Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 17, 2014

လက်ထပ်ခြင်း (သို့မဟုတ်) အတူတကွ နေထိုင်ခြင်း အလှတရား

စုမီအောင်
(Beauty Magazine, အောက်တိုဘာ၊ ၂၀၁၄)

 “လက်ထပ်ခြင်း”ဆိုတာ လူယောက်ျားတစ်ယောက်နဲ့ လူမိန်းမတစ်ယောက် အိမ်တစ်လုံးထဲမှာ တစ်ယောက်က တစ် ယောက်ကို ချစ်ခင်ရင်းနှီးစုံမက်စွာ အတူတကွပေါင်းစည်းနေထိုင်ခြင်းပါ။ အတူတကွနေထိုင်ခြင်းဟာ ဘ၀မှာ အလှတရား တစ်ခုဖြစ် သလို ဒီအလှတရားကို ရှင်တို့ မခံစားဖူးသေးရင် ဘ၀မှာ တစ်ခါတော့ ခံစားကြည့်ဖို့လိုပါလိမ့်မယ်။ ကျွန်မ ခံစားစေချင်တဲ့ အလှတရားက လက်ထပ်ခြင်းနဲ့ဒွန်တွဲနေတဲ့ အတူတကွနေထိုင်ခြင်းပါ။

xxxxx

မိန်းမနဲ့ယောက်ျား နှစ်ယောက်သားအတူတကွနေထိုင်ကြဖို့ အစပျိုးတဲ့အခါ တစ်သက်မှာ တစ်ခါဆိုတဲ့ အသိလေးနဲ့ ငွေကြေး တတ်နိုင်ရင်တတ်နိုင်သလောက် ထိမ်းမြားမင်္ဂလာပွဲကို ဟိုတယ်ကြီးတွေမှာ လူများစွာ ဖိတ်ကြား၊ ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်ကြ တယ်။ ကျမမေးပါရစေ၊ ရှင်ဟာ သာမန်လူလား ကြွယ်ဝချမ်းသာသူလား။ ကြွယ်ဝသူဆိုရင်တော့ လုပ်ပစ်လိုက်ပါ။ တစ်ကြိမ်မကတဲ့ လက်ထပ်ပွဲတွေကို ဆွေမျိုးတွေရှိရာနယ်မှာ၊ မိဘတွေရှိရာ ရန်ကုန်မှာ၊ မောင်နှမတွေရှိရာ ပြည်ပမှာ အခါခါ ဆင်ယင်ကျင်းပပစ်လိုက်ပါ။ ပြီးရင် သိန်းပေါင်းများစွာ ကုန်ကျစရိတ်ခံပြီး ငပလီကမ်းခြေမက၊ ကမ္ဘာ့နိုင်ငံအသီးသီးက ကမ်းခြေသာမက၊ ကမ္ဘာ့အပြင်ဘက် ဆန့်ထွက် ပြီး လကမ္ဘာပေါ်တက်လို့ ပျားရည်ဆမ်းခရီး ထွက်ပစ်လိုက်ပါ။ ဘယ်သူမှ အပြစ်တင်မှာမဟုတ်ပါဘူး။ ရှင်ဟာ သာမန်လူဆိုရင်တော့ သာမန်လူလိုပဲ လက်ထပ်တာက စိတ်ဖိစီးမှုကင်းဝေးစေမှာပါ။
မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရတော့ ဒီလိုရှိတယ်။ လူသာမန်တွေလုပ်လို့ရတဲ့နည်းတွေပါသလို ချဲ့ထွင်ပြီးခမ်းနားပစ်လိုက်လို့ လည်း ရတဲ့ ချိုမြိန်တဲ့ထိမ်းမြားနည်းလေးတွေပေါ့။  ၁။ ပုဆိုးတန်းတင်ထိမ်းမြားတာ၊၂။ ထမင်းလက်ဆုံစားပြီး ထိမ်းမြားတာ၊ ၃။ လက်စွပ် လဲ ပြီးထိမ်းမြားတာ၊၄။ အ၀တ်လဲပြီးထိမ်းမြားတာ၊ ၅။ လက်လက်ချင်းထပ်ပြီး ထိမ်းမြားတာ၊ ၆။ ဒါလီဖွဲ့ပြီးထိမ်းမြားတာ၊ ၇။ စုလျားရစ်ပတ် ထိမ်းမြားတာ၊ ၈။ ပန်းကုံးစွပ်ပြီးထိမ်းမြားတာ၊ ၉။ ရေခွက်မှာလက်စုံချပြီးထိမ်းမြားတာ၊ ၁၀။ ဦးထိပ်မှာ ရေစင်သွန်းပြီး ထိမ်းမြားတာ။ ထိမ်း မြားခြင်း ၁၀မျိုးရှိပါတယ်။ အ၀တ်လဲပြီးထိမ်းမြားဆိုတာကတော့ သတို့သားအတွက်အ၀တ်ကို သတို့သမီးကယူလာ၊ သတို့သမီး အ၀တ်ကို သတို့သားကယူလာပြီး ၀တ်ကြတဲ့လက်ထပ်ပွဲပါ။ ဒီခေတ်မှာတော့ မရှိတော့ဘူးလို့ သိရတယ်။ ကျွန်မအထင်တော့ ဒီနည်း လမ်းလေးက ကုန်ကျစရိတ်သက်သာပြီး စိတ်လှုပ်ရှားစရာromanceရုပ်ရှင်လေးနဲ့ တူနေမလားပဲ။ သူ့အ၀တ်စားလေးယူလာ ကိုယ်က ပေး၊ ကိုယ့်အ၀တ်အစားလေး သယ်လာပြီး သူ့ကိုပေး၊ ဆိုတော့ သူဝတ်မယ့်အ၀တ်အစားလေး ကိုယ့်လက်နဲ့သယ်ယူလာစဉ် အခိုက် အတန့်လေးမှာ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကြည်နူးစရာကောင်းမှာပါလိမ့်။ ဒါဟာ သူ့ဘ၀နဲ့ ကိုယ့်ဘ၀ လဲလှယ်ထိုးအပ် လိုက်တဲ့ပွဲလို့ ရှင်းရှင်းလေးယုံကြည်လို့လည်းရပါတယ်။ လက်ထပ်မယ့်မိတ်ဆွေတွေ၇ှိရင် ဒီနည်းလမ်းကိုသုံးဖို့ ကျွန်မတော့ တိုက်တွန်း ချင်လိုက်တာ။ ဒါလီဖွဲ့ပြီးထိမ်းမြားတယ်ဆိုတာကတော့ လူနှစ်ကိုယ်စာရွှေကြိုးရွှေဘယက်ရှည်ကို အကြီးအကဲစုံတွဲကကိုင်ပြီး သတို့သား သတို့သမီးတို့ရဲ့လည်မှာ တစ်ပြိုင်တည်း ပူးစွပ်ပေးပြီးလက်ထပ်ကြတာကို ပြောတာပါ။ ဒါကိုတော့ မန္တလေးမှာ ခမ်းနားစွာကျင်းပသူ တချို့ရှိတယ်လို့ သိရပါတယ်။ ကျန်တာတွေတော့ သူ့မှာပါတဲ့စကားလုံးအဓိပ္ပာယ်အတိုင်း ရှင်းလိမ့်မယ်ထင်ပါတယ်။
ထုံးတမ်းစဉ်လာအရပဲလုပ်လုပ်၊ ရှေးထုံးစွန့်ပယ်ပြီး မော်ဒန်စတိုင်လ်နဲ့ပဲလုပ်လုပ် အရေးကြီးတာက အတူတကွ ထာဝရနေ ထိုင်ဖို့ပါပဲ။  လက်ထပ်ခြင်းတစ်ခုခု မပါဘဲ အတူတကွ နေထိုင်ကြဖို့ကိုတော့ ကျွန်မ ဘယ်တော့မှတိုက်တွန်းမှာ မဟုတ်ပါဘူး။ လက်ထပ် ခြင်းနဲ့ယှဉ်တဲ့ အတူတကွနေထိုင်ခြင်းအလှတရားတွေအကြောင်း အခု ကျွန်မ ပြောပြတဲ့အခါ ဒါတွေဟာ ပါဝင်သူလူသားတွေရဲ့ တကယ့်အစစ်အမှန်ဘ၀တွေဖြစ်တယ်ဆိုတာ ရှင် နားလည်ယုံကြည်ပေးပါ။
xxxxx
ကျွန်မမိတ်ဆွေ ကျောင်းဆရာတစ်ယောက်ရဲ့အတူတကွနေထိုင်ခြင်းကတော့ သိပ်ကို မော်ဒန်ကျပါတယ်။ သူက ငယ်စဉ်က ယူခဲ့တဲ့ မိန်းမနဲ့ ကွဲခဲ့ပါတယ်။ မိန်းမဘက်ပါသွားတဲ့ သမီးလေးတစ်ယေက်ရှိတယ်။ တစ်ယောက်တည်းနေလာရင်းနဲ့ အသက်၄၅နှစ်ကျမှ အသက် ၄၃နှစ်ရှိတဲ့ ကျောင်းဆရာမနဲ့ ယူပါတယ်။ ကျောင်းဆရာမကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ယေက်ျားနဲ့ကွဲပြီးသားတစ်ယောက်ရှိ သလို သားကို ယောက္ခမတွေဘက်က တာဝန်ယူပေးတဲ့အခါ ဘာမှ ပူစရာမလိုပါဘူး။ အပျိုကြီးလို ဖြစ်နေတဲ့ ဆရာမကို ယူတဲ့အခါ သူတို့ နှစ်ယောက်စလုံးက အထက်က ၁၀ နည်းထဲက ပထမဆုံးနည်းကို သုံးတယ်ထင်ပါရဲ့။ နှစ်ဦးနှစ်ဖက်ကျောင်းက ဆရာဆရာမ မိတ်ဆွေ တွေကို စားသောက်ဆိုင်မှာ တစ်ဝိုင်းကျွေး အသိပေးလိုက်ပြီး အတူတကွ နေထိုင်လိုက်ကြပါတယ်။ စာရွက်ပေါ်ရေးထိုးခဲ့တဲ့ လက်မှတ် တွေဟာ တကယ့်ဘ၀မှာ အလကားပါပဲလို့ မြင်တဲ့သူတို့နှစ်ဦးက ဒုတိယအကြိမ်လက်မှတ်ထိုးဖို့ကို နာကျင် စိတ်ပျက်ခဲ့တာကြောင့် ဒီလို ရိုးရိုးလေးပဲ အတူတကွနေထိုင်ခြင်းကို ဖော်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။
အသက်၁၆နှစ်အရွယ် ဆယ်တနုးအောင်ချိန်မှာ ၉တန်းမအောင်သေးတဲ့ အိမ်နီးချင်းကောင်လေးနဲ့ချစ်ကြိုက်မိတဲ့ မိန်းကလေး `ဆွေဆွေ´ကတော့ လူကြီးတွေရဲ့အလိုလိုက်ခြင်းခံရသူလေးမို့ လူကုံထံမိဘတွေက သမီးလေးမျက်နှာမငယ်ရလေအောင် ဟိုတယ်မှာ ခမ်းခမ်းနားနား ထိမ်းမြားပေးခဲ့ပါတယ်။ ကောင်လေးက ရိုးသားပါတယ်။ ချမ်းသာကြွယ်ဝတဲ့ နှစ်ဖက်မိဘတွေရဲ့အကူအညီနဲ့ပဲ ကျောင်း ဆက်တက်ကြတယ်။ အတူတကွနေထိုင်ခြင်းက သူတို့အတွက် ပူပန်စရာမရှိခဲ့ပေမဲ့ ကောင်လေးက လက်ထပ်ပြီး သုံးနှစ်အကြာမှာ အူမကြီးကင်ဆာနဲ့ သေဆုံးသွားတဲ့အခါ ဘ၀ကမလှတော့ပါဘူး။ ဒါပေမဲ့ မိန်းကလေးက စိတ်ဓာတ်ခိုင်မာသူလေးပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ရပေမဲ့ ဒီအဖြစ်ကိုမေ့ထားပြီး သာမန်မိန်းကလေးတစ်ယောက်လို လုပ်စရာရှိတာဆက်လုပ်ပါတယ်။ ကျောင်းတက်ရင်း ချစ်သူ ခင်ပွန်းကို သတိရတဲ့အခါ လက်ထပ်ပွဲနေ့ကအမှတ်တရရိုက်ခဲ့တဲ့ ဓာတ်ပုံအယ်လ်ဘမ်ကြီးတွေကို ထုတ်ထုတ်ကြည့်ရှာတယ်။ ဒီလိုနဲ့ ကျောင်းပြီးအလုပ်လုပ်ချိန်မှာ ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တဲ့ ယောက်ျားလေးတစ်ယောက်နဲ့ တွေ့တယ်။ တွေ့တဲ့အခါ သူ့အဖြစ် သနစ်တွေ ပြောပြပါတယ်။ တစ်ဖက်က ဒါကို ဗွေမယူခဲ့ပါဘူး။ နောက်တစ်ကြိမ် ခမ်းနားတဲ့လက်ထပ်ပွဲကို ဆင်နွှဲလိုက်ပါတယ်။ ဒီတစ်ခါ တော့ မိဘအကူအညီမယူတော့ပါဘူး။ ယောက်ျားလေးက ၀င်ငွေဖြောင့်လို့ပါ။ ခုဆို သားကလေးတစ်ယောက်နဲ့ ပြည့်စုံတဲ့အတူတကွ နေထိုင်ခြင်းမှာ ပျော်မွေ့နေပါပြီ။ ဆွေဆွေက အမြော်အမြင်ကြီးတဲ့ မိန်းကလေးပါ။ ဘာလို့ဆို ယောက်ျားတွေမှာရှိတတ်တဲ့မနာလိုစိတ်ကို အဝေးကြီးကတည်းက သူလှမ်းကြိုမြင်ခဲ့ပါတယ်။
“ သူက အတိတ်ကို ခေါင်းထဲထည့်တတ်သူမဟုတ်ပေမဲ့ အရင်လူနဲ့လက်ထပ်ပွဲနေ့က ကျွန်မတို့ပြုံးပျော်နေတဲ့ဓာတ်ပုံတွေကို တသသထုတ်ထုတ်ကြည့်နေရင် ကြာရင် သူခံနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူနဲ့လက်ထပ်တဲ့ နေ့မှာပဲ အဲဒီအယ်လ်ဘမ်တွေအားလုံး မီးရှို့ပစ်ခဲ့ပါတယ်”လို့ ပြောပြတဲ့အခါ ကျွန်မက သူ့အစား မျက်ရည်ဝဲချင်ချင် ဖြစ်ခဲ့မိတယ်။ မိန်းမတစ်ယောက်အနေနဲ့ သူနဲ့ပတ်သက် ခွင့်ရတဲ့ ပထမဆုံးချစ်သူယောက်ျားကို ဘယ်တော့မှမေ့နိုင်မယ် မထင်ပါဘူး။ ဒါပေမဲ့ အသစ်ပေါ်ပေါက်လာတဲ့ အတူတကွနေထိုင်ခြင်းက ပြည့်စုံလှပတဲ့အခါ အတိတ်ကိုမေ့ဖို့ခွန်အားရခဲ့တယ်လို့ ဆွေဆွေက ပြောတယ်။
ဒီမိန်းကလေးဆီကနေ အတူတကွနေထိုင်ခြင်းတွေကို လှပအောင်ဖော်ဆောင်ဖို့လိုတယ်လို့ ကျွန်မ သတိပြုမိလိုက်ပါတယ်။ ဒါပေမဲ့ အတူတကွနေထိုင်ခြင်းတွေ လှပဖို့ နှစ်ဦးစလုံးက ခြေလှမ်းညီညီ လှမ်းဖို့လိုပါတယ်။ ခြေလှမ်းမညီဘဲ ဒယိမ်းဒယိုင် လဲပြိုချည့်နဲ့ နေတဲ့ လက်ထပ်ခြင်းတချို့လည်း ရှိနေသေးတယ်။ ဒါကတော့ ကျွန်မကိုယ်တိုင်ပါပဲ။
ဟုတ်ပါတယ။် ကျမတို့ လက်မထပ်ခင်ကမှ အတူတူလုပ်ဖြစ်တာတွေ မနည်းမနောရှိတယ်။ လက်ထပ်ပြီး အတူနေပါမှ အတူတကွ လုပ်ဖြစ်တာတွေ မရှိသလောက် ရှားပါးကုန်ပါတယ်။ ပထမဆုံး ဂီတအလုပ်တွေ အတူတကွဖော်ဆောင်ကြမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ဂီတလူတစ်ယောက်ကိုလက်ထပ်ခဲ့ပေမဲ့ လက်ထပ်ပြီး တစ်လအတွင်းမှာပဲ အတူတကွလုပ်မယ်ဆိုတဲ့အကြီးမားဆုံး ဂီတအိပ်မက်ကို  အကြောင်းတစ်ခုကြောင့် ဖြုတ်ချပစ်ခဲ့ရပါတယ်။ ဘ၀အစပိုင်း နေ့ရက်တွေမှာတော့ အတူတကွနေထိုင်ခြင်းက ကျွန်မ တို့ အတွင်းမှာ ကြီးစိုးနေခဲ့သေးတယ်။ ရန်ကုန်တက္ကသိုလ်ခြံဝင်းထဲမှာနေတော့ ဦးချစ်ဆိုင် သွားထိုင်လိုက်၊ Recreation Centerမှာ ဖွင့်ထားတဲ့ Pioneer ဆိုင်သွားထိုင်လိုက်၊ အင်းလျားကန်ဘောင်ပေါ် လမ်းလျှောက် ထွက်လိုက်၊ လှည်းတန်း IT ဆိုင်သွားထိုင်လိုက်၊ အိမ်ထဲမှာပဲ ကော်ဖီတွေဖျော်ပြီး ရုပ်ရှင်ဇာတ်ကားတွေ တစ်ကားပြီးတစ်ကား အေးအေးလူလူထိုင်ကြည့်လိုက်နဲ့ အတူတကွ နေနိုင်ခဲ့ကြပါ သေးတယ်။ နောက်ပိုင်းမှာ အလုပ်တွေက ဘ၀ကို ၀ါးမျိုလာတယ်။ အလုပ်တွေဟာ မိုးလင်းကနေမိုးချုပ်လုပ်ရတဲ့ အလုပ်တွေဖြစ် လာတယ်။ ဘတ်စ်ကားစီးချိန် ပိုကြာလာပြီး အလုပ်အတွက်ပေးရတဲ့ အချိန်တွေကလည်း ပိုများလာတယ်။ မိုးချုပ်နေ၀င် ကျွန်မ အိမ်ပြန်ရောက်ချိန်မှာ သူက ဂစ်တာသမားပီပီ Bar, Restaurant, Hotel ဒါမှ မဟုတ် အသံသွင်းစတူဒီယိုဆီ ထွက်သွားခဲ့တယ်။ မနက် သူပြန်ရောက်ချိန်မှာ ကျွန်မက အလုပ်သွားရပြီ။ တစ်ခါတလေ အ၀င်အထွက်လေး တွေ့တယ်ဆိုရုံလေးပါပဲ။ အပြင်မထွက်ပေမဲ့လည်း အိမ်ထဲမှာတင် သူက သူ့အလုပ်နဲ့သူ ရှုပ်နေတတ်သလို ကျွန်မကလည်း ကိုယ့်စာ ကိုယ်ထိုင်ရေးနေတတ်တယ်။ ပစ္စည်းတစ်ခုခု မတွေ့လို့ တစ်ယောက်က မေးမိရင် တစ်ယောက်ကမသိဘူး။ ကိုယ့်ပစ္စည်း ကိုယ့် အမှတ်အသားနဲ့ကိုယ်သာ စွဲမြဲမှတ်သားရတယ်။ လက်မထပ်ခင် က တစ်ခုတည်း နှစ်ယောက်အတူ အသုံးပြုတဲ့၊ ဓား၊ လက်သည်း ညှပ်..အစရှိတဲ့အသုံးအဆောင်ပစ္စည်းတွေဟာ လက်ထပ်ပြီးတဲ့အခါ တစ်ယောက်တစ်ခု သီးသန့်အပိုင် ထားရမယ့် ပစ္စည်းနှစ်ခုအဖြစ် ကွဲထွက်များပြားလာတယ်။ အတူတကွလုပ်ဆောင်တာတွေ မရှိတော့ ကြောင်း အလန့်တကြားသတိပြုမိချိန်မှာ အတူတကွ လုပ်ဖြစ်နေကြတဲ့ သူငယ်ချင်းစုံတွဲတွေမြင်ရင် ကျွန်မမှာ အားကျတဲ့မျက်လုံးတွေနဲ့ ငေးငေးကြည့်နေမိရတတ်တယ်။
လက်မထပ်ခင်က တစ်ယောက် အ၀တ်အစားဝယ်ရင် တစ်ယောက်က လိုက်ရွေးပေးရ၊ လိုက်မလိုက်အကြံပေးရနဲ့ ၊ အခု သူ့ဆီမှာ ဘာပစ္စည်းတစ်ခု ထပ်တိုးတယ်ဆိုတာ၊ ဂစ်တာတစ်လက်လိုမျိုး ကြီးမားတဲ့ပစ္စည်းမျိုးတောင် အိမ်မှာ ကျွန်မ သတိမထားမိဘူး၊ facebook မှာ my new guitar လို့ တွေ့မှပဲ သိရတော့တယ်။ တစ်အိမ်တည်းနေပြီး သူ့အကြောင်းကို့်ယ့်အကြောင်းကို အွန်လိုင်းက တစ်ဆင့် ကြားသိနေရတတ်တယ်။ တချို့ဆို ၀ါသနာချင်းကလည်း ထပ်တူကျတယ်။ ဥပမာ facebookမှာ နှစ်ယောက်သားစုံတွဲပုံ အမျိုးမျိုးရိုက်တင်တယ်။ ခရီးအတူတူထွက်တဲ့ပုံ၊ အတူတူဆိုင်မှာထိုင်စားတဲ့ပုံ၊ အတူတူ ကာရာအိုကေဆိုနေကြတဲ့ပုံ၊ အလှူအတန်းပြု နေတဲ့ပုံ၊ အတူတူဘုရားသွားတဲ့ပုံ၊ မိန်းမက statusတင်၊ ယောက်ျားက ပျော်ပျော်မြူးမြူးcommentလေးတွေဝင်ရေး။ ဒီလိုမြင် ကွင်းတွေမြင်ရ တဲ့အခါ ကျွန်မ တိတ်တဆိတ်လေးဝမ်းနည်းမိတတ်ပါတယ်။
တကယ်ဆို ဘာကိုမဆို အတူတကွ ဖော်ဆောင်လုပ်သွားကြမယ် ခရီးရှည်ကြီးနှင်ကြမယ်လို့ စိတ်ကူးတွေ မျှော်လင့်ခြင်းတွေ အပြည့်အသိပ်နဲ့ လူယောက်ျားတစ်ယောက်ကို ကျမတို့ ရဲရဲယုံယုံ လက်ထပ်ခဲ့ကြတာမဟုတ်လား............။ အခု ခရီးရှည်ကြီးတော့ နှင်နေပါရဲ့ ဒါပေမဲ့ ဟန်ချက်မညီတော့ဘူးလို့ စိတ်ထဲခံစားရတယ်။ ဒါကို ဟန်ချက်ညီအောင် ဘယ်လိုပြန်လုပ်မလဲ ကျွန်မမှာ အဖြေမရှိပါ ဘူး။ ခေတ်က ကျွန်မတို့ကို ၀ါးမျိုသွားခဲ့ပါပြီ။ သူဝါးမျိုထားတဲ့အတိုင်း အလိုက်သင့်လည်စင်းပေးဖို့ပဲရှိပါတယ်။

လက်ထပ်ပြီးအတူတကွနေထိုင်းခြင်းတွေ တာရှည်မခံဘဲ တစ်ယောက်တစ်နေရာစီ ခွဲခွာ ကွဲကွာသွားကြသူတွေလည်း ရှိ ပါတယ်။ စာတွေလည်းရေးပြီး ဂီတဖန်တီးမှုတွေလည်းအားကောင်းတဲ့ မိတ်ဆွေတစ်ဦးကတော့ သူ့ရဲ့အချစ်၊ လက်ထပ်ခြင်းနဲ့ အိမ်ထောင် အကြောင်း ခုလိုရင်ဖွင့်ခဲ့တယ်။
            “ သုံးနှစ် လောက် ချစ် သူဖြစ်ခဲ့တဲ့ကောင်လေးတစ်ယောက်ကိုလက်ထပ်ဖို့အဆင်သင့်ဖြစ်မဖြစ်သေချာဘဲ ကျွန်တော် လက်ထပ်ဖြစ်ခဲ့တယ်၊ သူ့ဘက်ကတော့ ကျွန်တော်ထင်မှတ်ထားတာထက်ပိုပြီး အရမ်းကိုချစ်ခဲ့တာပေါ့၊ အဲဒိလို မိန်းမတစ်ယောက်ရဲ့အလွန်အကျွန်ချစ်ခြင်းခံရတဲ့သူတစ်ယောက်နေနဲ့ ကျွန်တော့်စိတ်ထဲ အကျဉ်းကျသလိုခံစားခဲ့တယ်။ သူ့ ကိုထားမသွားဖို့ အတန်တန်တားတဲ့ ကြားက ရက်စက်စွာနဲ့ပဲ ကျွန်တော် ထားပစ်ခဲ့တယ်။ ကလေးမရှိခဲ့တာကလည်း ကျွန်တော်တို့ကြားမှာ ကွဲကွာဖို့ တွန်းအားပေးတဲ့ အချက် တစ်ချက်ဖြစ်လိမ့်မယ်” လို့ တစ်ဆက်တည်းသုံးသပ်ပြောပြတဲ့အခါ ကျွန်မ လက်မခံချင်ဖြစ်သွားခဲ့တယ်။ ကလေးမရှိတိုင်း ကွဲကွာဖို့ လွယ် သလား၊ ကလေးရှိနေရင် ဘယ်တော့မှ မကွဲကွာတော့ဘူးလား။ အိမ်ထောင်တစ်ခုဟာ အဲဒီလို အသေဆုပ်ကိုင် ပြောလို့လည်း မရပါဘူး။
            “စပြီးကွဲကွာကာစမှာတော့ ဌက်တစ်ကောင်လို လွတ်လပ်ပေါ့ပါးသွားသလိုခံစားရတယ်။ ဒါပေမဲ့ ၃၊ ၄ နစ်ကြာလာ တော့ သူ့မေတ္တာတွေ၊ အယုအယတွေကို သတိရလာပြီး ကျွန်တော် မကြာမကြာမျက်ရည်ကျတတ်လာတယ် ကိုယ့်တာဝန် မကင်းတဲ့လုပ်ရပ်တွေ၊ တစ်ကိုယ်ကောင်းဆန်ခဲ့တာတွေကို နောင်တွေအကြီးအကျယ်ရခဲ့တယ်။ ပြန်လည်ပေါင်းစည်းချင်တာမျိုးတော့မဟုတ်ဘူး။ ဒီဘ၀တော့ ပြန်ဆုံနိုင်မယ်မထင်တော့ဘူးလေ…” လို့ ပြောပြနေတဲ့သူ့မျက်ဝန်းမှာ နောင်တအရိပ်တွေလွှမ်းနေပါတယ်။ သူကတော့ ဂီတ၊ စာပေ ဖန်တီးသူပီပီ လွတ်လပ်မှုကိုလိုလားပုံပါပဲ။ လက်ထပ်ပြီး ဆယ်နှစ်ကြာတဲ့အထိ အတူတကွနေထိုင်ခြင်းရဲ့အလှတရားကို ထိတွေ့ ခံစားခဲ့ပြီးမှ တစ်ကိုယ်ရေနေထိုင်ရတဲ့အခါ သူ့ရဲ့ဘ၀ဟာ ဟာတတာသွေ့ခြောက်နေလေမလား ကျွန်မကြားကနေ ကရုဏာလွှမ်းမိပေမဲ့ သူကတော့ သူ့အနုပညာတွေနဲ့ သူ့ဘ၀မှာ ပျော်မွေ့နေပုံရပါတယ်။ သူ့အတွက်တော့ လူမိန်းမတစ်ယောက်နဲ့ အတူတကွနေထိုင်ခြင်း ထက် တစ်ကိုယ်ရေနေထိုင်ခြင်းက ပိုပြီးအဆင်ချောနေပုံပါပဲ။
 “ခုချိန်မှာ ကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့ မိန်းမမလိုချင်တော့ဘဲ ကလေးလိုချင်သလိုပဲ ဖြစ်နေတယ်”လို့ သူက ရယ်ရယ်မောမောပြောပြခဲ့သေးတယ်။
လူတချို့နဲ့စကားပြောပြီးတဲ့အခါ ကျွန်မ ကောက်ချက်ချမိတာကတော့ အချစ်-ဆိုတာ သာယာလှပတယ်၊ လက်ထပ်ခြင်းက ခမ်းနားထည်ဝါတယ်။ အိမ်ထောင်ဆိုတာကတော့ ကြည်နူးခြင်းတစ်ဝက် အလိုမကျခြင်းတစ်ဝက်နဲ့ ပင့်ကူအိမ်လို ရက်ဖွဲ့ ရှုပ်ထွေးတဲ့ အစိုင်အခဲကြိးတစ်ခုလို့ မြင်လာတယ်။
မိတ်ဆွေမန်နေးဂျင်းဒါရိုက်တာအမျိုးသမီးတစ်ဦးကတော့ လက်ထပ်ခြင်းက မိန်းမတစ်ယောက်အတွက် အရေးကြီးဆုံးအချိန်ပဲ လို့ ဆိုတယ်။ အချစ်ကလည်း အရေးမကြီးခဲ့ပါဘူးတဲ့။ သူ့မှာရည်းစားတွေရှိခဲ့ပေမဲ့ အဆုံးတော့ယူတာ တစ်ယောက်ပါတဲ့။ အကောင်း ဆုံးလို့ထင်သူကို ရွေးလိုက်ပြီး အပျံစားလက်ထပ်ပွဲလုပ်ဖို့က သူ့စိတ်ကူးပါတဲ့။ တကယ်လည်းမင်္ဂလာပွဲကို ဟိုတယ်မှာ သိန်းပေါင်းများစွာ အကုန်အကျခံပြီး လုပ်ခဲ့ပါတယ်။ မိဘ အစ်ကိုမောင် ညီမတွေ တစ်ယောက်စီဝတ်စားဆင်ယင်မယ့် အ၀တ်အစားကအစ  သူအစအဆုံး အပ်ပြီး စီစဉ်ပေးခဲ့တယ်။ ဒါပေမဲ့ လက်ထပ်ခြင်းရဲ့နောက်ကွယ်မှာ `နင့်ဘက်က ဘယ်လောက်ကုန်´၊ `ငါ့ဘက်က ဘယ်လောက်ကုန် ´ စာရင်းတွေတွက်ကြ၊ လက်ဖွဲ့ပစ္စည်းတွေကို `နင်က ဒါယူ´၊ `ငါက ဒါယူ´ တစ်ခါတည်းခွဲတမ်းချကြနဲ့ လက်ထပ်ပြီးနောက်တစ်ရက်မှာပဲ အတူတကွနေထိုင်ခြင်းကို ဖော်ဆောင်ဖို့နေနေသာသာ၊ အကွဲကွဲပြားပြားတွေ ဖြစ်ကုန်ကြတယ်။ ကူညီဖော်မရ အလိုက်မသိတတ်တဲ့ ခင်ပွန်းသည်ကြောင့် စိတ်ခဏခဏတိုရတယ်လို့  အဲဒိအမျိုးသမီးက ပြောပြတယ်။
“သူအလုပ်လုပ်သလို အစ်မလည်းအိမ့်အပြင်ထွက်အလုပ်လုပ်တာပဲ အလုပ်လုပ်သူချင်းအတူတူ သူက အိမ်ရောက်ရင် စည်းစိမ်းခံချင်တယ်။ ညစာစားတော့မယ်ဆို  အစ်မက ထမင်းခူးရင် သူက ဟင်းခပ်ပေးပေါ့၊ အဲလိုမဟုတ်ဘူး၊ တီဗီအမြိန့်သား ထိုင်ကြည့် နေတယ်၊ အကုန်ထမင်းစားပွဲပေါ်ပြင်ဆင်ပြီးမှ အခန့်သင့်ဝင်စားတယ်။ နောက်တော့ အစ်မလည်း မခံတော့ဘူး၊ ကိုယ့်ဘာသာ တစ်ပန်း ကန်ပဲ ခူးထည့်ပြီး ထိုင်စားပစ်လိုက်တယ်”လို့ အဲဒီအမျိုးသမီးကပြောတဲ့အခါ အတူတကွ နေထိုင်ခြင်းရဲ့ အနှစ်သာရဟာ ဘာလဲလို့ ကျွန်မ စဉ်းစားနေမိတယ်။ လက်ထပ်ခြင်းရဲ့နောက် အချိန်တိုတိုလေးအတွံင်းမှာ ဘာလို့ အဲဒီ လို တွက်ကပ်ချင်တဲ့စိတ်ကလေးတွေ သူ့မှာ ၀င်လာရတာလဲ။ သေချာတာက သူတို့ရဲ့လက်ထပ်ခြင်းမှာ ချစ်ခြင်းက အားနည်းခဲ့လို့ပါ။ ချစ်ခြင်းသာအားကောင်းခဲ့မယ်ဆိုရင် လက်ထပ်ပြီးအချိန်တိုတိုလေးအတွင်းမှာ ဒီလို ငြူစူကပ်တွက်တဲ့ စရိုက်တွေ ပေါ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်ထပ်ခြင်းမှာ ချစ်ခြင်းတွေအားကောင်းနေဖို့က အဓိကကျတယ်လို့ ကျွန်မယုံပါတယ်။
            ကျွန်မရဲ့လက်ထပ်ခြင်းကရော ဘယ်လိုပုံစံပါလိမ့်လို့ စဉ်းစားမိတဲ့အခါ စိတ်က လွန်ခဲ့တဲ့ ၁၆နှစ်ကိုပြန်ရောက်သွားခဲ့တယ်။ တရားဟောဆရာတစ်ယောက်ရယ်၊ အမေတစ်ယောက်ရယ်၊ အစ်ကိုတစ်ယောက်ရယ်၊ မိသားစုကို ကြည့်ရှုပေးတဲ့သူနာပြုဆရာမ ကြီးရယ်၊ ခြံစောင့်တစ်ယောက်ရယ်၊ ကျွန်မတို့နှစ်ယောက်ရယ်ဆို ၇ယောက်ပဲရှိပါတယ်။ ကမ္ဘာ့အသေးမွှားဆုံး လက်ထပ်ပွဲတစ်ခုပါ။ ဒါပေမဲ့ ဘုရားသခင်အုပ်စိုးတဲ့နေရာ အလိုတော်ကိုဝန်ခံတဲ့လက်ထပ်ခြင်းမို့ ကျွန်မပျော်ခဲ့ပါတယ်။ ဘ၀မှာ လက်ထပ်ပွဲတွေက အရေးကြီး တယ်လို့ထင်ရပေမဲ့ တကယ်တမ်းမှာ လက်ထပ်ခြင်းရဲ့နောက်မှာ ကပ်လျက်ဝင်ရောက်လာမယ့် အတူတကွနေထိုင်ခြင်းကသာ ပိုလို့ အရေးကြီးကြောင်း အခု ရှင်တို့ကို ကျွန်မပြောပြလိုက်ပါပြီ။ အဲဒီအတူတကွနေထိုင်ခြင်းလေးကိုသာ အလှတရားတစ်ခုအဖြစ် ထာဝရတည်တံ့အောင် ဖော်ဆောင်နိုင်ကြပါစေလို့ ရှင်တို့အားလုံးအတွက် အောက်တိုဘာဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
စုမီအောင်
(confession-အမှန်က Beauty editor က ဆရာမ မနော်ဟရီကို လက်ထပ်ခြင်းဆောင်းပါး တောင်းတာပါ။ မနော်က စုမီအောင်ကို တောင်းပါဆိုပြီး ဖုန်းနံပါတ်ပေးပြီး  ပြန်လွှဲပေးလိုက်လို့ ကျမလည်း ဗြုန်းစားကြီး ရေးဖြစ်လိုက်တယ်။ သိပ်မရေးတတ်လို့ မိတ်ဆွေတချို့ကို ဖုန်းနဲ့တစ်မျိုး၊ sms messageနဲ့တစ်မျိုး၊ facebook ကတစ်မျိုး စုံနေအောင် လှမ်းမေးပြီး ရေးခဲ့ရတယ်။ နောက်ဆုံးတစ်ယောက်ဆိုရင် ဆောင်းပါးက ၁၁နာရီမှာ ပေးရတော့မှာကို မနက် ၈နာရီခွဲမှာ c box ကနေ တစ်ကြောင်းစီ ပို့ပေးနေတုန်း၊ တစ်ခါတည်း ထိုင်လိုက်ရေး မှတ်နဲ့ သုတ်သုတ်ပျာပျာ ရေးခဲ့ရတယ်။ အချိန်တိုလေးအတွင်းမှာ စိတ်ရှည်လက်ရှည်ဖြေပေးကြလို့ သိပ်ကိုကျေးဇူးတင်မိပါတယ်။ အစစ်အမှန်တွေမို့ ကာယကံရှင်တွေအတွက် ထည့်စဉ်းစားပြီး အမည်တော့ မဖော်ပြထားပါဘသူတို့သာ မဖြေပေးခဲ့ရင် ဒီလို ရေးဖြစ်မှာမဟုတ်ပါဘူး။  လွှဲပြောင်းရေးစေတဲ့ မနော်ကိုလည်း ကျေးဇူးတင်ပါတယ်။ ရိုးရိုးဆောင်းပါးပဲထင်ပြီ်းရေးပေးလိုက်ပေမဲ့ Cover Storyလို့ တင်ထားတာတွေ့လို့လည်း Beauty ,ကိုလည်း ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်။

No comments: