Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 04, 2014

ညွှန်းတဲ့ ရုပ်ရှင်



The Giver
Drama / Sci-Fi
The Weinstein Company
ဒါရိုက်တာ - Phillip Noyce
ထုတ်လုပ်သူ - Jeff Bridges, Neil Koenigsberg, Nikki Silver
ဇာတ်ညွှန်း - Michael Mitnick
ဝတ္ထု - Based on the Giver by Lois Lowry
သရုပ်ဆောင်များ - Jeff Bridges, Meryl Streep, Brenton Thwaites, Alexander Skarsgård, Odeya Rush, Katie Holmes, Taylor Swift, Cameron Monaghan
အမေရိကန်စာရေးဆရာမ Lois Lowry ရဲ့ ၁၉၉၃ ခုနှစ်က ရေးသားဖြန့်ချိခဲ့တဲ့ ကလေးများစာအုပ် The Giver ကို ရိုက်ကူးထားတာပါ။ The Giver ဝတ္ထုဟာ ၁၉၉၄ ခုနှစ်မှာ Amecrican Library Association(ALA) ရဲ့ အဖွဲ့အစည်းတစ်ခု Association for Library Service to Children ကနေ ပေးအပ်ခဲ့တဲ့ Newbery Medal ရရှိခဲ့ပါတယ်။ ကော်ပီပေါင်း ၁၀ သန်း ခန့် ရောင်းချခဲ့ရတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ တွေးခေါ်စရာနက်နက်နဲနဲတွေပါဝင်သလို ဗဟုသုတဖွယ်ဖွယ်ရာရာပါဝင်တဲ့စာအုပ်ဖြစ်တာကြောင့် သြစတြေးလျ၊ ကနေဒါ နဲ့ ယူနိုက်တက်စတိတ်အလယ်တန်းကျောင်းတွေမှာ ဖတ်ရှုစရာစာပေဗဟုသုတစာအုပ်စာရင်း ထည့်သွင်းထားခဲ့တယ်။ ALA ရဲ့ ၁၉၉၀ ခုနှစ်တွေထဲက စိန်ခေါ်မှုအရှိဆုံးစာအုပ်စာရင်းမှာလည်း တည်ရှိနေခဲ့တာပါ။ အဲဒီစာအုပ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းကြတော့ Jeff Bridges က The Giver အဖြစ်သရုပ်ဆောင်ပါတယ်။ the Chief Elder အဖြစ် Meryl Streep ၊ အဓိကသရုပ်ဆောင် ဂျိုနာစ့်အဖြစ် Breton Thwaites က သရုပ်ဆောင်ထားပြီး ဂျိုနာစ့်ရဲ့ ဖခင်အဖြစ် Alexander Skarsgård ရယ်၊ မိခင်အဖြစ် Katie Holmes နဲ့ The Giver ကြီးရဲ့ သမီးလေး ဖြူလျော်ဖျော့တော့ မျက်လုံးလေးတွေနဲ့ ရို့စ်မာရီ အဖြစ် Taylor Swift တို့က သရုပ်ဆောင်ထားကြပါတယ်။ ပြည့်စုံကောင်းမွန်လှတဲ့ကမ္ဘာကြီးမှာ ပဋိပက္ခဆိုတာမရှိဘူး။ လူမျိုးရေးခွဲခြားမှုမရှိ၊ ဖျားနာတယ်မရှိ ။ အဲဒီလိုလူ့အဖွဲ့အစည်းထဲက အဖွဲ့သားတိုင်းမှာတော့ ဦးဆောင်သူသတ်သတ်မှတ်မှတ်ရှိနေတယ်တဲ့။ ရို့စ်မာရီလေးက ၁၀ နှစ်အရွယ်မတိုင်ခင် လေ့ကျင့်ကွင်းမှာ တချို့အဆင့်တွေရှုံးနိမ့်ခဲ့တယ်။ ဝမ်းနည်းနာကျင်မှုမှတ်ဥာဏ်တွေရယ်၊ အထီးကျန်မှုမှတ်ဥာဏ်တွေကင်းစင်သွားစေဖို့လေ့ကျင့်တာ မအောင်မြင်ခဲ့ဘူးလို့ ဆိုတယ်။ ဂျိုနာ့စ်ကတော့ မှတ်ဥာဏ်တွေကို ခံယူသူ Receiver ဖြစ်သွားတော့ ဂျိုနာစ့်က ရိုစ့်မာရီအတွက် ဘယ်လိုများကူနိုင်မလဲ။ ထူးခြားတဲ့ သိပ္ပံဆန်းကြယ်ရုပ်ရှင်ကားဖြစ်ပြီး OneRepublic ရဲ့ ရုပ်ရှင်နောက်ခံသီချင်း Ordinary Human ရဲ့ဆွဲဆောင်အားကလည်း ခပ်ပြင်းပြင်းမို့ စိတ်ဝင်စားစရာ The Giver ပါပဲ။

The Skeleton Twins
Drama / Comedy
Furnace Films
ဒါရိုက်တာ - Craig Johnson
ထုတ်လုပ်သူ - Stephanie Langhoff, Jennifer Lee, Jacob Pechenik 
ဇာတ်ညွှန်း - Craig Johnson, Mark Heyman
သရုပ်ဆောင်များ - Kristen Wiig, Luke Wilson, Bill Hader, Ty Burrell
မက်ဂီ (Kristen Wiig) နဲ့ မိုင်လို (Bill Hader) ဟာ အမွှာမောင်နှမပါ။ ကြိုးတစ်ချောင်းရဲ့ အစွန်းတစ်ဘက်စီမှာရပ်နေကြသူတွေလိုပဲ။ တစ်ရက်ထဲမှာမွေးလာကြတဲံ အဲဒီအမွှာနှစ်ဦးဟာ ဘယ်တော့မှ အဆင်ပြေပြေမရှိကြဘူး။ တစ်ဦးဟာ တစ်ဦးရဲ့အမြင်ထဲမှာ အမြဲဘုဂလန့်ဖြစ်နေတယ်။ မက်ဂီနဲ့ မိုင်လိုတို့ ၁၀ နှစ်တာ ဝေးကွာနေခဲ့ကြပြီး ပြန်ပေါင်းမိကြတဲ့အခါ သူတို့ရဲ့ ဘဝတွေ ဘယ်လို အမှားမှားအယွင်းယွင်းဖြစ်နေလဲဆိုတာ ရင်ဆိုင်တွေ့ကြတော့တယ်။ ၂၀၁၄ ခုနှစ် Sundance ရုပ်ရှင်ပွဲတော်မှာ အစမ်းပွဲပြခဲ့ပါတယ်။ ယူအက်စ်ဒရာမာကားတွေထဲမှာ ဇာတ်ညွှန်းဆုရရှိခဲ့တယ်။ The Skeleton Twins ကို Rotten Tomatoes ရုပ်ရှင်ဝေဖန်ရေး site မှာ 100 % ရာနှုန်းပြည့် မဲပေးထားကြပါတယ်။ "တကယ်ကို ရယ်မောရတယ်။ အံ့သြဖွယ်ကောင်းလှတဲ့ခံစားချက်မျိုးလည်းရသေးတယ်" "အူနှိပ်ရတော့မလောက် မြူးထူးပျော်ရွှင်စရာကောင်းတယ်" "မက်ဂီ နဲ့ မိုင်လိုတို့ရဲ့ ဟန်ပန်တွေဟာ နှလုံးသားကို တည့်တည့်ရိုက်တဲ့ အစစ်အမှန်သရုပ်ဆောင်မှုမျိုး" "စိတ်ကျေနပ်စရာ ဒရာမာဇာတ်မြူးရုပ်ရှင်ပါ" စတဲ့ ဝေဖန်ချက်တွေ တသီတတန်းကြီးပေးထားကြပါတယ်။ အမေရိကန်ရောခ့်အဖွဲ့ Starship ရဲ့ သီချင်းတေးသွားအတိုင်း မက်ဂီနဲ့ မိုင်လိုတို့ သီဆိုနေကြတာက "Nothing's Gonna stop us Now" တဲ့။

Dolphin Tale 2
Drama / Family
Warner Bros.
ဒါရိုက်တာ - Charles Martin Smith
ထုတ်လုပ်သူ - Robert Engelman, Broderick Johnson, Andrew A. Kosove
ဇာတ်ညွှန်း - Charles Martin Smith
သရုပ်ဆောင်များ - Harry Connick Jr., Ashley Judd, Nathan Gamble, Cozi Zuehlsdorff, Kris Kristofferson, Morgan Freeman, Juliana Harkavy, Austin Stowell, Bethany Hamilton, Cameron Boyce
အမေရိကန်ဒါရိုက်တာ Charles Martin Smith ရဲ့ ၂၀၁၁ က ရုပ်ရှင် Dolphin Tale  နောက်ဆက်တွဲရုပ်ရှင်ပါ။ ဖလော်ရီဒါပြည်နယ် Clearwater Marine Aquarium မှာ ရိုက်ကူးခဲ့ကြပါတယ်။ Dolphin Tale 2 မှာ ပထမပိုင်းက လင်းပိုင်မေမေ Winter အပါအဝင် ဘေဘီလင်းပိုင်လေးဖြစ်တဲ့ Hope ကိုပါ သရုပ်ဆောင်စေမှာပါ။ ပြီးခဲ့တဲ့နှစ်များစွာက အဖွဲ့ခေါင်းဆောင် ဒေါက်တာ ကလေးဟာစကက်ထ် (Harry Connick Jr.) ဦးဆောင်တဲ့ စောယာနဲလ်ဆင်(Nathan Gamble) နဲ့ အဖွဲ့ဟာ Clearwater Marine ဆေးရုံမှာ Winter ကို ကယ်ဆယ်ခဲ့ရဖူးတယ်။ ဒေါက်တာ ကင်မရွန်းမက်ကာသီ (Morgan Freeman) က ဒဏ်ရာရနေတဲ့ လင်းပိုင်မလေးကို အမြီးတုတစ်ခုဖန်တီးပေးခဲ့တယ်။ အားလုံးက ဝိုင်းဝန်းကယ်တင်နိုင်ခဲ့ကြပါတယ်။ Winter ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ သူတို့ရဲ့တိုက်ပွဲက မပြီးနိုင်သေးဘူး။ Winter ရဲ့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိခင် Panama က သေဆုံးသွားခဲ့တယ်။ Panama သေဆုံးသွားတာဟာ Winter အတွက် အကြီးမားဆုံး ဂယက်ရိုက်ခတ်မှုကြီးပါပဲ။ USDA ရဲ့ ဥပဒေအတိုင်းဆိုရင် လင်းပိုင်တွေဟာ တစ်ကောင်တည်းထားလို့မရပါဘူး။ လင်းပိုင်တွေရဲ့ သဘာဝအရ တခြားလင်းပိုင်တွေနဲ့ အတူတူနေထိုင်မှဖြစ်မှာဆိုတော့ Winter အတွက် အဖော်ရှာကြတယ်။ အဖော်ရှာမတွေ့နိုင်ကြပဲနဲ့ အချိန်က ကုန်လွယ်လွန်းလိုက်တာ။ အဲဒီလိုနဲ့ပဲ Winter ဟာ လင်းပိုင်အဖော်တွေရှိရာ တခြား ငါးပြတိုက်တစ်ခုကို ပြောင်းရွှေ့ရတော့မလိုဖြစ်နေခဲ့ပြီ။ Cleanwater အဖွဲ့ဟာ Winter ကို သံယောဇဉ်ရှိနေကြသလို Winter ကလည်း အားလုံးနဲ့ မခွဲမခွာရက်နိုင်ဖြစ်နေကြပါပြီ။

The Maze Runner
Action / Mystery / Sci-Fi
20th Century Fox
ဒါရိုက်တာ - Wes Ball
ထုတ်လုပ်သူ - llen Goldsmith-Vein, Marty Bowen, Wyck Godfrey, Lee Stollman
ဇာတ်ညွှန်း - Noah Oppenheim 
ဝတ္ထု - The Maze Runner by James Dashner
သရုပ်ဆောင်များ - Dylan O'Brien, Kaya Scodelario, Thomas Brodie-Sangster, Will Poulter, Patricia Clarkson
သောမတ်စ် (Dylan O'Brien) ဓာတ်လှေကားထဲမှာ နိုးထလာတော့ သူ့နာမည်ကလွဲလို့ ဘာဆိုဘာမှ သတိမရနိုင်တော့ဘူး။ လူငယ်လေး ၆၀ ဦးနဲ့ အတူ၊ အပြင်လောကနဲ့ အဆက်အဆံကင်းမဲ့နေတဲ့ဝန်းကျင်ထဲမှာ သောမတ်စ် ရောက်ရှိနေခဲ့ပြီ။ ဒီလူငယ်လေးတွေဟာ လွတ်လွတ်လပ်လပ် ရှင်သန်နိုင်မယ့်အခြေအနေကို အမြဲစူးစမ်းသင်ယူနေကြတယ်။ သူတို့ရဲ့ ဝမ်းစာအတွက်တော့ ကိုယ်တိုင်စိုက်ပျိုးဖြည့်ဆည်းနိုင်ကြပါတယ်။ ရက် ၃၀ ကြာတိုင်း လူငယ် အသစ်တစ်ဦး ရောက်ရောက်လာတာကိုလည်း ဘယ်ကရောက်လာသလဲ။ ဘယ်သူက ပို့လွှတ်နေသလဲ သူတို့မသိနိုင်ကြဘူး။ သူတို့ရှင်သန်နေတဲ့ကနေရာကွက်လပ်ဝန်းကျင်မှာ ဝင်္ကပါကြီးက စီးမိုးကာရံနေတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ရောက်နှင့်နေကြတဲ့ အဦးဆုံးအဖွဲ့က The Glade တဲ့။ သူတို့လည်း ဝင်္ကပါက လွတ်မြောက်ရာလမ်းကို ရှာဖွေနေတာပါပဲ။ ဒါပေမဲ့ သူတို့ အားလျော့လုနီးပါးဖြစ်လာပြီ။ လက်လျှော့လိုက်မရလိုပဲ။ ဒါပေမဲ့ နောက်ထပ် မေ့မြောနေတဲ့မိန်းကလေးတစ်ယောက်ရောက်လာပြီးတဲ့အခါ ပိတ်ဆို့တားဆီးခံထားရတဲ့ သူတို့ရဲ့ကမ္ဘာဟာ ပြောင်းလဲခြင်းစတင်လာခဲ့တယ်။ မြန်မြန်ဆန်ဆန် လျှောက်လှမ်းလာတဲ့ဖြစ်ရပ်အသစ်တွေမှာ လူငယ်လေးတွေကို အထိတ်တလန့်ဖြစ်စေခဲ့တဲ့ သူတွေပါဝင်လာကြတယ်။ The Maze Runner ရဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို ယူနိုက်တက်စတိတ်၊ လူဝီစီယားနားပြည်နယ် မြို့တော် Bâton-Rouge မှာ ရိုက်ကူးခဲ့ကြပါတယ်။
 

ဖြိုးဖြိုး
(Yati Magazine, September, 2014)

2 comments:

Aunty Tint said...

ရုပ်ရှင်ကောင်းတွေချည်း ညွှန်းသွားတာပါလား ကျေးဇူးပါ ဖြိုးရေ..

PhyoPhyo said...

Aunty Tint <3 <3
thanks and best regards