Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 29, 2014

သံလွင်စိမ်းဝါ ကမ်းခြေပြာပြာ ကော်ဖူးကျွန်းလေးမှာ ( ၃ )

အပိုင်း (၃)
Grand Island Tour
Panagia Vlacherna Church
Grand Island Tour ကတော့ ကော်ဖူးကျွန်းတစ်ပတ် tour bus နဲ့ သွားကြတာပါ။ Grand Island Tour မှာတော့ သြစတြီးယားဘုရင်မ Sisi တည်ဆောက်ခဲ့တဲ့ Achilleion နန်းတော်၊ ကော်ဖူးကျွန်း အနောက်မြောက်ကမ်းခြေမြို့လေး Paleokastritsa ကမ်းခြေ၊ Virgin Mary ကို ရည်စူးတည်ဆောက်ထားခဲ့တဲ့ Byzantine ခေတ် Paleokastritsa Monastery နဲ့ ရှုမျှော်ခင်းလှလှ Mouse Island စတဲ့ ခရီးစဉ်တွေပါဝင်ကြတယ်။


ကျွန်မတို့တည်းတဲ့နေရာ အနီးဆုံးဘတ်စ်ကားမှတ်တိုင်မှာပဲ မနက် ၈ နာရီခွဲလောက်စောင့်ကြတယ်။ minibus  လေးနဲ့ လာကြိုတော့ ခရီးသွားတွေသိပ်လည်းမများကြဘူး။ ကားကလည်း ကျပ်ကျပ်တည်းတည်းလေးပဲ လို့ ထင်နေခဲ့တာပါ။ နောက်တော့မှ Corfu Town မှာရှိတဲ့ Corfu Palace Hotel ရှေ့မှာ စုရပ်အဖြစ်ဆုံကြဖို့ အဲဒီကို သွားကြတယ်။ Corfu Palace Hotel ရှေ့မှာ ခဏစောင့်ကြရတယ်။ ခဏနေ tour bus ခပ်ကြီးကြီးရောက်လာပြီး လမ်းညွှန်ဖြစ်ဟန်တူတဲ့ အနည်းငယ် ခပ်အိုင့်အိုင့် ဂရိအမျိုးသားကြီးက ကျွန်မတို့ minibus မှာ ပါလာတဲ့ ခရီးသည်တွေကို မိတ်ဆက်ပြီး ဒီနေ့ခရီးစဉ်မှာသွားကြမယ့် tour bus ဆီကို နေရာယူစေပါတယ်။ တခြား minibus လေးတွေလည်း ရောက်လာကြတယ်။ ခရီးစကြတော့ မနက် ၉ နာရီခွဲ ခန့်ရှိနေပါပြီ။ ဘတ်စ်ဟာ ကော်ဖူးလေယာဉ်ကွင်းနားက ဖြတ်သွားပါတယ်။ လေယာဉ်ကွင်းဘေး မီးပွိုင့်မှာ ကားရပ်ကြတော့ သတိပေးဆိုင်းဘုတ်လေးက အထူးအဆန်းလိုပါ။ Attention Danger ဆိုပြီး လေယာဉ်အတက်အဆင်းပုံပြထားတာကြောင့်ပါ။

ကော်ဖူးလေဆိပ်ဟာ Ionannis Kapodistrias နိုင်ငံတကာလေဆိပ်လို့ ခေါ်ပြီး ဥရောပနိုင်ငံတွေက schedule လေယာဉ်ရော စင်းလုံးငှားလေယာဉ်တွေပါ ဆင်းသက်နိုင်ပါတယ်။ နွေရာသီကာလ၊ ဧပြီနဲ့ အောက်တိုဘာကြားကာလတွေမှာ လေယာဉ်အတက်အဆင်းပြည့်ကျပ်လွန်းတဲ့အချိန်တွေပါ။ ဒုတိယကမ္ဘာစစ်အတွင်းက စတင်တည်ဆောက်ခဲ့ပြီး ဂျာမန်နဲ့ အီတလီတပ်တွေ အသုံးပြုခဲ့ကြတယ်။ နောက်ထပ် Kanoni တောင်ကုန်းပေါ်ကနေ ကော်ဖူးကျွန်းရဲ့ အလှပဆုံးမြင်ကွင်းတစ်ခု ပြချင်ပါတယ်လို့ လမ်းညွှန် အန်ဒရီးယာစ့် ကပြောပါတယ်။ အန်ဒရီးယာစ့်ပြောတဲ့အလှပဆုံးမြင်ကွင်းဆိုတာက ကော်ဖူးကျွန်းနဲ့ အတူ အမြဲယဉ်တွဲတွေ့ရလေ့ရှိတဲ့ Mouse Island နဲ့ Panagia Vlacherna ဘုရားကျောင်းလေးပါ။ Kanoni တောင်ကုန်းလေးကနေ မီတာ သုံးရာလောက် လျှောက်လမ်းအတိုင်း အောက်ကိုဆင်းသွားခဲ့ရင် ကျွန်းငယ်လေးသဖွယ် ဆောက်လုပ်ထားတဲ့ Panagia Vlachema အဖြူရောင်ဘုရားကျောင်းလေးဆီရောက်နိုင်တယ်။ ၁၇ ရာစုအတွင်းကတည်ဆောက်ခဲ့ပြီး အတွင်းမှာ သစ်သားပန်းပုလက်ရာ၊ လှပရှေးကျတဲ့ နံရံဆေးရေးပန်းချီတွေရှိနေတယ်။ ခေါင်မိုးမှာ အနီရောင်အမိုးကွက်တွေရှိပြီး အဝင်ဂိတ်မှာ မြင့်မားတဲ့ မျှော်စင်ခေါင်းလောင်းရှိပါတယ်။ ဘုရားကျောင်းလေးကနေ စိမ်းစိမ်းလန်းလန်း ကျွန်းငယ်လေးဖြစ်တဲ့ Mouse Island ဆီကို လှေနဲ့ ၅ မိနစ်ခန့်စီးလိုက်ရင် ရောက်နိုင်ပါပြီ။ ဒဏ္ဍာရီထဲက Mouse Island ရဲ့ သမိုင်းကြောင်းမှာတော့ Ithaca ဘုရင် အော်ဒက်ဆီယက်စ်ရဲ့ အိမ်အပြန်လမ်းမှာ လှေကို ပင်လယ်နတ်ဘုရား ပိုစိုင်ဒန် - Poseidon က ကျောက်တုံးအဖြစ်ပြောင်းလဲပစ်လိုက်တယ်။ ပိုစိုင်ဒန်အကာအကွယ်ပေးနေတဲ့ Troy နိုင်ငံကျဆုံးစေဖို့ ရန်သူ Phaeceans တွေကို အော်ဒက်ဆီယက်စ်က အကူအညီပေးခဲ့တာကြောင့် ပိုစိုင်ဒန်အမျက်ဒေါသထွက်သွားခဲ့တာပါ။ လှေကိုကျောက်တုံးအဖြစ်ပြောင်းလဲလိုက်တာဟာ အခု Mouse Island ဖြစ်ခဲ့ရတယ်လို့ ဆိုကြတယ်။ တချို့ကလည်း ကျွန်းလေးရဲ့ ပုံစံကြောင့်လို့လည်း ပြောကြပါတယ်။

Mouse Island ကနေထွက်ခဲ့ကြပြီး Achilleion နန်းတော်ရှိရာဆီ ခရီးဆက်ခဲ့ကြတယ်။ လမ်းညွှန် အန်ဒရီးယားစ့်ဟာ အင်မတန် အာဝဇ္ဇန်းရွှင်တဲ့သူပါ။ ကားမောင်းတဲ့သူကိုလည်း ပျင်းမနေအောင် စကားဝိုင်းထဲဆွဲခေါ်ပြီး ပြောပြတတ်သေးတယ်။ အလက်ဇန်းဒရာ ပါလို့ မိတ်ဆက်ပေးထားခဲ့ပါတယ်။ အလက်ဇန်းဒရာ ဟာ ကားမောင်းကျွမ်းကျင်လှပါတယ်။ ကော်ဖူးကျွန်းက လမ်းတွေဟာ တော်တော်လေးကျဉ်းမြောင်းပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ tour bus တွေ နွေရာသီမှာ ပြည့်ကျပ်နေပြီဆို မျက်နှာချင်းဆိုင်လာနေတဲ့ ကားနှစ်စီး ရှောင်ဖို့တောင် ခက်လှတယ်။  Achilleion နန်းတော်ဟာ ကော်ဖူးကျွန်းရဲ့ တောင်ပိုင်း ၁၀ ကီလိုမီတာခန့်အကွာမှာတည်ရှိပါတယ်။ နန်းတော်ပေါ်ကနေ မြင်ရတဲ့မြင်ကွင်းဟာ ကော်ဖူးကျွန်းမြောက်ပိုင်းထိ လှမ်းမျှော်ကြည့်နိုင်တယ်။ ကျွန်းရဲ့ တောင်ပိုင်းမြင်ကွင်းတွေအားလုံးကို စီးမိုးကြည့်ရှုနိုင်တဲ့ တောင်ကုန်းပေါ်မှာ တည်ရှိနေတာပါ။ နန်းတော်ကို အသွား အကွေ့အဝိုက်လမ်းတွေမှာ အလက်ဒန်းဒရာက ခပ်ကြမ်းကြမ်းကွေ့လိုက်ပြီဆိုရင် အန်ဒရီးယာစ့်က စနောက်ပါတော့တယ်။ "အလက်ဇန်းဒရာရေ ကိုယ်တို့ အာခီးလီယွန်နန်းတော်ကို သွားကြမှာနော်။ အခုရေကူးရမယ့်အချိန် မရောက်သေးဘူးဟေ့" တဲ့။ အန်ဒရီးယာစ့်စကားအဆုံးမှာ ကားတစ်စီးလုံး ရယ်သံတွေ ပြည့်လျှံသွားတော့တာပါပဲ။ ဘေးမှာ ကျောင်းတစ်ကျောင်းဖြတ်လာခဲ့တော့လည်း ကျောင်းသူကျောင်းသားတွေရဲ့ ကျောင်းပိတ်ရက်တွေ ဘယ်အချိန်စတယ်။ ဘယ်လောက်ကြာတယ် စသည် ရှင်းပြတတ်သေးတယ်။ "ကိုယ် ဘာကြောင့်များ ကျောင်းဆရာမလုပ်ခဲ့တာလည်းမသိ။ ကျောင်းဆရာမလုပ်ခဲ့မိတော့ ဒီလိုနွေရာသီအားလပ်ရက်မှာလည်း အလုပ်လုပ်ဖို့ ကိုယ်တော့ ကားတစ်စီးစီပေါ်မှာရောက်နေရတော့တာပဲ" လို့ အန်ဒရီးယာစ့် နောက်နောက်ပြောင်ပြောင်ပြောခဲ့သေးတယ်။

Achilleion နန်းတော်ဟာ သြစတြီးယန်းဘုရင်မ Sisi (Elisabeth of Bavaria) က သူမရဲ့ နွေရာသီစံနန်းတော်အဖြစ် တည်ဆောက်ခဲ့တာပါ။ အင်မတန်ချောမောလှပပြီး တန်ခိုးအာဏာကြီးလှတဲ့ Sisi ဟာ တစ်ဦးတည်းသောသား ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီးကတည်းက အင်မတန်စိတ်မပျော်မရွှင်ဖြစ်နေခဲ့တယ်။ နောက်တစ်နှစ် ၁၈၉၀ မှာ ဒီ Achilleion နန်းတော်ကို တည်ဆောက်ခဲ့တာပါ။ နန်းတော် ဒီဇိုင်းကိုတော့ ဒဏ္ဍာရီထဲက လူစွမ်းကောင်းကြီး အာခီးလိစ် ကို ရည်ညွှန်းပြီး ဖန်တီးခဲ့တယ်။ Sisi ဟာ ဂရိယဉ်ကျေးမှု၊ ဘာသာစကားတွေကို အင်မတန်လေးစားသဘောကျခဲ့သူပါ။  Achilleion နန်းတော်အဖြစ် မပြုပြင်ခင်မှာ ကော်ဖူးဒေသခံဒဿနပညာရှင်၊ သံတမန် Petros Vrailas Armenis ပိုင်ဆိုင်ခဲ့ပြီး Villa Vraila လို့ ခေါ်တွင်ခဲ့တယ်။ ၁၈၈၈ ခုနှစ်မှာမှ ဘုရင်မ Sisi လာရောက်လည်ပတ်ခဲ့ပြီး ဝယ်ယူဖို့စဉ်းစားခဲ့တယ်။ နန်းတော်အဖြစ်ပြောင်းလဲဖို့ ကြိုးစားခဲ့တာပါ။ ဗိသုကာပညာရှင်က အီတလီဗိသုကာပညာရှင် Raffaele Caritto ပါ။ ၂၀၀၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ ပန်းပုပညာရှင်က နာမည်ကျော် ဂျာမန်ပန်းပုဆရာ Ernst Herter ပါ။ Ernst က ဂရိဒဏ္ဍာရီထဲက ဇာတ်ကောင်တွေကို ပုံဖော်ထုလုပ်ခဲ့တယ်။ သူ့ရဲ့ Dying Achilles ပန်းပုရုပ်ဟာ ၁၈၈၄ တုန်းက ဘာလင်မှာ ထုလုပ်ခဲ့တာပါ။ Achileion နန်းတော်ပန်းခြံထဲမှာလည်း အဲဒီပုံစံအတိုင်းပဲ Dying Achilles ပုံတူ ထုလုပ်ထားခဲ့ပါတယ်။ နန်းတော်တစ်ဝိုက် ပန်းပုတွေဟာ အာခီးလိစ်ဒဏ္ဍာရီထဲကဇာတ်ကောင်တွေဖြစ်ပြီး ပင်မခန်းမ နဲ့ ခမ်းနားထည်ဝါလှတဲ့ ပန်းခြံတွေထဲမှာ Trojan war စစ်ပွဲအတွင်းက မြင်ကွင်းတွေကို ပုံဖော်ထားကြတယ်။ ပန်းခြံထဲကနေ အိုင်အိုနီးယန်းပင်လယ်ရေပြာပြာကို လှမ်းကြည့်လိုက်တဲ့အခါ တဖိတ်ဖိတ်တလက်လက်တောက်ပဝင်းလက်နေတာကို မြင်တွေ့ရမှာပါ။ Sisi ဟာ ၁၈၉၈ ခုနှစ် ဂျီနီဗာကို ခရီးသွားတုန်း လုပ်ကြံခံရပြီး သေဆုံးသွားခဲ့တယ်။ Sisi သေဆုံးသွားခဲ့ပြီးတော့ ဂျာမန် နောက်ဆုံးဧကရာဇ် Kaiser Whlhelm II က ဝယ်ယူခဲ့ပါတယ်။

ပထမကမ္ဘာစစ်ပွဲမှာ Achilleion နန်းတော်ကို ပြင်သစ်နဲ့ ဆားဘီးယန်းတပ်သားတွေရဲ့ စစ်ဆေးရုံအဖြစ်အသုံးပြုခဲ့ကြတယ်။ စစ်ကြီးပြီတော့ ဂရိနိုင်ငံတော်က ပိုင်ဆိုင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် ကြားကာလတွေမှာ Achilleion ဟာ အစိုးရဌာနတွေအဖြစ် အသုံးပြုခြင်းခံခဲ့ရတာပါ။ ၁၉၈၁ မှာရိုက်ကူးခဲ့တဲ့ ဂျိမ်းစ်ဘွန်းဒ် ရုပ်ရှင် For Your Eyes Only ရဲ့ ကာစီနိုဇာတ်ဝင်ခန်းတွေကို Achilleion မှာ ရိုက်ကူးခဲ့တယ်။ ပန်းခြံထဲက ပန်းပုရုပ်တွေရယ်၊ စစ်ပွဲအတွင်းက ပန်းချီကားတွေ။ အင်မတန်ကြည်လင်ပြတ်သားလှတဲ့ မှန်ချပ်ကြီးတွေနဲ့ ခမ်းနားဝင့်ထည်လှတဲ့ Achilleion နန်းတော်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လေ့လာကြည့်ဖို့ သင့်တော်လှတဲ့နေရာတစ်ခုပါ။

Achilleion နန်းတော်က ပြန်ထွက်ခဲ့ကြပြီး နောက်ထပ်ဦးတည်ကြတဲ့နေရာက Paleokastritsa ကမ်းခြေပါ။ Paleokastrisa ဟာ Corfu Town နိုင်ငံတကာလေဆိပ်ကနေ ၂၅ ကီလိုမီတာအကွာ အနောက်မြောက်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ ကမ်းခြေဝန်းကျင်ပတ်လည်မှာ စိမ်းလန်းစိုပြည်လှတဲ့ တောင်ကုန်းမြင့်မြင့်တွေရှိနေပြီး သံလွင်ပင်အုပ်အုပ်ဆိုင်းဆိုင်း၊ သံပုရာခြံတွေတမျှော်တခေါ်ရှိနေကြတယ်။ Paleokastritsa ဟာ ကော်ဖူးမှာတည်ရှိနေတဲ့ အလှဆုံးရွာလေးတွေထဲက တစ်ခုလို့ နာမည်ကြီးလှသလို ကမ္ဘာလှည့်ခရီးသည်တွေအတွက် အပမ်းဖြေစရာအစုံအလင်ရှိနေတာပါ။ fast food ဆိုင်လေးတွေကအစ စားသောက်ဆိုင်၊ ဈေးဝယ်စင်တာတွေ၊ ကော်ဖီဆိုင် resort နဲ့ spa တွေလည်းရှိနေပါတယ်။ စပိတ်ဘုတ်တွေစီးနိုင်သလို ရွက်လှေတွေလည်း ဆိုက်ကပ်ရာဆိပ်ကမ်းတစ်ခုပါ။ ကမ်းခြေဟာ နွေရာသီကာလမှာတောင် ရေကအနည်းငယ်အေးနိုင်ပါတယ်။ ရေးစီးအနည်းငယ်သန်တာကြောင့် လူကြီးပိုင်း ရေကူးချင်တဲ့သူတွေပိုပြီးအသွားအလာများကြတယ်။ အရိပ်အကာနည်းလှတဲ့ ကမ်းခြေတစ်ခုပါ။ ကမ်းခြေတစ်လျှောက် နေကာ ထီးငယ်လေးတွေလည်းမတွေ့ရဘဲ နေရောင်ပြင်းပြင်းမှာပဲ လူတွေအများကြီး ဆော့ကစားကြတယ်။ နေရောင်ပြင်းပြင်းလည်း သိပ်မမှုဘဲ ရေကူးကြသူတွေလည်း အများအပြားပါ။ ဂရိအစားအစာ ဂီးရော့စ်ရနိုင်တဲ့ fast food ဆိုင်လေးတွေလည်း တွေ့ခဲ့ရပါတယ်။ ကျွန်မတို့တော့ ဂရိအစားအစာ ဂီးရောစ့်(Gyros)၊ ဂရိဆလတ် နဲ့ အချိုရည်လောက် စားလိုက်တာနဲ့ပဲ ဗိုက်ထဲမှာပြည့်သွားတော့တာပါပဲ။ ဂီးရောစ့်က ခရီးသွားတွေအကြား လူသိများလှတဲ့အစားအစာပါ။ နံပြားထူထူပျော့ပျော့ကို ကန်တော့ပုံစံလုပ်ပြီး အာလူး၊ ကြက်သွန်နီ၊ ဆောစ့်၊ ဆလတ်နဲ့ အသားကင်ထပ်ပြီးစားကြတဲ့ အသားညှပ်မုန့်တစ်မျိုးပါ။ ဂရိဆလတ်ကတော့ မပါမဖြစ် သံလွင်သီးတွေခပ်များများပါတယ်။ ခံတွင်းမြိန်စေတဲ့ ဆလတ်မို့ အကြိုက်တွေ့ခဲ့ရတဲ့ ဂရိဆလတ်ပါပဲ။ ကော်ဖူးကျွန်းမှာ သံလွင်ပင်ပေါင်း သုံးသန်းခန့်ရှိကြတယ်လို့ အန်ဒရီးယာစ့်ကပြောပြပါတယ်။

Paleokastritsa က ပြန်လာကြတဲ့အခါ ကမ်းခြေအနီးက တောင်ကုန်းမြင့်မြင့်ဆီကို tour bus ခရီးဆက်ပါတယ်။ Paleokastritsa Monastery ဆီ သွားကြဖို့ပါ။ စိမ်းလန်းလှတဲ့တောင်ကုန်းပေါ်ကနေ Paleokastritsa ကမ်းခြေကို ပြန်ငဲ့ကြည့်ရတာ အင်မတန်လှလွန်းတဲ့ မြင်ကွင်းပါပဲ။ ပင်လယ်နဲ့ ကျွန်း၊ ကမ်းခြေပြာပြာနဲ့ သံလွင်တောအုပ်တွေ မြင်ရသမျှမြင်ကွင်းတွေမှာ စိမ်းစိမ်းပြာပြာ လက်ဖြာနေတဲ့ရှုမျှော်ခင်းတွေမဆုံးနိုင်အောင်ပဲ သိပ်လှပါတယ်။ အဲဒီ Byzantine Monastery လေးဟာ ၁၂၂၈ ခုနှစ်မှာ တည်ဆောက်ခဲ့တယ်လို့ ယုံကြည်ကြပြီး Virgin Mary(Panagia) ကို ရည်စူးတည်ဆောက်ခဲ့တာကြောင့် Virgin Mary Monastery လို့လည်းခေါ်ကြတယ်။ ၁၈ ရာစုမှာ ပြုပြင်တည်ဆောက်မှုတွေ ပြုလုပ်ခဲ့ကြပြီး အခုအချိန်မှာ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ၈ ပါး ရှိကြတယ်။ ပန်းရောင်စုံတွေ ဘုရားကျောင်းဝန်းကျင်းရှိရှိသမျှမြေနေရာလေး အပြည့်အလျှံစိုက်ပျိုးထားတာကြောင့် ရုက္ခဗေဒဥယျာဉ်သဖွယ် လှပစိမ်းစိုနေပါတယ်။ အထပ်နှစ်ထပ်ရှိပြီး အောက်လွှာမှာ ပန်းခြံရယ် ကျောက်သား လိုဏ်လေးသဖွယ်ရှိနေတယ်။ ခုံတန်းလေးတွေအစီအရီရှိနေကြပြီး သံလွင်ဆီ၊ သံလွင်သီးရောင်းချတဲ့ဆိုင်လေးရယ်။ koum-quat သီးအရက်ချက်တဲ့စည်တွေလည်းတွေ့ခဲ့ရပါတယ်။ အပေါ်ထပ်မှာ ဘုရားကျောင်းခန်းမ နဲ့ ပြတိုက်ငယ်လေးရှိကြတယ်။ ပြတိုက်လေးမှာ ကြီးမားလှတဲ့ ကမာခွံတွေ ဝေလငါးအရိုးတွေနဲ့ ရွှေသားသမ္မာကျမ်းစာအုပ်တွေလည်း ပြသထားပါတယ်။

Virgin Mary Monastery က အပြန်မှာတော့ ကော်ဖူးကျွန်းကို စီးမိုးမျှော်ကြည့်နိုင်မယ့် Bella Vista viewpoint ကို ခရီးဆက်ကြပြန်ပါတယ်။ ခပ်မြင့်မြင့်တောင်ကုန်းထိပ်မှာ တည်ဆောက်ထားတဲ့ စားသောက်ဆိုင်လေးပါပဲ။ မြင့်မားတာကြောင့် ဓာတ်လှေကားနဲ့လည်းတက်နိုင်ပါတယ်။ လှေကားကနေ တက်မယ်ဆိုလည်းဖြစ်တာပါပဲ။ Bella Vista မှာတော့ ခရီးသွားတွေ ကော်ဖီ၊ အအေးသောက်ကြရင်း ကျယ်ပြောလှတဲ့ ပြာလဲ့လဲ့ပင်လယ်၊ သံလွင်တောအုပ်နဲ့ ဆိုက်ပရပ်စ်ပင်တွေ ရောယှက်နေကြတဲ့ အစိမ်းရောင်ကုန်းမြေတွေကို ဓာတ်ပုံ ရိုက်ယူကြပါတယ်။ Bella Vista က အပြန်ခရီးမှာတော့ Lakones ရွာလေးရဲ့ လမ်းတွေထဲကနေ ကျွန်မတို့ရဲ့ tour bus ဖြတ်ခဲ့ကြတယ်။

Lakones ရွာလေးဟာ Paleokastritsa ကနေ ၄ ကီလိုမီတာအရွာမှာရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၂ မီတာရှိပါတယ်။ အဲဒီရွာလေးကို ဖြတ်သန်းရတဲ့ခရီးစဉ်ကို အန်ဒရီးယာစ့် ရွေးချယ်လိုက်တာကတော့ ရွာလေးရဲ့ ထူးခြားချက်တွေကြောင့်ပါ။ Lakones ရွာရဲ့ အိမ်တွေဟာ ၁၈၊ ၁၉ ရာစု ဂရိရိုးရာ ကျောက်တုံးအိမ်ပုံစံမျိုးတွေ အင်မတန်ရှေးကျလှတယ်။ မတ်စောက်ပြီး အင်မတန်ကျဉ်းမြောင်းလှတဲ့ လမ်းတွေကပဲ Lakones ရွာလေးရဲ့ ထူးခြားချက်တွေဖြစ်နေတာပါ။ တချို့လမ်းလေးတွေဟာကျဉ်းမြောင်းလိုက်တာများ tour bus တစ်ခုသွားနေပြီဆို တခြားကားတစ်စီး ရှောင်တိမ်းနိုင်ဖို့ မဆိုထားနဲ့ လူတစ်ယောက်လမ်းလျှောက်စရာတစ်နေရာစာတောင် မကျန်နိုင်ပါဘူး။ ကားတွေသွားနေမယ်ဆို အိမ်တံခါးတွေဖွင့်ထားနိုင်မှာမဟုတ်ပါဘူး။ ဂရိရိုးရာအိမ်လေးတွေ ထုံးစံအတိုင်း အိမ်လေးတွေမှာ လှေကားမြင့်မြင့်ကျဉ်းကျဉ်းလေးတွေရှိနေကြတယ်။ အိမ်သားတစ်ဦးဦးများ လှေကားကျဉ်းကျဉ်းလေးက ဆင်းလာမယ် အဲဒီအချိန်မှာပဲ ကျပ်တည်းကျဉ်းမြောင်းလှတဲ့ လမ်းထဲ tour bus ကလည်း ဝင်လာမယ် ဆိုရယ် ဘယ်လိုများ လမ်းလျှောက်မလဲ နောက်ကြောင်းပြန်လှည့်ပြီး လှေကားပေါ်ပြန်တက်မလား ကားကပဲပြန်ဆုတ်မလား စဉ်းစားရင်းတွေးပူမိသေးတယ်။ ကားမောင်းတဲ့ အလက်ဇန်းဒရာကတော့ အင်မတန်ကျွမ်းကျင်လှသူပါ။ Lakonoes ရွာလေးက အထွက်နား လမ်းကွေ့တစ်ခုမှာ မျက်နှာချင်းဆိုင်ကလည်း ကျွန်မတို့လို tour bus ကားအကြီးတစ်စီးလာနေခဲ့တယ်။ အဲဒီကားမောင်းတဲ့သူဟာ တွန့်ဆုတ်ဆုတ်ဖြစ်နေပါတော့တယ်။ သူ့ရဲ့ ကားက အကွေ့နေရာမှာ ကန့်လန့်ခံထားသလိုဖြစ်ပြီး ရှေ့လည်းဆက်မရ နောက်လည်းပြန်ဆုတ်လို့ မဝံ့မရဲဖြစ်နေတာ အတော်ကြာလာတော့ အလက်ဇန်းဒရာဟာ ခပ်သွက်သွက် ကားပေါ်က ဆင်းသွားပြီး တစ်ဘက်က ကားသမားကို အကူအညီပေးပါတော့တယ်။ သူကိုယ်တိုင်တော့ တက်မမောင်းပေမယ့် ဘေးကနေကြည့်ပေးပြီး ဟိုဘက်ဒီဘက်ကားကို ဘယ်လိုတိမ်းပြီးမောင်းရမယ်ပြောပြပေးတာပါ။ ကော်ဖူးကျွန်းက လမ်းတွေပေါ်မှာ ကားတွေမောင်းတာ သိပ်ကိုမြန်တာပဲလို့ ထင်မိတယ်။ လမ်းတွေဟာ ကျဉ်းမြောင်းလှပေမယ့် ရှောင်တိမ်းမောင်းနှင်ကြပုံတွေက သူတို့အချင်းချင်းတော့ အားလုံးအဆင်ပြေပြေပုံစံပါပဲ။ Lakones ရွာလေးက အထွက် အန်းဒရီးယာစ့်က ပြောပါတယ်။ ရှေ့လာမယ့်ကားမှတ်တိုင်တစ်ခုမှာ နောက်ထပ် tour bus တစ်ခုစောင့်နေကြမယ်။ သူ နောက်ထပ် ခရီးတစ်ခုဆက် လမ်းညွှန်ရဦးမယ်လို့ ဆိုတယ်။ အန်ဒရီးယာစ့်က အသက်အရွယ်မငယ်တော့ပေမယ့် သွက်လက်လှပြီး ဗဟုသုတအင်မတန်ပြည့်စုံလှသူပါ။ စေတနာအင်မတန်ကောင်းသူလည်းဖြစ်တာကြောင့် သူ မသွားခင် ကော်ဖူးကျွန်းလေးရဲ့ သမိုင်းရာဇဝင်တွေကအစ လက်ရှိ ဂရိ mainland ရဲ့ နိုင်ငံရေးအခြေအနေ၊ စီးပွားရေး လူမှုရေး ဗဟုသုတတွေ အချိန်ရနိုင်သလောက်ကို မနားတမ်းပြောသွားခဲ့တာပါ။ ခရီးသွားတွေက လက်ခုပ်တီးပြီး အန်ဒီရီးယာစ့်ကို ချီးမြှောက်နှုတ်ဆက်ကြတော့ သူက မနေတတ်စွာပဲ "ကျွန်တော့်အတွက် လက်ခုပ်သံလို့ မယူဆပါဘူး။ ဒီခရီးအတွက် အလက်ဇန်းဒရာကို ချီးမြှောက်ပေးပါ။ သူရဲ့ကျွမ်းကျင်မှုကြောင့် ကျွန်တော်တို့ ဘေးအန္တရာယ်ကင်းကင်းနဲ့ ခရီးတွေအတူတကွရှေ့ဆက်နိုင်ခဲ့ကြတာပါ။ အလက်ဇန်းဒရာ ကို ကျေးဇူးတင်ပါတယ်" လို့ ပြောပြီး လက်ခုပ်တီး ချီးမွမ်းပါတယ်။ ပြီးတော့ အားလုံးကို လက်ပြနှုတ်ဆက်ပြီး Lakones ရွာလေးနားမှာ ကျန်ရစ်ခဲ့ပါတယ်။ အန်းဒရီးယာစ့်ရဲ့ လက်ခုပ်သံကြားလိုက်တော့မှ တစ်နေ့လယ်လုံးပဲ နန်းတော်တွေ၊ ဘုရားကျောင်းတွေ ရှုမျှော်ခင်းတွေ ပန်းရောင်စုံတွေရဲ့ ခမ်းနားလှပမှုတွေကို ငေးမျှော်ချီးမွမ်းနေခဲ့မိတဲ့ ကျွန်မလည်း အလက်ဇန်းဒရာရဲ့ ပံ့ပိုးစောင့်ရှောက်မှုကို ချီးမွမ်းသွားခဲ့မိပါတယ်။ ပါးမြိုင်းမွှေးထူထူ မျက်ခုံးထင်းထင်း အသားအရည်ကြည်ကြည်သန့်သန့်၊ ရှပ်အကျီလက်တိုကို ခေါက်ပြီး လက်မောင်းကြွက်သားအလှပြရင်း ကားကျွမ်းကျွမ်းကျင်ကျင်မောင်းနှင်နေတဲ့ ဂရိအမျိုးသား အလက်ဇန်းဒရာကတော့ ပြုံးမြမြမျက်နှာပေးနဲ့ ခရီးဆက်ဖို့သာ စိတ်စောနေခဲ့ပုံပါပဲ။

ကျွန်မတို့ သွားဖြစ်ခဲ့တဲ့ ကော်ဖူးကျွန်းခရီးက ၁၀ ရက်ဆိုတော့ ကျန်တဲ့ ရက်တွေကိုတော့ ခရီးစဉ်မှာ အပါအဝင်ဖြစ်တဲ့ ဟိုတယ်က ၁၀ရက်စာပေးထားတဲ့ Scooter လေးနဲ့ ကမ်းခြေတွေဆီ မြေပုံကြည့်ပြီး သွားခဲ့ကြတာပါ။ ကျွန်းရဲ့ တခြားဘက်ခြမ်း ဂရိ mainland နဲ့ ဆန့်ကျင်ဘက်၊ မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့ ကမ်းခြေ Issos ၊ Agios Georgios ကမ်းခြေတွေကိုတော့ Scooter နဲ့ သွားဖြစ်ကြတယ်။ Corfu Town တစ်ဝိုက် လမ်းညွှန်မြေပုံကြည့်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် လျှောက်ကြည့်ရတာလည်း တစ်မျိုးပျော်ရွှင်စရာပါပဲ။ Corfu Town မှာ လည်ပတ်ကြည့်ရှုနိုင်မယ့် နေရာတွေက မြို့လယ်မှာရှိနေတဲ့ Byzantine ခေတ်အတွင်း တည်ဆောက်ခဲ့တဲ့ ခံတပ်ဟောင်းရှိပါတယ်။ ၁၇ရာစုလောက်မှာ ဗင်းနစ်တီယန်တွေ ကော်ဖူးကျွန်းကို သိမ်းပိုက်ခဲ့ကြတဲ့အခါ ခံတပ်ဟောင်းကိုပြင်ဆင်မှုတွေရှိခဲ့တယ်။ ဗင်နစ်တီယန်တွေရဲ့ အထိမ်းအမှတ် အတောင်ပံပါ ခြင်္သေပုံသဏ္ဍန်ကို ခံတပ်အဝင်အုတ်မြို့ရိုးတွေမှာ မြင်တွေ့နိုင်ပါတယ်။ ကော်ဖူးမြို့ရဲ့ အရေးကြီးတဲ့နေရာတွေကို ချိတ်ဆက်သွားလာနိုင်အောင် မြေအောက်ဥမင်လိုဏ်တွေတူးခဲ့ကြတယ်။ ခံတပ်အသစ်ကိုလည်း ဗင်နစ်တီယန်တွေကို ကာကွယ်ဖို့ တည်ဆောက်ခဲ့ကြတယ်။ ကော်ဖူးမြို့ရဲ့ အနောက်မြောက်မှာတည်ရှိပါတယ်။ ၁၅၇၆-၁၅၈၈ မှာတည်ဆောက်ခဲ့တာပါ။ ခံတပ်အသစ်မှာ ပင်လယ်ဘက်ဆီ ထွက်ပေါက်ရှိပြီး ဂိတ်ဝလေးခုရှိပါတယ်။

နောက်ထပ်ခရီးသွားတွေ အသွားများတာက ၁ ကီလိုမီတာလောက်ပဲရှိတဲ့ Vido အိုင်အိုနီယန်ကျွန်းလေးပါ။ ပထမကမ္ဘာစစ်တုန်းက ၁၉၁၆ ဒီဇင်ဘာလမှာ ဖျားနာနေတဲ့ဆားဘီးယန်းစစ်သား ၁၃၀ ၀၀၀ ကို အဲဒီကျွန်းလေးပေါ်ကို ပို့ပြီးခွဲခြားထားခဲ့တယ်။ စစ်သားတွေဟာ သေဆုံးလုနီးပါးဖျားနာနေကြတယ်၊ အစားအစာလည်းပြတ်လပ်နေကြပြီး ဆေးဝါးကုသမှုမရရှိခဲ့တာကြောင့် အများစုဟာ သေဆုံးခဲ့ကြရပါတယ်။ ကျွန်းလေးဟာကျဉ်းမြောင်းပြီး ကျောက်သားမြေဆီလွှာပဲရှိနေတော့ ပြင်းထန်တဲ့အအေးဒဏ်လည်းခံစားခဲ့ကြရတယ်။ ဒီနေ့မှာ ကျွန်းပေါ်မှာ Memorable Church ရှိနေပါတယ်။ ဆားဘီးယန်းစစ်သားတွေရဲ့ အောက်မေ့ဖွယ်ဂူဗိမာန်လည်းတည်ဆောက်ထားပါတယ်။

ကော်ဖူးကျွန်းလေးမှာ လည်စရာရှိနေသေးတာက Corfu Aqualand ပါ။ ၁၉၉၅ မှာ တည်ဆောက်ခဲ့ပါတယ်။ Corfu Aqualand ရဲ့ ဒီဇိုင်းဟာ Universal Studios နဲ့ Disney ပန်းခြံတွေရဲ့ ပရောဂျက်တွေမှာ ဒီဇိုင်းပြုလုပ်ပေးခဲ့တဲု့ကုမ္ပဏီတွေရဲ့ ဒီဇိုင်းလို့ဆိုတယ်။ နှစ်စဉ် ဂိမ်းအသစ်တွေ တိုးချဲ့ဖွင့်လှစ်လေ့ရှိတယ်။ အကျယ်အဝန်းက ၇၅၀၀၀ စတုရန်းမီတာကျယ်ဝန်းပါတယ်။ ကျွန်မတော့ Aqualand မရောက်ဖြစ်ခဲ့ပါဘူး။ ၁၀ ရက်တာ ကော်ဖူးကျွန်းလေးမှာ အချိန်တွေကုန်ဆုံးစေခဲ့ပြီး အပြန် ကားပေါ်ရောက်ကြတော့မှပဲ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့က ခရီးထွက်ခဲ့ကြတဲ့သူတွေနဲ့ ပြန်ဆုံကြပါတော့တယ်။ အလာတုန်းကတော့ ဖွေးဖွေးဖြူနေကြတဲ့သူတိုရဲ့ အသားအရောင်တွေဟာ အပြန်ခရီးမှာတော့ suntanned အရောင်ပြောင်းလို့နေကြပါပြီ။ ဒီလိုအရောင်ရဖို့ကိုပဲ ပင်လယ်ကမ်းခြေရှိရာအရောက်သွားပြီး ရေကူး နေပူစာလှုံခဲ့ကြတာမဟုတ်လား။ သံလွင်စိမ်းဝါ ကမ်းခြေပြာပြာ ကော်ဖူးကျွန်းလေးက အပြန်ခရီးမှာ ကျွန်မတို့ အားလုံးရဲ့ အသားအရေဟာ နီနီဝါဝါရောင်သန်းလို့၊ အားလုံးကတော့ နှစ်နှစ်ခြိုက်ခြိုက်ပျော်ရွှင်ခဲ့ကြပုံပါပဲ။ ကားပေါ်မှာ ဖျော်ဖြေရေးအစီအစဉ်ပါသေးတယ် လို့ လမ်းညွှန်အမျိုးသားကပြောရင်း မိန်းကလေးငယ်သုံးဦးကို ဘတ်စ်ကားရှေ့ပိုင်းဆီကို ဖိတ်ခေါ်ပါတယ်။ မိုက်ကရိုဖုန်းကိုပေးလိုက်တော့ ဆားဘီးယန်းမိန်းမငယ်လေးတွေ သီချင်းစတင်သီဆိုတော့တယ်။ ဂရိမြေပေါ်ကအပြန် …. လမ်းမတွေပေါ် … မောင်းနှင်နေခဲ့တဲ့ tour bus တစ်စီးပေါ်မှာ ဆားဘီးယန်းသီချင်းသံ လွင့်ပျံလို့ လက်ခုပ်သံတွေညံညံစီစီ အားလုံးပဲ အပမ်းဖြေခရီးတစ်ခုနဲ့အတူ ဟန်ချက်ညီနေခဲ့ကြတယ်။ ။ 


Mouse Island နဲ့ Panagia Vlacherna Church


Achilleion Palace




ဧည့်လမ်းညွှန် အန်းဒရီးယာစ့်




































Virgin Mary Monastery 













Paleokastritsa Beach

















































ဖြိုးဖြိုး

No comments: