Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Monday, September 30, 2013
ဘယ်သူကအခြားတစ်ယောက်လဲ
ဘယ်သူကအခြားတစ်ယောက်လဲ
ဝီလျံဝုဖ်ကို အမ်မီလီရာ ဂရင်းလိဖ် လာကြိုချိန် သူ့လိုပဲ ကလေးလာကြိုသည့် အသစ်ရောက်လာသည့် မိခင်အမျိုးသမီး တစ်ဦးနှင့်တွေ့ သည်။ ကလေးတွေကိုစောင့်ရင်း အပြန်အလှန်မိတ်ဆက် စကားတွေဆိုကြသည်။ လူတွေက ဘာလို့ စူးစမ်းတဲ့မျက်လုံး တွေနဲ့ ကြည့်နေကြပါလိမ့်။
            “အင်း ရှင်က အသစ်ရောက်လာတဲ့သူမို့ အားလုံးကစူးစမ်းနေကြတာ၊ ပြီးတော့ ရှင်နဲ့စကားပြောနေတဲ့ကျွန်မက ဒုတိယမယား ဖြစ်နေ လို့ပေါ့၊ ကျန်တဲ့မိခင်တွေက စကားတင်းဆိုကြတယ်၊ မိသားစုဖြိုခွဲသူဆိုပြီး.. ”
            “ အော်အော် ကယ်လီဖိုးနီုးယားမှာ ဒီလိုပဲလား”
“ ရှင်စိတ်ရှုပ်သွားလို့လား..”
အသစ်ရောက်လာတဲ့ကလေးရဲ့မိခင်က ခေါင်းယမ်းသည်။ ကလေးတွေကျောင်းဆင်းချိန်၊ ၀ီလျံဝုဖ် က ပြေးထွက်လာပေမဲ့ လာကြိုတဲ့မိထွေးဖြစ်သူ အမ်မီလီရာဆီ မလာ။ အနားမှာရပ်နေတဲ့ကလေးထိန်း ဆိုနီယာ့ကိုသာပြေးဖက်နှုတ်ဆက်သည်။ အမ်မီလီရာ သက်ပြင်းချမိသည်။ ဒီနေ့က ၀ီလျံလေးက မိထွေးအိမ်ကို လိုက်ပါရမည့်နေ့။ ဆိုနီယာက ကလေးကို ဆေးတိုက်ဖို့၊ အ၀တ်တွေ လျှော်ဖွတ်ပြင်ဆင်ပေးဖို့မှာတော့ အမ်မီလီရာ စိတ်ထဲစနိုးစနောင့်ဖြစ်ရသည်။ ငါက ဂရုမစိုက်လို့လား၊ သွား အပိုစကားလုံးတွေ။ ဆိုနီယာက ပြောသေးသည်။ အဲဒါ ၀ီလျံအမေက ပြောခိုင်းတာ၊ ကျွန်မ ပြောတာမဟုတ်ဘူးတဲ့။ ပြေလည်အောင် ဟုတ်ကဲ့ကျွန်မ ဂရုစိုက်ပါ့မယ်လို့ ကျိုးကျိုးနွံနံွံပုံစံနဲ့ အမ်မီလီရာပြောရသည်။ လူတစ်ယောက်ကိုချစ်မိမှတော့ သူ့ကလေးနဲ့အတူ အရာရာကို စိတ်ရှည် သည်းခံရတော့မပေါ့။
ကျောင်းအဆင်းမှာ မိုးရွာတော့ ၀ီလျံက “ ဘာလို့ဖုန်းဆက်ပြီး ကားမငှားတာလဲ အားလုံး ဒီလိုပဲလုပ်တဲ့ဟာ”တဲ့။ အားလုံးတော့ မငှားနိုင်ကြပါဘူးလို့ အမ်မီလီရာပြောပေမဲ့ ၀ီလျံကတစ်ဇွတ်ထိုး။ `ကျွန်တော့်အဖေငှားနိုင်တယ်´တဲ့။
“အခု ဒီနားမှာ မိခင်တွေပဲရှိတယ်။ သူတို့ကိုကြည့်လိုက် ငှားလို့လားကွဲ့”
အမ်မီလီရာ ဘယ်လောက်ပြောပြော ၀ီလျံက ရပုံမပေါ်။ `မိုးရွာရင် ဆိုနီယာကကတော့ အမြဲကားငှားတာပဲ´လို့ စောဒက တက်နေပြန်သည်။
“ ၈နှစ်သားကလေးက ကားငှားဖို့ကိစ္စပြောနေတာ ထပ်မကြားချင်တော့ဘူး”လို့ ပြောရသည်အထိ။ခေါင်းမာလှတဲ့ ဒီကလေးကို ပျော့ပျောင်းညွတ်နူးလာအောင် ဘယ်လိုပုံသွင်းပြုပြင်ယူရပါ့။ အမ်မီလီရာ နောက်ဆုံးတော့ ကားငှားရသည်။ ကားငှားဖို့ကိစ္စနှင့် အချေ အတင်စကားတွေဆိုရသလို အိမ်ရောက်တော့လည်း ပစ္စည်းဟောင်းတွေရောင်းဖို့ကိစ္စနဲ့ စကားထပ်များသည်။
ဖခင် ဂျက်ပြန်လာတော့ ၀ီလျံက ဦးအောင်တိုင်သည်။ ပစ္စည်းဟောင်းတွေ မသုံးတော့တဲ့ပစ္စည်းတွေ ရောင်းပစ်ဖို့ ၀ီလျံက ပြောခဲ့သည်။ သူရောင်းခိုင်းသည့်ပစ္စည်းတွေက အမ်မီလီရာ အသက်တမျှ မပစ်ရက်လို့သိမ်းထားခဲ့သည့် ပစ္စည်းတွေ ဖြစ်နေ သည်ကိုး။ ၈ရက်သားအရွယ်မှာ ဆုံးပါးသွားသည့်သမီးလေး အစ်ဇဘဲလ်၊ ဂျက်နဲ့ အမ်မီလီရာတို့ရဲ့ ကလေး၊ ဒီကလေးရဲ့ပုခက်၊ တွန်းလှည်း စတာတွေကို ပစ္စည်းဟောင်းရောင်းသည့် အီဘေးရပ်ကွက်မှာ သွားရောင်းပစ်ဖို့ ၀ီလျံက တိုက်တွန်းခဲ့သည်။ ၀ီလျံက ကလေးအတွေးနှင့် အပိုပစ္စည်းတွေလို့မြင်သည်။ ဂျက်က စကားကိုထိန်းပြောရသည်။ အမ်မီလီရာ့ခံစားချက်ကိုလည်းနားလည်သည်။ ၀ီလျံသဘောထား ကိုလည်း သိသည်။ ၀ီလျံပခုံးကို ဖေးမဆုပ်ကိုင်ကာ နားဝင်အောင်ပြောရသည်။
“အမ်မီလီရာက သူ့သမီးလေးနဲ့ပတ်သက်ပြီး အရမ်းဝမ်းနည်းနေတာ၊ သူဘယ်ရောင်းချင်မလဲသားရဲ့၊ သားဘက်ကလည်း မှန်ပါတယ်၊ အဖေတို့က ဒီပစ္စည်းတွေ သုံးမှမသုံးတော့တာ၊ ဒါပေမဲ့ အ အမ်မီလီရာ့ဘက်ကလည်း မှန်တာပဲ၊ ကလေးပစ္စည်းတွေ အဖေတို့ ရောင်းလို့မဖြစ်ဘူးနော် သား အိုကေတယ်နော်”
ဝီလျံက ဆောရီးအဖေ တဲ့။ ညအိပ်ရာဝင်ကြတော့ အမ်မီလီရာက ဂျက်ကို ရင်ဖွင့်သည်။
“ ကလေးရဲ့အခန်းကို ကျွန်မရှင်းသင့်ပြီလို့ သိပါတယ်၊ ဒါပေမဲ့ ဒါတွေရှင်းလင်းပစ်ဖို့ ခွန်အားမရှိသေးလို့ပါ၊ ကျွန်မ အကဲပိုတာ မဟုတ်ပါဘူး၊ စိတ်ထဲထိခိုက်လွန်းလို့ ၀ီ့လ်ကို ပါးစပ်ပိတ်ထားတော့လို့ အော်မိခဲ့တာ တောင်းပန်ပါတယ်”
စာအုပ်ဖတ်ဦးမယ်လို့ ပြောပြီး စာအုပ်ကိုမဖတ်နိုင်တော့။ အိပ်ပျော်သွားသည့် ဂျက်ကိုကြည့်ကာ ဂျက်နှင့်စတင်တွေ့ဆုံခဲ့သည့် အတိတ်ဆီသို့ စိတ်တွေ ရွက်လွှင့်မိတော့သည်။
xxxxx
တကယ်တော့ ဂျက်မှာ အိမ်ထောင်မိသားစုရှိနှင့်တာ အမ်မီလီရာသိခဲ့ပါသည်။ ဒါပေမဲ့ ဂျက်က ဇနီးဖြစ်သူ ကယ်ရိုလင်းနှင့် သဘောချင်းမတိုက်ဆိုင်လို့ အစွန်းနှစ်ဖက်လို ဝေးကွာနေခဲ့ပြီ။ ဒီအချိန်မှာပဲ အလုပ်ကိစ္စဖြင့် ခရီးတစ်ခုအတူထွက်ဖို့ကြုံသည်။ အိမ်ထောင်ရေးအဆင်မပြေသူ ဂျက်ကို အမ်မီလီရာက ကရုဏာကြီးစွာသက်ဝင်ကာ ဒီခရီးမှာပဲ ချစ်စခန်းဖွင့်မိခဲ့ကြသည်။ ခရီးက ပြန်လာ၊ အတော်လေးကြာတော့ အမ်မီလီရာက “ကျွန်မတို့အတူနေရအောင် ဂျက်၊ ကျွန်မ ရှင့်ကိုချစ်တယ်၊ ရှင်ကျွန်မကို ချစ်တာလည်း ကောင်းကောင်းသိတယ်”ဆိုပြီ။
“ဟုတ်တယ် ချစ်တယ် သိပ်ချစ်ပါတယ်အမ်မီလီ၊ ဒါပေမဲ့ ငါ့မှာ မိသားစုကရှိနေတယ်”
“ ရှင်ပဲပြောတယ်လေ၊ သားတစ်ယောက်ပဲရှိတာပါ၊ အိမ်ထောင်တစ်ခု ရှိတာမဟုတ်တော့ဘူးဆို”
“ ကောင်းပြီ ဒီသားလေးက အိမ်ထောင်တစ်ခုဆိုတာထက်ပိုတယ်၊ ပြီးတော့ သားလေးက အပျော်ရွှင်ရဆုံးကလေး မဖြစ်ခဲ့ရှာဘူး၊ သဘောချင်းမမျှတဲ့ ငါတို့မိဘတွေကြောင့် သူအထီးကျန်ခဲ့ရတယ်၊ ကလေးတစ်ယာက် အထီးကျန်တာထက် ဘ၀မှာ ဆိုးတာမရှိတော့ဘူး”
အထီးကျန်စိတ်ကြောင့် သိမ်မွေ့ခြင်းကင်းကာ တစ်ဇောက်ကန်းပုံစံပေါက်နေသည့် ၀ီလျံကို အမ်မီလီရာ အနွံအတာခံကာ ချဉ်းကပ်ရသည်။ ပထမဆုံးဆုံသည့်နေ့က ဒိုင်နိုဆောရုပ်လေး ၀ယ်ခဲ့ပေးတော့ အမ်မီလီရာ့လက်ထဲက အ၀ါရောင်အရုပ်ကိုကြည့်ကာ “ဒိုင်နိုဆောတွေမှာ အ၀ါရောင်ရှိမယ်လို့ ကျွန်တော်မထင်ပါဘူး”တဲ့၊ ပြီးတော့ အရုပ်ဝယ်ပေးရလောက်အောင် သူကလေးမဟုတ်တော့ ပါဘူးလို့ ပြောသေးသည်။
“မြို့တော်ပန်းခြံအကြောင်းရေးထားတဲ့စာအုပ်လည်းပါတယ်၊ အဲဒီနေရာက ငါမင်းအရွယ်လောက်တုန်းက သိပ်သဘောကျခဲ့တဲ့ နေရာပေါ့”
“ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်”လို့တော့ ၀ီလျံက ပြောသည်။
xxxxxxx
စာအုပ်ကိုင်ရင်း ဂျက်ကို ငေးကာ အတိတ်ကို အမ်မီလီရာပြန်သွားနေမိသည်။ အခုတော့လည်း ဂျက်က ကယ်ရိုလင်းနှင့် ပြတ်စဲကာ သူမကို လက်ထပ်ခဲ့ပြီးပြီပဲ။ ၀ီလျံကတော့ မိခင်ဆီမှာ တစ်လှည့်၊ ဖခင်နှင့်မိထွေး အမ်မီလီရာဆီမှာ တစ်လှည့် နေသည်။ ၀ီလျံကို ကျောင်းသွားကြိုကာ ညစာအတူလုပ်စားကြသည်။ ၀ီလျံက တစ်နေ့ စကားအဆန်းပြောသည်။
“ ခင်ဗျားသိလား၊ အစ်ဇဘဲလ်က ဘယ်တုန်းကမှ လူတစ်ယောက် မဖြစ်ခဲ့ရဘူး၊ ဂျူးဥပဒေမှာ ကလေးတစ်ယောက် ၈ရက်မပြည့်သေးရင် လူလို့ မသတ်မှတ်ဘူးတဲ့၊ သူသေတော့ ၃ရက်ပဲ ရှိသေးတာ။ ဒီတော့ သူ လူမဖြစ်ခဲ့ဘူး”
အဲဒါဘယ်ကကြားလဲ အမ်မီလီရာမေးတော့ ၀ီလျံက အမေ့ဆီကတဲ့။
“ ကျွန်တော် အစ်ဇဘဲလ်အတွက် နည်းနည်းပဲ ၀မ်းနည်းတယ်၊ ကျွန်တော့်ညီမလေးအဖြစ် အချိန်အကြာကြီးအနားမှာရှိခဲ့တာ မဟုတ်တော့သိပ်ဝမ်းမနည်းမိဘူး၊ အဲဒီမှာ သူ လူမဖြစ်ခဲ့ဘူးဆိုတာ အမေက ပြောပြခဲ့တော့ ဒီတော့ ကျွန်တော်သူ့အတွက် ၀မ်းမနည်းမိတာ အပြစ်မရှိဘူးပေါ့”
“ မဟုတ်ဘူး၊ အစ်ဇဘဲလ်က လူတစ်ယောက်အဖြစ် လူ့လောကထဲ အသေအချာ ရောက်ခဲ့တယ်၊ မင်းလို လူတစ်ယောက်ပဲ”
စကားက မရည်ရွယ်ဘဲ အချေအတင်ပြောဖြစ်ပြန်ပြီ။ ၀ီလျံက ခေါင်းမာမာဖြင့် ထပ်ပြောလိုက်သေးသည်။
“ အမေကတော့ သူသေတုန်းက အသုဘလုပ်ခွင့်ပြုတာကိုပဲ အံ့သြမဆုံးဖြစ်နေတယ်တဲ့”
ဘာပဲဖြစ်ဖြစ် ဒီချာတိတ်ကလေး သူမအပေါ် အကောင်းမြင်ချစ်ခင်ရင်းနှီးလာစေဖို့ အမ်မီလီရာ မျှော်လင့်နေပ်ါသည်။
အမ်မီလီရာက ၀ီလျံ့မိခင်ရင်းထက် ၀ီလျံကို အချိန်ပိုပေးနိုင်သည်။ ဒီတော့လည်း မသိမသာ သံယောဇဉ်တွယ်လာပါပြီ။
“အမေနဲ့ အခုလို နေချင်တာ”တဲ့။ မညာဘဲပြောချလိုက်သည့် ကလေးတစ်ယောက်ရဲ့စကားက အမ်မီလီရာ့စိတ်ကို ချွတ်ချုံကျ စေသည်။ ကျောင်းအပြန်လမ်းမှာ သူမကို လက်တွဲလာသည့် ၀ီလျံအပြုအမူကြောင့် အမ်မီလီရာအံ့သြ၀မ်းသာရသည်။
ဝီလျံ့အတွက် ဂျက် နှင့် ကယ်ရိုလင်းတို့ကို ကျောင်းဆရာမက ခေါ်တွေ့သည်။ ကျောင်းခန်းနံရံမှာ ကလေးတွေရဲ့လက်ရာ ပန်းချီပုံတွေ ကပ်ထားသည်ကိုမြင်လျှင် ၀ီလျံဆွဲတဲ့ပုံကော လို့ ကယ်ရိုလင်းကမေးသည်။ ဆရာမက နံရံထက်က ဆွဲဖြုတ်ပြလာသည့် ပုံကိုကြည့်ကာ ကယ်ရိုလင်းက“ဒါသူ့မိသားစု မဟုတ်ဘူး”အော်ရင်း စာရွက်ကို စိတ်လိုက်မာန်ပါဆွဲဖြဲပစ်မိသည်။ “မင်းဒါဘာလုပ်တာ လဲကွ”ဂျက်က လုယူလိုက်လို့ အစိတ်စိတ်အမြွှာမြွှာတော့ဖြစ်မသွားခဲ့။
“ ကျွန်မကျောင်းအခန်းထဲက ပစ္စည်းတစ်ခုကို ဖျက်ဆီးတာ ကျွန်မလက်မခံဘူး”ဆရာမ စိတ်ဆိုးသွားသည်။ ဂျက်ကပဲ တောင်းပန်ကာ နှစ်ခြမ်းကွဲသွားသည့်စာရွက်ကို ပြန်ဆက်ပေးရသည်။ ၀ီလျံဆွဲသည့်ပုံထဲမှာ လူ ၅ယောက်၊ ဒယ်ဒီ မာမီရေးထိုးထားသည့် လူနှစ်ဦးပုံ ခြံရံကာ ၀ီလျံကအလယ်က တစ်ဖက်တစ်ချက် လက်တွေ ချိတ်ထားသည်။ မလှမ်းမကမ်းမှာ အမ်မီလီလို့ရေးထားသည့်ပုံ၊ အစ်ဇဘဲလ် ကိုတော့ နတ်သမီးလေးပုံစံ ကောင်းကင်မှာ အတောင်ပံ လေးတွေနှင့်။ ကယ်ရိုလင်းကို ဂျက်အကြီးအကျယ်စိတ်ပျက် သွားခဲ့ပြီ။ ဒါ ဒေါသထွက်စရာလား၊ ဒါမိသားစုဝင်တွေပဲဟာ၊ ၀ီလျံလို ကလေးကတောင် မိသားစုကို အတိအကျပုံဖော်နိုင်စွမ်းရှိပါလျက်နဲ့ ကယ်ရိုလင်းက ပစ်ပစ်ခါခါ ဘာဖြစ်ရတာလဲ။  ဂျက် မကျေနပ်။
တစ်ည အမ်မီလီရာ မအိပ်ဘဲ ဓာတ်ပုံတချို့ကို ထုတ်ကြည့်နေတာ ဂျက်မြင်သွားသည်။ အစ်ဇဘဲလ်လေးရဲ့ ပုံတွေ။
“အစ်ဇဘဲလ်ကို မွေးတဲ့နေ့နဲ့ ၀ီလျံကိုမွေးတဲ့နေ့တွေက ငါ့အတွက်အပျော်ဆုံးနေ့တွေပဲ”လို့ ဂျက်ကပြောသည်။ မနက်ဖြန် ၀ီလျံ့ကျောင်းကို လာခဲ့ဖို့ ဂျက်ကပြောသည်။ မျက်ရည်တွေနှင့် အမ်မီလီရာ ခေါင်းညိတ်ခဲ့သည်။
ကျောင်းဂိတ်မှာပဲ ကယ်ရိုလင်းနှင့်ဆုံသည်။ ကယ်ရိုလင်းက စက်သေနတ်နှင့်ပစ်သလို တရစပ် အပြစ်ဖို့သည်။
“ ဒီကို ဘာလာလုပ်တာလဲ၊ တန်းစီစောင့်လို့ရတဲ့စာရင်းမှာတောင် နင်မပါဘူး၊ နင့်ကြောင့် အားလုံးပျက်စီးခဲ့တာ၊ ငါ့သား ၀ီလျံ မှာ စိတ်ဒဏ်ရာရနေပြီ”
“ စိတ်ထိန်းစမ်းပါကယ်ရိုလင်း၊ ကမ္ဘာပျက်တော့မှာမှ မဟုတ်တာ”လို့ ဂျက်ဝင်ပြောမှ ပိုဆိုးပြီ။
“ အော်အော် ဟုတ်ပါ့ဟုတ်ပါ့၊ ရှင့်ကမ္ဘာပျက်တာမှ မဟုတ်တာပဲ”လို့ ကယ်ရိုလင်းက ပက်ခနဲတုံ့ပြန်သည်။
အခြေအနေက လုံးဝမလှ။ လူကြီးတွေမျက်နှာကို တစ်ယောက်ချင်း လိုက်ငေးကြည့်နေသည့် ၀ီလျံ့ကို ခေါ်ကာ “အရင်ပြန်နှင့် မယ်”ပြောရင်း ရှောင်ထွက်ရသည်။ အိမ်မပြန်ကြသေးဘဲ ရေခဲပြင်စကိတ် ၀င်စီးကြသည်။ ခဏနားချိန်မှာ ၀ီလျံက ပန်းခြံဘယ်လောက် ကျယ်ဆိုတာကို အတိအကျပြောပြလို့ အမ်မီလီရာအံ့သြရသည်။
“ ခင်ဗျားပေးခဲ့တဲ့ စာအုပ်ထဲမှာ ပါတာပဲလေ”
“ အို..ဒါဖြင့် ငါပေးတဲ့အဲဒီစာအုပ် မင်းဖတ်ခဲ့တယ်ပေါ့၊ ချောင်မထိုးခဲ့ဘူးပေါ့”အမ်မီလီရာ ပျော်သွားပြီ။
ဝီလျံ့မျက်နှာကရှုတည်တည်နှင့်။“ အမေ ကျွန်တော့်ကို ဒေါသထွက်နေတယ်”လို့ စကားလွှဲပြောင်းသည်။ “ အဲဒါ မင်းကို ထွက်တာမဟုတ်ဘူး၊ မင်းအဖေ ဂျက်နဲ့ ငါ့ကိုပဲ သူ ဒေါသထွက်တာပါ”လို့ နှစ်သိမ့်ရသည်။
            “သူဒုက္ခရောက်အောင်လုပ်ပါ့မလား၊ ကျွန်မ သူ့ကိုချစ်ပ်ါတယ်၊ ကျွန်မက သူ့မိထွေးပဲလေ”
            “ အဲဒါ ဘာလုပ်ရမှာလဲ၊ ဘာမှမဆိုင်ဘူး၊ နင်သူ့ကို ထိခိုက်အောင်ထပ်လုပ်မယ်ဆိုရင် တရားစွဲမယ်၊ နင် ငါ့သားနဲ့ ကင်းကင်း နေ”
စိတ်ဓာတ်ကျဆင်းနေသည့် အမ်မီလီရာ့ကို သူငယ်ချင်းတွေက အားပေးစကားပြောသည်။ ဒါတွေကို ကျော်ဖြတ်ဖို့အချိန်ပဲ လိုသည်တဲ့။ တက်တက်ကြွကြွနေဖို့၊ လမ်းလျှောက်ဆုတောင်းပွဲမှာပါဝင်ဖို့ ဖျောင်းဖျကြသည်။
“ မြို့တော်ပန်းခြံမှာ၊ ကလေးဆုံးရှုံးခဲ့ရတဲ့မိဘတွေ စုဝေးပြီး၊ ဖယောင်းတိုင်လေးတွေ ကိုယ်စီကိုင်ထွန်းညှိပြီး လမ်းလျှောက်ကြ တာ၊ ငါ့ဘ၀ကိုလည်း ဒီလမ်းလျှောက်ပွဲက ကယ်တင်ပေးခဲ့တာ၊ ငါ့စိတ်တွေပြန်လည်ထူမတ်လာနိုင်တာ၊ ဒီလမ်းလျှောက်ပွဲကြောင့်ပဲ၊ ဒဏ်ရာခံစားချက်တွေကို ဖြေဖျောက်နိုင်ခဲ့တယ်”စာနာမှုအပြည့်ုနှင့်ပြောလာသည့် သူငယ်ချင်းကို အမ်မီလီရာ ခပ်စိမ်းစိမ်းသာ ကြည့်နေခဲ့ သည်။
ဂျက်ကလည်း သူငယ်ချင်းတွေလိုပဲ အမ်မီလီရာ့ကို ဖိအားပေးသည်။
“လမ်းလျှောက်ပွဲ မင်း ၀င်လျှောက်ရမယ်၊ ငါရောမင်းရော ၀ီလျံရော၊ အစ်ဇဘဲလ်က ငါတို့ရဲ့ကလေး၊ ၀ီလျံရဲ့ညီမလေးပဲ၊ မိသားစုဆိုတာ ဒါပဲလေ”
`         
            လမ်းလျှောက်ပွဲနေ့ရောက်ခဲ့ပြီ။ တာဝန်ခံအမျိုးသမီးကို “အွန်လိုင်းကနေ ကျွန်မတို့စာရင်း ပေးသွင်းပြီးပါပြီ၊ ဂျက်ဝုဖ်၊ ၀ီလျံဝုဖ်၊ အမ်မီလီရာဂရင်းလိဖ်”လို့ပြောသည်နှင့်တာဝန်ခံက “ နတ်သမီးလေးရဲ့အမည်ကရော”လို့ပြန်မေးသည်။ သေဆုံးသူရဲ့အမည်ပေါ့။
            “ အစ်ဇဘဲလ်ဂရင်းလိဖ်ဝုဖ်”
            “ ကောင်းပါပြီ၊ ဖယောင်းတိုင်နဲ့ မီးပုံးလေးတွေက ရေမှာမျှောဖို့ပါ၊ ဘယ်ချိန် မီးထွန်းညှိရမယ် ဆိုတာ ကျွန်မတို့ပြောပါမယ်၊ အတူတူထွန်းညှိကြမယ်”
            လမ်းလျှောက်ပွဲစတင်ပြီ။ လူတစ်ယောက်က နှုတ်ဆက်စကားပြောသည်။
“ မိသားစုတွေ အားလုံးကို လမ်းလျှောက်ပွဲက ကြိုဆိုပါတယ်၊ မိသားစုဝင် တစ်ယောက်ယောက်ကို ဘာကြောင့်ပဲဖြစ်ဖြစ် ဆုံး ရှုံးခဲ့ရင် ကျွန်မတို့ကို အချိန်မရွေး လာရောက်တွေ့ဆုံနိုင်ပါတယ်၊ ပန်းတိုင်ရောက်တဲ့အထိ တိတ်ဆိတ်စွာနဲ့ လမ်းလျှောက်ရမှာပါ၊ ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ထိုက်တန်တဲ့ရလဒ် ခံစားရမှာပါ၊ သေခြင်းတရားဆိုတာ ဘာမှ မဆန်းပါဘူး၊ တခြားအခန်းတစ်ခု ထဲကို ရောက်ရှိသွားခြင်းပါပဲ၊ ကျွန်ုပ်က ကျွန်ုပ်၊ သင်က သင်၊ ဘာမှထူးခြားမသွားပါဘူး၊ အဲဒီအတွက် ၀မ်းနည်းပူ ဆွေးတာတွေ မဖြစ်ကြ ပါနဲ့၊ ပြုံးပါ၊ ရယ်ပါ၊ တက်တက်ကြွကြွနဲ့ ဘ၀ထဲက လုပ်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားပါ”
`                                              xxxxxx
ဂျက်ရဲ့ ဇနီးဟောင်း ကယ်ရိုလင်းက အခြားယောက်ျားတစ်ယောက်နှင့်ဖူးစာဆုံသွားခဲ့ပြီ။ အဆုံးသတ်မှာ ဂျက်အတွက် ကယ်ရိုလင်းက အခြားမိန်းမတစ်ယောက် ဖြစ်သွားခဲ့သလား။ ဒါမှမဟုတ် အမ်မီလီရာက ဂျက်အတွက် ကယ်ရိုလင်းအပြင် ထပ်မံဆုံစည်းရတဲ့ အခြားမိန်းမတစ်ယောက်ပဲလား။ ၀ီလျံ့နေရာက ၀င်ကြည့်ပါဦး။ ၀ီလျံ့အတွက် မိခင်ရင်း ကယ်ရိုလင်းက အခြားမိန်းမ တစ်ယောက်ဖြစ်သွားမှာလား။ ဒါမှမဟုတ် အမ်မီလီရာကပဲ ၀ီလျံ့အတွက် အခြားမိန်းမတစ်ယောက်လား။ ဘယ်သူက ဘယ်သူ့အတွက် အခြားမိန်းမတစ်ယောက်လဲ။ သေဆုံးသူမိသားစုဝင်အတွက် ရည်ရွယ်ပြုလုပ်တဲ့ လမ်းလျှောက်ပွဲအခမ်းအနားမှာတော့ “ကျွန်ုပ်ကကျွန်ုပ်”၊ “သင်က သင်” လို့ ပြောသံ ကျွန်မကြားခဲ့သည်။
ကျွန်မက ကျွန်မ၊ ရှင်က ရှင်။
 ရှင်က ကျွန်မအတွက် အခြားယောက်ျားတစ်ယောက်လား၊ ကျွန်မက ရှင့်အတွက် အခြားမိန်းမတစ်ယောက်လား။ ဘယ်သူက ဘယ်သူ့အတွက် အခြားတစ်ယောက် ဖြစ်စေမှာလဲ…။
Movie : The Other Woman
Director –Don Roos
Casting – Natalie Portman as Emilia Greenleaf
Scott Cohen as Jack Woolf
Lisa Kudrow as Dr.Carolyn Sowle
Charlie Tahan as William Woolfဲ
ဂျူနီယို
(Family Magazine, October, 2013)
1 comment:
လသာည said...
ကောင်းလိုက်တာ..
တခါတလေ ဒါမျိုးလေးတွေ ဖတ်ရတာ ဦးနှောက်ကို တော်တော်လန်းစေတာ :D