Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 24, 2014

တက်စီးနေတဲ့ခေတ်ကြီးပေါ်မှာ ထိုင်ခုံနေရာရခဲ့ရင်

စုမီအောင်
အလင်းတန်းဂျာနယ်၊ သြဂုတ် ၎

အလုပ်ဆင်းချိန်ဆို ကျား၊ မ၊ ကြီး၊ ငယ် မဟူ ၀န်ထမ်းလူတွေဟာ သုတ်သုတ်ပျာပျာခြေလှမ်းတွေနဲ့ ဘတ်စ်ကားဂိတ်ကို အပြေးအလွှား သွားကြရတယ်။ အဲဒီမှာ အားလုံးကိုကြည့်လိုက်ရင် လက်ဗလာနဲ့လူရယ်လို့ မတွေ့ရသလောက်ပဲ။ ထမင်းချိုင့်၊ ထမင်းဘူး၊ ရေဘူး၊ တစ်ရှူး၊ စာအုပ် ကားခပေးဖို့ ပိုက်ဆံအနုတ်၊ ထီး..အဲဒီလို ပစ္စည်းတွေ သိမ်းကျုံးထည့်ထားတဲ့ ခြင်းတွေ ဆွဲသူကဆွဲ၊ ကျောပိုးအိတ်တွေလွယ်သူလွယ်၊  စလင်းဘက်တစ်ဖက် ကြွပ်ကြွပ်အိတ်ထုပ်တစ်ဖက် ဆွဲသူဆွဲနဲ့ ကိုယ်စီ ပစ္စည်းပစ္စယတွေ ကိုင်စွဲလို့ သုတ်ခြေတင် သွားနေကြတယ်။ တချို့လူမိန်းမတွေမှာ တစ်ထုပ်ထက်ပိုတဲ့ အထုပ်အဆွဲတွေနဲ့ တွဲလောင်းကိုင်စွဲထားလိုက်ကြတာ။ လက်နှစ်ဖက်တည်း ရှိပေလို့သာပဲ။

တချို့အလုပ်ချိန်တွေက ညနေ ၄း၀၀နာရီမှာ ပိတ်သိမ်းတာကြောင့် ညနေ၄ နာရီထိုးပြီးတာနဲ့ ကားဂိတ်တွေမှာ လူတွေ ပြည့်နေတတ်တယ်။ တချို့ ၅ နာရီ၊ ၅ နာရီခွဲမှာ သိမ်းတဲ့အလုပ်လည်း ရှိတော့ ညနေတိုင်း ၄နာရီကနေ မိုးချုပ် ၇နာရီထိ ဘတ်စကားဂိတ်မှာ လူတွေစုပြုံနေတတ်တယ်။ ဘတ်စကားတစ်စီး ထိုးရပ်ပြီဆို တွန်းထိုး ပြေးတက် ထိုင်ခုံနေရာရဖို့ လှုပ်ရှားရ တတ်တယ်။ မိန်းမတွေကလည်း ယောက်ျားတွေနဲ့အပြိုင် ရင်ပေါင်တန်း၊ ယောက်ျားသားတွေကလည်း မိန်းမတွေမို့ အလျှော့ပေးလိုက် မယ်လို့ မတွေးကြစတမ်း လုယက်တက်ကြတယ်။ အဲဒီ လူတွေကြားထဲမှာ ကျွန်မလည်းပါတယ်။ ညနေ ၅း ၃၀နာရီ ဆိုတာနဲ့ ရုံးဆင်း လက်ဗွေနှိပ်၊ သုတ်သီးသုတ်ပျာနဲ့ လမ်း ၃၀ အောက်ဘလောက်ကို ပြေးရတတ်တယ်။ ၁၃၁၊ ၁၃၂၊ ၂၃၁၊ ၅၁၊ ၅၃ ၊၀ါယာလက်စ်၊ မှော်ဘီ၊ တိုက်ကြီး ပြည်လမ်းက သွားတဲ့ကား ဘယ်ဘတ်စကားမဆို ကျွန်မတက်စီးလို့ရတယ်။

ဘတ်စကားဂိတ်မှာ ကားတစ်စီး ထိုးရပ်လိုက်တာနဲ့ ဆင်းသူကိုတောင် မစောင့်နိုင်အားဘဲ အတင်းကာရော တွန်းထိုးလုတက် ကြတာဟာ နိစ္စဓူဝ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်းပြည်သူတွေနဲ့အသားကျနေတဲ့ မြို့ပြမြင်ကွင်းတစ်ခု ဖြစ်နေပါပြီ။ တချို့က ပါလာတဲ့ဆွဲခြင်းတွေ အထုပ်တွေကို ကားပေါ်က ထိုင်နေသူဆီ လှမ်းထိုး တင်ပေးရင်း ထိုင်ခုံနေရာ ကြိုတင်ဦးကြတယ်။

အိမ်အပြန် ဘတ်စကားပေါ်က ထိုင်ခုံတစ်နေရာစာဟာ လူတိုင်းအတွက် (မရရင် ကမ္ဘာပျက်မတတ်) အာသာငမ်းငမ်း မက်မော စရာတစ်ခု ဖြစ်လာခဲ့တယ်။ `အလုပ်ထဲမှာ ငါတော့ တစ်နေကုန်ထိုင်ခုံတစ်လုံးပေါ် ထိုင်ခဲ့ရပြီးပြီ၊ ဘတ်စကားပေါ်မှာ မထိုင်လိုတော့ဘူး၊ သူများကို ဦးစားပေးလိုက်မယ်၊ ငါ မတ်တတ်ရပ်ပဲ စီးလိုက်မယ်´ ဆိုတဲ့လူ မရှိပါဘူး။ အလုပ်ချိန် ၈နာရီအတွင်း ဘယ်လောက်ပဲ ထိုင်ခုံမှာ ထိုင်ခဲ့ရစေဦးတော့ ဘတ်စကားပေါ်ရောက်လည်း ထိုင်ဖို့လိုပြန်တာကြောင့် ထိုင်ခုံမက်ကြရပြန်တာပါပဲ။ မှော်ဘီ တိုက်ကြီး လိုမျိုး ဝေးသူဆို ပိုမက်တော့တာပေါ့။

ကျွန်မလည်း အများနည်းတူ ထိုင်ခုံ မက်မိပါတယ်။ မာလာမှတ်တိုင်အထိပဲမို့ ဝေးတယ်မဆိုသာပေမဲ့ လူက ထိုင်ခုံရမယ့် ကားမှတက်ချင်တယ်။ ခြေထောက်က ပြောလောက်အောင် မညောင်းတတ်လို့ မတ်တတ်ရပ်စီးလိုက်လို့ရပေမဲ့ ကြမ်းကြမ်းရမ်းရမ်း မောင်းတဲ့ ကားတွေပေါ်မှာ မတ်တတ်ရပ်လိုက်ရတာ အရပ်ကပုပုနဲ့ ဟိုထိုးသည်ယိမ်းနဲ့ ဗရုန်းဗရင်းနိုင်လို့ ထိုင်ခုံမှာ က္ကုနြေ္ဒရရ ထိုင်လိုက်ချင်တဲ့စိတ်က ကိန်းတယ်။ ဒါကြောင့်ပဲ ကားပေါ်တက် ခြေချလိုက်တာနဲ့ `ဘယ်နားမှာထိုင်ခုံလွတ်ရှိ´ ဆိုတာကို မျက်လုံး ဝေ့ကြည့်နေရတတ်တယ်။ တစ်ဆက်တည်းမှာပဲ `ဘယ်နေရာ ဘယ်လိုခုံအနေအထားက ပိုကောင်း ´ဆိုတာလည်း စက္ကန့်ပိုင်းလေးမှာ ချိန်ထိုး ရွေးချယ်မိသေးတယ်။ သံဃာများ အတွက်သာ လို့ရေးထိုးထားတဲ့ ရှေ့ခုံတွေကို ရွေးလို့မဖြစ်ဘူး။ ဘုန်းကြီးတွေက အချိန်မရွေး တက်လာနိုင်တယ်။ အနောက်ဘက် နေ၀င်ချိန်ကို လှမ်းမြင်ရတဲ့ ပြတင်းပေါက်နေရာကိုတော့ ကျွန်မ အမြဲရွေးထိုင်လေ့ရှိတယ်။ သူများတွေက ခြေသွက်လက်သွက်နဲ့ ပြတင်းပေါက်နေရာတွေ ပြေးကပ်တက်ထိုင်နှင့်ကြပြီဆိုရင်တော့ အမျိုးသမီးချင်းအတူကပ်ထိုင်ရဖို့ နဲ့ အဲဒီအမျိုးသမီးဟာ ခပ်ပိန်ပိန်အစားလည်းဖြစ်ဖို့လည်း ရွေးရပြန်တယ်။ သာမန်ဘတ်စကားတွေရဲ့ထိုင်ခုံတွေဟာ ကျဉ်းကျဉ်းကျပ်ကျပ် လေးတွေမို့ ၀တဲ့အမျိုးသမီးဘေး ထိုင်ရပြီဆိုရင် ဘေးကျပ်နံကျပ် ဖြစ်တော့တာပဲ။ မတ်တတ်ရပ်လူတွေကလည်း ကိုယ့်အပေါ် ဘေးကကိုင်းဖိကျလာဦးမယ်။ ဒါကြောင့် ပြတင်းပေါက်နေရာရဖို့ အမြဲအားထုတ်မိတတ်တယ်။ များသောအားဖြင့်တော့ ဒီလိုရွေးချယ်ဖို့ အခွင့်မသာပါဘူး။ ရရာထိုင်ခုံ လှစ်ခနဲ ၀င်ထိုင်ရတာ များတယ်။ လှစ်ခနဲရလိုက်တဲ့ ထိုင်ခုံတောင် စံပြလိုနေရာမျိုှးမှာ လူတွေပြုံခဲ တက်လာပြန်ပြီဆို လူကြီးသူမတွေပါလာတတ်လို့ သူတို့အတွက်နေရာဖယ်ပေးလိုက်ရတာချည်းပါပဲ။ ဒီလို ဖယ်ပေးလိုက်ရတိုင်းလည်း စိတ်ထဲပျော်ရွှင်ကျေနပ်မိတယ်။ ကိုယ့်ထက် ပိုပြီး ထိုင်သင့်ထိုင်အပ်တဲ့လူစားမျိုး၊ ထိုင်ခုံတစ်လုံး လိုကိုလိုနေတဲ့လူစားမျိုးကို ဖယ်ပေးလိုက်ရမို့ အဓိပ္ပာယ်ရှိတယ် ကုသိုလ်လည်းရတယ်လို့ ခံစားရတယ်။
တစ်ခါတစ်ခါကျတော့လည်း အိမ်မြန်မြန်ပြန်ရောက်ချင်စိတ်ကြီးစိုးနေတဲ့အခါ `ထိုင်ခုံ´ဆိုတာကို မေ့သွားပြီး ကိုယ့်ရှေ့ထိုး ရပ်တဲ့ကားပေါ် တက်လိုက်တာပါပဲ။ အလုပ်ကအပြန် အဲဒီနေ့စိတ်အခြေအနေပေါ်မူတည် နေလိမ့်မယ် ထင်ပါရဲ့။ အလုပ်ထဲမှာ စိတ်ညစ်စရာတစ်ခုမှမပေါ်ဘဲ ပျော်တဲ့စိတ်တွေ ပွေ့ပိုက်ထုပ်ပိုးလာခဲ့ရင်တော့ ဘယ်လိုဘတ်စ်ကား၊ ဘယ်လိုအခြေအနေ၊ ဘယ်လို နေရာမျိုးပဲဖြစ်ဖြစ်၊ ထိုင်ခုံရရမရရ၊ ကြေးထူမနေဘဲ ပျော်ပျော်ကြီး အေးအေးလူလူကြီး တက်စီးလိုက် လာတာပါပဲ။ ပျော်ရွှင်မြူးထူး နေတဲ့စိတ်က အခက်အခဲတွေကို ဇာချဲ့မနေဘဲ သက်သောင့်သက်သာလေး ဖြတ်သန်းသွားဖို့ အင်အား ဖြည့်ပေးတယ် နဲ့တူပါရဲ့။ တစ်နေကုန် လူက ပင်ပန်းနွယ်နယ်ပြီး စိတ်ကလည်းညစ်ပွေနေခဲ့ရင်တော့ သက်သောင့်သက်သာထိုင်လိုက်စရာ ထိုင်ခုံလေး တစ်လုံး ကားပေါ်မှာ လိုကိုလိုနေခဲ့တယ်။

တစ်နေ့က  အပြန်မှာ ဘတ်စကားမှတ်တိုင်မှာ လူရှင်းနေပါတယ်။ အဲဒီမှာ ဘတ်စကားတစ်စီးထိုးရပ်တယ်။ ဘတ်စကားစီးခရီး သည်တွေဟာ သိပ်သနားဖို့ကောင်းတာပဲ။ မှတ်တိုင်မှာ ရပ်စောင့်နေသူ၊ တက်စီးမယ့်လူ ဘယ်လောက်ပဲနည်းစေဦးတော့ အမြဲတမ်း ကျိတ်ကျိတ်တိုး လုတက်နေကျ ခရီးသည်တွေမို့ တွန်းထိုးလုတက်ကျင့်ကြီးက အမြစ်စွဲနေပြီး ဆင်းသူမရှိ ရှင်းနေတဲ့ကားပေါ် သဲသဲမဲမဲ လုတက်နေကြတုန်းပဲ။ ကားပေါ်မှာ ထိုင်ခုံတွေ လွတ်တော့လည်းလွတ်တဲ့အလျောက် လူတချို့က ၀င်ထိုင်ပြီးကာမှ ဒီကဟို၊ ဟိုကနေ ဟိုးဘက် ကောင်းနိုးရာရာ သူတို့စိတ်ထဲ ပိုကောင်းမယ်ထင်တဲ့ထိုင်ခုံနေရာဆီကို ကူးပြောင်း ရွေးနေပြန်ပါတယ်။ လူနည်းတယ်ဆိုပြီး အေးအေးလူလူတက်လာခဲ့တာမို့ ကျွန်မအကြိုက်ပြတင်းနေရာတော့မရတော့ပါဘူး။ ခပ်ပိန်ပိန်မိန်းကလေးတစ်ယောက်ဘေးမှာ ၀င်ထိုင်လိုက်တယ်။ ထိုင်ခုံက ဆိုဖာနဲ့ တစ်ခုံနဲ့တစ်ခုံ ခပ်ကျဲကျဲမို့ ထိုင်ရတာလွတ်လပ်ပြီး အောက်ခြေက ခြေထောက်အချနဲ့အံကိုက်ပဲမို့  ထိုင်ရတာသက်သောင့်သက်သာရှိလှတယ်။ ဒီတစ်ခါလောက်စမတ်ကျကျထိုင်ရတာမရှိဘူးလို့ ပြောလို့ရတယ်။ ဘေးကမိန်းကလေးက စာအုပ်တစ်အုပ် ထုတ်ဖတ်နေတယ်။ နန္ဒာသိန်းဇံရဲ့ မိတ်ကောင်းဆွေကောင်းများနှင့်ခရီးသွားခြင်းစာအုပ်။ ကားပေါ်ရောက်တာနဲ့ ဒီနေ့လူငယ်အများစုဟာ(လူကြီးတွေလည်းပါနေတယ်)ဖုန်းကိုထုတ်ပြီး ဖြူဖြူပြာပြာ facebook စာမျက်နှာတွေထဲခေါင်းငုံ့တိုးဝင်သူ များပါတယ်။ ရှားရှားပါးပါးစာအုပ်ကို ဖတ်နေလို့ တွေ့ရခဲတဲ့မြင်ကွင်းလေးကို ငေးကြည့်လိုက်ပါခဲ့တယ်။

စံပြရောက်တာနဲ့ လူတွေပြည့်သွားတယ်။ ဘယ်သူ့ကို ဘာကိုင်ကူညီပေးရမလဲ၊ ကျွန်မရဲ့ထိုင်ခုံနေရာ ဖယ်ပေးရမယ့် ထိုက်တန်တဲ့သူ လူကြီးသူမ၊ ကလေး တစ်ဦးတလေ ပါနိုးနိုး ကြည့်ပေမဲ့ ဘေးနား သန်သန်မာမာယောက်ျားတွေပဲ မြင်တယ်။ ခြင်းတခြင်း ဖိုင်တစ်အိတ်နဲ့တက်လာတဲ့မိန်းကလေးတစ်ယောက်က ရှေ့နားကို တိုးဝင်သွားလို့ ကူကိုင်ပေးဖို့အခွင့်မသာ လိုက်ဘူး။ ကားပြန်ထွက်ကတည်းက ကျွန်မသတိထားမိတာ၊ ဘေးကလူဟာ ထိုင်နေတဲ့ကျွန်မပခုံးကို အတင်းဖိတိုးနေခဲ့တယ် ဆိုတာပါပဲ။ ကျွန်မက နေရာတစ်ချက်ပြင်ထိုင်လိုက်ရင်း မော့ကြည့်လိုက်ပြီဆို အဲဒီလူဟာ တောင်ကြည့်မြောက်ကြည့်နဲ့လုပ်တယ်။ ပိုဆိုးတာက သူ့ကိုယ်ကို ရှေ့ကိုကိုင်းကိုင်းပြီး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်သလိုလို တစ်ချိန်လုံးကြည့် နေတော့တာပဲ။ ပုံစံကမမှန်တော့လို့ ကျွန်မက စာအုပ်ဖတ်နေတဲ့မိန်းကလေးဘက်ကို တိုးကပ်နေရာပြင်ထိုင်လိုက်တဲ့အခါ ဒီအဖြစ်ကိုရိပ်စားမိပုံနဲ့ မိန်းကလေးက ရလားအစ်မ ဒီဘက်တိုး လို့ပြောရင်း ကိုယ်လေးကျုံ့ကာ ပြတင်းဘောင်ဘက် နေရာရွှေ့ကပ်ထိုင်ပေးတယ်။ တက်ညီလက်ညီနဲ့ ကျွန်မတို့နှစ်ယောက် နေရာပြင်ထိုင်လိုက်ကြတာကို သိပုံရတဲ့ ပုပျပ်ပျပ်မတ်တတ်လူက ပိုပြီးအတင့်ရဲပြတယ်။ ထပ်ထပ်ပြီး သူ့ကိုယ်ကို ကိုင်းချ၊ မျက်နှာကြီးက အပြင်ကိုတိုးကြည့်သလိုလို လုပ်ပြန်တယ်။ မြေနီကုန်းမီးပွိုင့်မှာ ကားတွေပိတ်တာကိုပဲ စိတ်မရှည်လို့ အပြင်ကိုတိုးတိုးကြည့်သလို သူ့ဗိုက်က ကျွန်မပခုံးပေါ်ပိပိကျလာ၊ သူ့ခေါင်းက ကျွန်မမျက်နှာရှေ့ဝဲ၀ဲကျနေတဲ့အခါ ကျွန်မသည်းမခံနိုင်တော့ဘူး။ “ ကျေးဇူးပြုပြီး ခင်ဗျားကိုယ်ကို တည့်တည့်မတ်မတ်ရပ်ပေးပါ၊ မတ်မတ်မရပ်နိုင်ရင် ဒီရှေ့ခုံက ကောင်လေးဘေးသွားမှီရပ်”လို့ ပြောလည်းပြော ရှေ့ခုံက ကောင်လေးကိုလည်းလက်ညှိုးထိုးပြလိုက်တယ်။ လူလည်းမကျပ်ဘဲနဲ့ တမင်ကြီးလာလာမှီနေတယ်လို့ ဘေးကမိန်းကလေးကိုပါ တစ်ဆက်တည်းလှည့်ပြောလိုက်တယ်။ ဒီတော့မှ အနေအထားပြင်သွားတယ်။

ဟံသာဝတီအ၀ိုင်းရောက်တော့ ကျွန်မစိတ်ထဲ ဗျာများသွားတယ်။ `စိုက်ပျိုးရေး´ မှတ်တိုင်ပြီး `မာလာ´ဆို ကျွန်မ ဆင်းရ တော့မယ်။ ကျွန်မ စိတ်ပူတာက ကျွန်မထိုင်ခုံကထလိုက်တာနဲ့ ဒီလူလာဝင်ထိုင်မှာပဲ၊ ဒီ ခပ်ညစ်ညစ်လူ ဘယ်ထိသွားမှာလဲ၊ ဘေးက အေးအေးလူလူစာဖတ်ရင်းလိုက်လာတဲ့မိန်းကလေးကို ဘာစိတ်အနှောက်ယှက်ပေးဦးမလဲ၊ အဲဒီမိန်း ကလေးက ကျွန်မလို မတုံ့ပြန်ရဲဘဲ ကြောက်တတ်တဲ့သူဆို သေပြီပဲ။ ပုံစံမမှန်တဲ့လူကြောင့် မိန်းကလေးအတွက် စိတ်ပူသွားတယ်။ ဒီလူ မထိုင်စေရဘူး ထိုင်လို့မဖြစ်ဘူး လို့တွေးပူနေမိတယ်။ `အဲဒီလူ လာထိုင်ရင် သတိထားနော်၊ ပုံစံမမှန်ဘူး´လို့ ဘေးကမိန်းကလေးကို တိုးတိုးပြောတော့ မိန်းကလေးက လေသံလေးနဲ့ဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောရင်းခေါင်းညိတ်တယ်။ သူ့ဘာသာရိပ်စားမိပေမဲ့ ကျွန်မပြောလိုက်မှ ပိုကြောက်သွားသလိုပဲ မျက်လုံးလေးဝိုင်းပြူးသွားတယ်။ ထိုင်ခုံကထလိုက်တာနဲ့ ရှေ့နားမှာ ကျွန်မတို့ဘက်ကို ကျောခိုင်းပြီးရပ်နေတဲ့ မိန်းကလေး တစ်ယောက် ကို လှမ်းမြင်တော့ ကျွန်မ ၀မ်းသာသွားတယ်။ ဒါနဲ့ ထိုင်ရာကထ၊ ပုံစံမမှန်တဲ့လူ အတင်းဝင်ထိုင်မှာစိုးလို့ အိတ်နဲ့ပစ္စည်းတွေ ကို ထိုင်ခုံမှာ ခဏပြန်တင်လိုက်ပြီး ခပ်လှမ်းလှမ်းကမိန်းကလေးရဲ့နောက်ကျောကို လှမ်းပုတ်ရင်း“ ဟိတ် မှော်ဘီအိမ်ပဲပြန်မှာမို့လား၊ ဒီမှာပဲလာ ထိုင်လေ…စောစောကတည်းကခေါ်နေတာ.. ”ဆိုပြီး ခပ်တည်တည်နဲ့ သိတဲ့ပုံမျိုး လုပ်ပြီးခေါ်ရတယ်။ ခြင်းလေးဆွဲရပ်နေတဲ့ မိန်းကလေးက ၀မ်းသာအားရလှည့်ကြည့်ပြီး သွက်သွက်ပဲလာတယ်။ ဒီတော့မှ ခုံပေါ်က ကျွန်မအိတ်တွေဆွဲယူပြီး ကားပေါ်က ဆင်းခဲ့ တော့တယ်။ ဒီနေ့အဖို့ အဓိပ္ပာယ်ရှိတဲ့ကိစ္စလေးတစ်ခု လုပ်နိုင်ခဲ့ပြီလို့ ကျွန်မတိတ်တိတ်လေးဂုဏ်ယူနေမိတယ်။

လူကြီးမင်းတို့ရေ..နိစ္စဓူဝ ဘတ်စကားစီးတဲ့ခရီးတစ်ခုစာက တကယ်ဆို တိုတိုလေးပါ။ ရှင်တို့ကျွန်မတို့ တက်စီးနေတဲ့ ဘတ်စကားပေါ်မှာတောင် ကျွန်မတို့ ဘာသိဘာသာနေလို့မရဘူး ဆိုတာလေး ပြောပြချင်တာပါ။ ဘတ်စကားထိုင်ခုံလေးတစ် နေရာမှာတောင် ထိုင်သင့် ထိုင်အပ်တဲ့လူ ထိုင်ရဖို့ အခု ကျွန်မ ကြိုးစားမိသလိုပဲ ရှင်တို့ ထိုင်နေတဲ့ထိုင်ခုံတစ်လုံးစာကို ထိုင်သင့်ထိုင် အပ်တဲ့လူစားမျိုး ထိုင်ရအောင် လွှဲပြောင်းပေးဖို့လည်း ကျွန်မ မျှော်လင့်နေမိတယ်။ ဘတ်စကားတွေပရမ်းပတာမောင်းနှင်သလို ခေတ်က ခိုကိုးရာမဲ့ ပရမ်းပတာ ယမ်းခါနေလို့ ကျွန်မတို့ တစ်ယောက်ကတစ်ယောက်ကို လျစ်လျူမရှုဘဲ မျက်စိဖွင့်နားစွင့်ပြီး ခရီးနှင်ရမယ်။ ပုံစံမကျတဲ့လူတွေကလည်း သက်သောင့်သက်သာခရီးသွားနေတဲ့လူတွေကို အချိန်မရွေးနှောင့်ယှက်ဖို့ ချောင်းမြောင်းနေတယ်။ ပရမ်းပတာခေတ်ကြီးကို ကျွန်မတို့တက်စီးနေရပြီ။ တည်ငြိမ်အေးချမ်းနိုးနိုး အရာရာကို ထိုင်မျှော်ကိုးနေရုံနဲ့ မဖြစ်ဘူး။ အနည်းဆုံးတော့ လူကြီးမင်းတို့တက်စီးနေတဲ့ ဘတ်စကားပေါ်မှာ လူကြီးမင်းရဲ့အကူအညီကို လိုအပ်နေတဲ့ လူတစ်ယောက်ယောက်ရှိနေမှာပါ။ လူကြီးမင်းရဲ့ထိုင်ခုံတစ်နေရာစာကို ပေးမှဖြစ်မယ့် လူတစ်ယောက်ယောက် အနီးအနားမှာ ရှိနေမှာသေချာပါတယ်။

ဒါကြောင့်မို့ တကယ်လို့များ လူကြီးမင်း တို့ တက်စီးနေတဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်ခုံနေရာရခဲ့ရင်……

စုမီအောင်

No comments: