သူမ၏ ဦးနှောက်အတွင်းသို့ ထူးဆန်းသောအတွေးတစ်ခု ချဉ်းနင်းဝင်ရောက် ခဲ့သည်မှာ မကြာလှ သေးပါ။ စိတ်နှလုံးကို အထူးပင်လှုပ်ရှားနိုင်စွမ်းရှိသောအတွေးတစ်ခု လည်း ဖြစ်နေပြန်သည်။
ဤကမ္ဘာကြီးသည် ယခင်ကနှင့် တစ်စက်ကလေးမှမတူတော့ဘဲ များစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်ကတည်းက သူမ၏စိတ်တို့သည် ငြိမ် သက်ခြင်း အလျဉ်းမရှိတော့ပါ။ မျာစွာသော အပြောင်းအလဲများကြား၌ သူမနှင့်သာ တစ်ကိုယ်ရေ သက်ဆိုင်နေသည့် အပြောင်းအလဲတစ်ခုက သူမ၏စိတ်နှလုံးကို အလှုပ်ရှား စေခဲ့ဆုံးပင်ဖြစ်ပါသည်။
ရင့်ကျက်သောနှလုံး၊ ဆင်ခြင်နိုင်စွမ်းအလုံးစုံဖြင့် ဝန်းရံပတ်စီးလျက် တွေးမည် ဆိုလျှင်တော့ ထိုအပြောင်းအလဲတို့သည် ရယ်မောဖွယ်ရာသာဖြစ်ပေလိမ့်မည်။ သို့သော် သူမ ထိုသို့ မရယ်မောနိုင်တော့ပါ။ အပြောင်းအလဲတို့အပေါ် ယုံကြည်သက်ဝင်မှုလည်း မရှိနိုင်ပါ။ ထိုအပြောင်းအလဲတစ်ခုကတော့ သူမအား ကောင်းစွာခြောက်လှန့်လျက် ထိတ်လန့် တုန်လှုပ်မှုကိုလည်း ရက်စက်စွာ ပေးနေပြန်သည်။ ထိုအပြောင်း အလဲတစ်ခု အကြောင်းကို စေ့စေ့ငှငှတွေးမိရတိုင်း သူမ၏နှလုံးအိမ်တစ်ခုလုံး ဇောက်တိဇောက်ထိုးနှင့် ကြောက်ခမန်းလိလိလှုပ်ရှားနေတော့၏။
xxxxx
မနေ့က သူမ၏မွေးနေ့ဟု သတ်မှတ်ထားသောနေ့တစ်နေ့ကို လွန်မြောက်ခဲ့သည်။ အခြားသော နေ့တွေလိုပင် သမားရိုးကျ လွန်မြောက်ခဲ့ခြင်းဖြစ်၏။ လွန်လေပြီးသောနှစ်များ တုန်းက မွေးနေ့မွေးရက်များလို မိသားတစ်စုလုံးဝိုင်းဖွဲ့ကာ မုန့်တစ်ခုခုလုပ်စားခြင်းမျိုးပင် မရှိတော့ပါ။ မွေးနေ့ကိတ်မုန့်မရှိ၊ ဖယောင်းတိုင်မရှိ၊ သူငယ်ချင်းများ မရှိ၊ အိမ်နီးချင်းများ လည်းမသိပါ။ ဘာသိဘာသာပင် လွန်မြောက်ခဲ့၏။ နောင်လာမည့်နှစ်များ တွင် သူမ၏ မွေးနေ့ကို သူမကိုယ်တိုင်ပင် မှတ်မှတ်ထင်ထင်မရှိနိုင်တော့ဘဲ လွန်မြောက်သွားနိုင်သည်ဟု သူမ ကြိုတင်သိရှိထားပါသည်။
ဆယ်ကျောက်သက်အရွယ်တုန်းဆီက ၁၆ နှစ်ပြည့်မွေးနေ့ တစ်နေ့ကို သူမ တမ်းတစွာ လွမ်းရပါသေးသည်။
မွေးနေ့ကိတ် ခပ်ကြီးကြီးတစ်လုံး၊ ဖယောင်းတိုင်များ၊ သူငယ်ချင်းများ၊ အိမ်နီးချင်းမိတ်ဆွေများအကြား ရင်ခုန်မြူးထူးလျက်ရှိသော သူမ၏ရုပ်သွင်ကို မှတ်တမ်းတင် စီဒီဓာတ်ပြားတွင် အခါခါပြန်ကြည့်ကာ ရှုမောမဆုံး ဖြစ်ခဲ့ရဖူးသည်။ မွေးနေ့အခမ်းအနားသည်လည်း စည်ကားခမ်းနားလိုက်သည့်ဖြစ်ခြင်း။ ၁၆နှစ် တင်းတင်း ပြည့်ပြီဖြစ်ကြောင်းကိုလည်း မွေးနေ့ဖိတ်စာကတ်ပြားထဲမှာ ထည့်ရိုက်၍ ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် အားလုံးကို အသိပေးခဲ့သေးသည်။ အခု အဲသည်လို မဟုတ်တော့ပါ။
ဘယ်နှနှစ်ရှိပြီလဲ ဟု လူအများက သူမအား မေးလာကြမည်ကို သူမ သိပ်ကို မုန်းတီးစက်ဆုပ်လှပါ သည်။ (ထို့ကြောင့်ပဲ မွေးနေ့မကျင်းပတော့ခြင်းဖြစ်နိုင် ပါသည်)။ သည်မေးခွန်းကိုသူမ ဘယ်နည်းနဲ့မှ မဖြေလိုပါ။ မေးလာလျှင်လည်း အမှန်အတိုင်း ဘယ်တော့မှ ဖြေလိမ့်မည်မဟုတ် သူမ စိတ်ထဲ တွေးထားလိုက်သည်။ အခြားသော အမျိုးသမီးများ (အထူးသဖြင့်) ရုပ်ရှင်မင်းသမီး၊ ကြော်ငြာ သရုပ်ဆောင် အမျိုးသမီးတို့ နည်းတူ လျှော့လျှော့ပေါ့ပေါ့ ဖြေဖြစ်မည်မှာ အမှန်ပင်။
''အို ခုမှ ဒီလောက်ပဲရှိသေးတာလား...မသိပါဘူး ကျွန်မတို့က ဒီ့ထက်မက တော့ဘူး ထင်လို့...''
ဤသို့ သိသိသာသာထိုးနှက်လာလျှင်တော့ သူမ အလွန်အမင်း မခံမရပ်နိုင် ဖြစ်ရပြန်သည်။ြေ>ွမြေ>ွမချင်း ခြေမြင်ဆိုတဲ့စကားဟာ သိပ်ဟုတ်ပါလားနော်၊ သူတို့ကိုမေး လျှင် သူတို့လည်း သည်လိုပဲ ဖြေကြမှာပဲမဟုတ်လား။ တကယ်ဆို သူတို့လောက်ပင် သူမက မကြီးလှသေး။ ဟုတ်သည်။
သူမ ငယ်ပါသေးသည်(အမှန်က ငယ်ချင်သေးတာပါ)။
သူမ အရင်အတိုင်း ဘာမှ မပြောင်းလဲသေးပါ။ (အမှန်က မပြောင်းလဲချင် သေးတာပါ)။
သို့သော် အရာအားလုံးကတော့ တားမနိုင်ဆီးမရ တစ်စတစ်စ ပြောင်းလဲ နေတာ သေချာပါသည်။ ဝန်းကျင်တစ်ခုလုံး မြင်မြင်သမျှအရာခပ်သိမ်းသည် အစစအရာရာ အပြောင်းလဲကြီး ပြောင်းလဲလျက် အရင်ကနဲ့မတူတော့ပါ။ အဖြစ်အပျက် တို့သည် အရင်ကနှင့် ဘာမှ ပတ်သက်ကျုံးဝင်ခြင်း မရှိသည့်အလား ဆန်းကြယ် လျင်မြန်စွာပြောင်းလဲခဲ့ပြီဖြစ်ကြောင်း သူမ ရှောင်လွှဲမရ ကောင်းစွာ သတိပြုမိလာ တော့သည်။
xxxxxx
ပထမဆုံးသတိပြုမိသည်ကား အပြင်ထွက်သည်နှင့် မြင်တွေ့နေရသည့် လမ်း ဘေးဝဲယာ တိုက်တာ အဆောက်အအုံများရဲ့ ဖွဲ့စည်းပုံ။ ယခင်နှင့် လုံးဝမတူပါ။
ကြည့်စမ်းပါဦး။
အိမ်တွေရဲ့ခေါင်မိုးတွေက ကောင်းကင်ထက်က တိမ်တောင်တိမ်လိပ် တွေကို ဆွတ်ချူ ဝါးစားတော့ မလိုလို၊ မြင့်မားလေစွ။ လှေကားတွေကလည်း ကျပ်တည်း ကျဉ်းမြောင်းစွာ၊ အမိုးအကားတွေအားကိုးနဲ့ ပိုလို့ ရဲတင်းမတ်စောက်နေကြပြန်သေးရဲ့။ သည်လို အဆောက်အအုံတစ်ခုမှာ လှေကားထစ်ပေါင်း မည်မျှရှိနိုင်သလဲ။ သူမ မရေတွတ်ဝံ့ပါ။ သူမ သင်္ချာညံ့ပြန်ပြီ။
နောက်တစ်ခုက ဘယ်လိုလူမျိုးတွေကများ သည်လှေကားထစ်တွေကို မမော မပန်း တက်နိုင်သလဲ။ သူမ သိချင်စမ်းလှသည်။ သူကဖြင့် သူတိုက်ခန်းဆီရောက်ဖို့ လှေကားထစ်များကို အရင်လို ပြေးလွှားခုန်ပေါက် တက်ရန် မဆိုထားနှင့်။ ခပ်မှန်မှန်၊ ခပ်ဖြည်းဖြည်း တက်ရန်ပင် ဝန်လေးမောဟိုက်လာတတ်သည်။
ဘာ့ကြောင့်လဲ။
တစ်စတစ်စ မြင့်မားလာနေသော လှေကားများကြောင့်ဖြစ်မည်ဟု သူမ ထင်မိသည်။
xxxxx
နေ့စဉ်တက်ဆင်းနေရသော လှေကားထစ်များကဲ့သို့ပင် သူမ၏ နေ့စဉ် လျှောက်လှမ်းနေကျ ခရီးလမ်းတို့ သည်လည်း ပို၍ပို၍ ရှည်လျားဆန့်ထွက်လာကြပြီ ဖြစ်ကြောင်း သူမ သတိပြုမိတော့ အထူးအဆန်း ဖြစ်နေရပြန်သည်။
အရင်က သူမ၏နေအိမ်(တိုက်ခန်း)ရှိရာ အောင်မြေသာစည်အိမ်ရာ တိုက် အမှတ် ၃ နှင့် ကမာရွတ်ဈေး သည် အလွန်ပင်နီးလှ၏။ လမ်းလျှောက်သွားလျှင် ရေမြောင်းကြီးတစ်ခု လမ်းမကြီးတစ်ခု ဆက်တိုက်ကျော်ဖြတ် ရုံနှင့် အသာကလေးရောက် နိုင်ပါသည်။ အခု သူမ မှီတင်းနေထိုင်ရာ ကမ္ဘာမြေသည် ပို၍ကြီးမားကျယ်ပြန့် ဆန့်ကား ထွက်လာခဲ့ပြီလား။ စိုးရိမ်တကြီးတွေးမိသည်။ သူမ၏နေအိမ်နှင့် ဈေးကလေးသည် အရင်လိုမနီးတော့ ပါ။ နီးခဲ့ဖူးခြင်းသည် အိပ်မက်တစ်ခုလိုပါ။ အကွာအဝေးသည် အရင်ကထက်နှစ်ဆပို၍ ဝေးခဲ့ပြီ။ ဆန်းလေစွ။ ဈေးသွားရာလမ်း၌ ရေမြောင်းကြီးအလွန် လမ်းခုလတ်မှာ တောင်ကုန်းမို့မို့လေးတစ်ခုရှိကြောင်း ယခုမှပင် သူမ သတိပြုမိလာသည်။ ထိုနေရာရောက်လျှင် မောလွန်းသဖြင့် ခဏတဖြုတ်တောင်မှ သူမ နားနေရပါသေးသည်။
ပြောင်းလဲကုန်ကြသည့်အရာများအနက် အိမ်များ၊ လမ်းများ ကဲ့သို့ပင် လူများ လည်းပါနေပြန်သည်။ အထူးသဖြင့် ဈေးသည်များနှင့် သူတို့၏ချိန်ခွင်များ။
ဈေးသည်များသည်လည်း အရင်လို မဟုတ်ကြတော့ပါ။ သူတို့ အသုံးပြုသော ချိန်ခွင်သည် ဟိုတစ်ချိန် ကလို သမာသမတ်မကျတော့။ အလေးတုံးတို့သည် တိကျ မှန်ကန်မှုမရှိကြတော့ပါ။ အခု ဆီတစ်ပိဿာ၏ အလေးချိန်သည် အရင်က ဆီ တစ်ပိဿာထက် ပို၍လေးနေလေပြီ။ အခု ဆန်တစ်ပြည်၏ အလေးချိန်သည် အရင်က ဆန်တပြည်ထက် ပို၍လေးသည်။ ကုန်ဈေးနှုန်းများကြီးမြင့်လာသည်နှင့်အမျှ သူမ၏ဈေးခြင်း တောင်း သည် ပို၍လေးလံလာလေပြီလား။
ဘာ့ကြောင့်လဲ။
အရင်တုန်းကလည်း ဒီဆွဲခြင်းတစ်ခြင်း အခုလည်း ဒီဆွဲခြင်း တစ်ခြင်း။ ဒီတစ်ခြင်းကို အရင်က သူမ အသာကလေး သက်တောင့်သက်သာပင် ဆွဲနိုင်ခဲ့သည်။ အခု ဒီတစ်ခြင်းကို သူမ ကောင်းစွာ ဆွဲမသွားနိုင် တော့ပါ။ ဈေးကပြန်တိုင်း ဆိုက်ကားငှားစီး၍ ပြန်လာရခြင်းမှာ မထူးဆန်းပေဘူးလား။
ဈေးသည်များသည်လည်း အရင်ကနှင့် လုံးဝမတူ။ ဟိုအရင်ကဈေးသည်များမှာ လွန်စွာမှ နှုတ်ချို၏။ သူမ ကိုမြင်လေတိုင်း
''သမီး ဘာယူမလဲ ကြည့်လေ''
''ညီမလေး မဝယ်တော့ဘူးလား အားပေးပါဦး''တဲ့။ ကြည့်စမ်းပါဦး။ ဘယ်လောက် နားဝင်ချိုထားသလဲ။ အခုတော့ ဒီလိုမဟုတ်။
''အဒေါ် ဝယ်ပါဦး''တဲ့။
ကြည့်လိုက်တော့ သူမနှင့် ရွယ်တူလောက်ပင်။ သူမထက်တောင် ကြီးချင်ကြီးနိုင်သည်။ သူကပဲ အဒေါ်ခေါ်ရတယ်ရှိသေး။ အတော်ရိုင်း ပျတဲ့ ဈေးသည်ပဲ ဟုတွေးကာ မကြားဟန်ပြုလျက် မဝယ်ဘဲ လှည့် ထွက်ခဲ့တော့သည်။ အခေါ်အဝေါ် မယဉ်ကျေးသော ဈေးသည်များထံမှ သူမ ဈေးမဝယ်ချင်ပါ။
နောက်တစ်ယောက်က သာ၍ ရိုင်းပျပါသေးသည်။
''ငါးတွေလတ်တယ် အဘွားရဲ့ ဝယ်သွားပါဦးလား''တဲ့။
သေချာကြည့်တော့ အမယ်လေး လေး။ ဒါတော့ လွန်လွန်းအားကြီးပြီ ထင်ပါရဲ့။ ဘီးစပတ်ကြီးနဲ့ မိန်းမကြီးတစ်ယောက်။ ငါးဘယ်လောက်လတ်လတ် သူမ လှည့်၍ပင် မကြည့်လိုတော့ပါ။ အဒေါ်ခေါ်လိုက်၊ အဘွားခေါ်လိုက်နှင့် တစ်နေ့တစ်ခြား အခေါ်အဝေါ်ရိုင်းပျလာသော ဈေးသည်များထံမှ သူမ ဈေးမဝယ်လိုတော့ပါ။
xxxxxx
အခြားမြို့များတွင်တော့ မသိ။ ရန်ကုန်မြို့၌ နေ့စဉ်နှင့်အမျှ ကားများ ရှုတ်ယှက်ခတ် များပြားလာ ခြင်းသည် နောက်ထပ် သူမ သတိပြုဆင်ခြင်မိလာသည့် အပြောင်းအလဲတစ်ခု ဖြစ်၏။
အရောင်အသွေးစုံစုံ၊ အရွယ်အစား စုံစုံ၊ အမျိုးအစားပေါင်းမရေတွက်နိုင်အောင် များပြားလှသော ကားတို့သည် လျင်မြန်သောအဟုန်ဖြင့် ကားလမ်းမပေါ် ဖြတ်ပြေး နေကြပြန်သည်။ အနက်ရောင်ဘုတ်ပြား ပေါ်နံပါတ်ရေးထားသော တက္ကစီရှယ်ကားများ ကိုလည်းတွေ့ရသည်။ လမ်းမပေါ် တရိပ်ရိပ်ဖြတ်ပြေးနေသော ကားများကို ကြည့်ပြီး သူမ ခေါင်းတွေမူးဝေလာသည်။
အရင်ကဖြင့် ဒီလိုလမ်း၏တစ်ဖက်သို့ကူးဖြတ်ရန် အချိန်သတ်သတ်ပေး၍ စောင့်ဆိုင်းရခြင်းမျိုး တစ်ခါမှမရှိခဲ့ဖူးပါ။ တစ်စီးနှင့်တစ်စီးအကြား အထွေအထူးစောင့်ဆိုင်း နေစရာမလို။ ရန်ကုန်မြို့တွင်ကားများ များပြားလာခြင်းမှာ သေချာပါသည်။ မီးပွိုင့်မှနေ၍ ဝေါခနဲ ထိုးဆင်းလာသည့် အရှန်အဟုန်ပြင်းပြင်းနှင့် ကားတန်းရှည်ကြီးကို အခုတော့ သူမ စိတ်မရှည်စွာ စောင့်ဆိုင်းနေရပြီဖြစ်သည်။
ဟိုဘက်ကြည့်ရ သည်ဘက်ကြည့်ရ၊ တစ်စီးသွားလျှင် ဖြတ်ကူးရကောင်းနိုး၊ နောက်တစ်စီးသွားလျှင် ဖြတ်ကူးလိုက်ရကောင်း နိုးနှင့် ဝေခွဲမရတုန်းဆိုင်းဆိုင်းဖြစ်နေသော သူ့အနားသို့ ဖတ်ခနဲ အရိပ်တစ်ခု ပူးကပ် ရောက်လာသည်။
''အဘွား လာလေ ကျွန်မလက်ကိုတွဲ''တဲ့။
ကြည့်စမ်း။ ရိုင်းပျလိုက်တဲ့ သူငယ်မ။ ဆတ်ခနဲလှည့်အကြည့် အင်္ကျီအဖြူ၊ လုံချည်အစိမ်းနှင့် ကျောင်း သူ မလေး တစ်ဦးကိုမြင်သည်။ ကျောင်းဝတ်စုံနှင့်ဆိုတော့ ခေတ်ပညာတတ်မိန်းကလေးပေါ့။ ခေတ်ပညာတတ် ပီပီ ယဉ်ကျေးဟန်ဆောင်ကာ ဖေးမမလိုလိုနှင့် နောက်ဆုံးတော့လည်း ဈေးထဲက ဈေးသည်မ များလို သူမ အပေါ် ရိုင်းပျစွာဆက်ဆံပြန်တာပါပဲ။ သူမ သည်းညည်းမခံနိုင်တော့ပါ။ ထို ကျောင်းသူမ ၏ကမ်းလာသော လက်ကို ဖယ်ထုတ်ကာ သူမဘာသာသူမ သွက်လက်စွာဖြင့် ခပ်မြန်မြန် ဖြတ်ကူးပစ်လိုက်သည်။
လမ်းတစ်ဖက်သို့အရောက် စောစောက ကျောင်းသူမလေးအား ရေခဲရေပင် ဝယ်သောက်လျက် အေးအေးလူလူရှိနေသည်ကို တွေ့ရသည်။ ဘုရားရေ ဒီကလေးမ ဘယ်တုန်းကရောက်နေတာပါလိမ့်။ အံ့အား သင့်ရလွန်းသဖြင့် သူမ မျက်ခုံးများပင် ပင့်တက်သွားကာ သူငယ်မကို ပေစောင်းစောင်းလုပ်ကာ ကြည့်နေမိ သည်။ ဘယ်တုန်းက ရောက်နေတာလဲ။ စောစောက သူမကို အဘွားလို့ ခေါ်တဲ့ ရိုင်းပျတဲ့ သူငယ်မပေပဲလား။ ဒါမှမဟုတ် အခြားတစ်ယောက်ပဲလား။ အတွေးများချာချာလည်ကာ သံသယစိတ်ဖြင့် ကျန်ခဲ့သော လမ်းမဘက် ဆီသို့ လည်ပြန်လှည့်ကြည့်လိုက်သည်။ ကားလမ်းတစ်ဖက်က လူများကို သူမ သဲသဲကွဲကွဲမမြင်ရပါ။ ဒါဟာ သိပ်ထူးဆန်းတာပဲ ဟုတွေးမိလိုက်သေး၏။
ဘာပဲဖြစ်ဖြစ် ဈေးသည်များထက်တောင် ပိုမိုရိုင်းပျနေတဲ့ ကျောင်းသူမကို အရေးလုပ်မနေတော့ဘဲ ထွက်လာခဲ့သည်။
xxxxx
နောက်ထပ် သူမ သတိပြုမိသည်က မဂ္ဂဇင်းစာအုပ်များ၏ အပြောင်းအလဲ။ စာအုပ်များသည် အရင်က နှင့် လုံးဝမတူတော့ကြောင်း သူမ လစဉ်မြင်တွေ့နေရပြန်သည်။ စာအုပ်များထဲ၌ သူမ မနှစ်သက်သောရုပ်ပုံများ (ဥပမာ-မင်းသားမင်းသမီး ကြော်ငြာသရုပ် ဆောင်တို့၏ အလှဓာတ်ပုံများ)က မဂ္ဂဇင်းဆိုက်ကြီးလျှင်ကြီးသလို အရင်ကထက်ပို၍ ကြီးမားကျယ်ပြန့်စွာနေရာယူလာကြပြီး သူနှစ်သက်သော စာများ(ဥပမာ-ဝတ္ထု၊ ဆောင်းပါး များ) ၏ စာလုံးအရွယ်အစားများကား အရင်ကထက်ပို၍သေးငယ်မှုန်ဝါးလာကြခြင်းပင်။ ကွန်ပျူတာစာစီသူ၏ အလျင်စလိုနိုင်မှုကြောင်းလည်းကောင်း၊ တာဝန်ရှိ အယ်ဒီတာတို့၏ ပေါ့ဆမှု ကြောင့် လည်းကောင်း ယခုအခါ စာမျက်နှာထက်တွင် စာကြွင်း စာကျန်၊ စာလုံးအတွဲအစပ်၊ သတ်ပုံ အမှား စသည်တို့ကို မြောက်မြားလှစွာ တွေ့မြင် နေရပြန်သည်။ သို့သော် ထိုအမှားတို့ကို သူမ ဘယ်တော့မှ စိတ် မကွက်၊ သူမ ဘာသာ အမှန်ကို ပြင်ဆင်မွမ်းမံ ဖတ်ရှုနိုင်သေးသည်။ ဒါကို သည်းခံနိုင်ပါသေးသည်။
သည်းမခံနိုင်သည်က လုပ်ချင်သလိုလုပ်နိုင်သော ကွန်ပျူတာအားကိုးဖြင့် တစ် နေ့တခြား ပို၍ သေးငယ်ကျပ်ညပ်လာသည့် စာလုံးများကို အားစိုက်ဖတ်နေရခြင်းပဲဖြစ်သည်။ စာအုပ်ဖတ်တိုင်း မချင့်မရဲ အားမလိုအားမရဖြင့် ဒေါသအမြဲဖြစ်နေရသည်။ စာလုံးများသည် အင်မတိ အင်မတန် သေးငယ်မှုန်ဝါးလှပါလား။ ကွန်ပျူတာတွေ ပေါ်လာလို့ပဲဖြစ်မည်။
ဘာဖြစ်ဖြစ် သူမအား မျက်မှန်တပ်ဖို့တစ်စုံတစ်ယောက်ကပြောလာလျှင် သူမ အင်မတန် စိတ်ဆိုးမိပြန် သည်။ မျက်မှန်သည် လူတစ်ယောက်၏ပကတိသရုပ်မှန်ကို ကာဆီး ဖုံးကွယ်ထားသော ကိရိယာဖြစ်ပြီး ရှိရင်းစွဲ ရုပ်သွင်ထက် ရင့်မာခက်ထန်သောသဘောကို ဖော်ဆောင်နေသေးသည်။ တစ်နည်းအားဖြင့် လူတစ်ယောက်၏ နုပျိုလတ်ဆတ်ခြင်းများကို မျက်မှန်များက ဝါးစားနေကြသည်။ ဒါ့ကြောင့် သူမ ကိုကြည့်။ သူမတွင် ဘယ်တော့မှ မျက်မှန်မရှိပါ။ မျက်မှန်မရှိသောကြောင့် သေးငယ်လာသောစာလုံးများကို မမြင်ရသည့်အခါ အိမ်ရှိလူများကို ဖတ်ပြခိုင်းရသည်။
ဘုရားသခင်။ အခုတလော သူတို့အားလုံး ဘာဖြစ်လို့ အသံတိုးတိုးကလေးတွေနဲ့ စာဖတ်ပြတာပါလိမ့်။ သူတို့၏အသံသည် တစ်နေ့ထက် တစ်နေ့တိုး တိုးလာနေပြီကို သူမ သတိပြုမိလာပြန်သည်။ စာဖတ်ပြနေသူ၏ အနားသို့ ကပ်၍ကပ်၍နားထောင်ပါမှ ပီသရှင်းလင်းစွာ ကြားနိုင်ရခြင်းအပေါ် သူမ အဆန်းတကြယ်ဖြစ်ရ သေး သည်။
သည့်ထက် အဆန်းတကြယ်ကိစ္စတစ်ရပ်ကို သူမ တွေ့ကြုံနေရပြန်သေးသည်။ ပတ်ဝန်းကျင်တွင် သူငယ်နှပ်စားကျောင်းသူမလေးများကို မြင်တွေ့နေရခြင်းပဲဖြစ်သည်။ တကယ်တော့ သူတို့နှပ်မစားပါ။ အမြဲလှပ မွှေးကြိုင်စွာ ဖီးလိမ်းခြယ်သလေ့ရှိပါသည်။
''ဘာကျောင်းတက်နေတာလဲ'' ဟု ဘေးအိမ်က သူငယ်မလေးတစ်ယောက်ကို မနေနိုင်မထိုင်နိုင် စပ်စုကြည့်မိတော့ ရှင်မီးအင်္ကျီလို စပို့ရှပ်လက်ပြတ်၊ ဂျင်းဘောင်ဘီကျပ် ကျပ် ဝတ်ဆင်ထားပြီး အရုပ်တွေအများကြီး တွဲလောင်းချိတ်ဆွဲထားသည့် ကျောပိုးအိတ် တစ်လုံးကို နောက်ကျောတွင် လွယ်ပိုးထားသည့် သူငယ်မလေးက ဝံ့ဝံ့ကြွားကြွား အဖြေပေးသည်။
''သမီးလား သမီးက မာစတာဆက်တက်နေတာ''
လွယ်ထားသည့် ကျောပိုးအိတ်ထဲတွင် စာအုပ်များပါ မပါ သူမ မသိပါ။ အသေအချာပါမည့် ကိရိယာ တန်ဆာပလာများတော့ရှိသည်။ မှန်တစ်ချပ်၊ ဘီးတစ်ချောင်း၊ ကရင်ပတ်ဖ် နှင့် ရောင်စုံနှုတ်ခမ်းနီဘူးတို့ပဲ ဖြစ်မည်။ ခြေသလုံးအိမ်တိုင်မနှင့် တူနေသော ရောင်စုံမျက်နှာနှင့် အနှီသူငယ်မလေးကို သူမ မယုံနိုင်စွာ ခြေဆုံးခေါင်းဆုံး ပြန်ကြည့်ရင်း ''ဘာတဲ့''ဟု ပြန်မေးမိတော့ သူငယ်မလေးက ခိုးခိုးခစ်ခစ် ရယ်ပါသည်။
''သြော် ဘွဲ့တစ်ဘွဲ့ရပြီးလို့ နောက်ထပ်ဘွဲ့လွန်ဆက်တက်နေတာ လို့ပြော တာပါ''
ပါးစပ်ဟောင်းလောင်းဖြစ်နေသော သူမကို အင်္ဂလိပ်လို နားမလည်ဟု အထင်ရောက်သွားပြီး မြန်မာလိုပြန်ရှင်းပြနေသေးသည်။
မတူပါ။ နည်းနည်းကလေးမှ မတူပါ။
အရင်တုန်းက (သူမတို့ခေတ်တုန်းက) တက္ကသိုလ်ကျောင်းသူများနှင့် အခု ခေတ်တက္ကသိုလ် ကျောင်းသူများ နည်းနည်းကလေးမှမတူပါ။ များစွာပြောင်းလဲခဲ့ပြီ။ ယနေ့ခေတ် မာစတာတက်နေသည်ဆိုသော မိန်းကလေးသည် သူမမျက်စိထဲ အလယ်တန်းကျောင်းသူပုံစံသာ ဖြစ်နေပါသည်။
xxxxx
အပြောင်းလဲကြီးပြောင်းလဲနေပြီဖြစ်သော လောကအလယ်၌ သူမ တစ်ကိုယ် တည်း မပြောင်းမလဲ ရပ်တည်နေခြင်းမှာ အတော်ပင်အန္တရာယ်ကြီးမားနေလေပြီလား။ အလိုက်သင့် အလျားသင့်ပြောင်းလဲရန်မှာ လည်း သူမအနေဖြင့် စိတ်ချောက်ချားစရာ အန္တရာယ်ရှိနေပြန်သည်။ ပြောင်းလဲနေသော လောကကြီး အလယ်တွင် သူမ ဘာလုပ်လို့ ဘာကိုင်ရမည်မှန်း မတွေးတတ်တော့ပါ။
ပြောပြရဦးမည်။ သူမ၏ ဆံပင်များကို အရင်က အုန်းဆီမွှေးလိမ်းသည်။ တရော် ကင်ပွန်းသီးဖြင့်သာ ခေါင်းလျှော်သည်။ ဆံပင်တွေ နက်မှောင်ရှည်လျား သန်စွမ်းလိုက်သည့် ဖြစ်ခြင်း။ အခု ကြော်ငြာကောင်းလွန်း သဖြင့် ဝယ်သုံးနေသည့် မွှေးပျံ့သောရနံ့နှင့် ထောလပတ်ခေါင်းလိမ်းဆီအမျိုးမျိုး………။ သွား အလကား။ အရင်က သဘာဝအုန်းဆီများလို မကောင်းတော့ပါ။ သူမဆံပင်များသည် အခုနောက်ပိုင်း သန်စွမ်း နက်မှောင် ခြင်းမရှိတော့။ တရော်ဖြင့်ခေါင်းလျှော်ရသည်မှာ အလုပ်ရှုပ်သဖြင့် တရော်ကင်ပွန်းဆီတစ်ခါသုံး ခေါင်း လျှော်ရည် အထုပ်လေးများဖြင့် အခုနောက်ပိုင်းအလျှော်များလာသည်။ ကြော်ငြာမင်းသမီးလေးက `ဆိုးဆေး ရှန်ပူအဆီလုံးဝမပါဘူးရှင့်´ ဟု ပြုံးပြုံးရယ်ရယ် နှင့် အသေအချာ အာမခံတွတ်တွတ်မြည် ပြောပြောနေသော်လည်း သူမမယုံပါ။
ဒါ့ကြောင့်ပဲဖြစ်မည်။
သူမ၏ဆံပင်များ တစ်နေ့တခြား ကျွတ်လိုက်ပြတ်လိုက် ဖြစ်လာသည်ကို အံ့သြဖွယ်ရာ နေ့စဉ်မြင်တွေ့ နေရသည်။ ဘာတွေ ဖြစ်ကုန်တာပါလိမ့်။ အရင်ကလို အေးအေးလူလူမနေနိုင်တော့ပဲ အတွေးတွေချောင်းစီးကာ သူမ တစ်ကိုယ်တည်း ဗျာများနေရတော့သည်။
xxxxx
တစ်နေ့တွင် သမီးဖြစ်သူက တအံ့တသြပုံစံဖြင့် တစ်ခါမျှမဆိုဖူးသော စကားအဆန်းတစ်ခုကို ရုတ်တရက် ဆိုလာသည်။
''ဟင် မေမေ့ခေါင်းမှာ ဆံပင်ဖြူတွေနဲ့ပါလား''
သူမ စိုးထိတ် တုန်လှုပ်သွားကာ ကပျာကယာဖြင့် ပြန်ပြောလိုက်သည်။
''အို သမီးကလည်း အရင်လို အုန်းဆီမှ မှန်မှန် မထည့်ဖြစ်တော့တာ၊ ဖြူမှာ ပေါ့၊ ပြီးတော့ တရော်ကင်ပွန်းနဲ့ ဘာနဲ့ သေချာထုထောင်းပြီး ခေါင်းမလျှော်ဖြစ်တာ ကြာပြီ ဆိုတော့လဲ....အင်း....''
စကားကိုရှေ့ဆက်ရန် သူမတွင် အင်အားမရှိတော့ပါ။ သူမရဲ့ အကြောင်းပြချက် က ခိုင်လုံမှုရှိပါရဲ့လား၊ တစ်နေကုန်ထိုင်ကာ စိတ်ပျက်လက်ပျက် တွေးနေမိသည်။ နောက်တော့ သတိရသွားပြီး Just modern တစ်ဘူး အပြေးဝယ်ကာ သမီးတို့ အိမ်မှာမရှိခိုက် တိတ်တိတ် ဆိုးထားလိုက်သည်။ ဆံပင်ဖြူများနှင့် ပတ်သက် ၍ နောက်ထပ် သမီးနှုတ်မှ တစ်စုံတစ်ရာ ပြောဆိုသံမကြားရတော့ပါ။ သည်တော့မှ သူမမှာ နေရထိုင်ရ သက်သာ ချောင်ချိသွားတော့သည်။ သို့သော်လည်း စိတ်အတွင်းက မလုံမလဲနှင့် ချောက်ချောက် ချားချား ဖြစ်နေရပြန်သည်။ ဒါ ဘာ့ကြောင့်ဖြစ်နေရတာပါလိမ့် သူမ မတွေးတတ်နိုင်တော့ပါ။
ချောက်ချားလှုပ်ရှားနေသော စိတ်နှလုံးတို့ကို ငြိမ်သက်စေခြင်းငှာ သူမ ညည တီဗီထိုင်ကြည့်ဖြစ်သည်။ မိုးရေကြောင့် အင်တင်နာတွေ ဆွေးမြည့်လှုက်စားကုန် ကြပြီထင်ပါရဲ့။ မြဝတီရော မြန်မာ့ရုပ်သံပါ အသံတွေက မကြည်မလင်၊ အရုပ်တွေက မှုန်ဝါးဝါး။ သေချာပြီ။ အင်တင်နာ မကောင်းတော့တာ သေချာပြီ။ အသစ် လဲတတ်ဦးမှ ဟု စိတ်ထဲ တွေးနေမိစဉ် အပြင်ဘက်က အော်သံတစ်ခုကို ခပ်သဲ့သဲ့ကြားသည်။
''ဖိုးသား လာကွာ၊ ဂစ်တာယူခဲ့၊ တိုက်အောက်ဆင်းပြီး တို့တွေအော်ကြ ရအောင်၊ လ က အရမ်းသာနေတယ်ကွ''
အထဲကအော်သံတစ်ခုကို ခပ်သဲ့သဲ့ ကြားရပြန်သည်။
''အေး လာမယ် လာမယ်။ အဘွားကြီးမအိပ်သေးဘူးကွ၊ ခဏနေဦး။ နောက်မှ ငါဆင်းခဲ့မယ်။ မင်းတို့ ဝိုင်းနှင့်ကြ''
ခပ်သဲ့သဲ့သာ ကြားလိုက်ရသော်လည်း သားဖြစ်သူ၏အသံက သူမ နားထဲ မိုးကြိုးသွားများအလား ပြင်းပြင်းထန်ထန် စူးစူးရှရှ။
သူမ တစ်ကိုယ်လုံး တုန်ယင်ချောက်ချားသွားသည်။ အဘွားကြီး ဆိုပါလား။ ဘုရားရေ။ ဘယ်သူ့ကို ပြောတာပါလိမ့်။ သမီးနှင့် သူ့အဖေတို့လည်း အိမ်မှာ မရှိကြ။ ဆွေမျိုးအိမ် သွားလည်နေကြသည်။ အိမ်မှာရှိ နေတာ သူမ တစ်ယောက်တည်းပါ။ ဖိုးသားအသံမှဟုတ်ရဲ့လားပဲ။ ဟုတ်ပါတယ်။ အတွင်းခန်းထဲကနေ လှမ်းအော် လိုက်တာ။သားအသံမှ သားအသံ။ သူတစ်ပါးတို့၏ ရိုင်းပျမှုကို ကြုံရစဉ်က အသည်းနှလုံးထဲ ဆတ်ဆတ်ခါ နာကျင်ရတဲ့အထိ သည်းမခံနိုင်ဖြစ်ရတဲ့ ဖြစ်ခဲ့ရသူ။ အခုပင် သားဖြစ်သူက သူမအား အဘွားကြီးဆိုပါလား။ သားငယ်လောက်ရိုင်းပျသူ ဤကမ္ဘာမှာ မရှိတော့ဟု တွေးရင်း ရင်ထုမနာဖြစ်ရလေပြီ။ အင်တင်နာ မကောင်းသည့် တီဗီကိုလည်း ဆက် မကြည့်ချင်တော့ပါ။
xxxxx
ဟုတ်သား။ လပြည့်ညပဲဟု သတိရမိတော့ ဝရန်တာ ထွက်ရပ်သည်။ စောစောက သားသူငယ်ချင်း ပြောသံကြားသည်။ လယအရမ်းသာသည်ဆိုပဲ။ ဟုတ်သား။ ဒီနေ့ လပြည့်ညပဲဟု သတိရမိတော့ ဝရန်တာ ဘက် ထွက်ကာ ကောင်းကင်သို့ မော့ကြည့်သည်။ စိတ်ပြေလက်ပျေက်ရှိတန်ကောင်းပါရဲ့ ဟု စိတ်တွင်တွေး လျက်……။
ဟောတော့...ဟုတ်လည်း မဟုတ်ပါလား။ ဘယ်မှာ လယ သာလို့လဲ။ ဘယ်မှာလဲ လရောင်။ လရောင် သည် အရင်ကလို ကမ္ဘာမြေပြင်ဆီသို့ ကောင်းစွာ တောက်ပလင်းဖြာနိုင်ခြင်းမရှိတော့ပါ။ လပြည့်ည ဟုတ်ပါရဲ့ လား။ ဟုတ်ပါတယ် လပြည့်ညပါပဲ။ လပြည့်ညပင်ဖြစ်သော်လည်း လယ သည် အရင့်အရင်ကလို ပြည့်ပြည့်ဝဝ ဝိုင်းစက်နေခြင်းမရှိ။ ခပ်မွဲမွဲခပ်မှိန်မှိန်ဖြင့် သေးငယ်လှစွာသော လ ကိုသူမ စိတ်ပျက်စွာ ကျောခိုင်းလျက် အိမ်ထဲသို့ ပြန်ဝင်လာသည်။
အိပ်တာပဲကောင်းမည်။ မအိပ်ခင် မှန်တင်ခုံရှေ့တွင် သူမ ခဏရပ်မိသေးသည်။
မှန်ထဲကသူမရုပ်သွင်ကို ထင်ထင်ရှားရှားမမြင်ရပါ။ မီးလုံး မီးချောင်းများ၏အလင်းရောင် သည် အရင်ကလို ဝပ်အားပြည့်ဝစွာ မထုတ်လုပ်နိုင်တော့ပြီ ဟု သူမ အားမလိုအားမရ တွေးလိုက်မိသေးသည်။ ခုတလော မီးမပျက်တော့ပါ။ မှန်မှန်လာပါသည်။ သို့သော် အရင်ကလို မီးအားပြည့်ဝစွာ မပေးနိုင်တော့ပြီလား။ သူမ စိတ်အထင် သည်ည မီးအားများ ကျလွန်းနေသည်။ ဒါ့ကြောင့်ပဲ မှန်ထဲကရုပ်သွင်ကို သူမ ကောင်းစွာ မမြင်ရတာပေါ့။
သည်မီးရောင်နဲ့တော့ အလုပ်မဖြစ်တော့ပါ။ မီးရောင်မှိန်မှိန်ကြောင့် သေချာမမြင်ရသော မှန်ကို နံနက်မိုးလင်းမှပင် အားပါးတရကြည့်တော့မည်ဟု တွေးကာ အိပ်ပျော်သွားခဲ့သည်။
xxxxx
နံနက်မိုးလင်းတော့ ညတုန်းဆီက အတွေးကိုသတိရကာ မှန်ရှေ့သွားရပ်မိ၏။ မှန်က ဖုန်တွေ တက်နေပါလား။ ဘာမှ သဲသဲကွဲကွဲမမြင်ရ။ ပြီးတော့ သူမတို့ အိမ်ထောင်ဦး အစကတည်းက ဝယ်ထားခဲ့တဲ့ မှန်ဆိုတော့ ကြာလည်းကြာ ဟောင်းလည်းဟောင်းပြီ။
အို ဟုတ်ပြီ။ သမီးအခန်းထဲမှာ မှန်အသစ်ကြီးရှိတာပဲ။ မနေ့တစ်နေ့ကမှ သမီးကပူဆာလို့ သူ့အဖေ အလိုလိုက်ကာ ဝယ်ထားပေးခဲ့သည့် အကောင်းစားမှန်ကြီးလေ။ သမီးအခန်းဆီသို့ အပြေးအလွှားသွားကာ မှန်ရှေ့ခြေစုံရပ်မိသည်။
ဘယ်လိုဖြစ်တာပါလိမ့်။ မှန်အသစ်ကြီးဖြစ်ပါလျက် ဘာမှ အသုံးမကျတဲ့ မှန်ကြီးပါလား။ တန်ဖိုးကြီး သည် အမြင်လှသည်။ သို့ပေမဲ့ မှန်သည် မကောင်းပါလား။ သမီးတော့ အညာမိခဲ့လေပြီ။ သိပြီ။ အခုခေတ် မှန်လုပ်သောသူများသည် ပြဒါးကို ဖြစ်ကတတ် ဆန်းသုတ်ထားကြ၍ မှန်သည်ကြည့်လို့မကောင်း ဟု သူမ တွေးမိလိုက်သည်။ လူတွေပျင်းပုံများ။ တန်ဖိုးကြီးကြီးမှန်တစ်ချပ်ကိုတောင်မှ ပြဒါးကောင်းစွာ သုတ် မပေး နိုင်ကြတော့ဘူးလား။ အရင်က မှန်များလို စေ့စပ်သေချာစွာ ပြဒါးမသုတ်ကြတော့ဘူးလား။ စိတ်တိုတိုဖြင့် မှန်ကို အလိုမကျစွာ စူးစိုက်ကြည့်နေမိသည်။ မျက်လုံးများကို အတင်းရှုံ့၊ နဖူးရေများ တွန့်လိပ်လာသည်အထိ မျက်မှောင်အတင်းကြုတ်ကာ ပင်ပင်ပန်းပန်းအားစိုက် ကြည့်နေရသည်။ မှန်သားပြင်ပေါ်က အရေးအကြောင်း များစွာနှင့် မျက်နှာတစ်ခုက ရှုံ့တွတွဖြင့်ပြန်ကြည့်နေသည်။ ဘယ်လိုပုံကြီးပါလိမ့်။
ခက်ပြီ်။ သူမရှေ့က မှန်ချပ်သည် အသုံးမကျတာ သေချာပါ၏။ ပြဒါးမကောင်းသော မှန်သားပြင်ကြီးကို သူမ စိတ်ပျက်စွာ ကျောခိုင်းလိုက်ဦးမည်။
စုမီအောင်
(၂ဝဝဝပြည့်နှစ်၊ မတ်လ၊ မြှားနတ်မောင်)
အောင်မြေသာစည် အိမ်ရာမှာ နေတုန်းက ဈေးသွားရင် အတူသွားနေကျ အဘွားတစ်ယောက် ရှိတယ် ။ တစ်နေ့တစ်နေ့ သူပြောပြတာတွေ မှတ်ထား၊ သူဖြစ်ပျက်နေတာတွေ လိုက်ကြည့်နေရင်းနဲ့ ဒီစာ ကိုရလာခဲ့တာပါပဲ။ ကိုယ်တိုင်အဲဒီအရွယ်ကို မကြာခင် ရောက်လာတော့မယ်ပေါ့...)
No comments:
Post a Comment