မေတ္တာ အခါတော်နေ့ပါ။ deadline ပေးထားတဲ့ နိုင်ငံတကာသတင်းတွေ အချိန်မှီ ပေးဖို့ ရှိနေတာကြောင့် သတိမေ့ပြီးဝါခေါင်လပြည့် အမှီ စာမရေးနိုင်ခဲ့ပါဘူး။
မြန်မာ လ ၁၂လမှာ ၀ါခေါင်လဟာလည်း နေ့ထူးနေ့မြတ်လမြတ်ပါ။လမြတ်ဝါခေါင် ရေဖေါင်ဖေါင်လို့အဆိုရှိပါတယ်။ခလေးတိုင်းလိုလို ၀ါဆိုဝါခေါင် ရေတွေ ကြီးလို့သပြေသီးမှည့်ကောက်စို့ကွယ် လို့ ဆိုခဲ့ကြတာ ခုလည်းဆိုနေကြတာပါပဲ။
ရာသီ သိဟ်ဝယ်၊နေမိန္ဒရ၊
ဝါခေါင်လမို့ ၊တောင်များထွတ်စွန်၊သရ၀ဏ်လည်း၊
ရောင်ဝှန်တေဇာ၊ပန်းခတ္တာနှင့်၊ခိုင်ညှာပွင့်ကြူ၊
တိုင်းပြည်သူတို့၊လှူစာရေးတံ၊သဘင်စုံခံဆဲမှာ ၊
လွမ်းရန်ဘွဲ့ သည်အချိန်ကို၊
ဒေ၀ရိန် ပဇ္ဇုန်မှူးရယ်က ၊မြူးလှတယ်လေး။
စသည် ရှေးစာဆိုတို့ ဖွဲ့သီ ခဲ့ကြတယ်။
ဝါခေါင်လဟာ မိုးဥတုမှာ ကျရောက်တာကြောင့် မိုးများပြီး မြစ်တွေချောင်းတွေ ရေကြီး ရေလျှံတဲ့ ကာလဖြစ်ပါတယ်။နက္ခတ်ကသရ၀ဏ် ရာသီက သိဟ် လို့ ဆိုပါတယ်။ ပန်းက ခတ္တာတဲ့။ ခတ္တာငုံပန်းနှစ်ဆင့်ရယ်နှင့် ၊လှမ်းလင့်လို့ ရွာကိုဝင် ၊အမြင်ဆန်းပါဘိလေး။ လို့ သပြေညိုကဗျာတွေ ငယ်ငယ်ကကျက်မှတ်ခဲ့ရတယ်။ဝါခေါင်လမှာ အထင်ရှားဆုံး မြန်မာ့ယဉ်ကျေးမှုပွဲတော်ကတော့ စာရေးတံပွဲပေါ့။ အဓိပ္ပါယ်ကတော့
ရှေးက ၀ါးတံပေါ်မှာ သံဃာအပါးဘယ်လောက် ဘွဲ့အမည်၊ဘယ်သူ့အိမ်စသည် အမှတ်သညာပြု ရေးထိုးပြီး မဲနှိုက်ဆုံးဖြတ်ရတာပါ။ယခုခေတ်မှာတော့ စက္ကူမဲလိပ်ကလေးမှာအပြည့်အစုံ ရေး မဲနှိုက်ရတာပေါ့။အလွန်မွန်မြတ်ပါတယ်။ပုဂ္ဂိုလ်စွဲ သံဃာစွဲမရှိ ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေ ရိုသေစွာ ဆွမ်းလုပ်ကြွေးကြရ လှူရတန်းရပါတယ်။ဖြိုးဖြိုးတို့ မောင်နှမတတွေ အလွန်ပျော်တဲ့ပွဲပေါ့။လူကြီးတွေက ချက်ကြ ပြုတ်ကြ သူတို့လေးတွေကအိမ်ပေါ်အိမ်အောက် ဆင်းလိုက် တက်လိုက် လုံးလားထွေးလားပျော်ကြ ပါးကြ ပေါ့။ဘုန်းကြီးတွေ ပြန်ကြွပလားဆိုမှဖြင့် သူတို့လေးတွေ ၀ုန်းဝုန်းဒိုင်းဒိုင်း နဲ့ ၀ိုင်းတွယ်ကြတာလေ။ပြောင်တလင်းကို ခါရော။သိပ်ရယ်ရတာပဲ။
ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေစဉ် ရဟန်းငယ်အချို့ တောအုပ်အတွင်း ၀င်ရောက် တရားရှုမှတ်ရာမှာ ရုက္ခစိုးများတောစောင့် တောင်စောင့်နတ်များ စသည် ဘုံဗိမာန်ပျောက်လို့ညိုညင်ကြတယ်။တဲ့။ခြောက်လှန့်ခြင်း ပြုလုပ်ကြတယ် တဲ့။ရဟန်းငယ်များဟာ ဘုရားရှင်ထံ ပြန်လည်လျှောက် ထားကြရာမှာဘုရားရှင်က “ ယဿာနုဘာဝတော ယက္ခာ ၊နေ၀ ဒေဿန္တိဘီသနံ အစချီ “ တရားတော်ကို ဟောကြားလိုက်ပြီးတရားရှုမှတ်စေပါတယ်။
သတ္တ၀ါတိုင်းအပေါ်မှာ အယုတ်အလတ်မရွေး အကြီးအငယ်မရွေးအရှည်အတို ဆူကြုံနိမ့်မြင့်မရွေး မေတ္တာ ဘာဝနာပွားများရန်သွန်သင်ဆုံးမပြီး တောအုပ်အတွင်းပြန်ဝင်စေပါတယ်။ဒီအခါမှာတော့..
ရဟန်းများလည်း သဘောပေါက် နားဝင်ပြီး မေတ္တာနိုင်နိုင်ပို့သကြပါတယ်။ မြတ်ဘုရားဟောကြားတော်မူတဲ့မေတ္တာသုတ်ကို မပြတ်ရွတ်ဖတ်ကြတယ် ။ အေးဆေးငြိမ်သက်စွာတရားရှုမှတ်နိုင်ခဲ့ကြပါတယ် တဲ့။
ဘုရားရှင် ကိုယ်တော်တိုင်လည်း မိမိကို အမြဲ ကန့်လန့်တိုက်ဆန့်ကျင်ခဲ့တဲ့ မာရ်နတ်၊အာဠာဝကဘီလူး။နာဠာဂီရိ၊အင်္ဂုလိမာလ၊စိဉ္ဇမာန၊သစ္စက ပရဗိုဇ်။ နန္ဒော ပနန္ဒနဂါးမင်း၊ဗကဗြဟ္မာစသည်တို့ကို မေတ္တာနဲ့ အောင်မြင်ခဲ့တာပဲ မဟုတ်လား။မေတ္တာဆောင်တဲ့အတွက် အစစ အရာရာအောင်မြင်ခဲ့တာဖြစ်ပါတယ်။ရန်ရန်ချင်း တုံ့ပြန် နှိမ်နင်းနေလို့ကတော့ ဆုံးစမရှိ သံသရာမှာ ရှည်ကြာစေမါလိမ့်မယ်။ဒါ့ကြောင့်လူသားတိုင်း လူသားတိုင်း တတ်စွမ်းနိုင်သလောက် စိတ်ရှည်သည်းခံပြီး တဘက်လူကို မေတ္တာအရင်းခံထားပြီး မေတ္တာစကားများများ ပြောကြားကြမယ်ဆိုရင် ဘာမဆိုငြိမ်းအေးအောင်မြင်မှာပါလို့ မေတ္တာအခါတော်နေ့မှာ မေတ္တာစကားပြောကြားလိုက်ပါရစေ။
ခင်မေသစ်
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့( ၂၁၊၈၊၂၀၁၃)
1 comment:
ဗုဒ္ဓရှင်တော်မြတ်ရဲ့ အဆုံးအမလေးတွေနဲ့အတူ မေတ္တာစကားလေးတွေ ဖတ်သွားတယ်..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment