Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, September 07, 2013

မြက်တစ်ပင်တောင် မနှုတ်ချင်ဘူး သိလား

ညက night duty ၀င်အပြီး မနက်ခင်း ဒေါက်တာဖိုးလပြည့် အိမ်ပြန်လာတော့ ပုန်းညက်ပင်ကြီးက အရိုးပြိုင်းပြိုင်း ။ အရွက် တွေ ပြောင်သလင်းခါနေပြီ။
ဖိုးလပြည့် အံ့သြနေသည်။ သူငယ်ငယ်က အဖိုး သစ်ပင်ခုတ်လျှင် အော်အော် ပြေးတိုင်တတ်တာကို သူအမှတ်ရနေသည်။
ခု ဘယ်လိုစိတ်ကူးနဲ့များ အဖွား သစ်ပင်ခုတ်ပြစ်လိုက်တာပါလိမ့်။ အရွက်ကလေးတရွက်ကိုပင် ခူးပစ် ဆိတ်ပစ်ရမှာ အလွန်နှမြောတတ်တဲ့ ဖွားဖွား ။ ခု ဘယ်လိုဖြစ်လို့…။
ဒီမေးခွန်းကို သီရိကိုယ်တိုင်လည်း သီရိကိုယ်ကို  မေးနေမိပြီး ဘယ်လိုမျိုး ပြန်ဖြေရမည် မသိသေးသည့် မေးခွန်းပုစ္ဆာ ဖြစ်လို့ နေသည်။ဖြေရရင်လည်း  ရှည်ဝေးနေမည်မှာ အသေအချာ။
လွန်ခဲ့သည့် အနှစ် ၂၀ကျော်လောက်က  .ကျောင်းမနေသေးသည့် ၄နှစ်သားကလေး ဖိုးလပြည့် သူမ ရှိရာ မီးဖိုထဲ ပြေးလာတိုင်တန်းတတ်သည့်အဖြစ်ကို သတိရလို့နေသည်။ 

ဖိုးလပြည့် ၄နှစ်သားလောက်က… 
“ဖွားဖွားရေ …..ဖွားဖွားရေ..  ဖွားဖွားအပင်တွေ  အဖိုး ခုတ်နေပြီ.ကုန်ပီ..” 
မီးဖိုချောင်မှာ အလုပ်များနေသည့် သီရိထံ မြေးကလေး ဖိုးလပြည့်က ရေးကြီးသုတ်ပြာ ပြေးပြောလာသည်။ သီရိအပြေးကလေးထွက်ကြည့်တော့ အိမ်ရှေ့တံခါးပေါက် ပန်းဂုံးပေါ်က ခရမ်းရောင် ခေါင်းလောင်းပန်းအနွယ်တွေ တော်တော်ပြောင်နေပြီ။
သူက ဒီလိုပဲ။ မပြောမဆို မတိုင်မပင် အသိမပေး မဆွေးနွေး လုပ်ချင်ရာလုပ်တတ်သည့် လူ။ သီရိ အပင်တွေကို ချစ်တတ်မှန်းသိရက်နှင့် ဘယ်တော့မှ သီရိကို ကြိုတင်မပြော။အလစ်ဆို ထင်ရာစိုင်းတတ်သူ။
သူခုတ်ချင်လျှင် သီရိကို ဟို အကောင်နှင့်လည်း  ခြောက်တတ်သေးသည်။

ခြုံရှုပ်လျှင် အကောင်အောင်းတတ်သတဲ့။ သီရိကလည်း သီရိ အဲဒီအကောင် ခွေခွေဆို အသေကြောက်တတ်သူဆိုတော့  စိတ်လျော့လိုက်ရသည်။ သူလုပ်လိုရာလုပ်တော့ပေါ့။ဒါနှင့်ပဲ သူ့စိတ်ကြိုက် ခုတ်ပါလေတော့သည်။ ဇွန်ပန်းရုံဆို  တရုံလုံ့း ပြောင်သလင်းခါရော။ တကယ်ဆို အောက်ခြေလေးရှင်းပြီး စင်တင်ထားလိုက်ရင် ရရက်နှင့်။ 
ကျွန်မက မြက်ကလေး တပင်တောင် မနှုတ်ချင်ဘူးဆိုတာ သူသိရက်နှင့်။
ပန်းရံဆရာ အပြောကောင်းလျှင် ကောင်းသလို လုပ်တတ်သေး။ သီရိရန်ကုန်သွားနေတုံး  သူက မြေကြီးရှိသရွေ့ တလက္မမကျန် သမံတလင်းအပြည့် ခင်းပြစ်လိုက်သေးသ ည်။သူက အဲလိုလူ။ ဘာပင်မှ စိုက်လို့ မရတော့။” ခရမ်းပြာ “ဆိုသည့်  sign board သေးသေး ကလေးကိုပင် သူက ထိန်းသိမ်းမထားချင်။
သီရိလည်း အပင်စိုက်ရင် ပိုးသတ်ဆေးသုံးရ  အပင်ဆေးဖြန်းရ ပိုးမွှားရှာရ  ဒုက္ခများ သည်နှင့်စိတ်ကုန်သွားသည်။ အယင်လို အပင်စိုက်ရတာ စိတ်ချမ်းသာမှု မရတော့။ မပျော်ပိုက်တော့။အပင်တွေ အပွင့်တွေကို ချစ်တဲ့စိတ်က နည်းနည်းကလေးမှ လျော့ပါးမသွားပေမဲ့ ပြုစုပျိုးထောင်ပေးဖို့ ကိုတော့ ဆန္ဒမရှိ မလုပ်ချင်တော့ ။ 

“ကိုင်းတွေ ခုတ်ပြစ်လိုက်တော့ အပင်က တုံးတိတိကြီး ကျက်သရေ မရှိဘူး။ အကုန်ရင်လဲ ခုတ်ပြစ်လိုက် မေမေတို့က ရှင်းဆို အကုန်ပြောင်အောင် ရှင်းတာပဲ”။တဲ့။
 ဖြတ်ဆို သီရိ  အသံလာရာ လှမ်းကြည့်လိုက်သည်။ ဖိုးလပြည့်က အပင်ခုတ်တာကို ကြိုက်ပုံမရ။ 
“အဖွား ..အဖွား။”  တဲ့ သူ့အမေက သီရိကို လွဲချသည်။
ဟုတ်ပါပြီ။ အပင်ခုတ်တဲ့ကိစ္စက သီရိပြီးမှ ပြီးမဲ့ဟာပါပဲ။
“ခဏ  သည်းခံ စောင့်ပါ သားရယ် ဆောင်းကုန်သွားရင် အပင်ကလေးက အသစ်ပြန်ဖြစ်ပြီး စိုပြေလာမှာပါ။”
“အဖွားက မြက်တစ်ပင်တောင် နှုတ်ချင်တာမဟုတ်ဘူး။သိလား။ “
စိတ်ထဲက ပြောလိုက်ခြင်းဖြစ်သည်။

 ပုန်းညက်ပင်ကြီးကို သီရိ မချစ်တော့လို့ မဟုတ်ပါ။ နှစ် ၅၀နီးပါး အရိပ်ခိုခဲ့ရသည့် အပင်ကြီးမို့ သံယောဇဉ်ကလည်း မသေးပါ။ ပုန်းညက်ပင်ကြီး ခုတ်ရဖို့ အကြောင်းဖန်လာတာက အဓိက  မီးကြိုးတွေပေါ့။သီရိ တို့ အိမ်အနောက်ဘက်မှာ ရှိတဲ့ အိမ် ၄အိမ်က သီရိတို့ ခြံစည်းရိုးကို အရှည်လိုက် ဖြတ်ပြီး မီးကြိုးတွေသွယ်တန်းထားတာ ကြာလည်းကြာနေပြီ။အပင်တွေကလည်း ခြံစည်းရိုးတလျှောက် မာလကာပင်၊ သြဇာပင် ၊ သရက်ပင် တမာပင် ဓါတ်တိုင်နဲ့ ကပ်လျက်က ဘန်ဒါပင် စသည် မျိုးစုံ စီတန်းပေါက်ရောက်ရှင်သန်နေကြသည်မှာ အပြိုင်းပြိုင်း ။ဒီကြားထဲ သီရိ ပုန်းညက်ပင်ကြီးကလည်း နှစ်၅၀ကျော် သန်စွမ်းကျန်းမာလာတာဆိုတော့.မီးကြိုးတွေနှင့် ရှုပ်ရှက်ခတ်ပြီး ထွေးလား လုံးလားဖြစ်နေ။သိပ်သည်းထူပြစ် ကြပ်ညှပ်နေ။ပုန်းညက်ပင်ကြီး ဘယ်လောက် မိုးထိုးနေသလဲဆိုရင် မြောက်ဘက် ခြေရင်းအိမ်က နှစ်ထပ်အိမ်ခေါင်မိုးကိုတောင်  လူနှစ်ရပ်စာမက ကျော်လွန်နေပြီလေ။ ခုတ်တော့ ခုတ်ခဲ့ဖူးပါရဲ့။ မကြာခဏ အပင်ကြီးက အိမ်ခေါင်မိုးတွေနဲ့ တိုက်။ လေထန်ရင်  သွပ်တွေကိုပုတ်ခတ် ပေါက်ပြဲစေတာဆိုတော့ မကြာခဏ ခေါင်နှိမ်ရပါတယ်။  ရွက်ခြောက်တွေက နေ့စဉ်လှဲရ ကျင်းရတော့  လည်း တာဝန်ကြီးတခုလို ဖြစ်နေတယ်။ဒီအထဲ ကျီးကန်းတွေက လာလာအိပ်ကြတော့ မနက်မနက် ဆို တအအ နဲ့ မစင်တွေကိုလည်း ဗရပွ ပါပါချကြ၊နေ့စဉ် ဆေးရ ကြောရ။ အလုပ်ပိုပြန်ရော။စာကလေးတွေလည်း လာလာအိပ်ကြတယ်။ နေ့ခင်းဆို သီရိက စာကလေးတွေကို ဆန်စေ့တွေ ၀အောင် ချချကြွေးတာ ။ စာကလေးတွေက လူကို ဒုက္ခမပေးပါဘူး။

ဒီအထဲ  “ ကြိုးတွေက ဆွေးပြီး   ပေါက်ချင် ပေါက်နေမှာ။ မိုးရွာလို့ ရေစိုရင် အကုန်ဓါတ်လိုက် အသေပဲ ခဏ ခဏ သတင်းစာထဲ ပါနေတာ” တဲ့ ။ လပြည့်အမေက ခြောက်သည်။
အင်း အဲလိုဆိုရင် သီရိ တော့ လူမသိ သူမသိ တယောက်တည်း သေနေမှာ။ 
သီရိက အိမ်မြောက်ဘက် အစွန်မှာ အခန်းတခုတည်း သီးခြားနေသည်လေ။ သူများမာကလာပင် ကို ပြတင်းပေါက်က  လှမ်းခူးစားရင်း   ဓါတ်လိုက် သေနေမှ ဒုက္ခ။ ခြောက်သည့်လူကခြောက်တော့ ကြောက်လာသည်။
ဟို အကောင်ခွေခွေကလည်း သစ်ပင်တက်တတ်သတဲ့။ အမလေး လေ..ကြောက်ပါတယ်ဆိုမှ။ သစ်ကိုင်းတော်တော်များများက သီရိ အခန်း လေတိုက်တိုင်း..ခေါင်မိုးမှာ တရှဲရှဲ တဗြဲဗြဲ ။အကောင်တက်လာတာလား ဘာလား။ တယောက်တည်း အားငယ်။ 
သီရိအခန်းမှာ အပင်တွေက ၀န်းရံ ခနေတာ။ အနောက်ဘက် ရေစင်မှာဆို  ဒန့်သလွန်ပင် ပျဉ်တော်သိမ်ပင် ၊ ပိန်းနဲပင် အို အစုံခြံရံလို့ ။
 ကိုင်း..သွားပေရော့ အကုန်ဆွဲချ။
ကိုင်း လာလေရော့  အကုန်ခုတ်။
 မဆိုင်းမတွပင် သစ်ပင်ခုတ်မည့်သူ ခေါ်ခုတ်။ ခုတ်ခ က တသောင်းခွဲ ဆိုပါလား။ ဘုရား။
တတ်နိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် စိတ်ရှင်းရှင်း သန့်သန့်ကလေး နေရမှ ကောင်းတာမို့လား။
သစ်ပင်ခုတ်နေတာ မြင်သူ တချို့က ဟင် နှမြောစရာကြီး ဆိုရင် “သီရိက ပို နှမျောသေး”လို့ ပြောပလိုက်တာပဲ။ (စိတ်ထဲက )
မြက်တပင်တောင် နှုတ်ချင်တာမဟုတ်ဘူး သိလား..၊
ပုံကိုကြည့် ..
တွေ့လား စိတ်တိုတိုနဲ့ ခုတ်ပလိုက်တာ ပြောင်းတလင်းကို ခါရော။ အိမ်ခေါင်မိုးတွေနဲ့လည်းအလွတ်ကြီး။ဘာအကောင်ပလောင်မှ ဘယ်လိုမှ ကူးလို့မရ။ ဘာဓါတ်ကြိုးနဲ့မှလည်းမထိ အဝေးကြီး။ ရှင်းကရော။ကိုင်း မယ်မင်းကြီးမ ။ ဖြောင့်ဖြောင့် အိပ်တော်မူ လို့ သီရိကိုယ် သီရီ ပြောပလိုက်သည်။
နှမျောတဲ့ စိတ်ကို အသေအချာ လုံအောင် ဖုံးဖိပြီး ခပ်တည်တည်ကြီး တရားရှိသလိုလို သင်္ခါရတွေ အနိစ္စတွေ တွင်တွင်ပြော အပြုံးမပျက် ။
တခြားအကြောင်းတခုက ရေတွင်းနဲ့ အပင်ကြီးက နီးကပ်နေတာမို့ သူ့အမြစ်တွေ ရေတွင်းကို ထိုးဖေါက်ဖြိုခွဲ ပြစ်မှာကိုလည်း စိုးရသေးသည် တဲ့။
ခါတိုင်းသီရိအခန်းက ပုန်းညက်ပင်ကွယ်နေလို့ နေရောင်မမြင်ရ လမ်းက လူသွားလူလာ မမြင်ရ ချောင်ကျနေတာ  ကို သီရိအလွန်ကြိုက်။ ကိုယ်တယောက်တည်း အေးအေးဆေးဆေး။ ဖတ်ချင်ဖတ်၊ရေးချင်ရေး။အိပ်ချင်အိပ်။ ဇိမ်ပဲ။ ခု ပုန်းညက်ပင် ခုတ်လိုက်တော့ အားလုံးဟာ ရှင်းရှင်းကြီး။ ကွင်းကနဲ လင်းကနဲ။ 
လင်းလင်းချင်းချင်းတော့ အရှိသား။ မိုးအကုန်ဆောင်းတွင်းများဆို ခါတိုင်း နေရောင်မရလို့ နေဇာမလှုံရ။ စောင်ခြုံ ကွေးအိပ်နေရသည်။
ဒီနှစ် တော့ ကောင်းကောင်း နေရောင်ရပြီ။ ဆိုပြီး ကြံဖန် ဖြေသိမ့်ရသည်။ ဆောင်းအကုန် နွေအကူးဆိုရင် တော့ ပုန်းညက်ပင်ကြီးက အရွက် တွေ ပြန်ဝေနေမှာ သေချာပါသည်။ သူက ခုတ်လေ သန်လေပါ။ 
ခုတ်ပြစ်မိတဲ့အတွက် လည်း သီရိ နောင်တမရပါ။ စာကလေးတွေ ဘယ်မှာ သွားအိပ်ကြပါလိမ့်လို့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ။ဒါပေမဲ့လည်း တခြားအပင်ကြီးတွေ အများအပြားအနားမှ ရှိပါသေးသည်။လမ်းဘက် မှာ ဓါတ်ကြိုးနှင့် ကင်းလွှတ်ရာ ဘန်ဒါပင်တွေ  ရေတမာပင်တွေ စိန်ပန်းဝါပင်တွေ ပိတောက် ပင် တွေ။ တော်ပါသေး။

ရေတွင်းနဲ့ ပုန်းညက်ပင်ကြီး သိပ်နီးကပ်နေတာကလည်း စိုးရိမ်စရာပါ။သူ့အမြစ်တွေက  ရေတွင်း ကို အစိတ်စိတ်အမွှာမွှာ ထိုးဖေါက် ဖြိုခွဲ ပြစ်မှာ တထိတ်ထိတ် ဖြစ်နေရသေးတာပါ။ ဘာပဲဖြစ်ဖြစ် 
မကြာမီအချိန်အတွင်း ပုန်းညက်ပင်ကြီး အရွက်တွေ ဖြိုင်ဖြိုင်ဝေရင်း ပြန်လည်ရှင်သန် နုပျိုလာမဲ့နေ့ဆိုတာ မလွဲမသွေ   ရောက်လာရမှာပါ။ အဲဒီ နေ့ကိုရောက်ဖို့ စက္ကန့် တိုင်း မိနစ်တိုင်း နာရီတိုင်း  သီရိက တိတ်တခိုး လူမသိ သူမသိ မျှော်နေတယ်ဆိုတာ ကိုတော့  ဘယ်သူ သိလိမ့် မလဲ ကွယ်။ 

ခင်မေသစ်
စက်တင်ဘာလ ၆ရက် ၂၀၁၃

No comments: