Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 08, 2014

ညနေခင်းထဲက ပိုးဖလံတွေ

စုမီအောင်
(မေတ္တာတမန် မဂ္ဂဇင်း)

            တနင်္ဂနွေနေ့တွေဆိုရင် ရန်ကုန်မြို့ ပြည်လမ်းက ဂျပ်ဆင်ဘုရားရှိခိုး ကျောင်းရဲ့ဂိတ်တံခါးဟာ နံနက် ၆နာရီကနေ ညနေ ၆နာရီထိ ဖွင့်ထား လေ့ရှိပါတယ်။ တနင်္လာနေ့ကနေ စနေနေ့ထိ ကြားရက်တွေမှာတော့ သည်ဂိတ်တံခါးကို စေ့နေအောင် သော့ခတ်ပိတ်ထားတာ မြင်တွေ့ရမှာပါ။             ပင်မတက္ကသိုလ်ကျောင်းဝင်းထဲကို အဝင်အထွက်ပြုချင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူ၊ သင်တန်းသားသင်တန်းသူတွေ ဟာ တစ်ခုတည်းသော အဓိပတိဂိတ်ကို အသုံးပြုရတတ်တယ်။ ကျွန်မတို့ မိသားစုကတော့ ကိုယ်ပိုင်ဂိတ်သော့လေးတွေ ကိုယ်စီကိုင်ပြီး အဝင် အထွက်ပြုနိုင်ပါတယ်။ ကျောင်းဝင်းထဲ ဝင်ချင်တဲ့သူတွေဟာ စေ့စေ့တင်း တင်းပိတ်ထားတဲ့ဂိတ်တံခါးကို မျက်စောင်းတထိုးထိုးနဲ့ ဂိတ်တံခါးရှေ့မှာ အုံခဲရပ်နေတတ်တယ်။ ကျွန်မတို့ မိသားစုတစ်ယောက်မဟုတ်တစ်ယောက် အပြင်ထွက်ချိန်နဲ့ကြုံဖို့ သူတို့စောင့်နေကြတာပါ။
            ကျွန်မစိတ်ထဲ ပထမတော့ သူတို့ဝင်ခွင့်ရတဲ့အဓိပတိဂိတ်ဝကနေပဲ ဝင်ကြပါတော့လား၊ လမ်းများများလျှောက်တာ ကောင်းကကောင်းနဲ့လို့ တွေးမိသေးတယ်။ နောက်မှ သူတို့ကို စာနာမိသွားတယ်။ ဟုတ်တာပေါ့။ စံရိပ်ငြိမ်လမ်းကြားထဲက ဖြတ်လျှောက် လာသူတွေနဲ့ ဘတ်စ်ကားစီးလာပြီး မာလာမှတ်တိုင်ကနေ ဆင်းလျှောက်လာတဲ့သူတွေဟာ သည်ဂျပ်ဆင်ဂိတ် တံခါးကို မြင်နေမှတော့ ဒီဂိတ်ကနေပဲ ကျေင်းဝင်းထဲ ဝင်ချင်ကြမှာပေါ့။ ဟိုးဘက် အဓိပတိဂိတ်တံခါးကနေ တကွေ့တစ်ပတ်ကြီး ဘယ်သွားချင် ပါတော့မလဲ နော်။ သည်တော့ ကျွန်မတို့ဂျပ်ဆင်ဂိတ်တံခါးဖွင့်ချိန်ကို စောင့်ဆိုင်းသူတွေနဲ့ အမြဲလို သည်ရှေ့မှာ အုံခဲပြည့်နေတော့တာပဲ။ ရပ်စောင့်သူကစောင့်၊ အုတ်ခုံလေးတွေမှာ ထိုင်စောင့်သူကစောင့်နဲ့ပေါ့။ ဒီမြင်ကွင်းကို မြင်မြင်နေရတာ ကျွန်မစိတ်မကောင်းဘူး။ ကျွန်မတို့ရဲ့ သဘောထားအတိုင်းသာဆိုရင် အစဉ်အမြဲဟင်းလင်းဖွင့်ပေးထားချင်တာ ပါ။ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲလေ။
            တချို့ကျောင်းသားတွေကတော့ ဂိတ်တံခါးပိတ်ထားလည်းပဲ သိပ်တော့ မမှုကြပါဘူး။ စွန့်စားချင်စိတ်ရှိတဲ့ခေတ်လူငယ်တွေပီပီ ခပ်သွက်သွက်နဲ့ လွှားခနဲ လွှားခနဲ သံတိုင်တွေကျော်ခွတက်ကြတာ ကျွန်မ မြင်ဖူးတယ်။ သိပ်လှမ်းနေရင်တော့ ကျွန်မလည်း အကူအညီ မပေးနိုင်ဘူး။ အချိန်မီသေးရင်တော့ 'ဟေး ခဏလေးစောင့် ဒီမှာ သော့ပါလာတယ်'လို့ ကပျာကသီလှမ်းအော်ရင်း ဂိတ်တံခါးဆီအပြေးသွားလို့ ဖွင့်ပေးရပါတယ်။ တံခါးကနေ ကျော်တက်၊ ခုန်အဆင်းလုပ်ကြရင်းနဲ့ ခြေခေါက်တာ၊ နာတာ၊ တစ်စုံတစ်ရာ အန္တရာယ် ဖြစ်မှာစိုးလို့ပါ။
            ကျွန်မအပြင်ထွက်တိုင်း တစ်ယောက်တည်း တစ်ကိုယ်စာလေး ဖွင့်ပိတ် ထွက်သွားလို့ ဘယ်တော့မှမရပါဘူး။ အပြင်ကနေ ကျောင်းဝင်းထဲ ဝင်ချင်သူနဲ့  ကျောင်းဝင်းထဲကနေ အပြင်ဘက်ထွက်ချင်သူ တချို့ကို စိတ်ရှည်ရှည်နဲ့ ရပ်စောင့်ပေးရတတ်တယ်။ တချို့လူတွေက အလိုက်မသိ တတ်ကြဘူး။ သော့က ချောက်ခနဲပွင့်ရုံရှိသေး အတင်းပဲ သံတံခါးရွက်ကို တွန်းပြီး ကျွန်မပခုံးကိုပါ တွန်းထိုးထိတိုက်ပြီး အလုအယက်ဝင်သွား တတ်တယ်။ အဲဒီလို ကိုယ့်အတွက်ပဲကိုယ်သိတဲ့လူတွေကို ကျွန်မသိပ် ကြည့်မရချင်ဘူး။ တကယ်ဆို 'ဆရာ ဆရာမနှင့် ကျောင်းသူကျောင်းသား များ အဓိပတိဂိတ်မှ အဝင်အထွက်ပြုရန်'လို့ ကျောင်းဝင်းတာဝန်ခံတွေက စာကပ်ထားတဲ့ကြားက ကျွန်မတို့က အပြင်ထွက်ခိုက်နဲ့ကြုံတိုင်း စာနာ စိတ်နဲ့ သက်သက်မဲ့စောင့်ဆိုင်းဖွင့်ပေးခဲ့တာပါ။ ခုတော့ ကျေးဇူးစကား ဆိုဖို့ နေနေသာသာ သူတို့လုပ်ပုံက . . . ။
            တချို့ကျောင်းသူလေးတွေကတော့ ခေါင်းကလေးငုံ့၊ ကိုယ်ကလေး
ယို့ပြီး ကျွန်မရှေ့ကဖြတ်ဝင်ရင်း 'ကျေးဇူးပဲနော်အစ်မ'လို့ အလိုက်တသိ ပြောလေ့ရှိတယ်။ အဲဒီလိုပြောသံကြားရင် ကျွန်မဘက်ကလည်း နောက်တစ်ခါ ထပ်ကာထပ်ကာ ဖွင့်ပေးချင်တဲ့စိတ်နဲ့ ပြုံးပြုံးကြီး ကျေကျေနပ်နပ်ကြီး  ကျန်ရစ်ခဲ့တာပေါ့။ သည်ဂိတ်တံခါးချပ်တွေ ကိုယ်တိုင်ကလည်း  ကျွန်မလိုပဲ ရှိလိမ့်မယ်လို့ ကျွန်မတွေးမိပါသေးတယ်။ တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်တည်း ဟင်းလင်းဖွင့်ထားခွင့်ရတယ် ဆိုတော့ သူလည်း အနေကျပ်ရှာမှာပေါ့။ တကယ်ဆို သည်တံခါးဝကနေ ဖြတ်သွားဖြတ်လာ ပြုသူတွေဟာ ပညာဆည်းပူးသူတွေနဲ့ ပညာပို့ချသူ ပညာရေးဝန်ထမ်းတွေချည်းပါပဲ။ သူတို့လည်း ပညာဖလှယ်ရာ ကျောင်းတော်ကြီးထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်ချင်ကြမှာပဲလို့ ကျွန်မ စာနာစွာတွေးမိပါတယ်။ ဒါကြောင့်လည်း တတ်နိုင်သမျှ ကူညီမှုပေးနေတာပါ။
            တစ်ခါတစ်ခါ ကျွန်မရဲ့ကူညီမှုနဲ့ မထိုက်တန်တဲ့လူစားတချို့ကို တွေ့ရ တတ်တယ်။ စောစောက ကျွန်မပြောသလို ကျွန်မကို တွန်းထိုး ထိတိုက် ဖြတ်သန်းသွားတဲ့ ဆရာမတွေအပါအဝင် လူတချို့မှာ self-awarnesss မရှိတာကို ကျွန်မ တော်တော်လေး စိတ်ပျက်မိတယ်။ သူတို့က ကျောင်းဝင်းထဲရောက်တာနဲ့ လက်ထဲကပါလာတဲ့ စားစရာတစ်ခုခုထည့် လာပုံရတဲ့ ပလတ်စတစ်ကြွပ်ကြွပ်အိတ်ခွံတွေကို စည်းမရှိကမ်းမရှိ ပစ်ချ သွားတတ်လို့ပါပဲ။'အမှိုက်မပစ်ရ' 'သန့်ရှင်းမှုဖြင့်ကူညီပါ'ဆိုတဲ့ စာတမ်း လေးတွေ ဘုရားကျောင်းရှေ့ လမ်းသွယ်လေးတစ်လျှောက်က သစ်ပင်တွေ ရဲ့ကိုယ်ထည် မြင်သာတဲ့နေရာတွေမှာ ခပ်များများ ကပ်ချိတ် ထားပါ လျက်နဲ့ မမြင်မတွေ့လေဟန်နဲ့ ပရမ်းပတာပြုမူသွားကြတာပါ။                            
ဘုရားကျောင်းရှေ့ ကွင်းပြင်ကျယ်တစ်ခုလုံးက မြက်တွေကို လှလှ ပပ ညီညီညာညာမွေးမြူပြီး ရှုချင်စဖွယ် အလှဆင်ထားပါတယ်။'မြက်ခင်းပေါ် မဖြတ်ရ'လို့လည်း စာတမ်းချိတ်ထားပါတယ်။ ဒါပေမဲ့ နေရာတိုင်း ခပ်လွယ်လွယ်ဖြတ်လမ်း လိုက်ချင်တဲ့ လူတချို့ရဲ့ အကျင့်ဆိုး တွေကြောင့် ခုဆိုရင် မြက်ခင်းစိမ်းပြင်ကျယ်ကြီးရဲ့ တစ်နေရာမှာ လူသွားလမ်းတစ်ခုက စောင်းစောင်းရွှေရွှေနဲ့ ပုံပေါ်နေပါပြီ။
            ဒီမြက်ခင်းပြင်ပေါ်မှာ တင့်တယ်ခန့်ညားတဲ့ဘွဲ့ဝတ်စုံနဲ့ ဘွဲ့ရ ပညာတတ်လူတန်းစားတချို့ ဓာတ်ပုံအရိုက်ခံကြပြီး အလျှိုအလျှိုပြန် သွားကြပြီဆိုရင်လည်း ဘုရားကျောင်းရှေ့ကမြက်ခင်းဟာ သူတို့အသုံးပြုပြီး လုံးခြေ စွန့်ပစ်ခဲ့တဲ့ တစ်ရှူးစတွေနဲ့ ဖွေးဖွေးလှုပ် ပြန့်ကြဲနေတော့တယ်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရကောင်းမှန်းမသိ နမော်နမက်လူတွေပါပဲ။ နိစ္စဓူဝဖြတ်သန်းသွားလာ နေကျ ပတ်ဝန်းကျင်ကို လှပအောင် ပင်ကို အသိစိတ်နဲ့ ဝိုင်းဝန်းထိန်းသိမ်းရ ကောင်းမှန်းမသိတဲ့ သည်လိုလူစားမျိုးတွေကို တစ်ခါတစ်ခါ တစ်ခုခုတုံ့ပြန်ချင် စိတ်တွေ ပေါ်လာမိတယ်။ ဒါပေမဲ့ ဒါဟာ ဘုရားသခင်မကြိုက်တဲ့ စိတ်ဆိုးစိတ် ညစ်ပဲလို့ ဆင်ခြင်မိရပြန်တော့ ကျွန်မရဲ့တုံ့ပြန်ချင်တဲ့ စိတ်ရိုင်းတွေ ရှေ့ဆက်ကြီးထွားမလာခဲ့ပါဘူး။
            တနင်္ဂနွေဆိုရင် ဒီဂိတ်တံခါးကို နံနက်လင်းရောင်ခြည်ကွန့်မြူး ကတည်းက ဖွင့်ထားရလို့ ကျွန်မစိတ်တွေ ထူးကဲပြီး ပျော်ရွှင်မြူးထူး နေတတ်ပါတယ်။ တစ်ပတ်တာလုံး လုပ်ငန်းခွင်မှာ ပင်ပန်းနွမ်းနယ်ခဲ့ သမျှ တနင်္ဂနွေဒီတစ်နေ့မှာ စိတ်တွေကို ကောင်းကောင်းအနားပေးရင်း ဘုရားသခင်အကြောင်းပဲ ကျွန်မတွေးတယ်။ သက်ရှိသက်မဲ့အ၇ာအားလုံး ဘုရားသခင်ဖန်ဆင်းတဲ့ လက်ရာမြောက်အနုပညာတွေ ဖြစ်တယ်လို့ နှလုံးသွင်းရင်း စိတ်ကို ကြည်လင်ရှင်းသန့်အောင်ထားပါတယ်။
            ခုနောက်ပိုင်း နေ့တိုင်းနေ့တိုင်းကို တနင်္ဂနွေသာ ဖြစ်လိုက်စမ်း ချင်တဲ့စိတ်တွေ ကျွန်မမှာ လွန်မင်းပြင်းပြ ဖြစ်ပေါ်နေတယ်။ အထူးသဖြင့် ကျွန်မရဲ့အသက်တာကို ခရစ်ယာန်အမျိုးသမီးတစ်ဦးအဖြစ် ရှင်သန်ခွင့်ရတဲ့အတွက် တွေးမိလေတိုင်း အံ့သြမဆုံးဖြစ်ပြီး ဘုရားသခင် ကို ကျေးဇူးစကား အခါခါဆိုမိတဲ့အထိပါပဲ။ ကျွန်မတို့ (ဂျပ်ဆင်)ယုဒသန်အမျိုးသမီးတွေဟာ ကိုယ်တိုင် ခံစားရသမျှ အတွေ့အကြုံအဖြစ်သနစ်တွေကို ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ အတူတကွမိတ်သဟာရဖွဲ့ပြီး ဝေမျှခံစားကြ၊ တစ်ယောက်က တစ်ယောက်ကို အကြံÓာဏ်ပေးကြနဲ့ တနင်္ဂနွေနေ့တိုင်း နေ့ခင်း ၁နာရီခွဲမှာ ပြုလုပ်တဲ့ အမျိုးသမီး မိတ်သဟာရဝတ်ပြု ကိုးကွယ်မှု အစီအစဉ်ဟာလည်း ကျွန်မရဲ့ တနင်္ဂနွေမီနျူးမှာ ဝိညာဉ်ခွန်အား တိုးပွားစေတဲ့ အာဟာရတစ်ခွက်ပေါ့။ ညနေလေးနာရီဝတ်ပြုချိန်တိုင်း ကြားနာရတဲ့ တရားဒေသနာတွေဟာလည်း အနှစ်သာရပြည့်ဝပြီး နှလုံးသွင်းဆင်ခြင်စရာတွေချည်းပါပဲ။ ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်အပေါင်းကို  အတူတကွ သံစုံသီချင်းသီကျူးရင်း ချီးမွမ်းခွင့်ရတာဟာ လည်း ကျွန်မအတွက် ဘာနဲ့မှ မလဲနိုင်တဲ့အဖိုးတန်အချိန်ကလေးပါပဲ။
            ကျွန်မ ပြောရဲပါတယ်။ သည်တနင်္ဂနွေသာမရှိရင် ကျွန်မရဲ့ဘဝဟာ ကမောက်ကမ ဖြစ်ကုန်တော့မှာအသေအချာပါ။ ဒါ့ပြင် တနင်္ဂနွေကို ချစ်မြတ်နိုးရတဲ့ အခြားအချက်တစ်ချက်လည်း ရှိနေပါသေးတယ်။ ဒီတနင်္ဂနွေလေးတစ်ရက်သာ  ခင်ပွန်းသည်နဲ့ အတူကော်ဖီသောက်၊ အတူစကား ထိုင်ပြော၊ ထမင်းလက်ဆုံစား၊ နှစ်ဦးသားဘာမဆို အတူတကွ လုပ်ဆောင်ခွင့်ရတဲ့နေ့ ဖြစ်လို့ပါပဲ။(ကျွန်မရဲ့အလုပ်ချိန်တွေက တနင်္လာက စနေထိ မနက်၉နာရီခွဲကနေ ညနေ ၅နာရီခွဲ၊သွားချိန်လာ ချိန်နဲ့ထည့်တွက်ရင် အိမ်ကနေ ၈နာရီခွဲ ထွက်၊ ပြန်ရောက်တော့ ၆နာရီခွဲ ပြီ။ ရုံးအဝင်လက်မှတ်ထိုးချိန် အမီရောက်ဖို့ အမြဲတမ်း သုတ်သီး သုတ်ပျာနဲ့။  ခင်ပွန်းသည်နဲ့ စကားတောင် မပြောအားဘူးလေ။)                                သည်တနင်္ဂနွေဆိုရင် ဘုရားကျောင်းဆင်းတဲ့အခါ ကျွန်မတို့နှစ်ဦး သား အိမ်ထဲမဝင်သေးဘဲ ဂိတ်တံခါးဝက အုတ်ခုံလေးမှာ အတူတူ ထိုင်ဖြစ်ကြတယ်။ ဘုရားကျောင်းထဲက ထွက်လာတဲ့လူတွေကို ပြုံးရယ် နှုတ်ဆက်၊ တဝီဝီပြေးနေတဲ့ ပြည်လမ်းမပေါ်က ကားတွေကိုငေးကြည့်၊ တစ်ပတ်စာသိုထားတဲ့စကားတွေ ဖွင့်ဟဖလှယ်ကြရင်း ဘုရားသခင် ဖန်ဆင်းတဲ့ သဘာဝအခြင်းအရာတွေကို အံ့သြမက်မပြေ ထိုင်ကြည့်နေ ဖြစ်ကြတယ်။
            အဲသည်မှာ သူနဲ့ ကျွန်မ အများဆုံးငေးကြည့် ပြောဆိုဖြစ်ကြတာက နေဝင်ချိန်ကောင်းကင်နဲ့အတူ တစ်ခါကြည့်တစ်မျိုး မရိုးနိုင်အောင် ပြောင်းလဲလှပနေတတ်တဲ့ တိမ်ရောင်စုံလေးတွေအကြောင်းပေါ့။
            ''ခုတလော တိမ်တွေအရမ်းလှတယ် စုသတိထားမိလား''
            ''ဟုတ်တယ်ဟုတ်တယ်၊ ဒီညနေ အနီ၊ လိမ္မော်၊ အပြာ စုံနေတာပဲ။ လှလိုက်တာ။ ဘုရားသခင်ဖန်ဆင်းထားတဲ့ တိမ်ရောင်စုံတွေ ဘယ်ပန်းချီ ဆ၇ာမှ ဆေးခြယ်လို့မီမှာ မဟုတ်ဘူး။ ဟိုမှာ ခရမ်းရောင်လေး တစ်ကွက်တောင် ပါလိုက်သေး၊ မောင်တွေ့လား''
            ''တွေ့တယ်တွေ့တယ်၊ ဒီညနေတိမ်ရှုခင်းက အဲဒီဆိုင်က ထွန်း ထားတဲ့ မီးတွေနဲ့ အလိုက်ဆုံးပဲ''
          ''ဟုတ်တယ်နော်၊ အဲဒါ အခုပဲပြောမလို့၊ စုနဲ့မောင်နဲ့ အမြဲတမ်း အမြင်ချင်းထပ်တူကျတယ်နော်''
            ပြည်လမ်းမရဲ့ အနောက်ဘက်ခြမ်း ခပ်လှမ်းလှမ်းမှာ အနောက် တိုင်း အစားအစာမျိုးစုံ၊ အကင်မျိုးစုံ၊ အ၇က်ဘီယာအစုံရတဲ့ The Prome ဆိုတဲ့ ဆိုင်ကြီးကို လှမ်းကြည့်ရင်း သူကပြောလာလို့ ကျွန်မ ထောက်ခံလိုက်တာပါ။
            ''အမြင်ချင်းလား၊ မတူပါဘူးကွာ။ စု ကောင်လေးချောချောလေးတွေကို ကြည့်ပုံနဲ့ မောင်က မိန်းကလေးလှလှလေးတွေကို ကြည့်ပုံ ဘယ်တူပါ့မလဲ''
            အဲသည်လို သူက ကျွန်မကို စနောက်နေပါသေးတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ။ လမ်းတစ်ဖက် ပလက်ဖောင်းပေါ်မှာ ပေါင်ပေါ်တဲ့အထိ စကပ်တိုတိုကပ်ကပ်လေးတွေ ဝတ်ထားတဲ့ မိန်းကလေး လေးယောက်ကို ကျွန်မ လှမ်းမြင်မိတယ်။ နီယွန်မီးတိုင် အောက်မှာ အလင်းနဲ့အရိပ်က သူတို့ကိုယ်ပေါ်ကို တစ်ခြမ်းမှောင် တစ်ခြမ်းလင်း ဖြာကျနေလို့ သူတို့ ဝတ်စားထားတဲ့ အပျံစားဒီဇိုင်း တွေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေ ပါတယ်။ ကျွန်မတို့မြန်မာပြည်ဟာ ကိုရီးယားလား၊ ထိုင်းလား၊ စင်ကာပူ လား၊ တရုတ်လားလို့ ထင်မှတ်မှားနေရတဲ့အထိ။ အာရှလား ဥရောပ လား ခွဲခြားမရအောင် ခုခေတ်မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်ပုံ ဖက်ရှင်ဒီဇိုင်းက ထူးခြားဆန်းပြားလွန်းလှပါရဲ့။ မြန်မာမလေးတွေရယ်လို့ သူတို့ကိုယ်ပေါ်မှာ လက်ညှိုးညွှန်စရာ နေရာကလေးတောင် ရှာမတွေ့ တော့တာ စိတ်မကောင်းစရာပါပဲ။ ရဲရဲမကြည့်ဝံ့ပေမဲ့ သူတို့ဟာ သရုပ်ဆောင်မော်ဒယ်လ်လေးတွေအလား အလှကြီးလှနေကြတယ် ဆိုတာကိုတော့ ကျွန်မ မငြင်းလိုပါဘူး။
            သူ့ကို တန်ပြန် စနောက်ချင်စိတ်နဲ့ ကျွန်မ မေးခွန်းထုတ်လိုက်တယ်။
            ''ကဲ ဒါဖြင့် ပြောစမ်းပါဦး၊ ဟောဟိုက ကောင်မလေးတွေကို မောင့်အမြင်က ဘယ်လိုလဲ''
            သူက မျက်မှောင်ကြုတ်ပြီး တစ်ချက် စူးစိုက်လှမ်းကြည့်လိုက်တယ်။ ပြီးတော့ သူက ချက်ချင်းပဲပြောတယ်။
            ''ရိုးရိုးသားသားမိန်းကလေးတွေတော့ မဟုတ်တာသေချာတယ်''
            သူ့စကားကြောင့် ကျွန်မ အံ့အားသင့်တုန်လှုပ်သွားတယ်။ သူတို့ကို မြင်မိချိန်မှာ စိတ်ထဲ တစ်မျိုးတစ်မည် ထင်မိသလိုရှိပေမဲ့၊ တနင်္ဂနွေလို ဥပုသ်နေ့ကြီးမှာ သူတစ်ဖက်သားအပေါ် မကောင်းတာတွေ မတွေးမမြင် လိုတဲ့စိတ်နဲ့ ခါးခါးသီးသီး ငြင်းဆန်နေမိတယ်။
            ''အယ် ..မဟုတ်သေးပါဘူး မဟုတ်သေးပါဘူး''
            စောစောတုန်းက ဘုရားသခင်ဖန်ဆင်းထားတဲ့ ကောင်းကင်ထက် က ရောင်စုံတိမ်လေးတွေကို ကြည့်မြင်ရလို့ ကြည်နူးရွှင်ပျနေခဲ့တဲ့ စိတ်တွေ တစ်မုဟုတ်ချင်း မှုန်မှိုင်းညိုညစ်သွားတယ်။
            ငေးငေးရီရီ လှမ်းကြည့်နေ မိတုန်းမှာပဲ ယာဘက်ယာဉ်ကြောကနေ ခပ်ဖြည်းဖြည်း ဘီးလိမ့်ရုံမောင်းလာတဲ့ ကားတစ်စီးက သူတို့ရှေ့ ထိုးရပ်သွားတယ်။ ကားမောင်းသူအပြင် ကားနောက်ခန်းမှာ လူ တစ်ယောက်ပါလာသေးတယ်။ အဲဒီလူက မိန်းကလေးတွေနဲ့ အပြန် အလှန်စကားဆိုနေတယ်။ ခဏလေးပါပဲ။ နောက်တော့ အလှဆုံး လို့ထင်ရတဲ့ မိန်းကလေးတစ်ယောက်က ကားနောက်ခန်း တံခါးကို ဇတ်ခနဲ ဆွဲဖွင့်လိုက်တယ်။ နောက်ကလူက အနည်းငယ်နေရာရွှေ့ပေး၊ မိန်းကလေးက စွေ့ခနဲ ပူးကပ်ဝင်ထိုင်၊ ကားက ငြိမ့်ခနဲ မောင်းထွက်သွား၊ ကျန်တဲ့သုံးယောက်က ခိုးခိုးခစ်ခစ်၊ ဟစ်ဟစ်ခါခါနဲ့ ခပ်ကျယ်ကျယ် ရယ်မော နှုတ်ဆက် လက်တွေပြကြ။ နောက်ထပ် တစ်ယောက်ပြီး တစ်ယောက် လာထိုးရပ်တဲ့ ကားတွေပေါ် အသီးသီးပါသွား ...။
အို ဘယ်လို ဘယ်သဘောပါလိမ့်။ နိုင်ငံရပ်ခြား ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ ပိတ်ကားပေါ်က ပြကွက်ဆန်းတွေသာ ဖြစ်လိုက်ပါတော့လား ...။ တကယ် အပြင်မှာ ဖြစ်ပျက်နေတာ မဟုတ်ဘဲနဲ့လေ။
            ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေတဲ့ ကျွန်မကို သူက ...
            ''ကဲ မြင်ပြီမို့လား၊ ဘယ်လိုသဘောရလဲ မေးချင်သေးလား''တဲ့။
            သူ့ကို ဘာမှ ပြန်မပြောနိုင်လောက်အောင် ကျွန်မ တစ်ချီတည်း ငြိမ်ကျသွားတယ်။ ကြိုးပြတ်သွားတဲ့ ရုပ်သေးရုပ်လို ကျွန်မစိတ်တွေ အဲသည် မီးတိုင်အောက်က ပလက်ဖောင်းပေါ်မှာ ပစ်ခွေ လဲကျသွား တယ်။ နှမြောခြင်း၊ ယူကျုံးမရဖြစ်ခြင်းစိတ်တွေဟာ မီးစပြင်းပြင်းနဲ့ ထိုးမြှိုက် ကျိုထားတဲ့ ရေနွေးတစ်အိုးလို ပွက်ပွက်မြည် ဆူထလာတယ်။ တကယ့်ကို နုနယ်ပျိုမျစ်တဲ့အရွယ်လေးတွေပါ။ မိဘတွေ မသိကြဘူးလား၊ မိဘတွေ မရှိကြဘူးလား။ ပညာရှာဖွေ သိုမှီးရမယ့် အရွယ်ကောင်း မိန်းကလေးတွေ၊ ဘာတွေ လိုက်ရှာ နေတာလဲ။ ဘာ့အတွက် သည်လိုဖြစ် ရတာလဲ။ ဘာတွေ လိုအပ်ချက်ရှိနေလို့လဲ။ ငွေကြေးလား၊ အောင်မြင် ကျော်စောမှုလား။ ကျောချစရာ နေရာထိုင်ခင်း တစ်နေရာစာ အတွက်လား၊ အလုပ်အတွက်လား။ စားဝတ်နေေ၇း အရေးသုံးပါးစလုံး အတွက်လား။ ကျွန်မ စဉ်းစားလို့မရဘူး။
            ကျွန်မ ဘာလုပ်ရမလဲ။ အတွေးတွေနဲ့ ကျွန်မ ရင်တစ်ပြင်လုံး ဗောက်ဗက်ခတ် လှုပ်ရှားဆူပွက်နေတယ်။ ရုတ်တရက် ကျွန်မ မျက်လုံးထဲမှာ မီးထဲတိုးဝင်နေတဲ့ ပိုးဖလံကောင်လေးတွေကို မြင် ယောင်လာမိတယ်။ ဖလံပိုးကောင်တွေလိုပဲ တောင်ပံတဖျတ်ဖျတ် ခတ်လို့ မီးတောက်ထဲ ရဲရဲပျော်ပျော်ကြီးကိုပဲ တိုးဝင်နေကြတာ။ ခဏသာ မြင်လိုက်ရတဲ့ ကျွန်မရင်တွေ မီးတောက်ကိုမျိုထားရသလို ပူလောင်ပြင်းရှ ခံစားနေရပေမဲ့ သူတို့လေးတွေမှာတော့ ထမင်းစားရေ သောက်တဲ့ ပုံမှန် ကိစ္စတစ်ခုဆောင်ရွက်နေသလို၊ အေးအေး လူလူ လှုပ်ရှားနေကြတာ။ သည့်အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူ့မှာ အပြစ်ရှိလဲ။ ဘာကို ယိုးမယ်ဖွဲ့ရမလဲ။ ဆင်းရဲတဲ့တိုင်းပြည်မှာ မွေးဖွားကြီးပြင်းလာတဲ့ မိန်းကလေးငယ်ငယ်တွေ ရိုးရိုးသားသားကြိုးစား ရမှာကို နှောင့်နှေး တယ်ထင်ပြီး ဖြတ်လမ်းကနေ အလွယ်လိုက်ရင်း နစ်မြုပ်နေကြတာလား။ ရုပ်ဒြပ်အားဖြင့်ဆင်းရဲပေမဲ့ အသိအားဖြင့် ကြွယ်ဝ ချမ်းသာအောင် ပြုပြင်ပြောင်းလဲဖို့ ဘယ်သူ့မှာတာဝန်ရှိသလဲ။ ကျွန်မလို Print Media သမားလို့ဆိုရမယ့်စာရေးဆရာ၊ အယ်ဒီတာ မှာရော တာဝန်ရှိ လား။ ရှိမှာပေါ့၊ အများဆုံးရှိမှာပေါ့။ ဣနြေ္ဒသိက္ခာမဲ့၊ ယဉ်ကျေးမှု မဲ့၊ မျက်စိရှက်စရာ လွန်ကျူးလှစ်ဟဝတ်စားထားတဲ့ သရုပ်ဆောင်မော်ဒယ်လ် တွေရဲ့ပုံတွေသာ ရှေ့တန်းတင်ပြီး ကြည့်စရာရုပ်ပုံ များများပါတဲ့ 'အကြည့်မဂ္ဂဇင်း'တွေ ထုတ်လုပ်ဖြန့်ချိမယ့်အစား စိတ်ဓာတ်အတွေး အခေါ်မြင့်မားစေဖို့ သိစရာစာပေဗဟုသုတတွေ များများပါမယ့် 'အသိမဂ္ဂဇင်း'တွေ အင်တိုက်အားတိုက် ထုတ်လုပ် ဖြန့်ချိကြမယ်ဆိုရင် မကောင်းဘူးလား။ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။                                       လောလောဆယ် ကျွန်မမှာတော့ တာဝန်တစ်ခုရှိသွားတယ်လို့ ခံစား လိုက်ရတယ်။ သည်လို မိန်းကလေးတွေ သည်လို ဘဝကနေ လွတ်မြောက် ပြီး မိမိခြေထောက်ပေါ်မိမိ တန်ဖိုးရှိစွာ ရပ်တည်နိုင်ဖို့၊ လမ်းမှားကို စွန့်ခွာပြီး လမ်းမှန်ကို ရှာဖွေလျှောက်လှမ်းနိုင်စေဖို့ ဘုရားရှင်လမ်းပြ သွန်သင်ပေးပါလို့ ညစဉ်ဆုတောင်းနေရတော့မှာပါပဲ။
            အမှတ်တမဲ့နဲ့ မြင်မိလိုက်ရတဲ့ ပိုးဖလံလေးတွေကြောင့် အရင့်အရင် က အမြဲလှပခဲ့ဖူးတဲ့ ကျွန်မတို့နှစ်ဦးရဲ့ တနင်္ဂနွေဟာ သည်ညနေမှာတော့ ဘယ်လိုမှ မလှပတော့ပါဘူး။ ကျွန်မရဲ့စိတ်တွေလည်း မကြည်လင်တော့ဘဲ နောက်ကျိမှုန်မှိုင်းနေတော့တယ်။ ရှေ့လာမယ့် တနင်္ဂနွေညနေခင်းတွေ မှာ ဘုရားကျောင်းဆင်းတဲ့အခါ ကျွန်မ သည်အုတ်ခုံလေးမှာ အေးအေးလူလူ ထိုင်ဖြစ်ပါဦးမလား၊ ထိုင်ချင်ပါဦးမလား၊ ထိုင်ရက် ပါဦးတော့မလား။ ဘုရားသခင်ဖန်ဆင်းထားတဲ့ သဘာဝအလှအပတွေနဲ့ နည်းနည်းကလေးမှ လိုက်ဖက်မှုမရှိတဲ့ သည်လိုညစ်ထေးထေးမြင်ကွင်းတွေကို နောက်တစ်ကြိမ် ကြည့်မြင်ဖို့ သတ္တိရှိပါဦးမလား။ ဟင့်အင်း မသေချာဘူး။
            မသေချာ မရေရာတဲ့အတွေးတွေနဲ့ သူ့ကို ကျွန်မ ခပ်ယဲ့ယဲ့ကလေး ပြောလိုက်တယ်။
            ''အိမ်ထဲ ပြန်ဝင်ကြရအောင်လား မောင်ရယ်၊ စောစောတုန်းက လှနေတဲ့ တိမ်တွေလည်း မရှိတော့ပါဘူး''
            ကျွန်မတို့နှစ်ဦး မော့ကြည့်မိတဲ့ကောင်းကင်ဟာ မည်းညစ်ညစ်အိုင်း လိုင်နာတွေခြယ်ထားတဲ့ မိန်းမတစ်ယောက်ရဲ့ မျက်ခွံသားတွေလို ရင့်ထော်မှောင်ပိန်းနေခဲ့ပါပြီ။ လှပကြည်နူးဖွယ် တိမ်ရောင်စုံတွေ ဘယ်ဆီ ဘယ်ဝယ် ထွက်ပြေးကုန်ပါလိမ့်။

ဂျူနီယို(မေတ္တာတမန် ခရစ်ယာန်မဂ္ဂဇင်း)

No comments: