Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 08, 2014

စိတ်ကူးနဲ့ရူးတဲ့ကောင်မလေး

စုမီအောင်
Family Magazine
          စုလေးမေသည် မကြာမီ အထက်တန်းစာမေးပွဲကြီး ဖြေဆိုရတော့မည့် မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် မှတ်ဥာဏ်အလွန်ကောင်းသော မိန်း ကလေးလည်းဖြစ်၏။ အတန်းဖော်သူငယ်ချင်းများ အပတ်တကုပ် ကျောင်းစာ ကျက်မှတ်နေချိန်တွင် စုလေးမေသည် ရုပ်ပြ၊ ကာတွန်းစာအုပ်များဖတ်လိုက်၊ ဂြိုဟ်တုစလောင်းထိုင်ကြည့်လိုက်၊  အင်တာနက်ဂိမ်းများ ဆော့ကစားလိုက်၊tom and jerry ဇာတ်လမ်းခွေများ ဖွင့်ကြည့်လိုက်၊ အင်တာနက်ဝက်ဘ် ဆိုက်ဒ်တွေ ဝင်ကြည့်လိုက်နှင့် ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေလေ့ရှိသည်။ အခြားသူများ ဒုတိယအခေါက်revision ပြန်ဆိုသောအချိန်ကျမှသာ စာများ အားလုံးကို စတင်ကျက်မှတ်လေ့ရှိသည်။
          စာကျက်ရာတွင် အထွေအထူးအားစိုက်ထုတ်ရန်ပင်မလိုဘဲ တစ်ခေါက်မျှ ဖတ်ရုံနှင့် အလွတ်နီးပါး မှတ်မိသွားရကာ နောက်တစ်ခေါက် ဖတ်လိုက်လျှင် သင်ခန်းစားများအားလုံးကို ကျေညက်စွာရပြီးဖြစ်နေတတ်သည်။
          'နင့်လို မှတ်ဥာဏ်မျိုး ငါတို့လည်းလိုချင်လိုက်တာဟယ်'                                    
ထိုသို့ အတန်းဖော်သူငယ်ချင်းများက သူမအပေါ် အားကျစိတ်ဖြင့် မကြာခဏပင် ပြောလေ့ရှိသည်။ စုလေးမေကိုယ်တိုင်ကမူ သူမ၏မှတ်ဥာဏ် အားကောင်းမှုအပေါ် သဘောမကျနိုင်ပါ။ အကယ်၍များ ယနေ့ပင် စာမေးပွဲ ကြီး စစ်မည်ဆိုပါက စုလေးမေသည် ထိပ်ဆုံးကပင် ဖြေဆိုအောင်မြင်မည့်သူ ဖြစ်၍နေသော်လည်း ဒီအဖြစ်ကို သူမက ဘဝင်မကျသည့်အပြင် စိတ်ပျက် လက်ပျက်ကြီးပင် ဖြစ်၍နေမိသည်။ အကြောင်းမူကား သူမသည် ဤစာမေးပွဲကို ဖြေဆိုအောင်မြင်လိုစိတ် လုံးဝ မရှိသောကြောင့်ပင်။
          ဟုတ်ပါသည်။
          စုလေးမေ တစ်ယောက် အများတကာနှင့်မတူ တစ်မူထူးခြားကာ စာမေးပွဲ အကျခံချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လျက်ရှိပေ၏။ စာမေးပွဲကျလို သည့်အဓိကအကြောင်းရင်းမှာလည်း အထွေအထူးတော့မရှိ။ ညကျောင်း တက်လို၍ပဲဖြစ်ပါသည်။ (ထိုစဉ်က အထက်တန်းစာမေးပွဲကျရှုံးသူများသည် ပုံမှန်နေ့ကျောင်း များတွင် တက်ရောက်ပညာသင်ယူခွင့်မရှိတော့ဘဲ ကျရှုံး သူများအတွက် သီးသန့်ဖွင့်လှစ်ထားသည့် ညကျောင်းများတွင်သာ ပညာ ဆက်လက် သင်ကြားနိုင်ပေသည်)။
          စုလေးမေသည် သူမတို့ရပ်ကွက်ထဲက အထက်တန်းနှစ်ကြိမ်ကျ၊ သုံးကြိမ်ကျနှင့် ညကျောင်းဝင်တက်နေရသည့် ခပ်ညံ့ညံ့ ခပ်ဆိုးဆိုး မိန်း ကလေးများကို အထူးပင် အားကျနေပါသည်။ ထို့ကြောင့် သူမ၏ အားကျ စိတ်ကို သူငယ်ချင်းများထံ ရင်ဖွင့်မိတော့၏။
          'ငါ ညကျောင်းသိပ်တက်ချင်တာပဲဟယ်'
          ညိုမီနှင့်ဖူးဖူးအပါအဝင် သူငယ်ချင်းများက စုလေးမေကို အံ့အားသင့်စွာ ကြည့်ရင်း တစ်ယောက်တစ်ပေါက် ဝိုင်းဆိုကြသည်။
          'အမလေး ဖွဟဲ့၊ လွဲပါစေ၊ ဖယ်ပါစေတော်၊ နင်ကလည်း စာမေးပွဲ ဆိုတာ ကျချင်စရာလား'
          'ဒီလိုလည်းမဟုတ်ပါဘူး၊ ငါက ညကျောင်းတက်ချင်လွန်းလို့ ပါဟယ်'
          'အင်းလေ အဲဒီ ညကျောင်းဆိုတာကလည်း စာမေးပွဲ ၂နှစ် ဆက်တိုက် ကျတဲ့သူတွေမှ တက်ရတာလေ'
        'ငါသိပါတယ်ဟဲ့'
        'သိရင် ဘာကြောင်တာလဲ၊ နင့်ကျမှ ညကျောင်းတက်ချင် ရတယ်လို့၊ သူများတွေဘယ်သူမှ တက်ချင်တာမဟုတ်ဘူး'
        'နင်တို့ မသိပါဘူးဟယ်၊ ညကျောင်းတက်ရမယ့်အရသာကို စိတ်ထဲ ကူးကြည့်လိုက်စမ်း၊ ဘယ်လောက်အရသာရှိလိမ့်မလဲလို့၊ ခုဆို ငါတို့နေတဲ့ ကမ္ဘာကြီးဟာ တစ်နေ့ထက်တစ်နေ့ ပူနွေးလာပြီမဟုတ်လား၊ ရေခဲတောင် တွေတောင် မီးထွန်းထားတဲ့ဖယောင်းတိုင်လို အရည်ပျော်ပျော်ကျနေလို့ နင်တောင်မှ နေစရာမရှိဖြစ်နေတယ်မို့လား'
          စုလေးမေက ဝက်ဝံပေါက်လေးနှင့်တူသော ညိုမီ့ကို စလိုက်ခြင်း ဖြစ်သည်။ ညိုမီက စုလေးမေပခုံးကို ဖတ်ခနဲရိုက်လိုက်သည်။ စုလေးမေက ညိုမီ့လက်ကလေးကို ကာဟန်ပြုကာ တခစ်ခစ်ရယ်လျက် စကားဆက်သည်။
          'ဒီလိုနေ့ခင်း ပူပူလောင်လောင်ကြီးထဲမှာ လှုပ်ရှားသွားလာရင်း စာတွေကို သင်ယူကျက်မှတ် နေရတာ ဘယ်လောက်စိတ်ပျက်စရာ ကောင်းထားလဲ၊ နေပူချိန်ဟာ လူ့ခန္ဓာ ကိုယ်ကို ရေဓာတ်ခန်းခြောက်စေပြီး နွမ်းနယ်ပျင်းရိစေတယ် မဟုတ်လား၊ အထူးသဖြင့် ဒီလို နေ့လယ်စာစားပြီး ဗိုက်ပြည့်နေချိန်ဆိုပိုဆိုးသေး။ ပျင်းရိ လေးလံ အိပ်ငိုက်တဲ့ကြားက စာသင်ရတာ ဘယ်လောက်စိတ်ညစ်စရာ ကောင်း ထားလဲ။ နင်ရော အိပ်မငိုက်ဖူးဘူးလား'
          'ငိုက်တော့ ငိုက်တာပေါ့ဟယ်၊ ဒါပေမဲ့...'
          ညိုမီ့စကားမဆုံးခင် စုလေးမေက ဖြတ်ပြောလိုက်သည်။
          'အာရုံထဲပေါ်လာအောင် နင်မျက်စိမှိတ်ပြီး စိတ်ကူးကြည့်လိုက်စမ်း၊ လရောင်တွေဖြာကျနေတဲ့ စာသင်ခန်းလေးက အေးမြမြနဲ့ နေချင့် စဖွယ်လေး၊ အဲဒီမှာ ကောင်းကင်ပေါ်က မပွင့်တပွင့် ကြယ်ပြောက်လေးတွေကို ပြတင်း ကနေ ငေးကြည့်၊ စိတ်ကူးလေးတွေယဉ်လို့...အေးအေးလူလူ စာသင်ရတဲ့ အခြေအနေမျိုး...မင်းစိတ်ထဲ တွေးကြည့်လိုက်စမ်း... အားပါးပါး.. ပြောရင်း ဆိုရင်းနဲ့ ငါတော့ အခုပဲ ညကျောင်း ပြေးတက်လိုက်ချင်ပြီကွာ''
          မျက်စိစုံမှိတ်လျက် တတွတ်တွတ်ပြောနေသည့် သူငယ်ချင်းကို ကြည့် ကာ သူငယ်ချင်းဖူးဖူးက ခေါင်းခါသည်။
          ''စုမေ..နင်ရူးနေသလား၊ ညအမှောင်ဟာ မကောင်းတဲ့ အမှုကိစ္စ တွေကို အားပေးတယ်ဟဲ့။ နင် ဒါကိုမကြောက်ဘူးလား''
        ''ဟင့်အင်း အဲဒီလို မကောင်းတဲ့ကိစ္စတွေကို ငါဘယ်တော့မှ တွေး မထားဘူး၊ ငါဖြစ်ချင်တာတွေကိုကောင်းတဲ့အရာတွေအပေါ် အခြေတည်ပြီးမှပဲ တွေးတတ်တယ်''
        ''နင်မီးပျက်မှာကို ထည့်မတွေးဘူးလား၊ ညဆိုတာ လျှပ်စစ်မီး ရှိနေလို့ နေချင့်စဖွယ်ကောင်းနေတာ၊ လျှပ်စစ်မီးသာ မရှိကြည့်၊ စောစောက တို့ပြောတဲ့ မကောင်းတဲ့အမှုကိစ္စတွေ တဖွားဖွားပေါ်လာမှာ၊ ပြီးတော့ ...''
        ''ပြီးတော့ ဘာဖြစ်လဲ''
          စကားကို မဆက်နိုင်တော့ဘဲ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေရှာ သည့် ညိုမီ့ကို ကြည့်ကာ စုလေးမေက စိတ်မရှည်ဟန်ဖြင့် ဆိုလိုက်သည်။                    
''ဟို...ညသန်းကောင်ရောက်လေလေ ခွေးအူသံတွေကြားရ လေလေ... လမ်းဆုံလမ်းခွ ဟိုကဒီက..ဝိညာဉ် မကောင်းဆိုးဝါးတွေလည်း ထွက်လာ... အမလေး... ဘယ်လောက်ကြောက်စရာ ကောင်းထားလဲ''
          ပခုံးတွန့်ပြီးကြောက်ရွံ့သည့်ပုံစံလုပ်ရင်းပြောနေသည့် ညိုမီ့ပုံစံကိုကြည့် ကာ စုလေးမေက သဘောကျစွာရယ်မောလိုက်သည်။
          ''တကယ်တမ်းမှာ မကောင်းမှုစဒုစရိုက်ဆိုတာတွေကို လျှပ်စစ်မီး က ဟန့်တားနိုင်တာလည်းမဟုတ်ပါဘူး၊ လျှပ်စစ်မီးရောင်ထိန်ထိန်ဖြာနေတဲ့ ကြားက မကောင်းမှု ဒုစရိုက်တွေအြုံ
        ''ဒါဖြင့် မင်းတို့အိမ်ရှေ့က ဆယ်တန်းတဗုန်းဗုန်းကျနေတဲ့ ဟိုအစ်မ ကြီးကိုမေးကြည့်ပါလား၊ သူညကျောင်းတက်နေတာ ပျော်စရာ ကောင်းလားလို့၊ ဘယ်လိုနေလဲလို့..'' 
        ''အို..သူကသူ၊ ငါကငါပဲ။ ငါက စုလေးမေပဲ၊ ငါကတော့ ညကျောင်းသာ အခုတက်ခွင့်ရကြည့် ပျော်ပျော်ကြီး သွားမှာ...''
xxxxxx
          နေ့ခင်းတုန်းဆီက သူငယ်ချင်းများနှင့် အပြန်အလှန်ပြောခဲ့ကြသောစကား များကို ပြန်တွေးကာ စုလေးမေ အိပ်ရာဝင်ခဲ့လိုက်သည်။ နေ့ခင်း ကျောင်းကို မတက်ချင်ပေမဲ့ ကျောင်းသားတာဝန် ဝတ္တရားအရ နံနက်စော စောထကာ ကျောင်းသွားဖို့ ပြင်ဆင်ရဦးမည်။
          စုလေးမေတို့ကျေုာင်းက အိမ်ရဲ့အရှေ့ဘက်မှာရှိသည်။ ကျောင်း ရောက်သည့်အထိ စက်ဘီးနင်းကာ သွားရစဉ် လမ်းတစ်လျှောက်လုံး နေရောင်က မျက်နှာကို တည့်တည့်ထိုးသည်။  ထွက်ပြူစနေဆိုသော်လည်း တောက်လျှောက်ထိတွေ့နေရသည့်အတွက် မျက်လုံးတွေစပ်လှသည်။နေထိုးရာ ဘက်ကို မျက်နှာမူ၊ စက်ဘီးနင်းလျက် ပူပူလောင်လောင် ကျောင်း သွားရဦးမည့် အရေးကိုတွေးကာ စုလေးမေ ဘယ်လိုမှ မပျော်ရွှင်နိုင်တော့ပါ။
          နေ့ခင်းစကားဝိုင်းမှာပြောခဲ့သည့်အတိုင်း ညဘက်ကျောင်း တက်ရလျှင် သိပ်ကောင်းမည်ဟု တွေးကာ စားပွဲပေါ်က နှိုးစက်နာရီကို လှမ်းယူ လိုက်သည်။ နံနက် ၇နာရီတိတိ။ နှိုးစက်ပေးလိုက်သည်။                                            စုလေးမေသည် မှတ်Óဏ်အထူးကောင်းသည့်မိန်းကလေးဖြစ်သော် လည်း နံနက်စောစောထရန် လုံ့လမရှိတတ်ပါ။ နှိုးစက်အကူအညီဖြင့် နံနက်တိုင်း အိပ်ရာထနိုင်ရန် ကြိုးစားရသူလေးဖြစ်သည်။
                                      xxxxxx
          ''တီတီတီ..တီတီတီ..တီတီတီ''
          အဆက်မပြတ်မြည်နေသော နှိုးစက်နာရီလေးကို လှမ်းယူ အသံပိတ် လိုက်ကာ စုလေးမေမျက်စိများကိုပွတ်သပ်လျက် ဖွင့်ကြည့်လိုက်သည်။ ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲ...။ ပြီးတော့ မှောင်မိုက်နေဆဲ။ နာရီမြည်တိုင်း အိမ့်အပြင်ဘက်ဆီသို့ လှမ်းကြည့်နေကျ ပြတင်းပေါက်မှတစ်ဆင့် အိပ်ရာက မထသေးဘဲ လှမ်းမျှော်ကြည့်လိုက်သည်။
          အပြင်ဘက်တွင် မှောင်မိုက် မည်းကြုတ်နေဆဲ။ မိုးမလင်းသေးပါ။ ညကလည်း မကုန်သေးပါ။ နံနက်မရောက်သေးပါ။ အိပ်ချင်မူးတူးဖြစ်နေသည့် မျက်လုံးများကို အလိုလိုက်ချင်စိတ်ဖြင့် ပြန်အိပ်ရန် ကြိုးစား လိုက်မိသေးသည်။
          ဆောင်းတွင်းရောက်ခါနီးပြီမို့ ညတာရှည်လျားစပြုလာကာ မိုးမလင်း သေးခြင်းပေပဲလား။ မဟုတ်သေးပါဘူး..။ စိတ်ထဲ အနည်းငယ် ထင့်သွား သည်မို့ အိပ်ရာထက် ငုတ်တုတ်ထထိုင်လိုက်သည်။
          ''ဘုရားသခင်''
          နာရီကို အချိန်မှားပြီးပေးခဲ့မိခြင်းပဲလား..။ ဥပမာ ၄နာရီဖြစ်ဖြစ်၊ ၅နာရီဖြစ်ဖြစ်...စိတ်တွင် ဇဝေဇဝါဖြစ်သွားသည်။ ၇နာရီတိတိသာ ဗူမော ပေးခဲ့ရိုးမှန်လျှင် မိုးစင်စင်လင်းနေလောက်ပြီ။ ဘယ်လိုဖြစ်ရတာပါလိမ့်...။
          စိတ်မြန်လက်မြန်ရှိလှသော စုလေးမေသည် ချက်ချင်းပင် မီး ခလုတ် ထဖွင့်လိုက်သည်။ စားပွဲပေါ်က နာရီလေးကို အနီးကပ်သေချာစွာ ဆွဲယူ ကြည့်လိုက်သည်။ နာရီလက်တံများက နံနက် ၇နာရီ ခပ်စွန်းစွန်းကို ညွှန်ပြ နေလေပြီ။
          စုလေးမေသည် မျက်မှောင်ကြုတ်ကာ မယုံနိုင်သည့်သဘောဖြင့် ပြတင်း အနားသို့ တိုးကပ်သွားသည်။ အပြင်ဘက်ကို ဖြန့်ကျက်လေ့လာသည်။ ပြတင်းမှတစ်ဆင့် မြင်နေရသည့် ဝန်းကျင်တစ်ခွင်လုံးသည် မှောင်အတိကျ နေဆဲ။ မှောင်မိုက်နေသည့်ဝန်းကျင်က ညမကုန်သေးကြောင်းကို ဖော်ပြ နေသည်။
          တိတ်ဆိတ်သောညမှောင်မှောင်၌ နာရီစက္ကန့်လက်တံရွေ့လျား မြည်သံနှင့် အတူ စုလေးမေ၏နှလုံးခုန်သံများ မြန်ဆန်လှိုက်ခုန်နေသည်။ နာရီကို ကောက် ကိုင် လှည့်ပတ်ကြည့်ရှုကာ မယုံမရဲဟန်ဖြင့် အမှားအယွင်းကို ရှာဖွေသည်။
          ''ဘယ်လိုဖြစ်ရတာပါလိမ့်၊ အံ့သြစရာပဲ''
          ၇နာရီဆိုသည့်အချိန်က မိုးစင်စင်လင်းရမည့်အချိန်မဟုတ်လား။  ဒါဖြင့် ဒါဟာ ည ၇နာရီလား။ မဖြစ်နိုင်။ ည ၇နာရီဆိုလျှင်ဖြင့် ဝန်းကျင်သည် ယခုလို တိတ်ဆိတ်ငြိမ်သက်နေမည်မဟုတ်။ အိမ့်ပြင်ဘက် လမ်းမများပေါ်တွင် လည်း အလုပ်က ပြန်လာသူများနှင့် စည်ကားလှုပ်ရှား နေဆဲရှိဦးမည်။ အထူးသဖြင့် အိမ်များကလည်း ည၇နာရီလာနေကျ ကိုရီယား ဇာတ်လမ်းတွဲ ဖွင့်ကြည့်သံ၊ လူသံများဖြင့် ဆူညံလို့ကောင်းတုန်း။ ယခုမူ လမ်းမများက ညမီးသီးရောင်များအောက်တွင် တိတ်ဆိတ်နေပြန်သည်။ အိမ်တိုင်း အိမ်တိုင်း သည်လည်း မီးအမှောင်ချလျက် တိတ်ဆိတ်လျက်ရှိသည်ကို မြင်တွေ့နေရသည်။ ပြီးတော့ စုလေးမေ တစ်ခုသတိရသည်။ ညသန်းကောင် တုန်းက တစ်ရေးနိုးချိန် ရေတစ်ခွက်ထသောက်ခဲ့စဉ်က နာရီကို ဖျတ်ခနဲကြည့် မိခဲ့သေးသည်။
          ည ၁ နာရီ မိနစ် ၃ဝ။
          ''ဒါ...ဒါဖြင့်...''
          စုလေးမေသည် နာရီလေးကို ကိုင်ကာ အခန်းတွင်းမှ ပြေးထွက်ခဲ့သည်။ ဧည့်ခန်းတွင် အိမ်ပုံစံ မိသားစုနာရီအကြီးစားကြီးရှိသည်။ ဧည့်ခန်း ရောက် သည်နှင့် မီးခလုတ်ဖွင့်ကာ နာရီကြီးကို မော့ကြည့်လိုက်သည်။
          ''၇နာရီ နှင့် ၄မိနစ်သာသာ''
          လက်ထဲမှ နာရီလေးနှင့် ထိုနာရီကြီးတို့သည် အချိန်တစ်ထပ်တည်း ကျနေသည်ကို မြင်ရလျှင် စုလေးမေပို၍ မကျေမနပ်ဖြစ်သွားသည်။ စုလေး မေသည် အစ်ကိုသူရ အခန်းဆီသို့အပြေးဝင်သွားသည်။ အစ်ကိုသူရ အခန်းတွင် နာရီသီးသန့်မရှိ။ အစ်ကိုပတ်နေကျ လက်ပတ်နာရီကို ရှာသည်။ ခေါင်းအုံး အောက်မှာ အစွန်းထွက်နေသည့်လက်ပတ်နာရီကို တွေ့လျှင် စားပွဲတင် ညမီးသီးရောင်အောက် ယူသွားကာ အလျင်အမြန်ကြည့်ရသည်။
          ''၇နာရီနှင့် ၅မိနစ်''
          အချိန်တို့သည် တစ်ထပ်တည်းကျနေသည်။
          အအိပ်ဆတ်သော အစ်ကိုသူရက ခေါင်းထောင်ကြည့်ကာ မေးသည်။
           'ဟဲ့ ကောင်မလေး ဘာလာလုပ်တာလဲ'
          အစ်ကိုသူရကို ပြန်မဖြေအား။ အစ်ကိုသူရ၏လက်ပတ်နာရီကို ကိုင်ရင်း အခန်းထဲက ပြေးထွက်ခဲ့တော့သည်။
          ဖေဖေမေမေတို့အိပ်ခန်းတွင်းပြေးဝင်ကာ မီးခလုတ်ကိုအရင်ဆုံး ပြေးဖွင့် သည်။ မေမေက မီးရောင်စူးသဖြင့် မျက်စိကို လက်များဖြင့် ကာထားရင်း ခေါင်းထောင်ကြည့်သည်။
          ''စုလား..စုမေ သမီး ညကြီးမင်းကြီး ဘာရှာသလဲ''
          စုလေးမေသည် မေမေ့ကို စကားမပြန်အား။ ခုတင်ခြေရင်းက တိုင်ကပ် နာရီကို ပြူးကြောင်ကြည့်နေမိသည်။ မျက်စိများကို ပုတ်ကလပ် ပုတ်ကလပ် လုပ်ကာ အကြိမ်ကြိမ်ကြည့်သည်။ စုလေးမေ၏အမူအရာကို လိုက်ကြည့် နေမိလျက် မိခင်ဖြစ်သူက နားမလည်။ စုလေးမေ ခေါင်းခဲသွားသည်။ သေချာ ပြီ။ နာရီအားလုံးတို့သည် အချိန်များ တစ်ထပ်တည်း တိကျ မှန်ကန်စွာ ညွှန်ပြနေကြသည်။ နာရီတို့ လုံးဝ မမှားကြောင်း သေချာသွားပြီ။
          ''နာရီတွေမမှားဘူး။ ဒါဖြင့် ဘာက မှားနေတာလဲ၊ မှားနေပြီ မေမေ၊ တစ်ခုခုတော့ မှားနေပြီ...၊ မေမေ ဒီမှာ အမြန် လာကြည့်စမ်းပါ၊ ဒီမှာ..ဒီမှာ..''
          စုလေးမေအော်သံကြောင့် ဖေဖေပါနိုးလာချေပြီ။ အစ်ကိုသူရ ကလည်း အိပ်မှုန်စုံမွှားဖြင့် ဝင်လာသည်။ သူမ၏ စားပွဲတင်နာရီက တစ်ဖက်၊ အစ်ကို သူရ၏ လက်ပတ်နာရီကတစ်ဖက် တင်းတင်း ဆုပ်ကိုင်လျက် မျက်လုံး မျက်ဆန်ပြူးကာ ပျာယာခတ်နေသည့် စုလေးမေကို မိသားစုသုံးယောက်လုံး
ဘာမျှနားမလည်နိုင်သည့် မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။ ဖေဖေက စုလေးမေပခုံးကို ဆုပ်ကိုင်လျက်မေးသည်။
          ''သမီး သမီးဘာဖြစ်လို့လဲ၊ စိတ်အေးအေးထားစမ်းပါ''
          ''ညကြီးအချိန်မတော် အဖေ့သမီး ဘာထကြောင်တာလဲမသိ''
        ''အချိန်မတော်မဟုတ်ဘူး၊ အစ်ကိုဘာသိလို့လဲ၊ အခုမိုးလင်းနေပြီ၊ ဒီမှာဖေဖေ သမီးနာရီရော၊ အစ်ကို့နာရီရော၊ အို..ရှိရှိသမျှ တစ်အိမ်လုံးက နာရီတွေ မိုးလင်းနေပြီ၊ ဒီမှာ အပြင်မှာ မိုးမလင်းသေးဘူး၊ 'ည'ဖြစ်နေတုန်း''
        ''ဘယ်လို''
          အားလုံးက နာရီများကို တစ်ယောက်တစ်လှည့်ဆွဲယူကြည့်ကာ တအံ့တသြ ဖြစ်ကုန်လျက် ပြိုင်တူခေါင်းကုတ်ကြသည်။ ပြီးလျှင် အိမ်တွင် ရှိသမျှ နာရီများကို လိုက်ကြည့်သည့်အခါ စုလေးမေပြောသည့်အတိုင်း နာရီများ က ၇နာရီကျော်နေကြောင်း အချိန်တစ်ထပ်တည်းညွှန်ပြနေကြသည်ကို တအံ့အသြတွေ့ကြရသည်။ တံခါးမကြီးကို ဖွင့်ကာ သူတို့အားလုံး အိမ့်အပြင်သို့ ထွက်ကြည့်ကြသည်။ ကောင်းကင်နက်မှောင်မှောင်တွင် ကြယ်ပွင့်လေးများ ဖြိုးဖြိုးဖြောက်ဖြောက်တွေ့ရသည်။ ည၏လက္ခဏာများက မိုးလင်းနေသည့် နာရီများနှင့်ဆန့်ကျင်နေသည်။
          ''တွေ့လား အစ်ကိုသူရ၊ ယုံပြီမဟုတ်လား၊ ဖေဖေရေ.. တစ်ခုခုတော့ မှားနေပြီ မဟုတ်လားဟင်၊ အဲဒီလို မထင်ဘူးလား''
        ''ဟုတ်တယ် သမီးစုမေ တစ်ခုခုတော့မှားနေပြီ၊ ဒါဟာ အကောင်းတော့ မဖြစ်နိုင်ဘူး၊ အဆိုးဖြစ်ဖို့ပဲရှိတယ်''
          ဖေဖေထံမှ တွေးတွေးဆဆ စကားကြောင့် မေမေက ရင်ဘတ်ကို ဖိကာ 'ဘုရားဘုရား'ဟု တနေသည်။ အချိန်ကား ၇နာရီခွဲတော့မည်။ စုလေး မေသည် ရေဒီယိုကို သတိရကာ သွားဖွင့်ခဲ့၏။ ရေဒီယိုမှ နံနက်တိုင်းလာနေ ကျ နံနက်ခင်းတေးသံသာများနှင့်အစီအစဉ်များ မလာသေးပါ။ လေလှိုင်းသံ တရှီးရှီးကိုသာ ကြားနေရသည်။ စုလေးမေသည် အိမ်အပြင်တွင် ထွက်ရပ် နေဆဲဖြစ်သော ဖခင်ထံသို့သွားကာ လက်မောင်းကို ဆွဲခါရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
          ''ဖေဖေ လူတွေဟာ နာရီကိုကြည့်ပြီး အလုပ်လုပ်တာလား''
        ''အေးပေါ့''ဟုပြောလျက် ဖေဖေက တစ်ဆက်တည်းပင် အိမ်တွင်းသို့ အော်ပြောလိုက်သည်။
        ''ဟေ့..ရေဒီယိုဖွင့်ထားလိုက်...''
        ''စုမေ ဖွင့်ပြီးပြီဖေဖေ ဘာမှမလာဘူး''
          ဖေဖေက စုလေးမေစကားကို မသိကျိုးကျွန်ပြုကာ အော်လိုက်ပြန် သည်။   
          ''ဖွင့်သာဖွင့်ထား...''
          စုလေးမေသည် ရုတ်တရက်ဖြစ်ပေါ်လာသောစိတ်ကူးနှင့်အတူ သူမ အခန်းဆီသို့ အလျင်အမြန်ပြေးဝင်သွားသည်။ ကွန်ပျူတာစားပွဲတွင် ဝင်ထိုင်ကာ ယူပီအက်စ်ခလုတ်လေးကို နှိပ်လိုက်သည်။ ထို့နောက် ပါဝါဖွင့်လိုက်သည်။ စိတ်က လောနေ၍ပဲလားမဆိုနိုင်။ ကွန်ပျူတာသည် အခုမှပဲ ဝင်းဒိုးအတက် နှေးလှ၏။ ရပြီ။ ကွန်နက်ရှင်ချိတ်ဆက်လိုက်သည်။ အိုင်အီးဘရောင်ဇာတစ်ခုကို နှိပ်လိုက်သည်။ အမှားအယွင်း ဖြစ်ရပြန်သည်။ ကွန်ပျုတာကို ရီစတတ်ပြန် လုပ်လိုက်သည်။ နောက် တစ်ခေါက် ကြိုးစားသည်။ ကွန်နက်ရှင်တောင်း။ အိုင်အီးပြန်ခေါ်၊ အိုင်အီးရပြီ။ အရေးထဲ ပတ်စ်ဝပ်ဒ်က မှားသည်ဟု အယ်ရာပြ ပြန်သည်။
          'အသုံးမကျလိုက်တဲ့ငါ'ဟု ခပ်တိုးတိုးရေရွတ်ရင်း ပတ်စ်ဝပ်ဒ်ကို သတိထား ရိုက်ထည့်လိုက်ရပြန်သည်။ သူမ၏ရှပ်ပျာပျာနိုင်မှုကြောင့်ဟု ထင်သည်။
          ကွန်ပျူတာက အယ်ရာထပ်ပြပြန်သည်။ ပတ်စ်ဝပ်ဒ်မှားသည်ဟု ပြောနေ ပြန်သည်။ မင်းရဲ့ပတ်စ်ဝပ်ဒ်ကို မင်းမမှတ်မိဘူးလား...။ အကြိမ်ကြိမ် ကြိုးစား ရင်းက စုလေးမေချွေးပြန်လာသည်။ ဘယ်နေရာမှာ ဘယ်လိုမှားယွင်းနေလဲ။ သူမရဲ့ လျှို့ဝှက်နာမည် ပတ်စ်ဝပ်ဒ်ကို ဘယ်တုန်းကမှ မမှားခဲ့ဖူးပါ။ သူမ၏ ပေါ့ဆမှုကြောင့် မဖြစ်နိုင်တော့။ ဘယ်သူ့ကြောင့် ဘယ်အရာကြောင့်နည်း။
          စုလေးမေ ဘာလုပ်ရမှန်းမသိတော့။ အင်တာနက်ဝင်ရန် ကွန်နက် ရှင်မိဖို့ နေနေသာသာ၊ ကွန်ပျူတာက ဝင်းဒိုးပင် ပြန်ပြုတ်ကျသွားသည်။ ကမ္ဘာကြီးနှင့်အဆက်အသွယ်ယူရန် စိတ်ကူးများ ကွန်ပျူတာဝင်းဒိုးနှင့်အတူ ပြုတ်ကျ ပြိုပျက်သွားတော့သည်။
          မေမေက ဘုရားခန်းထဲဝင်ကာ ဝတ်ပြုနေသည်။ စုလေးမေသည် အစ်ကိုသူရ၊ ဖေဖေတို့နှင့်အတူ အိမ်ရှေ့မြက်ခင်းပြင်တွင်ထိုင်ကာ ကောင်း ကင်ဆီ ငေးကာငေးကာကြည့်နေမိသည်။ အဖြေတစ်ခုခုကိုတွေ့လိမ့်နိုးနိုး။
          အတန်ကြာငေးကြည့်နေသော်လည်း ကောင်းကင်သည် တစ်စုံတစ်ရာ ထူးခြားမှုမရှိ။ ကြယ်လေးများသည် စောစောတုန်းကလည်း ဒီပုံစံအတိုင်းပင်။ ရွေ့လျားမှု တစ်စက်ကလေးမှ မရှိဘဲ၊ တည်တံ့ ငြိမ်သက်နေကြသည်။ အံ့သြကုန်နိုင်ဖွယ်။
          ''တွေ့လား အစ်ကို၊ စုမေတို့ ထိုင်နေတာကြာလှပြီ၊ ကြယ်တွေ နေရာ မရွေ့ကြဘူး၊ ဟုတ်တယ်မဟုတ်လား..''
          ''ဟုတ်တယ်ဟုတ်တယ်၊ ဖေဖေကော ဘယ်လိုထင်လဲဟင်''
          အစ်ကိုသူရက စုလေးမေစကားကို ထောက်ခံပြောရင်း ဖခင်ထံက အတည်ပြုချက်တောင်းခံလိုက်သည်။ စုလေးမေသည် တုပ်တုပ်မှမလှုပ်၊ စကား မပြန်ဘဲ ငြိမ်ချက်သားကောင်းနေသည့် ဖခင်ဖြစ်သူ၏ပခုံးကို တစ်ချက် တွန်းလှုပ်လိုက်ကာ ထပ်မေးလိုက်သည်။
          ''ဟင်..ဖေဖေ၊ ဖေဖေကော ဘယ်လိုထင်လဲလို့၊ ကြယ်တွေ နေရာမရွေ့ဘဲ ဒီပုံစံအတိုင်းပဲဖြစ်နေတာကိုလေ...''
        ''အင်း..ဟုတ်တယ်၊ ဒါဘယ်လိုကြောင့် ဖြစ်နိုင်လဲလို့ ဖေဖေ လည်း စဉ်းစားနေတာ၊ ပုံမှန်မဟုတ်တာတော့ သေချာတယ်''
        ''ကမ္ဘာကြီးများ ပျက်စီးတော့မှာလား''
          အစ်ကိုသူရစကားကြောင့် စုလေးမေ တုန်လှုပ်သွားသည်။
          ''အို..ဖေဖေ ဟုတ်လားဟင်၊ အစ်ကိုပြောတာ ဟုတ်လား''
        ဖေဖေက စုလေးမေကိုယ်လေးကို ဆွဲယူပွေ့ဖက်ရင်း နှစ်သိမ့်စကား ဆိုသည်။
        ''အဲဒီလောက်တော့ မဟုတ်နိုင်ပါဘူးကွယ်''
xxxxx
          စုလေးမေသည် ဖေဖေ့လက်မောင်းထဲကနေ ရုန်းထွက်လိုက်သည်။
          ''ခဏလေး ဖေဖေ ပလိစ်''
          အိမ်တွင်းသို့ ပြေးဝင်ခဲ့ကာ စုလေးမေသည် တယ်လီဖုန်းနံပါတ်များကို စိတ်လှုပ်ရှားစွာနှိပ်နေမိသည်။ အသံတိုများ အဆက်မပြတ်အော်သည်။
          ''ကျားသားမိုးကြိုး ဒီအချိန်ကြီး တယ်လီဖုန်းဘီးဇီးဖြစ်ရတယ်လို့''
          စုလေးမေသည် ထပ်ကာတလဲလဲ ရီကောလ် လုပ်နေလိုက်သည်။ ခြောက်ကြိမ်မြောက်ခေါ်ဆိုမှုတွင် အသံရှည်ကို ကြားရသည်။ တယ်လီဖုန်း လိုင်းဝင်သွားသည်။ စုလေးမေ ပျော်သွားသည်။ သို့သော် ဖုန်းကောက်ကိုင် မည့်သူမရှိ။
          လာစမ်းပါ၊ ကိုင်စမ်းပါ။ ကောင်စုတ်မ ညိုမီ၊ ဒီလောက် အိပ်ရေး ကြီးရသလား။
          အတန်ကြာလျှင် ညိုမီထံက အိပ်ချင်မူးတူး ထူးသံ အစ်အစ်ရှရှကို ကြားလိုက်ရသည်။
          ''ဟယ်...လို''
        ''ညိုမီ..ညိုမီ..ငါပါ စုမေ''
        ''ခွေးသူခိုးမ၊ ညကြီးမင်းကြီး၊ ဘာစိတ်ရူးပေါက်ရပြန်တာလဲ၊ ဒီမှာဖြင့် အိပ်လို့ကောင်း...''  
        ''ညိုမီ..ဒါ ညမဟုတ်ဘူး၊ အခုမိုးလင်းနေပြီ၊ သိရဲ့လား၊ သွား သွား မြန်မြန်သွားပြီး မင်းအိမ်က နာရီတွေ ကြည့်လိုက်စမ်း''
          ''အင်း...နာရီက ဒီစားပွဲမှာပဲရှိ...အယ်...ဘယ်နှနာရီထိုးနေတာလဲ၊ ၇နာရီခွဲဟဲ့..၊ ငါ့နာရီရပ်နေတယ်။ ညက နာရီရပ်နေခဲ့တာလား... မဟုတ်သေးပါဘူး။ ငါညက ရုပ်ရှင်ပြီးမှ ၁ဝနာရီခွဲမှ အိပ်ရာဝင်ခဲ့တာပါ....''
        ''ဟုတ်ပြီ ညိုမီ၊ သွားသွား ငါစောင့်နေမယ်၊ နင့်အိမ်က နာရီ တွေ အကုန်သွားကြည့်၊ ဘယ်နှနာရီလဲလို့...''
          စက္ကန့်အနည်းငယ်မျှသာကြာပြီး ညိုမီ့အသံပြန်ကြားရသည်။
          ''ဟဲလို...ဟဲလို..စု..စုမေ..ဘာတွေဖြစ်နေတာလဲ၊ အခု ငါတို့ အိမ်က နာရီတွေ ၇နာရီခွဲနေတယ်၊ ဒါမနက်လား ညလား... ''
        ''အစစ်ပေါ့၊ ဒါ မနက်၇နာရီခွဲပဲ၊ ခက်တာက မိုးမလင်းသေးဘူး၊ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ငါလည်းမပြောတတ်ဘူး၊ နင်သိလား၊ တစ်ခုခုတော့ မှားနေတာ၊ တို့ကမ္ဘာကြီး တစ်ခုခုမှားနေတာ''
        ''ဟုတ်တယ် ဟုတ်တယ်၊ တစ်ခုခု မှားနေပြီ''
          စုလေးမေစကားသံအတိုင်း ညိုမီက သံယောင်လိုက်ကာ ပြောမိ လိုက်သည်။
          ''ဒီမှာ တို့တစ်အိမ်သားလုံးလည်း စောင့်ကြည့်နေကြရတယ်၊ အင်တာနက်ကွန်နက်ရှင်းလည်း မတက်ဘူး၊ နင်ကြိုးစားကြည့်ပါဦး၊ ပြီးရင် ငါ့ကို အကြောင်းပြန်''
        ''ဟိုကောင်တွေရော သိပြီးကြပြီလား''
        ''ဘယ်သူ့မှ မပြောရသေးဘူး၊ နင့်ကိုအရင်ဆုံးဖုန်းဝင်သွားတာ၊ သူတို့ လည်း သိရင်သိကြရောပေါ့၊ အခြေအနေက ဘာမှန်းမသိသေးဘူး၊ ဒီလိုပဲ စောင့်ကြည့်ရမှာပဲ''
        ''ဟုတ်တယ်၊ စောင့်ကြည့်ရမှာပဲ''ဟု ညိုမီက လိုက်ပြော ပြန်သည်။
          ''တူ.တူ.တူတူ''
          တယ်လီဖုန်းလိုင်းများ ပြတ်ကျသွားသည်။ ရုတ်တရက် လျှပ်စစ် မီးများပါ ပြတ်တောက်သွားသည်။ စုလေးမေ အထိတ်တလန့်ဖြင့် ကုန်းအော် လိုက်သည်။
          ''အမေ့...မေမေရေ''
          အရေးပေါ်လက်ဆွဲမီးသီးပုံးနှင့်အတူ မေမေရောက်လာသည်။ ထို့နောက် အမှောင်ထုထဲတွင် သူတို့အားလုံးတိတ်ဆိတ်စွာ ထိုင်နေကြသည်။ တစ်ချက် တစ်ချက် လက်ဆွဲမီးသီးဖြင့်ထိုးကာ နာရီများဆီသို့ လှမ်းကာလှမ်းကာ ကြည့်မိ ကြသည်။ နာရီများအားလုံး ပုံမှန်လည်ပတ်နေကြသည်။
          အငြိမ်မနေနိုင်သော စုလေးမေသည် ပြတင်းပေါက်တွင်ရပ်ကာ ကောင်းကင်နက်နက်ထဲသို့ စူးစိုက်ကြည့်နေသည်။
          ''အံ့ရော အံ့ရောပဲ၊ ထူးဆန်းလိုက်တာ၊ ကြယ်တွေ ဒီပုံစံက ဒီပုံစံပဲ နေရာမရွေ့ကြဘူး''
          ''ဦးနှောက်ခြောက်ရတဲ့အထဲ တိတ်တိတ်နေစမ်းပါ စုမေရာ၊ နင် အဲဒီလို အော်နေလည်း အဲဒီကြယ်တွေ ရွေ့သွားမှာ မဟုတ်ဘူး''
          အစ်ကိုသူရက စိတ်မရှည်သံဖြင့် လှမ်းမာန်သော်လည်း မေမေက စုလေး မေအနားသို့ အတူလာရပ်ကာ ကောင်းကင်သို့မော့ကြည့်လာသည်။
          ''ဟုတ်တယ်၊ ကြယ်တွေ ဒီအတိုင်းပဲ''
        ''တစ်ခုခုတော့ သိရမှဖြစ်မယ်၊ နည်းလမ်းရှာပါဦးလား ဖေဖေ''
          အားကိုးတကြီးစကားဆိုနေသည့် စုလေးမေကိုကြည့်ကာ ဖေဖေက ခေါင်းခါပြရုံသာ တတ်နိုင်ခဲ့သည်။ စုလေးမေ တုန်ယင်စွာပြောလိုက်သည်။
        ''ကြယ်တွေ နေရာမရွေ့ဘူး၊ ဒီအတိုင်းပဲ ရပ်နေကြတာ၊ ဒါ..ဒါ သဘောက ကမ္ဘာကြီး မလည်ပတ်တော့ဘူး၊ သူရပ်တန့်သွားပြီ ဆိုတဲ့သဘော သူပျက်စီးသွားပြီ၊ ဟုတ်တယ် ဟုတ်တယ်ဖေဖေ၊ စုမေတို့ကမ္ဘာကြီး မလည် တော့ဘူး၊ ရပ်သွားတာ သူရပ်သွားတာ၊ ဒါကြောင့် ကြယ်တွေ နေရာ မရွေ့တာ...''
          ရုတ်တရက် မီးများပြန်လာကာ ဖွင့်ထားလက်စရေဒီယိုမှ အထူး သတင်း ကြေငြာချက်တစ်ရပ် ထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံး အသက် မရှူနိုင်ကြ။ သတင်းကြေညာသူ အမျိုးသား၏အသံသည် သိသိသာသာ တုန်ယင်နေသည်။ တည်ငြိမ်မှုရှိရန် ကြိုးစားထိန်းချုပ်နေသည့်ကြားက စိတ်လှုပ်ရှားသံက သိသာပေါ်လွင်နေခဲ့သည်။
          နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းလျက် လည်ပတ်နေသော ကမ္ဘာကြီးသည် ယခုအခါ ဆက်လက်လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီဖြစ်ကြောင်း၊ မြန်မာပြည်တည်ရှိရာ ကမ္ဘာဘက် အခြမ်းသည် ညအချိန်ကျရောက်နေစဉ် ရပ်တန့်သွားခြင်းဖြစ်၍ မြန်မာနိုင်ငံ အနေဖြင့် နေ့အချိန်မရှိတော့ဘဲ ညအချိန်သာတည်ရှိသွားမည်ဖြစ်ကြောင်း၊  ဤသို့ဖြစ်ရခြင်း၏အကြောင်းရင်းတစ်စုံတစ်ရာကိုမူ လတ်တလောအခြေအနေ တွင် ရေရာစွာ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း၊ အဘယ်မျှကာလထိ ယခု ကဲ့သို့ဖြစ်ပျက်နေမည်ကိုလည်း တိကျစွာပြောဆိုနိုင်ခြင်းမရှိသေးကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာက သိပ္ပံပညာရှင်များ ခေါင်းချင်းရိုက် အဖြေရှာနေပြီဖြစ်၍ မကြာမီအဖြစ်မှန်ကို သိရှိရမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူ လူထုအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းများကို နာရီဖြင့်သာပိုင်းခြား၍ ညအချိန်ထဲတွင်သာ ဆက်လက် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း.......
          စုလေးမေသည် ထိုကြေညာချက်အဆုံးတွင် 'ဟေး'ဟု အကျယ် ကြီး ထအော်လိုက်သည်။ အစ်ကိုသူရက မျက်စောင်းထိုးကာ ပြောသည်။
          ''သူများတွေ အထိတ်တလန့်ဖြစ်နေချိန်မှာ ဘာအရူးထရတာလဲ၊ ဒီကောင်မလေး ရူးများသွားပြီလား''
          သူတို့အားလုံး စုလေးမေကို တအံ့တသြ ဝိုင်းကြည့်နေသည်။
          စုလေးမေသည် မျက်နှာပြေးသစ်လိုက်သည်။ အဝတ်အစား အလျင်အမြန် ကောက်လဲလိုက်သည်။ နာရီကိုကြည့်တော့ လက်တံများက ၈နာရီခွဲကို ညွှန်ပြ နေသည်။ ဒါ ညလား မနက်လား။ အို ဒါကအရေးမကြီး။ မည်မျှ ကောင်း လိုက်သနည်း။ ကြယ်ရောင်များဖြင့် တလက်လက်တောက်ပနေသည့် ကောင်း ကင်ကို မော့ကာမော့ကာကြည့်ရင်း ကျောင်းသို့သွားရပေတော့မည်။ စာမေးပွဲ အကျခံရန် မလိုတော့၊ ညကျောင်းတက်စရာပင်မလိုတော့။ သူမ၏ ဆန္ဒကို ဘုရားသခင်က အလိုအလျောက်ဖြည့်ပေးလိုက်ခြင်းပဲဖြစ်မည်ဟု တွေးကာ ဝမ်းမြောက် ပျော်ရွှင်မဆုံးဖြစ်နေတော့သည်။
          လွယ်အိတ်ကို ကောက်လွယ်ကာ အိမ်အပြင်ဘက်သို့ ခြေချလိုက်သည်။ ကောင်းကင်ကို မော့ကြည့်တော့ ကြယ်လေးတွေက မှိတ်တုတ်မှိတ်တုတ်။ ကလေးဘဝက သီချင်းလေး တစ်ပုဒ်ကို ခပ်မြူးမြူးဆိုကျူးလျက်...
Twinkle Twinkle little star, how I wonder what you are ,up above the world so high, like a diamond in the sky…….လွယ်အိတ်ကို တင်းတင်းဆုပ်၊ မှိတ်တုတ်မှိတ်တုတ် ငွေကြယ်ပွင့်လေးတွေကို မော့ကြည့်ကာ ညထဲသို့ ကြည်နူးစွာဖြင့် စုလေးမေ ခပ်ရဲရဲတိုးဝင်လိုက်သည်။
xxxxx
          ''တီတီတီ...တီတီတီ..တီတီတီ''
          နာရီ alarm မြည်သံကြားရသည်။
          စုလေးမေသည် အလန့်တကြားဖြင့် မျက်လုံးများဖွင့်ကြည့်လိုက်ရာ သူမကိုယ်သူမ အိပ်ရာပေါ်တွင် ရှိနေသည်ကိုသာ တွေ့လိုက်ရသဖြင့် ကြောင် တက်တက်ဖြစ်သွားသည်။ စူးရှရှနေရောင်တချို့က မှန်ပြတင်းကိုဖြတ်သန်း လျက် အခန်းတွင်းဝယ် ဖြာကျနေသည်။ နံနက် မိုးလင်းနေပြီ။ အသေအချာ ပြောရလျှင် နံနက် ၇နာရီ။ ညက ဗူမော ပေးထားခဲ့သည်။ လောကကြီးသည် အရင်အတိုင်း။ နဖူးကို လက်ဖြင့် ဖတ်ခနဲ ရိုက်ရင်း အသံထွက် ညည်းညူ လိုက်မိသည်။
        ''ဟာ...သွားပြီ၊ ငါ့နှယ် ကံဆိုးလိုက်တာ၊ ညကျောင်းလေးတောင် တစ်ရက်လောက် မတက်လိုက်ရပါလား...''
          အိပ်မက်လေးကို နှမြောကာ ဝမ်းနည်းပက်လက်ဖြစ်သွားသည်။ နာရီက တတီတီ အော်မြည်နေဆဲ...။

စုမီအောင် (Family)
(ကမ္ဘာကြီး ရပ်သွားပြီဆိုပြီး တကယ်မက်ခဲ့တဲ့အိပ်မက်ကို အခြေခံရေးခဲ့တယ်။ ဆင်ဆာက ညကျောင်းတက်ချင်တဲ့သဘောကြောင့်လား ကမ္ဘာကြီး ရပ်တန့်ပျက်စီးပြီ ဆိုတဲ့သဘောကြောင့်လားမသိ ခွင့်မပြုခဲ့။ အခါခါ ပြန်ပို့ရင်း နောက်ဆုံး Family မှာ (ညိုပြာဝိုင် လုပ်တဲ့ကာလက ပါလာခဲ့တယ်)
အယ်ဒီတာ ညိုပြာဝိုင်နဲ့တကွ ထည့်ပေးတဲ့ Family ကိုကျေးဇူးတင်ရပါတယ်။)

No comments: