Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, August 04, 2014

လန်းလန်းဆန်းဆန်း သင်းရနံ့နဲ့အတူ

ရေမွှေး (perfume) ဆိုတာ မွှေးကြိုင်သင်းပျံ့တဲ့ ဆီမွှေးတွေ၊ သစ်ပင်တွေဆီကရတဲ့ aroma compound တွေ အရောအနှောပျော်ရည်တွေပေါင်းစပ်ပြီး လူ့ခန္ဓာကိုယ်၊ အစားအစာ၊ အသုံးအဆောင် စသည်တို့မှာ သင်းရနံ့ ရရှိနေအောင် အသုံးပြုကြတာပါ။ လက်တင်လို perfumum ကနေ per fume ဆင်းသက်လာခဲ့တယ်။ ရေမွှေးပြုလုပ်တဲ့အနုပညာဆိုတာဟာ ရှေးကျတဲ့ မက်ဆိုပိုတေးမီးယား နဲ့ အီဂျစ်တို့ကနေစတင်လာခဲ့ပြီး ရိုမန် နဲ့ ပါရှန်းတွေမှာ ဖန်တီးအသုံးပြုမှု ပိုလို့ထွန်းကားလာခဲ့ကြပါတယ်။ ကမ္ဘာ့ ပထမဆုံး ရေမွှေးထုတ်လုပ်သူ လို့ ခေါ်ဆိုနိုင်မယ့်သူဟာ Tapputi ဆိုတဲ့ ဓာတုဗေဒပညာရှင်အမျိုးသမီးတစ်ဦးပါ။ မက်ဆိုပိုတေးမီးယားမှာ BC ဒုတိယထောင်စုနှစ်ကနေစတင်ထုတ်လုပ်ခဲ့တယ်လို့ ဆိုကြတယ်။ ကမ္ဘာ့ရှေးအကျဆုံးရေမွှေးတွေဟာ ဆိုက်ပရပ်စ်နိုင်ငံ Pyrgos မှာ ထုတ်လုပ်ခဲ့တယ်ဆိုတာ ၂၀၀၅ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ကြပြန်တယ်။ ရေမွှေးစတင်ပေါ်ပေါက်လာတဲ့ခေတ်ကို စူးစမ်းချင်တယ်ဆိုရင် နှစ်ပေါင်း ၄၀၀၀ ကျော်ခန့်ကာလအထိတိုင် ပြန်လှည့်ကြည့်ရမယ်ဆို့ ဆိုတယ်။ အဲဒီခေတ်ကတည်းက ပေါင်းအိုး အလုံး ၆၀အနည်းဆုံး၊ ရောနှောပေါင်းစပ်တဲ့ ဇလုံးတွေ၊ မီးခိုးခေါင်းတိုင်တွေနဲ့ ရေမွှေးပုလင်းတွေကို ၄၃၀၀၀ စတုရန်းမီတာ ရှိတဲ့ စက်ရုံနေရာမှာ တွေ့ရှိခဲ့ကြပါတယ်။ ရှေးကျတဲ့ခေတ်မှာ ရေမွှေးဖော်စပ်ကြတဲ့အခါ ဆေးဘက်ဝင်အပင်၊ ဟင်းခတ်အမွှေးအကြိုင်၊ မက်မွန်၊ နံနံပင်၊ myrtle ချုံပင်၊ ထင်းရှုးဆီ ပန်းပွင့်အမျိုးမျိုးပေါင်းစပ်အသုံးပြုကြတယ်။ 

ဒီနေ့ခေတ်မှာတော့ နည်းပညာတွေတိုးတက်လာသလို အမွှေးရနံ့အမျိုးမျိုးပေါင်းစပ်ဖန်တီးရောင်းချလာကြပါပြီ။ ရေမွှေး သင်းရနံ့အမျိုးမျိုးကို အမျိုးသမီး အမျိုးသား သီးသန့် သုံးစွဲလာကြပါတယ်။ လူကြိုက်များတဲ့ရေမွှေးအမျိုးအစားအမျိုးမျိုးအထွေထွေ ထဲကမှ ထိပ်တန်း ရေမွှေး ၂၀ ခန့် ဖော်ပြပေးလိုက်ပါတယ်။ 
Acqua Di Gio by Giorgio Armani
The One by Dolce & Gabbana 
BLV by Bvlgari
Chloe Perfume by Chloe
Davidoff Cool Water
L’Eau D’Issey by Issey Miyaki 
 Anais Anais by Cacharel 
Tresor by Lancôme 
DKNY by Donna Karan 
Gucci Rush
CK One
Angel by Thierry Mugler 
Opium by Yves Saint Laurent 
Youth Dew by Estee Lauder 
Classique by Jean Paul Gaultier
 Joy by Jean Patou
Shalimar by Guerlain 
J’Adore by Christian Dior
L’Air Du Temps by Nina Ricci 
Chanel No 5 တို့ဖြစ်ပါတယ်။ 

ရေမွှေးဖော်စပ်ရာမှာအသုံးပြုကြတဲ့ အမျိုးအစားတွေအများကြီးထဲမှာ လာဗင်ဒါ (Lavender) နဲ့ ပေါင်းခံထုတ်လုပ်ထားတဲ့ ရေမွှေးကိုလည်း စိတ်ဝင်စားသူများလှပါတယ်။ လာဗင်ဒါရဲ့ သင်းရနံ့ဟာ သင်းပျံ့ပျံ့သဘာဝဆန်တဲ့ ရနံ့မျိုးလို့ဆိုကြတယ်။ လာဗင်ဒါရေမွှေးတံဆိပ်တွေလည်း အများကြီးရှိနေတာပါပဲ။ Caldey ရဲ့ Island Lavender ဟာ အကောင်းဆုံးလာဗင်ဒါရေမွှေးတွေထဲကတစ်မျိုးလို့ ရေမွှေးဝါသနာရှင်တွေက သဘောတူကြတယ်။ ဒေါ်လာ ၂၀ ဝန်းကျင်ခန့်သာရှိပါတယ်။ Yardley က ထုတ်တဲံ English Lavender ကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ Parfums d'Orsay Arome 3, Parfums d'Nicolai Haute Provence, L'Occitane OAC Lavender edt, Guerlain Jicky, Serge Lutens Gris Clair, Serge Lutens Encen et Lavande, Caron Pour Un Homme နဲ့ Guerlain AA Lavande Velours စတဲ့ လာဗင်ဒါ ရေမွှေးတွေကလည်း လူသုံးများတဲ့အမျိုးအစားတွေပါ။ 

လာဗင်ဒါဆီ ပြုလုပ်တဲ့အခါ လာဗင်ဒါပန်းပင်ရဲ့ ပန်းပွင့်၊ ပန်းခိုင်တွေကို ပေါင်းခံထုတ်လုပ်ကြတာပါ။ ပေါင်းခံတဲ့အခါ လာဗင်ဒါပန်းဆီ နဲ့ လာဗင်ဒါပန်းခိုင်ဆီ ဆိုပြီး ပုံစံ ၂ မျိုးရှိနိုင်ပါတယ်။ လာဗင်ဒါဆီကို ရေမွှေးဖော်စပ်ထုတ်လုပ်ရေးမှာ အသုံးပြုကြသလို ရနံ့ကုထုံးတွေမှာလည်း အသုံးပြုကြတယ်။ လာဗင်ဒါရနံ့ဟာ တည်ငြိမ်အေးချမ်းစေတဲ့အစွမ်းသတ္တိရိုနေတာကြောင့် အနားယူအပမ်းဖြေလိုတဲ့အခါ၊ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုတွေလျှော့ချလိုတဲ့အခါ အဲဒီ လာဗင်ဒါရနံ့ပေးကုထုံးနဲ့ ကုသကြပါတယ်။ ဆေးဝါးအဖြစ်အသုံးပြုနိုင်ပါသေးတယ်။ ရောဂါပိုးသတ်ဆေး၊ နာကျင်မှုဝေဒနာသက်သာစေတဲ့ဆေး နဲ့ အပူလောင်နာ၊ နေလောင်တာ၊ အင်းဆက်ပိုးမွှားကိုက်ခဲတာနဲ့ အဆိပ်ဆူး ဆူးမိတာတွေမှာ သက်သာရာရစေနိုင်တယ်။ တခြားအသုံးပြုနိုင်သေးတာက ဆီဆေးပန်းချီဆွဲတဲ့အခါ ပျော်ရည်တစ်မျိုးအဖြစ်ပေါင်းစပ်ကြတယ်။ ဥပမာဆိုရရင် Francisco Pacheco ဟာ သူရေးတဲ့စာအုပ်မှာ လာဗင်ဒါပန်းခိုင်ဆီအသုံးပြုထားတယ်လို့ ညွှန်းဆိုဖော်ပြထားဖူးပါတယ်။ 

ကိုယ့်ရဲ့ပန်းခြံထဲမှာ လာဗင်ဒါ ပန်းပွင့်တွေနဲ့ နှင်းဆီပန်းတွေရှိနေခဲ့မယ်ဆိုရင် ကိုယ်ပိုင်ရေမွှေးထုတ်လုပ်နိုင်တဲ့ နည်းလမ်းလေးတွေ ပေါ့ပေါ့ပါးပါး စမ်းသပ်ပြုလုပ်ကြည့်နိုင်ပါတယ်။ ကိုယ်တိုင်လိုက်မလုပ်ဖြစ်ရင်တောင်မှ စိတ်ဝင်စားစရာကောင်းနေတာမို့ ဒီအဆင့်လေးတွေ ဖတ်ကြည့်ပါဦးနော်။
၁. ပန်းခြံထဲက လတ်လတ်ဆတ်ဆတ် ရနံ့မွှေးကြိုင်နေတဲ့ စွင့်စွင့်ကားကား နှင်းဆီတစ်ပွင့်ရယ်၊ လာဗင်ဒါပန်း ၃ ခိုင်ခန့် ရွေးပြီးခူးပါ။


၂.  နှင်းဆီပွင့်မှ ပွင့်ချပ်တွေအားလုံးနဲ့ လာဗင်ဒါပန်းခိုင်မှ အဖူးတွေအားလုံး ဖယ်ရှားပါ။ နှင်းဆီပွင့်ချပ် ပွင့်ဖတ်လေးတွေရယ်၊ လာဗင်ဒါအဖူးလေးတွေရယ် ဇလုံးတစ်ခုထဲထည့်ပြီး ရေဆေးဖို့ အသင့်ပြင်ပါ။

၃. ဖုန်အညစ်အကြေးနဲ့ မြေကြီးအမှုန်အမွှားတွေ ကင်းစင်သွားအောင် ရေနဲ့ ဆေးကြောလိုက်ပါ။ သင်းရနံ့လတ်လတ်ဆတ်ဆတ်ကျန်ရှိနေပါလိမ့်မယ်။

၎. ဒယ်အိုး ဒါမှမဟုတ် လက်ကိုင်ပါအိုးတစ်ခုထဲ ရေနှစ်ခွက်ခန့်ထည့်ပြီး ဆူပွက်လာအောင် မီးအပူပေးပါ။

၅. ဆူပွက်နေတဲ့ရေထဲ ပွင့်ချပ်လေးတွေနဲ့ အဖူးလေးတွေကိုအပူဓာတ်မလျော့သွားခင်မှာ ဂရုစိုက်ပြီးထည့်ပေးပါ။ ပြီးရင်တော့ မီးအေးအေးမှာပဲ နှပ်ထားပေးဖို့ပါ။

၆.  ၁၅ မိနစ်ကြာပြီးတဲ့အခါ ကရားထဲမှာရေလောင်းထည့်ပြီး ပွင့်ဖတ်၊ အဖူးလေးတွေ အေးသွားပါစေ။ ပွင့်ဖတ်နဲ့အဖူးလေးတွေဆီက သင်းရနံ့၊ အသွေးအရောင်တို့ဟာ အဲဒီရေထဲကို စိမ့်ဝင်လာပါလိမ့်မယ်။ နာရီအနည်းငယ်ကြာစိမ်ထားလိုက်ပါ။

၇.  မွှေးပျံ့သင်းကြိုင်နေတဲ့ ရေ၊ ပွင့်ဖတ်၊ အဖူးလေးတွေ စစ်ယူရပါတော့မယ်။ ဇလုံတစ်ခုပေါ်မှာ ဇကာတင်ထားပြီး ကရားထဲမှရေတွေလောင်းချစစ်ယူလိုက်ပါ။ ပွင့်ဖတ်နဲ့ အဖူးလေးတွေတော့ ဆန်ခါ(ဇကာ)ထဲမှာပဲ ကျန်ရှိနေပါစေ။ 

၈.  သင်းရနံ့ပြည့်ဝနေတဲ့ "ရေ" ကို လှလှပပ ဗူးလေးတစ်ခုထဲကိုထည့်လိုက်ရင်တော့ homemade flower perfume ကို ရပြီပေါ့။

၉. အရေပြားပေါ်(အထူးသဖြင့် သွေးခုန်နှုန်းရှိတဲ့နေရာမှာ အကောင်းဆုံးပါ) ပါးပါးလေး တို့ပြီး ဆွတ်ပေးခြင်းအားဖြင့် ချစ်စရာကောင်းလှတဲ့ နှင်းဆီ၊ လာဗင်ဒါတို့ရဲ့ လန်းလန်းဆန်းဆန်း သင်းရနံ့နဲ့အတူ မွှေးပျံ့တဲ့အချိန်လေးတွေပိုင်ဆိုင်နိုင်ပါပြီ။        ။



ဖြိုးဖြိုး
(Living Fashion Magazine, April, 1014)

No comments: