့ပေမယ့်လည်း တကယ်ပဲ ခြောက်သွေ့သွားခဲ့ကြပါပြီ။ ။
(Nweni Magazine, September, 2013)
ဖြိုးဖြိုး
Ref : Monks’ Protest Is Challenging Burmese Junta By SETH MYDANS (The New York Times)
Protests in Burma - BBC news
No comments:
Post a Comment