ဖေဖေ ကွယ်လွန်တာ (၈)လပြည့် ပျဉ်းမနား၊ ဇေယျသိန်ကျောင်းမှာ ဆွမ်းကပ် ကုသိုလ်ပြုပါတယ် တဲ့ မမဥမ္မာမှ |
စာရွေးတံဆွမ်း |
ဘာလိုလိုနဲ့ ဖေဖေဆုံးခဲ့တာ (၈)လတောင် ဖြတ်သန်းသွားခဲ့ပြီးပြီ။
သတိရပါတယ်။
လွမ်းဆွတ်ပါတယ်။
Facebook သုံးရင်း တစ်ခါတစ်လေ ကိုယ့် wall ကိုကြည့်မိရင်း Photos ထဲဝင်ကြည့်မိရင်း ...
ကိုယ့်ရဲ့ Albums တွေထဲက မိသားစုဝင်တွေကိုပဲ private share လုပ်ထားတဲ့ the 3rd Leaf ဆိုတဲ့ အယ်လ်ဘမ်ကို အကြည့်တွေရောက်သွားလိုက်တိုင်း နီညိုညိုခြုံလွှာလေးအောက်က ခပ်ဆန့်ဆန့်ပက်လက်အနေအထား ခန္ဓာတစ်ခုပုံစံမြင်လိုက်တိုင်း အဲဒါဟာဖေဖေ၊
အဲဒါ ဖေဖေဆုံးသွားခဲ့တုန်းက အသက်မဲ့သွားခဲ့တုန်းက ဆိုတဲ့အတွေးနဲ့ အတူ ဘယ်လိုမှန်းမသိ နင့်ခနဲ ဝမ်းနည်းသွားတဲ့ခံစားမှုဝင်လာတတ်မြဲ။
သနားခြင်းကြီးစွာလည်းဖြစ်ရမြဲ။
အဲဒီအချိန်မတိုင်ခင်လေး ဘယ်လောက်ပဲ စိတ်တွေကြည်လင်ပျော်ရွှင်နေခဲ့ပါစေ the 3rd leaf ကို အကြည့်တွေရောက်သွားလိုက်တိုင်း တစ်ခါမှမခံစားဖူးတဲ့ နင့်နင့်နဲနဲခံစားချက်မျိုး အမြဲပဲဖြစ်တယ်။ ကြည့်လိုက်မိတိုင်း အကြိမ်တိုင်းဖြစ်တယ်။ လျော့သွားတယ်ဆိုတာမရှိ။ အမြဲတမ်းပြင်းတဲ့ ခံစားချက်မျိုး။
ဒါပေမဲ့ အမြဲတမ်းနင့်နင့်နဲနဲဖြစ်နေရင်တော့ အလုပ်မဖြစ်ဘူး ဖေဖေ။
သမီးက မိသားစုနဲ့အဝေးမှာ နေရတဲ့သူမဟုတ်လား။ စိတ်ပျော့ပြီး ဝမ်းနည်းအားငယ်နေမယ်ဆိုရင် သမီးရှေ့ဆက်ရမယ့်ဘဝအတွက် ခြေလှမ်းတွေလည်း ယိုင်နဲ့ကုန်မယ်။
စိတ်မကောင်းစရာတွေ သိပ်မကြိုက်လို့ ဘဝသရုပ်ဖော် ဝတ္ထုမျိုး သမီး မဖတ်ချင်ခဲ့ဘူး။ လွမ်းလွမ်းဆွေးဆွေးရုပ်ရှင်မျိုးတွေတောင် သမီး ဘယ်တော့မှမကြည့်ဘူး။ အဲဒီအစား ကာတွန်းကားတွေ၊ သိပ္ပံဆန်းကြယ်ကားတွေကြည့်တယ်။ ကမ္ဘာကြီးပေါ်က အဆက်မပြတ်လှုပ်ရှားနေတဲ့သတင်းတွေကို စောင့်ကြည့်တယ်။ ဝမ်းနည်းနေရမယ့်ခံစားချက်မျိုးကို မကြိုက်ခဲ့လို့ပါ။
ပြင်းထန်တဲ့ခံစားချက်တွေ တသသ မွေးမြူပြုစုပြီး ဖေဖေ့ကိုလွမ်းနေလို့မရဘူး။ ဖေဖေကလည်း ပျော်ပျော်နေတတ်ခဲ့တဲ့သူပဲမဟုတ်လား။ ဘယ်တော့မှ စိတ်ညစ်မခံဘူး။ လူတွေကို ယုံတယ်။ လူတွေကို ချစ်တတ်တယ်။
မိသားစုတွေဝမ်းနည်ကျန်နေမှာကိုလည်း ကြိုက်မယ်မထင်ဘူး။ သမီးလည်း လူတွေကို ယုံပေးပါတယ်။
လူတွေကို ချစ်ပါတယ်။
သမီး ပျော်အောင်နေပါတယ်။ လှိုက်လှိုက်လှဲလှဲပြုံးတယ်။ စိတ်ပါလက်ပါ ရယ်ပါတယ်။ ကျန်းမာဖို့လည်း ဂရုစိုက်တယ်။ စိတ်ကိုကြည်နေအောင်လည်း ကြိုးစားနေပါတယ်။ လူကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားပါတယ်။ အမြဲဖေဖေ့ကို လွမ်းမောတသပြီးမနေဖြစ်/ မနေနိုင်ပေမယ့် တတ်စွမ်းနိုင်သလောက် ကြိုးစားနေပါတယ်။ ဒါကိုပဲ ဖေဖေပိုသဘောကျမယ်မဟုတ်လား။
အခု ဖေဖေက ဆုံးပါးသွားပြီ၊ ဖေဖေ့ကိုမပြုစုလိုက်ရလို့ နောင်တတွေရပြီး ဝမ်းနည်းရမယ့်ခံစားချက်မျိုးလည်း မကြိုက်ပြန်ဘူး။
ဖေဖေ့အတွက် ဘာလုပ်ပေးနိုင်မလဲ အခုထိလည်း စဉ်းစားနေတုန်းပဲ။
အဲဒီလို စဉ်းစားနေရင်းနဲ့ပဲ ဖေဖေရှိနေဦးမယ်ဆိုရင် သမီးအတွက် စိတ်ညစ်ရမယ့် စိတ်မချမ်းမသာဖြစ်ရမယ့်ကိစ္စမျိုးဘယ်တော့မှ မဖြစ်စေရဘူး။ အဖေ့ရဲ့ သမီးဟာ ငွေကြေး၊ ဂုဏ် အဲဒါတွေအောင်မြင်နေတဲ့သူ မဖြစ်ရင်တောင် လူကောင်းတစ်ယောက်အဖြစ်တော့ အမြဲရှင်သန်နေထိုင်သွားပါမယ်လို့တော့ တိတ်တိတ်လေး ကတိပေးထားပါတယ်။
တိတ်တိတ်လေးပဲ သတိရပါတယ်။ သွားရေစာမုန့်လေးတွေစားတိုင်း ... ကော်ဖီသောက်ရင်း သကြားပိုထည့်မိသွားရင် တိတ်တိတ်လေး သတိရမိတယ်။
ဖရဲသီးသိပ်မချိုတဲ့အခါ သကြားထည့်စားမိရင် တိတ်တိတ်လေး လွမ်းသွားတယ်။
(ဖေဖေသ သကြား အချိုကြိုက်တတ်တဲ့သူမို့ သမီးတွေက စနောက်ပြီး ဖိုးသကြားလို့ ခေါ်ခဲ့ကြဖူးတယ်။)
မနက်စောစောထမှ ကြိုက်တတ်တဲ့သူ။ မနက်မိုးလင်းတာနဲ့ အိပ်ရာစောစောထ သနပ်ခါးလေးလူးထားမှသဘောကျသူ။ မျက်နှာပြောင်နဲ့နေရင် ဖေဖေကမကြိုက်ဘူး။
*********
ဘာလိုလိုနဲ့ ဖေဖေဆုံးခဲ့တာ (၈)လတောင် ဖြတ်သန်းသွားခဲ့ပြီးပြီ။
သတိရပါတယ်။
လွမ်းဆွတ်ပါတယ်။
Facebook သုံးရင်း တစ်ခါတစ်လေ ကိုယ့် wall ကိုကြည့်မိရင်း Photos ထဲဝင်ကြည့်မိရင်း ...
တိတ်တိတ်လေး ရင်ထဲ နင့်ခနဲ ...
ဖေဖေ တစ်နေ့ထက်တစ်နေ့၊ တစ်လထက် တစ်လ မြင့်မြတ်တဲ့ဘုံဘဝမှာ စံစားနိုင်ပါစေ။
No comments:
Post a Comment