စုမီအောင်
(မိန်းမ - ၁၁)
မေဇွန်သည် အိမ်ဖော်မလေး လာချပေးသော နွားနို့တစ်ဖန်ခွက်ကို မသောက် သေးဘဲ ဘေးမှာချထားကာ ဖတ်လက်စ စာအုပ်ကိုသာ သဲကြီးမဲကြီးဆက်ဖတ်နေလိုက်သည်။ စာထဲ စိတ်ဝင်စားနေသည်မှာ မည်မျှကြာသွားလေသည်မသိ။ သတိရ၍ နွားနို့
သောက်မည်ပြုလျှင် နွားနို့ဖန်ခွက်ကို အုံခဲနေသည့်ပရွက်ဆိတ်များကို မြင်သည်။ အုံခဲရုံသာ မက နွားနို့ရည်ထဲတွင် ယက်ကန် ယက်ကန်ဖြစ်နေကြသော ပုရွက်ဆိတ်ကောင်များကို ကြည့်ကာ မေဇွန်စိတ်တိုလာတော့သည်။
ကြည့်စမ်းပါဦး။ ဒီပုရွက်ဆိတ်တွေဟာ နေရာတကာ သူတို့ချည်းပဲ အလုအယက်နဲ့ မုန်းဖို့ကောင်းတယ်...နှုတ်က ပွစိပွစိ ရေရွတ်ရင်း အိမ်ဖော်မလေးကို မေဇွန်အော်ခေါ်လိုက်သည်။
''မူးနော်ရေ..မူးနော်..မြန်မြန်လာစမ်းပါ'''
အိမ်ဖောမလေး မူးနော်ရောက်လာသည်နှင့် မေဇွန်က နှုတ်ခမ်းကိုစူပုတ်ထားပြီး ပြောသည်။
နွားနို့ဖန်ခွက်ကို ကြည့်ကာ မူးနော် နှမြောနေပုံရသည်။
''မမမေဇွန်က ချက်ချင်းမှမသောက်တာပဲ၊ နွားနို့ဟာ ပူတုန်းသောက်မှ ကောင်းတာ၊ အခုတော့ နှမြောစရာကြီး''
မေဇွန်က မူးနော်ကို မျက်စောင်းထိုးကာကြည့်လိုက်သည်။ အဲဒီလို လျှာရှည်တာ မျိုးကိုပေါ့ မေဇွန်သိပ်မုန်းတာ။
''နှမြောရင် နင်သောက်လိုက်ပါလား၊ ငါ့ဟာငါ ဘယ်ချိန်သောက်သောက် နင်နဲ့မဆိုင်ပါဘူး၊ ဒီအကောင်စုတ်တွေလည်း လာသောက်စရာမလိုပါဘူး''
''အခုဟာက ပုရွက်ဆိတ်ရာသီမမရဲ့၊ နည်းနည်းလေးသတိလစ်တာနဲ့ သူတို့ လက်ချက်မိရော၊ မီးဖိုချောင်မှာဆို ပိုဆိုးသေး၊ မမမေဇွန် လာကြည့်လှည့်ပါလား''
''ရှုပ်ရှုပ်ယှက်ယှက် မကြည့်ချင်ပါဘူး၊ ငါမဂ္ဂဇင်းဖတ်ရဦးမယ်''
သိမ်းခိုင်းသည်ကို ချက်ချင်းမသိမ်းဘဲ လျှာရှည်ဖြစ်အောင်ရှည်နေသည့် မူးနော်ကို မေဇွန်မျက်စောင်းထိုး ကြည့်ရင်းကျန်ရစ်ခဲ့ သည်။ မူးနော်သိမ်းသွားပြီး မရှိတော့သည့် နွားနို့ခွက်နေရာမှာ ဟိုဟိုဒီဒီအနံ့ခံလျက် ခုထိရစ်သီရစ်သီလုပ်နေဆဲ ပရွက်ဆိတ်တချို့ကို မေဇွန် လက်ဖြင့်ဖိချေသတ်ပစ်လိုက်သည်။ မေဇွန် တကယ်ပဲ စိတ်ညစ်မိပါသည်။ အခုတလော ပရွက်ဆိတ်တွေ ပိုပိုပြီးသောင်းကျန်း လာသည်မှာ အမှန်ပင်။ မူးနော်ပြော သလို ပရွက်ဆိတ်ရာသီပဲလား၊ အို မဟုတ်ပါဘူး။ ဒီအကောင်တွေဟာ ဒီလိုပဲ ဆယ့်နှစ်ရာသီ သောင်းကျန်းနေလိုက်ကြတာ။
တစ်နေ့ကပဲ မေဇွန်အိပ်တဲ့အိပ်ရာဘေးမှာ အတန်းလိုက်ကြီး ဟိုဘက်ပြေးလိုက် သည်ဘက်ပြေးလိုက်နှင့် ယောက်ယက်ခတ် နေကြသည့်ပရွက်ဆိတ်တွေကို မေဇွန်မုန်းတီး ရွံရှာစက်ဆုပ်စွာ နှိမ်နင်းခဲ့ရပါသေးသည်။ မေဇွန်သည် အဝတ်စုတ်တစ်ခုကို ရေဆွတ်ကာ ပရွက်ဆိတ်တွေကို ဖိချေသုတ်ပစ်ခဲ့သည်။ သို့သော်လည်း ပရွက်ဆိတ်တွေက တစ်ခဏချင်း မှာပဲ ပြန်ရောက်လာကြသည်မို့ မေမေမသိအောင် ဝယ်ထားသည့် အင်းဆက်ကေးလား စပရေးဘူးကြီးဖြင့် ဖြန်းပစ်ခဲ့ရပါသေးသည်။ အနံ့ပြင်းပြင်းများကြောင့် မေမေသည် မေဇွန့်အခန်းထဲ အူလျားဖားလျားပြေးဝင်လာခဲ့သည်။ အတုံးအရုန်းသေဆုံးနေကြပြီဖြစ်သော ပရွက်ဆိတ်များကိုမြင်လျှင် မေမေသည် ကတုန်ကယင်ဖြစ်နေပုံနှင့် ရင်ဘတ်ကို ဖိကာ ဘုရားတပါသည်။
''ဘုရား..ဘုရား..ကြည့်စမ်းပါဦး မေဇွန်ရယ်..ဟောဒီမှာ ပရွက်ဆိတ်တွေက ဥတွေနဲ့ ညည်းတော့ ငရဲကို အပုံလိုက်အပင်လိုက် ကြီးတော့မှာပါပဲနော်''
သူတစ်ပါး၏အသက်ပေါင်းများစွာကို တစ်ပြုံတစ်ထောကြီး ရက်ရက်စက်စက် သတ်ပစ်ရကောင်းလား ဆိုကာ မေဇွန့်ကို စိတ်ဆိုးမာန်ဆိုးဖြင့် မေမေဆူပူကြိမ်းမောင်းခဲ့ သည်။ မေဇွန့်မေမေသည် မွေးကတည်းက သားစိမ်းငါးစိမ်းများ မစားပါ။ ဟင်းသီး ဟင်းရွက် အသီးအနှံများကိုသာ အားထားစားသူဖြစ်ပြီး သတ္တဝါများ၏အသက်ကို အင်မတန်တန်ဖိုးထားသူဖြစ်သည်။ အိမ်တွင် နေ့စဉ်နှင့်အမျှတွေ့ကြုံရတတ်သော ပုရွက်ဆိတ်၊ ပိုးဟပ်၊ ပင့်ကူ စသည်ဖြင့် မည်မျှသေးငယ်သော ပိုးကောင်များပင်ဖြစ်လင့်ကစား မိမိ၏ ပယောဂကြောင့် သေကျေပျက်စီးကြရမည်ကို အင်မတန်စိုးထိတ်ပူပန်တတ်သူလည်း ဖြစ်သည်။ မေမေသည် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းသူဖြစ်ပြီး သူ့လိုစောင့်ထိန်း တတ်သည့်သမီးဖြစ်အောင် မေဇွန့်အား အစဉ်အမြဲသွန်သင်ဆုံးမလေ့ရှိသည်။ မေဇွန်သည် မေမေ့စကားကို မပယ်ရှားဘဲ အမြဲလိုက်နာချင်သော ဆန္ဒရှိပါသည်။ သို့သော် လက်တွေ့မှာ မူ မတတ်နိုင်ခဲ့ပါ။
မိဘစကား မြေဝယ်မကျနားထောင်တတ်သော သမီးလိမ္မာလေးလုပ်ချင်သော် လည်း တခြားကိစ္စရပ်များတွင်သာ လိုက်နာ ကောင်းလိုက်နာနိုင်ပါလိမ့်မည်။ သည်လို အကောင်ပလောင်များနှင့်ပတ်သက်လျှင်တော့ မေဇွန်မလိုက်နာနိုင်တော့ပါ။ လူကို စိတ် အနှောင့်အယှက်ပေးလေ့ရှိသော ဒီအကောင်ပလောင်များကို မေမေ့အလစ်တွင် ကောင်း ကောင်းကြီး လက်တုံ့ပြန်နှိမ်နင်းမိစမြဲပင်။ မေဇွန်သည် ကော်ဖီဖြစ်စေ၊ နွားနို့ဖြစ်စေ စာဖတ်ရင်း တစိမ့်စိမ့်သောက်တတ်သည်။ ပရွက်ဆိတ်များက မေဇွန့်ကို အေးအေးဆေး ဆေး သောက်ခွင့်မပေးသည့်အပြင် စိတ်ကသိကအောက်ဖြစ်အောင် အမြဲလာလုပ်ကြသည်။ မေဇွန်က စာအုပ်များကိုချစ်သည်။ စာတစ်အုပ် ဖတ်မည်လုပ်တိုင်း စာအုပ်ကြားထဲမှ ပြေးထွက်လာသော ပိုးဟပ်နောက်သို့ တံမြက်စည်းတစ်ချောင်းနှင့် လိုက်ရိုက်နေရသည်နှင့် မေဇွန် စာကို အေးအေးလူလူမဖတ်ရပါ။ စာတစ်အုပ်ဖတ်မည်ကြံတိုင်း အနည်းဆုံးပိုးဟပ် တစ်ကောင် နှစ်ကောင်ကို အမြဲလို ရင်ဆိုင်ရလျက် မုန်းတီးစိတ်နှင့် လိုက်လံသတ်ဖြတ် နှိမ်နင်းနေရတတ်သည်။ စာတစ်အုပ်ကို မောပန်းဒေါသထွက်ပြီးမှ ဖတ်ရသည့်အခါ မေဇွန့်စိတ်တွေ မကြည်လင်တော့ပါ။
မေဇွန်သည် စာဖတ်လျှင် ကျောင်းစာဖြစ်စေ၊ အခြားသုတ ရသ ပြင်ပ စာပေများဖြစ်စေ စားပွဲမှာသာ အကျအနထိုင်လျက် ဖတ်လေ့ရှိပါသည်။ စာကြည့်စားပွဲ မှာ ဝင်ထိုင်လိုက်သည်နှင့် စာအုပ်ကိုကောက်မကိုင်ရသေးခင် မေဇွန် အရင်ဆုံး ရှင်းလင်း ရသည်က အိမ်မြောင်ချေးများပဲဖြစ်၏။ မေဇွန့်အခန်းထဲတွင် စာဖတ်လျှင်စာကို ရှင်းလင်းစွာ ကြည့်နိုင်အောင် စားပွဲအပေါ်ဘက်နံရံအမြင့်မှာ လေးပေမီးချောင်းကြီးများ ချိတ်ထား ပါသည်။ ပိုးကောင်မွှားကောင်လေးများက ပိုးဖလံပီပီ မီးချောင်းဆီသို့ တိုးဝင်ကြသည့်အခါ အိမ်မြောင်များ အကြိုက်တွေ့ကာ မီးချောင်း၏အနီးတစ်ဝိုက်တွင် ချောင်းမြောင်း စောင့်ဆိုင်းကြသည်။
ထိုအခါ မီးချောင်းရှိရာနေရာသည် အိမ်မြောင်များအဖို့ သားကောင် ချောင်းမြောင်းရာ စားကျက်တစ်ခုဖြစ်လာပြီး အိမ်မြောင် ချေးများကတော့ မေဇွန့် စာကြည့်စားပွဲပေါ်သို့ တည့်တည့်မတ်မတ်ကြီး ကျလာလေ့ရှိသည်။ စာကြည့်စားပွဲ ထိုင်တိုင်း အိမ်မြောင် ချေးများကို အမြဲလှဲကျင်း ရှင်းလင်းရဖန်များသော် မေဇွန်စိတ်မရှည် တော့ပါ။ ပရွက်ဆိတ်၊ ပိုးဟပ်များလိုတော့ အိမ်မြောင်များကို မသတ်ဖြတ်ရဲ။ သို့သော် စက်ဆုပ်ရွံရှာမုန်းတီးစိတ်ကတော့ အတူတူပင်ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ဒီအင်းဆက်ပိုးမွှားများသာ မရှိကြလျှင် ဘယ်လောက်များ ကောင်းလိုက်မည်နည်းဟု မေဇွန် အမြဲ တွေးကြည့်ဖူး ပါသည်။ သူတို့သည် မေဇွန်တို့ လူသားတွေအတွက် ဘာများအကျိုးကျေးဇူးပြုနိုင်ပါသနည်း။ မေဇွန် အဖြေရှာမရသေးပါ။ မေဇွန့်အမြင်မှာတော့ သူတို့အားလုံး လူသားများကို အမျိုးမျိုးအနှောင့်အယှက်ပေးနေကြသည့် အကောင်ပလောင်များပဲဖြစ်သည်။ အခြားအနှောင့်အယှက် ပေးနေကြသောအကောင်များ လည်း လူတိုင်းမှာ ကိုယ်စီကိုယ်ငှရှိနေကြပါလိမ့်မည်ဟု မေဇွန်ထင်မိသည်။ မေဇွန့်အတွက် ကတော့ ပရွက်ဆိတ်၊ ပိုးဟပ်၊ အိမ်မြှောင် စသည့် အကောင်ပလောင်များသည် အဆိုးရွားဆုံး ပင်ဖြစ်နေတော့သည်။
ယခုကဲ့သို့ မိုးတွင်းကာလ၌ မေဇွန်တို့ခြံထဲတွင် ကျွတ်၊ တီ၊ မြွေ၊ မျှော့တို့ အပြင် ကင်းမြီးကောက်များကိုလည်း အများဆုံးတွေ့ရတတ်သည်။ သို့သော်လည်း ထိုအကောင်များနှင့်ပတ်သက်၍မူ မေဇွန်နည်းနည်းကလေးမှ စိတ်အနှောင့်အယှက်မဖြစ် ဖူးပါ။ မေဇွန်က ခြံထဲဆင်း၍လမ်းလျှောက်၊ ဆော့ကစား ပြုလုပ်တတ်သူမဟုတ်သော ကြောင့် ဒီအကောင်များနှင့် အမြဲတစေ ကင်းလွတ်စွာနေထိုင်နိုင်သည်။ မေဇွန့်အနေနှင့် ကင်းလွတ်၍မရသည်က ပရွက်ဆိတ်၊ ပိုးဟပ်၊ အိမ်မြှောင်များ နေ့ရှိသရွေ့ ဒီအကောင် များနှင့် စခန်းသွားနေရခြင်းကို မေဇွန်စိတ်ပျက်လှပါသည် မေဇွန်သောက်မည့် နွားနို့ထဲ ပရွက်ဆိတ်ကျမှာ စိုးရိမ်ရ၊ စာအုပ်များ ပိုးဟပ်ကိုက်မှာ စိုးရိမ်ရနှင့် ဒီစိုးရိမ်စိတ်များကြောင့် ပင် မေဇွန်သည် သူတို့ကိုတွေ့လိုက်သည်နှင့် တွေ့ရာသင်္ချိုင်းဓားမဆိုင်း အင်းဆက်ကေးလား ဘူးကြီးဆွဲယူကာ အပြေးအလွှားလိုက်လံဖြန်းသတ်ပစ်တော့သည်။ မေဇွန့်လုပ်ရပ်ကို မေမေက လုံးဝမနှစ်မြို့ပါချေ။ ပြော၍မရသည့်အဆုံး မေမေက မေဇွန့်ကို ငရဲသို့လားမည့် မိန်းကလေးဟု မြည်တွန်တောက်တီးကာ ကောက်ချက်ချထားလိုက် တော့သည်။ ပြီးလျှင် အဖေတူ သမီးပဲ ဟုမကြားတကြားပြောတတ်သေးသည်။
မေမေပြောသည့်အတိုင်း ဟုတ်တော့လည်းဟုတ်သည်ဟု မေဇွန်တွေးမိသည်။ ဖေဖေသည် သူ့မျက်စိရှေ့၊ သူ့မြင်ကွင်းထဲ ဝင်ရောက်လာသမျှ အကောင်များကို ဘယ်တော့ မှ ချမ်းသာပေးလေ့မရှိပါ။ အချို့အိမ်များတွင် တောက်တဲ့ရှိလျှင် လာဘ်ကောင်း သည်ဟု ယူဆကြသော်လည်း ဖေဖေကတော့ တောက်တဲ့အော်သံကြားလျှင် မည်မျှညဉ့်နက်သည် ဖြစ်စေသ၊ ချက်ချင်းပင်ထ၍ မရမကရှာဖွေကာ အမိအရလိုက်သတ်ပါသည်။ ဖေဖေ ထိုသို့ပြုမူလေတိုင်း အရိပ်အကဲစောင့်ကြည့်၍ကူညီသူမှာ မေဇွန်ပဲဖြစ်သည်။ မေမေသိသွား လျှင်တော့ တား၍မရသည့်အဆုံး ငရဲသွားမယ့်သားအဖ ဟု ပွစိပွစိလုပ်ကာ မေမေက ပြောပါတော့၏။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါ။ ညနေပိုင်းတွင် အိမ်ရှေ့ထွက်ကာ ပက်လက်ကုလားထိုင်တစ်လုံးဖြင့် ထိုင်နေတတ်သော ဖေဖေသည် သူ့အနားဝဲလာသမျှ ခြင်များကို ခြေထိုး၊ လက်ထိုးပေးခံ၍ တမင်စောင့်ရိုက်ကာ ထိုခြင်သေများကို ကုလားထိုင် လက်တန်း ပေါ် တန်းစီတင်ထားတတ်သည်။ ဖေဖေ ထိုသို့လုပ်တိုင်း မေဇွန်က အနားမှာ ကပ်ထိုင်ကာ ဖေဖေ့ ဒီမှာ ဘယ်နှကောင်ရပြီဟု ခြင်သေ များကို ရေတွက်ပေးနေတတ်သည်။ ပြီးလျှင် ဖေဖေသည် ထိုခြင်သေများကို ဒီအတိုင်းမထား။ အတော်များများရလာလျှင် စုပုံ၍မီးရှို့ လိုက်သေးသည်။ ဒါကြောင့်ပင် အဖေတူသမီး၊ ငရဲသွားမယ့်သားအဖဟု မေမေ အမြဲဆိုခြင်းဖြစ်ပါသည်။ မေဇွန့်အနေနှင့်တော့ ခြင် ကောင်များကို ဖေဖေ့လောက် မုန်းတီးသတ်ဖြတ်ပေးရန်မလိုပါ။ ခြင်များကို မေဇွန် အလွယ်တကူ ရှောင်ကွင်း၍ရနိုင် သောကြောင့် ဖြစ်ပါသည်။ မေဇွန့်အခန်းသည် အိမ်ပေါ်ထပ်တွင် ရှိပြီး ညနေမှောင်စမပျိုးခင် တံခါးများကို ကြိုတင်ပိတ်ထားလိုက်လျှင် ခြင်များ မဝင်လာနိုင်တော့ပါ။ တချို့မျက်စိလည် လမ်းမှား၍ ဝင်လာသောခြင်များကိုတော့ ဂေါ်ဇီလာခြင်ဆေးတစ်ခွေလောက် ထွန်းထားလိုက် ဖြင်းဖြင့် ကာကွယ်ဟန့်တားလို့ရပါသည်။
ပြောရလျှင် မေဇွန့်ဘဝသည် ဘာမဆို အဆင်သင့်နေထိုင်နိုင်သည်အထိ အစစ အရာရာပြည့်စုံသောဘဝဖြစ်သည်။ မည်သည့်အိမ်အလုပ်မျိုးမှ မေဇွန်မလုပ်ခဲ့ရဖူးပါ။ နံနက် အချိန်တန်လျှင် အိပ်ရာမှထ၊ မိမိစာ မိမိကြည့်၊ ဗိုက်ဆာလျှင်စား၊ အချိန်တန်လျှင် ကျောင်းသွား၊ အိပ်ချိန်တန်လျှင်အိပ်၊ ထိုသို့ပေါ့ပေါ့ပါးပါးသာလည်ပတ်နေနိုင်ခဲ့သည်။ မေဇွန် မည်သည့်အရာကိုမျှ မသိ၊ နားမလည်ခဲ့ပါ။ ဆန် ဘယ်ကရသနည်း။ ထမင်းအိုးထဲ က ရသည်ဟုသာ နားလည်ထားခဲ့သည်။
တစ်ခါက ပျင်းပျင်းရှိသည်နှင့် ထမင်းချက်ရန် ပြင်ဆင်နေသည့် မူးနော်နှင့် စကားသွားပြောဖူးသည်။ စပါးလုံးကောက်ရင်း ဆန်ထဲမှ မည်းမည်းပိုးကောင်များကိုပါ မူးနော်တစ်ယောက် ကောက်ယူလွင့်ပစ်နေရသည်ကို မေဇွန်မြင်မိသည်နှင့် ထုံးစံအတိုင်းစိတ် ရိုင်းများ ဝင်လာသည်။
'တော်တော်ဆိုးတဲ့ ပိုးကောင်တွေ၊ ငါစားမယ့်ထမင်းဆန်ထဲကို လာနေနေ ရတယ်လို့ ရာရာစစ'ဟုကြိမ်းမောင်းရင်း ဒေါသထွက်နေသည်။ ပြီးလျှင် ပုလင်းတစ်လုံး ယူလာကာ မူးနော်လွှင့်ပစ်ထားသည့် ဆန်ပိုးကောင်များကို ပုလင်းဖြင့် ကြိတ်ကာ သတ်ပစ်တော့သည်။ သူတို့၏ ကိုယ်လုံးမည်းမည်းကြီးများနှင့် ဖွေးဖွေးဖြူဆန်စေ့ လေးတွေကိုမှ အားမနာ ဟုတွေးကာ ထိုမည်းမည်းပိုးကောင်များကိုလည်း ပုရွက်ဆိတ်များ နည်းတူ မေဇွန်မုန်းတီးခဲ့ဖူးသည်။
xxxxx
အချိန်ရာသီစက်ဝန်းတို့ အလီလီလည်ပတ် ရွေ့လျားခဲ့ကာ မေဇွန်တစ်ယောက်လည်း ယခင်ကလို ကလေးမလေး မဟုတ်တော့။ သီးချိန်တန်သီး ပွင့်ချိန်တန် ပွင့်ဆိုသလိုပင် အိမ်ထောင်ကျခဲ့လေပြီ။ မေဇွန်၏ခင်ပွန်းက မိဘအိမ်မှာနေသကဲ့သို့ အစစ အရာရာ ပြည့်စုံစွာထားနိုင်ခဲ့သည်မို့ မေဇွန်သည် သူမ၏ဘဝကို ယခင်ကလို ပေါ့ပေါ့ပါး ပါးလေးသာ ဖြတ်သန်းနေရဆဲပင်ဖြစ်သည်။ မေဇွန့်တွင် အိမ်အလုပ်များကူညီလုပ်ကိုင် ရန် အိမ်ဖော်များအဖြစ် ၁နှစ်အရွယ် ကောင်မလေး'စုစု'နှင့် သူ့အမေ 'ဒေါ်ထား'တို့ ရှိကြသည်။ သည်တော့လည်း မေဇွန့်အနေနှင့် ဘာကိုမျှ ပူပန်သောကမရောက်ရချေ။ စုစုသည် မူးနော်ကဲ့သို့ အားကိုးရပြီး ဒေါ်ထားသည်လည်း မေဇွန့်အမေကဲ့သို့ စေ့စပ်သေချာ သော၊ အိမ်မှုကိစ္စနိုင်နင်းသော မိန်းမတစ်ယောက်ဖြစ်နေခြင်းက မေဇွန့်အတွက် အမေ့ အိမ်မှာနေရ သကဲ့သို့ပင် အဘာတစ်ခုမှ လိုလေသေးမရှိဖြစ်နေပြန်သည်။
တစ်နေ့ ဒေါ်ထား၏ အမေ(စုစု၏အဘွား)အသည်းအသန်ဖြစ်ကြောင်း သံကြိုးစာ ရောက်လာသည်မို့ ဒေါ်ထားသည် စုစုကိုခေါ်ကာ ရုတ်တရက် ရွာပြန်သွားကြရသည်။ ဘာကိုမှ စီစဉ်မပေးနိုင်ဘဲ ကသောကမျောသွားကြရသည့်အခါ ထိုနေ့၏ ညခင်းစာကို ပြင်ဆင်ချက်ပြုတ်ရန်မှာ မေဇွန့်တာဝန်သာဖြစ်လာခဲ့၏။ အလွယ်တကူဝယ်စားရန် အိမ်၏အနီးအနားတွင် ထမင်းဟင်းဆိုင် တစ်ဆိုင်တလေမှ မရှိပါ။ မေဇွန်အခက်တွေ့ ရလေပြီ။ နောက်တစ်နေ့အတွက်ကတော့ အိမ်ဖော်တစ်ယောက်ယောက်ကို အားချင်းခေါ် ယူကာ ဒေါ်ထားပြန်မလာမချင်း နေ့တွက်နှင့်ငှားထားရန် ခင်ပွန်းသည်နှင့်တိုင်ပင်၍ စီစဉ်နိုင်သည်မို့ အချိန်ရသည်ဟုဆိုနိုင်သည်။ ခက်သည်က အခု ညနေခင်းစာ အတွက်ပဲ ဖြစ်သည်။ အလုပ်ကပြန်လာမည့်ခင်ပွန်းသည်ကိုလည်း ယခင့်ယခင်နေ့တွေလို အသင့် ဖြစ်နေသော ညနေစာစားပွဲနှင့် ကြိုဆိုချင်သည်။ သို့နှင့် အမြဲတစေ မျက်ကွယ်ပြုနေခဲ့ သော မီးဖိုးဆောင်သို့ မေဇွန် ဝင်ရတော့သည်။
xxxxx
အရင်ဆုံး ဆန်ထည့်ထားသည့် ဆန်ပုံး အဖုံးကိုဖွင့်၍ထမင်းပေါင်းအိုးထဲသို့ ဆန်များခပ်ထည့်လိုက်သည်။
'အို..ဘာတွေပါလိမ့်'
ဆန်လုံးဖြူဖြူများအကြားတွင် လှုပ်လှုပ်ရွရွနှင့် ဆန်ပိုးကောင်မည်းမည်း တချို့ကို မြင်လျှင် မေဇွန်သည် ပိုးကောင်များကို မုန်းတတ်သူပီပီ ခပ်မြန်မြန်ကောက်ယူကာ လက်ဖြင့် ဖိခြေရင်း လွှင့်ပစ်လိုက်မိသည်။ လုံးခြေခံလိုက်ရသော ပိုးကောင်လေးများသည် တချို့ သေသည့်အကောင်သေ၊ တချို့ကား မသေမရှင်နှင့်၊ တွန့်လိမ်ကွေးကောက်ကာ သမံတလင်းပေါ်သို့ တဖြုတ်ဖြုတ် ပြုတ်ကျသွား သည်။ ခပ်သုတ်သုတ် ကောက်ယူ လုံးခြေပစ်နေသည့်ကြားမှ ဆန်ပိုးကောင်များသည် အိုးထဲတွင် လျော့နည်း၍မသွားဘဲ ဆန်စေ့ဖြူဖြူ များအကြားမှနေ၍ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာနေကြပြန်သည်။ သည်ပိုးကောင်တွေ ဘယ်ကဘယ်လိုရောက်လာကြသလဲ။ ဒါတွေကို ဒေါ်ထားမမြင်ခဲ့ဘူး လား။ မဟုတ်သေးပါဘူး။ မေဇွန်တို့ထမင်းစားတိုင်းလည်း သန့်စင်နေသည့် ထမင်းလုံး ဖြူဖြူရှည်ရှည် လေးများကိုသာ စားခဲ့ရပါသည်။ သည်ပိုးကောင်နှင့် ဆန်တွေကို သန့်စင် အောင် ဒေါ်ထား ဘယ်လိုချက်ခဲ့ပါလိမ့်။ ဒါမှမဟုတ် ပိုးကောင် များသည် ဒေါ်ထား သွားပြီး ယခုမှ ရုတ်တရက်ကြီးရောက်ချလာကြသည်လား။ မေဇွန်သေချာ မသိပါချေ။
ဘာလုပ်ရမည်ကိုမသိသော မေဇွန်သည် ကမန်းကတန်းထကာ ဖုန်းနံပါတ် တစ်ခုကို ကောက်လှည့်လိုက်သည်။
'ဟဲလို'
'မေမေလား...ဟင်'
'ဘာလဲသမီး..စုစုနဲ့စိတ်ကောက်ပြန်ပြီလား'
စုစုနှင့်ကတောက်ကဆတ်ဖြစ်ရလေတိုင်း မေမေ့ထံ ဖုန်းဆက်ပြောပြနေကျမို့ မေမေက ထိုသို့ပြောခြင်းဖြစ်သည်။
'ဟင့်အင်းမေမေ..သူတို့မရှိကြပါဘူး'
'ဒါဖြင့်..ဘာအခက်အခဲတွေ့လို့လဲ'
အိမ်ထောင်ကျပြီး မိဘများနှင့်အကွဲကွဲအပြားပြားနေလင့်ကစား သားသမီးတို့၏ အခက်အခဲများကို အမြဲနားစွင့်ဖြေရှင်းပေးရန် အသင့်ရှိသူများသည် သူတို့၏မေမေများပင်ဖြစ်လိမ့်မည်ဟု မေဇွန်ရုတ်တရက်တွေးလိုက်မိသေးသည်။ ယခု မေဇွန့်အသံကို တယ်လီဖုန်း ထဲကကြားရုံနှင့်ပင် တစ်စုံတစ်ရာအခက်တွေ့ပြီမှန်း မေမေကောင်းကောင်း သိနေပြန်ပါသည်။
'ဆန်ထဲမှာ ဆန်ပိုးကောင်တွေ အများကြီး မေမေ အဲဒါ...'
'ဒါလေးများ မေဇွန်ရယ် ချက်မယ့် အိုးထဲမှာပဲအသာလေး ခဏလောက် ထည့်ထားလိုက်၊ နောက်ဆုံး အိုးနံရံကိုတွယ်တက်ပြီး အပြင်ကို ထွက်လာကြလိမ့်မယ်။ ဒီတော့မှ ဖယ်ပစ်လိုက်ရုံပေါ့'
မေဇွန်သည် 'ဟုတ်ကဲ့..ဟုတ်ကဲ့'ဟု ကသောကမျောပြောလိုက်ပြီး တယ်လီဖုန်းကို ကပျာကသီချကာ မီးဖိုဆောင်သို့ ပြန်ဝင်လာခဲ့သည်။ ထမင်းတစ်နပ် စားရဖို့အရေး ဘယ်လောက်ဗျာများပြီး ဘယ်လောက် အလုပ်ရှုပ်ရမှန်း အနားမှာ ဘယ်သူ မှမရှိမှပင် မေဇွန်ကောင်းကောင်းသိရတော့သည်။
စောစောက ဆန်ထည့်ထားသည့်ထမင်းပေါင်းအိုးကိုကြည့်မိလျှင် မေမေပြော သည့်အတိုင်းပင် ဆန်ပိုးကောင်များသည် အိုးနံရံ ကို တရွေ့ရွေ့တက်လာကာ အိုးနှုတ်ခမ်း မှတစ်ဆင့် အပြင်သို့လျောဆင်းသွားနေကြသည်ကို မေဇွန် တအံ့တသြတွေ့လိုက်ရတော့ သည်။
မေဇွန်သည် တစ်ခါမျှမကြည့်ဖူးသည့် ရုပ်ရှင်ပြကွက် အထူးအဆန်းတစ်ခုကို ကြည့်နေရသလို အံ့သြမှင်တက်စွာ ကြည့်နေမိ တော့သည်။ သည်ဆန်စေ့တွေအကြား သူတို့ ဘယ်အချိန်ကတည်းကများ အုံကျင်းဖွဲ့နေကြပါလိမ့်ဟုလည်း တွေးနေမိသေးသည်။ ဆန်စေ့တွေထဲ တစ်ကောင်စ နှစ်ကောင်စ အရင်ရောက်လာပြီးမှ တဖြည်းဖြည်းတိုးပွား လာခြင်းလား။ ဒါမှမဟုတ် တစ်နေရာရာကနေ အလုံးအရင်းနှင့် ရွှေ့ပြောင်းရောက်ရှိလာ ကြခြင်းပဲလား။ မေဇွန်ဘာမှ မသိ နားမလည်ပါချေ။
ထိုသို့စူးစိုက်ကြည့်နေမိရင်းက တလှုပ်လှုပ်ဖြစ်နေသည့်ဆန်စေ့လေးတစ်စေ့ကို မြင်မိလျှင်များစွာ အံ့အားသင့်ရပြန်သည်။
'ဒီဆန်စေ့က ဘာလို့ လှုပ်နေတာပါလိမ့်'
သိချင်စိတ်ဖြင့် ဇတ်ခနဲကောက်ယူလိုက်ကာ လက်ဖဝါးထဲထည့်ပြီး အနီးကပ် ကြည့်နေမိချေ၏။ လက်ထဲတွင် ဟိုယိမ်း သည်ထိုးနှင့် လှုပ်ခါနေသော ဆန်စေ့လေးကို ကြည့်ရင်း နေ့ခင်းကြောင်တောင် ဆန်စေ့တစ္ဆေများ ခြောက်နေလေရော့သလား ဟု တွေးထင်မိသေးသည်။ မေဇွန်ကြည့်နေမိသော ထိုဆန်စေ့လေးသည် အသေအချာကြည့်လျှင် တစ်စွန်း တစ်စပဲ့နေသည်ကိုတွေ့ရ၏။
'အို'
ထိုဆန်စေ့ အပဲ့အစွန်းထောင့်လေးကနေ အတင်းတိုးထွက်ရန်ကြိုးစားနေသည့် အရာတစ်ခု....။
မေဇွန်သည် စိတ်အဝင်စားကြီးဝင်စားကာ မမှိတ်မသုန် ဆက်၍ကြည့်နေမိသည်။ ထိုအရာသည် တဖြည်းဖြည်းနှင့် အပြင်သို့ တိုးထွက်ရောက်ရှိလာကာ ရွေ့လျားသွားနိုင်ရန် ကြိုးစားနေပြန်သည်။ အကောင်ငယ်လေးတစ်ကောင်...။ မေဇွန်သည် လက်ဖဝါးပေါ်က အကောင်ငယ်လေးကို ကြည့်ကာ အံ့အားသင့်မဆုံးတော့ပါချေ။
ထိုအကောင်ငယ်လေးသည် မေဇွန်တွေ့မြင်နေကျ ဆန်ပိုးကောင်မည်းမည်းကြီး တွေလို မုန်းစရာမကောင်းလှပါ။ တစ်ကိုယ် လုံး နီဖျော့ဖျော့အရောင်ရှိပြီး အလွန်ပင်သေးငယ် လှသည့် ကိုယ်ခန္ဓာလေး၊ ထိုအကောင်ငယ်လေးကို ကြည့်ရတာ သနားစရာ ကောင်းနေတော့သည်။ သေးငယ်လွန်းလှသဖြင့် သူ၏လက်တွေ ခြေတွေ ဘယ်မှာရှိသလဲ၊ ပါရောပါရဲ့လား ဟု တွေးထိတ်မိသေးသည်။ မေဇွန့်မျက်စိနှင့်ကြည့်၍ပင် ခြေလက်တို့ကို မမြင်ရပါ။
'အို...ဒါ မွေးကင်းစ ဆန်ပိုးကောင် အူဝဲလေးပဲလား'
ထိုသို့တွေးမိလျှင် မေဇွန်သည် အသည်းတယားယားဖြစ်သွားတော့၏။ သူဟာ ဆင်နှာမောင်းအသေးစားလေးလို ခပ်ကောက်ကောက်ချွန်ထွက်နေသည့် သူ့ဦးခေါင်းထိပ် ရှိ အချွန်လေးနှင့် ဆန်စေ့ကိုထိုးဖောက်ကာ ထွက်လာလေသလား။ သူ့လက်တွေ ခြေတွေ နှင့် ဆန်စေ့နံရံကို တွန်းထိုးကန်ကျောက်ပြီး ထွက်လာခဲ့လေသလား။ မေဇွန်မစဉ်းစား တတ်တော့ပါချေ။ စောစောက တလှုပ်လှုပ်ဖြစ်လာသည့် ဆန်စေ့ကိုပြန်တွေးကြည့်ခြင်း အားဖြင့် သူသည် တစ်ကိုယ်လုံးကို အားပြုရုန်းကန်လျက် ထွက်လာခဲ့ရတာ တော့ သေချာလှပါသည်။
အမေ ဆန်ပိုးကောင်ကြီးက ဆန်စေ့ထဲဝင်ကာ ဥအုခဲ့ပြီးမှ ဥကနေတစ်ဆင့် ပေါက်ဖွားလာတဲ့ အကောင်လေးပဲလား သူ့ ဘာသာသူ ဆန်စေ့ထဲကနေ ဖြစ်လာတဲ့ အကောင်လေးလား။ သည်နီဖျော့ဖျော့ ပိုးကောင်အူဝဲလေးက ဆန်စေ့ မာတောင့်တောင့် ကြီးထဲ ဘယ်က ဘယ်လို ရောက်နေခဲ့သလဲ။ ဘာဆိုဘာမှ မေဇွန်မသိတော့ပါချေ။
အသက်အရွယ် အတော်ကြီးသည်အထိ စပါးပင်က စပါးရသည်။ စပါးကနေ ဆန်စေ့ရသည်။ ဆန်စေ့ကနေ ထမင်းဖြစ်လာ သည်ဟုသာ လွယ်လွယ်သိထားခဲ့သော မေဇွန့်အနေနှင့် ယခုကဲ့သို့ ဆန်ပိုးကောင်အူဝဲလေး ဆန်စေ့ထဲခိုတွယ်နေသည်ကို မျက် ဝါးထင်ထင်မြင်လိုက်ရသည့်ဖြစ်ရပ်သည် ကမ္ဘာ၏အပြင်ဘက် အခြားဂြိုဟ်ပေါ်က ဂြိုဟ်သာတစ်ကောင်ကို မျက်စိရှေု့ဝယ် 'ဘွား'ခနဲ တွေ့မြင် လိုက်ရဘိသကဲ့သို့ စိတ်လှုပ်ရှား အံ့သြဖွယ်ကောင်းလွန်းနေပေသည်။
စက္ကူဖြူ သန့်သန့်လေးတစ်ရွက်ပြေးယူကာ သူမလက်ထဲက ပိုးကောင်လေးကို စက္ကူပေါ်အသာကလေး ပြောင်းရွှေ့ တင်ပေးထားလိုက်သည်။ ပြီးလျှင် နောက်ထပ် ဆန်စေ့များကို နှံ့စပ်သေချာစွာ ရှာဖွေစူးစမ်းကြည့်မိတော့သည်။ အထူးသဖြင့် ထောင့် စွန်းလေးများ ပဲ့ြေ
'အို..သူတို့သေကုန်ပြီလား...'
ဒါဟာ လမစေ့နေ့မစေ့ဘဲ မွေးဖွားလာသည့် လူသားအူဝဲလေးတွေလိုများ ဖြစ်လေ မလား ဟုတွေးကာ မေဇွန်သည် အသည်းတယားယားဖြစ်လာလျက် သူမ၏ဝမ်းဗိုက်ကို ယောင်ယမ်းငုံ့ကြည့်မိချေသည်။
ယခုအခါ မေဇွန့်ဝမ်းကြာတိုက်တွင် ရင်သွေးလေး ကိန်းအောင်းခိုတွယ်နေသည် မှာ အချိန်အားဖြင့် နှစ်လကျော်ခန့် ရောက်လို့နေခဲ့လေပြီ။
xxxxx
မေဇွန်ထမင်းမချက်တော့ပါ။ သည် ပိုးကောင်ငယ်လေးများအားလုံးကို စက္ကူစွန်းလေးဖြင့် အသာလေး ကော်ယူသယ်ဆောင် ကာ ဆန်ပုံးကြီးထဲက ဆန်စေ့များပေါ် အသာအယာလေး နေရာချထား ပေးလိုက်တော့သည်။ ပြီးနောက် ဆန်ပုံးကို အဖုံး ပြန်ဖုံးထားလိုက်ပြီး သူမ၏လုပ်ရပ်ကို သူမဘာသာ သဘောအကျကြီးကျကာ တစ်ယောက်တည်းစ ရယ်ပြုံးလိုက်မိသည်။ ရင်းတွင်းမှာ လည်း ဆန်ပိုးကောင်အူဝဲလေးတွေ ရယ်၊ ဆန်ပိုးကောင်အဖေနဲ့အမေကြီးတွေရယ်၊ မိသားစုဖွဲ့ပြီး အေးအေးလူလူသာ နေကြ ပါစေတော့.. ဟု တိုးတိတ်စွာ ဆန္ဒပြုပေးလိုက်မိသည်။
ခင်ပွန်းသည်ပြန်ရောက်လာလျှင် ညစာအတွက် အပြင်မှာ သွားစားကြရန် အရင်ဆုံးပြောရမည်။ ပြီးလျှင် မေဇွန်ခံစားရသမျှကို ခင်ပွန်းသည်အား ပြောပြရပါဦးမည်။ မေဇွန့်ရင်တွင်းက အခုလတ်တလောကလေးကမှ ဖြစ်ပေါ်လာတဲ့ စာနာစိတ်လေးအကြောင်း ပေါ့။
နံနက်ဖြန်အတွက်တော့ ဘာပိုးကောင်မှ တွယ်ကပ်နေခြင်းမရှိသေးတဲ့ အသန့် စင်ဆုံးဆန်များကို သွားဝယ် ချက်စား တော့မည်။ ဆန်များ ဝယ်သည့်အခါ အများကြီး ဝယ်လှောင်မထားတော့ဘဲ တစ်ပတ် ဆယ်ရက်စာမျှသာ ဝယ်မည်ဟုလည်း တစ်ခါတည်း စဉ်းစားထားလိုက်သည်။ နောင်အခါ မေဇွန်သည် ဆန်ပိုးကောင်များကိုဖြစ်စေ၊ အခြား မည်သည့်အကောင် ပလောင်များပင်ဖြစ်စေ မုန်းတီးစွာ သတ်ဖြတ်နှိမ်နင်းရန် စိတ်ကူးစိုး စဉ်းမျှ မရှိတော့ပါ။
စုမီအောင်
(၂ဝဝ၃၊ မတ်၊ စိမ်းရောင်လွင်မဂ္ဂဇင်း)
No comments:
Post a Comment