Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 30, 2013

ညွှန်းတဲ့ ရုပ်ရှင်


Metallica: Through the Never
Action / Music
Picturehouse
ဒါရိုက်တာ - Nimród Antal
ထုတ်လုပ်သူ - Charlotte Huggins
ဇာတ်ညွှန်း - Nimród Antal
သရုပ်ဆောင်များ - Dane DeHaan, Metallica
“အလင်းကနေ ဆုတ်ခွာ၊ ညအမှောင်ထဲကို တိုးဝှေ့၊ ငါ့ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပါ။ ငါတို့ စိတ်ကူးယဉ်ကမ္ဘာဆီ သွားနေကြပြီ” သီချင်းသံတွေကြမ်းတမ်းပြင်းရှ၊ လူငယ်လေး Trip ရဲ့နားထဲ အပြေးဝင်လာခဲ့ပြီ။ သီချင်းသံတွေ လွတ်လပ်ပြန့်ကျဲ၊ လူတွေ မြူးတူးပျော်မွေ့နေလိုက်ကြတာများ Trip (Dane DeHaan) ဟာ သွေးကြွနေတဲ့သီချင်းတွေကြားထဲ မလူးသာမလွန့်သာ။ အမေရိကန် Heavy Metal အဖွဲ့ Metallica ရဲ့ ဖျော်ဖြေပွဲပြုလုပ်ရာခန်းမကြီးမှာ လူတွေ ဆူဝေအုံခဲနေကာ ကွင်းရှေ့လမ်းမကြီးပေါ် ပြည့်လျှံအန်ကျလာခဲ့တယ်။ Trip က Metallica အဖွဲ့ရဲ့ tour ခရီးမှာလိုအပ်တဲ့ ဂီတပစ္စည်းတွေကားမောင်းသယ်ပိုး၊ ပြင်ဆင်ပေးရတဲ့ လူငယ်လေးတစ်ဦးပါ။ အဲဒီနေ့က Metallical ရဲ့ live ဖျော်ဖြေနေတဲ့အချိန်ရောက်သွားတော့။ ပေါက်ကွဲဆူဝေသံတွေ လမ်းမပေါ်မှာ … Trip ရဲ့ တစ်ဘက်မှာ လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ရဲတွေ၊ တစ်ဘက်ကတော့ ဂီတကို ပြင်းပြင်းထန်ထန်ပေါက်ကွဲရူးသွပ်သူတွေရဲ့ မကျေမလည်ဖြစ်မှု သူတို့တွေထိပ်တိုက်တွေ့ကြတဲ့အခါ Trip က ဒီပဋိပက္ခကြားထဲ ဘယ်နေရာကနေပါဝင်ခံစားမှာလဲ။ Metallica ရဲ့ ပထမဆုံးအယ်လ်ဘမ် Metallica ထဲက သီချင်း Enter Sandman သီချင်း Exit light ~ Enter night ~Take my hand ~ We're off to never never-land တဲ့။ သီချင်းသံတွေက အင်အားအပြည့်မြူးကြွလှုပ်ရှားနေတယ်။ အဲဒီသီချင်းဟာ ကလေးငယ်ရဲ့ အိပ်မက်ဆိုးတွေကိုစကားလုံးအဖြစ်ရေးချခဲ့တယ်လို့ Metallica အဖွဲ့သား Hetfield က ဆိုတယ်။ ဒါရိုက်တာက Predators နဲ့ Kontroll ရုပ်ရှင်တွေရိုက်ကူးခဲ့တဲ့ ဟန်ဂေရီယန်း-အမေရိကန်ဒါရိုက်တာ Nimród Antal ပါ။ Metallica အသည်းစွဲ Heavy Metal ဂီတပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ပါပဲ။

Runner Runner
Crime / Drama / Thriller
20th Century Fox
ဒါရိုက်တာ - Brad Furman
ထုတ်လုပ်သူ - Arnon Milchan, Jennifer Davisson Killoran, Leonardo DiCaprio, Michael Shamberg, Stacey Sher
ဇာတ်ညွှန်း - Brian Koppelman, David Levien
သရုပ်ဆောင်များ - Ben Affleck, Justin Timberlake, Gemma Arterton
လီယိုနာဒို ဒီကာပရီယို အပါအဝင် ရုပ်ရှင်ထုတ်လုပ်သူ အစ္စရေးလူမျိုး Arnon Milchan နဲ့ တခြား ထုတ်လုပ်သူတွေပူးပေါင်းထုတ်လုပ်ကြတဲ့ ရုပ်ရှင်ပါ။ ရစ်ချီဖာစ့် (Justin Timberlake) ဟာ နယူးဂျာစီ၊ ပရင်စီတန်တက္ကသိုလ်က ကျောင်းသားတစ်ဦးပါ။ အွန်လိုင်းပိုကာကစားနည်းကစားရင်း တစ်ယောက်ယောက်က သူ့ရဲ့ကျောင်းလခတွေကို လိမ်ညာလှည့်စားယူဆောင်သွားတယ်။ ရစ်ချီ အဲဒီအွန်လိုင်းလောင်းကစား site အကြောင်းစူးစမ်းရှာဖွေတယ်။ ဝေးလံခေါင်ဖျားတဲ့ကျွန်းတစ်ကျွန်းက host လုပ်/ လွှင့်တင်ထားမှန်းသိလိုက်ရပါတယ်။ အဲဒီ site ပိုင်ရှင်နဲ့ ရင်ဆိုင်တွေ့ဖို့ ရစ်ချီ အပူတပြင်းရှာဖွေတော့တယ်။ အဲဒီလူက အီဗန်ဘလောခ့် (Ben Affleck) တဲ့။ အကျင့်ပျက်ခြစားလွန်းသူအဖြစ် နာမည်ကြီးနေမှန်း ရစ်ချီသိလိုက်ရပြီ။ ဒါပေမဲ့ အီဗန်ရဲ့ ဖြားယောင်းသွေးဆောင်မှုနွံမှာ ရစ်ချီ နစ်သထက်နစ်သွားတယ်။ အီဗန့်ညာလက်ရုံးတစ်ဆူတပည့်ရင်းချာလိုပဲ အသွင်းပြောင်းခံလိုက်ရတယ်။ ရစ်ချီ ယူဆလိုက်တာက အကောင်းဆုံးအခွင့်အရေး၊ အပြစ်ဆိုဖွယ်မရှိတဲ့ မိတ်ဆွေဖြစ်တည်မှုတဲ့။ အပြည့်စုံဆုံး ဇာတ်လမ်းဇာတ်ကွက်ထဲမှာ ရစ်ချီ နဲ့ အီဗန်တို့ရဲ့ ဆက်နွယ်မှုခိုင်မြဲလာခဲ့ပြီ။ အဲဒီအချိန်မှာ FBI အေးဂျင့် ဇဘီစကို (Anthony Mackie) က ရစ်ချီကို အသုံးချဖို့ကြိုးစားလာတယ်။ အီဗန့်လို လှည့်စားဥာဏ်များတတ်တဲ့ စီးပွားရေးသမားကို ပြိုလဲကျစေဖို့ ရစ်ချီက စွမ်းဆောင်ပေးရမယ်တဲ့။ ဒီလိုနဲ့ ရစ်ချီ နဲ့ အီဗန်တို့ရဲ့ ဆက်နွယ်မှု ပွက်ပွက်ဆူအနေအထားရောက်လာခဲ့ရပြီ။

Gravity
Drama / Sci-Fi / Thriller
Warner Bros. Pictures
ဒါရိုက်တာ - Alfonso Cuarón
ထုတ်လုပ်သူ - Alfonso Cuarón, David Heyman
ဇာတ်ညွှန်း - Alfonso Cuarón, Jonás Cuarón
သရုပ်ဆောင်များ - Sandra Bullock, George Clooney, Eric Michels
Great Expectations နဲ့ Harry Potter and the Prisoner of Azkaban ရုပ်ရျင်တွေရိုက်ကူးခဲ့တဲ့ မက္ကဆီကန် ဒါရိုက်တာ Alfonso Cuarón ရဲ့ 3D techno-thriller ရုပ်ရှင်ပါ။ Cuarón ဟာ ဇာတ်ညွှန်းကို သားဖြစ်သူ Jonás နဲ့ ရေးနေခဲ့ပြီး ထုတ်လုပ်မယ့်သူရှာနေခဲ့တယ်။ Universal Pictures နဲ့ ရိုက်ကူးဖြစ်ဖို့ စီစဉ်ခဲ့ပေမယ့် Warner Bros. ဆီ ရောင်းချနိုင်ခဲ့တာပါ။ သရုပ်ဆောင်တွေကို အများကြီးပဲချဉ်းကပ်ခဲ့တယ်။ အင်ဂျလီနာဂျိုလီကို သရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့ပေမယ့် Wanted ရုပ်ရှင်ကို ရိုက်ကူးနေတဲ့ ဂျိုလီကငြင်းဆန်ပါတယ်။ အဲဒီ Wanted ရုပ်ရှင်ပြီးသွားခဲ့တော့လည်း စတူဒီယိုက ဂျီုလီရဲ့ သရုပ်ဆောင်ကြေး ဒေါ်လာ သန်း ၂၀ မပေးချင်ခဲ့ဘူး။ ဂျိုလီက The Tourist နဲ့ Salt မှာ ဒေါ်လာ ၁၉ သန်း နဲ့ သန်း ၂၀ ကျော်တောင်ရထားခဲ့တာပါ။ ဂျိုလီကလည်း အဲဒီအချိန်မှာ ပိုပြီးစိတ်အားထက်သန်နေခဲ့တာက ဘော့စနီးယားစစ်ပွဲရုပ်ရှင် In the Land of Blood and Honey ရိုက်ကူးဖို့ပါပဲ။ စကားလက်ဂျိုဟန်ဆန်၊ ဘလိတ်လိုက်ဖလီ၊ နာတာလီပို့ထ်မန်း တို့ကိုလည်း ရိုက်ကူးဖို့လျာထားခဲ့ပြီး နောက်ဆုံးမှာမှ ဆန်ဒရာဘူးလော့ခ် နဲ့ ရိုက်ကူးဖြစ်ကြတယ်။ ကမ္ဘာမြေကြီးရဲ့ ဆွဲအားအလွန်က အာကာသထဲမှာ အာကာသလွန်းပြန်ယာဉ် Explorer ရှိနေတယ်။ ဆေးပညာဆိုင်ရာအင်ဂျင်နီယာ ဒေါက်တာရိုင်ယန်စတုန်း (Sandra Bullock) ဟာ သူမရဲ့ ပထမဆုံးအာကာသခရီးအဖြစ် Explorer မှာရှိနေတယ်။ ဒေါက်တာရိုင်ယန်နဲ့ အတူ စစ်ပြန်အာကာသယဉ်မှုး မက်ထ်ကိုဝဲလ်စကီ (George Clooney) လိုက်ပါခဲ့တယ်။ အာကာသထဲ လမ်းလျှောက်တဲ့တစ်နေ့ ဂြိုဟ်တုဆီက အကျိုးအပဲ့၊ အစအနတွေဟာ Explorer ကို တိုးတိုက်ထိခိုက်မိခဲ့တယ်။ ကမ္ဘာကြီးနဲ့အဝေး၊ ကမ္ဘာကြီးရဲ့ ဆွဲအားနဲ့ အဝေးကြီးမှာ အကန့်အသတ်နဲ့ လေနည်းနည်းကိုရှုရှိုက်ရင်း ဒေါက်တာရိုင်ယန် ခိုကိုးရာမဲ့ လွင့်မျောနေခဲ့ပြီ။ ဒါပေမဲ့ သူတို့ ရှင်သန်လွတ်မြောက်ခဲ့ပါတယ်တဲ့။ Gravity ဟာ ၂၀၁၃ သြဂုတ်လက ကျင်းပခဲ့တဲ့ ၇၀ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဖွင့်ပွဲရုပ်ရှင်တစ်ကားအဖြစ် ပြသခဲ့ပါတယ်။

The Fifth Estate
Biography / Drama
Walt Disney Studios, Motion Pictures (Domestic) / Mister Smith Entertainment (International)
ဒါရိုက်တာ - Bill Condon
ထုတ်လုပ်သူ - Steve Golin, Michael Sugar, Jeff Skoll, Jonathan King, Richard Sharkey
ဇာတ်ညွှန်း - Josh Singer
သရုပ်ဆောင်များ - Benedict Cumberbatch, Daniel Brühl, Carice van Houten, Anthony Mackie, David Thewlis, Alicia Vikander, Stanley Tucci, Laura Linney
၂၁ ရာစုမှာ ပြင်းပြင်းထန်ထန်ငြင်းခုံဆွေးနွေးမှုတွေ ဂယက်ထစေခဲ့တဲ့အဖွဲ့အစည်းတစ်ခုက WikiLeaks ပါ။ သတင်းတွေစီးမြောပေါက်ကြားမှုနဲ့အတူ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကိုပါ တုန်လှုပ်ချောက်ချားစေခဲ့တဲ့ WikiLeaks  ကို တည်ထောင်သူ သြစတြေးလျသား အယ်ဒီတာ/ တက်ကြွလှုပ်ရှားသူ/ စာနယ်ဇင်းသမား ဂျူလီယန်ပေါလ်အက်ဆန်းဂ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ WikiLeaks ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ နည်းပညာဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂျာမန်လူမျိုး Daniel Domscheit-Berg ရေးသားခဲ့တဲ့ Inside WikiLeaks: My Time with Julian Assange at the World's Most Dangerous Website ကို အခြေခံရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ဇန်နဝါရီ ၂၄ နေ့က ပြုလုပ်ခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ် Sam Adams ဆုပေးပွဲမှာ အက်ဆန်းဂ်က The Fifth Estate ရုပ်ရှင်ဇာတ်ညွှန်းကို ဖတ်ပြလိုက်တယ်။ ပြီးတော့ WikiLeaks ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ဝါဒဖြန့်တဲ့ ရုပ်ရှင်ပါလို့ဆိုပါတယ်။ “အလိမ်အညာကို ထပ်ဆင့်လိမ်ညာလိုက်သမျိုး” “အီရန်မှာ စစ်ပွဲပေါ် မီးတောက်မီးစတွေဖြန့်ကျဲ/ မီးလောင်ရာလေပင့်လိုက်သလိုမျိုး” လို့ မှတ်ချက်ပေးခဲ့တယ်။ ရုပ်ရှင်ရဲ့ အဖွင့်ပြကွက်မှာ အီရန်က စစ်ဌာနချုပ်လို့လူသိများတဲ့အဆောက်အဦ အတွင်းပိုင်းကိုပြတယ်။ ယူအက်စ်စစ်ထောက်လှမ်းရေးတွေရဲ့တွေ့ရှိချက်နဲ့ကွဲလွဲနေတဲ့ အီရန်မှာ နျူကလီးယားလက်နက်တည်ဆောက်နေပုံမျိုး ရိုက်ကူးပြထားတယ်လို့ အက်ဆန်းဂ်က ပြောပါတယ်။ ပြီးတော့ အက်ဆန်းဂ်ကပဲ The Fifth Estate ဟာ “ရန်လိုတဲ့ကြိုးပမ်းမှု” လို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အက်ဆန်းဂ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အင်္ဂလိပ်မင်းသား Cumberbatch ကိုတော့ WikiLeaks ကို အထောက်အပံ့ပေးနိုင်သူ၊ အကောင်းဆုံးသရုပ်ဆောင်သွားနိုင်သူပါလို့ ချီးကျူးခဲ့ပါတယ်။

ဖြိုးဖြိုး
(Yati Magazine, October, 2013)

No comments: