Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 24, 2014

ဘရာဇီးနိုင်ငံမှ ပျော်ပျော်ပါးပါး ပျော်ပွဲရွှင်ပွဲတွေ

လူဦးရေ သန်း ၂၀၀ ကျော်ရှိနေတဲ့ ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ ငါးခုမြောက်အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ဒေသခံတိုင်ရင်းသားတွေရယ်၊ ဥရောပက အခြေချနေထိုင်သူတွေ၊ အာဖရိကန်ငွေဝယ်ကျွန်တွေ ရောနှောနေထိုင်ခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့အတူ အမျိုးမျိုးအထွေထွေကွဲပြားလှတဲ့ယဉ်ကျေးမှုတွေပေါင်းစပ်ပြီး ပျော်ပွဲရွှင်ပွဲတွေကျင်းပလေ့ရှိကြတယ်။ ဘရာဇီးနိုင်ငံရဲ့ ကျယ်ပြန့်လှတဲ့ရှုခင်းတွေ၊ ပေပေါင်း ၉၇၃၅ မြင့်တဲ့ Pico da Neblina (Myst's Peak) တောင်ထွတ်၊ သုခဘုံလို့တောင်တင်စားထားတဲ့ကျွန်းတွေရှိနေတဲ့ အတ္တလန်တစ်ကမ်းရိုးတန်းတစ်လျှောက်အလှအပတွေဟာ မဆုံးနိုင်အောင်ပြည့်နှက်နေတာပါ။ ကမ္ဘာ့အကြီးဆုံး၊ ကမ္ဘာ့ဒုတိယအရှည်ဆုံး အမေဇုံမြစ် ရဲ့အိမ်လည်း ဖြစ်နေလေတော့ အမှတ်တရအပမ်းဖြေခရီး/ လေ့လာရေးခရီးထွက်လိုတဲ့ ခရီးသွားတွေအတွက် အင်မတန်ဆွဲဆောင်မှုရှိလှတဲ့နိုင်ငံပါ။ (ဒါပေမဲ့ ဘရာဇီးနိုင်ငံခရီးစဉ်အတွက်စိတ်ဝင်စားတယ်ဆိုရင်တော့ State Department ရဲ့ ခရီးသွားအကြံပြုစာတွေကို ကြိုတင်စစ်ဆေးသင့်ပါတယ်။ လက်ရှိဘရာဇီးနိုင်ငံမှာက ပြစ်မှုဖြစ်ပွားနှုန်း အလွန်အမင်းမြင့်မားနေတယ်လို့ဆိုပါတယ်။ ခရီးသွားတွေအတွက် လုယက်မှု၊ တိုက်ခိုက်မှုတွေနဲ့ တခြားပြစ်မှုမျိုးတွေမကြုံတွေ့ရအောင် နိုးနိုးကြားကြားရှိသင့်တယ်ဆိုတဲ့ သတိပေးချက်တွေလည်းရှိကြတယ်။) 


ဘရာဇီးနိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ပွဲတော်တွေထဲက လူသိအများဆုံးပွဲတော်တွေမှာဆိုရင် ပထမဆုံး Carnival ပါ။ ကာနီဗဲလ်ပွဲတော်ကို ဘရာဇီးနိုင်ငံတစ်ဝှမ်းမှာကျင်းပလေ့ရှိပြီး ပွဲတော်ကျင်းပတဲ့မြို့တိုင်း Rio de Jeneiro စတိုင်လ်၊ samba/ samba-reggae စတဲ့ဂီတမျိုးတီးမှုတ်ကခုန်ကြတဲ့ Bahia စတိုင်လ်၊ Pernambuco မြို့အရှေ့မြောက်ပိုင်းပြည်နယ်က Pernambuco စတိုင်လ်၊ Sao Paulo စတိုင်လ် နဲ့ ကျောင်းသူကျောင်းသားလူငယ်ပိုင်းအများစုပါဝင်ဆင်နွှဲကြတဲ့ Minas Gerais စတိုင်လ် စသဖြင့် သူတို့ရဲ့ကိုယ်ပိုင်ထူးခြားတဲ့နည်းတွေနဲ့ ကျင်းပကြတယ်။ ရိုမန်ကက်သလစ်ခရစ်ယာန်တွေက အီစတာပွဲတော်မစခင် ရက် ၄၀ မှာ ကျင်းပကြလေ့ရှိပါတယ်။ ခရစ်တော်ရဲ့ ဒုက္ခဆင်းရဲတွေကို အောက်မေ့သတိရတဲ့ Lent ဥပုသ်ကာလမှာ အသားမစားဘဲ ရိုးရာဘာသာရေးပွဲလမ်းသဘင်အဖြစ်ကျင်းပခဲ့ကြတာပါ။ ဒီနေ့မှာတော့ အသွေးအရောင်စုံလင်လှတဲ့ဝတ်စုံတွေ လင်းလက်တောက်ပစွာဝတ်ဆင်ပြီး ရွှင်ရွှင်မြူးမြူးတေးသွားနဲ့ ကခုန်ကြလေ့ရှိတယ်။ အကအလှနဲ့ တေးဂီတဖျော်ဖြေကြတဲ့ပြိုးပြိုးပြက်ပြက်အစုအဖွဲ့တွေဟာ လမ်းမတွေပေါ်မှာ စီတန်းလှည့်လည်ကြတယ်။ ပရိတ်သတ်တွေကလည်း ပျော်ရွှင်မြူးတူးနေတဲ့အခမ်းအနားကို စောင့်ကြည့်ကြပြီး ကိုယ်တိုင်လည်းပါဝင်ဆင်နွှဲနိုင်ကြပါတယ်။ အဲဒီ ကာနီဗဲလ်အခမ်းအနားတွေဟာ နေ့ရော ညပါ ပြုလုပ်ကြတယ်။ တစ်ခါတစ်ရံမှာ ရက်သတ္တတစ်ပတ်တိုးပြီး ကျင်းပတတ်ကြပါသေးတယ်။ ကမ်းရိုးတန်းမြို့တွေမှာပြုလုပ်တဲ့အခမ်းအနားတွေမှာ ကုန်းတွင်းပိုင်းမြို့တွေထက် အဝတ်အစားနဲ့ သရုပ်ဆောင်မှာ ပိုပြီးတော့ ကဇတ်အခမ်းအနားဆန်ဆန်ကျင်းပကြလေ့ရှိတယ်။
June Parties (Festa Junina)
ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့ သူတော်စင် John the Baptist ရဲ့ မွေးနေ့တော်အထိမ်းအမှတ်ပြုလုပ်တဲ့အခမ်းအနားပါ။ -ဘရာဇီးဆောင်းရာသီအစမှာကျင်းပကြပြီး မိုးရွားသွန်းပေးတဲ့အတွက်ရယ်၊ ကျေးလက်ဒေသတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ကျေးဇူးတော်ကို အောက်မေ့ဖွယ်အဖြစ် ရည်ရွယ်ခဲ့ကြတယ်။ ကျင်းပပုံကတော့ ကောက်ရိုးမြက်ခြောက်၊ သက်ကယ်တဲတွေ ထိုးထားကြတယ်။ အခမ်းအနားမှာ ပါဝင်တဲ့အမျိုးသားတွေဟာ တောင်ယာလုပ်သားတွေလို ကောက်ရိုးဦးထုပ်ကြီးတွေဝတ်ဆင်ထားကြတယ်။ အမျိုးသမီးတွေကလည်း လယ်တောသူမလေးတွေပုံစံ ဆံပင်ကို ကျစ်ဆံမြီးလေးတွေကျစ်ချထားကာ သွားကြားတွေမှာဆေးရောင်တွေဆိုးထားကြတယ်။ အနီရောင်အကွက်အစိပ်တွေပါတဲ့ ဝတ်စုံကို ဝတ်ဆင်ကြလေ့ရှိတယ်။ ပွဲတော်ကာလအတွင်းများ အများစုက မွေးရပ်ဇာတိကို ပြန်ကြပြီး မိသားစုနဲ့တွေ့ဆုံကြပါတယ်။ အခုခေတ်မှာတော့ မြို့တွင်းဧရိယာမှာတောင်ကျင်းပလာကြပြီး ပိုလို့ ကျော်ကြားတဲ့ပွဲတော်ဖြစ်လာပါပြီ။ ကျင်းပပုံမှာ သပ်ရပ်ကြော့မော့တဲ့ဝတ်စုံတွေဝတ်ဆင်မယ်၊ တေးသီချင်းသီဆို၊ တီးမှုတ်ကခုန်ကြပါတယ်။ တစ်ညလုံးပါတီပွဲဆင်နွှဲကြတဲ့ပုံစံပါပဲ။ ရင်ပြင်တွေမှာ၊ လမ်းမ၊ ပန်းခြံတွေမှာ ကပြသူတွေပြည့်နှက်နေတတ်တဲ့ ပျော်ရွှင်စရာပွဲတော်တစ်ခုပါ။

Parintins Folklore Festival
ကာနီဗဲလ်ပွဲတောင်ပြီးရင် ဒုတိယအကြီးကျယ်ဆုံးဖြစ်တဲ့ ပွဲတော်ပါ။ ဘရာဇီးနိုင်ငံရဲ့ အနောက်မြောက်ထောင့်စွန်းမှာ ရှိနေတဲ့ Amazonas ပြည်နယ်မှာ ကျင်းပပါတယ်။ ဂျွန်လကုန်ပိုင်းလောက်မှာ ၃ ရက်ကျော်ကြာ အခမ်းအနားပြုလုပ်လေ့ရှိတယ်။ ဒဏ္ဍာရီထဲက နွားထီးတစ်ကောင်အသက်သွင်းကြတဲ့အကြောင်းကို ပုံဖော်ကြသလိုပါ။ အဖွဲ့နှစ်ဖွဲ့ဟာ အဝတ်အစားခမ်းခမ်းနားနားဝတ်ဆင်ပြီး သီချင်းဆိုလိုက်၊ ကပြသရုပ်ဆောင်လိုက်နဲ့ အဲဒီဒဏ္ဍာရီပုံပြင်ကို ပြောပြပါတယ်။ အဖွဲ့နှစ်ဖွဲ့အပြိုင်သရုပ်ဆောင်ကြတယ်။ ကပွဲတစ်ခုမှာ ၂ နာရီခွဲခန့် ကြာမြင့်လေ့ရှိတယ်။ အမေဇုံဒေသယဉ်ကျေးမှုအကတွေကို အဲဒီပွဲမှာ တွေ့မြင်နိုင်ပြီး ဒေသခံတွေရဲ့ ဘဝလူနေမှုအကြောင်းကိုလည်း သိနိုင်တဲ့ပွဲတော်ဖြစ်ပါတယ်။

New Year’s in Copacabana ကတော့ Rio de Janeiro မှာ စီစဉ်ကျင်းပလေ့ရှိတယ်။ ကမ္ဘာတစ်ဝှမ်းက နှစ်သစ်ကူးပွဲတော်ဆင်နွှဲသူတွေ အကြိုက်ဆုံး New Year ပွဲတစ်ခုပါ။ မီးရှုးမီးပန်းတွေပစ်ဖောက်ကြတယ်။ ဂီတဖျော်ဖြေသူတွေနဲ့ တခြား ပွဲတော်ကျင်းပသူတွေလည်း အရောင်စုံဝတ်စားဆင်ယင်ကြပြီး မြူးမြးကြွကြွကခုန်ကြတယ်။ ဂီတအက စုံစုံလင်လင်ကြည့်ရှုနိုင်ကြတာကြောင့် အကောင်းဆုံးပါတီပွဲဆင်နွှဲချင်သူတွေ ဒီပွဲတော်ကို လက်မလွှတ်လိုကြဘူးလို့ ဆိုတယ်။

The Brazilian Grand Prix of Formula 1 ကားပြိုင်ပွဲဟာလည်း ဒေသခံတွေရော နိုင်ငံတကာ ကားပြိုင်ပွဲအားကစားပရိတ်သတ်ကို စိတ်လှုပ်ရှားစေတဲ့ပွဲပါ။ ပြေးလမ်းကတော့ São Paulo- Interlagos မှာ လက်ခံကျင်းပလေ့ရှိတယ်။ ဒီပြိုင်ပွဲကိုတော့ မတ်လ နဲ့ ဧပြီလတွေမှာ နှစ်စဉ်ပြုလုပ်ယှဉ်ပြိုင်ကြပါတယ်။ Oktoberfest ပွဲတော်ကတော့ ဂျာမန်ရိုးရာအခမ်းအနားတစ်ခုပါ။ ဘရာဇီးနိုင်ငံမှာ အခြေချနေထိုင်ခဲ့ကြတဲ့ ဂျာမန်တွေက စတင်ကျင်းပပြုလုပ်ခဲ့ကြပြီး အခုတော့ အိမ်နီးချင်းတွေရဲ့ကွဲပြားတဲ့ယဉ်ကျေးမှုတွေစုပေါင်းပြီး လူထောင်ပေါင်းများစွာ စုရုံးကာ ဂျာမန်တွေနဲ့အတူတူပဲ စားကြသောက်ကြနဲ့ ပွဲတော်ကျင်းပကြပါတယ်။ ခရစ်ယာန်ဘာသာရေးပွဲတော်ဖြစ်တဲ့ Passion Plays မှာ ဂျီးဆပ်ရဲ့ဘဝဖြစ်စဉ် - ကားစင်တင်ခံရခြင်း၊ သေဆုံးခြင်း နဲ့ ရှင်ပြန်ထမြောက်ခြင်းတွေကို သရုပ်ဖော်ကြတယ်။ နှစ်စဉ် အီစတာကာလမှာ ဘရာဇီးအရှေ့မြောက် Pernambuco ဒေသ New Jerusalem မြို့ရဲ့ theatre-city မှာ ပြုလုပ်ပါတယ်။ အဲဒီ ကဇာတ်ရုံဟာ ၁၀၀ ၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ကမ္ဘာမှာ အကြီးဆုံး open-air theatre လို့ သတ်မှတ်ထားကြတယ်။ ကျောက်သားနံရံတွေနဲ့ တည်ဆောက်ထားတဲ့ ကဇာတ်ရုံရဲ့ ကျောက်သားစင်မြင့် ၉ ခုမှာ သရုပ်ဆောင်ပေါင်း ၅၀၀ ကျော် သရုပ်ဖော်တင်ဆက်ကြပါတယ်။

တခြား လူသိများတဲ့ ဘရာဇီးနိုင်ငံက ပွဲတော်အခမ်းအနားတွေကတော့ The São Paulo International Cinema Show , The Gramado Cinema Festival, The Bahian Carnival, The Brazilian Beer Festival, Mixed Race Day နဲ့ Modern Art Week တို့ဖြစ်ကြတယ်။
ဖြိုးဖြိုး
(Living Fashion Magazine, September, 2014)

No comments: