မိုးချုပ်ညဥ့်နက်တိုင်းပြန်ရောက်လာမည့် ခြေသံတစ်စုံကို နားစွင့်မိခြင်း ၏ နောက်ကွယ်တွင် နွေးထွေးစွာကြိုဆိုလိုခြင်း တစ်စုံတစ်ရာ မရှိကြောင်းသေချာပါသည်။
လူယောက်ျားတစ်ယောက်နှင့် လူမိန်းမတစ်ယောက် အကြား နံရံတစ်ချပ် ခြားလျက် ရှိသည်။ နံရံတစ်ဖက်မှနေ၍ တိတ်ဆိတ် စွာ မသိကျိုးကျွံပြုရင်း ထိုခြေသံများ ရပ်တန့်သွားချိန်ကို စောင့်ဆိုင်းနားစွင့်ပြီးသည်နှင့် တစ်ပြိုင်နက် ဝရန်တာဆီသို့ထွက်ကာ ထိုမိန်းမ က လွတ်လပ်စွာ တစ်ကိုယ်ရေ ပျံသန်းတော့မည် ဖြစ်ပါသည်။
xxxxx
မဟူရာရောင်သည် မည်းနက်မှောင်မိုက်သောအသွင်သဏ္ဌာန်ရှိပါလျှင် ဤညသည် မဟူရာရောင်ဆေးစက်များ ထပ်ခါထပ်ခါ ရေးခြယ်ထားသည့် မည်းနက် မှောင်ပိန်းလွန်းသော ညပင်ဖြစ်လိမ့်မည်။ သူမ၏ခန္ဓာသည် ဒီတိုက်ခန်း ဝရန်တာလေးမှာ ရပ်နေပါသည်။ စိတ်အလျဉ်ကတော့ ခုချိန်ဆို ငယ်စဉ်က အကျွမ်းတဝင်ရှိခဲ့ဖူးသည့် ဇာတိမြေမှ ခြံကျယ်ကြီးတစ်ခုအတွင်းမှာ ပေါ့ပါးလွတ်လပ်စွာ မြူးထူး ခုန်ပေါက်နေပေရော့မည်။
ထိုခုန်ပေါက်ပြေးလွှားနေသည့်ခြေသံတစ်စုံသည် ငှက်မွေးတောင်ကဲ့သို့ပေါ့ပါး နိုင်သော်လည်း သူမ၏နှလုံးသားဆီသို့ စည်း ချက် ကျနစွာ ရိုက်ခတ်တိုးဝင်နိုင်စွမ်းတော့ ရှိနေပြန်သည်။ နှလုံးတဆတ်ဆတ်ခုန်လျက် မတ်တပ်ရပ်လျက်က လဲလျောင်းနေသော (တနည်း) မျက်စိဖွင့်လျက် အိပ်မောကျနေသော ခန္ဓာတစ်ခု ဝရန်တာထက်မှာ ရှိနေပါသည်။
နာရီ မိနစ် လက်တံတို့သည် မျက်နှာပြင်တစ်ခုတည်းပေါ်မှာ အေးအေးလူလူ လမ်းလျှောက်နေကြချိန်မှာ စက္ကန့်တံတစ်ချောင်း ကတော့ အဖော်မဲ့စွာ ဒရစပ်ပြေးလွှား မောဟိုက်နေပါသည်။ တစ်ကိုယ်ရေ ချောက်ချားစွာပြေးလွှားနေရသော အဖော်မဲ့စက္ကန့် တံလေးကို သနားကြင်နာစွာ ကြည့်နေမိခဲ့သေးသည်။ သူ့မှာ မည်သူနှင့်မျှ အေးအေးလူလူ တွေ့ဆုံခွင့်မရဘဲ တစ်ကိုယ်ရေ ပြေးလွှားနေရသည် မဟုတ်ပါလား။ တစ်နာရီလျှင် တစ်ကြိမ်ကျ မှန်မှန်တွေ့ဆုံခွင့်ရနေသော နာရီနှင့်မိနစ် လက်တံနှစ်ချောင်းတို့၏ ဘဝကို သူမက အားကျစွာ မုန်းတီးရပြန်သည်။
နာရီနှင့် မိနစ်တို့၏ဆုံစည်းမှုမျိုးကို မုန်းတီးသော မိန်မတစ်ယောက် သည်ဝရန် တာထက်မှာ ညစဉ်(သို့မဟုတ်)နံနက်တိုင်း ရှိနေပါသည်။
xxxxx
နာရီနှင့်မိနစ် လက်တံနှစ်ချောင်းတို့သည် တစ်ဂဏန်းတစ်ခုတည်းပေါ်တွင် အခိုက်အတံ့အားဖြင့် ယှဉ်တွဲလျက်ရှိနေကြသည်။ တစ်နာရီ ငါးမိနစ် ဆိုသောအချိန်သည် မနက်လား၊ ညလား။ မနက်ဟန်ဆောင် သော ညလား၊ ညဟန်ဆောင်သော မနက်လား။ မသေချာပါ။ အပြစ်ကင်းသည့် ကလေး များကို မေးလျှင်တော့ ညဟုသာ တညီတညွတ်တည်း ဖြေဆိုကြပေလိမ့်မည်။ အချိန် ကန့်သတ် ချက်များအရ နံနက်ဟုသာ သတ်မှတ်ရမည်ဖြစ်သောလည်း အမှန်တော့ ည သာဖြစ်သည်။ ထိုသို့ ညသာဖြစ်ကြောင်း ကလေးငယ်များ နည်းတူ သူမက ယုံကြည် ချင်နေခဲ့သည်။
နာရီကို စတင်တီထွင်ခဲ့သူ ---ပညာရှင်တစ်ဦးနှင့် အတိုက်အခံမလုပ်လိုပါ။ အမှန်တော့ မနက်ဟန်ဆောင်ထားသော ညစစ်စစ် သာဖြစ်ကြောင်း သည်အကြောင်းရင်းခံ အမှန်ကို သူမနှင့်အတူ လက်ခံယုံကြည်သူ ကမ္ဘာမှာ ရှိကောင်းရှိနိုင်ပါသည်။ သိပ်တော့ မသေချာ လှပါ။ ထိုမိန်းမအတွက် သေချာသည်ကတော့ မသေချာမှုများပဲ ဖြစ်သည်။
ညသည် မိုးမလင်းသေးပါ။ မနက်ဟန်ဆောင်ထားဆဲပင်ဖြစ်ပါသည်။
xxxxx
တကယ်တော့ သက်မဲ့နာရီလက်တံနှစ်ချောင်းလောက်ပင် သူမတို့ခမျာ အစွမ်း မထက်လှပါ။ တစ်ရက်မှာ ၂၄နာရီရှိနေကြောင်း သေချာလျှင် နာရီနှင့် မိနစ်လက်တံတို့ သည် တစ်ရက်အတွင်း ၂၄ကြိမ်မှန်မှန်တွေ့ဆုံခွင့်ရအောင် သူတို့ကိုယ်သူတို့ စွမ်းဆောင် နိုင်ပါ သည်။ ထိုအရာတို့က တစ်ရက်လျှင် နှစ်ဆယ့်လေးနာရီ ဆုံစည်းခွင့်ရသော်လည်း တစ်အိမ်တည်း အတူနေသူ နှစ်ဦး(ကိုကိုနှင့်သူမ)က တစ်ရက်လျှင် တစ်ကြိမ်တစ်ခါ မျှ မျက်နှာချင်းဆိုင်ဆုံတွေ့ခွင့်မရသည်မှာ လူယောက်ျားနှင့် လူမိန်းမတို့၏ ညံ့ဖျင်းမှုကြောင့်လား၊ ထက်မြက်မှုကြောင့်လား။ မသေချာပါ။
လှေကားထစ်များကို အသုံးချ၍ အမြင့်သို့တက်လှမ်းချင်သော ကိုကိုနှင့် သူမတို့ ဘယ်တော့မှ စိတ်သဘောတိုက်ဆိုင်မှုမရှိပါ။
သူမက လွတ်လပ်စွာပျံသန်းလိုသော ငှက်တစ်ကောင်ဖြစ်သည်။ လွတ်လပ်စွာ ပျံသန်းလိုသော ငှက်တစ်ကောင်အတွက် လှေကားထစ်များမလိုပါ။ ကျန်းမာ သန်စွမ်းသော အတောင်ပံများသာ လိုပါသည်။
''ကိုကိုဖြတ်သန်း နင်းလျှောက်ခဲ့သမျှ လှေကားထစ်တွေ ရိုးဖြောင့်မှုရှိပါ ရဲ့လား။ ဒါတွေကို ကိုယ်တိုင်ဆန်းစစ်လေ့လာဖို့တော့ ကိုကို ဘာ့ကြောင့်များ မေ့လျော့ ထားခဲ့တာလဲကွယ်''
အဲသည်လို သူမက ကိုကို့အား စွပ်စွဲဝေဖန်ခဲ့ဖူးသည်။ ကိုကိုကတော့ နည်းနည်း ကလေးမှ ဂရုမစိုက်ပါ။ သူမကို ထီမထင်သည့်ပုံစံဖြင့်ကြည့်ကာ ခပ်တင်းတင်းဆိုခဲ့သည်။
''အဲဒါ မင်းကိုချစ်လွန်းလို့ မင်းလေးကိုချစ်လို့၊ အမြင့်ဆုံးမှာ မင်းကိုထားချင် လွန်းလို့၊ အမြင့်ကို ရောက်စေချင်လွန်းလို့''
သည်စကားများကို ကြားရစဉ်က ကိုကို့ရှေ့မှောက်မှာ သူမ လဲကျ သေဆုံးသွားခဲ့ဖူးသည်။ ဒုတိယအကြိမ် သည်လိုတော့ အဖြစ်မခံနိုင်တော့ပါ။ အမြင့်သို့ရောက်လိုသည့်ဦးတည်ချက်ချင်းတူသော်လည်း ဖြတ်သန်းလိုသည့်ပုံစံ အနေအထားချင်း ဆန့်ကျင် ကွဲပြားနေသည့် လူသားနှစ်ဦး တစ်အိမ်တည်း အတူတကွရှိ နေခြင်းကို သူမ မနှစ်မြို့နိုင်တော့ပါ။
သူမက မိမိ၏ကိုယ်ပိုင်အတောင်ပံများကိုအသုံးချကာ လွတ်လပ်စွာ ပျံသန်းခြင်းအားဖြင့်သာ အမြင့်သို့ တက်လှမ်းနိုင်သော ငှက်တစ်ကောင်ဖြစ်ပါသည်။ ကိုကို အသုံးပြုခဲ့သော လှေကားထစ်များကို သူမ အသေအကြေ မုန်းတီးပါသည်။ အထူးသဖြင့် သူမအား ထိုလှေကားထစ်များပေါ် နင်းဖြတ်လျှောက်ခိုင်းသော ကိုကို့စိတ် ဓာတ်ကို သူမ ပို၍မုန်းတီးသေးသည်။ လူသားမှန်သမျှ အမြင့်ဆုံးသို့ ရောက်လိုကြတာ ချည်းပါပဲ။ လှေကားထစ်တွေရှိမှ အမြင့်ကိုရောက်နိုင်မှာလား။ လှေကားထစ်တွေ မရှိလည်း အမြင့်သို့ ရောက်နိုင် ပါကြောင်း ကိုကိုသိအောင် သူမ လက်တွေ့ပြချင်သည်။
လွတ်လပ်စွာ ပျံသန်းလိုသောငှက်တစ်ကောင်အတွက် ဘယ်သောအခါမှ လှေကားထစ်တွေ မလိုပါကိုကိုရယ်။
xxxxx
သူမ အားကျစွာမုန်းတီးမိသော နာရီနှင့် မိနစ် လက်တံချောင်းတို့သည် ဒုတိယအကြိမ် ဆုံတွေ့ကြပြန်ပြီ။
'နှစ်နာရီ ဆယ်မိနစ်'
အိပ်ပျော်ရန် သူမ အဆင်သင့်မဖြစ်သေးပါ။ နာရီမျက်နှာပြင်ထိပ်ဆုံးရှိ ဆယ့်နှစ်ဂဏန်း၏ ဝဲဘက်မျက်နှာစာသည် မနေ့ကဖြစ်ကြောင်း
သူမ မုန်းသည့်လက်တံများ ဆယ့်နှစ်ဂဏန်း၌ အားလုံးအတူတကွဆုံတွေ့ကြ သည်နှင့် မနေ့က သည်ပြီးဆုံးသွား ပြီဖြစ်ကြောင်း ……။ ဆယ့်နှစ်ဂဏန်း၏ လက်ယာဘက် မျက်နှာစာသည် မနေ့ကမဟုတ်တော့ဘဲ ဒီနေ့ ဖြစ်ကြောင်း ကန့်သတ် ချက်များအရ ခွဲခြားသိမြင်နေရသော်လည်း သူမအတွက်မူ မနေ့ကနှင့် ဒီနေ့သည် အတူတူပင်ဖြစ်သည်။ သူမအတွက် မနက်ဖြန်မရှိပါ။ မနက်ဖြန် သည် လူားအားလုံးအတွက် မျှော်လင့်ခြင်းဖြစ်သည်။ မနက်ဖြန်မရှိသည့် သူမအတွက် မျှော်လင့်ခြင်းသည်လည်း မသေချာ လှကြောင်း အထွေအထူး စဉ်းစားနေစရာမလိုပါ။ သို့သော် စိတ်ရင်းအမှန်ဖြင့် ဝန်ခံရလျှင် သူမ ဝမ်းနည်းကြာကွဲလှပါသည်။
ပြီးဆုံးခဲ့ပြီဖြစ်သော မနေ့က ရဲ့ ဝေးလံလှစွာသော မနေ့က၊ မနေ့ကပေါင်းစွာ တုန်းကတော့ သူမအတွက် ကြေကွဲစရာ ဆိုသည်မှာ ဘယ်လိုပါလိမ့်၊ အစရှာမရအောင် ကြေကွဲမှုက ကင်းမဲ့ဖူးသည်။
'အတူမနေစဉ်က နီးကပ်စွာရှိနိုင်သည့်ဘဝ'နှင့် 'အတူနေပြီး ဝေးကွာနေရသည့် ဘဝ'ကြိုက်ရာဘဝကို အစကပြန်၍ ရွေးချယ်ခွင့်ရရှိချင်ပါသည်။ နာရီလက်တံများကို နောက်ပြန်လှည့်လိုက်ရုံနှင့်'မနေ့ကဘဝ'လေးပြန်ရမည်မှာ သေချာလျှင် ထိုနာရီ လက်တံများကို မရပ်မနား နောက်ပြန်လှည့်ပစ်လိုက်ချင်သည်။ လက်အံသေချင် သေသွား ပါစေပေါ့။ ထိုအချိန်တွင် ရေတစ်ခွက်မျှ သောက်ဖို့ပင် သူမ သတိရလိမ့်မည် မဟုတ်ပါ။ သို့သော် မနေ့က သည် အဝေးကြီးမှာ ကျန်ရစ် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့အတူ နာရီလက်တံများသည်လည်း တရွေ့ရွေ့နှင့် မနက်ဖြန်ဆီသို့သာ ကူးပြောင်း လှည့်လည်သွား မည်သာ ဖြစ်သည်။ အမှန်ကိုဆိုရပါလျှင် မနက်ဖြန်မရှိသော မိန်းမတစ်ယောက်အတွက် မနက်ဖြန်ဆီသို့သာ ဦးတည်နေသော နာရီလက်တံများအား မုန်းတီးစက်ဆုပ်မိခြင်းမှာ အဆန်းတော့မဟုတ်ပါ။
မနေ့ကပေါင်းများစွာရှိခဲ့ဖူးသည့်အနက် မက်မောစရာမနေ့က တချို့ဆီသို့ သူမ တမ်းတမိသည်ကိုတော့ ဝန်ခံရပါဦးမည်။ ကိုကိုနှင့် သူမတို့နှစ်ဦးသား တစ်ရက်မှာ နာရီပေါင်းများစွာ ဆုံတွေ့ခဲ့ကြဖူးသည်။ ထိုစဉ်က နာရီလက်တံများကို မုန်းတီးစိတ် မဖြစ်ခဲ့ဖူးပါ။ နာရီလက်တံများသာမက အရာအားလုံးကို သူမ မေ့လျော့ပစ်ကာ ကိုကို နှင့်သာ ပျော်ရွှင်မြူးထူးခဲ့ဖူးသည်။
ဘာမဆို နှစ်ယောက်အတူ မျှဝေခံစားခဲ့ဖူးသည်။ နှစ်ယောက်ပေါင်း လွယ်အိတ် တစ်လုံးဖြင့် ကျောင်းတက်ခဲ့ကြပြီး တစ်ယောက် တစ်ဝက်သာ ပိုင်ဆိုင်ခြင်းအပေါ် ကျေ နပ်ခဲ့ကြသည်။ စာအုပ်တစ်အုပ်ကို နှစ်ယောက်ကိုင်ကာ စာအတူကျက်ခဲ့ကြသည်။ ထီး တစ်ချောင်းတည်း နှစ်ယောက်အတူဆောင်းကာ အေးအတူ ပူအမျှရှိခဲ့ကြသည်။ ထမင်း ကြော်တစ်ပွဲကို ဇွန်းတစ်ချောင်းတည်းဖြင့်၊ အအေးတစ်ပုလင်းကို ပိုက်တစ်ခုတည်းဖြင့်၊ လက်ဖက်ရည်တစ်ခွက်ကို တစ်ယောက်တစ်ငုံစီသောက်ခြင်းဖြင့်၊ ဘာဂါတစ်လုံးကို တစ်ယောက်တစ်ကိုက် စားခြင်းဖြင့် ချစ်ခြင်းတရား၏ အရသာကို မျှဝေခံစား ပျော်ရွှင်ခဲ့ကြသည်။ တစ်ယောက်တစ်ဝက်စီ ပိုင်ဆိုင်ခြင်းအပေါ် လိုလားတပ်မက် ခဲ့ကြဖူးသည်။
ထိုသို့ ခွဲဝေပိုင်ဆိုင်မှုများကို အချိုးညီညီရခဲ့ပြီးနောက် အစောပိုင်း ကာလများ မှာတောင် သူမတို့နှစ်ဦးသား ပျော်ရွှင်နိုင်ခဲ့ ကြသေးသည်။ အကျွမ်းတဝင် မရှိလှသည့် ကိုကို့ရဲ့ကုမ္ပဏီကိစ္စရပ်များကို သူမ ဝင်ရောက်စွက်ဖက်၍ အကြံပေးသည့်အခါ ကိုကိုက လိုလားစွာ လက်ခံခဲ့သလို သူမရဲ့မီးဖိုချောင်ကိစ္စရပ်များကို ကိုကိုက နားမလည်ပါးမလည် ဝင်ရောက်လုပ်ကိုင်သည့်အခါ သူမက ကျေနပ်စွာလက်ခံမြဲပင်။ ကွဲပြားခြားနားသည့် တာဝန်ဝတ္တရားများကိုပင် ဆွဲယူညှိနှိုင်းကာ အတူတကွ မျှတစွာပိုင်ဆိုင်နိုင်ရလေအောင် ကြိုးစားခဲ့ကြသေးသည်။
သည်ကာလ အစပိုင်းများမှာပေါ့။ သူမ ရင်ခုန်လှိုက်လှဲစွာ အိပ်မက်ပင် မက်ခဲ့ပါသေးသည်။ အတူတကွ မျှတစွာ ခွဲဝေ ပိုင်ဆိုင်ခွင့် တစ်ရပ်အဖြစ် သက်ရှိလူသားငယ် လေးတစ်ဦး ကိုကိုနှင့်သူမအကြား အားဖြည့်ဝင်ရောက်လာလိမ့်မည်ဟု သူမ ကြိုတင် အိပ်မက် မက်ခဲ့ပါသေးသည်။ တစ်အိမ်တည်း အတူနေထိုင်ခွင့် မျှတစွာ ပိုင်ဆိုင်ခွင့်၊ အချိုးညီညီ ပေါင်းစပ်ခွင့်၊ စီးပွားရေး လူမှုရေး အခက်အခဲတို့ကို မျှတစွာညှိနှိုင်း ဖြေရှင်းခွင့် ....ခွင့်၊ .....ခွင့် စသည်ဖြင့် အခွင့်အရေးများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် လူသားနှစ်ဦးတို့၏ဘဝထဲသို့ တတိယမြောက် ခြေချဝင်ရောက်လာမည့် လူသားတစ်ဦး သည် အပြစ်ကင်းစင်သော၊ သူမ၏စိတ်ဓာတ် ကိုကို့၏စိတ်ဓာတ်တို့ အချိုးညီညီ ပေါင်းစပ် ထားသည့် ကလေးငယ်လေးတစ်ဦးသာ ဖြစ်လိမ့်မည်ဟု ကျိန်းသေတွက်ဆထားသော သူမ၏သေချာမှုတို့သည် ကြောက်မက်ဖွယ် လွဲချော် မှားယွင်းသွားခဲ့တော့သည်။
သူမတို့နှစ်ဦးအကြား ဝင်ရောက်လာသည့် တတိယလူသားသည် သူမကြို တင်မျှော်လင့်ထားသကဲ့သို့ မဟုတ်ဘဲ သူမထက် ပိုလှသည့် (တနည်း)ဆွဲဆောင်မှု အပြည့် ရှိသည်ဟု ဆိုနိုင်သည့် မိန်းမတစ်ယောက်ဖြစ်ကြောင်း သေချာစွာသိရှိလိုက်ရစဉ်က သူမရူးသွပ် မတတ် ချောက်ချားမိခဲ့သည်။ သည့်နောက် သွေးအေးစွာဖြင့် တစ်ဦးကို တစ်ဦး(သူမက စတင်၍ ဖြစ်နိုင်ပါသည်) မသိကျိုးကျွံပြုခြင်းသည် အင်မတန် စက်ဆုပ် ရွံရှာဖွယ်ရာဖြစ်ရပ်တစ်ခုပင် ဖြစ်ကြောင်း မလွှဲမရှောင်သာလက်ခံလိုက်ရတော့သည်။
ထိုအခါ မနေ့က ပိုင်ဆိုင်ခွင့်များ သည်နေ့မရချင်တော့သည့် ခါးသည်းမှုစိတ် ဆင်ရိုင်းများ သူမရင်မှာ ပြင်းပြစွာ ပေါ်ပေါက်လာတော့သည်။
အတူနေခွင့်မရစဉ်က တစ်ယောက်တစ်ဝက်စီ ပိုင်ဆိုင်ခွင့်ရခြင်းအပေါ် အင်မတန် နှစ်ခြိုက်လိုလားသည့် လူသားနှစ်ဦးသည် အတူနေခွင့်ရသောအခါ ထိုသို့တစ်ဝက်စီပိုင်ဆိုင် နိုင်ခွင့်များအပေါ် မနှစ်မြို့တော့ဘဲ သီးသန့်ပိုင်ဆိုင်ရယူလိုစိတ်များ ပြင်းပြစွာဖွဲ့အုံလာ ပြီး တသီးတခြားဆန်လာကြကြောင်း ခုချိန်မှာ သူမ ဘဝနှင့်ရင်းကာ နားလည်ခဲ့လေပြီ။
နာရီ မိနစ် လက်တံတို့ တတိယအကြိမ်မြောက်တွေ့ဆုံသည့် သုံးနာရီ တစ်ဆယ့်ငါးမိနစ်အချိန်ထိ မျက်စိဖွင့်အိပ်စက်နေသော ခန္ဓာကိုယ်တစ်ခုသည် ဝရန် တာတစ်ခုထက်မှာ မတ်တပ်ရပ်လျှက် ငြိပ်သက်ဆဲပင်ဖြစ်သည်။ ခုချိန်မှာ သူမကတော့ ကိုကိုနင်း လျှောက် ခဲ့သော လှေခါးထစ်များအတိုင်း လိုက်အလျှောက်ပဲ လွတ်လပ်စွာ ပျံသန်းလျှက် သီးခြားလျှောက်လှမ်းနေခဲ့ပြီ။ လှေကားးထစ် များနှင့် အတောင်ပံများအနက် မည်သည့်အရာသည် အမြင့်ဆီသို့ပို၍ ထိုးဖောက်နိုင်စွမ်းရှိကြောင်း ကိုကိုသိလာစေရ မည်။ တစ်အိမ်တည်း အတူနေသည့် လူသားနှစ်ဦးတို၏ မျှတစွာပိုင်ဆိုင်ခြင်းသည် အိမ် ခေါင်မိုးတစ်ခုမှလွဲ၍ ကျန်အရာအားလုံးတို့ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ယုံကြည် လက်ခံသူ ရှားပါးလိမ့်မည်။ စာနာနားလည်မည့်သူကား ပို၍ပင် ရှားပါးလိမ့်မည်ဖြစ် သည်။
တစ်ဖက်ဘေးခန်းမှ အဖိုးအိုတစ်ဦး၏ ဘုရားရှိခိုးသံ သဲ့သဲ့ကိုကြားနေရပြီ။ နာရီ မိနစ် လက်တံ များက လေးဂဏန်းတစ်ခု တည်းပေါ်မှာ ခြေစုံရပ်လျှက် လေးနာရီ မိနစ်နှစ်ဆယ်၊ တိုက်ခန်းတစ်ချို့ဆီမှ မီးရောင်များကြောင့် ညသည်မဟူရာသိပ်မဆန် တော့ပါ။ မျက်စိ မှိတ်၍နိုးထနေသော ခန္ဓာတစ်ခု၊ အိမ်ခန်းတွင်းမှာ ငြိမ်သက်စွာ လဲလျှောင်းနေပေလိမ့်မည်။ ထိုသူသည် သူမ၏ချစ်လှစွာသော တစ်ဦးတည်းသော ကိုကိုပဲဖြစ်သည်။ သူမသည် ကိုကိုအတွက် တစ်ဦးတည်း မဖြစ်ခဲ့ခြင်း။ ဖြစ်ခွင့်မရှိ ခဲ့ခြင်း၌ ထူးခြားသော ကြေကွဲမှု၊ ရှိမနေတော့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ မကြာခင် နာရီ မိနစ် လက်တံတို့ ငါးဂဏန်းပေါ်မှာ အတူတကွဆုံစည်းကြဦးမည်။ သူမထက် ကံကောင်းနေသောသူတို့ကို သူမအနေနှင့် မနာလိုဝန်တိုစွာ မုန်းတီးသည်မှာ အမှန်ပင် ဖြစ်သည်။ အဖော်မဲ့စွာပြေးလွှားနေရသည့် စက္ကန့်လက်တံတစ်ချောင်းသည် သူမသာ ဖြစ်ခဲ့လျှင် ကြိမ်ဖန်များစွာ ကြာရှည်ဆုံစည်း ခွင့်ရသည့် နာရီနှင့် မိနစ်လက်တံတို့သည် သူမအား သွေးအေးစွာ လှောင်ပြောင်ကြလိမ့်ဦးမည်။ သူမအားမျက်နှာပြောင်တိုက်၍ လှောင်ပြောင်ရယ်မော်နေမည့် မျက်နှာနှစ်ခု အမှန်တကယ်ရှိကြောင်း သူမမသေခြာချင်ပါ။ သို့သော် သူမ၏မသေခြာမှုတို့သည် ခိုင်မာစွာသေခြာသွားခဲ့ပြီ၊ ငါးနာရီ နှစ်ဆယ့်ငါးမိနစ် သည်မနက် ဟန်ဆောင်ထားသော ညအတွက် ကျဆုံးခန်းပဲဖြစ်လိမ့်မည်။ အမှန်တော့ ညဟန်ဆောင်ထားသည့် မနက်ခင်းတစ်ခု ဖြစ်ကြောင်း ထိုအချိန်က သက်သေပြတော့ မည်ဖြစ်သည်။ နာရီလက်တံတို့သည် နေ့နှင့်ညကို လှည့်စားသည်လား၊ နေနှင့်ညသည် နှစ်ခုပေါင်း၍ နာရီလက်တံများကို လှည့်စားနေသည်ပဲလား သူမမသေခြာပါ။ သေခြာ သည်က သူမအတွက် မိုးမလင်းသေးပါ။ မနက်ဟန်ဆောင်ထားသော ညတစ်ခုတည်း၌သူမ ရပ်နေသည်။
နာရီလက်တံများနှင့် တစ်ညလုံး (သို့) တစ်မနက်လုံး ခရီးထွက်ခဲ့သည့် သူမမျက်လုံးများသည့် ကျိန်းစပ်ဖန်ခါးနေသော်လည်း မှိတ်လိုက်ဖို့ကို ဝန်လိုက်နေကြ ပေဦးမည်။ သို့သော်မနက်ခင်းနှင့်အတူ နိုးထလာမည့် ကိုကိုနှင့်မဆုံတွေ့ဖြစ်အောင် သူမအိပ်ရာဝင်ရ မည်။
သူမနှင့် ကိုကိုကြား နံရံတစ်ချပ်ခြားလျှက် ရှိသည်။ နံရံတစ်ဖက်မှနေ၍ လှုပ်ရှားနိုးထလာမည့် ကိုကိုခြေသံကို နားစွင့်ခြင်းမှာ ကိုကိုအိပ်ရာထ ဘာများလုပ် မလဲသိလိုစိတ်ဖြင့် မဟုတ်ခြင်းမှာ သေခြာလွန်းပါသည်။ ပို၍ သေခြာစွာနားစွင့်မိသည် ကတံခါးဖွင့်သံ၊ သော့ဖွင့်သံ၊ သံတခါးဆွဲဖွင့်သံ၊ သံတခါးဆွဲပိတ်သံ၊ သော့ပြန်ပိတ်သံ၊ ..သည်အသံတို့ကို စိတ်စောစွာနားစွင့်မိခြင်းသက်သက်ပဲဖြစ်သည်။ သည်အသံများက ကိုကို အလုပ် (သို့) အလုပ်ဟုယူဆရသည့် နေရာတစ်ခုသို့ ဦးတည်၍ထွက်သွားပြီဖြစ် ကြောင်း၊ ကိုကို သည်အိမ်မှ ထွက်သွားပြီမှာသေချာကြောင်း ဖော်ညွှန်းနေသည်မို့ သူမ နားစွင့်မိခြင်းပင်။ သော့ပြန်ခတ်ပြီး သူမနည်းတူ သီးသန့် ပိုင်ဆိုင်ထားသော သော့တစ်စုံကို အိတ်ထဲထည့်၍ လှေကားမှဆင်းသွားဦးမည့် ခြေသံကို ခံစားချက်ကင်းမဲ့စွာ နားစွင့် ရသည်မှာ သူမ၏နေ့စဉ်တာဝန်ပင်ဖြစ်သည်။
ထိုခြေသံကို မကြားနိုင်တော့ကြောင်း သေချာသွားသည့်အခါ သူမ နှစ်ခြိုက် စွာ အိပ်ပျော်သွားလိမ့်မည်။ သူမသည် ညများထဲ၌ နာရီ မိနစ် စက္ကန့်များနှင့်အတူ ခရီးသွားနေရသူဖြစ်ပြီး နေ့များထဲ၌ အိပ်မက် မက်နေရသူဖြစ်ပါသည်။ ထိုအိပ်မက် များထဲမှ နိုးထပြီး နာရီ မိနစ် စက္ကန့်များနှင့်(မှန်ကန်စွာ) ပုံမှန်လည်ပတ် ခရီးသွား လိုပါသည်။
သို့သော် ကိုကိုနှင့် သူမအကြား နံရံတစ်ချပ်ခြားနေသည်မှာ ကြာလေပြီ။ ထိုနံရံသည် မှားယွင်းမှုပဲဖြစ်လိမ့်မည်။ ထိုနံရံကို ဖြိုခွင်းပစ်ချင်ပါသော်လည်း နံရံနှင့်အတူ ပြိုလဲကျမည့်သူက သူမကိုယ်တိုင်ဖြစ်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် မှားယွင်းမှု ဟု မသိမြင်သေးသော ကိုကို့ရဲ့မိုက်တွင်းနက်မှုကြောင့်ဖြစ်သည်။ ထိုမိုက်တွင်းနက်မှု မရပ်တန့်မချင်း သူမ မျှော်လင့်သည့် မနက်ဖြန်တို့ ဘယ်တော့မှရောက်လာမည် မဟုတ်ပါ။ မှားယွင်းမှုနံရံသည် တချိန်ချိန်တော့ သူ့အလိုလို ပြိုကျပျက်စီးမှာ အသေအချာပဲဖြစ်သည်။
သို့သော် အချိန်အတိုင်းအတာတစ်ခုထိ တည်တံ့နိုင်စွမ်းရှိသည်ကို သူမ အလိုမကျစွာ အံ့သြရပြန်လေသည်။ အံ့သြသည်နှင့်အမျှ နာကျင်ရပြန်သည်။ နာကျင်လွန်းစွာဖြင့် တစ်နေ့ နေ့၏ မနက်ဖြန်တစ်ခုဆီသို့ ရူးသွပ်စွာမျှော်လင့်နေသူမှာလည်း သူမပဲဖြစ်ပြန်သည်။
ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ နာရီလက်တံများနှင့်အတူ သေသပ်စွာနေသားကျ နေပြီမှာ သူမပဲဖြစ်သည်။ ထို့အတူ ထိုနာရီလက်တံများကို နေ့ရှိသရွေ့ အားကျစွာ (တနည်း)သနားကြင်နာစွာ မုန်းတီးနေဦးမည့်သူမှာ သူမပဲဖြစ်ပါတော့သည်။
စုမီအောင်
(၁၉၉၇၊ နိုဝင်ဘာ၊ ရုပ်ရှင်စတားမဂ္ဂဇင်း)
No comments:
Post a Comment