Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 08, 2014

၂၁ ရာစု ပေါ်လီယာနာ (အက်ဆေး ၁)

(အက်ဆေး ၁)
စုမီအောင်
   နှိုးစက်နာရီလေးဆီက အဆက်မပြတ် မြည်သံကြောင့် အိပ်ရာမှ သူမ ကပျာကယာထသည်။ ညတုန်းက အိပ်ရေးဝဝ အိပ်ခဲ့ရသဖြင့် သူမ ဝမ်းသာမိသည်။ အိပ်ရေးသာ မဝခဲ့လျှင် ဒီမနက်မှာ စိတ်လက်ကြည်လင်စွာ သူမ နိုးထနိုင်လိမ့်မည် မဟုတ်။ ဒီနှိုးစက်နာရီလေးရှိနေတာ ဝမ်းသာစရာပင်။ အပေါစားနာရီလေးပင် ဖြစ်လင့်ကစား နားများက သေသေချာချာ ကြားနိုင်အောင် ဒီနာရီလေးက အသံပေးတတ်သည်။
            ဒီနာရီလေး မရှိခဲ့ရင်ရော ...။ ကိစ္စမရှိ ။ ငှက်ကလေးတွေက ကျလိကျလိ အသံညံစီလျက် နံနက်ခင်းတေးသံသာဖြင့် ကျွန်မကို နှိုးပါလိမ့်မည်။


xxxxxx
နို့ဆီမလို၊ သကြားမလို အဆင်သင့်သောက်နိုင်သော ကော်ဖီမစ် အထုပ်တွေ ရှိနေတာ ဝမ်းသာစရာပင်။ ညက ကျန်တဲ့ ထမင်းကြမ်းခဲကို ပဲပြုတ်ဝယ်ပြီး နယ်စားနေစရာ မလိုတော့။ အိမ်နောက်ဖေးလမ်းကြားမှာ ကျက်စားတတ်တဲ့ ခွေးလေးတွေကို အဲဒီထမင်းကြမ်းခဲတွေ ပစ်ချကျွေးလိုက်နိုင်သည်မို့ မိုးလင်းသည်နှင့် ကုသိုလ်ယူပြီးသား ဖြစ်နေလေပြီ။
            ရေပိုက်က ရေလာသည်နှင့် သံကန်၊ ရေကန်၊ အုတ်ကန်၊ ပလတ်စတစ် ရေပုံးတွေပါမကျန် ရှိရှိသမျှ ရေအကုန်လိုက်ဖြည့် သည်။ သူ့အချိန်နှင့် သူ လာသောရေကိုစောင့်ပြီး ဖြည့်ရုံဖြည့်ရတာ ဝမ်းသာစရာပင်။ ရေကို တပင်တပန်း ဆွဲငင်စရာမလိုတော့။
            ခေါင်းလောင်းမြည်သံကြား၏။ သတင်းစာလာပြီ။ ရေကို မငင်ရ သော်လည်း သတင်းစာကိုတော့ ငင်ယူရပါသည်။ ခုနစ်ထပ်တိုက်၏ အပေါ် ဆုံးထပ်မှာနေလေတော့ အောက်သို့တွဲလောင်းချထားသည့် ကြိုးစမှာ ချိတ်ဆွဲ ပေးလိုက်သည့် သတင်းစာကို ဆွဲငင်ယူရသည်။ ဈေးနိမ့်ပြီး အထပ်မြင့်သော်လည်း အပေါ်ဆုံးထပ်မှာ နေရတာ ဝမ်းသာစရာပင်။ လမ်းမပေါ်က လူသံ၊ ကားသံ၊ ဆူညံသံတွေနှင့် အလှမ်းဝေးသဖြင့် နေထိုင်ရတာ နားအေးပါးအေးရှိလှသည်။ လေကောင်းလေသန့် ပိုရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည်။ မြေညီထပ် တွေမှာ သောင်းကျန်တတ်သည့် မြေကြွက်ကြီးများ၏ အန္တရာယ်ကို မှုရန်မလိုတော့။ နေ့ခင်းနေ့လယ် သရေစာအဖြစ် မုန့်သည်တွေ ကဒီးကဒီး ဝယ်မစားဖြစ်တာ ဝမ်းသာစရာပင်။ ပိုက်ဆံအပို မကုန်တော့ပါ။
            ခြံနှင့် ဝင်းနှင့် မနေရတာ ဝမ်းသာစရာပင်။ ခြံကျယ်လျှင် မြက်ရိတ်ရ၊ သစ်ရွက် အမှိုက်ခြောက် လှဲကျင်းစုပုံ မီးရှို့ရနှင့် မသက်သာလှ။ အခု အမှိုက် မီးရှို့စရာမလို။ အမှိုက်တွေကို ကြွပ်ကြွပ်အိတ်ကြီးဖြင့် စုစည်းထားပြီး အမှိုက်ကား အမှိုက်တွန်းလှည်း လာသံကြားမှ ပေးလိုက်ရုံပင်။ အလှူမဏ္ဍပ်တွေမှာ တကူးတက သွား၍ လှူဒါန်းနေစရာ မလိုတော့ဘဲ မရှိဆင်းရဲသူလေးတွေအား နေ့စဉ်မှန်မှန် ပေးလှူပြီး ဖြစ်နေလေပြီ။
            တိုက်ခန်းသည် တခမ်းတနား ကျယ်ဝန်းမနေဘဲ ခပ်ကျဉ်းကျဉ်းရှိတာ ဝမ်းသာစရာပင်။ ဖုန်ခါ တံမြက်လှဲ ရှင်းလင်းသိမ်းဆည်းရ အလွန်သက်သာလှသည်။ တိုက်ခန်းချင်းအတူတူ သူများတကာတွေလို အခန်းတွေ ဘာတွေ သေချာမဖွဲ့နိုင်တာ ဝမ်းသာစရာပင်။ ဒိုးယိုပေါက် ဟောလ်တိုက်ပ် ဖြစ်လေတော့ ရှေ့ဝရန်တာကအစ အနောက် ဝရန်တာအဆုံး လှမ်းမြင်နိုင်ပြီး ဘယ်သူက ဘာလုပ်နေသလဲ အလွယ်တကူ တွေ့နေရသည်မို့ အရေးအကြောင်းရှိလျှင် တစ်ယောက်နှင့် တစ်ယောက် တကူးတက အော်ခေါ် လိုက်ရှာနေစရာ မလိုတော့။
            မေမေချက်ပေးသည့် ထမင်းနှင့်ဟင်းကို ပလတ်စတစ်ဘူးလေးထဲ ထည့်ရင်း သူငယ်ချင်းတွေလို နှစ်ဆင့်၊ သုံးဆင့်ပါ စတီးချိုင့် မကိုင်နိုင်ခြင်း၌ ဝမ်းသာရပြန်သည်။ ကျောင်းချိန် အလျဉ်မီအောင် ကမန်းကတန်း ချက်ပြုတ်ပေးရသည့်အထဲ ချိုင့် ပြည့်အောင် ဟင်းအမျိုးမျိုး ထပ်လုပ်ရပါလျှင် မေမေ့အတွက် ကသီလင်တနိုင်ပြီး ပိုပင်ပန်းစေပါလိမ့်မည်။ သိမ်ငယ်စရာရှိသော်လည်း ဟင်းနည်းနည်းကလေး တစ်မျိုး ထည့်ရုံဖြင့် လုံလောက်သွားပြီဖြစ်သော ဒီပလတ်စတစ် ထမင်းဘူးလေးက မေမေ့ကို အမှန်ပင် သက်သာစေပါသည်။
            ဘတ်စ်ကားဖြင့် ကျောင်းသွားရသည်မှာ ဝမ်းသာစရာပင်။ ထိုင်ခုံနေရာ ရသည့်အခါ နေရာမရသူတို့၏ ပစ္စည်းပစ္စယများကို ကိုင်ပေးရခြင်းဖြင့် သူတို့ ထံက ကျေးဇူးစကားကို ကြားခွင့်ရသလို နေရာမရသည့်အခါ ကိုယ့်ထမင်းဘူးကို နေရာရသူများထံပေး၍ ကိုင်စေခြင်းအားဖြင့် ကျေးဇူးစကားပြောကြားရသည်။ ပြုံးပြစရာ အကြောင်းမရှိ၊ ကျေးဇူးစကားမဆို၊ ကြားစရာအကြောင်းမရှိဘဲ မိမိကိုယ်ပိုင်ကားကို မိမိဘာသာမောင်းသွားရခြင်းထက် အပြုံးတစ်ခုနှင့် ကျေးဇူး စကားတစ်ခွန်းကို ကြားနာရသည်ဖြစ်စေ၊ ပြောဆိုရသည်ဖြစ်စေ အပြည့်အဝ အသုံးချပိုင်ခွင့်ရှိသော ဒီဘတ်စ်ကားများပေါ်မှာ စီးနင်းလိုက်ပါသွားရခြင်းက အပျင်းပြေစေပြီး အထွေအထူး မိတ်သဟာယ ဖွဲ့စရာမလိုဘဲ လူအများနှင့် ကျွမ်းဝင်နှင့်ပြီးဖြစ်၏။
            ဒီခေတ်မှာ လူတစ်ယောက်၏ ကျန်းမာရေးအခြေအနေသည် ကွန်ပျူတာ တစ်လုံး၏ အမြန်နှုန်း အခြေအနေလောက် အရေးပါအရာရောက်ခြင်း မရှိတော့ပါ။ တစ်ယောက်နှင့်တစ်ယောက် တွေ့သည်နှင့် 'ဘယ်လိုလဲ နေကောင်းလား'ဟု နှုတ်ဆက်ရမည့်အစား 'ဘယ်လိုလဲ ကွန်ပျူတာဝယ်ပြီးပလား၊ အမြန်နှုန်း ဘယ်လောက်လဲ' စသည်ဖြင့် နှုတ်ဆက်တတ်လာသော သူငယ်ချင်းများအလယ်မှာ သူမကတော့ ကွန်ပျူတာမရှိတာ ၀မ်းသာစရာပင်။ I love you, Naked wife, Happy, Red Code, Flashy,စသည်ဖြင့် နာမည်လှလှကလေးများဖြင့် ရုပ်ဖျက် လာတတ်သည့် ဗိုင်းရပ်စ်များ၏ အန္တရာယ်ကို ဘဝမှာ ထည့်သွင်း စဉ်းစားစရာ မလိုတော့။
            သူငယ်ချင်းတစ်စုနှင့် အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်လိုက်မကြည့်နိုင် တာ ဝမ်းသာစရာပင်။ နေကြာစေ့ တဖြောက်ဖြောက် ကိုက် ဆူညံသံပြု၊ အခွံအမှိုက် တွေ လက်လွတ်စပယ် လွင့်ပစ်ချတတ်သော စည်းမဲ့ကမ်းမဲ့အကျင့်မျိုး သူမမှာ ဘယ်တော့မှ ရှိမလာ နိုင်တော့။ အိမ်မှာ တယ်လီဖုန်းမရှိတာ ဝမ်းသာစရာပင်။ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ မော်ဒယ်လ်ဘွိုင်းတွေဆီ မိတ်ဆက်၊ စနောက်၊ ရင်ခုန်လှုပ်ရှား ဗျာများနေတတ်သည့် ခပ်ပေါ့ပေါ့စရိုက်မျိုး သူမမှာ ရှိလာစရာ အကြောင်းမရှိတော့။
            သူငယ်ချင်းတွေလို ကျောပိုးအိတ် စလင်းဘက်လှလှလေးတွေ တစ်နေ့ တစ်မျိုး လွယ်ပိုးနိုင်ခြင်းမရှိတာ ဝမ်းသာစရာပင်။ နေ့စဉ်လွယ်နေကျ လွယ်အိတ်နီနီ ကလေးကို မြင်သည်နှင့် သူမမှန်း ပတ်ဝန်းကျင်က ကျင့်သားရနေပြီ။ အထွေအထူး စိတ်ဝင်စားမှု ပိုကဲခြင်းမခံရတော့။ စိတ်ဝင်တစား လိုက်ကြည့် တတ်သည့် မျက်လုံးများကြောင့် ကသိကအောက်ဖြစ်၊ ခြေလှမ်းမှားရခြင်းမျိုး မ၇ှိတော့ဘဲ သူမ၏ ခြေထောက်များသည် လွတ်လပ်ပေါ့ပါးစွာ အမြဲလျှောက်လှမ်း နိုင်ပါသည်။
            သီချင်းများကို ကြိုက်သူဖြစ်သော်လည်း ရုံအဝင်လက်မှတ်ခ ဈေးကြီး လှသောstage showများကို သူငယ်ချင်းများနှင့်အတူ သူမ လိုက်မကြည့်နိုင်။ ဒါကိုပဲ ဝမ်းသာရပြန်သည်။ သူငယ်ချင်းများအပြောအရ ကြားသိရသည်မှာstage show များသည် အရင်ကလို သီချင်းချည်းသက်သက် မဟုတ်တော့။ ကြားဖြတ် ဝင်လာတတ်သော ဗလာပွဲတို့ကြောင့် မျက်စိရှက်စရာဖြစ်နေသည်မို့ (ခေတ် နောက်ကျသည်ပဲဆိုဆို) ထိုမြင်ကွင်းများကို မကြည့်ဝ့သော သူမအတွက် မကြည့် နိုင်ခြင်းက ပို၍ဝမ်းသာစရာပင်။
            လူ့သဘာဝ (အထူးသဖြင့် မိန်းကလေးအများစု သဘာဝ)အရ ကိုယ့် ထက်သာလျှင် မနာလိုဝန်တိုဖြစ်တတ်ကြပါသည်။ လက်ရှိအခြေအနေအရ သူမမှာ သူတို့ထက်သာတာ ဘာတစ်ခုမှ မရှိလေတော့ သူငယ်ချင်းများ၏ မနာလိုဝန်တို ဖြစ်ခြင်းကို ခံရစရာ အကြောင်းမရှိ။ ဒါသည် ဝမ်းသာစရာပင်။ ဒါဖြင့် သူမကရော...                         မနာလိုဝန်တို မဖြစ်မိသော်ငြား တစ်ခါတစ်ရံ သူတို့လို နောက်ဆုံးပေါ် ခုံမြင့် ဖိနပ်လှလှလေးများ စီးချင်ကြောင်း ဝန်ခံပါမည်။ သို့သော် မစီးနိုင်ခြင်းက ဝမ်းသာ စရာပင်။ ခုံမြင့်ဖိနပ်များသည် မျက်စိအာရုံကြောများကို ထိခိုက်စေ တတ်သည် မဟုတ်လား။ သူမက ပါဝါမျက်မှန်ထူထူ တပ်နေရသူဖြစ်ပါသည်။ ခုဆိုလျှင် သူမ၏ သားရေဖိနပ်ပါးကလေးက မပြတ်သေးသော်ငြား အတော်လေး ဟောင်းနေပြီ။ ဖိနပ်အသစ်လှလှလေး မဝယ်နိုင်သေး၍ စိတ်ပျက်ချင်ချင်ဖြစ်မိသော်လည်း သူမတို့ ကျောင်းရှေ့နားမှာ ခြေထောက်မရှိ၍ လက်များကိုသာအားပြု၍ တရွတ်ဆွဲသွားရင်း တောင်းရမ်းစားသောက်နေသူ လူတစ်ဦးကို တွေ့ရသောအခါ အညံ့စားဖြစ်စေ၊ အကောင်းစားဖြစ်စေ ဘယ်လိုဖိနပ်မျိုးကိုမဆို ဣနြေ္ဒရရစီး နင်းနိုင်သော သူမ၏ ခြေထောက်များအတွက် သူမ ဝမ်းသာရသည်။
            တန်ဖိုးကြီးအလှအပ ပစ္စည်းများဖြင့် ခြယ်သပြင်ဆင်၊ နောက်ဆုံးပေါ် ဖက်ရှင် ဒီဇိုင်း အဆန်းအပြားများ ဝတ်စားဆင်ယင် စသည်ဖြင့် လှလှပပလေး အမြဲမနေနိုင်သော သူမအား အရေးတယူ ငေးမောလိုက်ကြည့်၊ စိတ်ဝင်တစား ချစ်စကားဆိုမည့်သူ မရှိပါ။ ဒါသည် ဝမ်းသာစရာပင်။ စဉ်းစားရခက်ပြီး အဖြေမှန် ဘယ်တော့မှထွက်မလာတတ်သည့် ပုစ္ဆာတစ်ပုဒ်ကို သူမဘဝမှာ အချိန်ကုန်ခံ၍ ဘယ်တော့မှ တွက်ချက်နေစရာမလိုတော့။ ကိစ္စအဝဝတို့သည် ဖြစ်ပြီးလျှင် ပျက်တတ်၏။ ဘယ်အရာမှ မမြဲ။ ချစ်သူသည်လည်း မမြဲနိုင်။ ချစ်ပြီးလျှင် မုန်းတတ်၏။ ချစ်သူသည် တစ်နေ့နေ့မှာ မုန်းသူဖြစ်ရန် ရာခိုင်နှုန်းများသည်။ ချစ်သူမရှိတာကို သူမကတော့ ဝမ်းသာပါသည်။ သူမမှာ ဘယ်တော့မှ မုန်းသူ မရှိနိုင်တော့။
            'အောင်မြင်ကျော်ကြားမှုက အိမ်ရှေ့တံခါးပေါက်ကို တဒေါက်ဒေါက် လာခေါက်သည်နှင့် တစ်ပြိုင်နက် လွတ်လပ်မှုအလုံးစုံက ရှိသမျှ ပြတင်းပေါက်တွေ ကနေ အလျှိုလျှိုခုန်ဆင်း ပျောက်ကွယ်သွားတော့သည်'တဲ့။ ဘယ်သူ့ အဆို အမိန့်လဲ မသိ။ မတတ်တတတ် မြွက်ဆိုလိုက်သော သူမကိုယ်တိုင်၏ အဆိုအမိန့် တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဘဝမှာ အောင်မြင်ကျော်ကြားမှုမရှိလျှင် သူမ ဝမ်းသာရ ပါဦးမည်။ လွတ်လပ်မှု၏အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ပေ လိမ့်မည်။ သူမက အတောင်ပံပါသည့် ငှက်လေးများ၏ဘဝကို ကျိတ်၍ အားကျနေသူလည်းဖြစ်သည်။
            မစန္ဒာ၏ 'အရိပ်' ဝတ္ထုကိုဖတ်ပြီး ဖေဖေနှင့် မေမေ အပြန်အလှန် သစ္စာရှိခြင်းအတွက် သူမ ဝမ်းသာရသည်။ ဝတ္ထုထဲက စုလှိုင်ဆိုသော မိန်းကလေး ခံစားရသော ဝေဒနာမျိုး သူမ ခံစားစရာအကြောင်းမရှိနိုင်။
            နေပူထဲကနေ ပြန်လာပြီး လွယ်အိတ်ကိုချ၊ သောက်ရေအိုးထဲက သဘာဝ ရေအေးစိမ့်စိမ့်လေးတစ်ခွက်ကို သောက်လိုက် ရတာ ဝမ်းသာစရာပင်။ အပြင် နေပူပူက ပြန်လာပြီး ရေခဲသေတ္တာထဲက ရေသန့်အေးအေး ယူသောက်မိသူ တစ်ဦး၏ ကြေကွဲဖွယ် သတင်းကို ကြားခဲ့ရသည်မှာ ဘာမှမကြာသေးပါ။ သူမတို့အိမ်မှာ ရေခဲသေတ္တာရှိမနေတာ ဝမ်းသာစရာပင်။
            ကျောင်းသွားတိုင်း ဘတ်စ်ကားခမှလွဲ၍ ပိုက်ဆံအပိုထည့်မသွားနိုင်ခြင်းက ဝမ်းသာစရာပင်။ အတန်းအပြီး ဗိုလ်ချုပ်ဈေး သွားလိုသွား၊ ဂမုန်းပွင့်၊ ယုဇန သွားလိုသွားနှင့် အသစ်အဆန်းများ ငေး၊ မေး၊ လျှောက်ဝယ်လုပ်တတ်သည့် သူငယ်ချင်းများနောက်သို့ မလိုက်ဖြစ်တော့ဘဲ အိမ်ကို တန်းပြန်လာရသည့်အခါ ဝရန်တာထွက်၍ သူမပြန်အလာကို စောင့်မျှော်နေရသော မေမေ၏သောက အချိန် များ လျော့နည်းသွားပါသည်။
            ကုမ္ပဏီပိုင်ရှင်သူဌေးက ဖေဖေ့ကို တစ်ချိန်လုံး mobile phoneပေးမထားတာ ဝမ်းသာစရာပင်။ ဖေဖေ့၏ နားနေချိန်အလုံးစုံကို သူမနှင့် မေမေ အပြည့်အဝ ခံစားပိုင်ဆိုင်ခွင့် ရရှိသည်။ လက်ကိုင်ဖုန်းတစ်လုံးကိုင်၍ လုပ်ငန်းခွင် ကိစ္စရပ်များနှင့်သာ ထိတွေ့ဆက်ဆံနေရပြီး မိသားစုနှင့်ကျတော့ အတူရှိပါလျက် အဆက်အသွယ် ပြတ်တောက်နေရခြင်းမျိုး ကြုံမလာနိုင်တော့။ ညနေစာများကို မိသားစုနှင့်အတူ အနှောင့်အယှက်ကင်းကင်း ဝိုင်းဖွဲ့စားသောက်နိုင်သလို ညနေခင်း သတင်းနှင့် တီဗွီအစီအစဉ်များကို စိတ်အေးလက်အေး ဝိုင်းဖွဲ့ထိုင်ကြည့်နိုင်သည်။
            မေမေက မနက်က အကျန်ဟင်းများကိုသာ ပြန်နွှေးပြင်ဆင်ကျွေးတာမျိုး မလုပ်ဘဲ ညနေစာကို ဖွယ်ဖွယ်ရာရာဖြစ်အောင် အသစ်ထပ်မံ ချက်ပြုတ်ကျွေးမွေး တတ်ခြင်းသည် ဝမ်းသာစရာပင်။ ဖေဖေသည် မေမေချက်သော ညနေစာ ပူပူနွေးနွေးကို ခံတွင်းတွေ့ မက်မောသည့်အခါ မိတ်ဆွေများနှင့် ညစာလိုက်စားရန် ကိစ္စများကို ငြင်းဆန်ရှောင်လွှဲပြီး အိမ်သို့ စောစောပြန်လာတတ်ပါသည်။ ထိုအခါ ဖျော်ဖြေရေး အစီအစဉ်တွေ များလှသော စားသောက်ဆိုင်များ အသွားများရာကနေ ကပ်ငြိပါလာတတ်သည့် မလိုလားအပ်သည့် လူမှုရေးအရှုပ်အထွေးများ သူမတို့ မိသားစုအတွင်း ဘယ်သောအခါမှ ကြုံမလာနိုင်တော့ပါ။
            သည်းခံခွင့်လွှတ်စိတ် ခေါင်းပါးပြီး ဆွေစဉ်မျိုးဆက် ကလဲ့စားချေ မဆုံးသော တရုတ်သိုင်းကားများကို ညစဉ်ကြည့်နေနိုင်တာ ဝမ်းသာစရာပင်။ တီဗွီရှေ့ကြည့်ရင်း မေမေ့ကို ကြာရှည်စွာ နင်းနှိပ်ပေးရခြင်းအလုပ်၌ သူမ ပျင်းရိငြီးငွေ့ခြင်း အလျဉ်း မရှိတော့ပါ။
                           xxxxx
              နေ့ထဲမှာ လူတွေ နိုးထအလုပ်လုပ်ကြရပြီး ညထဲမှာ လူတွေ အိပ်စက် အနားယူကြသည်။ နေ့နှင့် ည ကွဲပြားခြားနား လျက်ရှိနေခြင်းသည် ဝမ်းသာစရာပင်။ ဒီလိုသာ မဟုတ်ခဲ့လျှင် သူမတို့တစ်တွေ ဘယ်အချိန်မှာ အိပ်စက်ကြရမည် မသိ။ သဘဝလောကကြီးသည် သူမတို့ လူသားတွေနှင့် သဟဇာတ ရှိလိမ့်မည် မဟုတ် တော့ပါ။
            နှိုးစက်နာရီလေးကို alarm ပေးရဦးမည်။
            ဒီနာရီလေး ရှိနေတာ ဝမ်းသာစရာပင်။ အကယ်၍ ဒီနာရီလေး သူမမှာ ရှိမနေခဲ့လျှင်ရော။
            ကိစ္စမရှိ...။ ငှက်ကလေးတွေက ကျလိကျလိအသံ ညံစီလျက် နံနက်ခင်း တေးသံသာများဖြင့် သူမကို နှိုးပါလိမ့်မည်။

 စုမီအောင်
(ဖက်ရှင် ၂ဝဝ၁-ဒီဇင်ဘာ)

No comments: