အချစ်ဆိုတာ ဘယ်လိုအရာလဲ၊ မိုင်လို သိပ်သိချင်တယ်။ လူတစ်ယောက်ကို ချစ်မိတဲ့အရသာဟာ ဘယ်လိုမျိုး ကြီးလဲ၊ တစ်ခါလောက်ခံစားကြည့်ချင်လိုက်တာ။ အချစ်နဲ့ ပတ်သက်လို့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမလဲတောင် မသိသေးဘူး။ မချစ်ဖူးသေးတော့လည်း ကဲကဲသဲသဲ ချစ်ပြနေကြတဲ့ သူတွေတွေ့ရင် သိပ်အမြင်ကတ်တာပဲ။ အထူးသဖြင့် facebook ဖွင့်သုံးမိတဲ့အချိန်မျိုးတွေဆို မိုင်လို သိပ်စိတ်ညစ်တယ်။ စိတ်ညစ်တယ်ဆိုတာထက် မျက်စိနောက်တာ။ အတွဲတွေလေ၊ အလကားနေရင်း ဓာတ်ပုံတွေရိုက်ရိုက်ပြီး တင်တင်နေကြလို့ပေါ့။ အထိမ်းအမှတ် တစ်ခုခုရှိလို့၊ ထူးထူး ခြားခြား နေရာလေးတွေ သွားလည်လို့ အမှတ်တရဓာတ်ပုံ ရိုက်တင်တယ်ဆိုထားပါ။ ခုတော့ အားအားရှိ …၊ ပုံစံတွေကို လည်းကြည့်ပါဦး။ လက်ချင်းတွဲလိုက်၊ ခေါင်းချင်းပူးလိုက်၊ ရင်ချင်းအပ်လိုက်၊ ကျောကနေသိုင်းဖက်လိုက်၊ အကျီဆင် တူတွေဝတ်ပြီး ဆင်တူပို့စ်တွေလုပ်လိုက်၊ နှုတ်ခမ်းစူကြ၊ မျက်မှောင်ရှုံ့ကြ၊ မျက်လူးပြူးကြ၊ ပိစ်ပုံစံ လက်နှစ်ချောင်း ထောင်ကြ၊ မြက်ခင်းပေါ်မှောက်ကြ၊ အိပ်နေတဲ့ပုံ၊ ခုန်နေတဲ့ ပုံ၊ သူတို့ကိုယ်သူတို့ ကိုရီးယားမင်းသား မင်းသမီးတွေများ ထင်မှတ်နေကြလားမသိ။ကိုရီးယားရုပ်ရှင်တွေကြည့်ပြီး အဲဒီ ထဲကစတိုင်လ်တွေအတိုင်း တစ်ထပ်တည်းလိုက်လုပ်လား လုပ်ရဲ့။ ယောက်ျာလေးကျောပေါ် ပျော်ပျော်ကြီးတက်ခွစီး နေတဲ့ပုံတောင်ပါသေးရဲ့။ (ကိုရိုးယားရုပ်ရှင်ထဲမှာက မိန်းက လေးက လမ်းမလျှောက်နိုင်လို့၊ ဒုက္ခကြုံလို့ အခြေအနေ အရကုန်းပိုးခေါ်ယူရတာ)။ မိုင်လိုတော့သိပ်စိတ်ပျက်တာပဲ။ တချို့ဆိုသိပ်ကြမ်းတဲ့ပုံတွေပါတင်တယ်။ ပါးချင်း မျက်နှာချင်း ကပ်ရုံမကဘူး၊ နမ်းနေတဲ့ပုံတွေပါတင်တာ။ (ကိုရီးယား ရုပ်ရှင် စာတန်းထိုးဘာသာစကားအရဆိုရင် အကြင်နာပေးတဲ့ပုံတွေပေါ့)။ လက်မထပ်ရသေးဘဲ နှစ်ဦးသား စိတ်တူကိုယ်တူ နေကြထိုင်ကြ၊အပျော်သဘောဗီဒီယိုတွေရိုက်ထားကြ၊ သဘောထားမတိုက်ဆိုင်စိတ်ဆိုးလမ်းခွဲကြတော့ အဲဒီ ဗီဒီယို ဖိုင်တွေတင်ကြ၊ ပြဿနာတွေ တက်ကြနဲ့။ ရှုပ်နေတာပဲ။ မိုင်လိုတော့ အဲလို ကြမ်းတမ်းတဲ့ပို့စ်နဲ့ဓာတ်ပုံတွေဆို like လည်းမလုပ်ဘူး။ တစ်စုံတစ်ရာ comment လည်း ၀င် မပေး ဘူး။ ဖျတ်ခနဲကြည့်မိတောင် အမြန်မျက်နှာလွှဲလိုက်တာပဲ။
မေမေကလည်း ဒါတွေမကြိုက်ဘူး။ အခန်းထဲ မေမေ ၀င်လာချိန် မိုင်လို facebook သုံးနေတုန်း အဲဒီပုံတွေ မြင်သွားလို့ကတော့ မိုင်လို့ကို တတွတ်တွတ်နဲ့ ဆုံးမတော့ တာပဲ။
“သမီးလည်း အရွယ်ရောက်နေပြီ၊ ရည်းစားထားဖို့ မေမေမတားဘူး။ ဒါပေမဲ့ သမီးချစ်သူရလို့ အဲဒီချစ်သူကို ဘယ်လောက်ပဲယုံယုံ၊ အဲဒီလိုဓာတ်ပုံမျိုး ဘယ်တော့မှမရိုက် ဘူးလို့မေမေ့ကိုကတိပေး၊ ပြီး နှစ်ယောက်တည်း ဆိတ်ကွယ် ရာအရပ်ကိုမသွားဖို့လည်း မေမေ့ကိုကတိပေး၊ ကံကြမ္မာဆို တာ တွက်ဆလို့မရဘူး၊ ဒီလူကိုပဲ သမီးယူကို ယူမယ်လို့ ဘယ်လောက်ပဲသံနိဌာန်ချထားချထား၊ မမြင်နိုင်တဲ့ ကံ တရားတွေရှိသေးတယ်ကွဲ့၊ ဒါကြောင့် စည်းကမ်းလေးနဲ့ ချစ်စေချင်တယ်။ မိုင်လိုလေး မေမေ့ကိုကတိပေးနော်”
“သိပ်ပေးတာပေါ့မေမေရဲ့”
မိုင်လိုကိုယ်တိုင်က ဒါမျိုးတွေ မကြိုက်တာပါ။ မိုင် လို မတော်တဆ ရည်းစားရခဲ့ရင်တောင် ဓာတ်ပုံ နှစ်ယောက် တည်း တွဲမရိုက်ဘူးလို့ စဉ်းစားထားတယ်။ အင်မတန်ရိုက် ချင်လွန်းလို့ ရိုက်မိရင်လည်း ကိုယ့်ဘာသာ တစ်ကိုယ်ရေသုံး တဲ့ ဖုန်းလေးထဲမှာပဲ သိုသိုဝှက်ဝှက်ထည့်ထားမယ်။ သတိရ တိုင်း တိတ်တိတ်လေးဖွင့်ကြည့်မှာပေါ့။ facebook ပေါ် တော့ ဘယ်တော့မှမတင်ဘူး။ သူငယ်ချင်းတွေကတော့ မိုင် လို့ စိတ်ကူးကို အမြဲပြက်ရယ်ပြုကြတယ်။
“ဓာတ်ပုံတွဲရိုက်တာပဲဟယ်၊ အသားပဲ့ပါသွားတာ မှတ်လို့၊ ငါသာဆိုရင်လည်းရိုက်မှာပဲ”
“ဒါဆိုနင်အဲ့ဒီလူနဲ့မယူဖြစ်ဘဲ တခြားတစ်ယောက် နဲ့ အိမ်ထောင်ကျပြီဆိုပါတော့ လင်ယောက်ျားရဲ့စိတ်ထဲ အထင်မြင်သေးစရာကြီးဖြစ်သွားမှာပေါ့၊ ပူးပူးကပ်ကပ်ရိုက် ထားခဲ့တဲ့ပုံတွေကိုကြည့်ပြီးလေ…”
“အထင်သေးရင် အစကတည်းက လာမယူနဲ့ပေါ့”
“ဟဲ့ နင်တို့ဘာသိလို့လဲ၊ မရသေးခင်တော့ ဟုတ် ပြီ ဟုတ်ရဲ့နဲ့၊ ဒါဘာမှ မဆန်းသလိုအထာနဲ့၊ ရလည်းရ သွား ရော တစ်ချိန်ချိန်ပြဿနာတစ်စုံတစ်ရာ ပေါ်တာနဲ့၊ အဲဒီလို ပုံတွေက မျက်စောင်းထိုးစရာsourceတွေဖြစ်လာမှာ၊ ငါနဲ့မရ ခင်တုန်းက အဲဒီလိုတွေ နေထိုင်ခဲ့တဲ့မိန်းမဆိုပြီး….”
“ မိုင်လိုရာ.. လူနဲ့မလိုက်၊ ပုံစံနဲ့မလိုက် စကားလုံး ရင့်ထော်ထော်ကြီးတွေ၊ အတွေးအိုအိုကြီးတွေနဲ့ တွေးပူမနေ စမ်းပါနဲ့၊ ခုခေတ်ယောက်ျားလေးတွေက အမြင်ကျယ်လာ ပါပြီဟဲ့၊ ငါတော့ရိုက်မှာပဲ”
“ဟုတ်တယ်ဟုတ်တယ် သူတို့လည်း တခြား တစ် ယောက်နဲ့ဒါမျိုးတွေရှိခဲ့မှာပဲ၊ အတိတ်ချင်းချေပစ်မှာပေါ့၊ တစ် ဖက်သတ်တော့ လာမနှိပ်နဲ့ ဘာရမလဲ၊ အကြောင်း သိသွား မယ်၊ ငါသာဆိုရင်လည်း ရိုက်မှာပဲ ဒီလိုလေး ဒီလိုလေး…”
ပြောပြောဆိုဆို စိုးသီတာပေါ့၊ မိုင်လို့ကို သိုင်း ဖက်ပြီး မျက်နှာချင်းပူးကပ်လာလို့ မိုင်လို စိတ်တိုတိုနဲ့ တွန်း လွှတ်ရသေးတယ်။ ခေတ်က ဘာဖြစ်သွားပြီလဲနော်၊ မိုင်လို လည်း မသိတော့ပါဘူး။ တကယ်ဆိုမိုင်လိုလည်း ဒီခေတ်ထဲ မှာ ကြီးပြင်းလာတဲ့ မိန်းကလေးပါ။ ခုမှ အသက်လေးကနှစ် ဆယ်ကျော်ရုံ၊ ပြီးတော့ မိုင်လို့ ဖေဖေ မေမေက လည်း ရှေးကျသူတွေမဟုတ်ဘူး။ မေမေဆို ဖေဖေနဲ့ ညစာ စားပွဲ တွေတက်ပြီဆိုရင် ဂါဝန်ကလေးနဲ့တကယ့်အပျံစား။ ဘောင်း ဘီတွေ စကတ်တွေ မေမေတောင် ၀တ်လေ့ရှိတာပဲ။ ပေါ့ပါး လွတ်လပ်တဲ့စတိုင်မျိုး အခြေအနေ အချိန်အခါအရ လူတိုင်း ၀တ်ခွင့်ရှိပေမဲ့ နေရာတိုင်း ပေါ့ပါးလွတ်လပ်ပြီး စိတ် ယဉ် ကျေးမှုစည်းဝိုင်းအပြင်ဘက် ချော်ထွက်သွားတဲ့ အတွေး တွေတော့ မြန်မာမိန်း ကလေးတွေအနေနဲ့ မတွေးသင့် ဘူးလို့ မိုင်လိုထင်တယ်။
ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီးပြောရရင် မိုင်လို တို့ ခရစ်ယာန်မိန်းကလေးတွေဆို အနေအထိုင်အပြောအဆို လွတ်လပ်ပွင့်လင်းလွန်းကြတယ်လို့ လူတော်တော်များများ က သတ်မှတ်တတ်ကြတယ်။ ဒါကလည်း ဗုဒ္ဓဘာသာ ၀င် အမျိုးသမီးလေးတွေဆို ဘုရားရင်ပြင်ပေါ်ကို ဘောင်းဘီ စကတ် ၀တ်မလာရ ဆိုတဲ့ စည်းကမ်းမျိုး တိုင်းပြည်မှာကိုက တရားဝင် ချမှတ်ထားတာကိုး။ မိုင်လိုတို့ ခရစ်ယာန်ဘုရား ကျောင်းတွေမှာတော့ဘုရားဝတ်ပြုလာတယ်ဆိုပေမဲ့ဘောင်းဘီ၊ စကတ်တွေ ဘာပဲဝတ်ဝတ် ၀တ်လာနိုင်တယ် လေ။ ဒါ ကြောင့် ခရစ်ယာန်တွေဆို အနောက်တိုင်းဆန်တယ်၊ မြန်မာ မဆန်ဘူးလို့ သိမ်းကျုံးပြောဆိုခံရတတ်တယ်။ မိုင်လို့ မေမေ ဆို ဈေးဝယ်ထွက်ရင်၊ ဖေဖေနဲ့ အပြင်သွားရင် ဘောင်း ဘီတွေ၊စကတ်တွေဝတ်လေ့ရှိပေမဲ့ ဘုရားကျောင်းတက်ရင် အမြဲပဲ မြန်မာဆန်ဆန် အကျီလေးနဲ့ လုံချည်ပဲ ၀တ်လေ့ ရှိတာပါ။ ဖေဖေလည်း အလုပ်သွားရင်သာ ဘောင်းဘီ တကားကားနဲ့ ဘုရားကျောင်းတက်ရင်တော့ အကျီဖြူနဲ့ ပုဆိုးပဲ ၀တ်လေ့ရှိတာပါ။ မိုင်လို့ကိုတော့ မြန်မာဆန်ဆန် ၀တ်မှ ဘုရားကျောင်းတက်ရမယ်လို့ မတင်းကျပ်ပါဘူး၊ ဒါပေမဲ့ မိုင်လိုက ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းချုပ်ဝတ်စား တတ်ပါတယ်။ ပြီးတော့ မိုင်လိုက ဘုရားကျောင်းမှာ ပင်တိုင် စန္ဒရားတီးသူဆိုတော့ pianist တစ်ယောက်ရဲ့စတိုင် ကျန ပေါ်လွင်အောင် ဂါဝန်ရှည်လေးတွေ၊ ဘောင်းဘီရှည်လေး တွေ လုံလုံခြုံခြုံပဲ ၀တ်ဖြစ်ပါတယ်။ ဟုတ်လည်းဟုတ်ပါ တယ်။ ခုခေတ် ဘုရားကျောင်းတွေဟာ ကပွဲသဘင်တွေ ကျနေတာပဲ။ ယောက်ျားလေးတွေကလည်း ဟစ်ပ်ဟော့ပ် စတိုင် ဘောင်းဘီတိုပွပွ ခါးလျှောလျှောတွေနဲ့၊ ဂျင်းပင် ခွလျှောကြီးတွေနဲ့။ မိန်းကလေးတွေဆိုရင်လည်း ခုနောက် ပိုင်း ပိုဆိုးလာတယ်။ ပေါင်ပေါ်ရုံမက တိုလွန်းတဲ့စကတ်တွေ ၀တ်သူတောင်ရှိလာတယ်။ မိုင်လိုတို့ရဲ့ ဘုန်းတော်ကြီးက ဒါကို လက်မခံပါဘူး။ ဘုရားကျောင်းလာရင် အမျိုးသား တွေကို ဂျင်းဘောင်းဘီ ၀တ်တာ ခွင့်မပြုကြောင်း၊ hip hop style ခွင့်မပြုကြောင်း၊ အမျိုးသမီးတွေ ဒူးပေါ် ရင်သား ပေါ်တဲ့ လျှပ်ပေါ်လော်လီဝတ်စား ဆင်ယင်မှုတွေ ဘုရား ကျောင်းမှာခွင့်မပြုကြောင်းwelcome and announcement time မှာ ကြေညာလေ့ရှိပါတယ်။ ဘာသာတရားနဲ့ အ၀တ် အစားအကြောင်း ရောက်သွားတာနဲ့ပဲ အချစ်အကြောင်း ဘယ်ရောက်သွားပါလိမ့်….။
အော် …ပြီးတော့ မေမေက ပြောသေးတယ်ရှင့်။ “မိုင်လိုလေးစိတ်ထဲဘယ်သူ့ကိုကြွေနေတယ်ဆိုတာ မေမေပဲ အရင်ဆုံးသိပါရစေ” တဲ့။
ဒါကို သူငယ်ချင်းတွေကိုပြောပြတော့ “ဟယ် ဘယ်ဖြစ်မလဲ၊ ငါတို့ကိုပဲအရင်ဆုံးအသိပေးရမယ်”တဲ့။ စိုးသီ တာ ဆိုတဲ့ အကဲမလေးကတော့ “ဟဲ့ နင့်အမေက မိုက် တယ်၊ မော်ဒန်မားသားပဲ” တဲ့။ ဇင်မေကတော့ “အချစ်ရေး ကိစ္စ မားသားတွေမသိတာဘဲ ကောင်းပါတယ်၊ သွားမပြော လေနဲ့”တဲ့။
xxxxx
ခုတလော မိုင်လို တစ်မျိုးကြီးခံစားနေရတယ်။ ဘယ်လို ခံစားချက်ကြီးလဲဆိုတာ ပြောပြလို့တောင် မတတ် ဘူး။ Blacksheep Black ဆိုတဲ့နာမည်နဲ့ accountတစ်ခုကို facebookဖွင့်တိုင်း မကြည့်ဘဲ မနေနိုင်အောင် ဖြစ်ဖြစ်နေလို့ ပေါ့။ ဘလက်(ခ်)ရှိ(ပ်)ဘလက်(ခ်)ဆိုတော့ အနက်ရောင် သိုးမည်းလေးပေါ့။ တကယ်ပဲ သူက ဘုရားသခင်နဲ့ ဘုရား ကျောင်းနဲ့ ဝေးနေတဲ့ သိုးမည်းလေးလား။ ဒီနာမည်ကြောင့် ပဲ ထူးခြားသလိုဖြစ်ပြီး မိုင်လို့ စိတ်တွေ တိမ်းညွတ် နေမိတာ လား၊ မပြောတတ်တော့ပါဘူးရှင်။ တစ်နေ့တစ်နေ့ သူဘာ status အသစ်များတင်ထား မလဲ၊ စိတ်ဝင်တစားကြီး စောင့် စောင့် ကြည့်လိုက်ရတာ။ သူ့ရဲ့ profile picture ကလည်း လေးထောင့်ကွက် အနက်ရောင်ပိတ်ပိတ်ကြီး။ နာမည်နဲ့ လိုက်ပါ့။ Live in Singapore လို့တော့တွေ့တယ်။ စင်ကာ ပူမှာ အလုပ်လုပ်နေပုံရပါတယ်။ မိုင်လို သဘောကျတာက သူက facebook style လို့ ပြောရမလား၊ facebook idem လို့ပဲ ပြောရမလား လူအများစုရေးလေ့ရှိတဲ့ မပီကလာ အသံ ထွက် စကားလုံးတွေ၊ ဘယ်တော့မှ မရေးဘူးရှင့်။ သူက ကဗျာလိုလို စာအပိုင်းအစလေးတွေပဲ တင်လေ့ရှိတယ်။ မိုင်လို မြင်ရသလောက် သူ့comment တွေမှာ စည်းလွတ်ဝါး လွတ် ရွှတ်နောက်နောက်စကားလုံးတွေ မပါဘူး။ facebook ပေါ်က လူအများစုလို ဓာတ်ပုံတွေဖောဖောသီသီ တင်လေ့ မရှိဘူး။ တစ်ခါတစ်ခါ “ဘော်ဒါတွေနဲ့ပေါ့ဗျာ”လို့ စာတန်း လေးတွေနဲ့ လေးငါးယောက် အဖွဲ့လိုက်ပုံတွေတင်လေ့ ရှိ ပေမဲ့ ဒီလေးငါးယောက်ထဲမှာ ဘယ်သူက“သူ”လဲ။ မိုင်လို ဘယ်လိုလုပ်သိမှာလဲနော်။ သူ့statusတွေ Likeလုပ်သူက လည်း အများဆုံးရှိလှ ၁၀ယောက်ကျော် လောက်ပါပဲ။ သူ့ postမှာတခြားလူတွေလို comment တွေလည်း ခပ်များများ မတွေ့ရတတ်ပါဘူး။
သူနဲ့ friend ဖြစ်နေခဲ့ပေမဲ့ ဘယ်ကဘယ်လို friend ဖြစ်သွားတယ်လို့ အတိအကျတော့ မမှတ်မိခဲ့ဘူး။ တကယ်ဆို မိုင်လိုက တစ်ဖက်က လာaddလုပ်ရင်တောင်မှ confirm လုပ်ဖို့ကို တော်တော်အချိန်ယူလေ့ရှိတာပါ။ အရင် ဆုံး တစ်ဖက်လူကို လက်မခံခင် သူ့account ကို အရင်ပြေး ကြည့်လေ့ရှိတယ်။ အဲဒီမှာ လူပုံတိတိကျကျ၊ အလုပ်အကိုင်၊ နေရပ်၊ မွေးနေ့သက္ကရာဇ် အဲလို အခြေခံ အချက်အလက် လေးတွေ အကြမ်းဖျင်း တင်ထားမှသာ ရွေးချယ်စိစစ်ပြီး လက်ခံတာ။ထင်ရှားကျော်ကြားတဲ့celebritiesတစ် ယောက် ယောက်ဓာတ်ပုံမျိုး၊ ဒါမှမဟုတ် ဟိုပုံဒီပုံ လျှောက်တင်ထား တာမျိုးဆို လက်ခံလေ့မရှိပါဘူး။ သူ့လို profile မှာလည်း လူပုံမရှိ၊ အခြေခံအချက်အလက်တွေလည်း ဟုတ်တိပတ်တိ မရှိတဲ့ လူတစ်ယောက်ကို ဘယ်တုန်းက ဘယ်လို လက်ခံမိ ထားပါလိမ့်။ မိုင်လို မမှတ်မိဘူးဖြစ်နေတယ်။ တစ်ယောက် ယောက်ရဲ့ postအောက်မှာ comment ပေးရင်းနဲ့များ Blacksheep Black ဆိုတဲ့အမည်ကို မျက်စိက ရင်းနှီးသွား ပြီး အမှတ်တမဲ့ add လုပ်လိုက်မိသလားပဲ။ တစ်ခါ ပန်းချီ ဆရာတစ်ယောက်တင်ထားတဲ့ nudeပန်းချီကား တစ်ကားနဲ့ ပတ်သက်ပြီး commentတွေ အလုအယက် ဝေဖန်ရေးဖူး တာတော့ မှတ်မိတယ်။
Milo ; how about BSB ?...
Blacksheep Black ; နားမလည်ဘူးဗျ၊ ဘယ်က Back Street Boys က ပါလာတာလဲဗျ….
Milo ; ohh….what a poor guy…...don’t u reconize ur name?..I mean BSB is Blacksheep Black….u know?
မိုင်လိုက အပေါ်က သူ့comment ကို ရည်ရွယ် ရေးလိုက်တာ၊ သူက မြန်မာလို ပြန်ရေးတယ်။ အမှန်က သူ ရူးချင်ယောင်ဆောင်တာပါ။ အဲဒီလို အပြန်အလှန် ပြောဖူး တာလေးတော့ မိုင်လို ကောင်းကောင်းမှတ်မိနေတယ်။ သူ့ ကို သတိထားမိချိန်မှာ သူက မိုင်လို့ရဲ့ friend list ထဲ ဟန် ကျပန်ကျရောက်နှင့်နေခဲ့ပြီ။ သူက ၀င်ရေး ၀င်ပြောတိုင်း စကားလုံးအဆုံးမှာ ဗျ..ဗျ လို့ထည့်ထည့်ရေးတတ်တာ မိုင်လို သတိထားမိတယ်။ ပြီးတော့ သူ့အကျင့်တစ်ခုက ကိစ္စ တစ်ခုကို အခြေတည်ပြီး ပြော၊ ဆို၊ ငြင်းခုံ ပြီဆို ဘယ် တော့မှ ဆုံးခန်းတိုင်အောင် ၀င်မဆွေးနွေးတော့ဘူး။ ဘယ် လောက်ပဲ သူ့ကို တိုက်ရိုက်ဦးတည် မေးခွန်းထုတ်စေ ဦး တော့ ရူးချင်ယောင်ဆောင်ပြီး လစ်လစ်ထွက်သွားတတ် တာပဲ။ မိုင်လိုကတော့ မရဘူး။ ဇွဲကောင်းကောင်းနဲ့ မနိုင် မချင်း ဆုံးခန်းတိုင်အောင် ပြောလေ့ရှိတယ်။
သူက သိုသိုဝှက်ဝှက် တမင်နေတာလား၊ ပင်ကို အနေအေးလို့ပဲလား မသိပါဘူး၊ သူ စင်ကာပူမှာ ဘာတွေ လုပ်တယ်၊ ဘယ်လိုနေထိုင်တယ်၊ အဆင်ပြေမှု/မပြေမှု ဘာဆိုဘာမှ မသိရတတ်ဘူး။ မိုင်လို ဘာအလုပ်လုပ်တယ်။ ဘယ်လို အကျင့်ရှိတယ် ဆိုတာတော့ ခပ်များများကြီးကို သူက သိနေတတ်တယ်။ ဒါကလည်း သူက ပိုပိုကဲကဲ စပ်စု လို့မဟုတ်ပါဘူး၊ မိုင်လိုကိုယ်တိုင်ကိုက မမေးလည်း ပြော ပြောပြနေတတ်ခဲ့လို့ပါ။ ပြီးတော့ မိုင်လိုက အခြာuးser တွေ လို ကိုယ့်ပုံကိုယ် စွပ်ကယ်စွပ်ကယ် မတင်ဖြစ်ပေမဲ့ လှုပ်ရှား မှုဓာတ်ပုံလေးတွေတော့ တင်တင်ဖြစ်တယ်လေ။ ဒီတော့ ဘယ်မှာလဲ၊ဘာလုပ်တာလဲ သူ့ဘက်က မေးလာရင်း မေး လာရင်းနဲ့ မိုင့်လို့ဘက်က ပြောစရာ အကြောင်း အရာတွေ အလိုအလျောက်ရှိရှိသွားတဲ့ သဘောပေါ့။ မိုင်လို တင်ထား တဲ့ ဓာတ်ပုံတချို့ကို ကြည့်ပြီး မိုင်လိုက တနင်္ဂနွေ နေ့တိုင်း ဘုရားကျောင်း တက်လေ့ရှိတဲ့ ခရစ်ယာန်မလေး ဆိုတာ သူ သိသွားပေမဲ့ ခုချိန်ထိ သူ ဘယ်ဘာသာကိုးကွယ်တယ် ဆိုတာ မသိရသေးဘူး။ မိုင်လိုကိုယ်တိုင်က စိတ်ဝင်တစား မရှိတာလည်း ပါပါတယ်။ အွန်လိုင်းပေါ်မှာ မိတ်ဆွေ အချင်း ချင်း ပေါင်းသင်းဆက်ဆံရာမှာ ဘာသာတရား ကိုးကွယ် ယုံကြည်မှု ဆိုတာတွေလိုလို့လား၊ ဟင့်အင်း၊ မိုင်လိုကတော့ ဒါတွေ တစ်ခါမှ ထည့်မစဉ်းစားဖြစ်ပါဘူး။ ဘာသာမတူရင် chatting မလုပ်ရတော့ဘူးလား၊ ဘာသာမတူရင် like မလုပ်ရတော့ဘူးလား။
မိမိကိုးကွယ်တဲ့ ဘာသာတရားကမှ တစ်ခုတည်း သော အစစ်အမှန်တရားလို့ မိုင်လိုတစ်ခါမှ မရေးသားဖူး ပါဘူး။ မေမေကလည်း မိုင်လို့ကို အမြဲမှာတယ်ရှင့်။
“ဘာသာရေး၊ နိုင်ငံရေး postတွေမှာ သွားပြီး ဝေ ဖန်၊ပြောဆို၊ငြင်းခုံတာမျိုးတွေ လျှောက်မလုပ်နဲ့နော် မိုင်လို လေးရေ…” တဲ့။
မိုင်လိုတောင်မှ မေမေ့ကို ပြန်နောက်လိုက်ပါသေး တယ်။
“မပူနဲ့မေမေ စိတ်ချစိတ်ချ၊ မေမေ့သမီးက ငယ် သေးတဲ့ဟာ၊ အချစ်ရေးမှ အချစ်ရေးပဲ”လို့ပေါ့။ တကယ် တမ်း အချစ်ရေးခေါင်းစဉ်အောက်မှာလည်း မိုင်လို့ခမျာ ဘာ မှ ဟုတ်တိပတ်တိ ၀င်ပြောနိုင်တာလည်း မရှိပါဘူး။ မိုင်လိုမှ မချစ်ဖူးသေးတဲ့ဟာ။ သူငယ်ချင်းတွေလို ထိထိရှရှ ခံစား ချက်တွေလည်း တစ်ခါမှ ရေးမတင်ဖူးဘူး။ လှုပ်ရှားမှု ဓာတ်ပုံ လေးတွေနဲ့ တချို့အနုပညာရေးရာလေးတွေမှာ နည်းနည်း ပါးပါး ၀င်ရေးတာလောက်ပါပဲ။
တစ်နေ့က Mary Chapman School က နား မကြားတဲ့ကလေးတချို့ မိုင်လိုတို့ ဘုရားကျောင်းကို လာကြ တယ်။ အစအဆုံး serviceအချိန်ကို သူတို့ကပဲ ဦး ဆောင် ပြီးလုပ်တာ။ သီချင်းဆိုတာ၊ ဆုတောင်းတာ အကုန် သူတို့ ကပဲဦးဆောင်တယ်။ အဖွင့်ဆုတောင်းချိန်ကစပြီး နောက်ဆုံး အချိန်ထိ သူတို့ sign language နဲ့ အသံတိတ် လုပ်ဆောင် သွားတာကို ဆရာမတစ်ယောက်က ထိုင်ကြည့်ပြီး မိုင်လိုတို့ လူသာမန်တွေ နားလည်အောင် တစ်ပြိုင်တည်း အသံထွက် ဖလှယ်ပြောပြပေးတာ။ အဲဒီလို ဘုရားကျောင်းက လှုပ်ရှားမှု ဓာတ်ပုံလေးတွေကိုတင်ရင်းတင်ရင်းနဲ့ မိုင်လို ခရစ်ယာန် ဘာသာ ကိုးကွယ်တယ်ဆိုတာ သူ အလွယ်တကူ သိသွားခဲ့ တာပါ။
တစ်ခါက သူ မေးဖူးတယ်။ ညနေအမှောင်ပျိုးစ အချိန်လေးမှာ ဆူးလေစေတီကို ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံ ကို မိုင်လိုက like လည်းလုပ်ထားသလို comment လည်း သုံးခုတောင် ၀င်ရေးထားလို့ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး သူက လာမေးတာ။
Blacksheep Black ; ပြောတော့ ခင်ဗျားက ခရစ်ယာန်ဆို….
Milo ; ဟုတ်တယ်လေ အဲဒါ ဘာဖြစ်လဲ
Blacksheep Black ; ဆူးလေဘုရားကို လိုက်ခ် လုပ်တာ တွေ့လို့
Milo ; ဟင်…like ခွင့်မရှိဘူးလား
Blacksheep Black ; မဟုတ်ပါဘူး အံ့သြသွားလို့ပါ
Milo ; I love n admire the image of Sule pagoda. look like a painting. make me happy. make me cool…n then…
ထုံးစံအတိုင်းပဲ ဆုံးခန်းတိုင်အောင် မပြောဘဲ သူ လစ်ထွက်သွားခဲ့တယ်။
Milo ; hey…where r u..? r u there…? hey…
အဲဒီလို သူလစ်လစ်ထွက်သွားပြီဆို မိုင်လို့စိတ်ထဲ လိပ်ခဲတည်းလည်းနဲ့ ကျန်ရစ်ခဲ့ရော။ နောက်နေ့ကျတော့ သူ မသိသလိုပုံစံနဲ့။ စကားဆုံးအောင် နားမထောင်တော့ဘဲ လစ်ထွက်သွားခဲ့လို့ စိတ်ဆိုးကြောင်းပြလိုက်ဦးမယ် စိတ်ကူး ထားပေမဲ့ “ဘာလုပ်နေလဲဗျ”ဆိုပြီး သူ ပေါ်လာရင် မိုင်လို အရည်ပျော်သွားတော့တာပါပဲရှင်။
တစ်နေ့က ဘုရားကျောင်းမှာ မိုင်လို piano prelude တီးနေတုန်း choir member တစ်ယောက်က သူ့ ဖုန်းနဲ့ အမှတ်တမဲ့ လာရိုက်ပေးတဲ့ပုံလေး ရခဲ့တယ်။ စန္ဒရား ပေါ်မှာ အလှထိုးတင်ထားတဲ့ ပန်းလေးတွေက အနီရောင်၊ မိုင်လို ၀တ်ထားတဲ့အကျီက အနီပွင့်လေးတွေနဲ့ match ဖြစ် ပြီး သဘောကျသွားလို့ အဲဒီတစ်ယောက်ဆီက zapyaနဲ့ လှမ်းယူပြီး facebook မှာ လူပုံ မတင်စဖူး တင်လိုက်တယ်။ အဲဒီပုံအောက်မှာ ထုံးစံအတိုင်း တစ်ယောက် တစ်ပေါက် စစနောက်နောက် ၀င်ရေးလာကြတာပေါ့။
Pinsein ko ; စန္ဒရားပေါ် ကြွက်ဖြတ်လျှောက်သွားခြင်း…
Db Lane ; တကယ်တီးတတ်လို့လား
Aphyu Young ; စန်းဒရားခလုတ်ပေါ် လက်တင် ရိုက်ထား တာမို့လား…
စုံနေတာပဲ။ အဲဒီမှာ သူက မိုင်လို့ဘက်ကနေ စစ်ကူ တိုက်ပေးခဲ့တယ်။
Blacksheep Black ; လက်ချောင်းတွေက key F ကို ကျကျနန ကိုင်ထားတာဗျ၊ တကယ်တီးတတ်ပုံရပါတယ်ဗျ…
ဒါနဲ့ သူ ဂီတကို နားလည်ပုံပဲလို့ တွက်ဆလိုက်ပြီး စန္ဒရားတီးတတ်လား၊ ဂစ်တာတီးတတ်လား မေးပေမဲ့ တိတိ ပပ မဖြေခဲ့ဘူး။ မိုင်လို က ဘုရားကျောင်းမှာ ပင်တိုင် စန္ဒရား တီးတယ် ဆိုတာရယ်၊ MMS ကျောင်းမှာ ကလေးတွေကို သီချင်းသင်ပေးနေတဲ့ part time music teacher ဖြစ်တယ် ဆိုတာရယ် ဆိုတာတော့ အဲဒီနေ့က သူသိသွားခဲ့တယ်။
တဖြည်းဖြည်းနဲ့ မိုင်လိုတော့ အခက်တွေ့ရပြီ။ အရင်က တနင်္ဂနွေဆို သိပ်ပျော်ခဲ့တာလေ။ အခု အပျော် နည်းနည်း လျော့နေခဲ့တယ်။ ဘာလို့ဆို ဘုရားကျောင်းထဲ မှာက ၀တ်ပြုနေချိန် လက်ကိုင် ဖုန်းတွေ ပိတ်ထားရတာကိုး။ တချို့မိန်းကလေးတွေကတော့ ဖုန်းကို အသံကိုသာ silent လုပ်ထားပြီး ခုံတန်းရှည်မှာ အသာလေး ဇက်ပုထိုင်ရင်း တိတ်တိတ်လေး အင်တာနက် ခိုးသုံးနေတတ်ကြတယ်။ မိုင်လို့အထင်လည်း ဖြစ်ချင်ဖြစ်မှာပါ၊ ခုခေတ်က အိုင်တီ ခေတ် ဆိုတော့ လက်ကိုင်ဖုန်းထဲမှာလည်း Myanmar Bible ဆိုပြီး ကျမ်းစာတွေ မြန်မာလို ထည့်ထားနိုင်တယ် ဆိုတော့ ခေါင်းငုံ့ပြီး ကျမ်းချက်တွေ လိုက်ဖတ်နေတာလည်း ဖြစ်နိုင် တာပါပဲရှင်။ မိုင်လိုလည်း ငယ်ရွယ်တဲ့မိန်းကလေးပီပီ အင် တာနက်လေး ခိုးသုံးချင်မိတယ်။ ခက်တာက မိုင်လိုက စန္ဒရားခုံမှာထိုင်ပြီး လက်နှစ်ဖက်က တီးနေရတာလေ။ ဆရာ တော်တစ်ပါးပါး တရားဒေသနာဟောကြားနေချိန်မှာ တချို့ မိန်းကလေးတွေလို ကျိတ်ခိုးသုံးဖို့လည်း မလွယ်လှဘူး။ မိုင်လိုထိုင်ရတဲ့ စန္ဒရားခုံက လူမြင်ကွင်း ရှေ့ဆုံးမှာ ထီးထီး ကြီးလေ။ ဘုရားကျောင်းထဲမှာ ရှိနေချိန်ဆို သူနဲ့ စိတ်ထဲ ကမ္ဘာခြားနေသလိုပဲ ခံစားရတယ်။ ဘုရားကျောင်းဆင်း မှပဲ မိုင်လို အပြေးအလွှားနဲ့ အင်တာနက် ၀င်ကြည့်ရတယ်။ ဘုရားသခင် ..မိုင်လို့ကို သူ့လို သိုးမည်လေးဖြစ်အောင် စာတန်ဝင်နှောင့်ယှက်နေပြီလား။
ဘာဖြစ်လို့ facebook ဖွင့်ကြည့်ဖို့ကို စိတ်တွေ ယောက်ယက်ခတ်နေမိတာပါလိမ့်။ သေချာပါပြီ။ အဲဒါ သူနဲ့ တွေ့ချင်လို့ပါ။ သူနဲ့စကားမပြောဖြစ်တဲ့နေ့ဆို၊ မိုင်လို့ရင်ထဲ ဟာတာတာနဲ့ ဘယ်လိုကြီးဖြစ်နေမှန်းမသိပါဘူး။ တခြား ဘယ်သူ့status မှမဖတ်အား၊ တခြား ဘယ်သူ့ကိုမှ like မလုပ်အား Blacksheep Black နံရံကိုပဲ အပြေးအလွှား တက်တက်ကြည့်နေမိတာ။ အဲဒါ မိုင်လို သူ့ကို ကြွေနေ တာ လား။ မေမေ့ကို မိုင်လို အသိပေးရတော့မှာလား၊ မပေးဘဲ ထားတာ ကောင်းမလား။ ခက်တာက မေမေက “ဘယ်သူလဲ ပြ”ဆိုရင်တောင် ပြစရာဓာတ်ပုံက လက်သည်းခွံလောက် လေးတောင်မှ ရှိမနေတော့လည်း ခက်သား။
တစ်နေ့တော့ သူ့ နံရံမှာ ဓာတ်ပုံတစ်ပုံတက် နေ တာ မိုင်လိုမြင်တယ်။ ပုံက တော်တော်မှောင်နေတယ်။ မျက်နှာအနီးကပ်ပုံ။ အသားမည်းလို့ပဲ တမင်မှောင်ချပြီးရိုက် ထားတယ်လို့တောင် ထင်စရာကောင်းလှတယ်။ အိပ်ရာမှာ အိပ်လှဲချပြီး ကိုယ့်ဘာသာ ပြန်ရိုက်ထားတဲ့ပုံနဲ့ တူပါရဲ့၊ ဆံပင်တွေကလည်း အရှည်ကြီးဖွာကျနေပြီး မျက်နှာပေါ် တစ်ဝက်လောက်နီးနီး အုပ်ကျနေတယ်။ ဘုရားသခင် အဲဒါ သူလား၊ အခြားတစ်ယောက်လား။ ပုံအောက်ခြေက သူ့ friend တချို့ရဲ့commentတွေ လိုက်ဖတ်ကြည့်ရင်းနဲ့ ဒါဟာ သူပဲ၊ သူ့ပုံ အစစ်ပဲလို့ မိုင်လို သိလိုက်ရတယ်။ အဲဒီမှာ မိုင်လို့ ရင်တွေ ပရမ်းပတာကြီးကို ခုန်လှုပ်နေတာ ခံစားသိလိုက်ရ တယ်။ ဘာလို့အဲလို ဖြစ်ရတာလဲ။ ကွန်ပျူတာစခရင်ပေါ် မြင်လိုက်ရတာကို ဒီလောက်ပရမ်းပတာဖြစ်နေမယ်ဆိုရင်၊ တကယ်လို့ အပြင်မှာသာ အရှင်လတ်လတ်ကြီးများ သူ့ကို တွေ့လိုက်ရရင်…အဲဒီလို တွေးမိလိုက်ရုံနဲ့ တိတ်တခိုး ခုန်နေတဲ့ရင်က အတိုင်းအဆမရှိ ဗြောင်းဆန်ခုန်ပေါက် ကုန်တော့တာပါပဲရှင်။
Milo ; စိုးရိမ်မှတ်ရောက်နေပြီ BSB နေပူထဲထပ်မထွက်နဲ့
Blacksheep Black ; မိုင်လိုကလည်းဗျာ
မည်းနေတဲ့အသားကို စနောက်တဲ့သဘော ပြော လိုက်တာ။ အရင်က သူ တင်ထားခဲ့ဖူးတဲ့ အုပ်စုလိုက်ပုံ တွေပြန်ရှာ၊ အနီးကပ်ဆွဲယူ ကြည့်နဲ့ မိုင်လို အလုပ်တွေ ရှုပ် သွားခဲ့တော့တယ်။ အဲဒီ နောက် သိပ်မကြာခင်မှာပဲ နောက် ထပ် ပုံတစ်ပုံတွေ့ ပြန်ရတယ်။ ဒီတစ်ခါ တစ်ယောက် တည်း မဟုတ်ဘူး။ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်း နဲ့။ ဘယ်ကလာ…. တွဲရိုက်ထားတာတော့ မဟုတ်ဘူးပေါ့။ ဘက်ခမ်းက နံရံထက်က ပိုစတာထဲမှာရှင့်၊ သူက အဲဒီရှေ့ မှာ ဘက်ခမ်းနဲ့အပြိုင် ဟန်ရေးပြနေတာ။ ဒီပုံမှာတော့ ရှေ့ကပုံလောက် အသားမမည်းတော့ဘူး။ သူ့ကိုယ်ပေါ်မှာ အကျီဝတ်မထားဘူး၊ ဘေးတစ်စောင်း ကိုယ်တစ်ပိုင်းပုံ။ ကြွက်သားတချို့ ဖုထစ်မောက်ကြွနေတဲ့ ဘယ်ဘက်လက် မောင်းမှာ tattooတွေ ခပ်များများတော့ ရှိတယ်။ ပုံက သေးလို့ ဘာတွေ ထိုးထားတယ်ဆိုတာ မိုင်လို မကြည့်တတ် ပါဘူး။ ပိုစတာထဲက ဘက်ခမ်းကလည်း tattoo တွေနဲ့။ ဒါကြောင့် ဒီပုံမှာ “ဘက်ခမ်းနဲ့အပြိုင်”လို့ သူက စာတန်းထိုး တယ်။
“ သမီး သူ့ကို ကြွေနေတာလား”
“အမလေး…”
စိတ်တွေဝင်စားပြီး ခုတင်ပေါ်မှာ လက်ပ်တော့ပ် တစ်လုံးနဲ့ကုန်းကြည့်နေတုန်း မေမေ၀င်လာတာ၊ မသိလိုက် ဘူး။ ပတ်ဝန်းကျင်ကို သတိလစ်ဟင်းတဲ့ အထိ မိုင်လို ဘာ ဖြစ်နေပါလိမ့်ရှင်။
“လန့်သွားလားမိုင်လိုလေး၊ မေမေရော ကြည့်လို့ရ မလား”
မေမေက မိုင်လို့ဘေးနားလာထိုင်လို့ ရတယ်ဆိုတဲ့ သဘောနဲ့ လက်ပ်တော့ပ်လေး မေမေ့ဘက်ကို လှည့်ပြ လိုက်တော့ မေမေကသူ့ဓာတ်ပုံကို ကြည့်ပြီး မျက်မှောင် ကုတ် သွားတယ်။
“ tattooတွေထိုးတာတော့ မေမေ သဘောမကျ ပါဘူး”
“ ဘက်ခမ်းကျတော့ မေမေကြိုက်ပြီးတော့…”
“ ဘက်ခမ်းက ဘက်ခမ်းလေ”
မေမေသဘောကျပုံမရလို့ထင်ပါရဲ့။ အဲဒီနောက် ပိုင်း မိုင်လို သူ့wallပေါ် တက်မကြည့်ဖြစ်တော့ဘူး။ ပြီးတော့ ခရစ်စမတ်မှာ Cantata သီချင်းဆိုဖို့ Choir member တွေကို ဘုရားကျောင်းမှာ စန္ဒရားတီးပေးနေရတာနဲ့ မိုင်လို လည်း အင်တာနက်သိပ်မသုံးဖြစ်တော့ဘူး။ ညနေတိုင်း ၆နာရီမှာ စကျင့်တာ၊ ဘုရားကျောင်းက အိမ်နဲ့ဝေးလို့ ဖယ်ရီနဲ့ပြန်ပို့ပေးတာတောင် အိမ်ကို ညတိုင်း ၉နာရီခွဲမှ ပြန်ရောက်တော့ ရေချိုးပြီးတာနဲ့ အိပ်ချင်လာရောပဲ။ ပြီးတော့ မိုင်လိုက လက်ဆစ်တွေနာတဲ့ ရောဂါရှိတယ်။ ဒီလို စန္ဒရားအကြာကြီး တီးပေးခဲ့ရပြီဆို အိမ်ရောက်ရင် လက်က ဘာမှ မတို့မထိချင်တော့ဘူး။ ဒါ အင်တာနက် မကြည့်ဖြစ် တာကို ရှောင်ရှားနေတဲ့ ဆင်ခြေလား။ မေမေ သဘောကျပုံ မရတဲ့သူ့ကို ထပ်ထပ်တွေ့၊ ထပ်ထပ်စကားပြောချင်စိတ် ဖြစ်၊ သံယောဇဉ်တွေ ထပ်ထပ်တွယ်ရစ်မိသွားမှာ စိုးလို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာလား၊ မသိတော့ပါဘူးရှင်၊ သေချာတာက မိုင်လို အရင်လို မပျော်တော့ဘူးဆိုတာပါပဲ။
ဒီနေ့တော့ မနေနိုင်တော့ဘူး။ မိုင်လို အင်တာနက် ဖွင့်ကြည့်တယ်။ သူနဲ့တည့်တည့်တိုးတယ်။ ဘယ်ပျောက်နေ တာလဲဗျတဲ့။ လာမယ့်ဒီဇင်ဘာခရစ်စမတ်အတွက် Cantata သီချင်းတွေကျင့်နေလို့ မအားလို့ လို့ပြောလိုက်တယ်။ အတိုးချပြီးစကားတွေ အကြာကြီးပြောဖြစ်သွားတယ်။ မိုင်လို စန္ဒရားတီးတာကို နားထောင်ချင်တယ်လို့ သူပြောတယ်။ ရုတ်တရက် သူက မြန်မာပြည် ပြန်လာမယ် တဲ့။ အိုး တကယ်လား၊ မိုင်လို အံ့သြပျော်ရွှင်သွားတယ်။ ဘယ် တော့ လဲ။ မနက်ဖြန်။ ဘယ်အချိန်..။ ညနေ ၇နာရီ။ ဖုန်းနံပါတ် တောင်းလို့ မိုင်လိုပေးလိုက်တယ်။ သူ့ဖုန်း ပြန်တောင်း တော့…ရောက်တာနဲ့ကျွန်တော်ဆက်မှာပေါ့ဗျ…ကျွန်တော့် မှာ မြန်မာပြည်မှာ အရင်ဆုံးတွေ့ရမယ့်သူဆိုလို့ မိုင်လို တစ်ယောက်တည်းရှိတာဗျ….တဲ့။
ဝိုး….မိုင်လိုပျော်လိုက်တာ။ မြန်မာပြည်မှာ အရင် ဆုံးတွေ့ရမယ့်သူ.. မြန်မာပြည်မှာအရင်ဆုံးတွေ့ရမယ့်သူ…. အို ..စိတ်ထဲမှာ ရှက်ရှက်ကလေး ပျော်နေတယ်။ ချက်ချင်းပဲ စန္ဒရား အဖုံးကိုဖွင့် လူးလူးလိမ့်လိမ့်တီးပစ်လိုက်တယ်။ အကျယ်ကြီးပဲ။ ပြဿနာပဲ၊ စန္ဒရားတီးတာ နားထောင်ချင် တယ် ပြောတယ်။ စန္ဒရားက ဂစ်တာလို သယ်သွားလို့မရ ဘူး။ ဒါဖြင့် သူ့ကို အိမ်အလည်ခေါ်ရမှာပေါ့။ စန္ဒရားက မိုင်လို့အခန်းထဲမှာ။ သူ့ကို မိုင်လို့အခန်းထဲထိ ခေါ်ခဲ့ရမှာ လား၊ ဒါဆို မေမေ့ကို အသိပေးမှရတော့မယ်။ မေမေမသိ အောင် ဘုရားကျောင်းလာတက်ဖို့ခေါ်ပြီး ပရိသတ်ထဲ ထိုင် ခိုင်းထားပြီး နားထောင်ခိုင်းရ ကောင်းမလား။ ဒါဆို Hymn သီချင်းတွေပဲဖြစ်နေတော့မပေါ့။ Love Song ဘယ်တီးပြလို့ ရမလဲ။ အတွေးတွေနဲ့ တစ်ယောက်တည်း ယောက်ယက် ခတ်နေတယ်။
မိုင်လိုကသာ ယောက်ယက်ခတ်နေမိတာ။ သူက အေးတိအေးစက်နိုင်နေခဲ့တယ်။ ည၇နာရီ ရောက်ပေမဲ့ ဒီညရောက်ရောက်ချင်းတော့ မိုင်လို့ဆီ ဖုန်းဆက်နိုင်မှာ မဟုတ်ဘူးလို့ မိုင်လို နားလည်ပါတယ်။ မိသားစုနဲ့ စကား တွေ ဆိုကြရဦးမယ်လေ။ နောက်နေ့မနက်တော့ ဖုန်းလာ လိမ့်မယ် လို့ သေချာပေါက်တွက်ဆထားတယ်။ ဒါပေမဲ့ တစ်ရက် နှစ်ရက် သုံးရက်…အို ၁၀ ရက်တောင်ကျော်ခဲ့ပြီ။ မိုင်လို့ကို သူ မဆက်သွယ်ခဲ့ပါဘူး။ မြန်မာပြည် ပြန်မလာဖြစ် သေးလို့ပဲလား။ ဒါဆိုလည်း လိုင်းပေါ်မှာ message တစ်ခုခု တော့ချန်ပေးသင့်တာပေါ့။ အွန်လိုင်းပေါ်မှာလည်း သူ့ရဲ့လှုပ် ရှားမှုအသစ် တစ်စုံတစ်ရာ နောက်ထပ်မမြင်မိဘူး။ ဘယ် လိုမှ တွေးထင်မတတ်နိုင်တော့တဲ့ ခံစားမှုကြီးက ရင်ထဲမှာ ကိုးလိုးကန့်လန့်ကြီးခံနေတယ်။ သိပ်ဆိုးတဲ့ခံစားချက်ကြီးပါ ရှင်။
ဘာမှ မလုပ်ချင်ဖြစ်နေချိန်မှာ သူငယ်ချင်း စိုးသီတာက သူ့အစ်မ၀မ်းကွဲရဲ့မင်္ဂလာဆောင်မှာ piano အစား ထိုးတီးပေးဖို့ အခု ညနေ ၃နာရီ အရောက် လာပေးပါတဲ့။ wedding march မနေ့က rehearsal ကျင့်ထားသူက အချိန်နီးနေမှ ဗိုက်အောင့်လို့ ဘယ်လိုမှ မတီးနိုင်တော့ လို့ပါတဲ့။ မိုင်လိုက wedding march တွေ ခဏခဏ တီးဖူးနေတော့ အထွေအထူးကျင့်စရာလည်း မလိုလို့ အကူ အညီတောင်းတာတဲ့။
“ ခုတလော ငါဘယ်မှ မသွားချင်ဘူး”
“လုပ်ပါ မိုင်လို..နင်သာ pianoမတီးပေးရင် ငါ့အစ်မ မင်္ဂလာဆောင် ဟာတာတာနဲ့၊ သာသာယာယာဖြစ် မှာ မဟုတ်တော့ဘူး။ စီဒီချပ်ကြီးထိုး ဖွင့်ရတော့မယ့် ကိန်းဆိုက်ပြီ၊ ငါ့အစ်မ အရမ်းစိတ်ညစ် နေတယ်၊ လုပ်ပါ ဟယ်”
မျက်နှာနည်းနည်းပါးပါးပြင်ဆင်၊ ဂါဝန်ဖြူအရှည် လေး အမြန်ကောက်လဲပြီး မိုင်လို အပြေးလာခဲ့တယ်။ ဧမာနွေလ ဘုရားကျောင်းကို။ မိုင်လိုရောက်တာနဲ့ အခမ်း အနား စတယ်။ ထုံးစံအတိုင်း သတို့သား သတို့သမီးကို ဆောင်ကြဉ်းဝင်လာချိန်မှာ ပရိသတ်အားလုံး မတ်တတ်ရပ် ကြိုဆိုကြတယ်။ သတို့သမီးလေး လှနေလား၊ သတို့သား လေးချောရဲ့လား မိုင်လို စိတ်မ၀င်စားပါ ဘူး။ စန္ဒရားခလုတ် တွေပေါ်မှာ ရိပ်ခနဲရိပ်ခနဲ ပေါ်ပေါ်လာနေတဲ့သူ့မျက်နှာကို လွမ်းဆွတ်ငေးမောရင်း တီးခတ်လိုက်တဲ့အခါ wedding march တေးသွားက ကြည်နူးစရာထက် ကြေကွဲစရာပို ကောင်းနေတော့တယ်။ လက်ထပ် ခြင်း အစီအစဉ်တွေအပြီး အကျွေးအမွေး အစီအစဉ်မကူးခင် စိုးသီတာနဲ့အတူ မင်္ဂလာ မောင်နှံက piano တီးပေးသူ မိုင်လို့ကို အဦးဆုံး လာ နှုတ်ဆက်ခဲ့တယ်။
အို..Blacksheep Black…ဖျတ်ခနဲတွေ့ရုံနဲ့တောင် ချက်ချင်းမှတ်မိအောင် အလွတ်ရနေတဲ့ မျက်နှာတစ်ခု။ ကမ်းပါးစွန်းတစ်ခုကနေ ခြေချော်ပြုတ်ကျသွားသလို မိုင်လို့ ရင်တစ်ပြင်လုံး ဟာခနဲ ဖြစ်သွားတယ်။ ဒီနေရာကနေ ထွက် ပြေးချင်လိုက်တာ။ မျက်လုံးချင်း မဆုံမိအောင် ကြိုးစား ရှောင်တိမ်းလိုက်မိတယ်။
“သိပ်ကျေးဇူးတင်တာပဲ၊ ဗြုန်းစားကြီးအကူအညီ တောင်းရတာ…အားနာစရာ၊ ညီမလေးနာမည်က….”
“ မိုင်…”
စိုးသီတာလက်ကို မိုင်လိုကုပ်ဆွဲရင်း ၀င်လုပြော လိုက်တယ်။
“ မိုင်ခင်နှင်းဝေပါ အစ်မ၊ ရပါတယ်၊ မမျှော်လင့်ဘဲ ခုလို တီးပေးခွင့်ရတာ ၀မ်းသာပါတယ်”
အပြန်အလှန်လက်ဆွဲနှုတ်ဆက်လိုက်ကြရင်း သူ့ မျက်နှာကို ခိုးကြည့်လိုက်ချိန်မှာ မျက်လုံးချင်း ဆုံသွားတယ်။ သေချာပါတယ်။ သူ မိုင်လို့ကို မမှတ်မိဘူး။ စန္ဒရားတီး နေတဲ့ ဘေးစောင်းပုံ သေးသေးလေးပဲ အွန်လိုင်းမှာ မြင်ဖူး ထားခဲ့ တာကိုး။ အရာရာေ၀၀ါးလာတယ်။ ရုတ်တရက် ပြုတ်ကျ ချင်ချင်ဖြစ်လာတဲ့ မျက်ရည်တွေကြောင့် ကသောကမျော နှုတ်ဆက်ပြီး အိမ်ကို အပြေး ပြန်ခဲ့တော့တယ်။ စိုးသီတာက စားပြီးမှ အတူပြန်မယ်လေ၊ လိုက်ပို့မယ်လေ လုပ်နေသေး တယ်။
အိမ်ရောက်တာနဲ့ ဂါဝန်ဖြူရှည်ကြီးတောင် မချွတ် မိ တော့ဘဲ အိပ်ရာထဲလူးလိမ့်ပြီး မိုင်လို ငိုမိတယ်။ ငိုလည်းငို ပြောလည်း ပြောနဲ့ မေမေ့ကို ခုမှ အကုန်ပြောပြဖြစ်တယ်။
“ပြီးတော့ မိုင်လို့ကို သူမှတ်မိပုံမရဘူး၊ ကျွန်မ မိုင်လိုပါလို့ မိုင်လို ပြောမထွက်ခဲ့ဘူး၊ ပြောလိုက်ရင်တော့ သူကောင်းကောင်း သိမှာပါနော် မေမေ”
“မပြောခဲ့တာ ကောင်းတာပေါ့၊ မိုင်လိုလေး လုပ် တာ မှန်ပါတယ်ကွယ်”
“မိုင်လို စန္ဒရားတီးတာ သူနားထောင်ချင်တယ် ပြောဖူးတယ်၊ အခု သူနားထောင်လိုက်ရတယ်၊ သူ့ဆန္ဒ အတိုင်း လုပ်ပေးခွင့်ရခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင် ပါတယ်၊ ဒါပေမဲ့ သူမသိတာ မိုင်လို အရမ်းဝမ်းနည်းတယ်.. ”
တတွတ်တွတ်နဲ့ မေမေ့ကို ရင်ဖွင့်ရင်း မျက်ရည်က ပိုးပိုးပေါက်ပေါက် ကျနေတော့တယ်။
“တစ်နေ့တော့ သိမှာပါ၊ ရှင်တို့မင်္ဂလာဆောင် တုန်းက wedding march အစားထိုးတီးပေးခဲ့တာ ကျွန်မ ပေါ့၊ ရှင်နဲ့အွန်လိုင်းပေါ်မှာ မိတ်ဆွေဖြစ်ခဲ့တဲ့ မိုင်လို ပေါ့ လို့ မေမေ့သမီးမိုင်လိုလေး ပြုံးပြုံးရယ်ရယ် ပြောနိုင်တဲ့ နေ့ မကြာခင်ရောက်လာမှာပါ”
အရင်က မိုင်လိုငိုတိုင်း မငိုနဲ့မိုင်လိုလေး တိတ် တိတ် လို့ အမြဲချော့ခဲ့တဲ့ မေမေဟာ အခု မိုင်လို့ကို လုံးဝ မချော့ခဲ့ဘူး။ မိုင်လို့ကို ကျစ်ကျစ်ပါအောင် ပွေ့ဖက်ထားပြီး မေမေ ပြောတယ်။
“အင်းပေါ၊့ အင်းပေါ့ ငိုချင်စရာကောင်းတာကိုး၊ ငိုရမှာပေါ့။ ငိုပါငိုပါ မိုင်လိုလေးရယ်။ မေမေ မိုင်လိုလေးနဲ့ လိုက်ငိုပေးမယ်”တဲ့။ မျက်ရည်ရွှဲနစ်တဲ့မျက်ဝန်းတွေနဲ့ မေမေ့ ကို မော့ကြည့်မိတော့ မေမေ့မျက်လုံးအစွန်းမှာ မျက်ရည် လေးတစ်စ မိုင်လိုတွေ့တယ်။
ညကျတော့ မေမေက မိုင်လိုပူပူေူလး တစ်ခွက် အခန်းထဲ ယူလာပေးတယ်။ ငိုချင်သေးလား ငိုပါတဲ့။ မေမေလည်း မိုင်လိုလေးနဲ့ အတူငိုပေးတယ်ဆိုတာ သတိရ ပါတဲ့ ပြီးတော့ ဒီမိုင်လို ကုန်အောင်သောက်ပြီး အိပ်ဖြစ် အောင်အိပ်ပါတဲ့၊မိုင်လို့ဆံပင်လေးတွေကိုသပ်ပြီး မေမေက ပြောတယ်။
“မနက်ကျရင် မပြင်ရသေးတဲ့ Christmas Decoration တွေ မေမေတို့ အတူပြင်ကြရအောင်၊ ရင်ထဲမှာ ဘာတွေပဲဖြစ်ဖြစ်၊ အသည်းနှလုံးတွေ ဘယ်လိုပဲ ကျိုးပဲ့နေ ပါစေ သခင်ယေရှုကိုသူ့မွေးနေ့တော်ရက်မြတ်မှာ အကောင်း ဆုံး ကြိုဆိုဖို့က မေမေတို့တာဝန်ပဲလေ”
စုမီအောင်
(မိုင်လိုဆိုတဲ့ခရစ်ယာန်မိန်းကလေးတစ်ယောက်နဲ့ Blacksheep Black ဆိုတဲ့ အွန်လိုင်းမှာသိရတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်းပါ။ ချစ်မလို့လုပ်ရုံနဲ့အသည်းကွဲရတဲ့မိန်းကလေးတစ်ယောက်အကြောင်းပေါ့။ ဘယ်သူ့အကြောင်းလဲ ဘယ်သူပါလိမ့်လို့ အလုပ်ရှုပ်ခံမတွေးကြပါနဲ့၊ အဲဒါဟာ ဘယ်သူမဆိုဖြစ်နိုင်တယ်။ ဖြစ်ရိုးဖြစ်စဉ်အသည်းကွဲဇာတ်လမ်းလေးပါ။ စာဖတ်သူရှင့်...သင့်အကြောင်းလည်း ဖြစ်နိုင်ပါတယ်..... )
1 comment:
လက်တွေ့ဘ၀နဲ့ယှဉ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းလေးပေါ့ ဖြိုးဖြိုးရေ...ဖတ်ခွင့်ရလို့ စုမီအောင်ကိုကျေးဇူးတင်ပါတယ်...
မေတ္တာဖြင့်
တီတင့်
Post a Comment