Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 24, 2014

ဘာတွေကို ဘယ်လို မကြာမကြာ

ကိုယ့်ပတ်ဝန်းကျင်က ဘာတွေကို ဘယ်လို မကြာမကြာ လျှော်ဖွတ်ဆေးကြောသင့်သလဲဆိုတာ သိထားချင်စရာပါ။ အိပ်ရာခင်း၊ စားပွဲခင်းလေးတွေရော ဘယ်လိုမကြာခဏလျှော်ဖွတ်သင့်သလဲ။ ကိုယ့်ရဲ့ လက်ကိုင်ပုဝါ၊ ကိုယ့်ရဲ့ ဆံပင်၊ ကိုယ့်ရဲ့ အိမ်လေးထဲက အသုံးအဆောင်တွေ၊ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေမယ်ဆိုရင် အဲဒီ ကျွတ်ကျွတ်ညံညံအကောင်ငယ်လေးတွေကိုရော ဘယ်လို မကြာမကြာသန့်ရှင်းပေးသင့်သလဲ ဒီအချက်လေးတွေမှာ ရှာဖွေသိရှိနိုင်ကြပါတယ်။ သိထားသင့်တဲ့အချက်အလက်လေးတွေပါ။


အိပ်ရာခင်းစ - ၁ပတ် ၁ကြိမ်
အိပ်ရာခင်းတွေမှာ စုပြုံလာတတ်တဲ့ အမှုန်အမွှား အစအန၊ ဖုန်မှုန့်၊ ချွေးနဲ့ တခြား စေးစေးကပ်ကပ်အရာဝတ္ထုတွေကို မကြာခဏဖယ်ရှားရှင်းလင်းသင့်ပါတယ်။ ပိုးမွှားတွေကို ဖျက်ဆီးနိုင်ဖို့ ရေပူ (၁၃၀ ကနေ ၁၅၀ ဒီဂရီဖာရင်ဟိုက်)အသုံးပြုပြီး အပူငွေ့နဲ့ အခြောက်ခံပေးပါ။ လျှော်ပြီးနေရောင်အောက်မှာ လှမ်းထားပေးတာလည်း သင့်တော်ပါတယ်။

ကားတွေ - ရက်သတ္တ ၁ပတ် ၁ကြိမ်/ ၃ပတ် ၁ကြိမ်
ရေပေါပေါများများရှိနေမယ်။ ရာသီဥတုခပ်ပြင်းပြင်းမှာလည်း မောင်းနှင်ထားခဲ့မယ်။ နေရာများများ၊ ကြာရှည်မောင်းခဲ့မယ် ပြီးတော့ အပြင်ဘက်တွေမှာပဲ ကားကိုရပ်ထားဖြစ်တယ်ဆိုရင် တစ်ပတ်မှာတစ်ကြိမ် ဆေးကြောပေးတာဟာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် ၂ ပတ်/ ၃ ပတ်မှာ တစ်ကြိမ်ဆေးကြောရင်လည်း လုံလောက်ပါတယ်။

ခွေးလေးတွေ - လိုအပ်သလို
လို/ မလို အကောင်းဆုံးညွှန်ပြပေးနိုင်တာကတော့ ကိုယ်တို့ရဲ့နှာခေါင်းပါပဲ။ အကောင်လေးတွေမှာ အနံ့ရနေပြီ၊ ကိုင်တွယ် ပွတ်သပ်လိုက်တဲ့အခါ စေးကပ်ကပ်ဖြစ်နေဆိုရင် အဲဒါ ရေချိုးပေးရတော့မယ့် အချိန်ပါ။ နားရွက်ဖားဖားအမွှေးရှည်ရှည်ခွေးအမျိုးအစားဆိုရင် အဆီပြန်လွယ်တတ်တာကြောင့် တစ်လတစ်ကြိမ် ဆပ်ပြာမြှုပ်မှာ သေသေချာချာစိမ်ပြီး ချိုးပေးသင့်ပါတယ်။ chow chow တရုတ်ခွေးအမျိုးအစားလို အမွှေးထူထူသိပ်သိပ်ရှိနေမယ်ဆိုရင် ၂ ပတ်တစ်ကြိမ်၊ ၃ ပတ်တစ်ကြိမ် ရေချိုးပေးဖို့ လိုအပ်ပါတယ်။
ဂျင်းထည်တွေ - ၄ကြိမ် ၅ကြိမ် ဝတ်ပြီးတိုင်း
လေးလေးလံလံ denim ဂျင်းထည်တွေကို မလျှော်သေးဘဲ အကြိမ်များများဝတ်တာဟာ အဆင်ပြေပါတယ်။ သူတို့ စွန်းထင်းပေကျံခြင်းမရှိသေးရင် ဆက်ပြီးဝတ်နိုင်သေးတယ်။ အလျှော်များတာဟာ ဂျင်းထည်တွေကို အချိန်မတိုင်မီပျက်စီးစေတတ်လို့ပါ။
ဂျင်းအဝတ်အထည်တွေကို လျှော်မယ်ဆိုရင် ပြောင်းပြန်လှန်ပါ။ ရေအေးနဲ့ပဲ လျှော်ပေးပါ။ ပြီးရင်တော့ ရေမညှစ်ပဲ တစ်စက်စက်ကျတဲ့အနေအထားနဲ့ပဲ ဆွဲဖြန့်ပြီး လှန်းထားနိုင်ပါတယ်။

အတွင်းခံဘရာစီယာ - ၃ကြိမ် ၄ကြိမ် ဝတ်ပြီးတိုင်း
ယေဘူယျစည်းမျဉ်းအတိုင်းဆိုရင် ဘရာ တစ်ထည်တည်းကို ၂ ရက်မဝတ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မျှော့ကြိုးပါတဲ့အဝတ်အစားတွေဟာ နဂိုပုံပြန်ရှိနေဖို့ အချိန်လိုအပ်လို့ပါ။ ဘရာအနည်းငယ်ကို အလှည့်နဲ့ ဝတ်ဆင်ပေးနိုင်ပါတယ်။ တစ်ထည်ကို တစ်ကြိမ်ဝတ်ပြီးရင် ၂၄ နာရီလောက် recover အချိန်ပေးထားသင့်တယ်လို့ဆိုတယ်။ အဲဒီလို အလှည့်ကျဝတ်ဆင်ပေးတယ်ဆိုရင် ဘရာတွေဟာ မလျှော်ခင်မှာ အကြိမ်များများဝတ်နိုင်ပါတယ်။
ကိုယ့်ရဲ့ မျက်နှာ - ညတိုင်း ( မနက်တိုင်း)
ညတိုင်းသန့်ရှင်းဆေးကြောဖို့ မလုပ်မဖြစ်အရေးကြီးတာက အမျိုးသား၊ အမျိုးသမီး အတူတူပါပဲ။ ချွေးပေါက်လေးတွေပိတ်ဆို့မနေစေဖို့ ကာကွယ်ရမှာပါ။ အဆီပြန်တတ်တဲ့အသားအရည်မျိုးရှိနေရင် အနည်းဆုံး မနက် ည မှန်မှန် သေသေချာချာသန့်ရှင်းပေးသင့်ပါတယ်။

ကိုယ့်ရဲ့ ဆံပင် - ၁ရက်ခြား ၁ကြိမ်
ဆံပင်မှာ သဘာဝအတိုင်းတင်ကျန်နေတတ်တဲ့ အဆီတွေစုပြံလာတတ်တာကြောင့် နေ့တိုင်းလျှော်နိုင်ကြတယ်။ ခေါင်းလျှော်ရည်ကို တစ်ရက်ခြားစီ အများဆုံးသုံးနိုင်ပါတယ်။ ဆံပင်အမြစ်လေးတွေမှာ အဆီထွက်တတ်တဲ့သူဆိုရင် spray နဲ့ ဖျန်းရတဲ့ ခေါင်းလျှော်ရည်အခြောက်သုံးပြီး စေးကပ်တာကို စုပ်ယူစေနိုင်တယ်။

ကြွေပြား ကျောက်ပြားကြားလေးတွေ - ၁နှစ် ၁ကြိမ်
ရေချိုးခန်းထဲက ကြွေပြား ကျောက်ပြားလေးတွေကြားထဲ၊ သေးငယ်ကျဉ်းမြောင်းတဲ့ လိုင်းလေးတွေကြားထဲမှန်သမျှ နှစ်စဉ်မှန်မှန်ဆေးကြောပေးပါ။ အိမ်မှာပြုလုပ်တဲ့ ရိုးရိုးသန့်စင်ဆေးရည်နဲ့ အဲဒီကြွေပြားအကြားလေးတွေကို တောက်ပပြောင်လက်စေနိုင်တယ်။ 
ဘယ်လိုဆေးကြောမလဲ
၁. ရေ နဲ့ ကလိုရင်း တစ်ဝက်စီကို ကြွေပြားအကြားလေးတွေထဲဖျန်းပါ။ အဲဒီ ကြေးချွတ်ဆေးရည်ကို အရောင်ရှိတဲ့ကြွေပြားတွေအတွက်တော့ အသုံးမပြုတာကောင်းပါတယ်။ 
၂. မိနစ် ၂၀ လောက်ထားပါ။
၃. ပြီးရင် ကြွေပြားဆေးတဲ့ဘရပ်ရှ်ကို ရေသန့်သန့်မှာစိုထိုင်းအောင် စိမ်နှစ်ပြီး သန့်စင်ဆေးရည်ဖျန်းထားတဲ့နေရာကအညစ်အကြေးတွေကို တိုက်ချွတ်ဆေးကြောလိုက်ပါ။ 
၎.  အဝတ်ခြောက်နဲ့ စုပ်ယူသန့်ရှင်းပေးပါ။ 
(ကလိုရင်းသန့်စင်ဆေးရည်နဲ့ တစ်နှစ် တစ်ခါလောက် အသုံးပြုရင်လုံလောက်ပေမဲ့ မကျိမချွဲအောင်တော့ အမြဲ ဂရုစိုက် ဆေးကြောပေးနေရမှာပါ။)

ပြတင်း လိုက်ကာတွေ - ၁နှစ် ၁ကြိမ်
ပူနွေးတဲ့ရာသီဥတုရောက်လာပြီဆိုရင် အထူးသဖြင့် နှင်းကျအောင်အေးလွန်းတဲ့တိုင်းပြည်တွေမှာ နွေရာသီကာလတွေမှာ အညစ်အကြေးတွေတတ်နိုင်သမျှသန့်စင်ပြီး သန့်ရှင်းလတ်ဆတ်တဲ့လေ အိမ်တွင်းဝင်နိုင်အောင်ပြုလုပ်ပေးရမှာပါ။ 
ဘယ်လိုဆေးကြောသင့်သလဲဆိုရင်
၁. ပြတင်းလိုက်ကာ/ ခြင်လုံသံဇကာပြားတွေကို တွေကိုဖြုတ်ပြီး ခြံဝန်းထဲယူသွားပါ။ ပန်းခြံထဲဖျန်းတဲ့အခါအသုံးပြုတဲ့ရေပိုက်မျိုးနဲ့ ဖျန်းပါ။ 
၂. နိုင်လွန်သားဖုံးကာထားတဲ့ ရေမြုပ်နဲ့ လိုက်ကာပြားတွေကို ညင်ညင်သာသာဆေးကြောပေးပါ။ အမိုးနီးယား ၁ ဆ၊ ရေ ၃ ဆ သန့်စင်ဆေးရည်အသုံးပြုနိုင်ပါတယ်။
၃. ရေပိုက်နဲ့ တစ်ခါထပ်ဖျန်း၊ ဆေးကြောပြီး နေရောင်ရတဲ့အပြင်ဘက်မှာပဲ ခြောက်သွေ့တဲ့အထိထားပါ။ (ခြံဝန်းလေး မရှိဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ ရေချိုးကန်လိုနေရာမျိုးမှာ အဝတ်၊ အခင်းချထားပြီး လိုက်ကာပြားတွေအပေါ်ကတင်ထားပါ။ ရေပန်းနဲ့ ဆေးကြောနိုင်ပါတယ်။ ရေချိုးကန်သေးငယ်နေတယ်ဆိုရင်တောင် ရေချိုးခန်းကြမ်းပြင်ပေါ်မှာ အောက်ခြေအစွန်းချထားပြီး နိုင်လွန်ရေမြှုပ်နဲ့ တစ်ဘက်စီ ဆေးကြောပေးလို့ရတာပါပဲ။ ပြီးရင်တော့ ခြောက်သွေ့အောင် ခဏထားပြီး ပြန်တပ်ဖို့ပါ။ ပြန်မတပ်ခင်တော့ ပြတင်းဘောင်တွေကို သန့်ရှင်းသင့်ပါသေးတယ်။
အိပ်ရာ - ၆လ ၁ကြိမ်
ယုံချင်ယုံ မယုံချင်နေပါ။ အိပ်ခန်းထဲက မရှိမဖြစ်အရေးကြီးလှတဲ့ ကြီးမားကျယ်ပြန့်တဲ့အိပ်ရာဟာ အိမ်မှာ သန့်ရှင်းရအလွယ်ကူဆုံးပစ္စည်းအမျိုးအစားထဲက တစ်ခုပါတဲ့။ အဲဒါကြောင့် ၁နှစ်မှာ ၂ ကြိမ်တော့အနည်းဆုံးဆေးကြောသင့်ပါတယ်။
ဘယ်လိုသန့်ရှင်းမှာလဲ
၁. အိပ်ရာဖုံးတွေကိုတော့ ချွတ်ပြီးလျှော်ဖွတ်ဖို့ပြင်ဆင်ပါ။ အိပ်ရာအပေါ်ပိုင်းတွေကို ဖုန်စုပ်စက်နဲ့စုပ်ပါ။ 
၂. ပြီးတော့ ရေစိုအဝတ်မှာ အိပ်ရာဖုံးတွေဆေးကြောတဲ့ shampoo နည်းနည်းသုံးပြီး မျက်နှာပြင်တွေကို သုတ်ပစ်ပါ။ သတိထားရမှာက အိပ်ရာ(မွေ့ရာ)ကို ရေတွေစိုနစ်မသွားစေဖို့ပါ။ (အစိုဓာတ်ဟာ မှိုတွေ တွယ်ကပ်သွားစေနိုင်တယ်။ မို့မို့ဖောင်းဖောင်းမွေ့ရာတွေကို ပုံစံပျက်ယွင်းသွားနေနိုင်တာကြောင့်ပါ။)
၃. အမှုန်အမွှားနဲ့ ပိုးမွှားလေးတွေမတွယ်ကပ်စေဖို့နဲ့ အစွန်းးအထင်းတွေပေကျံမသွားနိုင်အောင် အရည်အသွေးကောင်းတဲ့ မွေ့ရာအဖုံးအကာ (mattress pad) သုံးထားရင်အကောင်းဆုံးပါ။ မွေ့ရာကို အထက်အောက်လှန်သန့်ရှင်းပေးဖို့ မလိုပါဘူး။ အဲဒီအစား အဖုံးအကာသုံးထားလည်း ထိပ်ပိုင်း၊ အောက်ပိုင်း ၆ လ တစ်ခါ လှည့်ပေးပါ။

ပြတင်းပေါက် - ၁နှစ်မှာ ၂ကြိမ်
ပြတင်းပေါက်တွေဟာ အိမ်ထဲမှာ အထိအတွေ့အများဆုံးနေရာဖြစ်နေတော့ တောက်ပပြောင်လက်တဲ့အိမ် အသွင်အပြင်လေးရရှိစေဖို့ မှန်မှန်သန့်ရှင်းပေးသင့်ပါတယ်။ မှန်သုတ်တံကို အသုံးပြုပြီး သန့်စင်ပေးရင် အကောင်းဆုံးပါပဲ။
ဘယ်လိုသန့်စင်ရမလဲ
၁. ရေ ၂ ဂါလံ ထဲမှာ ပန်းကန်ဆေးဆပ်ပြာ ၅ စက်လောက်နဲ့ ဖျော်ပြီး ရေမြှုပ်နဲ့ စုပ်ယူကာ ပထမအဆင့်အဖြစ်ဆေးကြောပေးပါ။ ပိုပြီးပြောင်လက်တောက်ပစေဖို့ အရေပြားမှာသုတ်လိမ်းနိုင်တဲ့ (rubbing alcohol) လဘက်ရည်ဇွန်း ၁ ဇွန်းစာထည့်ပေးနိုင်ပါတယ်။
၂. ပြီးရင် အမွှေးနုလေးတွေမကျွတ်နိုင်တဲ့ အဝတ်စ ဒါမှမဟုတ် ကော်ဖီစစ်ရာမှာအသုံးပြုတဲ့ အဝတ်မျိုးအသုံးပြုပြီး ပြတင်းပေါက်ထိပ်ပိုင်းမှာ သန့်ရှင်းပေးပါ။
၃. ရေသုတ်တံအသွားတွေကို စိုစွတ်နေစေပြီး ထိပ်ပိုင်းကနေ အောက်ပိုင်းကို ဆွဲချပြီး သုတ်ပေးပါ။ 
၎. တစ်ကြိမ်ပြီး တစ်ကြိမ်ထပ် ထပ် သုတ်ပေးပါ။ ပြတင်းမှန်တွေသန့်ရှင်းသွားတဲ့အထိ ထပ်ခါထပ်ခါသန့်ရှင်းပေးရမှာပါ။

မီးဖို oven တွေကို - ၆လ ၁ကြိမ်
မီးဖိုတိုင်းဟာ self-cleaning မဟုတ်ပါဘူး။ ကိုယ့်မှာရှိနေတဲ့ မီးဖိုကလည်း self-cleaning မဟုတ်ရင် သန့်ရှင်းပေးဖို့ လိုလာပါပြီ။ အားလုံးချက်ပြုတ်ပြီးစီးသွားတဲ့ ညပိုင်းအချိန်ပိုကောင်းပါတယ်။
၁. oven ထဲက သံစင်လေးတွေကို ဖယ်ရှားပြီး ရေပူထဲ granular(ခပ်ကြမ်းကြမ်းပန်းကန်ဆေးဆပ်ပြာမှုန့်)ထည့်ပြီး စင်တွေကို စိမ်ထားပေးပါ။ တစ်ညလုံးစိမ်ထားပေးပါ။
၂. oven ဆေးတဲ့ သန့်စင်ဆေးရည်နဲ့ အတွင်းအပြင်ဖျန်းပေးထားပါ။ မဖြန်းခင် oven ပတ်လည်မှာ သတင်းစာစက္ကူတွေနဲ့ ကာထားပေးပါ။ သန့်စင်ဆပ်ပြာအစက်တွေ ဘေးဘက်နံရံ၊ ကြမ်းပြင်တွေပေါ် မကျအောင်လို့ပါ။)
၃. သန့်စင်ဆပ်ပြာရည်ဖျန်းပြီးရင်လည်း တစ်ညလုံးထားလိုက်ပြီး မနက်ကျမှ အဝတ်ကြမ်းကို ရေနွေးနွေးမှာ စိမ်ပြီး သုတ်ပေးရပါမယ်။ (oven ဆေးကြောဖို့ အစီအစဉ်ရှိနေတယ်။ နေ့လည်စာ များများစားစားချက်ပြုတ်ဧည့်ခံဖို့လည်းရှိနေတယ်ဆိုရင်တော့ ချက်ပြုတ်ပြင်ဆင်မှု မလုပ်ခင် ဒါမှမဟုတ် ချက်ပြုတ်ပြီး ရက်အနည်းငယ်အကြာမှ ဆေးကြောပါ။ ချက်ပြုတ်တဲ့အခါ ထွက်လာတဲ့အနံ့တွေရယ်၊ သန့်စင်ဆေးရဲ့ အနံ့ ပေါင်းစပ်ပြီး အနံ့တစ်မျိုးရနိုင်တာကြောင့်ပါ။)

ချက်ပြုတ်/ ကြော်လှော် အိုးတွေ - ၁နှစ် ၃ကြိမ်
အဲဒီလို အိုးတွေရဲ့အောက်ခြေမှာ ကြမ်းကြမ်းတမ်းတမ်းအသုံးပြုရဖန်များတော့ မည်းညစ်နေတတ်တယ်။ နောက်ထပ်တစ်ဖန် ပြန်ပြီးဝင်းလက်လာစေဖို့ကလည်း လွယ်ကူနေပါတယ်။
ပြုလုပ်ရမှာက
၁. အိုးတွေကို အပြင်ဘက်လေဝင်လေထွက်ကောင်းတဲ့နေရာကို ထုတ်ယူခဲ့ပါ။
၂. oven cleaner နဲ့ပဲ အိုးအောက်ခြေတွေကို ဖျန်းထားပေးပါ။ ပြီးရင် ပလပ်စတစ်အိတ်ထဲထည့်သိမ်းထားပေးပါ။ ဖျန်းထားတဲ့ဆေးရည် အငွေ့ပြန်သွားတဲ့အထိ နာရီအနည်းငယ်ကျော်ကြာအောင် ထားပေးပါ။
၃. ပြီးရင် ဆေးကြောပေးရမှာပါ။ (အိမ်အပြင်ဘက်မှာ ထားတယ်ဆိုရင်တော့ ရေပိုက်နဲ့ ဖျန်းပြီးဆေးကြောနိုင်ပါတယ်။) နောက်ထပ် ရေ၊ ဆပ်ပြာနဲ့ တစ်ခါထပ်ပြီးဆေးပေးရပါဦးမယ်။ (ကိုယ့်ရဲ့ ဒယ်အိုး၊ ဒန်အိုး၊ ကြွေထည် အိုးလေးတွေအပျက်အစီးမရှိအောင်တော့ ပစ္စည်းရဲ့ ဆေးကြောနည်းလမ်းညွှန်ကိုလည်း အရင်ဂရုစိုက်ဖတ်ထားသင့်ပါသေးတယ်။) 
အိုးအတွင်းဘက်ကို ဆေးကြောချင်ရင် ရှာလကာရည် ၁ဆ၊ ရေ ၁ဆ အိုးထဲကိုထည့်ကာ နာရီအနည်းငယ်ကြာတဲ့အထိ စိမ်ထားလိုက်ပါ။ အိုးတွေတူးခြစ်ပြီး စေးကပ်နေတယ်ဆိုရင်တော့ အိမ်သုံးအမိုးနီးယားပျော်ရည် ၁ဆ နဲ့ ရေ ၁ဆရောထည့်ပြီး နာရီအတော်ကြာစိမ်ထားပေးပြီးမှ ပြန်ဆေးလိုက်ရင် ဝင်းလက်သန့်ရှင်းသွားပါလိမ့်မယ်။

ကောဇောတွေ - ၁နှစ် ၁ကြိမ်
ဒီအတွေ့အကြုံတော့ ကိုယ်တို့အားလုံးမှာရှိပြီးသားဖြစ်မှာပါ။ ကောဇောတွေဆေးကြောတော့မယ်ဆိုရင် ပရိဘောဂတွေရွှေ့ရတော့မယ်။ ကောဇောတွေဆေးကြောရတဲ့အလုပ်ကတော့ အလုပ်နည်းနည်းပိုရှုပ်လှတယ်။
ဆေးကြောတော့မယ်ဆိုရင်
၁. ကောဇောဆေးကြောတဲ့ဆေးရည်တွေ ဖျန်းတာရှောင်ကြဉ်ပါ။ အဲဒီဆေးရည်ကပဲ ဖုန်မှုန့်တွေနဲ့ မြေကြီးတွေကို ကပ်တွယ်နေအောင် ဆွဲဆောင်သလိုဖြစ်တတ်တာကြောင့်ပါ။ အဲဒီအစား ရေပူသုံးတဲ့နည်းလမ်း (ရေနွေးငွေ့နဲ့သန့်ရှင်းတဲ့နည်း)ကို ရွေးချယ်သင့်ပါတယ်။ ရေပူပျော်ရည်နဲ့ အမှုန်အမွှားတွေကို စုပ်ယူစေတာပါ။
၂. ဖုန်စုပ်စက်ငှားရမ်းအသုံးပြုတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ဝယ်ပြီးသန့်ရှင်းစေတာပဲဖြစ်ဖြစ်ပြုလုပ်သင့်ပါတယ်။ ကောဇောတွေသန့်ရှင်း သစ်လွင်သွားစေဖို့ ဖုန်စုပ်စက်တွေနဲ့မှ ပိုပြီးထိရောက်တာကြောင့်ပါ။ 
၃. ဖုန်စုပ်စက်မှာ ရေနွေးငွေ့နဲ့ သန့်ရှင်းတဲ့နည်းကိုပဲ သုံးပြီး စက်ထဲကရေမှာ ကောဇောကြေးချွတ်ဆေး၊ သန့်စင်ဆပ်ပြာမထည့်ပါနဲ့။ ကောဇောပေါ်ကိုပဲ တိုက်ရိုက်ရေဖျန်းတာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။
ကောဇောပေါ်မှာ ရေဖိတ်လျှံကျလွန်းမယ်ဆိုရင်လည်း ခြောက်သွေ့တဲ့စက္ကူခင်းပြီး စုပ်ယူပေးနိုင်ပါတယ်။

သစ်သားပရိဘောဂတွေ - ၁နှစ် ၁ကြိမ်
စားပွဲ၊ စာရေး ဗီရိုစားပွဲတွေအရောင်လက်လာအောင်ပြုလုပ်နိုင်မယ့်နည်းလေးတွေက နည်းနည်းပါးပါး လွယ်လွယ်ကူကူပါပဲ။
၁. ပရိဘောဂတွေကို စိုထိုင်းတဲ့အဝတ်စလေးနဲ့ သုတ်ပေးပါ။ ပြီးမှ ခြောက်သွေ့တဲ့ချည်ထည်အဝတ်နဲ့ ပြန်သုတ်ပေးနိုင်ပါတယ်။
၂. အရောင်တင်ဖယောင်းရွေးချယ်တဲ့အခါ Carnauba wax (Brazil wax/ palm wax) အုန်းထန်းပင်အရွက်ကနေစစ်ထုတ်ပြုလုပ်ထားတဲ့ပရိဘောဂသုံး ဖယောင်းမျိုး အသုံးပြုတာအကောင်းဆုံးပါ။ အပင်တွေမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ ဖယောင်းအရောင်တင်ဆီက ပရိဘောဂတွေကို ကာကွယ်ပေးတယ်။ အရည်အသွေးထိန်းသိမ်းပေးကြတယ်။ အသုံးပြုတဲ့အခါမှာ စက်ဝိုင်းပုံစံလှည့်ပြီးသုတ်လိမ်းကာ မိနစ်အနည်းငယ်ထားပေးရပါမယ်။
၃. ပြီးမှ ခြောက်သွေ့တဲ့ ချည်ထည်အဝတ်နဲ့ ပွတ်တိုက်ဖယ်ရှားပေးပါ။ သုတ်တဲ့အခါ နေရာနည်းနည်းလေးစီပွတ်တိုက်တာထက် လက်ကိုများများလွှဲပြီး လိုင်းရှည်ရှည်ဆွဲယူသုတ်ပေးပါ။ ချည်အဝတ်လေးနဲ့ ဆွဲသုတ်ရင်း ခပ်သွက်သွက်ဖြစ်လာပြီ။ သုတ်ရတာ ချောမွေ့လာပြီဆိုရင် ကိုယ့်တို့အလုပ်ပြီးပါပြီ။ (ဖျန်းဆေး/ အရောင်တင်ဆေးရည်၊ ဆီလီကွန်အခြေခံပြုလုပ်ထားတဲ့ ဖယောင်း နဲ့ ဆပ်ပြာဆီတွေမသုံးပါနဲ့။ ပရိဘောဂတွေကိုပျက်စီးစေတဲ့ဖျော်ရည်တွေပါဝင်နေတတ်တယ်။ အရောင်လွင့်စေပါတယ်။)

ပိုက်ဆံအိတ် - ၁ပတ် ၁ကြိမ်
ပိုက်ဆံအိတ်တွေမှာ တခါတရံ E. coli ပိုး ကပ်တွယ်ပါဝင်လာတတ်တာကို စမ်းသပ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ပိုမွှားတွေရှိနေတတ်တဲ့ မျက်နှာပြင်မျိုးမှာချထားဖြစ်တာကြောင့် အထူးသဖြင့် အိတ်အောက်ခြေတွေမှာ တွေ့နိုင်တယ်။ ကိုယ်တို့ရဲ့ အနှစ်သက်ဆုံးအိတ်လေးတွေ သန့်သန့်ရှင်းရှင်းဖြစ်အောင် အတွင်းမှာပိုးမွှားတွေသယ်ဆောင်ထားတဲ့ အိတ်တွေ ဖြစ်မနေအောင် စောင့်ရှောက်သင့်ပါတယ်။
ဘယ်လိုလုပ်ရမလဲ
၁. ဗီနိုင်းအသား အိတ်တွေကို သန့်ရှင်းမယ်ဆိုရင် disinfecting wipe တစ်သျှုးစက္ကူသုံးပါ။ သားရေအိတ်တွေကို သန့်ရှင်းမယ်ဆိုရင်တော့ အယ်လ်ကိုဟောမပါတဲ့ baby wipe စက္ကူစနဲ့ အသုံးပြုပါ။ (အသုံးမပြုခင် အစက်လေးချပြီး အစွန်းအထင်းဖြစ်မဖြစ် အရင်စမ်းသင့်ပါတယ်။)
၂.  ချည်ထည်အိတ်တွေကိုတော့ ရေပူသုံးပြီး စက်နဲ့ ဒါမှမဟုတ် လက်နဲ့လည်းလျှော်နိုင်ပါတယ်။ လျှော်ပြီးတဲ့အခါ နေရောင်ပြင်းပြင်းထဲမဟုတ်ဘဲ လေရတဲ့နေရာမှာ ခြောက်သွေ့ပါစေ။

ပန်းကန်ဆေးစက် - လတိုင်း
မှိုတွေဟာ ပန်းကန်ဆေးစက်မှာ ကြီးထွားရှင်သန်နိုင်တယ်။ ပန်းကန်တွေကို သန့်ရှင်းနေအောင်ဆေးကြောပေးနိုင်တဲ့စက်ဟာ သန့်ရှင်းဖို့လိုအပ်တယ်ဆိုတော့ အထူးအဆန်းလိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်ပါတယ်။ မကြာခဏလည်း ဆေးကြောပေးသင့်ပါတယ်။
၁. ပန်ကန်းဆေးစက်ထဲက safe-cup မှာ ရှာလကာရည်ဖြည့်ပြီး ပန်းကန်တွေစီထည့်တဲ့စင် အပေါ်ဘက်နားမှာ ခွက်ကိုထားပါ။
၂. ရေပူကို အသုံးပြုပြီး ပန်းကန်ဆေးစက်ကို တစ်ကြိမ်အပြည့်လည်ပတ်ပါစေ။

အဝတ်လျှော်စက် နဲ့ အခြောက်ခံစက်- အသုံးပြုပြီးတဲ့အခါတိုင်း
အဝတ်လျှော်စက်ရဲ့ ၆၀ ရာခိုင်နှုန်းမှာ ဗက်တီးရီးယားတွေ ညစ်ညမ်းနေတတ်တယ်။ သန့်ရှင်းမှုမလုံလောက်ဘူးဆိုရင် အတွင်းခံအဝတ်အထည်တွေမှာ E. coli ပိုး ခိုအောင်းနေတတ်ပါတယ်။ မီးဖိုခန်းသုံး လက်သုတ်ပုဝါတွေဟာလည်း အစာအဆိပ်သင့်စေတဲ့ပိုး salmonella နဲ့ တခြားပိုးမွှားတွေ တွယ်ကပ်တတ်တယ်။ အဲဒါကြောင့် အဝတ်လျှော်စက်နဲ့ အခြောက်ခံစက်တွေကို သန့်ရှင်းနေစေဖို့ လိုအပ်လှတယ်။ အပူချိန် ၁၄၀ - ၁၅၀ ဒီဂရီဖာရင်ဟိုက်ကြား ရေပူသုံးနိုင်ပါတယ်။ ကြေးချွတ်ဆေးသုံးပေးတာလည်း အဝတ်တွေရော စက်ပါ သန့်စင်စေတဲ့နည်းလမ်းပါ။
အိပ်ခန်းသုံး ခေါင်းအုံး - ၃လ ၁ကြိမ်/ ၆လ ၁ကြိမ်
လေ့လာမှုတစ်ခုမှာ မှို ၁၆မျိုးခန့် ခေါင်အုံးတစ်လုံးမှာ ရှိနေနိုင်တယ်လို့ဆိုထားတယ်။ အဲဒီအမှုန်အမွှားတွေနဲ့ ဓာတ်မတည့်မှုဖြစ်ပွားနိုင်တာကြောင့် ကိုယ့်ရဲ့ဦးခေါင်းလှဲအိပ်ချမယ့် ခေါင်းအုံးတွေသန့်ရှင်းမှုရှိနေစေဖို့ အရေးကြီးလှတယ်။ တစ်နှစ်ပတ်လုံး အကြိမ်အနည်းငယ် လျှော်ဖွတ်သန့်စင်ပေးနေသင့်ပါတယ်။
ဘယ်လိုလျှော်ဖွတ်ရမလဲ
၁. အဝတ်လျှော်စက်မှာ ရေပူ၊ ကြေးချွတ်ဆေးရည်သုံးပြီး(အမှုန့်သုံးရင် ကျန်ရစ်တတ်တာကြောင့်) အရှိန်မပြင်းဘဲလျှော်ပေးပါ။ ပုံမှန်အရွယ်အစားခေါင်းအုံးဆိုရင် တစ်ခါလျှော်ရင် ၂ လုံးလျှော်နိုင်ပြီး king size ဆိုရင် တစ်ကြိမ်ကို တစ်လုံးပဲလျှော်သင့်ပါတယ်။
၂. ၂ ကြိမ်လျှော်ပေးသင့်ပါတယ်။
၃. ပြီးတော့ အခြောက်ခံတဲ့အခါ တင်းနစ်ဘောလုံးအသန့်နှစ်လုံးပါထည့်ပြီး အခြောက်ခံပေးပါ။ အရှိန်မပြင်းသင့်ပါဘူး။ ပေါ်လီအက်စတာ ဒါမှမဟုတ် ချည်သားခေါင်းအုံးဆိုရင် ၁ နာရီကနေ ၂ နာရီကြာအခြောက်ခံပေးရမှာပါ။ 

ကွန်ပျူတာ - လိုအပ်သလို
ကွန်ပျူတာကီးဘုတ်ဟာ ရေအိမ်အတွင်းကခုံထက် ၅ ဆခန့်ပိုများတဲ့ ဗက်တီးရီးယားပမာဏခိုအောင်းနေတတ်တယ်လို့ လေ့လာမှုတစ်ခုမှာဖော်ပြထားတယ်။ ကွန်ပျူတာအသုံးပြုသူတွေထဲက ၁၀ ရာခိုင်နှုန်းခန့်ဟာ သူတို့ရဲ့ ကီးဘုတ်တွေကို ဘယ်တော့မှ မဆေးကြပါဘူး။ အဲဒီအမှုအကျင့်လေးရှိနေရင်တော့ အခုပြင်ရတော့မယ့်အချိန်ပါပဲ။
၁. ကွန်ပျူတာ၊ ကီးဘုတ်၊ မောက်စ် cable တွေဖြုတ်ထားပါ။ rubbing alcohol ကို အဝတ်သန့်သန့်တစ်ခုမှာလောင်းချပြီး ကီးဘုတ်နဲ့ မောက်စ်တွေကို ပွတ်တိုက်သန့်စင်ပါ။
၂.  အက်ကြောင်းနက်နက် ကီးဘုတ်ခလုတ်လေးတွေအောက်နားထိရောက်အောင် ဂွမ်းမှာ အရက်ပျံဆွတ်ပြီး ဆေးကြောနိုင်ပါတယ်။

ပန်းကန်ဆေးကန် နဲ့ ပန်းကန်ရေစစ်တဲ့စင် - နေ့တိုင်း
ဘာကြောင့်လဲဆိုတော့ မီးဖိုခန်းက ပန်းကန်ဆေးကန်ဟာ အိမ်တစ်အိမ်မှာ အဏုဇီဝပိုးလေးတွေ ဒုတိယအများဆုံးခိုအောင်နေနိုင်တဲ့ နေရာပါ။ နေ့တိုင်း ဆေးကြောသင့်ပါတယ်။
ဘယ်လိုဆေးသင့်တာလဲ
၁. ညနေတိုင်း ပန်းကန်ဆေးစင်တစ်ခုလုံးကို ခြောက်သွေ့အောင်ပွတ်တိုက်ပါ။ ပန်းကန်ရေစစ်တဲ့စင်ကိုလည်း ပြောင်စင်အောင် သုတ်ထားသင့်ပါတယ်။
၂. ပန်းကန်ရေစစ်တဲ့စင်ကို ၁ပတ် ၁ကြိမ် ပန်းကန်ဆေးစက်နဲ့ ဆေးကြောပေးပါ။
Source: CNN Living | How often you should wash your sheets, bras, hair and more! By Carole Nicksin | AllYou.com


ဖြိုးဖြိုး
(Living Fashion Magazine, October, 2014)

2 comments:

Aunty Tint said...

လိုအပ်တာလေးတွေ ဖြည့်ဆည်းလုပ်ခွင့်ရသွားပြီ ဖြိုးဖြိုးရေ...
အိမ်တစ်အိမ်ကို ထိန်းသိမ်းတဲ့အခါ အမှန်တကယ်လိုအပ်ချက်လေးတွေကို
အသေးစိတ်ရေးသားဖော်ပြသွားတဲ့အတွက် ကျေးဇူးပါကွယ်...

PhyoPhyo said...

အန်တီတင့်ကို ပိုချစ်သွားပီ