စုမီအောင်
(Faces, ၂ဝဝ၂ စက်တင်ဘာ)
(Faces, ၂ဝဝ၂ စက်တင်ဘာ)
မေမေ့ဗိုက်ထဲမှာ နောက်ထပ် ကလေးလေးတစ်ယောက် ခိုတွယ်နေပြီလို့ သိလိုက်ရတာနဲ့ ကျွန်မ ရင်ထဲမှာ လှိုက်ခနဲဖိုပြီး ပျော်ရွှင်သွားတယ်။ ကျွန်မမှာ အစ်မ နှစ်ယောက်၊ အစ်ကို တစ်ယောက်နဲ့ မောင်လေး နှစ်ယောက်ရှိပြီး ညီမလေးမရှိသေး လို့ပါ။ မေမေ့ဗိုက်ထဲက ကလေးလေးဟာ ညီမလေးသာဖြစ်ခဲ့ရင် မိသားစုဝင် လူသားလေး တစ်ယောက်ကို ကျွန်မတို့အားလုံး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမှာဖြစ် ပေမဲ့ မျောက်ရှုံးအောင် ဆော့တဲ့ မောင်လေးနှစ်ယောက်ကို ထိန်းကျောင်းရတာ စိတ်ညစ် နေပြီဖြစ်တဲ့ ကျွန်မအတွက် ထူးထူးကဲကဲကြီး တော့ ပျော်ရွှင်မိမှာ မဟုတ်တော့ဘူးပေါ့။
မေမေ့အနားမှာထိုင် မေမေ့ဗိုက်ကိုလက်နဲ့ကိုင်ပြီး ''ကျွန်မအတွက် ညီမလေးပဲ မွေးပါနော်'' လို့ တတွတ်တွတ်မှာနေတတ်တဲ့ ကျွန်မကို မေမေက နားလည်စွာကြည့်တယ်။ ''ကောင်းပါပြီသမီးရယ်''တဲ့။ အနားမှာရှိတဲ့ တစ်ယောက် ယောက်ကိုလည်း ''သူ့မှာ ညီမ မရှိသေးလို့တဲ့လေ၊ ဒါပဲ တဖွဖွ ပူဆာနေတာ''လို့ ရှင်းပြတတ်တယ်။ဒီတခါ မေမေ့ဗိုက်ထဲက ကလေးငယ်လေး အသားတွေ မဝါစေရအောင် ဂရုစိုက်ဖို့ မေမေ့ကို သတိပေးရဦးမယ်။ ဟိုတစ်ခါက မေမေမွေးတာ ညီမလေးပေမယ့် တစ်ပတ် အကြာမှာပဲ အသားတွေဝါထိန်ပြီး ဆုံးသွားဖူးတာ ကျွန်မ အဲ့ဒါကို အရမ်းကြောက်နေပြီ။ အသားဝါတဲ့ရောဂါ မဖြစ်ရအောင် ဘာတွေလုပ်ရသလဲလို့ မေမေ့ကို မေးတော့ မေမေက ရေများများသောက်ရတယ်လို့ ပြောပါတယ်။ အဲ့ဒါကြောင့် ကျွန်မ သတိရတိုင်း မေမေ့ကို ရေတွေပဲ ခပ်တိုက် နေမိတယ်။
ညစဉ်ညတိုင်း ''ညီမလေးပဲ မွေးပါစေ'' လို့ ကျွန်မအမြဲဆုတောင်းပြီးမှ အိပ်ရာဝင်ပါတယ်။ မမြင်ရသေးတဲ့ ညီမလေးကို ပုံဖော်ကြည့်နေမိတာနဲ့ပဲ ကျွန်မလေ အိပ်ရေးများတောင် ပျက်မိပါရဲ့။ သူဟာ ဖေဖေနဲ့တူမလား၊ မေမေနဲ့တူမလား။ ဘယ်သူနဲ့ များတူလေမလဲ စဉ်းစားမိပေမယ့် ကျွန်မနဲ့တော့ မတူစေချင်ပါဘူး။ ကျွန်မတို့မောင်နှမတွေ အားလုံးထဲမှာ (ကျွန်မအထင်) ရုပ်အဆိုးဆုံးက ကျွန်မမို့လို့ပေါ့။ ညီမလေးကိုတော့ ကျွန်မထက်၊ အို မဟုတ်ဘူး၊ အားလုံးထက် အပြတ်အသတ် ပိုပြီးလှစေချင်တယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့။ တကယ်သာ ညီမလေးဖြစ်ခဲ့မယ်ဆိုရင် ကျွန်မကတော့ သူရုပ်ဆိုးနေလည်းပဲ တုန်ခိုက်နေအောင် ချစ်မိမှာ သေချာပါတယ်။
ကျွန်မ မှတ်မိသေးတယ်။ အဲ့ဒီညက မေမေ ဗိုက်နာလို့ ဆေးရုံ သွားကြရတယ်။ ဖေဖေရယ်၊ အစ်မကြီးရယ်ပါ သွားလိုက်ကြတော့ ကျွန်မလေ အရမ်းလိုက်သွားချင်တာပဲ မပြောပါနဲ့တော့။ မေမေက မလိုက်ရဘူးတဲ့၊ သိပ်မကြာ ဘူး၊ မွေးပြီးတာနဲ့ အိမ်ပဲပြန်လာမှာ၊ အိမ်ကပဲစောင့်ရမယ်တဲ့။ ဂနာမငြိမ်တဲ့ စိတ်တွေနဲ့ ကျွန်မ အိမ်မှာကျန်ခဲ့ပါတယ်။ ကျန်တဲ့မောင်နှမတွေ တခေါခေါနဲ့ အိပ်မော ကျနေကြပေမဲ့ ကျွန်မကတော့ အိပ်လည်း မရ၊ ထိုင်လည်းမရ၊ ထလည်းမရနဲ့ တယ်လီဖုန်းအနားမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ်။ ညီမလေးဆိုတာနဲ့ ကျွန်မဆိအရင်ဆုံး ဖုန်းဆက်ဖို့ အစ်မကြီးကို အသေအချာမှာလိုက်တာကိုး။ အစ်မကြီး မေ့တော့မမေ့လောက်ပါဘူးလို့ ကျွန်မတွေးနေမိတယ်။
ဖုန်းသံကြားတာနဲ့ ကျွန်မသိလိုက်ပြီ။ ကျွန်မဆုတောင်းပြည့်ခဲ့ပြီပေါ့။ ''ဘယ် သူလဲဟင်'' လို့ လွှတ်ခနဲ မေးမိပြီးမှ ''အို... ဒါက အရေးမကြီးသေးဘူး... ကလေးဟာ ငိုမှ ကျန်းမာတာတဲ့... ငိုဖို့လိုတယ်နော်၊ ငိုမှဖြစ်မှာ သူ... သူ ကောင်းကောင်းမှ ငိုရဲ့လားဟင်'' လို့ တုန်တုန် လှုပ်လှုပ်နဲ့မေးတော့ အစ်မကြီးက ဖုန်းထဲကနေပြီး...
''ငိုသလားမပြောပါနဲ့အေ...ငိုလိုက်တာမှ အာခေါင်ကလေးကို ပြဲနေတာပဲ၊ ဒီအချိန် ငယ်လွန်းတော့ ဘယ်သူနဲ့တူတယ် ဘယ်သိဦးမှာလဲဟဲ့၊ သေချာတာကတော့ အင်မတန်အာပြဲတဲ့ ဘေဘီကလေးပဲ။ သူ့ငိုပုံကြည့်ရတာ ပါးစပ်ပေါက်က သူ့မျက်နှာရဲ့ ထက်ဝက်မက မြင့်တက်သွားလိုက်တာဟယ်... နင့်တော့ နားငြီးဖို့သာပြင်ထား''တဲ့။ အို ဘယ်လောက်ပဲ ငြီးငြီး၊ ငြီးစမ်းပါစေ၊ အဲဒါ ...ကျွန်မရဲ့ ညီမလေး၊ အချစ်ဆုံး ညီမလေး... လို့ အော်ပစ်လိုက်ပြီး၊ ကျွန်မ ခုန်ပေါက်လိုက်တယ်။ အဲ့ဒီနောက်မှ အိပ်ဖို့ကို သတိရပြီး စိတ်ချလက်ချ ကျွန်မ အိပ်ရပါတော့တယ်။
xxxxxx
မေမေ့ရင်ခွင်ထဲက ခြေကားရား လက်ကားရားနဲ့ လှုပ်လှုပ်ရွရွလုပ်နေတဲ့ ညီမလေးကိုကြည့်ပြီး၊ ကျွန်မလေ အသည်းတယားယားရှိလိုက်တာ၊ အရမ်းလည်း ချီပွေ့ချင်တာပဲ။ မေမေက ပေးမချီဘူး။ ညီမလေးက နဖူးကလည်း အကျယ်ကြီးပဲ၊ ငိုမနေရင်တော့ သူ့ပါးစပ်ပေါက်က မကျယ်လှပါဘူး။ မေမေပြောတာတော့ နှာခေါင်း ပြားတယ်တဲ့။ ကျွန်မကတော့ မကြည့်တတ်ပါဘူး။ ကျွန်မမျက်စိထဲမှာတော့ ညီမလေးက အလှစားကလေးပဲ။ အစ်မကြီးက နှာတံပေါ်အောင် ဟောဒီလို ဆွဲပေးရတယ်ဆိုပြီး ညီမလေးရဲ့ နှာခေါင်းသေးသေးကလေးကို လက်နဲ့ညှပ်ပြီး ဖိဆွဲတဲ့အခါ ညီမလေး အသက်ရှုကျပ်သွားမှာ စိုးရိမ်ပြီး အစ်မကြီးကို ...''အို... ဒီလိုမလုပ်နဲ့'' ဆိုပြီး အတင်းတွန်း ပစ်လိုက်တာပေါ့။ ကျွန်မကိုကြည့်ပြီး အားလုံးက ဝိုင်းရယ်ကြတယ်။ သူတစ်ယောက် တည်းနဲ့ဆိုင်တဲ့ ညီမကျနေတာပဲ ကဲလိုက်တာ၊ ပိုလိုက်တာတဲ့။ ''မကဲပို''လို့ ဝိုင်းခေါ်ကြတာကို မုန်းသလိုရှိပေမဲ့ ညီမလေးကြောင့် ရတဲ့နာမည်မို့ ကျွန်မပျော်ပါတယ်။
ကျွန်မတို့ မောင်နှမတွေ (၂)နှစ်ကြီး၊ (၂)နှစ်ငယ်ဖြစ်ပေမယ့် ညီမလေး အထက်မှာ တစ်ယောက်က ဆုံးသွားသေးတော့ ကျွန်မနဲ့ ညီမလေးက (၇)နှစ်ကျော် ကွာဟသွားပါတယ်။ အထက်အောက်မဟုတ်ဘဲ အရွယ်က နည်းနည်း ကွာ နေတော့ ကျွန်မအမြင်မှာ ညီမလေးက သိပ်သေးငယ်လွန်းနေပြီး၊ အရုပ်လေး တစ်ရုပ်လိုလည်း ချစ်စရာကောင်းနေတယ်။ ကျွန်မအတွက်တော့ အသက်ရှိတဲ့ အရုပ်ပဲပေါ့။ အသက်ရှိနေ ပေမယ့် ညီမလေးက စကားမပြောတတ်သေးလေတော့ ကျွန်မစိတ်ထဲမှာ အရုပ်ကလေးလို့ပဲ ထင်နေပြန်ပါတယ်။ ညီမလေးနဲ့ စကားတွေ အပြန်အလှန်ပြောချင်လှပါပြီ။ ''ညီမလေးရေ မြန်မြန်ကြီးလာပါတော့'' လို့ ကျွန်မ ရေရွတ်နေရပြန်ပါပကော။
ငိုရင် ကျန်းမာတယ်ဆိုပေမဲ့ ညီမလေးတစ်ယောက် ညညထငိုပြီဆိုရင် တော့ သူဗိုက်ဆာလို့ပဲ ဆိုတာကို ကျွန်မသိနေလေတော့ ကျွန်မလေ စိတ်မကောင်း ဖြစ်လိုက်ရတာ မပြောပါနဲ့တော့။ ညည ညီမလေးထငိုရင် ကျွန်မ တကယ် ယောက်ယက်ခတ်နေမိတယ်။ မေမေက ဘာ့ကြောင့်လည်း မသိပါဘူး။ နို့သိပ်မထွက် တော့ ညီမလေးအတွက် နို့ဖျော်ပြီး၊ နို့ဘူးကလေးထဲကို ထည့်ပေးရတော့ နည်းနည်း တော့ကြာတာပေါ့။ ညီမလေးအငိုတိတ်အောင် ''အေး...အေး...အေး'' ဆိုပြီး၊ ညီမလေးရဲ့ တင်ပါးလေးကို လက်နဲ့ပုတ်ပေးရင်း ''မေမေရေ မြန်မြန်လုပ်စမ်းပါ''လို့ အော်နေတော့တာပဲ။ ကျွန်မရင်ထဲမှာလည်း ပူပူပင်ပင်ရှိလိုက်တာ။ နို့ဘူးကိုင်ပြီး ရောက်လာတဲ့ မေမေ့ကိုတွေ့ရမှပဲ သက်ပြင်းချရတော့တယ်။ မေမေက ကျွန်မခေါင်း ကို ပုတ်ပြီး ''တော်တော် အဖော်ရတဲ့ သမီးလေးပါပဲလား''တဲ့။ အမှန်က ကျွန်မ မေမေ့ကို ကူညီတာ မဟုတ် ပါဘူးနော်။ ညီမလေးငိုနေတာကို မကြည့်ရက်တာပါ။ ဒါကို မေမေမသိတာ သနားစရာပဲ။
တစ်ခါတလေ နို့ဘူးလည်းတိုက်ပြီးပါရက်နဲ့ နေ့ခင်းကြောင်တောင် ညီမလေး အဆက်မပြတ် ငိုပြီဆိုရင်လည်း ကျွန်မသိပ်သနားမိတယ်။ မေမေ့ခမျာ မှာလည်း ညီမလေး တစ်ကိုယ်လုံးကို ဟိုစမ်း သည်စမ်းနဲ့ ဗျာများနေလိုက်တာ။ ဘာကြောင့်ငိုတယ်ဆိုတာရဲ့ အဖြေကို ကျွန်မတို့ ရမ်းသမ်းပြီး ရှာဖွေနေရသလိုပါပဲ။ သည်နေရာမှာ အစ်ကိုကြီးဖတ်ပြတဲ့ ဂျာနယ်တစ်စောင်ထဲက သတင်းတစ်ခုကို သွားပြီးသတိရမိတယ်။ဂျပန်မှာ ခွေးဟောင်သံကိုကြည့်ပြီး မိမိရဲ့ခွေး နေ မကောင်းလို့လား၊ ဗိုက်ဆာလို့လား၊ အပြင်ထွက်ချင်လို့လား၊ ဆော့ကစားချင်လို့လား ဆိုပြီး အဖြေတွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ စက်ကိရိယာတစ်ခု တီထွင် လိုက်တယ်တဲ့။ အဲ့ဒီ ကိရိယာပါတဲ့ လက်ပတ်ကလေး တပ်ပေးထားလိုက်ရုံနဲ့ အလွယ်တကူ သိနိုင်တယ်တဲ့။ ဂျပန်ငွေ ယန်းတစ်သောင်းကျော် ပေးရတဲ့ အဲဒီစက်ကလေး ညီမလေးလည်ပင်းမှာ တပ်ပေးလို့ရမလား၊ ကျွန်မ စဉ်းစား ကြည့်နေမိတယ်။ ကလေးတွေရဲ့ ငိုသံရော အဲ့ဒီစက်က အဖြေရှာပေးနိုင်မလားပဲ။ ပေးနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲတော်။ ကျွန်မရော၊ မေမေရော ခုလို ဗျာများမနေ ကြရတော့ဘူးပေါ့။
အရင်က ကျွန်မလေ ကျောင်းဆင်းချိန် မိုးရွာပြီလားဆိုရင် မိုးရေစက်တွေ ကြားမှာ အဆောင်းအကာ တစ်စုံတစ်ရာမပါပဲ အိမ်ကိုအပြေး ပြန်လာရတာမျိုးကို သိပ်သဘောကျတာ။ အအေးမိဖျားနာမှာကို တစ်ခါမှ မမှုခဲ့ဘူး။ အခု ညီမလေးရှိလာ ပြီဆိုတော့ ကျွန်မ အဲဒီလို ပရမ်းပတာနေလို့ မဖြစ်ချေဘူးလို့ သဘော ပေါက်လာတယ်။ ကျွန်မကိုယ်တိုင် ဖျတ်လတ်နေပါမှ မေမေနဲ့အတူ ညီမလေးကို ပြုစုစောင့်ရှောက်လို့ ရမှာလေ။ ကျောင်းသွားတာနဲ့ မိုးကာအင်္ကျီယူဖို့ ကျွန်မ အခု မပျင်းတော့ပါဘူး။ ညီမလေးကို ကြည့်ပြီး ကျွန်မ စဉ်းစားမိတာ တစ်ခုရှိသေးတယ်။ တစ်နေ့တစ်နေ့ နို့ဘူးစို့လိုက်၊ အိပ်လိုက်၊ ပိုးတုံးလုံးကောင် တစ်ကောင် ပက်လက် လန်နေသလို ခြေလှုပ် လက်လှုပ် ကစားလိုက်တာနဲ့ တခြားဘာမှ လုပ်စရာမရှိပဲ ဒီအတိုင်းကြီး နေရာတာ သူ့ခမျာ ပျင်းရှာမှာပဲဆိုပြီးပေါ့။ ဒါပေမဲ့ ညီမလေးက အလကားကြီး မနေပါဘူး။ သူ့မြင်ကွင်းထဲ ရောက်လာသမျှ အရိပ်သဏ္ဌာန်တွေကို လိုက်ကြည့်ပြီး အမှတ်အသားလုပ်နေပုံရတယ်။ သူ့အနားရောက်လာသမျှ လူတွေရဲ့ ခြေသံနဲ့ အငွေ့အသက်တွေကို သူ အကျွမ်းတဝင်ဖြစ်အောင် ကြိုးစားနေပုံပဲ။ သူရဲ့ဦးနှောက် သေးသေးလေးနဲ့ မေမေ့ခြေသံကို ကောင်းကောင်းကြီး မှတ်မိနေတာ တကယ့်ကို အံ့ဘနန်း မှတ်ဉာဏ်ပါပဲရှင်။ သူအိပ်နေရာက နိုးခိုက် မေမေ့ခြေသံများ ကြားမိလိုက်ရင် မနေပါဘူး။ အဲ့...အဲ့ နဲ့ အသံပေးပြီး ချီပွေ့ခိုင်းတော့တာပါပဲ။ ကျွန်မခြေသံများ ကြားမိရင်တော့ သူ့ကို ချီမယ့်သူ မဟုတ်မှန်း သိနေသလိုလိုနဲ့ အသံမပေးရှာပဲ တိတ်တိတ် ကလေး သူ့လက်ကလေးတွေကိုသာ တလှုပ်လှုပ် လုပ်နေတတ်တယ်။ သူဟာ သိပ်ကို အကင်းပါးတဲ့ ကောင်မလေးပါ။
တဖြည်းဖြည်းနဲ့ ညီမလေး ရုပ်လုံးပေါ်လာပါတယ်။ မျက်ခုံးလေးတွေက သိပ်မထူပေမယ့် ကျိုးတိုးကျဲတဲ မဟုတ်ဘဲ ခပ်ထင်းထင်း တန်းတန်းကလေး၊ မျက်ဝန်းကလေးက ဝိုင်းစက်ကြည်လဲ့ပြီး၊ မျက်ဆန်ကလေးက မည်းနက် တောက်ပလို့။ အဲ့ဒီ မျက်နက်ဆန်ကလေးက ကျွန်မကို မမြင်သေးတာကို ကျွန်မ အားမလိုအားမရဖြစ်နေ သေးတယ်။ ကျွန်မလို မဝိုင်းဘဲ အနည်းငယ်ရှည်သွယ်တဲ့ မျက်နှာပုံစံကြောင့် ပါးဖောင်းဖောင်းကလေးတွေ အောက်ကိုတွဲကျနေတာဟာ သိပ်ကို ချစ်စရာ ကောင်းလှပါတယ်။ နှုတ်ခမ်းကလေးက ထူထူပြည့်ပြည့်ကလေး။ နည်းနည်းပဲပြောစရာရှိတာက မေမေပြောသလို နှာခေါင်းကလေးက ပြားတာပါပဲ။ အစ်ကိုကြီးက ဒါများအလွယ်ကလေး မိုက်ကယ်ဂျက်ဆင်လို နှာခေါင်းပြင် ပေးလိုက်ရုံပေါ့တဲ့။ ကျွန်မဖြင့် စိတ်တိုလိုက်ရတာ မပြောပါနဲ့တော့။ အဲ့ဒီ အစ်ကိုကြီးတစ်ယောက်ဟာ ဂျာနယ်ထဲက နိုင်ငံခြားသတင်းတွေ ဖတ်ဖတ်ပြီး၊ ပေါက်ကရတွေ သိပ်ပြောတတ်တာ။ ကျွန်မကတော မေမေပြောပြတဲ့ ပုံပြင်တွေ ထဲကလို ဘုရားသခင်ပေးတဲ့ သဘာဝအဆင်းအလှ ဆိုတာမျိုးကို သိပ်သဘော ကျတာပဲ။ ညီမလေးရဲ့ မျက်နှာထက် ညီမလေးရဲ့ နှလုံးသားလေးလှပဖို့က အရေးကြီး တာမို့ ဖေဖေက ဝယ်ပေးထားတဲ့ နှလုံးလှကလေးဂျာနယ် စာစောင်တွေ ညီမလေးကို ဖတ်ပြဖို့ကိုပဲ ကျွန်မအရမ်းကို စိတ်စောနေပါတော့တယ်။
တစ်ခါတစ်ခါ ညီမလေးဟာ သူ့ရဲ့ဘယ်ဖက် လက်မကလေးကို တပြွပတ်ပြွတ်နဲ့ အသံထွက်တဲ့အထိ စုပ်နေတတ်တယ်။ ဗိုက်ဆာလို့များလားထင်ပြီး၊ နို့ဘူးဖျော်တိုက် ပေမဲ့ သူ့လက်မလေးကိုပဲ တရှိုက်မက်မက် စုပ်နေတတ်ပါတယ်။ ဒါဖြင့် ပျင်းလို့များလား၊ မဖြစ်နိုင်တာနော်။ ညီမလေးအရွယ်က ပျင်းတယ်ဆိုတာကို ဘယ်သိဦးမှာလဲ။ ဘာ့ကြောင့်မှန်း အဖြေရှာမရပေမဲ့ ညီမလေးရဲ့ အဲဒီ လက်မစုပ်တဲ့အကျင့်ဟာ တဖြည်းဖြည်းနဲ့ ပိုဆိုးလာပါတော့တယ်။ သူများတွေ ပြောကြတာကတော့ ညီမလေး လက်မစုပ်ပုံဟာ ဘယ်ကလေးနဲ့မှ မတူဘဲ ချစ်စရာကောင်းလှတယ်တဲ့။ အဲ့ဒီ အကျင့်ကို ပြင်လို့မရမဲ့ အတူတူ ညီမလေး အချိန်မရွေးလုပ်နိုင်အောင်လို့ သူ့လက်ကလေးတွေကို အမြဲသန့်ရှင်း နေအောင်ထားဖို့ မေမေ့ကိုပဲ သတိပေးနေရတော့တာပေါ့။ မြေကြီးထဲကို မဆင်းဘဲ အိပ်ရာထဲမှာ လူတွေရဲ့လက်ထဲမှာပဲ အမြဲနေတဲ့ ညီမလေးက အထွေအထူးတောင် သန့်ရှင်းရေး လုပ်ပေးနေစရာမလိုဘဲနဲ့ ရှင်းသန့်နေပြီးသားပါနော်။
ညီမလေး ဝမ်းလျားမှောက်တတ်ခါစကလည်း ဗိုက်တွေများ နာမလား ကျွန်မတွေးပူလိုက်ရတာ။ မှောက်လျက်သားနဲ့ သူ့ခေါင်းကလေးကို အားယူမတ်ပြီး ဟိုဟိုဒီဒီကြည့်တတ်တဲ့ ညီမလေးပုံစံက ကျွန်မမျက်စိထဲမှာ သိပ်ကိုဂုဏ်ယူစရာ ကောင်းတာပဲ ဘာလို့ဆို လောကကြီးကို စူးစမ်းလေ့လာဖို့ အားမွေးနေတဲ့ပုံစံ ပေါက်နေတာကိုး။ အဲဒီနောက် လက်သေးသေးကလေးတွေကို အားပြုလို့၊ ခြေထောက်ကလေးတွေကို တွန်းကန်လို့ အရှေ့ကို တရွေ့ရွေ့သွားဖို့ လုပ်ပြန်လေ ပေါ့။ ဒီနေ့တော့ ညီမလေး ဘယ်နှထွာရွေ့သွားပြီ၊ ဒီနေ့တော့ ဘယ်နှတောင်ရွေ့ သွားပြီနဲ့ သူ့ဘေးနားကနေ ကျွန်မလက်နဲ့ တစ်ချိန်လုံးလိုက်ပြီး တိုင်းနေမိတယ်။
အဲဒီနောက် အရိပ်တကြည့်ကြည့် စောင့်ကြည့်နေတဲ့ကြားထဲကပဲ တချို့ သေးစိတ်ဖြစ်စဉ်တွေကို ပြန်ပြောဖို့ မမှတ်မိတော့အောင် ညီမလေးဟာ မျက်စိ အောက်မှာပဲ လျင်မြန်စွာ ကြီးထွားလာခဲ့ပါတယ်။ အခုဆို ညီမလေးဟာ ကျွန်မ မျှော်လင့်တဲ့အရွယ်ကို ရောက်ခဲ့ပါပြီ။ စကားလေးတွေ တစ်လုံးစ၊ နှစ်လုံးစ ပြောရာကနေ တွတ်တီးတွတ်တာ ပြောတဲ့အရွယ်တောင် ရောက်ခဲ့ပေါ့။ ပြောရုံသာ မက မေးခွန်းတွေလည်း ဆင့်ကဲဆင့်ကဲ ထုတ်တတ်လာတဲ့အထိပါပဲ။ ''အဲဒါ ဘာကြီးလဲ'' ဆိုတဲ့ ညီမလေးရဲ့ သာမန်မေးခွန်းမှန်သမျှကို ကျွန်မက ဒိုးခနဲ၊ ဒေါက်ခနဲဖြေနိုင်ခဲ့ပေမယ့် တစ်ဆင့်တက်ပြီး ''အဲဒါဘာဖြစ်လို့လဲ'' ဆိုတာမျိုး အကြောင်းရင်းကို နှိုက်နှိုက်ချွတ်ချွတ် မေးလာတဲ့အခါမှာတော့ ကျွန်မ ခေါင်းတော် တော်စားပါတယ်။ ပြီးစလွယ်အဖြေမျိုးလည်း ကျွန်မ မပေးချင်ပါဘူး။
တကယ့်ကို စူးစမ်း သိချင်စိတ်နဲ့ မေးလာတဲ့ အချိန်မှာ ကျွန်မအဖြေက အလွဲအမှားကြီးဖြစ်နေခဲ့ရင် တစ်ချိန်ချိန် ညီမလေးတကယ့်အမှန်ကို သူ့အလိုလို သိလာတဲ့အခါ အမှားတွေသင်ပြ လမ်းညွှန်ပေးခဲ့သူဆိုပြီး၊ ညီမလေးအနေနဲ့ ကျွန်မ အပေါ် ရှေ့ဆက် အယုံအကြည်နည်းသွားမှာ ကျွန်မ မလိုလားဘူး။ မသိဘူးဆိုတဲ့ အဖြေလည်း ကျွန်မ မပေးချင်ပြန်ဘူး။ ညီမလေးက ကျွန်မကို ကျော်လွန်ပြီး၊ သူသိချင်တာတွေ ဖြေနိုင်မဲ့ တခြားသူ တစ်ယောက်ယောက်ကို အားကိုးချင်စိတ် ပိုသွားမှာ ကျွန်မစိုးရိမ်ရပြန်ရော။ အနည်းဆုံး အကျိုးအကြောင်း ဆီလျော်တဲ့ အဖြေမျိုးဖြစ်ဖို့ ကျွန်မ ဂရုစိုက်ရသေးတယ်။ ညီမလေးအနေနဲ့ ကျွန်မအပေါ် ယုံကြည်ကိုးစားမှု အပြည့်အဝရှိစေချင်တာ ကျွန်မ ဆန္ဒပါပဲ။ ဒါကြောင့် ညီမလေး ဘက်က ဘာကိုပဲ မေးလာလာ အဆင်သင့်ဖြေနိုင်ရလေအောင် ကျွန်မအရာရာကို အရင်ကထက်ပိုပြီး လေ့လာဆည်းပူးရပြန်တယ်။ ညီမလေးကြောင့် ကျွန်မဟာ ဗဟုသုတတွေ ကြွယ်ဝလာခဲ့ရပြီး၊ နဂိုရှိရင်းစွဲ အရည်အချင်းတွေလည်း တိုးတက်မှု ရှိလာတယ်ဆိုတာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်တစ်ချက်ပါပဲ။
ရယ်စရာကောင်းတာ တစ်ခုရှိသေးရဲ့။ ညီမလေးဟာ စကားတွေ ပြောတတ်နေပေမဲ့ 'တံတောင်ဆစ်' ဆိုတဲ့ စကားတစ်လုံးကို တော်တော်ကြီးတဲ့ အထိ သူမပြောတတ်ဘူး။ 'တံတောင်ဆစ်'ကို 'လက်ဒူး'လို့ပဲ ခေါ်ပါတယ်။ အစ်ကိုကြီးတို့က မှားနေတယ်ဆိုပြီး 'တံတောင်ဆစ်'လို့ အတင်းဝိုင်းသင်ပေးကြပေမဲ့ ကျွန်မကတော့ သူ့အတွက် ခက်ခဲစေမယ့်အရာတွေကို အတင်းကြီး သင်မပေးချင်ဘူး။ သူ့အသိဥာဏ်နဲ့သူ၊ သူ့စိတ်ကူးနဲ့သူ တီထွင်ထားတဲ့ စကားလုံးအခေါ်အဝေါ်တစ်ခုကို မှားတယ်ဆိုပြီး၊ ပြောင်းလဲမပစ်ချင်ဘူး။ လုံးလုံး လျားလျားကြီးမှားနေတာမျိုးဆိုရင် တော့ တစ်မျိုးပေါ့နော်။ တကယ်ဆို 'လက်ဒူး' ဆိုတာကမှ သဘာဝကျကျ မှန်ကန်နေတဲ့ဟာ။ ခြေမှာရှိတာကတော့ ခြေဒူးပေါ့။ ခဲတံအတို၊ ခဲတံအရှည်လို့ မပြောဘဲ အတိုခဲတံ၊ အရှည်ခဲတံလို့ ပြောတတ်တဲ့ ညီမလေးရဲ့ တီထွင်ဥာဏ်ကို ဘယ်သူဘာပြောပြော ကျွန်မချီးကျူးမိတယ်။
ညီမလေးဟာ ကျွန်မတုန်းကလိုပဲ ကျောင်း မသွားချင်တဲ့ပြဿနာလည်း ကြုံရပါသေးတယ်။ သူက စာမသင်ချင်တာတော့လည်း မဟုတ်ဘူး။ သူ့အတန်းက အတန်းပိုင်ဆရာမကြီးကို ကြောက်တာပါ။ ကျွန်မသိတာပေါ့။ ခန္ဓာကိုယ် ထွားထွား၊ မျက်လုံးတွေပြူးပြူး၊ မည်းနက်ထူပျစ်အောင်ဆွဲထားတဲ့ မျက်ခုံးတွေနဲ့ မျက်မှောင် ကြုတ်ပြီးကြည့်တတ်တဲ့ လက်ထဲမှာ ကြိမ်လုံးခပ်တုတ်တုတ်ကြီး တစ်ချောင်းကို တစ်ချိန်လုံးကိုင်ထားတတ်တဲ့ အဲဒီဆရာမဟာ ညီမလေးမဆိုထားနဲ့ ကျွန်မ မျက်စိထဲမှာတောင် ကြောက်စရာပါ။ ညီမလေးရဲ့ မျက်စိသေးသေးလေးထဲမှာတော့ ဆရာမရဲ့ပုံစံဟာ သူကြားဖူးတဲ့ ပုံပြင်တွေထဲက ကလေးတွေကို ပြုစားတတ်တဲ့ ဘီလူးမကြီးလို ဖြစ်နေမှာပေါ့နော်။ ဖြစ်နိုင်ရင် ညီမလေးကို ဆရာမချောချော လှလှကလေးရှိတဲ့ အတန်းကို ပြောင်းပေးလိုက်ချင်ပါရဲ့။ ဒါပေမယ့် ကျောင်းသားတွေ ဟာ ဆရာမတွေကို ရွေးချယ်ခွင့်မှ မရှိတာနော်။
ညီမလေးကို သနားတာကြောင့် မလုပ်သင့်တာတစ်ခု ကျွန်မလုပ်မိသေး တယ်။ ခပ်တည်တည်နဲ့ အိမ်ကထွက်လာကြပြီး၊ ညီမလေးကို သူ့အခန်းဆီမပို့ဘဲ ကျွန်မအတန်းမှာ ခေါ်ထားလိုက်တယ်။ အိမ်ပြန်ရောက်လို့ မေမေက ''သမီးငယ် လေး ကျောင်းမှာနေရဲ့လား'' မေးရင် ကျွန်မက ခေါင်းညိတ်၊ ညီမလေးကလည်း ခပ်တည်တည် မျက်နှာပေးနဲ့ပေါ့။ မေမေက သူ့စာအုပ်ကိုဆွဲယူကြည့်တဲ့အခါ ဘာရမလဲ ကျွန်မသင်ထားပေးတဲ့ ဝ,လုံးတွေ က,ကြီးတွေနဲ့ ညီမလေးက ဟုတ်နေ လေတော့ မေမေက မချီးမွမ်းဘဲ မနေနိုင်တော့ဘူးပေါ့။ ဒါပေမဲ့ တစ်ရက်လည်းမက နှစ်ရက်လည်းမက ဖြစ်လာတော့ ကျွန်မအတန်းကဆရာမက ငြိုငြင်တော့တာပေါ့။
တစ်နေ့တော့ ညီမလေးကို သူ့ဆရာမကြီးလက်ထဲ ကျွန်မအတင်းထည့် ခဲ့ရတယ်။ ညီမလေးက ရုန်းကန်ပြီး ဆွဲမိဆွဲရာ အတင်းဆွဲလို့ ကျွန်မဝတ်ထားတဲ့ စကတ်က နှိပ်စေ့တွေပြုတ်ပျက် ထွက်ကုန်ပြီး မြေပြင်ပေါ်သို့ ကွင်းလုံးကျွတ်ကျသွား လို့ အရှက်တွေဗြန်းဗြန်းကွဲရပါသေးတယ်။ အရမ်းရှက်စရာကောင်းပေမယ့် အော်ဟစ် ငိုယိုနေတဲ့ ညီမလေးကိုကြည့်ပြီး၊ ရှက်မိရတာထက် နာကျင်ခံစားရတာက ရင်ထဲမှာ ပိုပါတယ်။ ကြောက်စရာကောင်းတဲ့ ဆရာမကြီးရဲ့လက်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့ ညီမလေးရဲ့ ရုပ်ပုံဟာ ကျွန်မမျက်လုံးထဲမှာ တော်တော်နဲ့ ဖျောက်ဖျက်မရခဲ့ပါဘူး။ အတန်းထဲမှာလည်း ကျွန်မဟာ ဂနာမငြိမ်နဲ့ပေါ့။ မနေနိုင် တဲ့အဆုံးတော့ Pls.. May I go out teacher လို့ ခွင့်တိုင်ပြီး၊ ကိုယ်လက် သန့်စင်ခန်း(အိမ်သာ)ရှိရာမသွားဘဲ ညီမလေးအတန်းကိုသွားသွားပြီး ချောင်းကြည့် မိတယ်။ ညီမလေးအခန်းအပြင်ဘက်ကိုပဲ ငေးကြည့်နေတာ တွေ့ရရင် ကျွန်မလေ သနားလိုက်တာ မပြောပါနဲ့တော့။ သူ့ပါးပေါ်မှာ မျက်ရည်စီးကြောင်းတွေနဲ့ အပြင် ဘက်ကိုကြည့်မနေဘဲ စိတ်ပါလက်ပါနဲ့ စာလုံးတွေ ကုန်းရေးနေတာကို တွေ့ရတဲ့ အခါကျမှပဲ စိတ်ဖြောင့်ဖြောင့်နဲ့ ကျွန်မအတန်းဆီ ပြန်လာရတော့တယ်။ နောက်သုံး လေးရက်ကြာမှာတော့ ညီမလေးဟာ နေသားကျသလောက်ရှိသွားပါပြီ။ သူ့အထင် ကြောက်စရာကောင်းခဲ့တဲ့ ဆရာမက သူ့အပေါ် ကြင်ကြင်နာနာဆက်ဆံပြီး၊ မုန့်တွေ ဘာတွေ ကျွေးတာကို သူအံ့သြသဘောကျသွားပုံရတယ်။ ဆရာမလက်ထဲမှာ ကိုင်ထားတဲ့ ကြိမ်လုံးဟာလည်း စားပွဲခုံတွေကလွဲပြီး တခြားဘယ်သူ့ကိုမှ ရိုက်တာ မတွေ့ရပါဘူးလို့ သူပြောပြတယ်။ ရုပ်ဆိုးပေမဲ့ တကယ်တော့ ဆရာမက ကြောက်ဖို့ မကောင်းပါဘူးတဲ့။ မမပြောပြတဲ့ ပုံပြင်ထဲကလို နတ်ရေကန်ထဲ ခုန်ဆင်းလိုရင် သူလှသွားမှာပါတဲ့။ ခုမှပဲ ကျွန်မတို့ ပျော်ရွှင်ရယ်မောနိုင်တော့တယ်။
ကျွန်မတို့အိမ်မှာ နှစ်စဉ်၊ နှစ်တိုင်း မိသားစု ဓာတ်ပုံရိုက်လေ့ရှိပါတယ်။ တစ်ကြိမ်မှာ ဓာတ်ပုံရိုက်ဖို့ အားလုံးပြင်ကြဆင်ကြနဲ့ အလုပ်ရှုပ်ကြတာပေါ့။ အဲဒီနှစ်က အစ်မတွေက အပျိုကြီးဖားဖားတွေဖြစ်ပြီး၊ အရမ်းကာရော လှချင်ပချင်နေကြတဲ့ အချိန်၊ မှန်ရှေ့မှာ ခေါင်းချင်းတိုးဝှေ့ လို့ အပြိုင်အဆိုင် အလှပြင်နေလိုက်ကြတာ မေမေကလည်း ကလေးတွေ ခုနစ်ယောက်မွေးထားတယ် မထင်ရတဲ့အထိ အစ်မ တွေနဲ့ တန်းတူဖြစ်နေလေတော့ သူတို့အားလုံး တရုန်းရုန်းနဲ့။ အစ်မတွေက မေမေ့ကို ဆံပင် အမောက်ထောင်ပေးလိုက်၊ အမေက အစ်မတွေကို မျက်ခုံးမွေး ဆွဲပေးလိုက်နဲ့ ညီမလေးကို မေ့လျော့နေလိုက်ကြတာ။ အဲ့ဒီထဲ ကျွန်မလည်း ပါတယ်။ ကျွန်မက အလှအပပြင်ဖို့ စိတ်မဝင်စားပေမယ့် အပျိုဖော်ဝင်စအရွယ်ဖြစ် နေတော့ ဟိုနေရာကထွား၊ ဒီနေရာကထွားနဲ့ အချိုးအစား မကျနသေးတဲ့ ကျွန်မရဲ့ ကိုယ်ခန္ဓာအတွက် လိုက်ဖက်တဲ့ အဝတ်အထည်ကို အချိန်ယူရွေးချယ်နေရတာနဲ့ပဲ ညီမလေးကို တဒင်္ဂတော့ မေ့လျော့သွားမိပါတယ်။ ကျွန်မသတိရချိန်မှာတော့ အနားမှာ ဘိုမရုပ်ကလေးကိုင်ပြီး သူ့အစ်မတွေကို မျက်လုံးအဝိုင်းသားနဲ့ ငုတ်တုတ် ကလေးထိုင်ကြည့်နေတဲ့ ညီမလေးကို တွေ့ရတော့တာပါပဲ။
ညီမလေးကို ကျွန်မ သနားကြင်နာစွာနဲ့ ဆွဲခေါ်လာပြီး၊ ခုံပုကလေးမှာ ထိုင်စေတယ်။ ပြီး... တတ်သလောက်၊ မှတ်သလောက်နဲ့ အစ်မတွေပြင်သလိုမျိုး ညီမလေးမျက်နှာကို ဆေးခြယ်ပေးတော့တာပဲ။ ညီမလေးက ကျွန်မလုပ်ပေးသမျှ ငြိမ်ငြိမ်ကလေးနေပေမယ့် သူကိုယ်တိုင်တော့ အလှအပဆိုတာကို ဘာမှန်းမသိ ရှာသေးပါဘူး။ အထူးသဖြင့် ခုလို ဓာတ်ပုံရိုက်တဲ့အခါမျိုးမှာ ကင်မရာထဲမှာ ကြည့်ကောင်းနေဖို့ အလှအပတွေကို သာမန်ထက်ပိုပြင်ဖို့လိုတယ်ဆိုတာ သူဘယ်လို မှ နားမလည်ရှာသေးဘူး။ ဒါပေမဲ့ ''ကြည့်စမ်းပါဦး အရမ်းလှတာပဲ'' လို့ ကျွန်မ ပြောမိရင်တော့ ပြုံးပြုံးကလေးနေဖို့ သူသိတယ်။ အဲဒီဓါတ်ပုံရလာတဲ့အခါ ကြည့်မိတဲ့ သူတိုင်းဟာ ''အငယ်ဆုံးလေးက လှလိုက်တာနော်... အချောစားကလေးပဲ''လို့ ချီးမွမ်းကြရင်ဖြင့် ကျွန်မလေ ဘယ်လိုပီတိဖြာမှန်းမသိပါဘူး။ ''ဒီသမီးက ပြင်ပေး တာလေလို့'' မေမေက ပြောရင် ကျွန်မရှက်ကိုးရှက်ကန်းနဲ့ ဂုဏ်ယူချင်မိသလိုပဲ။ နှုတ်ကတော့ ''သူက နဂိုကတည်းက လှနေပြီးသားပါ''လို့ ချေပမိမြဲပဲ။ ဟုတ်တယ်လေ အဲဒီတုန်းက ကျွန်မပြင်မပေးလည်းပဲ ညီမလေးက ဓာတ်ပုံထဲမှာ အလှဆုံးပဲ ဖြစ်နေခဲ့မှာပါ။
နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာ ကျွန်မတို့ရဲ့ဦးလေးတစ်ယောက်ဆုံးလို့ မေမေတို့ ရန်ကုန်သွားကြတဲ့အခါ ညီမလေးကိုပါခေါ်သွားကြတယ်။ ကျွန်မကလေ ညီမလေးနဲ့ အဲဒီလို ညအိပ်၊ ညနေ မခွဲဖူးတော့ ညီမလေးကို လွမ်းလိုက်ရတာ မပြောပါနဲ့တော့ရှင်။ အဲဒီရက်တွေမှာ ကျွန်မဘာလုပ်နေခဲ့သလဲ သိလား၊ ညီမလေး ချွတ်ထားခဲ့တဲ့ ချွေးစိုနေတဲ့ ဝတ်လက်စအင်္ကျီလေးကို ကျွန်မရင်ဘတ်ပေါ်တင်ပြီး ညတိုင်းအိပ်စက်ခဲ့တယ်။ တစ်ရေးနိုးချိန်တွေတိုင်းမှာလည်း ပေါင်ဒါနံ့လိုလို၊ သနပ်ခါး နံ့လိုလို အနံ့တစ်မျိုးလေးသင်းပျံ့နေတဲ့ အင်္ကျီလေးကို တရွှတ်ရွှတ်နမ်းမွှေးရင်း အလွမ်းစိတ်ကို ဖြေသိမ့်ခဲ့ရတယ်။ (ဒါကိုတော့ ကျွန်မရှက်လို့ ဘယ်သူ့ကိုမှ မပြောပြမိဘူး။) မေမေတို့ ပြန်လာတော့ ရန်ကုန်အပြန် လက်ဆောင်ပစ္စည်း အကောင်းစားတွေ ကျွန်မတို့တွေအတွက် သယ်လာပေမဲ့ ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ညီမလေးကို တွေ့လိုက်ရတာနဲ့တင် လွမ်းဆွတ်ရခြင်း ဝေဒနာတွေ တစ်မုဟုတ် ချင်း ကင်းစင်သွားပြီး၊ ကျွန်မစိတ်တွေ ကြည်နူးလန်းဆန်းလာပါတယ်။ ဘာလက် ဆောင် ပစ္စည်းကိုမှ ငဲ့စောင်းမကြည့်မိတော့ဘဲ ညီမလေးကိုသာ ရင်ခွင်ထဲဆွဲယူပြီး ဖျစ်ညှစ်နေမိပါတယ်။
ပျော်ရွှင်ရယ်မောစရာနဲ့ နောက်ကျောဘက်မှာ ဝမ်းနည်းကြေကွဲစရာက ကပ်လျက်ရှိနေတယ်ဆိုတာ တစ်ခါတော့ ကျွန်မသိလိုက်ရတယ်။ ကျွန်မတို့တတွေ ပြေးကြ၊ ခုန်ပေါက်ကြနဲ့ ကစားကြတုန်းကပေါ့။ ညီမလေးကို စားပွဲအမြင့်ပေါ် တင်ခိုင်းပြီး၊ စူပါမင်းတွေလို ခုန်ချခိုင်းတယ်။ ကျွန်မက အောက်ကနေ အသင့်စောင့် ဖမ်းတာပေါ့။ ညီမလေးက ပါးလေးတွေသာ ဖောင်းကားနေပေမဲ့ ကိုယ်က ပိန်သေး သေးလေးဆိုတော့ ကျွန်မ အသားကလေးဖမ်းနိုင်ပါတယ်။ ရယ်ဒီ၊ ဝမ်း၊ တူး၊ သရီး အော်၊ ညီမလေးက ခုန်အချ၊ ကျွန်မက တပြိုင်နက်စောင့်အဖမ်းနဲ့ ကျွန်မ တို့ ဆော့လိုက်ကြတာ အသည်းတယားယားနဲ့ ပျော်ရတဲ့အရသာကို ညီမလေး ကလည်း ကြိုက်တယ်လေ။
တစ်ကြိမ်မှာတော့ မောင်လေးတစ်ယောက် လှမ်းပစ်လိုက်တဲ့ ဘောလုံးကို ကျွန်မရှောင်လိုက်မိတာနဲ့ (ဘောလုံးဆို ကျွန်မက သိပ်ကြောက်တာကိုး) ညီမလေး ကို သေသေချာချာ မဖမ်းလိုက်နိုင်ဘူး။ ညီမလေးဟာ ကျွန်မလက်ထဲကနေ သံမံတလင်းပေါ် ချော်ကျသွားလေရဲ့။ ဝါးခနဲ အော်ငိုသံနဲ့အတူ ညီမလေးရဲ့ မေးစေ့မှာ သွေးတွေကို မြင်လိုက်ရတော့ မျက်စိတွေပြာသွားပြီး ကျွန်မခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားတယ်။ ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ညီမလေးကို ပွေ့ဖက်ထားချိန် မှာပဲ မေမေတို့ရောက်လာပြီး၊ ကျွန်မလည်း သတိလစ် သွားခဲ့တော့တယ်။
ညီမလေး မေးစေ့အောက်က တစ်လက်မသာသာ အမာရွတ်ကလေးကို မြင်တိုင်း ကြေကွဲစိတ်၊ နောင်တစိတ်တွေနဲ့ ကျွန်မ ယူကျုံးမရခံစားရပါတယ်။ ဘယ်တော့မှ အဆုံးသတ်လို့ မရနိုင်တဲ့ ကြေကွဲနောင်တစိတ်တွေပဲ ဖြစ်မှာပါ။ ကျွန်မကိုယ် ကျွန်မ တကယ့်ကို အသုံးမကျသူပဲလို့ ခံစားရတယ်။ ကျွန်မသာ ဘောလုံးမှန်မှာကို မကြောက်ခဲ့ရင်၊ ဒါမှမဟုတ် ကြောက်လည်းပဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ညီမလေးကို ဖမ်းရမဲ့အလုပ်ကိုသာ အာရုံစိုက်ပြီး လုပ်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ ဘောလုံးတစ်လုံးမှန်တာက ကျွန်မဘယ်လောက်ထိ နာကျင်စေမှာ မို့လို့လည်းနော်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်သွားခဲ့တယ်။ ကျွန်မအသားနာမှာ ကိုကြောက်လန့်ပြီး ရှောင်မိလိုက်တာနဲ့ ညီမလေးခဗျာ ဒဏ်ရာအနာတရဖြစ်တဲ့အထိ များစွာအသားနာခဲ့ရပါပြီ။ ပြီးတော့ ငယ်ရွယ်တဲ့ ညီမလေးအရှေ့မှာ သတိကြီးစွာနဲ့ လုပ်သင့်တာကို လုပ်သွားရမဲ့အစား သတိလစ်မေ့မျောတဲ့အထိ ပျော့ညံ့သူဖြစ်ခဲ့ မိတာကိုလည်း ကျွန်မရှက်လို့မဆုံးဘူး။ ပိုပြီး စိတ်မကောင်းဖြစ်ရတာက ကျွန်မ မျက်ရည်ကျတာမြင်တိုင်း ညီမလေးက ''မတော်တဆဖြစ်တာပါ... ညီမလေး မနာ တော့ဘူး... မမငိုမနေပါနဲ့တော့''တဲ့။ မေမေတို့ ပြောတဲ့စကားသံတွေအတိုင်း လူကြီးလေးလုပ်ပြီး ကျွန်မကို နှစ်သိမ့်ခဲ့တာလေ။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အဲဒီကတည်းက ကျွန်မသိလိုက်တယ်။ ညီမလေး ဟာ စိတ်ထားဖြူစင် သိမ်မွေ့စွာနဲ့ ကြီးပြင်းလာဦးမဲ့ မိန်းကလေးပါ။ ကိုယ်နာကျင် ခံစားရပေမယ့်လည်း ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်ဆိုပြီး ဘယ်တော့မှ သူများ ကို လက်ညှိုးထိုး အပြစ်ဖွဲ့မယ့်သူ မဟုတ်ဘူး။
အဲဒီအဖြစ်က ကောင်းကောင်းကြီး သင်ခန်းစာပေးလိုက်တာပါပဲ။ ဘဝ တစ်လျှောက် ကျွန်မအတွက် ဆင်ခြင်စရာ၊ သုံးသပ်စရာတွေလည်း အများကြီး ရခဲ့တယ်။
တကယ်ဆို ကျွန်မတို့လို အစ်မတွေအနေနဲ့က ကိုယ့်ရဲ့ နုနုငယ်ငယ် ညီမလေးတွေအတွက် ဘာအခက်အခဲ၊ အန္တရာယ်ကိုမဆို သူတို့ရှေ့ကနေ မားမား မတ်မတ် ကာကွယ်သွားဖို့လိုပါတယ်။ တစ်စုံတစ်ရာကို ရွေးချယ်ရတော့မယ်ဆိုရင် အာရုံထွေပြားမနေဘဲ သူတို့ကို ဘာမှမနာကျင်စေဘဲ သူတို့ဆီ သက်ရောက်လာ နိုင်တဲ့ နာကျင်မှုတွေကို ကျွန်မတို့ရဲ့ နာကျင်မှုတွေအဖြစ် လွှဲပြောင်းယူပြီး၊ ကျွန်မတို့ ကသာ အစားဝင်ပြီး ခံစားပေးရမှာဖြစ်ပါတယ်။ ပြဿနာတစ်စုံတစ်ရာ ပေါ်လာခဲ့ ရင်လည်း ကျွန်မလို ပျော့ညံ့စွာ သတိလစ်သွားတာမျိုး မဖြစ်စေဘဲ စိတ်ဓါတ်ခိုင်မာ စွာနဲ့ တာဝန်ယူ ဖြေရှင်းဆောင်ရွက်သွားနိုင်ဖို့ လိုပါတယ်။ အဲဒီတုန်းက ကျွန်မတို့ အနားမှာ မေမေတို့သာ မရှိခဲ့ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ မတွေးရဲပါဘူး။ ဘာမှမလုပ်တတ်တဲ့ ညီမလေးခမျာ ငိုပြီးရင်းငို၊ ကျွန်မက သတိလစ်နဲ့ ညီမလေးရဲ့ ဒဏ်ရာ နာကျင်မှုဟာ ပိုမိုဆိုးရွားလာမှာဖြစ်ပြီး၊ ကျွန်မတို့ ရှေ့ဆက်ဘာတွေ ဖြစ်ကြဦးမလဲ မဆိုနိုင်ဘူး။ ကျွန်မဟာ သိပ်ကို ညံ့ဖျင်းခဲ့ပါတယ်ရှင်။
ကျွန်မလေ ...အဲဒီကတည်းက စိတ်ဆုံးဖြတ်လိုက်တယ်။ နောင်ကို ဘာကိုမှ မကြောက်ရွံ့ဘဲ ကျွန်မကပဲ ညီမလေးအရှေ့ကနေပြီး၊ အကာအကွယ် ပေးသွားဖို့ ကျွန်မအသက်ရှင်နေသရွေ့ ကာလပတ်လုံး ညီမလေးဘဝမှာ ဘယ်လို အန္တရာယ်မျိုးမှ မကျရောက်စေရဘူးလို့ပေါ့။
အဲဒီဆုံးဖြတ်ချက်နဲ့အတူ ညီမလေးကို ကောင်းကောင်းကာကွယ် စောင့်ရှောက်ခဲ့လို့ အခုဆို ညီမလေးဟာ အစွမ်းကုန် လှပတင့်တယ်နေတဲ့ ပန်းကလေးတစ်ပွင့် ဖြစ်လို့နေပါပြီ။
မှန်တင်ခုံရှေ့မှာ အလှအပတွေ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်တတ်နေပြီ ဖြစ်တဲ့ ညီမလေးကို ကျွန်မ အကြာကြီးငေးကြည့်နေမိတယ်။ ''ဘာလိုသေးလဲဟင်၊ မမ ကြည့်ပါဦး'' လို့ ကျွန်မဆီလှည့်ကြည့်ပြီး မေးလာတော့မှပဲ ကျွန်မ ကပျာကယာ ပြုံးပြလိုက်ရင်း ခေါင်းကို အသာယမ်းပြလိုက်တယ်။
ဟုတ်ပါတယ်။ ညီမလေးဟာ ကျွန်မဘာတစ်ခုမှ ပြင်ဆင်ဖြည့်စွက်ပေး စရာ မလိုတော့တဲ့အထိ သူ့ဘဝရဲ့ အရာရာတိုင်းမှာ သူ့လက်၊ သူ့ခြေနဲ့ သူကိုယ်တိုင် စနစ်တကျ ကိုင်တွယ်ထုဆစ် ဖန်တီးနိုင်စွမ်း အပြည့်အဝရှိနေခဲ့ပါပြီ။ ကျွန်မရှေ့မှောက် မှာ ဘွဲ့ဝတ်စုံကြီးဝတ်လို့ ခန့်ညားထည်ဝါတဲ့အသွင်နဲ့ ကျက်သရေရှိစွာ ရပ်နေပေမယ့် ကျွန်မ မျက်စိထဲမှာတော့ ညီမလေးဟာ ဟိုး...အချိန်တုန်းကလို လက်မလေး အမြဲစုတ်နေတတ်တဲ့ ကလေးမ ငယ်ငယ်ကလေးပါပဲနော်။
စုမီအောင်(Faces, ၂ဝဝ၂ စက်တင်ဘာ)
No comments:
Post a Comment