အယ်လီနာသည် ခုတင်ပေါ်မှဆင်းကာ ပြတင်းဝမှာရပ်လို့နေမိ၏။ မကြာမီ
မိုးလင်းတော့မည်။ နီဖျော့ဖျော့ရောင်စဉ်အောက်မှ နေ၍ နေမင်းကြီး တစ်စတစ်စ
ပြူထွက်လာသည်ကို သူမ သဘောကျစွာ ငေးလို့ကြည့်မိဦးမည်။ ခုတလော နေမင်းကြီးကို
ငေး၍ငေး၍ ကြည့်နေရသည်ကို အယ်လီနာ အကြိုက်တွေ့နေမိသည်။ အမှန်တကယ်တော့
နေမင်းကြီး ပေါ်ထွက်လာပုံက ဖြစ်ရိုးဖြစ်စဉ် ဖြစ်ရပ် တစ်ခုပဲဖြစ်သည်။
နေမင်းကြီးကို ကြည့်ရသည်မှာ သိပ်ပြီး အဆန်းတကြယ် မရှိလှသော်လည်း
မိမိကိုယ်မိမိ ယုံကြည်ခြင်း များကို သူ့အတွင်းမှာ
အပြည့်အသိပ်သယ်ဆောင်လာနိုင်တဲ့ပုံဟုမြင်ကာ အယ်လီနာက
အားကျစိတ်ဖြင့်စောင့်ကြည့်နေမိခြင်းပဲဖြစ်သည်။
အယ်လီနာနေသောအခန်းသည် အရုဏ်ဦးနေထွက်ချိန်များကို ကောင်းစွာ
မြင်တွေ့ငေးမောနိုင်သော်လည်း ဆည်းဆာ အလှနှင့် နေဝင်ချိန်များကိုတော့
ဘယ်သောအခါမှ မြင်တွေ့ရလေ့မရှိပါ။ အယ်လီနာ၏ခင်ပွန်းဖြစ်သူ
ဒေါက်တာဇိုးဝါးနေသည့် အနောက် ဘက် အခန်းဆီမှာတော့ နေဝင်ချိန်များကို
ကောင်းစွာမြင်တွေ့နိုင်သည်ဟု အယ်လီနာ ကောင်းစွာ သိရှိထားသည်။ သို့သော်
သူ့အခန်းဆီ သို့ အယ်လီနာ ဘယ်တုန်းကမှ မသွားချင်ခဲ့ပါ။ သူ့ရဲ့
သိပံ္ပစမ်းသပ်ပစ္စည်းကိရိယာတွေ၊ ကွန်ပျူတာတွေ၊ စာအုပ်ထူထူနှင့် ဖိုင်တွဲ
ရှုပ်ပွပွ တွေကြားမှာ အယ်လီနာတစ်စက္ကန့်မျှမနေချင်လောက်အောင် အသက်ရှု
ကျပ်လှပါသည်။ အယ်လီနာရဲ့အဖော်ကတော့ ယုံကြည်မှုတွေ ကို သယ်ဆောင်လာတတ်သည့်
နေမင်းကြီးပဲဖြစ်သည်။ နောက် လမင်းနှင့် ကြယ်တာရာလေးများ...။ သူမရဲ့စိတ်ကို
ရှုပ်ထွေး နောက်ကျိအောင် ဘယ်တော့မှ သူတို့မလုပ်ကြပါ။ သူမကို အချိန်ပြည့်
စိတ် အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်နေသူကား တခြား မဟုတ်......
''မစ္စက်ဇိုးဝါး နံနက်စာသုံးဆောင်ဖို့ ကြွပါ''
အယ်လီနာ အတွေးပျက်သွားသည်။ အသံသည် အခန်းထောင့် နံရံကြားက
ထွက်ပေါ်လာခြင်းဖြစ်၏။ အဲသည့်နေရာမှာ အသံသေတ္တာငယ် လေးများရှိနေပြီး ဒါသည်
ဒေါက်တာဇိုးဝါး၏ အံ့မခန်းပညာရပ်တစ်ခုလည်း ဖြစ်နေပြန်သည်။ အယ်လီနာသည်
အသံထွက်ပေါ်လာရာဆီသို့ တစ်ချက်မျှယောင်ငဲ့ကြည့်မိသွားကာ
အံ့သြချီးကျူးစရာတော့ ကောင်းလှပါရဲ့ ဟု ခနဲ့တဲ့တဲ့ တွေးလိုက် မိသေးသည်။
နေမင်းကြီးနှင့်အတူ လတ်ဆတ် လှပသောမြင်ကွင်းများကို နှမြောစွာပင်
ကျောခိုင်းလိုက်ရပြီး အခန်းပြင်ပသို့ အယ်လီနာ မထွက်ချင်ထွက်ချင်
ထွက်လာခဲ့ရသည်။
အဏုမြူရောင်တလက်လက်တောက်ပနေသည့် ခသ်နန
မသသာ ဆိုသည့် စာလုံးများရှိရာ အခန်းတစ်ခုရှေ့တွင် အယ်လီနာ
ခြေစုံရပ်လိုက်သည်။ လက်ကမူ တံခါးကို ယောင်ယမ်း၍ တွန်းဖွင့်နေမိသေးသည်။
ငွေရောင်တဖိတ်ဖိတ်တောက်နေသောတံခါးသည် ဘေးတိုက် ရွေ့လျားလျက်
အလိုအလျောက်ပွင့်သည်ကိုမြင်လျှင် အယ်လီနာသည် မိမိလက်ဖြင့်
ကိုယ်တိုင်ကိုယ်ကျ မဖွင့်လိုက်ရသောတံခါးကို အလိုမကျစွာကြည့်ရင်း မျက်နှာကို
ခပ်မဲ့မဲ့လုပ်ကာ အခန်းတွင်းသို့ လှမ်းကာဝင်လိုက်သည်။
ခုံတစ်လုံးတွင်ထိုင်နေသော ဒေါက်တာဇိုးဝါးသည် အယ်လီနာ့ ကိုမြင်လိုက်
သည်နှင့်တစ်ပြိုင်နက် ဝမ်းသာအယ်လဲပုံစံဖြင့် နေရာမှချက်ချင်းထကာ
ဆီးကြိုရှာသည်။
''မောနင်း ဒါလင်...သတင်းကောင်းတစ်ခု ပြောစရာရှိတယ်ဟေ့''
အယ်လီနာသည် သူမပခုံးကိုကြင်နာဟန်အပြည့်ဖြင့် ဖေးဖ ထိကိုင်လာသည့်
ဒေါက်တာဇိုးဝါး၏လက်များကို သိသိသာသာပင် ဖယ်ခွာချကာ ထိုင်ခုံတွင် သူမ
ဘာသာသူမ ဝင်ထိုင်လိုက်သည်။
''သတင်းကောင်းတစ်ခု ပြောစရာရှိလို့ ခုလိုစောစောစီးစီး ခေါ်လိုက်ရတာ တောင်းပန်ပါတယ်ကွာ၊ ငါ့ရဲ့အချစ်လေး အိပ်ရေးပျက်သွားလားပဲ''
အချစ်လေးဆိုသည့်အခေါ်အဝေါ်သည် အယ်လီနာ့နားထဲသို့ ရှောရှောရှူရှူ
ဝင်သွားခြင်းမရှိဘဲ နားပေါက်ဝတွင် တစ်ဆို့ ဆို့ဖြစ်နေ၏။ သူပြောမည့်
သတင်းကောင်း ဆိုသည်ကိုလည်း အယ်လီနာ ဘယ်တုန်းကမှ မကြားချင်ခဲ့ပါ။ တစ်ခုပြီး
တစ်ခု နေ့စဉ် တီထွင် အောင်မြင်နေသည့် သူ့ထံမှ သတင်းကောင်းဆိုသည့်အရာများကို
အယ်လီနာ စိတ်မဝင်စားသည်မှာ ကြာခဲ့ပါပြီ။
''အို..ရှင့်ရဲ့သတင်းကောင်းဆိုတာကြီးကို အသာထားလိုက်စမ်းပါ၊ လောလောဆယ် ကျွန်မ ဗိုက်ဆာတယ်ရှင့်''
''အိုး ဟုတ်ပေသားပဲ...ဆို..ဒါလင် ကော်ဖီလား တီးလား''
''ဘာပဲဖြစ်ဖြစ် ကျွန်မအဖို့က မထူးလှပါဘူးရှင်၊ ဗိုက်ထဲတစ်ခုခု ဝင်သွားရင်ပဲ တော်ပြီ''
ဒေါက်တာဇိုးဝါးသည် အယ်လီနာ၏ခပ်မာမာစကားသံကိုကြားလျှင် ပခုံး
တစ်ချက်တွန့်မိသွား၏။ ထို့နောက် ကော်ဖီတစ်ခွက်ကိုစက်ကိရိယာအကူအညီဖြင့်
ချက်ချင်း ဖျော်ယူကာ အယ်လီနာ့ရှေ့သို့ ခပ်ပြုံးပြုံးမျက်နှာပေးဖြင့်
လာချပေးလိုက်သည်။
''ကျေးဇူးပဲ''ဟုဆိုကာ အယ်လီနာက ကော်ဖီပူပူကို တစ်ကျိုက် မှုတ် သောက်လိုက်သည်။
အယ်လီနာသည် ကျေးလက်တောရွာကလေးမှာ သူမ၏ ဖခင်အိုနှင့် အတူတကွနေထိုင်ခဲ့စဉ်
ကာလများဆီသို့ ဖျတ်ခနဲ သတိရမိသွားသည်။ ဒီလို နံနက်ခင်း လေးတွေမှာပေါ့။
ရေနွေးကိုပွက်ပွက်ဆူအောင်တည်၊ ကော်ဖီမှုန့်၊ နွားနို့၊ သကြားတို့ အချိုးကျကျ
ကိုယ်တိုင်ကိုယ်ကျရောစပ်ဖျော်ထားသည့် ကော်ဖီရည်တွေကို မတ်ခွက်ကြီးနှင့်
အပြည့် အားပါးတရ မော့သောက်နေကျ။ ဒါဟာ အရသာအရှိဆုံးပေါ့။ ပြီးတော့
သိပ်ပြီးတော့လည်း လွယ်ကူတာပဲ၊ ဒီလောက်လွယ်ကူတဲ့ ကော်ဖီတစ်ခွက်ကိုများ
စက်ကိရိယာ အကူအညီယူပြီး ဖျော်နေရသတဲ့။ တကယ်တော့ ဒါဟာ ပိုပြီး ခက်ခဲ
ကြီးကျယ်သွားတာပါလို့ အယ်လီနာထင်မြင်မိသည်။ လူတွေ အင်မတန် အထင်တကြီး
ရှိလှတဲ့ ဒေါက်တာဇိုးဝါးရဲ့ အံ့ဘနန်းတီထွင် စွမ်းဆောင်မှုတွေဟာ သူမအတွက်တော့
ဟားတိုက်ရယ်မော စရာတွေပဲဖြစ်ရဲ့ ဟု အယ်လီနာက သတ်မှတ်ထား၏။ သို့သော်
အယ်လီနာတစ်ယောက် မရယ်မောနိုင်သည်မှာကြာပါပြီ။
လွယ်ကူပြီးသားအရာတွေကို သက်သက်မဲ့ခက်ခဲအောင် လျှောက်လုပ်နေတာ
အလကားအပိုအလုပ်တွေ...ဟု မကျေမနပ်ရေရွတ်ရင်း ပန်းကန်လုံးအတွင်းက ကော်ဖီများ
ကို အကုန်အစင် တစ်လက်စတည်း မော့သောက်ပစ်လိုက်သည်။
''တစ်ခုခုစားပါဦး လီနာ''
စားပွဲပေါ်၌ ပေါင်မုန့်၊ ဒိန်ခဲ၊ ကြက်ဥ၊ အာလူးနှင့် အတုံးလှလှတုံးထားသည့်
သစ်သီးစိတ်အချို့တို့သည် နံနက်ခင်းစာ အဆာပြေ နှင့် မလိုက်ဖက်စွာပိုလျှံနေ၏။
အားလူးသီးတွေကိုတော့ အယ်လီနာသိပ်ကိုကြိုက်ပါသည်။ သို့သော် အခုလို
ရေနွေးငွေ့ ခံကာ နူးမြည့်နေ အောင်ပေါင်းထားသည့် အာလူးပေါင်းစက်ထဲက
ထွက်လာသော ပျော့စိစိ ချိုအီအီအာလူးများ မဟုတ်ပါ။ မီးခဲကျဲကျဲမှာတင်၍
ဖုတ်ထား သည့် လတ်ဆတ်ပူနွေးသော သဘာဝအာလူးမီးဖုတ်များကို အခွံခွာ
ဆားနှင့်တို့ကာ တစ်လုံးပြီးတစ်လုံး ကိုက်စား ချင်လှ၏။
ယခုမူ အယ်လီနာ ဘာတစ်ခုမှ စားချင်စိတ်မရှိပါ။
ခေါင်းကိုတွင်တွင်ခါယမ်းရင်း သူမအခန်းသို့ပြန်ရန် ရုတ်တရက်ထလိုက်သည်။
''ဘာမှမစားဘဲ သွားတော့မလို့လား အချစ်လေး လီနာ..ပြီးတော့ ကိုယ့်ရဲ့ သတင်းကောင်းကိုလည်း မပြောရသေးဘူးလေ''
''ရှင်အခုပြောမယ့်သတင်းက ဘယ်နှမိနစ်တောင်ရှည်ကြာမှာမို့လို့လဲ၊
ကျွန်မခြေလှမ်းတွေ ဟောဒီအခန်းထဲကနေ အပြင်ဘက်မရောက်ခင် နားထောင်သွားလို့
အရသားပဲ ရှင် လိုက်ပြောပေါ့''
ပြောပြောဆိုဆို တံခါးဝဆီသို့သာ အယ်လီနာခြေလှမ်းပြင်သည်။
''ကိုယ့်ရဲ့သတင်းကောင်းဆိုပေမဲ့
တကယ်တော့ ဒါဟာ မင်းအတွက်လည်း သတင်းကောင်းလေးပါပဲ၊ မင်းဗိုက်ထဲမှာ
ကိုယ်တို့ရဲ့ရင်သွေးလေးရှိနေပြီ လီနာ''
အယ်လီနာ၏လှမ်းဆဲခြေလှမ်းများ တုံ့ခနဲရပ်တန့်သွားကာ ဒေါက်တာဇိုးဝါးထံ လှည့်မကြည့်ဘဲ ပြန်မေးလိုက်၏။
''ရှင် ဘာပြောလိုက်တယ်''
''မင်းရဲ့အခြေအနေကို ကွန်ပျူတာမှာ စစ်ဆေးကြည့်ရင်းနဲ့ မနေ့ညကမှသိရတာ over 2 months တဲ့''
သူ့ထံသို့ အယ်လီနာ ဒေါသတကြီးပုံစံဖြင့် ပြန်လှည့်လာကာ သူ့မျက်လုံးများကို ရင်ဆိုင်ကြည့်လိုက်သည်။
''ဘုရားရေ..ဒါအမှန်ပဲလား..''
''အမှန်ပဲပေါ့၊ ကိုယ့်ကွန်ပျူတာက အမှားနည်းတယ်ဆိုတာထက် မှားကိုမှားခဲပါတယ် လီနာရယ်''
''ရှင်အခုပြောတာ အမှန်ပဲဆိုရင်ဖြင့် ဒါဟာ ဝမ်းသာစရာကြီးပဲပေါ့နော်၊
ဒါပေမဲ့ ဒီလိုကိစ္စမျိုးဆိုတာ ကျွန်မကအရင်သိပြီး ကျွန်မကသာ
ရှင့်ကိုပြောပြရမယ့် ကိစ္စမျိုး မဟုတ်လား။ ဒီလို မဟုတ်ဘဲ
ပြောင်းပြန်ကြီးဖြစ်နေတဲ့အတွက် ကျွန်မ ဝမ်းနည်းပါ တယ်။ရှင့်ဘက်က
အရင်သိတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မရှင့်ကို နည်းနည်းလေးမှ
မကျေနပ်ဘူး သိလား၊ ဘယ်တော့မှ မကျေနပ်ဘူး''
အယ်လီနာသည် ပြောရင်းမတ်တပ်က မျက်နှာများ ထူပူနီမြန်းလာကာ လက်များကိုလည်း
အချင်းချင်းဆုပ်ချေနယ်လျက် ဒေါက်တာဇိုးဝါးထံ စူးစိုက်ကြည့်သည်။ သူမရင်ထဲ
ဘယ်ရွေ့ဘယ်မျှ စိတ်လှုပ်ရှားလျက်ရှိကြောင်း ဒေါက်တာဇိုးဝါးသိရှိ သွားကာ
စကားလေပြည်သွေးလိုက်သည်။
''ဘယ်သူပဲအရင်သိသိ ဒါဟာ
တကယ်တော့ အဓိကမကျပါဘူးအချစ်ရာ.. အဓိကယ က မင်းကျန်းမာရေးကို ဂရုစိုက်ဖို့။
ကိုယ်လည်း အလုပ်ဆက်လုပ်ရဦးမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယောက်ျားလေးလား
မိန်းကလေးလား အတိအကျသိဖို့၊ မွေးလာခဲ့ရင် ခြေလက်အင်္ဂါစုံ မစုံ၊ ဒီကလေး
သူများထက် ဥာဏ်ရည်သာမသာ၊ ကြီးလာရင် ကိုယ့်လို ပညာတတ်ဖြစ် မဖြစ်၊ ဒါတွေကို
ခန့်မှန်းခြေသဘောမျိုးမဟုတ်ဘဲ အသေးစိတ်သိရဖို့ ကိုယ်ကြိုးစားရဦးမယ်''
အယ်လီနာသည် ထိုစကားများကိုကြားလျှင် အကြီးအကျယ် စိတ်ပျက် သွားဟန်ဖြင့်
ဆံပင်များဖွာလန်ကြဲသွားသည်အထိ ခေါင်းကို တဆတ်ဆတ် ခါယမ်း ရင်းပြောလိုက်သည်။
''ကျွတ်..စိတ်ပျက်စရာကောင်းလိုက်တာ၊ ရှင် ဘယ်လောက်ကြိုးစားကြိုးစား
တကယ်တော့ ဒါဟာ ဘုရားသခင့် အလိုတော်အတိုင်းပဲဆိုတာ ရှင်မမေ့နဲ့''
ဒေါက်တာဇိုးဝါး၏မျက်လုံးများသည် မျှော်လင့်ခြင်းအရောင်များ ရွန်းလဲ့ တောက်ပလာကာ အားတက်သရောပြောလိုက်သည်။
''မဟုတ်သေးဘူး
လီနာ။ ဒါက ဒီလိုရှိတယ်။ ကိုယ်ရှင်းပြမယ်။ ဘုရား အလိုတော်အတိုင်းပဲဆိုပြီး
ကောင်းတာတွေရော ဆိုးတာတွေရော ကိုယ်တို့ မျက်စိမှတ် လက်သင့်ခံလို့
မဖြစ်သေးဘူး။ ဘာအဆိုးတွေ လာမလဲ ကြိုသိဖို့လိုတယ်။ ပြီးရင် ဒီအဆိုးကို
ဖယ်ရှားတန်ဖယ်ရှား၊ ချေဖျက်တန်ချေဖျက်ပစ်ရမယ်။ အကောင်းဆုံးတွေ
မရမချင်းပေါ့။ ကိုယ်တို့တတ်ကျွမ်းတဲ့ နည်းပညာတွေကိုအသုံးချရမယ့် တကယ့်
အခွင့်ကောင်းတစ်ရပ်ပဲ''
''ရှင် ရူးနေသလား။ ခုချိန်မှာ မမြင်ရသေးတဲ့ ကလေးတစ်ယောက်ရဲ့ အကောင်း အဆိုးကို ဘုရားသခင်ကလွဲပြီး ဘယ်သူမှ မသိနိုင်ဘူး''
''ကိုယ်တော့ သိနိုင်လိမ့်မယ် လီနာ။ သိအောင်လည်း မဖြစ်မနေ
လုပ်ရမယ်။ဒီကိစ္စကိုအမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရမယ်။ ဒါဆိုရင် ကိုယ်ဟာ
ကမ္ဘာမှာ ပြိုင်ဘက်ကင်းတဲ့ ပညာရှင်တစ်ဦးဖြစ်မှာ။ ပြီးရင် အခုအခြေအနေထက်
အဆပေါင်းများစွာ ကြွယ်ဝချမ်းသာပြီး အားလုံးက ရင်သပ်ရှုမောဖြစ်ရတဲ့အထိ ထင်ပေါ်
ကျော်ကြားမှု ကို ကိုယ်ခံစားရမယ်''
အယ်လီနာသည် ရှူးရှူးရှားရှားဖြစ်လာကာ ဒေါက်တာ ဇိုးဝါးထံသို့ လက်ညှိုးငေါက်ငေါက်ထိုးလျက်..
''ရှင့်ရဲ့ထင်ပေါ်လိုမှုအတွက်
အစမ်းသပ်ခံသားကောင်လို ကျွန်မတော့ အစတေး မခံနိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကဲ
ဒီနေ့ကစပြီး ကျွန်မအတွက် အစားအစာတွေကို အခန်းထဲပို့ပေးပါ။ ကျွန်မ
တစ်ယောက်တည်း နေချင်တယ်။ ဘာကိုမှ မမြင် မတွေ့လိုဘူး။ အထူးသဖြင့်
ရှင့်မျက်နှာ..''
အယ်လီနာသည် ဒေါသအမျက်
ချောင်းချောင်းထွက်လျက် ဒေါက်တာဇိုးဝါး ထံသို့ လက်ညှိုး ငေါက်ငေါက်ထိုးကာ
အော်ဟစ်ပြောဆိုလိုက်သည်။ ဒေါက်တာဇိုးဝါးက ရှူးရှူးရှဲရှဲဖြစ်နေသော
ဇနီးဖြစ်သူကို ပခုံးတစ်ချက်တွန့်ကာ အနီးကပ်စိုက်ကြည့်ပြီး
ခပ်ပြုံးပြုံးဟန်ဖြင့် ပြောလိုက်သည်။
''ကိုယ်ကတော့
မင်းမျက်နှာကို အမြဲလိုတွေ့ချင်သူပါ လီနာ၊ အချိန်ပြည့်
အလုပ်များတဲ့ကြားကတောင် မင်းကိုတွေ့ချင်လွန်းလို့ ရုပ်မြင်သံကြားဖမ်းစက်နဲ့
မင်းရှိရာအခန်းထဲကို အမြဲစောင့်ကြည့်နေမိတာ၊ အချစ်လေး သိသားနဲ့ကွာ''
''ရှင် အဲဒီနေရာမှာ လဲသေလိုက်''
xxxxx
အခန်း(၂)
အယ်လီနာသည် သူမအခန်းသို့ပြန်ရောက်သည်အထိ ဒေါသအရှိန် မပြယ် နိုင်သေး။
သူမ၏ခန္ဓာကိုယ် အပြောင်းအလဲဖြစ်စဉ် တစ်ခုကို သူမဘာသာ ရိပ်စား သိရှိခဲ့ဖို့
ကောင်းသည်ဟု တွေးကာ နောင်တရလျက်ရှိသည်။ ကလေးဟူသည်ကား လင်ရှိ မိန်းမ
တစ်ယေက်၏ အနာဂတ်ဘဝတစ်ခုလုံးကို အမြဲမြံဆုံး ချည်တုပ်ရစ်ပတ်လာမည့်
သံယောဇဉ်အမျှင်တန်း နှောင်ကြိုးကလေးတစ်ကြိုး ဖြစ်သည်ဟု ယုံကြည်သည့်အားလျော်
စွာ သည်ကလေး၏ ဘဝဖြစ်စဉ်အစကနဦးကို မိခင်လောင်းဖြစ်သူကသာ အရင်ဦးဆုံး
သိရှိသင့် သည်ဟု ယူဆထားသည်။ ယခုမူ ထိုသို့မဟုတ်ခဲ့ချေ။
အယ်လီနာသည် အလိုအလျောက်ပြန်ပိတ်သွားသည့် သူမ၏အခန်းတံခါးကို ခြေဖြင့်လှည့်ကာ
ကန်ထည့်ပစ်လိုက်သည်။ ထို့နောက် သူမကိုယ်ပေါ်ရှိ အဝတ်အစားများ အားလုံးကို
ဒေါသတကြီးဆွဲကာ ချွတ်ပစ်လိုက်ပြီး ဝတ်လစ်စားလစ် ကိုယ်ခန္ဓာဖြင့်
မှန်ရှေ့တွင် အတန်ကြာရပ်နေမိသည်။ ပြားချပ်နေသော သူမ၏ဝမ်းဗိုက်ကို
မယုံနိုင်စွာ ငုံ့ကြည့်ရင်း 'ဟုတ်ရဲ့လား၊ ဟုတ်ပါ့မလား'
ဟုအခါခါတွေးနေမိပြန်သည်။ အခြား ကိုယ်ဝန်ဆောင်မိန်းမများကဲ့သို့ မူးဝေ
အော့အန် စသည်ဖြင့် သြမညငညျါငခု ရဲ့လက္ခဏာတွေ ဘာလို့
သိသိသာသာမခံစားခဲ့ရသလဲ...ငါဟာ ပေါ့ဆဆနေနိုင်တဲ့ မိန်းမဖြစ်နေပြီလားတွေးလျက်
စိတ်အစဉ်သည် ယောက်ယက်ခတ်ကာ နေတော့သည်။ စိတ်လက်ပေါ့ပါးသွားရန်အလို့ငှာ
ရေကို တစ်ဝကြီးစိမ်ချိုးပစ်လိုက်သည်။
သည့်နောက်
ဘာလုပ်ရရင်ကောင်းမလဲစဉ်းစားနေခိုက် နံရံကပ် ရုပ်မြင်သံကြား စက်တွင်
ဒေါက်တာဇိုးဝါး၏မျက်နှာက ဖန်သားပြင် အပြည့်ပေါ်လာသည်။ မမြင်မတွေ့လို၍
မျက်လုံးများကို လွှဲဖယ်နေလိုက်သော်လည်း အသံကိုမူ အတိုင်းသားကြား
နေရပြန်သည်။
''လီနာရေ
ကိုယ့်ရဲ့မေ့လျော့နေတဲ့မှတ်ဥာဏ်တွေကို ကွန်ပျူတာက ပြန်ဖော်ပေးခဲ့တာ
ကျေးဇူးတင်စရာကောင်းလိုက်တာကွာ။ ဒီနေ့ ကိုယ်တို့နှစ်ယောက်ရဲ့
မင်္ဂလာနှစ်ပတ်လည်နေ့ပဲကွ။ ဒီနေ့မှာ သတင်းကောင်း တစ်ခုကိုလည်း မမျှော်လင့်ဘဲ
သိရတယ်။ ကိုယ်တော့ သိပ်ပျော်တာပဲလီနာ။ အဲဒါ မင်းအတွက် လက်ဆောင်တစ်ခု
စီစဉ်နေပြီ။ အခုမှ ဗြုန်းစားဒိုင်းစား ကြီးလုပ်ရတာဆိုတော့ တစ်ရက်တော့
နောက်ကျ မယ်ဟေ့။ ဒီအတွက် ကိုယ့်ကိုခွင့်လွှတ်တော့။ မနက်ဖြန်မှာ
မင်းအတွက်နံနက်စာနဲ့အတူ အထူးလက်ဆောင်တစ်ခု ပို့ပေးမယ်''
ရုပ်မြင်သံကြားစက်ရှိရာသို့ ခေါင်းအုံးဖြင့် ပစ်ပေါက်လိုက်ကာ အယ်လီနာ
ငိုကြွေးလိုက်မိသည်။ ရုပ်မြင်သံကြားစက်မှာ ဒေါက်တာဇိုးဝါး ၏
ရုပ်ပုံနှင့်အသံတို့က ထပ်တလဲလဲပေါ်ထွက်နေလိမ့်ဦးမည်။ သူမ၏ အခန်းတွင်းမှာ
၎င်းရုပ်မြင်သံကြားစက်ကို ပိတ်ပစ်ရန် သ် ခသညအမသူ တစ်စုံတစ်ရာမရှိပါ။
ခုတင်ပေါ် အလျားလိုက်မှောက်လှဲချ လိုက်ပြီး နားရွက်များကို
ခေါင်းအုံးများအတွင်းသို့တိုးဝင်ဖွက်ထားလိုက်သည်။
xxxx
အခန်း(၃)
အိပ်ဆေးအကူအညီဖြင့် အိပ်ပျော်သွားခဲ့သော အယ်လီနာသည် အခန်းအတွင်းသို့
နေရောင်ခြည်တချို့ဖြာကျနေသည်ကို မြင်လျှင်
ငါဒီလောက်တောင်အိပ်ပျော်သွားခဲ့သလား ဟု ဇဝေဇဝါတွေးရင်း
နောက်တစ်နေ့မိုးလင်းနေပြီဖြစ်ကြောင်းကို တအံ့တသြ လက်ခံလိုက်ရတော့၏။
''မင်္ဂလာနံနက်ခင်းပါ..ခင်ဗျားအတွက် နံနက်စာ စားပွဲပေါ်မှာ အသင့်ပါ''
ရုတ်တရက်ကြားလိုက်ရသောအသံကြောင့် အယ်လီနာသည် ဟိုဟိုသည်သည် ဝေ့ဝဲကြည့်လျက်
များစွာထိတ်လန့်သွား တော့၏။ အသံသည် ကြားနေကျအသံမျိုးမဟုတ်၊
ကြားနေကျနံရံများဆီက ထွက်ပေါ်လာခြင်းလည်း မဟုတ်ပါ။ သူမ၏ ခြေထောက်
များတွဲလောင်းချထားရာကြမ်းပြင်တစ်နေရာက ထွက်ပေါ်လာနေခြင်းပင်။
တစ်ကိုယ်လုံး အမွေးအမှင်များလှပစွာ ဖြာကျနေသည့် အဖြူရောင်ခွေးပုလေး
တစ်ကောင်သည် သူမ၏ခြေဖျားများကို မထိတစ်ချက် ထိတစ်ချက်ဖြင့် တို့ကာထိကာ
ပွတ်သပ်ကစားလျက်ရှိကြောင်း တွေ့ရ၏။
အလို ဘုရားသခင် စောစောက ပီပီသသ လူစကားသံဟာ ဒီခွေးလေးဆီက များလား။ ဇဝေဇဝါဖြစ်နေခိုက်...
''ခင်ဗျားအတွက် နံနက်စာ စားပွဲပေါ်မှာအသင့်ပါ...ခင်ဗျား အတွက်နံနက်စာ စားပွဲပေါ်မှာအသင့်ပါ...''
ခွေးစုတ်ဖွားသည် သူမအနီးလှည့်ပတ်ကာ အဆက်မပြတ်အော်နေတော့၏။ အယ်လီနာသည်
ထိုအသံကိုကြားလျှင် ထခုန်မိ မတတ် လန့်ဖျပ်သွားတော့၏။ ဘုရားသခင်..
ကယ်မတော်မူပါ။ ဘာတွေဖြစ်ကုန်ပြီလဲ။ ခွေးက လူသံဖြင့် စကားဆိုနေလေ ပြီ။
ခုတင်ပေါ် မှဆင်းကာ ခွေးလေးအနီးသို့ တိုးကပ်လျက် အကဲခတ် လိုက်စဉ်
ဒေါက်တာဇိုးဝါး၏ရုပ်ပုံက ပေါ်လာပြန်လေသည်။
''မင်း
ဘယ်အချိန်နိုးပါ့မလဲ စောင့်ကြည့်နေရတာကြာပေါ့ လီနာ၊ အချစ်လေး
ဒီလောက်တောင်အိပ်မောကျနေတာ သွေးရိုးသားရိုးမှ ဟုတ်ပါလေစ၊ ကိုင်း အဲဒါဟာ
မနေ့ကပဲ ကိုယ် ကမန်းကတန်းစီစဉ်ပေးလိုက်တဲ့ ကိုယ့်ရဲ့လက်ဆောင်ပဲဟေ့''
တဟေ့ဟေ့ဖြင့်ပြောလေ့ရှိသော ဒေါက်တာဇိုးဝါး၏စကားသံကို အယ်လီနာ အော့နှလုံးနာအောင်မုန်းတီးလှသည်။
''ဟင်
ဒါ ဒါဖြင့် ဒါဟာ ခွေးစက်ရုပ်ပေါ့...အို မလိုချင်ဘူး။ ရှင့်ခွေးကို ရှင်
အခုချက်ချင်းပြန်လာယူ...မယူရင် ဒီပြတင်းပေါက်ကနေ ကျွန်မ ပစ်ချလိုက်မှာ၊
ရှင် မယုံစောင့်ကြည့်''
အယ်လီနာ၏စိတ်ဆိုးမာန်ဆိုးဖြစ်နေသောပုံစံကို သဘော အကျကြီးကျကာ ဒေါက်တာဇိုးဝါးက တဟားဟား ရယ်နေပြန်သည်။
''အား..နောက်ထပ်နှစ်ကောင်
ထပ်လိုချင်တာသေချာရင် အဲဒီတစ်ကောင်ကို ပစ်ချလိုက်ပေါ့လီနာ၊ ကိုယ့်ဆီမှာ
အများကြီးပဲ ထပ်ပို့ပေးဖို့လည်း အပန်းမကြီးဘူးဟေ့''
ဒေါက်တာဇိုးဝါး၏အသံကား အယ်လီနာ့နားထဲတွင် ငှက်ဆိုးထိုးသံ တစ်ခု ကဲ့သို့ပင် ရှိနေတော့၏။ အယ်လီနာသည် တုန်ရီသောအသံဖြင့်...
''ရှင် ဒီလိုအမြဲခြိမ်းခြောက်ပြီးမှ ကျွန်မကို အကျပ်အတည်းဖြစ်အောင် မလုပ်သင့်ဘူး''
''ဒါတော့
အကြီးအကျယ်မှားနေပြီလီနာ၊ ကိုယ် ဒီလို မရည်ရွယ်ပါဘူး။ ကိုယ်က
မင်းပျင်းနေမှာစိုးလို့ပါ။ ဒီရက်တွေမှာ ကိုယ်စမ်းသပ်မှုတစ်ခု လုပ်စရာရှိတယ်။
မင်းကိုအဖော်ပြုနိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့်ဒီလို စီစဉ်ပေးတာပါ။ လူစကား
ပြောတတ်တဲ့ ခွေးတစ်ကောင်နဲ့ နေရရင် အပျင်းပြေပြီး မင်း
တကယ့်ကိုပျော်ရွှင်လာမှာပါ''
အယ်လီနာသည်
သူမ၏ခုတင်ပေါ်တက်လိုက် ဆင်းလိုက်ဖြင့် ဆော့ကစားလျက် ဗျာများနေဟန်ရှိသော
ခွေးစက်ရုပ်ကို မျက်စောင်းပြင်းပြင်းတစ်ချက် ထိုးထည့်လိုက်သည်။
''ဝေးပါသေးရဲ့ရှင်။
ခွေးတိရစ္ဆာန်ဆိုတာ ဘယ်လောက်ပဲ ချစ်စရာ ကောင်းကောင်း သဘာဝကိုဆန့်ကျင်ပြီး
လူလိုစကား ပြောတတ်ဖို့အထိတော့ မလိုပါဘူး။ သခင့်အကြိုက်ကို
သိတတ်ဖို့ပဲလိုတာ''
''ဟုတ်ပြီလေ။ သူ့ကို
မင်းအကြိုက်တွေအားလုံးသိအောင် ကိုယ်သင်ထားပြီးပြီ။ သူ့ကိုယ်ထဲမှာ I-10000
မှတ်ဥာဏ်ရှိတဲ့စီပီယူ ထည့်သွင်းပေးထားတယ်လေ''
အယ်လီနာသည် ဆံပင်များအတွင်းသို့ လက်နှစ်ဖက်စလုံး စုံထည့်ကာ တဗျင်းဗျင်းကုတ်ဖွလိုက်ရင်း ဒေါက်တာဇိုးဝါးကို ထေ့ငေါ့လိုက်၏။
''တော်ပါပေတယ်ရှင် သိပ်ကိုတော်ပါတယ်။ ရှင့်ရဲ့အတတ်ပညာကတော့
တကယ့်ကိုကြောက်ခမန်းလိလိပါပဲ။ ဒါပေမဲ့ ကျွန်မ ကတော့ နည်းနည်းကလေးမှ
စိတ်မဝင်စားဘူး။ တိရစ္ဆာန်တစ်ကောင်နဲ့လည်း အားအား ယားယား
မိတ်ဖွဲ့မနေနိုင်ဘူး။ ရှင် ပြန်လာယူ။ ပြန်လာယူ ပြန်လာယူ အခုပြန်လာယူ''
အယ်လီနာသည် ဒေါက်တာဇိုးဝါး၏ရုပ်ပုံကို ကျောခိုင်းလိုက်ကာ ခွေးစက်ရုပ် ကို
ပြန်လာယူရန်သာ ဇွတ်အတင်းအော်ဟစ် နေတော့၏။ မောသလောက်ရှိ၍
အယ်လီနာငြိမ်သက်သွားခိုက် ဒေါက်တာဇိုးဝါး၏ အသံက ခပ်ကျယ်ကျယ် ပေါ်ထွက်
လာပြန်သည်။
''ပေးကတည်းက ပြန်ယူဖို့စိတ်ကူးလုံးဝမရှိဘူး လီနာ၊ ကိုယ်တော့ နေုာက်တစ်မျိုးတောင် စီစဉ်ပြီးသွားပြီ သိလားဟေ့''
အယ်လီနာသည် စိတ်ပျက်လက်လျှော့သွားကာ ဒေါက်တာ ဇိုးဝါးကို
နောက်ထပ်ခွန်းကြီးခွန်းငယ် တုံ့ပြန်ခြင်းမရှိတော့ပါချေ။ ဒီလူ့ခွစာကြီးကို
ငါဘာမှ မပြောတော့ဘူး။ မပြောဘူး။ သေချင်တယ်။ သေချင်တယ်။ အိပ်တာဟာ
သေခြင်းတစ်မျိုးပဲ၊ ဒီတော့ ငါအိပ်ပစ်မယ်။
''ငါတော့ အိပ်နေတာပဲကောင်းမယ်''ဟု တဖွဖွရေရွတ် ပြောဆိုလျက် အယ်လီနာသည် စောင်ခေါင်းမြီးခြုံ၍အိပ်နေလိုက်သည်။
''အခုပဲနိုးတယ်၊ ပြန်အိပ်မလို့လားလီနာ။ နံနက်စာ စားရဦးမယ် မဟုတ်လား''
ဒေါက်တာဇိုးဝါးအသံနှင့်ခပ်ဆင်ဆင်တူနေသော အသံတစ်ခုက ခွေးစက်ရုပ် ပါးစပ်မှ ထွက်ပေါ်လာပြန်သည်။
အမလေးဟဲ့။ ရာရာစစ ငါ့ကိုများ လီနာတဲ့။ သူကပဲ ဒီလိုခေါ် ဒီလို သတိပေး စကားဆိုရတယ်ရှိသေး။
''ငါ့ဟာငါ စားစား မစားစား နင်နဲ့ ဘာများဆိုင်လို့လဲဟဲ့ ''ဟုငေါက် ငမ်းလိုက်သည့်အခါ ခွေးစက်ရုပ်သည် ''ဝမ်းနည်းပါတယ်'' ဟု ခပ်တိုးတိုးဆိုလျက် အယ်လီနာ့ ခုတင်ခြေရင်းတွင် ခွေခွေကလေး ငြိမ်ကာ အိပ်နေတော့၏။
အယ်လီနာသည် မလှုပ်မယှက်ငြိမ်အိပ်သွားသည့်ခွေးစက်ရုပ်ကိုကိုင်ကာ
တစ်ကိုယ်လုံး အမွေးအမှင်များဖြဲရှာသော်လည်း မည်သည့် စက်ခလုတ်မျှ
ရှာမတွေ့ပါချေ။
ထိုအခိုက် ဝမ်းထဲက
ကြုတ်ကြုတ်မြည်အောင်ဆာလောင်လာသဖြင့် စောစောက မျက်နှာလွှဲ ထားခဲ့သော
စားပွဲပေါ်က အစား အစာများကို အားပါးတရ ထိုင်စား ပစ်လိုက်လေသည်။ ပြီးလျှင်
အယ်လီနာ ရေးချိုးခန်းအတွင်းသို့ ဝင်ခဲ့၏။ ရေချိုးကန်ကို ကျောမှီ ကာ အတန်ကြာ
ခြေဆင်းထိုင်နေမိသေးသည်။ ထို့နောက် နောက်ကျိရှုပ်ထွေးနေသမျှစိတ်တို့
လွင့်စင်ပပျောက်သွားသည်အထိ ရေးနွေးကန် ထဲမှာ ခပ်ကြာကြာ
စိမ်ပြီးနေလိုက်ပြန်သည်။
ရေချိုးခန်းကထွက်လာလျှင်
အပေါက်ဝတွင်ရပ်စောင့်နေသော ခွေးစက်ရုပ်ကို တွေ့လိုက်ရ၏။ ခွေးစက်ရုပ်သည်
အယ်လီနာ့ ခြေထောက်များအနီးမှ ခပ်ခွာခွာလိုက်လာ နေသည်။
''နေ့လယ်စာနှင့်အတူ နှင်းဆီပန်းပင်လက်ဆောင် ရောက်နေကြောင်းပါ''ဟု
မဝံ့တဝံ့လေသံဖြင့်ဆိုသည်။ သူမ မနှစ်မြို့မှန်း သိသဖြင့် လီနာဟု
နာမည်ကိုမခေါ်တော့ပါ။ အယ်လီနာကတော့ နေ့လယ်စာထက် နှင်းဆီပန်းပင်ကို
ပို၍စိတ်ဝင်စားမိသည်။ အမှန်ဆို သူမက မိန်းမပီပီ ပန်းပင်လေးများကို အင်မတန်
နှစ်သက်မြတ်နိုးသည် မဟုတ်ပါလား။
ကျေးလက်က အဖေ့ခြံထဲမှာ
နှင်းဆီပန်းပင်တွေအများအပြား ရှိခဲ့ဖူးသည်ပဲ။ အခု သူမအခန်းထဲ
အလှဆုံးနှင်းဆီပန်းပင်လေး တစ်ပင် ရောက်ရှိနေလေပြီ။ နှင်းဆီပန်း
ပင်ကလေးကြောင့် စိတ်ပျက်ဖွယ်အတိရှိသော သူမအခန်းသည်
ရုတ်ခြည်းပင်နေချင့်စဖွယ် ကောင်းသွားပြီး ကဗျာဆန်ဆန်လွမ်းမောဖွယ်ရာလည်း
ကောင်းနေပြန်တော့သည်။
''ကြည့်စမ်းပါဦး ဘယ်လောက်တောင်များ စိတ်ကူးယဉ်စရာ ကောင်းထားတဲ့ အခန်းလေးလဲနော်''
အယ်လီနာသည် တိတ်တခိုးတွေးလျက် နှင်းဆီပန်းပင်လေးကို ရွှန်းရွှန်း
စားစားကြည့်လျက် အခန်းထဲတွင်လှည့်ကာ ပတ်ကာဖြင့် အမှန်ပင် ပျော်ရွှင်
ခုန်ပေါက် နေမိတော့၏။
နှင်းဆီပန်းပင်လေးထားရန်နေရာကို
အခန်းတွင်း မျက်စိကစားကာ ရှာဖွေ လိုက်သည်။ နေရောင်ခပ်နွေးနွေးကျလေ့ရှိသည့်
အခန်းထောင့်သို့ ရွှေ့ပေးရမည်။ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်
ရေလောင်းပြုစုပေးခြင်းဖြင့် အယ်လီနာ့စိတ်နှလုံး အစုံ သည်လည်း
နှင်းဆီပန်းပင်လေး၏ကြီးထွားနှုန်းနှင့်ထပ်တူ တစ်နေ့ထက်တစ်နေ့ ရှင်သန်
လတ်ဆတ်လာပေလိမ့်မည်။ သည်လိုတော့လည်း ဒေါက်တာဇိုးဝါးက မဆိုးရှာပါဘူး ဟု
သူမ၏ခင်ပွန်းဖြစ်သူကို အမှတ်တစ်မှတ် ပေးမိလိုက်သည်။
နှင်းဆီဖူးကလေးများ ဝေဆာလျက် သင်းပျံ့ပျံ့ရနံ့လေးများပင် ရနေပြီဖြစ်သော
အပင်ငယ်လေးကို အရင်ဆုံး ရေလောင်း ပေးရမည်။ အတွေးဖြင့်ပျော်မြူးသွားသော
အယ်လီနာသည် ရေချိုးခန်းသို့အပြေးသွား၍ ရေတစ်ဖလား ခပ်ကာယူလာခဲ့၏။ နှင်းဆီပင်
လေးကို ညင်သာစွာ ရေလောင်းမည်အပြု အန္တရာယ်အချက်ပေးခေါင်းလောင်းသံ က
သူမအခန်းတွင်းဆူညံစွာ အော်မြည်လာလေ၏။
''မလုပ်နဲ့လီနာ။ အဲဒီလိုမလုပ်နဲ့ ရေလောင်းလိုက်ရင် အပင်သေသွားလိမ့်မယ်''
နံရံကြားက ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် အယ်လီနာ အံ့သြ ထိတ်လန့်ကာ ကြက်သေသေသွားသည်။
''ရှင် ဘာဖြစ်လို့လဲ။ ပန်းပင်ဆိုတာ ရေလိုတယ်လေ''
''မင်းပြောတာ
ဟုတ်ပါတယ် ကိုယ်မငြင်းပါဘူး။ ဒါပေမဲ့ ဒါက မင်းတွေ့ဖူးတဲ့
နှင်းဆီပင်မျိုးမဟုတ်ဘူး။ အပင်ရဲ့အောက်ခြေ မြေကြီးသဏ္ဌာန်သတ္တုထဲမှာ
ရေနဲ့တူတဲ့ ရေလိုစွမ်းအင်ရှိတဲ့ ဓာတ်ငွေ့တစ်မျိုးနဲ့ အပြီးအစီး
ထိန်းချုပ်ထားပြီးသား။ အဲဒီ သိပ္ပံဓာတ်ငွေ့ဟာ သဘာဝရေနဲ့တော့ ဘယ်လိုမှ သဟဇာတ
မဖြစ်ဘူး။ မင်းမပူနဲ့။ ရေလောင်းပေးနေစရာ မလိုဘဲ အပင်က သူ့ဘာသာသူကြီးထွား
လာလိမ့် မယ်''
အယ်လီနာသည်
ပါးစပ်ဟောင်းလောင်းဖြစ်သွားကာ လက်ထဲမှာ ကိုင်ထားသော ရေဖလားသည်လည်း
ကြမ်းပြင်ပေါ်သို့ လျှောခနဲ လွတ်ကျသွားတော့၏။
''အို ဘုရားသခင်..ဒါဖြင့် ဒါဟာနှင်းဆီတုပင်။ ဘုရားရေ...ရှင် လုပ်ချ လိုက်ပြန်ပြီပေါ့နော်''
အယ်လီနာသည် တကယ့်အစစ်နှင့်ခွဲခြားမရအောင်ပင် တူလွန်းလှသည့် နှင်းဆီပင်ကို နှမြောခြင်းကြီးစွာဖြင့်သာ ငေးကြည့်နေရတော့၏။
ဘာလုပ်မှာလဲ...ပန်းပင်ကလေးတစ်ပင်ကို မြင်တွေ့နေပါလျက်နဲ့ ရေမလောင်း
ရဘူးဆိုရင် ငါ သည်အဖြစ်မှာ ဘယ်လို ပျော်မွေ့နိုင်ပါတော့မလဲ....။
သဘာဝကိုအံတု၍ တီထွင်ဖန်တီးနိုင်စွမ်းသော ဒေါက်တာဇိုးဝါးကို စိစိညက်ညက် ချေပစ်ချင်လှသည်အထိ မုန်းတီးစက်ဆုပ်လာမိတော့၏။
ရေစိုကြမ်းပြင်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သော အယ်လီနာကို
သနားကြင်နာစွာကြည့်လျက် ဒေါက်တာဇိုးဝါးက နှစ်သိမ့်စကား လှမ်းကာဆိုပြန်သည်။
''ဒီလို
လွယ်လွယ်နဲ့ စိတ်မပျက်ပါနဲ့လီနာ၊ ရေမလောင်းရတာလေး တစ်ခုပါပဲ။
နှင်းဆီပန်းလေးတွေ ဖူးပွင့်လာတဲ့အခါ မင်းစိတ်တိုင်းကျ ဆွတ်ခူးနိုင်သားပဲ။
အပင်ကနေ နှင်းဆီတစ်ပွင့် မင်းဆွတ်လိုက်တာနဲ့ အဲသည်နေရာမှာ အဖူးကလေးတစ်ဖူး
နှစ်ဆယ့် လေးနာရီအတွင်း အသစ်ပေါ်လာလိမ့်မယ်။ မကြာခင် အဖူးကလေးကတစ်ဆင့်
ပွင့်အာ လာပြန်ဦးမယ်။ ကဲ ဘာလိုသေးလဲအချစ်ရယ်''
''အို လိုတယ်၊ လိုတယ်။ လိုသမှသိပ်လို။ အပင်ဆိုတာ ရေ၊ မြေ၊ လေနဲ့
နေရောင်ခြည်လိုတယ်။ ဒါသဘာဝပဲ။ ဒါတွေ ဘာမှမလိုဘူးဆိုရင် အဲဒီအပင်ဟာ
လူ့စိတ်ကို အကြီးအကျယ် လှည့်စားဖြားယောင်းလိုက်တာပဲ။ သဘာဝကပေးတဲ့
အစွမ်းသတ္တိတွေကို ရက်ရက်စက်စက်အံတုပြီး စိန်ခေါ်လိုက်တာပဲ။ ရှင်မို့ လို့
လုပ်ရက်တယ်ရှင်။ ဒါပေမဲ့ ရှင်သိထားဖို့က အတုဟာ အတုပါပဲ။ အစစ်ကိုတော့
ဘယ်တော့မှ မီလိမ့်မယ်မထင်နဲ့''
''မီလွန်းလို့မှ
ဟိုဘက်တောင်ကျော်သွားသေးတယ်လီနာ၊ မင်းပဲ သေချာ နှိုင်းယှဉ်ကြည့်။ ဘာမှ
တကူးတက ဂရုစိုက်နေစရာ မလိုဘူး။ ပန်းပွင့်တယ်၊ ရနံ့မွှေးတယ်၊
အလိုအလျောက်ရှင်သန်ကြီးထွားမယ်၊ မင်းတစ်ရပ်လောက်အရွယ်မှာ
အရွက်တွေညှိုးကျပြီး အပင်သေ ဆုံးမယ်။ ဒါပေမဲ့ သူ့သက်တမ်းက
ဒီလောက်နဲ့ကုန်မသွားဘူး။ အဲဒီနေရာမှာ နှစ်ဆယ့်လေးနာရီအတွင်း အပင်ပေါက်လေး
တစ်ပင် အသစ် ထပ်ပေါက်လာမယ်။ ဒီလိုပဲ တစ်စ တစ်စကြီးထွားလာလိမ့်ဦးမယ်။
ကိုင်း ဘာလိုသေးလို့လဲ။ နောက် နှင်းဆီအပွင့် ခပ်များများ လိုချင်ရင်
လိုချင်သလောက် စွမ်းရည်ကို မြှင့်တင် ထပ်ထည့်ပေးလို့ရတယ်
ကိုယ်လုပ်ပေးနိုင်သေးတယ်။ ကိုင်း..ဒါဟာ တကယ့်အစစ်ထက်
ပိုကောင်းတဲ့အားသာချက်တွေပေါ့။ ဒါအမှန်ပဲ။ မင်းကသာ ငြင်းဆန်နေ။ ဒီမနက်
ဒါမျိုးအပင် (၁ဝ)ပင်တောင်မှ ဝယ်ယူသွားကြပြီ''
''ရှင့်လို အရူးချီးပန်းတွေပဲ ဝယ်တော့မပေါ့။ ကျွန်မကတော့ အတုဆို ဘာကိုမှ
မလိုချင်ဘူး။ ရှင့်ပစ္စည်းတွေ အကုန်လာပြန် ယူလှည့်''
အော်ဟစ်တောင်းဆိုနေသော အယ်လီနာ့ကိုကြည့်ပြီး ဒေါက်တာဇိုးဝါးနှုတ်ဆိတ်
ကွယ်ပျောက်သွား၏။ အယ်လီနာ၏ ဝမ်းပန်းတနည်းငိုရှိုက်သံတစ်ခုသာ အခန်းတွင်းမှာ
လွင့်ပျံ့နေလေသည်။
အတန်ကြာအောင် ရှိုက်၍ရှိုက်၍ငိုကြွေးမိ၏။
''ငါဒီလိုပဲ
ငိုနေလို့မဖြစ်ချေဘူး၊ လုပ်စရာတွေရှိသေးရဲ့။ သေလုအောင် ခံစားနေရပေမဲ့
ခုချိန်သေလို့ မဖြစ်သေးဘူး။ ဒီလူသားလေးအတွက် အသက် ဆက်ရှင်ဖို့ လိုတယ်။
ငါကျန်းမာဖို့က ခုနေခါ အဓိကအချက်ပဲ''ဟုတွေးကာ အယ်လီနာသည်
ပါးပြင်ထက် ရွှဲစိုလျက်ရှိသေးသော မျက်ရည်စက်များကို လက်ခုံဖြင့်
ခပ်ကြမ်းကြမ်း ပွတ်တိုက်ဖယ်ရှားပစ်လိုက်၏။ ထို့နောက် စာကြည့်ခန်းသို့
သွားကာ 'ကိုယ်ဝန်ဆောင် ကာလမိခင်ဘဝ' 'ရင်သွေးငယ်ပြုစုနည်း'
'မိခင်လောင်းနှင့်သန္ဇေသား ဆက်စပ်မှု' အစရှိသဖြင့် စာအုပ်များနှင့်
စီဒီချပ်များကို ရှာဖွေ ကြည့်ရှု လေ့လာတော့သည်။
xxxxx
အခန်း(၄)
အယ်လီနာသည် ထိုနေ့မှစ၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာစသဖြင့် အခန်းတွင်း
အဆက်မပြတ် ရောက်လာသမျှ အစားအစာ များကို မှန်မှန်စားသည့်အပြင် စားချင်သော
အခြား အစာများကိုလည်း တစ်ခုပြီးတစ်ခုမှာယူ စားသောက်လေ၏။ ကျန်းမာရေး အထူး
ကောင်းမွန်စေရန် လိုအပ်သမျှအားဆေးများကိုလည်း မှန်မှန်မှီဝဲလေ၏။ ညစဉ်
အချိန်မှန်မှန်အိပ်ပျော်စေရန်လည်း ကြိုးစား၏။ မမြင်ရသေးသည့် လူကလေး
တစ်ယောက် အကြောင်းကို အချိန်ပြည့်ခေါင်းထဲထည့်ထား လိုက်သည့်အခါ အယ်လီနာသည်
ခွေး စက်ရုပ်ကိုလည်းကောင်း၊ နှင်းဆီပန်းပင်ကို သော်လည်းကောင်း ခင်ပွန်းသည်
ဒေါက်တာဇိုးဝါးကို သော်လည်းကောင်း အမှန်ပင် မေ့ လျော့ သွားခဲ့၏။
ခွေးစက်ရုပ်သည်လည်း သူ့ကိုအလိုမရှိမှန်း သူ့သခင်မ၏ သဘောထားအမှန်ကို
သိရှိသွားပြီးနောက် စကားတစ်လုံးမျှပင် မဆိုရှာတော့ဘဲ အလိုက်တသိဖြင့်
အချိန်ပြည့် ငြိမ်ကုပ်လျက် အိပ်၍ချည်းသာ နေလေတော့သည်။
သည်လိုနှင့် အယ်လီနာ့ဝမ်းတွင်း၌ လူသားကလေးတစ်ဦးခိုတွယ်နေသည်မှာ
အချိန်အားဖြင့် (၄)လတိုင်တိုင်ရှိနေခဲ့ပေပြီ။ တစ်နေ့တွင် ဒေါက်တာဇိုးဝါးက
အရေးကြီး၍ သူ့ဆီသို့ လာခဲ့ပါရန် ဖိတ်ခေါ်လေ၏။ ဒေါက်တာဇိုးဝါးထံမှ
အစားအသောက်များ လာပို့ခြင်း မှတစ်ပါး အခြားဘာဆိုဘာမှ လက်သင့်မခံခဲ့သော
အယ်လီနာသည် ထို ဖိတ်ခေါ်မှုကို ထုံးစံအတိုင်းပင် ခါးခါးသီးသီး ငြင်းလွှတ်လိုက်
ပြန်သည်။
တကယ်တော့ အယ်လီနာ ဖြစ်လိုသည်က ဒေါက်တာဇိုးဝါး
အနေနှင့် ကွန်ပျူတာများနှင့် အလုပ်ရှုပ်မြဲရှုပ်နေမည့်အစား ခုချိန်မှာ
သူမနံဘေးမှာသာ ရှိနေ သင့်သည်ဟု ယူဆသည်။ သူမဝမ်းဗိုက်ထဲက ရင်သွေးသည်
အထီးလား၊ အမ လား ကွန်ပျူတာမှာ တကုပ်ကုပ် အဖြေရှာနေခြင်းမျိုးထက်
သူမ၏ဝမ်းဗိုက်ကို ယုယစွာ တို့ထိလျက် သားသားလား၊ မီးမီးလား မှန်းဆကာ
သူမနှင့်အတူပြုံးပျော်ကြည်နူးကာ နေစေ့ချင်လှသည်။
လူသာမန်ဇနီးမောင်နှံများကဲ့သို့ နှစ်ယောက်သား ဝိုင်းဝန်း အဖြေရှာ
တွက်ချက်ရင်း လူသားဆန်ဆန် စိတ်လှုပ်ရှားရင်ခုန်နေစေ့ချင်သည်။ ယခုမူ ဒေါက်တာ
ဇိုးဝါးသည် အယ်လီနာမျှော်လင့်သလို အနားမှာရှိမနေပါ။ သည်အဖြစ်ကို အယ်လီနာ
မည်သို့မျှ မနှစ်မြို့နိုင်ပါချေ။သည်နေ့တော့ ဒေါကတာဇိုးဝါးဖိတ်ခေါ်ရာသို့ မသွားမဖြစ် အရောက်သွားရန် သာ အယ်လီနာဆုံးဖြတ်ရတော့သည်။ အကြောင်းမှာ သူမ၏ဝမ်းဗိုက်ထဲက သန္ဓေသားနှင့်ပတ်သက်၍ အရေးတကြီးတိုင်ပင်ဆွေးနွေးစရာရှိသည်ဆို ၍ပဲဖြစ်သည်။
xxxxx
အခန်း(၅)
အယ်လီနာသည် ဒေါက်တာဇိုးဝါးညွှန်ပြသည့် ကွန်ပျူတာ မျက်နှာပြင်ကို စူးစိုက်ကြည့်နေရင်းက အံ့သြထိတ်လန့်မှုကို ဖုံးကွယ် ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါချေ။ မျက်နှာတစ်ပြင်လုံးသည် သွေးဆုတ် ဖြူရော်လာလျက်ရှိ၏။ ဒေါက်တာဇိုးဝါးသည် သူ့ရှေ့ရှိ ကွန်ပျူတာနှင့်တကွ အခြားသောစက်ကိရိယာပစ္စည်းများကို ပါးနပ်ကျွမ်းကျင်စွာ ကိုင်တွယ်ရင်း အယ်လီနာ့ကို တစ်ဆင့်ပြီးတစ်ဆင့် ရှင်းလင်းပြသနေလေသည်။
''ကလေးဟာ ယောက်ျားလေးအသေအချာပဲကွ၊ ကိုယ်တို့ ကံကောင်းတယ်.. အဲ..ဒါပေမဲ့....''
သူ့စကားက ကျေနပ်စရာအကြောင်းမရှိ။ မိန်းကလေးဖြစ်ခဲ့လျှင်တော့ ကံမကောင်း ဆိုသည့်သဘော သက်ရောက်နေ၍ဖြစ်၏။ သို့သော် အယ်လီနာသည် တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိဘဲ အံကိုကြိတ်လျက် ဘာသိဘာသာပင် နေမိလေ၏။
''ဒါက ကလေးရဲ့ကြီးထွားရှင်သန်ပုံအဆင့်ဆင့်။ သေချာကြည့်။ တစ်လ၊ နှစ်လ၊ သုံးလ၊ လေးလ ဘာမှ ပြဿနာမရှိဘူး။ အဲဒီနောက်ပိုင်းမှာတော့ အနေအထားဟာ ချို့ယွင်းလာပြီ။ ပုံစံမမှန်တော့ဘူး။ ဒီအတွက် မင်း ခက်ခဲပင်ပန်းစွာ မွေးဖွားရမယ်။ ထားလိုက် ဒါက လွယ်ကူချောမွေ့ အောင် ကိုယ်လုပ်ပေးလို့ဖြစ်တယ်။အရေးမကြီးဘူး။ အရေးကြီးတာက...
ဦးနှောက်ပိုင်း အနေအထားတွေ။ ဆိုးဆိုးဝါးဝါးကိုပျက်စီးနေတော့တာပဲ။ ချဲ့ပြမယ်။ ဒီမှာတွေ့လား။ အစက်အပြောက်တွေ ဆန်ကာပေါက်တွေလို မွစာကျဲ နေတာလေ။ မင်းနားလည်အောင်ပြောရရင် ဦးနှောက်ဟာ မူမမှန်ဘူး၊ မပြည့်ဘူးပေါ့။ကလေးဟာ အင်္ဂါတော့စုံပါရဲ့။ မွေးဖွားပြီးနောက် ခြေထောက်ပိုင်း အကြောတွေဟာ အနှေးနဲ့အမြန် ဆိုင်းလာလိမ့်မယ်၊ လမ်းလျှောက်နိုင်ဖို့လည်း မျှော်လင့်ချက် မရှိဘူး ဆိုပါတော့ လီနာရယ်''
အယ်လီနာသည် မယုံနိုင်သည့်အလား မျက်စိစုံမှိတ်ထားလျက်က ခေါင်းကိုသာ တွင်တွင်ခါယမ်းနေတော့၏။ ဒေါက်တာဇိုးဝါးက အယလီနာ၏ပခုံးကို ညင်သာစွာ ကိုင်တွယ်ဖေးမရင်း သူ့စကားကို ရှေ့သို့ ဆက်ပြန်သည်။
''လီနာ ကိုယ်သိပ်မျှော်လင့်ထားတာ၊ လူကလေးတစ်ယောက် ရဖို့၊ ပြီး ကိုယ့်လို ပညာရှင်ကြီးတစ်ယောက်ဖြစ်အောင် ငယ်စဉ်ကတည်းက စပြီး ပြုစုပျိုးထောင် ပေးဖို့၊ ကိုယ်မသေခင် ကိုယ်တတ်ကျွမ်းသမျှပညာတွေ မီးကုန်ယမ်းကုန် အမွေပေးခဲ့ဖို့၊ ခုတော့.....ကွာ......အခြားပြဿနာတွေက ဖြေရှင်းပေးလို့ရပေမဲ့ ဦးနှောက်ပိုင်းနဲ့ စပ်ဆိုင်နေတာ ကိုတော့ ကိုယ်မလုပ်နိုင်သေးဘူး။ စိတ်မကောင်းစရာပဲ အချစ်ရယ်...ကိုယ်အား အထား ရဆုံး ဥာဏ်ရည်ကိစ္စမှာ သူများနဲ့တန်းတူ မလိုက်နိုင်တဲ့အခြေအနေ၊ မူကြိုကလေးရဲ့ ဦးနှောက်မျိုးနဲ့ လူကြီးလုပ်နေရမယ့်ဘဝ၊ …..မဖြစ်ချေဘူး လီနာ..ကိုယ် စိတ်လျှော့လိုက်ပြီ။ ကိုယ်တို့မှာ ရွေးချယ်ဖို့ရာ အခြားနည်းလမ်းမရှိတော့ဘူး။ အကောင်းဆုံးက ဒါကို အမြန်ဆုံး ဖျက်ဆီးပစ်လိုက်ဖို့ပဲ..''
''ဘာ ..ရှင် ဘာပြောလိုက်တယ်''
အယ်လီနာသည် ကျယ်လောင်စွာအော်လျက် ဒရီးဒယိုင်ဖြင့် ထရပ်လိုက်သည်။
''မဖြစ်နိုင်ဘူး၊ ကျွန်မ ရှင့်ကိုမယုံဘူး။ ရှင်ပြောသလိုလည်း မလုပ်နိုင်ဘူး''
''တစ်သက်လုံး သူရူးတစ်ယောက်လို ဖြစ်နေမယ့် ကလေးကို မင်းက သူရဲကောင်းလုပ်ပြီး မွေးဦးမလို့လားလီနာ''
''အို.. ဒါဟာ သေချာသေးတာမဟုတ်ဘူး။ ဘာကိုမှ ကြိုတင်မသိနိုင်ဘူး။ အရာအားလုံးဟာ ဘုရားလက်ထဲမှာ။ ဘုရားသခင်ပဲ သိတာ။ ရှင် မသိနိုင်ဘူး။ မဖြစ်နိုင်တာတွေ ကျွန်မကို လာမပြောနဲ့''
''ကျွတ်...လီနာ မင်းကို ဒီလောက် နောက်ကောက်ကျလိမ့်မယ် လို့ ငါတစ်စက်ကလေးမှမထင်ခဲ့မိဘူး။ ငါ့မိန်းမလုပ်နေပြီး ဒီလောက် ညံ့ဖျင်းရသလားဟေ့''
ဒေါက်တာဇိုးဝါးသည် စိတ်မရှည်စွာအော်လိုက်ပြီး ချက်ချင်းပင် အသွင် ပြောင်းသွားကာ လေချိုသွေးတော့၏။
''ကိုယ်ပြောတာ မင်းအတွက်ပါပဲလီနာ၊ စောစောစီးစီး လက်ဦးမှုယူမှ၊ ဒီလိုမဟုတ်ဘဲ နောက်ကျခဲ့ရင်တော့ မင်းအသက်အန္တရာယ်..အယ်..အယ်....''
ဒေါက်တာဇိုးဝါး၏စကားမဆုံးခင် အယ်လီနာက ခါးသည်းစွာပင် တုံ့ပြန် အော်ဟစ်လိုက်သည်။
''ဒီမှာ ကျွန်မ မလုပ်နိုင်ဘူးလို့ပြောပြီးပြီနော်၊ ဘာပဲဖြစ်ဖြစ်.. ကျွန်မဝမ်းနဲ့ လွယ်မွေးတဲ့ကလေးကို ဦးနှောက်မပြည့်လို့ ရူးရုံမက၊ တခြား တစ္ဆေ မှင်စာ ပြိတ္တာပဲဖြစ်ဖြစ် ဘုရားသခင် ပေးတဲ့အတိုင်းပဲ ကျွန်မ လက်ခံမယ်''
''တောက်..ကွာ...လာပြန်ပြီလား ဒီ သောက် ဘုရားသခင်… ဒီလောက်တိကျခိုင်လုံတဲ့ သိပံ္ပပညာကို မင်းလက်ခံလိုက်စမ်းပါလီနာရာ၊ ကိုယ်ပြောနေတာ အားလုံးအမှန်တွေပါ''
ကျားသစ်မတစ်ကောင်ကဲ့သို့ မာန်ဖီနေသော မျက်လုံးရိုင်းများဖြင့် အယ်လီနာ သည် သူ့ထံသို့ စူးရဲစွာကြည့်လိုက်သည်။ ပြီးတော့ ငယ်သံပါသည်အထိ အော်ဟစ်ပြော လိုက်ပြန်သည်။
''မလုပ်နိုင်ဘူး။ ကျွန်မ ဘယ်နည်းနဲ့မှ မလုပ်နိုင်ဘူး''
တင်းမာပြတ်သားသောလေသံကြောင့် ဒေါက်တာဇိုးဝါးသည် တစ်ချက် တွေဝေသွား၏။ ထို့နောက် ချိုသာ ညင်းပျောင်းသောလေသံဖြင့် ဇနီးသည်ကို ချော့မော့ ဖေးမနေလိုက်သည်။
''အို..အယ်လီနာ ငါ့ရဲ့အသည်းကလေး..အေးပါကွာ မင်းမလုပ်ချင်တာကို ကိုယ် အတင်းအကျပ် မခိုင်းတော့ပါဘူး။ မင်းသဘော ပါပဲ'' ဟုဆိုကာ အယ်လီနာ့ကို ရုတ်တရက်ပွေ့ဖက်လိုက်ပြီး ကျောပြင်ကို လက်များဖြင့် အသာအယာပွတ်သပ် ချော့မြှူသည်။ အယ်လီနာသည် အံ့သြဝမ်းသာသွားလျက် အလိုက်သင့်ပါသွားပြီး ကျေးဇူးတင်စကားဆိုမည်အပြု...
ယာဘက် ခါးဆီမှ အလွန်တရာစူးအောင့်သော ဝေဒနာတစ်ရပ်ကို ရုတ်ခြည်း ခံစားလိုက်ရကာ ချက်ချင်းပင် သတိလစ်မေ့မြောသွားတော့သည်။ ဒေါက်တာဇိုးဝါးက ပရိယာယ်သုံးကာ အယ်လီနာ့ကို မေ့ဆေးပေးလိုက်ခြင်းပင်။
xxxxx
အခန်း(၆)
အိပ်ရာမှ အယ်လီနာလန့်နိုးလာသည်။
မျက်လုံးများကို စုံပွတ်လျက် လူက ကြောင်တောင်တောင် ဖြစ်လို့နေသေးသည်။ ယောင်ယမ်းလျက် ဝမ်းဗိုက်ဆီသို့ မရဲတရဲငုံ့ကြည့်မိသေးသည်။ သို့သော်...
ချက်ချင်းပင် အဖြစ်မှန်ကိုသိသွားရကား ရှက်ပြုံးပြုံးလျက် တစ်ကိုယ်တည်း စကားဆိုမိလိုက်သည်။
''သိပ်ကို ဆိုးရွားတဲ့ ဒေါက်တာဇိုးဝါးပဲ''
လက်ထဲက ဖတ်လက်စ 'ကွန်ပျူတာနှင့်ဆေးသိပ္ပံနည်းပညာ' စာအုပ်ကို အသာချကာ အိပ်ရာမှလူးလဲထလိုက်သည်။ မျက်နှာသစ်၊ မီးသွေးဖိုကာ ရေနွေး တစ်အိုး ကျိုသည်။ ပြီးလျှင် ကော်ဖီဖျော်မည်။ မနေ့က သူမ ကိုယ်တိုင် တူးဆွဖော်ထားသည့် မြေသင်းရနံ့မပြယ်သေးသော အာလူးလတ်လတ်ဆတ်ဆတ်များကို မီးခဲကျဲကျဲတွင်တင်၍ မီးဖုတ်ရပါဦးမည်။
အဖေလမ်းလျှောက်ရာက ပြန်လာလျှင် သားအဖနှစ်ယောက် နံနက်ခင်းစာ အတူစားရင်း သူမရဲ့ ထူးဆန်းသော အိပ်မက် အကြောင်း ပြောပြရဦးမည်ဟု အယ်လီနာက စိတ်တွင်မှတ်သားထားလိုက်သည်။ အိပ်မက်ကတော့ အခါတိုင်းမက်နေကျ အိပ်မက်တွေနဲ့ လားလားမှမဆိုင်၊ အရမ်းကာရောပင် အံ့သြစရာကောင်းခဲ့သည်။ အဖေသာ ကြားသိ ရလျှင်လည်း သူမနှင့်ထပ်တူထပ်မျှပင် အံ့သြပေ လိမ့်ဦးမည်။
ရေနွေးဆူလျှင် အဖေ့အတွက်ရော သူမအတွက်ပါ နှစ်ယောက်စာ ကော်ဖီဖျော်သည်။ ကော်ဖီမှုန့်များပျော်ဝင်အောင် ဇွန်းဖြင့် မွှေပေးနေရင်းက စောစောက အိပ်မက်ကို ပြန်ပြောင်းသတိရနေမိသည်။
အိပ်မက်ထဲကလို စက်ဖျော်ကော်ဖီ သောက်ဖူးချင်သည်။ ချိုဆိမ့် အီမွှေးလှတဲ့ အာလူးပေါင်းတွေလည်း စားချင်လှသည်။
အယ်လီနာ အမိုက်မ၊ ဘာလို့များ ငြင်းရတာလဲကွယ့်။
ပြီးတော့ လူမှတ်ဥာဏ်ထည့်သွင်းထားသည့် စကားပြောသော ခွေးစက်ရုပ်၊ အို လိုချင်စမ်းလှပါရဲ့။ သိပ်ကို အပျင်းပြေ မှာပါပဲနော်။ ကရိကထလည်းမများ။ ဟိုနားသည်နား လမ်းလျှောက် ထွက်သည့်အခါ သူငယ်ချင်းတစ်ယောက်လို အဖော်ပြုခေါ်သွားနိုင် သေးသည်။ စကားတွေ ရေပက်မဝင်အောင် အပြန်အလှန်ဆိုနိုင်သေးသည်။ မိုက်လှတဲ့သူငယ်မ အယ်လီနာ ဒီလောက်အဖော်ရတဲ့ ခွေးစက်ရုပ်လေးကို ဘာလို့များ မလိုချင်ရတာပါလိမ့်။
ပြီးတော့ အစစ်နဲ့ခွဲခြားမရအောင် တူလွန်းတဲ့ ရေလောင်းပေးစရာလည်း မလိုတဲ့ နှင်းဆီပန်းပင်ရော...။
အိုလေ...တကယ်သာရခဲ့မယ်ဆိုရင် လိုချင်လိုက်စမ်းပါဘိ။
သူမခြံထဲက နှင်းဆီပင်တွေ တစ်နေ့တစ်နေ့ ရေတွေခပ်သယ် ပြီး လောင်းလိုက် ရတာ ပခုံးသားတွေနာ၊ လက်ဖဝါးတွေ အသားမာများတောင်တက်လို့။ လူလည်း လျှာထွက်မတတ် မောဟိုက်လှပြီမဟုတ်ပါလား။
ရေလောင်းပေးစရာမလို၊ ပြုစုပျိုးထောင်စရာမလိုတဲ့ နှင်းဆီပန်းပင်တွေသာ ရစမ်းခဲ့ရင် အပင်(၁ဝဝ)မကတောင် လိုချင်စမ်းလှပါရဲ့။
မိုက်လိုက်တဲ့ အယ်လီနာရေ။ ဘာလို့ ခါးခါးသီးသီး ငြင်းဆန်ရတာပါလိမ့်။ မင်းလောက် မိုက်တွင်းနက်တဲ့သူ ကမ္ဘာမှာ ရှိလိမ့်မယ်မထင်တော့ဘူး။
အဲသည်နောက်....
အယ်လီနာသည် အဖေ့ကိုစောင့်မျှော်ရင်း တစ်ကိုယ်တည်း အတွေးဆက် နေမိသည်။
အဲသည်နောက်...အိပ်မက်ထဲကလို လူကလေးတစ်ယောက်ယောက်များ သူမ ဝမ်းဗိုက်ထဲမှာ ခိုတွယ်လာခဲ့ရင်ကော....။
''အို''
အယ်လီနာ့ရင်အစုံသည် နိမ့်တုံမြင့်တုံနှင့် တသိမ့်သိမ့်ခုန်၍လာကာ ဘဝ တစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသေးသည့် အသစ်စက်စက် ပီတိအဟုန် တစ်မျိုးကို ထူးဆန်းစွာ ခံစားနေရလေသည်။ ချစ်သူရည်းစားပင် မရှိရှာသေးသော အယ်လီနာသည် တစ်ကိုယ်တည်း ရှက်သွေးဖြာရင်း အိပ်မက်ထဲက အယ်လီနာ၏ ရုပ်ပုံလွှာများကို တသသ ပြန်လည်မြင်ယောင်နေမိတော့၏။
ဒေါက်တာဇိုးဝါးက အတင်းအကျပ်စေခိုင်း....
အယ်လီနာက ခါးခါးသီးသီး ငြင်းဆန်....
အိပ်မက်ထဲက ရုန်းရင်းဆန်ခတ်မြင်ကွင်းတို့သည် ယခုပင် နဖူးတွေ့ဒူးတွေ့ ဖြစ်ပျက်ထိတွေ့နေရဘိသကဲ့သို့ အယ်လီနာရင်တွင် ထူးထူးခြားခြား ဖိုလှိုက် ခံစားနေ ရပြန်သည်။
အို ဟုတ်တယ်..သိပ်ဟုတ်တာပဲ..
မင်းသိပ်မှန်တယ် အယ်လီနာရေ...
အလျှော့မပေးဘဲ နောက်ဆုံးထွက်သက်ထိ ရဲရဲကြီးသာ ငြင်းပစ်လိုက်စမ်း။ မင်းဟာ သိပ်တော်တဲ့မိန်းကလေးပဲ။ ဒီတစ်ကြိမ်မှာတော့ မင်းမမိုက်တော့ဘူးနော်...။
ယခုအခါ လမ်းလျှောက်ရာမှပြန်ရောက်လာသော အဖေသည် ကော်ဖီများ မွှေရင်း တစ်ကိုယ်တည်း စကားပြောနေသည့် သမီးဖြစ်သူ အယ်လီနာ့ကိုကြည့်ကာ မည်သို့မျှ နားမလည်နိုင်အောင်ဖြစ်နေလေ၏။
''သမီး လီနာ''
အဖေ့အသံက သိပ်အကျယ်စားကြီးမဟုတ်သော်လည်း အနီးသို့ကပ်၍ခေါ် လိုက်ခြင်းဖြစ်သဖြင့် အတွေးလွန်နေသော အယ်လီနာသည် ရုတ်တရက် လန့်ဖျပ် သွားမိသေးသည်။
''အို အဖေပြန်လာပြီလား ကျွန်မ အတွေးလွန်နေလို့''
ကပျာကသီ ဖြေရှင်းချက်ထုတ်ကာ အယ်လီနာသည် အဖေ အလွယ်တကူ သဘောမပေါက်နိုင်သည့် စကားတစ်ခွန်းကို အဆက်အစပ် မရှိဘဲ ဗြုန်းစားဒိုင်းစားကြီး ပြောချလိုက်၏။
''ကလေးဆိုတာ မိန်းမတစ်ယောက်ရဲ့ နှလုံးအိမ်ကို ဘယ်လောာက်တောင်မှ လှုပ်ရှားစေတယ် ဆိုတာ ကျွန်မ ကောင်းကောင်းသိသွားပြီ ဖေဖေ...ပြီးတော့ အဲဒီကလေးဆိုတဲ့ကြိုးကလေးက သေးမျှင်လွန်းပေမဲ့ ဆွဲငင် ရစ် ပတ်အား ကောင်းလှပုံပဲဖေဖေရဲ့၊ ဘယ်လောက်တောင်မှ ဆွဲငင်ရစ်ပတ်အား ကောင်း သလဲဆိုရင် ဘယ်ဆီဘယ်ဝယ်မှန်း မသိသေးတဲ့ အဲဒီကြိုးလေးအတွက် မိန်းမတစ်ယောက်ဟာ သူ့ကို ကာကွယ် စောင့်ရှောက်ဖို့ အသင့်အနေအထားရှိနေလို့ပဲပေါ့''။
စုမီအောင်
(၂ဝဝ၁၊ ဖေဖော်ဝါရီ၊ ရုပ်ရှင်အောင်လံမဂ္ဂဇင်း)
No comments:
Post a Comment