Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 08, 2014

မိုးကုပ်စက်ဝိုင်းအဆုံးထိ

စုမီအောင်
(This I Believe radio programme မှာ ဖတ်၊ လွှင့်ခဲ့တယ်)

    ငယ်စဉ်ဘဝက ကျွန်မရဲ့အနာဂတ်အိပ်မက်ဟာ ဂီတပါ။ ဂီတသာ မရှိရင် ကျွန်မဘဝဟာ အနှစ်သာရမရှိ လို့ ယုံကြည်ခဲ့တယ်။ ဂီတရဲ့ဖမ်းစားမှု အောက်မှာ ကျွန်မပိုင်ဆိုင်သမျှအရာအားလုံး အလဲလဲအပြိုပြို ကျဆုံးခဲ့ရ တယ်။ ဂီတဟာ ကျွန်မရဲ့စိတ်နှလုံးကို တခြားဘယ်ဆီကိုမှ ဖြန့်ကျက်မသွား စေဘဲ သူ့အပေါ်မှာသာ အချိန်ပြည့် ယစ်မူးအောင် ပြုစားထားတဲ့ နတ်ဘုရား တစ်ပါးပဲပေါ့။
    ရသမျှ မုန့်ဖိုးတွေကိုစုပြီး သူငယ်ချင်းတစ်ယောက်ဆီက ဂစ်တာ တစ်လက် ဝယ်ယူနိုင်ခဲ့တဲ့နေ့ဟာ ကျွန်မအတွက် အပျော်ဆုံးနေ့ဖြစ်ခဲ့ပြီး ဂီတအပေါ် ယုံကြည်ချက်တွေနဲ့ ကျွန်မရဲ့အိပ်မက်တွေ လင်းလက်ချိုမြနေခဲ့ တယ်။ ကျွန်မဟာ သွားသုတ်သုတ်၊ စားသုတ်သုတ်နဲ့  မနက်ဖြန် သေရတော့ မယ့်လူလိုပဲ ဂစ်တာကို အရူးအမူးဖက်တွယ်ပြီး အငမ်းမရ ဂစ်တာအတီး ကျင့်တယ်။
    အဲသည်အချိန်တုန်းက ဂစ်တာတီးတာကို မိန်းကလေးတွေနဲ့ မအပ်စပ် တဲ့အလုပ်လို့ အားလုံးက လက်ခံယုံကြည်ထားတာပါ။ လူအများစု လက်မခံ၊ မယုံကြည်တဲ့အလုပ်ကို တစ်မူထူးကဲပြီး လုပ်ဆောင်ရတဲ့အတွက်  သိပ်ကို ပင်ပန်းခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်မယုံကြည်ရာကို ကျွန်မဘာသာ အား ထုတ်လုပ်ဆောင်နေရတဲ့ဘဝမှာ ကျွန်မ သိပ်ကို ကျေနပ် ပျော်ရွှင်ခဲ့ပါတယ်။
ကျွန်မရဲ့ ကြည်နူးခြင်း၊ ကြေကွဲခြင်း ဘာပဲဖြစ်ဖြစ် ခံစားဖြစ်ပျက်သမျှ အရာခပ်သိမ်းကို ကျွန်မရဲ့ဂစ်တာထဲ မှောက်သွန်ချပြီး ရင်ဖွင့်ရတဲ့အထိ ဂစ်တာဟာ ကျွန်မအတွက် အယုံကြည်ရဆုံးပေါ့။ သူ့အထဲကို ကျွန်မဘဝ တစ်ခုလုံး ထိုးထည့်ပုံအပ်ပြီး အားကိုးယုံကြည်ခဲ့တာပါ။
    တစ်နေ့တော့ ယုံကြည်ရာအိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ လမ်းစတစ်ခုအနေနဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ကျွန်မ ဏမသ်နျငသညေူ အဖြစ် သီချင်းဆိုဖြစ်ခဲ့တယ်။ သီချင်းတိုင်းကို ကိုယ်တိုင်ဂစ်တာတီးပြီး ကျွန်မ ဆိုပါတယ်။ ဂစ်တာမပါဘဲ စင်ပေါ်တက်ဖို့ ကျွန်မ မတွေးရဲပါဘူး။ ကျွန်မကိုယ်တိုင် ပွေ့ပိုက်တီးခတ်လိုက်တဲ့ ဂစ်တာသံဟာ ကျွန်မရဲ့အသံ၊ ကျွန်မရဲ့အကြည့် ကျွန်မရဲ့ဟန်ပန်မူရာတွေကို ပိုမိုရဲရင့်စေပြီး ကျွန်မရှေ့က မြင်ကွင်းအားလုံးကို ကြည်လင်ပြတ်သားစေတယ်လို့ ကျွန်မ သိပ်ကို ယုံကြည်ပါတယ်။
    တကယ်ဆိုရင် ကျွန်မက လူသိပ်ကြောက်တဲ့ မိန်းကလေးပါ။  ခုလို ဘီယာပါတွဲဖက်ရောင်းတဲ့ ကော်ဖီဆိုင်လိုနေရာမျိုးမှာ ပရော်ဖက်ရှင်နယ် ဂီတဖျော်ဖြေရေးသမားအဖြစ် လုပ်ဖြစ်လိမ့်မယ်လို့ ကျွန်မ အိပ်မက်တောင် မမက်ခဲ့မိပါဘူး။ ပရိသတ်တွေကို ရဲရဲမကြည့်ရဲသလို သူတို့ကြည့်လာမယ့် အကြည့်စူးစူးတွေကိုလည်း သက်သောင့်သက်သာ ခံယူနိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ ဂစ်တာတစ်လက် ရင်ခွင်ထဲပိုက်ထားချိန်မှာတော့ အံ့သြဖွယ် သတ္တိ တွေနဲ့ ပြည့်လျှမ်းလာပါတယ်။ သူတို့ကျွန်မကို ဘယ်လိုပုံစံ၊ ဘယ်လို မျက်လုံးမျိုးနဲ့ပဲကြည့်နေကြည့်နေ စိတ်ထဲ တစ်စက်ကလေးမှ ရှိုးတိုးရှန့်တန့် မဖြစ်မိတော့ဘဲ အကောင်းဆုံးတီးခတ် သီဆိုနိုင်ပါတယ်။ ကျွန်မရှေ့က ပရိသတ်တွေကို ဂီတကပေးတဲ့အင်အားနဲ့ ရိုးရိုးကလေး ဖမ်းစားနိုင်တယ်လို့ ကျွန်မကိုယ်ကျွန်မ ယုံကြည်ပါတယ်။ အဲဒီလိုယုံကြည်အောင်လည်း ကျွန်မရဲ့ ဂစ်တာက ကျွန်မရှေ့ကနေ ဒိုင်းလွှားသဖွယ် ကာကွယ်မှုပေးနေခဲ့တာပါ။
    ကျွန်မဆီက ထွက်ပေါ်လာတဲ့ ဂီတသံစဉ်တွေဟာ ဧည့်ပရိသတ် အပေါင်းရဲ့စိတ်နှလုံးကို သိမ်မွေ့စွာဆွဲဆောင်နိုင်စွမ်းရှိပြီး ဆိုင်ကလေးကို နွေးထွေးငြိမ်းချမ်းစေတယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။     
    ကျွန်မ အယုံကြည်ဆုံးကတော့ ဆိုင်ကလေးရဲ့နာမည်ပါ။ တခြားဆိုင် တွေလို 'အချစ်'၊ 'အိပ်မက်'၊ 'ပျားရည်ချိုချို'၊ 'ထာဝရ' စတဲ့ စိတ်လှုပ်ရှား ရင်ခုန်စရာ နာမည်မျိုးတွေမဟုတ်ပါဘူး။ ဆိုင်ကလေးရဲ့နာမည်က ရိုးရှင်း တည်ကြည်ပါတယ်။ မစ္စတာဂစ်တာ(မြ.ွကငအမေ)ပါ။ ကျွန်မရဲ့ဂစ်တာကို ချစ်သလို မစ္စတာဂစ်တာဆိုတဲ့နာမည်လေးကိုလည်း ကျွန်မ သိပ်ချစ်ပါတယ်။
    အဲဒီဆိုင်ကလေးမှာ ကျွန်မလိုပဲ ဂစ်တာကို သိပ်ချစ်တဲ့ လူငယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ ဂီတအပေါ်ယုံကြည်မှုစွမ်းအားက ကျွန်မထက် အဆများစွာခိုင်မာနေလို့ ကျွန်မ အံ့သြမှင်တက်မိတဲ့အထိပါပဲ။ နှစ်ယောက်သား လက်တွဲပြီး အိပ်မက်တွေကို အကောင်အထည်ဖော်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဂီတဖန်တီးမှုဟာ အနာဂတ်မှာ ပိုမို အားကောင်းလာနိုင်တယ်လို့ ယုံကြည်ပြီး ကျွန်မတို့ ဗြုန်းစားဒိုင်းစားကြီး လက်ထပ်လိုက်ပါတယ်။ ဒါပေမဲ့ လက်တွေ့ ဘဝက ကျွန်မတို့ ယုံကြည်သလို မချိုမြခဲ့ပါဘူး။ မမျှော်လင့်တဲ့ ခါးသီးမှုတွေ ကျွန်မ ကြုံလိုက်ရတယ်။
    ဘဝနှစ်ခုပေါင်းစပ်ပြီးတဲ့အခါ မိဘအသိုက်အဝန်းတွေက နံရံ တံတိုင်း တွေလို၊ မိုးသားမျက်နှာကြက်လို ကျွန်မတို့ နှစ်ယောက်အပေါ် လွှမ်းခြုံဝန်းရံ လာပြီး ကျွန်မရဲ့အိပ်မက်တွေ ကစဉ့်ကလျားနဲ့ ကျဉ်းထဲကျပ်ထဲ ပြုတ်ကျ ကုန်ပါတယ်။ ချွေးမဖြစ်သူ ဘာလုပ်သလဲ အမေးခံရတဲ့အခါ 'ကော်ဖီဆိုင်မှာ ဂစ်တာတီးတယ်'လို့ ဘယ်လူကြီးလူကောင်းကမှ ဂုဏ်ယူဝင့်ကြွားဟန်နဲ့ ပြုံးပြုံးကြီး ဖြေချင်မှာမဟုတ်ပါဘူး။ မိဘနေရာကနေ စဉ်းစားဆင်ခြင်မိတဲ့အခါ ကျဉ်းထဲကျပ်ထဲကျနေတဲ့ အိပ်မက်တွေကို ကျွန်မ အပြီးတိုင် လွှတ်ချလိုက် ပါတယ်။
    ငယ်စဉ်ကတည်းက ယုံကြည်ခဲ့တဲ့အရာတစ်ခုကို စွန့်လွှတ်လိုက်ရတဲ့ အတွက် ကျွန်မရဲ့စိတ်တွေ ကျိုးပဲ့ကြေမွခဲ့ပါတယ်။ ခံနိုင်ရည် မရှိတဲ့အဆုံး ကျွန်မဟာ အရူးအနှမ်းတစ်ယောက်လို ပြုမူမိပါတယ်။ ကျွန်မရဲ့ဂစ်တာကို အနက်ရောင် အကျီတစ်ထည်ဝတ်ပေး၊ ကိုယ်ထည်ပေါ်မွှျာနျအ ငည ဏနခေန လို့ စာတမ်းထိုး၊ သူ့ရဲ့သားရေအိတ်ကြီးထဲ ထည့်ပြီး ခြံထောင့်တစ်နေရာ မြေကြီးထဲမှာ မြှုပ်နှံပစ်ခဲ့ပါတယ်။
    တစ်နေ့တော့ အဲဒါကို ကျွန်မရဲ့ခင်ပွန်းသည် တွေ့ရှိသွားပါတယ်။  ကျွန်မ ရဲ့ တိတ်တခိုးကြေကွဲရမှုကို ခုလို ဘွားခနဲမြင်လိုက်ရတဲ့အခါ သူ သိပ်ကို တုန်လှုပ်သွားတယ်။ ကျွန်မကို သူချစ်မြတ်နိုးတဲ့ဂစ်တာတစ်လက် ကောက်ယူ ပွေ့ဖက်လိုက်သလို ညင်သာစွာပွေ့ဖက်ထားပြီး ခုလို ပြောပါတယ်။
    'မင်း ဒီနေ့ကစပြီး စာရေးပါလား၊ ဂစ်တာကိုင်ရတာ လေးကလေးနဲ့။ကလောင်ကိုင်တာကမှ စိတ်တွေလွတ်လပ်ပေါ့ပါးပြီး မိုးကုပ်စက်ဝိုင်းအဆုံးထိ ခရီးနှင်နိုင်မှာ'တဲ့။ မဂ္ဂဇင်းတချို့မှာ ကျွန်မ စာတိုပေစလေးတွေ ရေးဖူးခဲ့တာကို သတိရပြီး သူက အဲဒီလို အစဖော် တွန်းအားပေးခဲ့တာပါ။ ဒါနဲ့ပဲ လွင့်စဉ်သွား တဲ့ဂီတအိပ်မက်တွေအကြောင်းကစလို့ ကျွန်မ ခံစားဖြစ်ပျက်သမျှ အရာ ခပ်သိမ်းကို မြ>ွခင်းမချန် စာရွက်တွေပေါ် မှောက်သွန်ချခဲ့ပါတယ်။
    အံ့သြစရာပါပဲရှင်။ အခုတော့လည်း စာရေးရတဲ့ဘဝကို ကျွန်မ တကယ်ပဲ စွဲမက်နေပါပြီ။ ကျွန်မ ရေးသမျှစာတွေဟာ အမှန်တရားတွေကို ဖော်ဆောင်ခဲ့တာကြောင့် စာတစ်ပုဒ်ရေးပြီးတိုင်း ရေးပြီးတိုင်း ကျွန်မခန္ခာ ကိုယ်ထဲမှာ ယုံကြည်မှုတွေ သိပ်သည်းမြင့်မားလာပါတယ်။
    အစပထမတော့ စာရေးဆရာဖြစ်လိုသူဟာ စာများများဖတ်ရတယ်လို့ ယုံကြည်ပြီး ကျွန်မ စာအုပ်တွေ များပြားစွာ ဝယ်ယူစုဆောင်း ဖတ်ရှုပါတယ်။ အပြင်ထွက်တိုင်းလည်း ကျွန်မလက်ထဲမှာ ဖတ်လက်စ စာအုပ်တစ်အုပ် ဆွဲယူလာပြီး ဘတ်စ်ကားစောင့်ရင်း၊ ရထားစောင့်ရင်း၊ မိတ်ဆွေစောင့်ရင်း အမြဲ ဖွင့်ဖတ်ပါတယ်။  
    နောက်ပိုင်းမှာ ကျွန်မအကြိုက်စာအုပ်တွေက ဈေးကြီးလွန်းတော့ ဟုတ်တိပတ်တိ ဝယ်မဖတ်နိုင်တော့ပါဘူး။ ဒီတော့ အလကားရနေတဲ့ လူမျက်နှာတွေကိုပဲ လိုက်ဖတ်ရပါတယ်။ သူတို့မျက်နှာမှာ ထင်ဟပ်နေတဲ့ အရိပ်အယောင်တွေ၊ သူတို့ရဲ့ ပုံပန်းသÌာန်၊ အမူအကျင့်၊ လှုပ်ရှားသွားလာ ပုံတွေကတစ်ဆင့် သူတို့ရဲ့အတွင်းသန္တာန်ထိ တိုးဝင်ကြည့်ပါတယ်။ အဲဒီအခါ တစ်ကြိမ်နဲ့တစ်ကြိမ်၊ တစ်ယောက်နဲ့တစ်ယောက်၊ ဘယ်တော့မှမတူဘဲ ခြားနားဆန်းပြားနေတဲ့ စိတ်ဝင်စားဖွယ်ဘဝတွေကို ကျွန်မ ဖမ်းဆုပ်မိ လိုက်တယ်။ လူတိုင်းလူတိုင်းမှာ ပြောပြစရာပုံပြင်တွေ တစ်ပုဒ်ထက်မက ရှိနေကြတယ်လို့ ကျွန်မလက်ခံယုံကြည်သွားတယ်။
    စာအုပ်တွေကို ဖတ်တာထက် အခုလို လူတွေရဲ့ဘဝအစစ်တွေကို လိုက်ဖတ်တာကမှ စာရေးဖို့အတွက် အကောင်းဆုံး အထောက်အကူ တစ်ခုပဲလို့ ကျွန်မ ယုံကြည်သွားတဲ့အခါ စာအုပ်ဖတ်ချင်ရင် အိမ်ထဲမှာပဲ ထိုင်ဖတ်ပြီး အပြင်ထွက်တိုင်း လူတွေကိုပဲ သဲကြီးမဲကြီး လိုက်ကြည့်ပါတယ်။ မျက်စိနဲ့မြင်တွေ့လာတဲ့ ပုံရိပ်တွေ၊ နားနဲ့ကြားသိလာတဲ့ စကားလုံးတွေ အားလုံးကိုမှတ်သားလာပြီး ကျွန်မအသွေးအသားထဲက စာနာမှုနဲ့ ဖြည့်စွက် ကာ စာတွေကိုရေးပါတယ်။ အဲဒီအတိုင်း ပုံဖော်ရေးချလိုက်တဲ့ ကျွန်မရဲ့စာတွေ ဟာ အရင်ကလို ကဗျာဆန်ဆန်၊ အိပ်မက်ဆန်ဆန်တွေ မဟုတ်တော့ဘဲ ပိုမိုတိကျပြီး လူသားဆန်လာတာ တွေ့ရပါတယ်။
    ကျွန်မ အခု ဘာကိုမှ ဘာသိဘာသာ မနေတော့ပါဘူး။ ကမ္ဘာကြီး တစ်ခုလုံး ကျွန်မနဲ့သက်ဆိုင်တယ်လို့ ယုံကြည်ပြီး အသေးစိတ် စူးစမ်း လေ့လာမှတ်သားပါတယ်။ ကျွန်မဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ အရာခပ် သိမ်းကို မျက်ခြည်မပြတ် စောင့်ကြည့်ပါတယ်။ ပြီးရင် အားလုံးကို  ကျွန်မ နှလုံးသားထဲ ရေမြှုပ်တစ်ခုလို စုပ်ယူထည့်သိုထားပါတယ်။ တစ်သက်လုံး တော့ ထည့်သိုထားမှာ မဟုတ်ပါဘူး။ သူတို့နဲ့ လျော်ကန် သင့်မြတ်တဲ့ အခြေအနေ အချိန်အခါတစ်ခု ပေါ်ပေါက်လာတဲ့အခါတိုင်း အခါတိုင်းမှာ အားလုံးကို အစီအစဉ်တကျ ပြန်လည်ညှစ်ထုတ် စီးဆင်းစေမှာပဲဖြစ်ပါတယ်။
    သူတို့ အမှန်တကယ်ဖြစ်တည်ခဲ့တဲ့ ပကတိအရှိအတိုင်း ဆက်လက် စီးဆင်းသွားစေဖို့ကိုတော့ ကျွန်မ သတိကြီးစွာထားရမှာဖြစ်ပါတယ်။ ဘာလို့ဆို ဒီကမ္ဘာမြေမှာ အမှန်တရားတွေ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေမှာ ကျွန်မ မလိုလားသလို အရှိတရားတွေဟာလည်း အမေ့အလျော့ ခံရာကနေ တဖြည်းဖြည်း မှုန်ဝါးသွားပြီး တစ်နေ့မှာ လုံးဝ ကွယ်ပျောက်သွားမှာကို ကျွန်မ စိုးကြောက်လို့ပါပဲ။ စာရေးဆရာတိုင်းဟာ ကိုယ့်နိုင်ငံကို ကိုယ်မမေ့ဖို့၊ ကိုယ် ဘယ်သူလဲဆိုတာကို ကိုယ်မမေ့ဖို့၊ ကိုယ်ရေးသင့်တဲ့စာတွေကို ကိုယ်မမေ့ဖို့၊  ကျွန်မအပါအဝင် အခြားစာရေးဆရာအားလုံးကို သိစေချင်ပါ တယ်။  
    ကျွန်မဟာ ခုချိန်မှာ ကျိကျိတက်ချမ်းသာနေတဲ့ အရောင်းရဆုံးစာရင်းဝင် နာမည်ကျော်စာရေးဆရာမတစ်ဦး မဟုတ်ပါဘူး။ အများအမြင်မှာလည်း ကျွန်မက မြေပြင်နဲ့လွတ်ရုံသာ ပျံနိုင်တဲ့ ငှက်ကလေးတစ်ကောင်ပါ။
    ဒါပေမဲ့ ကျွန်မရဲ့စိတ်တွေကတော့ ဘယ်သူမှ လိုက်မမီနိုင်တဲ့ ဟိုး . .အမြင့်ဆုံး ကောင်းကင်မှာ လေဟုန်ခွင်းပြီး လွတ်လပ်စွာပျံသန်းနေပါတယ်။
လွတ်လပ်ပေါ့ပါးတဲ့ စိတ်နှလုံးနဲ့ တကယ်ပဲ မိုးကုပ်စက်ဝိုင်းအဆုံးထိ ကျွန်မ ခရီးနှင်ပါပြီ။

စုမီအောင်

No comments: