Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 16, 2014

ဟိုသတင်း ဒီသတင်း

ခရီးသွားရင်း ခရီးဆောင်အိတ်ပျောက်မှာ စိတ်ပူစရာမလို

လေကြောင်းလိုင်းတွေမှာ ခရီးဆောင်အိတ်ပျောက်ဆုံးခဲ့ရင်၊ လွဲမှားခဲ့ရင် ကိုယ့်လက်ထဲကို ပြန်ရနိုင်မယ့်အချိန်ဟာ နာရီပေါင်းများစွာ၊ ရက်တွေများစွာတောင်ကြာမြင့်သွားနိုင်ပါတယ်။ ခရီးဆောင်အိတ်ကိုယ်တိုင် ကိုယ့်ဆီကို အချက်ပေးခဲ့ရင် ပိုပြီးလွယ်ကူမလာနိုင်ဘူးလား။ အဲဒါဟာ smart luggage တီထွင်ဖြစ်ခဲ့တဲ့ စိတ်ကူးပါပဲ။ ခရီးဆောင်အိတ်မှာ GPS ပါဝင်တဲ့ chip လေးတွေတပ်ဆင်ထားပြီး ရောက်ရှိနေတဲ့နေရာကို ခြေရာခံအချက်ပြနိုင်အောင် စီစဉ်ထားတာပါ။ ပျောက်ဆုံးသွားတာနဲ့ လေကြောင်းလိုင်းဆီ ခရီးဆောင်အိတ်ရဲ့ တည်နေရာ တိုက်ရိုက် သတင်းပို့နိုင်ပါလိမ့်မယ်။
jumbo jet လေယာဉ်တွေထုတ်လုပ်တဲ့ ပြင်သစ်အခြေစိုက် Airbus ကုမ္ပဏီကနေ ပြီးခဲ့တဲ့နှစ် ပြင်သစ်လေယာဉ်ပြပွဲမှာ အဲဒီ smart luggage ဒီဇိုင်းကို မိတ်ဆက်ခဲ့ပါတယ်။ Bag2Go လို့ အမည်ပေးထားတဲ့ ခရီးဆောင်အိတ်ကို smartphone application ကနေ ခြေရာခံနိုင်ပါလိမ့်မယ်။ လေကြောင်းလိုင်း လိုအပ်ချက်အတိုင်းသေချာစေဖို့ အိတ်ကို အလေးချိန် ချိန်တွယ်တာ၊ check-in လုပ်တာတွေကိုလည်း ဖုန်းက တဆင့်ပြုလုပ်နိုင်မှာပါ။ မိုဘိုင်းလ်ဖုံးကုမ္ပဏီ AT&T ကလည်း အဲဒီဖန်တီးမှုမျိုး "လာမယ့်မျိုးဆက်နည်းပညာများ" ဆိုပြီး ပြီးခဲ့တဲ့ မေလ က သရုပ်ပြရှင်းလင်းသွားခဲ့ပါတယ်။ နောက်ဆုံးအဆင့်အစီအစဉ်အဖြစ် လေကြောင်းလိုင်းတွေရဲ့ IT စနစ်နဲ့ ချိတ်ဆက်ထားပြီး ခရီးသည်တွေရဲ့ အိမ် ဒါမှမဟုတ် ဟိုတယ် ပို့ပေးနိုင်အောင် စီစဉ်နေကြတယ်။ Bag2Go ဟာ အခုထိတော့ စီစဉ်နေဆဲအဆင့်ဖြစ်ပြီး လေကြောင်းလိုင်းတွေရယ်၊ ဖက်ဒရယ်အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်တွေရယူနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ခရီးသွားတွေဟာ Bag2Go အိတ်တွေကို ဝယ်ယူနိုင်မလား၊ ငှားရမ်းနိုင်မလား စသဖြင့် ညှိနှိုင်းနေကြဆဲပါ။ ယူအက်စ်လေကြောင်းလိုင်းတွေဟာ ပြီးခဲ့တဲ့ဧပြီလအတွင်း ခရီးဆောင်အိတ်ပေါင်း ၁၄၁၀၀၀ ကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခဲ့ကြပါတယ်။ ခရီးသည် ၁၀၀၀ တိုင်းမှာ ခရီးဆောင်အိတ် ၃ အိတ် အခက်အခဲကြုံခဲ့ကြရတယ်။

Artist တွေဆို အမြဲကြိုဆို
စပိန်နိုင်ငံတောင်ပိုင်းက အင်မတန်စိမ်းစိုလှပတဲ့ Genalguacil ရွာလေးဟာ နွေရာသီကာလတွေမှာ ရက်သတ္တ ၂ ပတ် ကျော် တည်းခိုစရာနေရာအခမဲ့နေထိုင်ခွင့်ပေးလေ့ရှိတယ်။ အဲဒီရွာလေးရဲ့ ကမ်းလှမ်းချက်ကတော့ artist တွေ၊ အထူးသဖြင့် ပန်းပုဆရာတွေကို ဖိတ်ခေါ်တာပါ။ artist တွေဟာ ရွာလေးမှာ နေထိုင်စဉ်အတွင်း ပန်းပုရုပ် ဒါမှမဟုတ် အနုပညာလက်ရာတစ်ခုအနည်းဆုံးပြုလုပ်ပြီး ရွာကိုပေးအပ်ခဲ့ရမှာပါ။ အဲဒီ အစီအစဉ်ကို Artbnb လို့ ခေါ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ artist တွေဟာ သက်သာတဲ့ဈေးနှုန်းနဲ့ အိမ်တွေမှာနေထိုင်ခဲ့ကြတာပါ။ ၁၉၉၀ ခုနှစ်တွေမှာတော့ မြို့တော်ဝန်ဟာ Genalguacil ရွာလေးကို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့်နေရာအဖြစ်ဖန်တီးချင်တာကြောင့်  နှစ်နှစ်တစ်ကြိမ် အနုပညာပွဲတော် ပြုလုပ်လာခဲ့ပါတယ်။ artist တွေနေထိုင်မယ့်အဆောက်အဦ၊ အနုပညာဖန်တီးရာမှာလိုအပ်မယ့်ပစ္စည်းအားလုံး အထောက်အပံ့ပေးခဲ့တယ်။ အခုဆိုရင် artist တွေရော ကမ္ဘာလှည့်ခရီးသွားတွေပါ လာရောက်လည်ပတ်ကြတဲ့နေရာဖြစ်နေပါတယ်။ ဆေးအဖြူရောင် စီစီရီရီ အိမ်လေးတွေ သန့်ရှင်းသပ်ရပ်လှတဲ့လမ်းမတွေနဲ့ အလှဆင်ထားတဲ့ ရွာလေးဟာ ပန်းပုလက်ရာတွေအများအပြားလက်ခံရရှိထားပါပြီ။ ခေတ်ပြိုင်အနုပညာပြတိုက်မှာလည်း artwork ဒါဇင်များစွာရှိနေပါတယ်။ artist တွေ ကမ်းလှမ်းဖိတ်ခေါ်တဲ့စိတ်ကူးဟာ ကနေဒါနိုင်ငံမှာ ပြုလုပ်ကြတဲ့အစီအစဉ်လိုပဲ ဖန်တီးယူခဲ့တာပါ။ သြဂုတ်လမှာ ပွဲတော်ကျင်းပခဲ့တာ နှစ် ၂၀ မြောက်နှစ်ပတ်လည်အဖြစ် အခမ်းအနားကျင်းပပါတယ်။ ထိပ်တန်း artist ၁၀ဦး ရွေးချယ်ပြီး Genalguacil ရွာလေးကပဲ ထောက်ပံ့ငွေ ပေါင် ၁၀၀၀ (၁၃၄၀ ဒေါ်လာ) ပေးအပ်ခဲ့တယ်။ ဒီနှစ်ရဲ့ အနုပညာပွဲတော်ကို ဇူလိုင်၃၁ ရက်နေ့ကနေပြီး သြဂုတ် ၁၄ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းတွေ
၄၉ ကြိမ်မြောက် Farnborough International Airshow ကို အင်္ဂလန်၊ Hampshire မှာ ဇူလိုင် ၁၄ ကနေ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့ကြတယ်။ အဲဒီလေယာဉ်ပြပွဲဟာ ကမ္ဘာမှာ အကြီးကျယ်ဆုံးလေယာဉ်ပြပွဲတွေထဲက တစ်ခုပါ။ ဟောင်ကောင်အခြေစိုက်လေကြောင်းကုမ္ပဏီ Cathay Pacific က ကမ္ဘာ့အကောင်းဆုံးလေကြောင်းကုမ္ပဏီဆုရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် World Airline Award ကို UAE ဒူဘိုင်းမှ Emirates လေကြောင်းက ရရှိခဲ့တယ်။ Cathay Pacific ဟာ ၂၀၀၉ ကတည်းက ဂုဏ်သတင်းကြီးတဲ့လေကြောင်းဖြစ်နေခဲ့ပြီး ဒီဆုကတော့ ပတမဆုံးအကြိမ်အောင်မြင်မှုဖြစ်ပါတယ်။ ဆုရွေးချယ်ပုံကတော့ ခရီးသွားသန်းပေါင်းများစွာကပေးတဲ့ မဲတွေကိုရေတွက်ဆုံးဖြတ်ခဲ့ကြတာပါ။ "တချို့လေကြောင်းတွေဟာ ဈေးနှုန်းအင်မတန်သင့်တင့်ကောင်းမွန်ကြတယ်။ တချို့တွေက ဈေးသိပ်ကြီးတဲ့အဆင့်မြင့်လေကြောင်းတွေပါ။ အဲဒီလေကြောင်းတွေဟာ ထိပ်တန်းအဆင့်မှာရှိနေကြပေမယ့် လေကြောင်းကုမ္ပဏီတွေအားလုံးထဲမှာ Cathay ဟာ ခရီးစဉ်အမျိုးမျိုးထဲမှာ ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်တဲ့လေကြောင်းတစ်ခုဖြစ်ခဲ့တယ်" လို့ airline/ airport review and ranking site Skytrax ရဲ့ စီအီးအို Edward Plaisted က ပြောပါတယ်။ Cathay Pacific ရဲ့ ဥက္ကဌ John Slosar ကလည်း "ဂုဏ်ပြုဆုတံဆိပ်ရနိုင်တဲ့ ဝန်ဆောင်မှုမျိုး နေ့စဉ်နေ့တိုင်းဆောင်ရွက်ပေးနိုင်ခဲ့တဲ့ Cathay Pacific အဖွဲ့သားအားလုံးအတွက် ဂုဏ်ယူမိပါတယ်"လို့ ဆိုတယ်။ Qatar Airways နဲ့ Singapore Airlines က ဒုတိယနဲ့ တတိယဆုတွေရရှိခဲ့ကြါပတယ်။ Emirates ကတော့ နံပါတ် ၄ နေရာကို အဆင့်လျော့သွားခဲ့ပါတယ်။ တခြား Best Leisure Airline ဆုအတွက် Thomson Airways ကရရှိပြီး မြောက်အမေရိက ဒေသတွင်းအေကောင်းဆုံးလေကြောင်းအဖြစ် Air Canada က ရရှိခဲ့ကြတယ်။  
၂၀၁၄ World Airline Awards ရရှိခဲ့ကြတဲ့ လေကြောင်းလိုင်းတွေမှာ 
1. Cathay Pacific
2. Qatar Airways
3. Singapore Airlines
4. Emirates
5. Turkish Airlines
6. ANA All Nippon Airways
7. Garuda Indonesia
8. Asiana Airlines
9. Etihad Airways
10. Lufthansa တို့ဖြစ်ကြတယ်။

ကမ္ဘာ့ထိပ်တန်းအထင်ကရ နေရာလေး
ပီရူးနိုင်ငံ Cusco Region ဒေသမှာရှိနေတဲ့ မာချူပီခ်ချူ(Machu Pikchu)တောင်ထွတ်လေးကို အလည်အပတ်ရောက်ဖူးပါသလား။ မရောက်ခဲ့ဖူးသေးဆိုရင် ကမ္ဘာ့ထိပ်တန်းအထင်ကရနေရာလေးတစ်ခုနဲ့ လွဲချော်နေသေးတယ် လို့ travel website "TripAdvisor"က ညွှ့န်းပါတယ်။ တောင်ထိပ်အို လို့ အဓိပ္ပါယ်ရတဲ့ မာချူပီခ်ချုဟာ ၁၅ ရာစုက တောင်ပိုင်း အမေရိကန်-အင်ဒီယန်းလူမျိုး Inca တွေရဲ့ ခံတပ်သဖွယ်အသုံးပြုခဲ့ကြတဲ့နေရာပါ။ ရှေးဟောင်းသုတေသနပညာရှင်တွေယုံကြည်ကြတာက မာချူပီခ်ချူကို အင်ကာအင်ပါယာအတွက် တည်ဆောက်ခဲ့ကြတယ်လို့ဆိုတယ်။ ၁၄၅၀ ခုနှစ်မှာတည်ဆောက်ခဲ့ကြပေမဲ့ ဒေသခံတွေပဲ သိရှိနေခဲ့ကြပြီး အဲဒီဒေသလေးရဲ့အပြင်ဘက်ကမ္ဘာက လူတွေကတော့ မသိရှိခဲ့ကြပါဘူး။ အင်ကာတွေရဲ့ ပျောက်ဆုံးနေခဲ့တဲ့ မြို့တော်လို့ လည်းတင်စားခဲ့ကြတာပါ။ ၁၉၁၁ ခုနှစ်မှာ အမေရိကန် သမိုင်းပညာရှင် Hiram Bingham ဟာ အဲဒီနေရာလေးကို နိုင်ငံတကာမြင်ကွင်းထဲ အာရုံစိုက်မိစေဖို့ဖော်ပြလာခဲ့တယ်။ အခုဆိုရင်တော့ ကမ္ဘာလှည့်ခရီးသွားတွေ အင်မတန်စိတ်ဝင်စားတဲ့နေရာဖြစ်လာခဲ့ပါပြီ။ TripAdvisor မှ ရွေးချယ်ထုတ်ပြန်ခဲ့တဲ့ ထိပ်တန်းကမ္ဘာ့အထင်ကရနေရာ ၁၀ ခုမှာ နံပါတ် ၁ အဖြစ်ဖော်ပြထားပါတယ်။ TripAdvisor ရဲ့ Top 10 World Landmark တွေမှာ 1. Machu Picchu, Machu Picchu, Peru, 2. Sheikh Zayed Grand Mosque, Abu Dhabi, U.A.E., 3. Taj Mahal, Agra, India, 4. Great Cathedral and Mosque, Cordoba, Spain, 5. St. Peter's Basilica, Vatican City, 6. Angkor Wat, Siem Reap, Cambodia, 7. Bayon Temple, Siem Reap, Cambodia, 8. Church of Our Savior on Spilled Blood, St. Petersburg, Russia, 9. Gettysburg National Military Park, Gettysburg, Pennsylvania နဲ့ 10. Ancient City Walls, Dubrovnik, Croatia တို့ဖြစ်ကြတယ်။

Game of Thrones ရုပ်ရှင်အသစ်ရိုက်ကူးမယ့် စပိန်က တော်ဝင်နန်းတော်
စပိန်နိုင်ငံတောင်ပိုင်း Seville မြို့တော်မှာရှိတဲ့ အလယ်ခေတ်ရဲတိုက် Alcázar of Seville ကို Game of Thrones ရုပ်ရှင်သစ်ရဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းမှာ ထည့်သွင်းရိုက်ကူးကြလိမ့်မယ် လို့ ရဲတိုက် ဝန်ထမ်းက အတည်ပြုခဲ့ပါတယ်။ လာမယ့်အောက်တိုဘာမှာ စတင်ရိုက်ကူးကြမှာပါ။ ရဲတိုက်ရဲ့ ဘယ်နေရာ၊ ရှုခင်းတွေပါဝင်ရိုက်ကူးမယ်ဆိုတာ အသေးစိတ်တော့ မပြောခဲ့ပါဘူး။ ရုပ်ရှင်ဝေဖန်သူတွေကတော့ Water Gardens of Dome, House Martell နွေရာသီစံအိမ်တွေဖြစ်လိမ့်မယ် လို့ ခန့်မှန်းနေကြတယ်။ စပိန်ဟာ Game of Thrones ခရီးသွားလုပ်ငန်းလှိုင်းရိုတ်ခတ်ခံရမှာကို စိတ်လှုပ်ရှားစွာကြိုဆိုနေကြမှာပါ။ ခရိုအေးရှားနဲ့ မြောက်ပိုင်းအိုင်ယာလန်တို့မှာတော့ ရုပ်ရှင်ရိုက်ကွင်းနေရာတွေပါဝင်ခဲ့ဖူးတော့ အဲဒီအတွေ့အကြုံရှိခဲ့ကြပြီးပါပြီ။ Seville ရဲတိုက်ဟာ ရုပ်ရှင်ရိုက်ကွင်းအဖြစ်အသုံးမပြုခင်ကတည်းက ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားကြတဲ့ နာမည်ကြီးနေရာတစ်ခုပါပဲ။ Game of Thrones ဇာတ်လမ်းတွဲတွေပြသတဲ့ Home Box Office တီဗီလိုင်းကတော့ ဇာတ်လမ်းတွဲအသစ် season 5 အစမ်းပြပွဲရက်ကိုတော့ ကြေညာခြင်းမရှိသေးပါဘူး။ တော်ဝင်နန်းတော်ကို ၈ ရာစုလောက်မှာ တည်ဆောက်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ UNESCO ကမ္ဘာ့အမွေအနှစ်တည်နေရာနေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ Alcázar of Seville ကို မူလက ခံတပ်အဖြစ်တည်ဆောက်ခဲ့ပြီး ၁၂၄၈ ခုနှစ်မှာ တော်ဝင်အိမ်တော်ဖြစ်လာခဲ့တယ်။ ဒီနေ့တိ တော်ဝင်နန်းတော်အဖြစ်ထားရှိထားပြီး အာရေဗျစတိုင်လ်၊ Mudejar အနုပညာတွေလွှမ်းမိုးနေပါတယ်။ နန်းတော်ကို အလည်အပတ်သွားချင်တယ်ဆိုရင် ဧပြီကနေ စက်တင်ဘက်မှာ နေ့စဉ် ၉နာရီခွဲကနေ ညနေ ၇ နာရီအထိ၊ အောက်တိုဘာကနေ မတ်လမှာ နေ့စဉ် မနက် ၉ နာရီခွဲကနေ ညနေ ၅ အထိ ဖွင့်လှစ်ထားပါတယ်။ ပုံမှန်ဝင်ကြေးက ယူရို ၈.၅၀ ပါ။ အသက် ၂၅ ထိ ကျောင်းသားတွေအတွက် ၂ ယူရို ဖြစ်ပြီး ကျောင်းသားကတ်ယူလာရမယ်လို့ ဆိုပါတယ်။

ပါရီမြို့မှာ ကလေးငယ်တွေလည်း စက်ဘီးလေးနဲ့ ခရီးသွားမယ်
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နှစ်စဉ်ပြုလုပ်တဲ့ စက်ဘီးပြိုင်ပွဲ Tour de France ဟာ နိုင်ငံတကာခရီးသွားတွေပါ စိတ်ဝင်စားကြတဲ့ ပြိုင်ပွဲတစ်ခုပါ။ စက်ဘီးစီးခြင်းဟာ နိုင်ငံရဲ့ အထိမ်းအမှတ်တစ်ခုလိုတောင်ဖြစ်နေတာကြောင့် ကလေးများအတွက် ကမ္ဘာ့ပထမဆုံး ကိုယ်တိုင်ယူစနစ် ငှားရမ်းနိုင်မယ့် စက်ဘီးလေးတွေပါ ထားရှိတော့မယ်လို့ ဆိုပါတယ်။ ပါရီမှ မြို့တော်အာဏာပိုင်တွေဟာ စက်ဘီးငှားရမ်းတဲ့ Velib စက်ဘီအစီအစဉ်ဟာ ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်တာကြောင့် ၂ နှစ်အရွယ်ကလေးငယ်တွေအတွက်ပါ စက်ဘီးလေးတွေထားပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပါရီမြို့တော်ဝန် Anne Hidalgo ဟာ ကလေးများအတွက်စက်ဘီးငှားရမ်းပေးမယ့်အစီအစဉ် P'tit Velib ကို ဇူလိုင်လဆန်းကကြေညာခဲ့ပါတယ်။ "ဘာကြောင့်လဲဆိုရင် ကောင်းတဲ့ အလေ့အကျင့်တွေဟာ စောစီးစွာပဲစတင်ကြတယ်။ ပါရီမြို့တော်ဝန်ဟာ ကလေးငယ်တွေကို ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှု ပိုပြီးအားပေးတဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေနဲ့ အကျွမ်းတဝင်ရှိစေချင်တယ်။ ငယ်နုတဲ့အရွယ်လေးကတည်းက ဒီအလေ့အကျင့်လေးရဖို့ ဆန္ဒရှိပါတယ်" လို့ P'tit Velib website မှာ သတင်းဖော်ပြထားပါတယ်။ ခိုင်ခန့်တဲံ Velib မီးခိုးရောင်စက်ဘီးတွေကို ၂၀၀၇ ဇူလိုင်လမှာ စတင်မိတ်ဆက်ပေးခဲ့ပြီး အခုဆိုရင် ၂၀၀၀၀ထက်ပိုလို့ တောင်းဆိုမှုတွေရှိလာပါပြီ။ ပါရီမြို့တဝိုက် စက်ဘီးထားပေးတဲ့ရုံပေါင်း ၁၈၀၀ ကနေ စတင်ထားရှိပေးခဲ့တာပါ။ Velib စက်ဘီငှားရမ်းတဲ့အခါ တနာရီခွဲ အခမဲ့စီးနိုင်မှာဖြစ်ပြီးနောက်ပိုင်းနာရီတွေအတွက်တော့ ငှားရမ်းခပေးရမှာပါ။ ကလေးငယ်တွေရဲ့ စက်ဘီးအသစ်လေးတွေဟာ Velib ရဲ့ထုံးစံအတိုင်း မီးခိုရောင်စတိုင်လ် ထူထူထဲထဲခိုင်ခံ့တဲ့ပစ္စည်းမျိုးပါပဲ။ ငှားရမ်းခက ၄ ယူရို(ဒေါ်လာ ၅.၄၀)ပါ။ 

ကောင်းကင်ဆီသွားမယ့် ပန်းရောင်မျှော်စင်တွေ
ကောင်းကင်ဆီအရောက်တက်လှမ်းဖို့ တရုတ်နိုင်ငံကကြိုးပမ်းနေတာကို ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်တော့ပါဘူး။ ကမ္ဘာ့စံချိန်ကိုရိုက်ချိုးမယ့် ၈၃၈ မီတာမြင့်တဲ့ မျှော်စင်ကို တရုတ်နိုင်ငံအလယ်ပိုင်း Changsa ဒေသမှာ တည်ဆောက်နေခဲ့ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ရပ်နားထားလိုက်ပါတယ်။ ဗိသုကာပညာရှင်တွေက ပိုပြီးကြီးမားတဲ့ပုံစံတည်ဆောက်ဖို့ အစီအစဉ်တွေထုတ်ပြန်ခဲ့တယ်။ တရုတ်နိုင်ငံအလယ်ပိုင်း Hubei ပြည်နယ်မြို့တော်မှာ Phoenix Tower နှစ်ခုကို တည်ဆောင်မှာပါ။ ၂၀၁၇ နဲ့ ၂၀၁၈ မှာ ပြီးဆုံးဖို့ ရည်မှန်းထားပြီး တကမ္ဘာလုံးမှာ အမြင့်ဆုံးမျှော်စင်ဖြစ်နေပါလိမ့်မယ်။ မျှော်စင်တွေဟာ အလွန်အမင်းခေတ်ဆန်းလွန်းတဲ့ဒီဇိုင်းဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်း အဆင့်အမှီဆုံးတည်ဆေက်မယ်လို့ ဆိုတယ်။ ပြီးတော့ အရောင်ဟာ ထူးထူးခြားခြား ပန်းရောင် တည်ဆောက်ပါမယ် လို့ ယူကေအခြေစိုက်ဒီဇိုင်း Chetwoods Architects မှ Laurie Chetwood က စီအန်အန်ကိုပြောပါတယ်။ အဲဒီဒေသနေဝင်ချိန်တွေမှာ အံ့ဘနန်းထူးခြားတဲ့အရောင်တွေနဲ့ အလင်းပြန်နိုင်အောင် စီစဉ်ထားကြတယ်။ မျှော်စင်တွေဟာ ၁၇၂ မီတာ(၅၆၄ ပေ) အထိ တည်ဆောက်မှာဖြစ်ပြီး ဒူဘိုင်းမှာရှိတဲ့ Burj Khalifa ထက်ပိုမြင့်မားပါတယ်။ အောက်ခြေကနေအပေါ်ကို ငေးကြည့်ရတဲ့မြင်ကွင်းမှာ စူးရှတောက်ပတဲ့အလင်းတွေပြန့်ကျဲနေပါလိ့မ်မယ်။ မြေညီထပ်မှာ တကမ္ဘာလုံးက ဗိသုကာပညာစတိုင်လ်အားလုံးဖန်တီးတည်ဆောက်မှာပါ။ တရုတ်နိုင်ငံမှထွက်ခွာမသွားဘဲနဲ့ ပြင်သစ်လမ်းလေး၊ ဂျပန်နိုင်ငံမှ လမ်း၊ တူရကီမှ လမ်းတွေနဲ့ တခြားစတိုင်လ်တွေအားလုံးရှိအောင် တည်ဆောက်ထားမယ်လို့ ဆိုပါတယ်။

ကမ္ဘာလှည့် ခရီးသွားခဲ့ကြတဲ့ ပန်ဒါဝက်ဝံတွေ
ဟောင်ကောင်မှ ကမ်းခြေတွေမှာ ပန်ဒါဝက်ဝံလေးတွေ ကြိတ်ကြိတ်တိုးပြည့်ကျပ်နေခဲ့ကြတယ်။ ပြင်သစ် artist Paulo Grangeon ရဲ့ တစ်နှစ်တာ ကမ္ဘာ့ခရီးသွားအင်စတော်လေးရှင်းအစီအစဉ်ထဲက တစ်ခုအဖြစ် ပြီးခဲ့တဲ့ ဇွန်လက ဟောင်ကောင်မှာပြလုပ်ခဲ့တာပါ။ Papier-mache နဲ့ ပြုလုပ်ထားတဲ့ ပန်ဒါဝက်ဝံရုပ် ၁၆၀၀ ဟာ ထိုင်ဝမ်၊ ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်၊ ဆွစ်ဇာလန် နဲ့ ပြင်သစ်နိုင်ငံတို့ကို ၂၀၀၈ ခုနှစ်က စတင်ခရီးသွားခဲ့တာပါ။ ဟောင်ကောင် Lantau ကျွန်းမှ Po Lin ဘုန်းကြီးကျောင်းရှိ ပေပေါင်း ၁၁၁.၅ ပေ အမြင့် နဲ့ အလေးချိန် ၂၅၀ မက်ထရစ်တန်ရှိတဲ့ Tian Tan ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဇွန်လ ၁၀ ရက်နေ့က ပြသထားခဲ့ပါတယ်။ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအုပ်စု World Wild Fund for Nature (WWF) က စတင် စီစဉ်ခဲ့တဲ့ စီမံကိန်းဖြစ်ပြီး သဘာဝအတိုင်းရှင်သန်နေတဲ့ ပန်ဒါ အကောင်ရေ ၁၆၀၀ ပဲ လက်ကျန်ရှိတော့တာကို သတိပြုမိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ကြတာပါ။ သက်ရှိသတ္တဝါလေးတွေ အန္တရာယ်ကြီးမားနေပုံကို လူတိုင်းသိရှိကာကွယ်ပေးနိုင်စေဖို့ ပန်ဒါ ပန်းပုရုပ်ပေါင်း ၁၆၀၀ ပြုလုပ်ပြီး ကမ္ဘာလှည့်ခရီးသွားနေခဲ့ကြတာပါ။ ဇွန်လအတွင်းက ဟောင်ကောင်မှာ နေရာဒေသ ၁၀ ခုအထိ လှည့်လည်ဖို့ စီစဉ်ခဲ့ကြပါတယ်။
Source : CNN Travel


ဖြိုးဖြိုး

(Living Fashion Magazine, August & September, 2014)

No comments: