Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 11, 2014

မိန်းမနှင့် အမှန်တရား

စုမီအောင်
( မိန်းမ - ၂)

အခန်း(က)
            နှင်းဆီနက်ကဖေး၏ ထောင့်စွန်းစားပွဲခုံတစ်ခုံတွင် သူမ ထီးတည်း ထိုင်နေ သည်။ ဆူညံစွာ လှုပ်ရှား သက်ဝင်နေသည့် ပတ်ဝန်းကျင်သည် သူမနှင့် လားလားမှ မသက်ဆိုင်သကဲ့သို့ပင်။ သူမသည် သူမရှေ့ စားပွဲပေါ်ရှိ လက်ဖက်ရည်တစ်ခွက်ကိုသာ အသိမဲ့စွာ ငုံ့ကြည့်နေသည်။ မသောက်ရသေးသော အရောင်ရင့်ရင့် လက်ဖက်ရည်များက သူမအား ချိုခါးအေးစက်စွာ မော့ကြည့်နေသယောင်။
            ''တစ်ယောက်တည်းလား''
            နှုတ်ဆက်သံတစ်ခုက သူမရှေ့မှ ထွက်ပေါ်လာခဲ့သည်။ သူမ မော့မကြည့်ဖြစ်ပါ။ လက်ဖက်ရည်ခွက်ကိုသာ ငုံ့ကြည့်နေမိဆဲ။

          ''ကိုယ့်ကို ဒီမှာပဲထိုင်ခွင့်ပြုနော်၊ တခြားစားပွဲတွေ လူပြည့်နေလို့''
            ထိုင်ခုံ၏ရွေ့လျားသံနှင့်အတူ လူတစ်ယောက်၏အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရသည်။ လူမျက်နှာတစ်ခုကို နီးကပ်သောအနေအထားဖြင့် မြင်တွေ့လိုက် ရစဉ် အလွန်တရာပင် သူမ အံ့သြသွားတော့သည်။ ဒါဟာ တိုက်ဆိုင်မှုပဲလား။ ထိုလူ၏ မျက်နှာသည် သူမချစ်သူ၏မျက်နှာနှင့် ထူးဆန်းစွာ သွားတူနေခဲ့သည်။
            စိတ်စွဲလန်းမှုတစ်ခုကြောင့်ပဲလား။ ဖြစ်နိုင်ပါသည်။
            စိတ်ထင်တာပါလေ ဟု ဖြေသိမ့်တွေးရင်း အကြည့်များကို သူမ အမြန်ဆုံး လွှဲဖယ် ပစ်လိုက်သည်။ ခါးကိုလည်း သာမာန်ထက်ပိုကိုင်းကာ ခပ်ယို့ယို့ အနေအထားဖြင့် ပြောင်းထိုင်မိသည်။
          ''အို အို နေသာသလိုသာ နေပါလေ၊ ကိုယ်ရှိတဲ့အတွက်တော့ အနှောက်အယှက် မဖြစ်စေချင်ပါဘူး''
            သူမကတော့ အကြည့်များကို လွှဲဖယ်ထားမြဲ။ စားပွဲထိုးချာတိတ် တစ်ယောက်ကို ကျဆိမ့်တစ်ခွက်ဟု လှမ်း၍မှာသံကြားသည်။
          ''ခုလို တစ်စားပွဲတည်းထိုင်မှတော့ ကိုယ်တို့ စကားစမြည် ဆိုကြရအောင်လား၊ မိတ်ဖြစ်ဆွေဖြစ်ပေါ့'' 
            ထိုစကားကိုကြားသည်နှင့် သူမ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ မိတ်ဖြစ်ဆွေ ဖြစ်ဆိုသောစကားကို သူမ နှစ်မြို့ခြင်းမရှိပါ။ သူမအနေဖြင့် မည်သူနှင့်မျှ မိတ်ဆွေ မဖြစ်လိုပါ။ တိပစွာဆိုရလျှင် သူမ၏ချစ်သူနှင့် ခပ်ဆင်ဆင်တူသည့် ယောက်ျားများကို သူမ ပိုလို့ မိတ်ဆွေမဖြစ်လိုပါ။ တုံ့ပြန်စကား တစ်ခွန်းမှမဆိုလေသော သူမအား ထိုလူကတော့ လက်လျော့ချင်ပုံမရ။
          ''ညနေတိုင်း ဒီဆိုင်ကို လာ လာထိုင်တတ်တယ်နော်၊ ကိုယ် သတိထားမိတာ ကြာပြီ၊ ကိုယ် မင်းနဲ့ခင်မင်ရင်းနှီးခွင့် ရချင်တယ်''
            ပြောပြောဆိုဆို စားပွဲထိုးကောင်လေး လာချပေးသော လက်ဖက်ရည်ကိုမှုတ်၍ ထိုလူက တစ်ကျိုက် မော့သောက်လိုက်သည်။
            သူမ ကိုယ်လေး ဆတ်ခနဲတုန်ယင်သွားသည်။ မိတ်ဖြစ်ဆွေဖြစ်ဆိုတာကိုပင် လက်သင့်မခံလိုသော သူမအဖို့ ထပ်မံကြား လိုက်ရသည့် ခင်မင်ရင်းနှီးချင်တယ် ဆိုသော စကားအပေါ် မည်သို့မျှသည်းသည်းခံ၍ မရတော့ပါ။ မိတ်ဖြစ်ဆွေဖြစ် ဖြစ်လိုခြင်း၏ နောက်ကွယ်တွင် အကြံအစည်တစ်ခုရှိရမည်ဟု သူမ သိရှိထားသည်။ ယောက်ျားပျို တစ်ဦးအနေဖြင့် မိန်းမပျိုလေးတစ်ယောက်အပေါ် ခင်မင်ရင်းနှီးလိုခြင်းသည် အကြောင်းမဲ့ တော့ လုံးဝမဟုတ်နိုင်။ သူမထံမှ တစ်စုံတစ်ရာ အလိုရှိ၍သာဖြစ်နိုင်သည်။ ထို တစ်စုံတစ်ရာ သည်လည်း အချစ် ဆိုသောအရာမှတစ်ပါး အခြားမဖြစ်နိုင်ဟု သူမ ယူဆထားသည်။
            မဖြစ်နိုင်ပါ။
            သူမ မည်သူ့ကိုမျှ မချစ်နိုင်တော့ပါ။ သူမ၌ ချစ်သူရှိခဲ့ပြီး ဖြစ်နေလေပြီ။
            ထိုအခါ အကောင်းဆုံးက သည်နေရာကထွက်သွားဖို့ပဲဖြစ်သည်ဟု သူ စဉ်းစား မိလိုက်သည်။ ရုတ်တရက် သူမ ထရပ် လိုက်ပြီး လက်ကိုင်အိတ်အတွင်းမှ ငါးကျပ်တန် တစ်ရွက် ထုတ်ယူကာ လက်ဖက်ရည်ပန်းကန်ပြားအောက်တွင် ဖြန့်ထည့်ထားခဲ့ လိုက်သည်။ သူ့အား အရေးလုပ် နှုတ်ဆက်နေရန်အကြောင်းမရှိ။ ရိုင်းပျသည်အထင်ခံရ မည်ထက် သူနှင့်မိတ်ဆွေမဖြစ်ရေးသည်သာ ခုနေခါ ပိုအရေးကြီးနေပါသည်။ သူရှိနေသည့် နှင်းဆီနက်ကဖေးကို ကျောခိုင်းကာ သူမ ထွက်လာခဲ့တော့သည်။
                                                xxxxx
            လမ်းမပေါ် ခြေချသည်နှင့် မိုးစက်တချို့က သူမ မျက်နှာပေါ်တဖွားဖွားကျ လာသည်။ သူမ စိတ်ညစ်သွားခဲ့သည်။ မကြာခင်ပင် သဲကြီးမဲကြီးရွာချတော့မည့် မိုး၏အငွေ့အသက်ကိုရိပ်စားမိလေသောအခါ မြန်မြန်လျှောက် မျှဖြစ်မည်ဟု တွေးကာ ခြေလှမ်းများကို ခပ်သံက်သွက်လှမ်းလိုက်သည်။
            တစ်နေရာသို့အရောက် မော်တော်ဆိုင်ကယ်တစ်စီးသည် သူမအနီးအပါးမှ ပွတ်ကာသီကာ ဖြတ်သွားသည်ကို သူမ တွေ့လိုက်ရသည်။
            ''ဘယ်လိုလူပါလိမ့် ဒီလောက်လမ်းကျယ်နေတဲ့ဟာ''
            ထိုဆိုင်ကယ်သည် သူမအား ကျော်တက်ကာ ကိုယ့်ခရီးကိုယ်ဆက် မောင်းနှင် ရမည့်အစား အရှိန်ကိုလျော့ချပစ်ကာ သူမနှင့်ယှဉ်၍ ဖြည်းညင်းစွာ မောင်းလိုက်လာသည်။
            ''ဟေ့ မိုးတွေသည်းတော့မယ်၊ အိမ်ကိုအမြန်ဆုံးပြန်ရောက်အောင် ကိုယ်ပို့ ပေးရမလား''
            သူ့အသံက စက်သံကြားမှ ဖောက်ထွက်လာသည်။ ဆိုင်အတွင်း သူမ ထားရစ် ခဲ့သော ထိုလူတစ်ယောက်သည် ယခုမူ သူမနံဘေးသို့ ရောက်ရှိလို့နေလေပြီ။ သူမသည် အလွန်အမင်း စိတ်ကျဉ်းကျပ်သောပုံစံဖြင့် 'မလိုပါဘူး'ဟုခပ်ဆတ်ဆတ်ပြောရင်း တစ်ချက် လှည့်အကြည့်တွင် တစ်ကိုယ်လုံးရှိသွေးကြောများ ရပ်တန့်သွားမတတ် တုန်လှုပ်ချောက်ချား သွားရတော့သည်။ သူမနှုတ်ဖျားမှနေ၍ 'ဘုရား ဘုရား'ဟုတီးတိုးရေရွတ်မိသည်အထိ အမှန်ပင် ထိတ်လန့်သွားခဲ့သည်။ ဒီလူ သူမ၏ချစ်သူနှင့်တူနေတာ စိတ်ထင်လို့ဖြစ်မှာပါ ဟူသော စောစောက ဖြေသိမ့်အတွေးသည် ရုတ်ခြည်းပင် လွင့်စဉ်သွားရလေပြီ။
            လူသာမက သူစီးခဲ့သော ဆိုင်ကယ်သည်ပင် သူမချစ်သူ၏ဆိုင်ကယ်နှင့် တစ်ပုံ စံတည်းပင်။ ချစ်သူစီးနေကျ ငွေရောင် ကာဝါစကီဆိုင်ကယ်နှင့်အတူ သူ့အား မြင်တွေ့ လိုက်ရသည်မှာ သူမအဖို့ ကံဆိုးမိုးမှောင် ကျခြင်းပေပဲလား။ ချစ်သူနှင့်တူလွန်း သော လူတစ်ဦးသည် သူမ၏အိမ်အပြန်ကို လိုက်ပို့ပေးခွင့်ရရန် မိုးသည်းသည်းတွင် ဇွဲကောင်းကောင်းပုံစံနှင့် လိုက်လံတောင်းဆိုနေ လေပြီ။
            ရုတ်တရက် ခေါင်းထဲက မူးနောက်ရီဝေကာ လာ၏။ အရှိန်အဟုန်ပြင်းပြင်း မောင်းနှင်ဖြတ်သန်းလာသည့် ဆိုင်ကယ်စက်သံ များကလည်း သူမနားအတွင်း၌ ဆူညံပွက် လောရိုက်ကာ ကြားနေရပြန်သည်။ အရှိန်အဟုန်သည် တဖြည်းဖြည်းမြင့်တက်လာ..၊ ဆိုင်ကယ်စက်သံများသည် တဖြည်းဖြည်း ညံသထက်ညံလာ..။ ထို့နောက် တစ်စုံတစ်ခု နှင့် ဝင်တိုက်မိသကဲ့သို့ ဝုန်းခနဲ အသံတစ်သံကို ကြားလိုက်ရကာ အသံများအားလုံး ပြန်လည်ငြိမ်သက်သွားပြန်သည်။
            'လိုက်ပို့ပေးမယ်'ဆိုသောအသံက သူမနံဘေးမှ ထွက်ပေါ်လာပြန်သည်။ သူမ ခေါင်းကိုတွင်တွင်ခါယမ်းကာ ကြောက်လန့်တကြားပုံစံဖြင့် အော်ဟစ်လိုက်သည်။
          ''ဟင့်အင်း ဟင့်အင်း မပို့နဲ့၊ ရှင်ပို့စရာမလိုဘူး၊ ကျွန်မ ဆိုင်ကယ်လည်း ဘယ်တော့မှ မစီးဘူး''
            စကားအဆုံးတွင် ထိုနေရာမှ သူမ အပြေးတပိုင်း ပြေးထွက်ခဲ့တော့၏။ ဒုတိယအကြိမ် သူ့အား ထားရစ်ခဲ့ကာ သူမထွက်လာခဲ့ ပြန်ပါပြီ။ အတန်ငယ်ဝေးသွားမှ သူမ မဝံ့မရဲလှည့်ကြည့်မိသည်။ လာလမ်းအတိုင်း လှည့်ပြန်သွားသည့် ဆိုင်ကယ်တစ်စီးကို ခပ်ဝါးဝါး မြင်ရသည်။
            ''ဟူး တော်ပါသေးရဲ့''
            သူမ ခြေလှမ်းမှန်မှန်ဖြင့် စိတ်ချလက်ချ ဆက်လျှောက်လာခဲ့သည်။ ထိုအခိုက် မိုးသည် ထန်ပြင်းစွာ ရွာချပြန်သဖြင့် ခြေလှမ်းကိုအကြဲဆုံး လှမ်းကာ အမြန်ဆုံးလျှောက် သည်။ မည်မျှအတွေးလွန်ကာ လျှောက်နေမိသည်မသိ တစ်စုံတစ်ယောက်၏ စောင့်ကြည့် ခြင်းကို ခံရသကဲ့သို့ စိတ်တွင်ဖြစ်ပေါ်လာသဖြင့် ဟိုဟိုသည်သည် မျက်လုံးဝေ့ကြည့်မိ လိုက်သည်။ မိုးရေထဲတွင် ထီးကိုယ်စီဖြင့် ကိုယ့်လမ်းကိုယ်သွားနေကြသော လူ တစ်ယောက်စ နှစ်ယောက်စကိုသာ တွေ့နေရသည်။
            ခပ်ဝေးဝေးမှလိုက်လာသည့် အသံများ...။
          ''ပြေး..ပြေး လူသတ်သမား လိုက်လာပြီ...''
            နားထဲတွင် အသံများကို ဆူညံစွာကြားနေရပြန်သည်။ စိတ်ထဲတွင် အကြီး အကျယ် တုန်လှုပ်ချောက်ချားလာကာ နောက်ဖက်သို့ လှည့်အကြည့် ဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းထားသည့် လူတစ်ယောက် သူမ ဘက်သို့ လျှောက်လှမ်းလာနေသည် ကို တွေ့ရသည်။
            ဘုရား ဘုရား....သူ ဘယ်သူလဲ...။ စောစောက အသံများသည် ဘယ်က ထွက်ပေါ်လာခဲ့သလဲ..။ ပြေး ပြေး လူသတ်သမားလာပြီ လို့ကြားလိုက်တာ သေချာပါသည်။ လူသတ်သမားသည် အခု သူမအနောက်က လိုက်လာသူပဲလား...။
            ခြေလှမ်းများကို သည့်ထက်ပို၍ မြန်မြန်လှမ်းလိုက်သည်။ ခပ်ပြင်းပြင်း ခြေသံ တစ်စုံသည် မိုးသံများအကြားမှ ဖောက်ထွက်လာကာ သူမနောက်မှ လျင်မြန်စွာ ကပ်ပါလာနေသည်ကို သူမ သိရှိလိုက်ရသည်။ စောစောကထက် ပို၍မြန်မြန်လှမ်းလိုက် သည်။ မလုံမလဲစိတ်ဖြင့် လှည့်ကြည့်မိပြန်သည်။
            အမလေး..ဘုရားသခင်..
            ထိုလူသည် သူမနှင့်အနီးကပ်ဆုံးနေရာတွင် ထိတ်လန့်ဖွယ်ရာ ရောက်ရှိနေလေပြီ။
            ထိုလူ့မျက်နှာ အနေအထားကို အတိအကျမြင်လိုက်ရသော အခိုက်အတံ့လေး၌ သူမ၏မျက်နှာသည် သွေးဆုတ်ကာ ဖြူရော်ရော်ဖြစ်သွားတော့သည်။
            သူ...သူ...နှင်းဆီနက်ကဖေးမှာ တွေ့ခဲ့တဲ့သူ...ငွေရောင်ဆိုင်ကယ်နှင့်လူ...
အခုတော့ လူသတ်သမားပုံစံဖြင့် သူမအနားတွင်ရောက်နေလေပြီ။
            မိုးစက်များကြားမှ မြင်နေရသော မျက်နှာသည် ကဖေးဆိုင်လေးမှာ တွေ့ခါစတုန်းက ချိုချိုသာသာ ပုံစံနှင့် ဆန်ကျင်စွာ ခုချိန်မှာ တင်းမာ ခက်ထန်လွန်းနေ သည်ကို သူမ အံ့သြစွာတွေ့ရသည်။ ခုချိန်မှာ သူလိုချင်သောအရာသည် သူမနှင့် ခင်မင်ရင်းနှီးခွင့်သော်လည်းကောင်း၊ သူမ၏အချစ်သော်လည်းကောင်း မည်သည့်အရာမှ မဖြစ်နိုင်တော့ကြောင်း သူမ သိရှိလိုက်ရပြီဖြစ်၏။
            ဒါဖြင့် သူမထံမှ သူ ဘာအလိုရှိနိုင်သလဲ...။
            တင်းမာလွန်းသည့်မျက်နှာ၊ တစ်စုံ တစ်ရာ စကားဆိုချင်ဟန်မရှိ သွေးအေးလွန်း နေသည့်အပြုအမူ၊ အဆိုးဆုံးက အင်္ကျီအိတ် ထဲ ခုချိန်ထိထည့်ထားမြဲဖြစ်သော သူ့လက်များ။ မရိုးသားသော သည်လက်များကို သူမ အရင်ဆုံး သံသယဝင်လာသည်။ သူမအား အန္တရာယ်ဖြစ်စေသည့်လက်နက်တစ်ခုခု ထိုအင်္ကျီအိတ်ထဲတွင် အသေအချာရှို နိုင်သည်ဟု တွေးမိလိုက်သည်နှင့်တစ်ပြိုင်နက် သူမမှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။ တုန်ခိုက်နေအောင် ကြောက်လွန်းသဖြင့် သူမ ထပ်မံလှည့်မကြည့်ရဲတော့ပါ။ ထိုလူ သည် တစ်ယောက်တည်းဖြစ်နေသော သူမကို...။ အို သူမ ရှေ့ဆက်မစဉ်းစားဝံ့တော့ပါ။ ကြောက်စိတ်ဖြင့် တစ်ကိုယ်လုံးတုန်ယင်လာကာ ဒူးများပင် ညွတ်ခွေမတတ်ရှိတော့သည်။
            ဘာသဘောနဲ့များ သူမအနောက်မှာ ကပ်ပါလာနေရတာလဲ။ အနီးအနားမှာ အိမ်တွေကလည်း မရှိ။ ကားကလည်းပြတ်နှင့် လမ်းမကြီးပေါ်တွင် သူမတို့နှစ်ဦးတည်းသာ ရှိနေသည်။
            ထိုအခိုက် အန္တရာယ်၏အငွေ့အသက်ကို အလိုအလျောက် ခံစား သိရှိလိုက်ရ သည်နှင့် တစ်ပြိုင်နက် သူမ ကြောက်အားလန့် အားဖြင့် စွတ်ရွတ်ပြေးထွက်ခဲ့တော့သည်။နားထဲတွင် ပြေး..ပြေး ဟူသောအသံများကိုလည်း အဆက်မပြတ်ကြားနေရပြန်သည်။ တစ်စုံတစ်ယောက်ကြားလိမ့်နိုးနိုး အော်ဟစ်အကူအညီတောင်းရန် ကြိုးစားသော်လည်း အချည်းနှီးပင်။ ပွက်ပွက်ညံနေသည့် မိုးသံများ အောက်တွင် သူမ၏အော်ဟစ်သံသည် အကျိုးမထူးပါ။ အားတင်း၍ သေလုမြောပါးပြေးနေရသော်လည်း ခြေလှမ်းများက တစ်ချက် တစ်ချက် ယိုင်ထိုးချည့်နဲ့ချင်လာသည်။ ခြေဦးတည့်ရာပြေးနေရင်းက လမ်းချိုးတစ်ခုကိုတွေ့မိသည်နှင့် သူမ ချိုးကွေ့ပြေးဝင်လိုက်ပြန် သည်။ ကံကောင်း ထောက်မစွာပင် သူမ ပြေးဝင်လိုက်သော လမ်း၏ဝဲဘက်တစ်နေရာတွင် ခံ့ခံ့ညားညား အိမ်တစ်ဆောင်ကို တွေ့ရ သည်။
            သူမသည် ထိုအိမ်ရှေ့သို့ အားစိုက်ရုန်းကန်လျက် အရောက်ပြေးသွားလိုက်သည်။ မီးထိန်ထိန်လင်းနေသောအိမ်၏ အောက် ထပ်မှ ဘာဂျာသံတံခါးသည် ထူးထူးဆန်းဆန်း ခပ်ဟဟပွင့်နေပါသည်။ ထိုအခါ တွေဝေ ဆိုင်းငံ့မနေတော့ဘဲ ဘာဂျာသံတံခါးကို 'ဂျန်းခနဲ' အမြန်ဆုံးဆွဲဖွင့်ကာ ပြေးဝင်လိုက်တော့၏။
            တံခါး၏အနောက်တွင် မိန်းမတစ်ယောက်ရပ်လျက်နေသည်ကို တွေ့ရသဖြင့် သံတံခါးကို လက်ညှိုးထိုးပြကာ အမြန်ဆုံး သော့ပြန်ပိတ်ပေးပါရန် ထိုမိန်းမထံသို့ သူမ အော်ပြောလိုက်သည်။ ထိုမိန်းမသည် သူမ ပြောသည့်အတိုင်း သံတံခါးကိုဆွဲပိတ်သော့ ခတ်၍ အတွင်းတံခါးတို့ကိုပါ လျင်မြန်စွာ ဂျက်ချလိုက်သည်။ ကျေးဇူးတင်သည့် မျက်လုံးအစုံနှင့် ရပ်ကြည့်နေသည့် သူမအား ထိုမိန်းမက ကြင်နာစွာ တွဲခေါ်လာသည်။ ထို့နောက် နွေးထွေးသော အဝတ်တစ်စုံထုတ်ပေးကာ သူမ၏ မိုးရေ စိုရွှဲနေသော အဝတ်များ ကို လဲလှယ်ဝတ်ဆင်စေသည်။ သည့်နောက် သူမအား ဧည့်ခန်းတစ်ခုတွင် နွေးထွေးငြိမ်သက်စွာ အနားယူစေသည် အနည်းငယ် နေသာ ထိုင်သာရှိလေမှ ရောက်နေသော ပတ်ဝန်းကျင်ကို သူမ သတိပြုမိတော့၏။ ကြင်နာပုံရသော မိန်းမသည် သူမအနားတွင် ထိုင်ကာ သူမ၏ လက်ဖဝါးများကို ဆုပ်ကိုင်ထားလိုက်သေးသည်။ မျက်နှာချင်းဆိုင်က အိမ်ခန်းတံခါး အပေါက်ဝတွင် သူမအား စိုးရိမ်သည့်မျက်ဝန်းများဖြင့်စောင့်ကြည့်နေသည့် လူကြီးတစ်ယောက်ကို သူမ အသေအချာပင် မြင်လိုက်မိသေးသည်။
            သူမ အံ့သြရသည်က ထိုမိန်းမနှင့်လူကြီး နှစ်ဦးစလုံးသည် သူမအား 'ဘာကိစ္စများ ဖြစ်ခဲ့သလဲ'ဟု တစ်စက်ကလေးမှ မေးဖော်မရခြင်းပင်တည်း။ ဒုက္ခရောက်လာပုံရသော သူမကို ရိပ်စားစာနာမိ၍ ဖြစ်ကြောင်းကုန်စင်ကို မမေးလျှင်တောင်မှ အနည်းဆုံး 'မင်းဘယ်သူလဲ' ဆိုတာလောက်တော့ မေးကိုမေးသင့်သည်ဟု သူမ ထင်မိသည်။ သူမဟာ မဖိတ်မခေါ်ပါဘဲနှင့် ရုတ်တရက်ဝင် ရောက်လာသော ဧည့်သည် မိန်းကလေး မဟုတ်ပါလား။ ယခုမူ သူမအား ဘာဆိုဘာမှ စုံစမ်းမေးမြန်းခြင်း မရှိကြပါ။ သူမ၏ဖြစ်အင်ကို သိရှိပြီးဖြစ်နေ၍လား၊ သိလိုစိတ် မရှိ၍ပဲလား။ သူမ တစ်စက်ကလေးမှ နားမလည်တော့ပါ။
            ပို၍ထူးဆန်းနေသည်က ထိုမိန်းမနှင့် ထိုလူကြီး နှစ်ဦစလုံးသည် သူမ အပေါ်သူစိမ်းဆန်သော အပြုအမူမျိုး လုံးဝ မတွေ့ရခြင်းပဲဖြစ်တော့သည်။ ယခင်ကတည်းက ရင်းနှီး ကျွမ်းဝင်ဖူးသယောင် ပြုမူဆက်ဆံကြသည်ကို သူမ အံ့သြ၍ မဆုံးတော့ပါ။ သို့သော် သူမအဖို့တော့ ရင်းနှီးကျွမ်းဝင်ခြင်း၊ သူစိမ်းဆန်ခြင်းတို့သည် အဓိက မကျလှပါ။ လောလောဆယ် ဤနေရာသည် သူမအတွက် လုံခြုံစိတ်ချရသော နေရာဖြစ်ရန်သာ အရေးကြီးနေပါသည်။
            သူမ တစ်ကိုယ်တည်းတွေးနေစဉ် လူကြီးသည် ထိုင်ရာမှ ထသွားပြန်သည်။ အခန်းထဲတွင် သူမနှင့် မိန်းမကြီးတို့သာ ကျန်ရစ်ခဲ့သည်။ ထိုမိန်းမအား ကျေးဇူးစကားဆို ရန် သူမ အားယူလိုက်စဉ်မှာပင်..
            ''မှီမှီမှီ...မီဝါ၊ မီဝါ လာ ဒီကိုလာခဲ့''
            ထိုမိန်းမ၏ခေါ်သံကြောင့် သူမ နောက်သို့လှည့်ကြည့်လိုက်ရာ တစ်ကိုယ်လုံး ရွှေဝါရောင်အမွေးဖွားလေးများနှင့် ချစ်စရာ ကြောင်လေးတစ်ကောင်ကို တွေ့ရသည်။ မီဝါဆိုသော  ထိုကြောင်လေးသည်  သူ့အား တမှီမှီဖြင့် လှမ်းခေါ်နေသည့်မိန်းမထံသို့ ချက်ချင်းမသွားသေးဘဲ သူမအနားသို့အပြေးလာကာ သူမခြေထောက်များကို ဦးခေါင်းဖြင့်တိုးဝှေ့ကာ ရွှင်မြူးသောပုံစံဖြင့် ပွတ်သပ်ဆော့ကစားနေတော့သည်။ ထို ကြောင်လေး၏ပုံစံက ပြုနေကျအပြုအမူကို အေးအေးလူလူပြုမူနေဘိသကဲ့သို့ ရှိကြောင်း ထူးဆန်းဖွယ်ရာ တွေ့ရ၏။ ကြောင်လေးထံမှ နွေးထွေးသော အထိအတွေ့ကြောင့် ထင်ပါသည်၊ မိုးရေကြောင့်အေးစက်ထုံကျင်နေခဲ့သော သူမ၏ခြေဖဝါးများ တမဟုတ်ချင်းပင် နွေးထွေးလာတော့သည်။ ကြောင်လေး၏လည်ကုပ်ကို အသာအယာ ပြန်၍ပွတ်သပ်ပေးနေရင်းက ကျေးဇူးစကားကို စိတ်တွင် တိတ်တခိုး ရွတ်ဆိုနေမိသည်။
            စောစောကထွက်သွားသော လူကြီးသည် နွားနို့တစ်ခွက်နှင့်အတူ ဧည့်ခန်း တွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
            ''သမီးလေး ရော့၊ ဘာမှ စဉ်းစားမနေနဲ့၊ နွားနို့ပူပူလေးသောက်ပြီး သွားအိပ် နေလိုက်ဦးပေါ့''
            လူကြီးက ကြင်နာဟန်အပြည့်ဖြင့်ဆိုကာ နွားနို့အပြည့်ထည့်ယူလာသည့် ဖန်ခွက်ကို သူမထံ ကမ်းပေး၏။ သူမ လှမ်းမယူဖြစ်ဘဲ ကြောင်စီစီသာကြည့်နေမိသည်။ ဘယ်ကဘယ်လိုရောက်လာမှန်း မသိသော သူစိမ်းဧည့်သည်တစ်ယောက်အပေါ် ဤမျှ ဂရုတစိုက်ရှိလှသည်မှာ မယုံနိုင်စရာပင် ကောင်းနေတော့သည်။ လူကြီးလက်ထဲမှ နွားနို့ဖန်ခွက်ကို မိန်းမကြီးက အလိုက်သင့်လှမ်းယူပေးကာ သူမအား ပူပူနွေးနွေး သောက်စေသည်။ သူမ နောက်ထပ် ဘာမှစဉ်းစားမနေတော့ပါ။ နွားနို့များကို ဖြည်းဖြည်းချင်း မော့သောက်ပစ်လိုက်တော့သည်။
            လူကြီးက ဟန်ဆောင်မှုမရှိသည့် သူမပုံစံအား နှစ်ခြိုက်သဘောကျသွားဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်ကာ ပြုံးလျက်ကြည့်နေကြောင်း သူမ မြင်လိုက်သည်။
          ''ကိုင်း..ဘာကိုမှ စဉ်းစားမနေနဲ့တော့သမီးလေး၊ အိပ်ပျော်သွားအောင်သာ သွားအိပ်ချေပါ၊ မိုးလင်းမှ စကားပြောကြတာပေါ့''
            လူကြီး၏စကားကိုကြားသည်နှင့် သူမ မျက်မှောင်ကုတ်သွားမိသည်။ စောစော ကလည်း ဘာမှစဉ်းစားမနေနဲ့ ဟုသူ ပြောခဲ့သည်။ ယခုလည်း ဘာကိုမှ စဉ်းစားမနေနဲ့ ဟုပြောပြန်ပြီ။ ဧကန္တ သူမ၏အတွင်းစိတ်ကို ထိုးထွင်းသိရှိနေ၍ပဲလား။ သူမ စိတ်တွေ ရှုပ်ထွေးသွားသော်လည်း လောလောဆယ်မှာတော့ လူကြီး၏စကားကို နာခံသည့်အနေဖြင့် နေရာမှ ဖြည်းညင်းစွာထရပ်လိုက်သည်။ သူမအား မိန်းမကြီးက အိပ်ခန်းတစ်ခုသို့ တွဲခေါ်လာခဲ့သည်။ သူမ နောက်မှ ကြောင်လေးမီဝါလိုက်လာသည်ဟု သူမ သိလိုက်သည်။
            သူမ ခုတင်ပေါ်သို့လှဲမအိပ်မီ ဘယ်လက်တွင်ပတ်ထားသည့် ရွှေရောင် နာရီလေးဆီသို့ အကြည့်တစ်ချက်ရောက်သည်။ ခုနစ်နာရီထိုးရန် တစ်ဆယ့်ငါးမိနစ်အလို။
            ထိုအချိန်သည် လူတစ်ယောက်အတွက် အိပ်ရာဝင်ရန် သိပ်ကို စောလွန်းနေ ပါသေးသည်။ သူမ မအိပ်ချင်သေးပါ။ အိပ်၍မပျော်ချင်သေးပါ။ မကြာခင်ကမှ ဖြစ်ပျက်ခဲ့ သော တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ကြောင်းကုန်စင်ကို တစ်စုံတစ်ယောက်ထံရင်ဖွင့် ပြောပြချင်သေးသည်။ သို့သော် မည်သူမျှ သူမအဖြစ်ကို မေးဖော်မရသည်က ဆိုးလှ၏။ မည်သို့ပင်ဆိုစေကာမူ ထိုမိန်းမကို အနည်းဆုံး ကျေးဇူးတင်ကြောင်းတော့ ပြောဖြစ်အောင် ပြောဖို့ ကောင်းနေပြီ ဟုတွေးစဉ်မှာပင် ထိုမိန်းမက ခုတင်ခြေရင်းမှ ဝါဂွမ်းစောင်ကိုဆွဲယူကာ သူမကိုယ်ပေါ်သို့ ယုယစွာလွှမ်းခြုံပေးနေလေပြီ။ သူမ စကားဆိုရန် မကြိုးစားနိုင်တော့ပါ။  သောက်ခဲ့ရသော နွားနို့တွင် အိပ်ဆေးတစ်စုံတစ်ရာ ပါဝင်ဘိသကဲ့သို့ ချက်ချင်းလက်ငင်း အိပ်ငိုက်လာသည်မှာ ထူးဆန်းလှသည်။ သူမ အနားယူဖို့တော့ လိုပြီ။ မျက်လုံးများကိုသာ စိတ်ချလက်ချ မှိတ်ချလျက် အိပ်ပစ်လိုက်တော့သည်။
            ''သမီးလေးကို စောင့်အိပ်ပေးလိုက်ဦးနော် မီဝါ''ဟူသော အသံကို ခပ်သဲ့ သဲ့ကြားလိုက်ရပြီးသည့်နောက် သူမ ဘာဆိုဘာမှ မသိတော့ပါ။
                                                xxxxx
အခန်း(ခ)
            သူမ အိပ်ရာမှနိုးနိုးချင်း ပြုနေကျအကျင့်အတိုင်း လက်ကနာရီကိုကြည့်လိုက်မိ သည်။ သူမ၏ဘယ်ဘက်လက်ကောက်ဝတ်၌ သူမ ပတ်နေကျ ရွှေရောင်နာရီလေး ရှိမနေခဲ့ပါ။ ဟိုဟိုသည်သည်ကြည့်လျှင် ခုတင်ခေါင်းရင်းစားပွဲပေါ်မှ နာရီကိုမြင်သည်။   နံနက် ခြောက်နာရီ။ ညခုနစ်နာရီကတည်းက သူမအိပ်ပျော်သွားခဲ့သည်ဆိုတာကို  တော့ သတိရမိပါသေးသည်။ တစ်အိမ်လုံး သူမ တစ်ဦးတည်းသာ အစောဆုံးနိုးနေခြင်း ဖြစ်နိုင်သည်။ မီဝါ..ကြောင်လေးမီဝါ...။ မီဝါ့ကိုသတိရမိသောအခါ သူမ တစ်ခန်းလုံးအနှံ့ လိုက်ကာရှာသည်။ သူမကို စောင့်အိပ်ပေးဖို့ သူ့သခင် မိန်းမကြီးက မှာထားခဲ့သော်လည်း မီဝါသည် တကယ်တန်းမှာ သူမကို စောင့်အိပ်မပေးခဲ့ပါ။ သြော်..သူလည်း ညရေးညတာ ကိစ္စလေးတွေ ရှိရှာမပေါ့..ဟု တွေးမိတော့ သူမ သဘောကျသွားကာ တစ်ကိုယ်တည်း ပြုံးလိုက်မိသေးသည်။
            လောလောဆယ် သူမ အလွန်အမင်း ဗိုက်ဆာနေတာက ခက်သည်။ အိမ်ရှင်တွေ မနိုးခင် ဧည့်သည်က အရင်နိုးနေတော့ အခက်တွေ့ရပေပြီ။ ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ စားရမှဖြစ်လိမ့်မယ် ဟုစဉ်းစားကာ မီးဖိုခန်းရှိရာဘက်သို့ ထွက်လာခဲ့သည်။ မီးဖိုခန်းကို အထွေအထူးရှာဖို့ မလိုခဲ့ပါ။ မီးဖိုခန်းအတွင်းဝယ် စားပွဲတစ်လုံးနှင့် ထိုင်ခုံသုံးလုံး ကိုတွေ့ရသဖြင့် သည်အိမ်တွင် အနည်းဆုံးအိမ်သားသုံးယောက်တော့ရှိရမည်ဟု သူမ တွက်ဆထားလိုက်သည်။ မနေ့ညက ဤအိမ်သို့ သူမ ရောက်ခဲ့စဉ်ကမူ လူကြီးနှင့် မိန်းမကြီးတို့ နှစ်ဦးကိုသာ တွေ့ခဲ့ရ၏။ ကျန်တစ်ဦးနှင့် သူမ မတွေ့ရသေးပါ။
            စားပွဲပေါ်ရှိအုပ်ဆောင်းကို လှပ်လိုက်ရာ ပန်းကန်ပြားတစ်ချပ်တွင် ကိတ်မုန့် တစ်လုံးနှင့်အတူ ခပ်ပါးပါးဓားတစ်ချောင်းကို အဆင်သင့်တွေ့ရသည်။ ရှက်ရွံ့ချုပ်တည်း မနေနိုင်တော့ဘဲ ကိတ်မုန့်တစ်ချပ် အရင်ဆုံးလှီးကာ စားပစ်လိုက်သည်။ အိမ်ရှင်လူကြီးနှင့် မိန်းမကြီးတို့တွေ့လျှင် ခွင့်မတောင်းဘဲ ပိုင်စိုးပိုင်နင်းစားသည့် သူမကို မည်သို့ သဘောထား ကြလေမည်နည်း။ ကြည်ဖြူစွာ ခွင့်လွှတ်ရန် အခွင့်အလမ်းများနိုင်ပါသည်ဟု စိတ်ကို ဖော့တွေးထားလိုက်သည်။
            ကိတ်မုန့် နောက်တစ်ချပ်လှီးလိုက်စဉ်မှာပင် သူမဆီ အမြီးတနန့်နန့်ဖြင့် ပြေးလာနေသည့် ကြောင်လေးမီဝါကို မြင်လိုက်သည်။
            ''ကြည့်စမ်း နင်ဘယ်လျှောက်သွားနေတာလဲ မီဝါ၊ ငါအိပ်နေတာကို စောင့် မပေးဘူးပေါ့လေ၊ ဗိုက်ဆာမှပဲ ရောက်လာတော့တယ်ပေါ့၊ ကဲ ရော့ စား..စား''                     
ရယ်ရယ်မောမောပြောဆိုရင်း သူမက ကိတ်မုန့်တစ်ချပ်ကို ကြမ်းပြင်သို့ ပစ်ချ ကျွေးလိုက်သည်။ အမြီးတလှုပ်လှုပ်၊ ခေါင်းတလှုပ်လှုပ်ဖြင့် တို့ကာထိကာသာ စားနေသော ကြောင်လေး မီဝါကိုကြည့်ရင်း သူမ အားမလိုအားမရ ဖြစ်လာသည်။
            ''မြန်မြန်စားစမ်းပါမီဝါရာ..ငါ အရမ်းဆာနေတယ်၊ နင် အဲဒီတစ်ချပ်ကုန်မှ ငါလည်း နောက်တစ်ချပ်ထပ်စားမယ်၊ နင်က ဒီအိမ်ကအရှင်သခင်၊ ငါ့ရဲ့ကျေးဇူးရှင်လေး ဆိုတော့ ညီတူမျှတူပေါ့ ဟုတ်ပြီလား'' 
            သူမစကားကို သူမဘာသာ သဘောကျစွာ တစ်ကိုယ်တည်း ရယ်မောနေ ပြန်သည်။
            ဤသို့ဖြင့် သူမက တစ်ချပ်စားလိုက် ကြောင်လေးမီဝါကို တစ်ချပ်ကျွေးလိုက်နှင့် သူမ ဝမ်းဗိုက်ထဲသို့ ကိတ်မုန့်လေးချပ်တိတိ ရောက်သွားပြီးနောက် အာဂလောင်တွင် တစ်ဆို့ဆို့ရှိလှသဖြင့် ကော်ဖီတစ်ခွက်လောက် သောက်ချင်လာပြန်သည်။ ဓာတ်ဘူးတစ်လုံး ထဲတွင် ရေနွေးအပြည့်ရှိသည်ကိုတွေ့ရသော်လည်း ကော်ဖီမှုန့်ကို ရှာမနေချင်တော့၍ ရေခဲသေတ္တာအတွင်းမှ ရေပုလင်းထုတ်ယူကာ ရေတစ်ဖန်ခွက် မော့သောက်လိုက်သည်။
            အိမ်ရှင် လူကြီးနှင့်မိန်းမတို့ နိုးအလာကို ဧည့်ခန်းအတွင်းဝယ် သူမ ထိုင်ကာ စောင့်ရဦးမည်။ မနက်မိုးလင်းမှ စကားပြောကြတာပေါ့ဟု ညက ထိုလူကြီးပြောစကားကို သူမ ကောင်းစွာမှတ်မိနေသေးသည်။ မနေ့ညကကြုံခဲ့ရသည့် သူမ၏ သည်းထိတ်ရင်ဖို အဖြစ်တို့ကို ဘာမှ မပြောပြရသေး။ ဒီမနက်မှာတော့ အေးအေးလူလူ ထိုင်ကာ ပြောပြ လိုက်စမ်းမည် ဟု သူမ စိတ်ပိုင်းဖြတ်ထားသည်။ သူတို့သာ သိများသိလျှင် မည်မျှ အံ့သြကြလေမည်နည်း။
            ''အမလေး၊ သမီးလေးက ဟောဒီမှာ ရောက်နေတာကိုး၊ မာမာအခုပဲ လာကြည့်တာ၊ သမီးလေးကို အိပ်ရာမှာ မတွေ့ရလို့ မာမာဖြင့် ရင်တွေပူတက်လာပြီး ဒေါင်းတောက်အောင် ရှာလိုက်ရတာကွယ်''
            ပြောပြောဆိုဆိုဖြင့် ညကမိန်းမသည် သူမအနားသို့ လှစ်ခနဲရောက်လာကာ သူမကိုယ်လေးကို စွေ့ခနဲ ပွေ့ပိုက်လျက် ဖက်တွယ်လာတော့သည်။ လူစိမ်းမိန်းမ၏ တင်းကျပ်လှသော လက်များကြောင့် သူမ အနေရပင်ခက်သွား၏။
          ''ဒီနေ့ဟာ မာမာ့အတွက် ကမ္ဘာ့အပျော်ဆုံးနေ့ပါပဲ သမီးလေးရယ်''                     
ထိုမိန်းမက တုန်တုန်ယင်ယင် ပြောနေပြန်သေးသည်။
            သူမ ဘာမှ နားမလည်တော့ပါ။ မျက်လုံးများအပြူးသားဖြင့် သူမအား ပွေ့ဖက်ထားသော ထိုမိန်းမ၏လက်များကိုသာ ရှက်ရွံ့ရွံ့ဖြစ်လျက် တွန်းဖယ်ခွာချနေမိသည်။ သူမတို့အကြား တစ်စုံတစ်ရာတော့ လွဲချော်နေပြီဟု သိလိုက်သည်။
            ထိုအခိုက် အိမ်ရှင်လူကြီးလည်း ရောက်လာပြန်သည်။ သူမထံအလွန်အမင်း အံ့သြဝမ်းသာနေသောမျက်နှာဖြင့် တစ်ချက်စွေကြည့်ကာ အခန်းထောင့်တစ်နေရာရှိ တယ်လီဖုန်းရှိရာသို့ လျှောက်သွားသည်။ ထိုလူကြီး ဘာတွေပြောနေပါလိမ့်။ လူကြီးသည် စကားပြောသံကို သာမန်ထက်နှိမ့်ချကာ ခပ်တိုးတိုးပြောဆိုနေသည်ဟု သူမ ရိပ်စားမိ လိုက်သည်။ 'အေးအေး မင်း အခုပဲ လာခဲ့လိုက်ပါ'ဟူသော နောက်ဆုံး စကားသံကိုတော့ ပုံမှန်အသံအတိုင်း သူမ ကြားခွင့်ရလိုက်သည်။
            ထို့နောက် လူကြီး၊ မိန်းမနှင့် သူမတို့သည် အခန်းတွင်းဝယ် ငြိမ်သက်စွာ ထိုင်နေမိကြသည်။ လူကြီးသည် မနေ့ညက သူပြောခဲ့သည့် 'မိုးလင်းမှ ပြောကြတာ ပေါ့'ဆိုသည့် သူ့စကားကို သူဘာသာသူ မေ့နေဟန်တူသည်။ သူမ အဘယ်ကစ ပြောပြရမည်နည်း။ သူ့ကိုယ်သူ မာမာဟုဆိုတတ်သောမိန်းမသည် သူမအနားတွင် ပူးကပ်ထိုင်ကာ သူမလက်များအား ခပ်ပြေပြေဆုပ်ကိုင်ထားဆဲပင်။
            ''ဒင် ဒေါင်''
            လူခေါ်ခေါင်းလောင်းမြည်သံ ကြားလျှင်ကြားချင်း လူကြီးသည် အခန်းတွင်းမှ လျင်မြန်စွာ ပြေးထွက်သွားသည်။ အရွယ်နှင့်မလိုက်အောင်ပင် လူကြီးက ပေါ့ပါး ဖျတ်လတ်လွန်းနေ၏။
            မနေ့က သူမ ဝင်လာခဲ့သည့် လူဝင်ပေါက် ဘာဂျာသံတံခါးရှိရာသို့ သူမ မျက်လုံးများ ရောက်သွားသည်။ အစိမ်းနုရောင် အခန်းဆီးများက ထိုတံခါးပေါက်ကို လှပစွာ ဖုံးကွယ်ထားသည်ကို မြင်လျှင် သူမ ဇဝေဇဝါဖြစ်သွားသည်။ မနေ့က သည်အခန်းဆီးများကို သူမ မမြင်ခဲ့မိပါ။
            တစ်စုံတစ်ရာသည် သူမအား လှပသေသပ်စွာ လှည့်စားနေသည် ဟု သူမ စိတ်တွင် အထင်ရောက်လာသည်။ မည်မျှကြာအောင် အတွေးကျွံနေသည်မသိ၊ အခန်းတွင်းသို့ လူကြီး ပြန်ရောက်လာခဲ့ပြီ။
            လူကြီးနှင့်အတူ လူစိမ်းတစ်ယောက်ပါလာကာ ထိုလူစိမ်းက သူမအား စူးစူးရဲရဲကြည့်နေသည်ကို သူမ သတိပြုမိသွားသည်။ ထိုသူ၏ မျက်လုံးအနေအထားကို သူမ သိပ်သဘောမကျပါ။ တစ်စုံတစ်ရာကို ဖုံးကွယ်ထားဟန်ရှိပြီး တစ်ပြိုင်တည်းမှာပင် တစ်စုံတစ်ရာကို သိမြင်ဖော်ထုတ်လိုစိတ်ပြင်းပြတတ်သည့် လျှို့ဝှက်သိပ်သည်းသော မျက်လုံးများဖြစ်ပုံရသည်။ ထိုလူရွယ်က သူ့အား ငေးကြည့်အကဲခတ်နေသော သူမကို ပြုံးရွှင်စွာ စတင် နှုတ်ဆက်လာသည်။
            ''နေကောင်းတယ်နော် ရိုစီ''
          ''ရှင်..''
            သူမ မျက်ခုံးများပင့်တက်သွားကာ အလွန်အမင်းအံ့သြသွားတော့သည်။ သူ့ကို ကြည့်ရသည်မှာ သူမအား သိကျွမ်းနှင့်နေသယောင်။ အဘယ့်ကြောင့် သူမအား ရိုစီဟု ခေါ်ဆိုလိုက်ပါသနည်း။
            ''ဘုရားရေ..ရှင်က ကျွန်မကိုသိနေလို့လား၊ ကျွန်မ နာမည်ကရော ရှင်ခေါ်သလို ရိုစီတဲ့လား''
            လူကြီးနှင့်မိန်းမကြီးတို့သည် တစ်ယောက်တစ်ပြန်ကြည့်ကာ သိသာစွာပင် မျက်စိမျက်နှာ ပျက်ယွင်းသွားကြသည်။ သူမအား ပွေ့ဖက်ထားသော မိန်းမကြီး၏လက် များသည် ရုတ်တရက်ပြေလျော့ ကွာကျသွားခဲ့၏။ ထိုအခြင်းအရာကို သူမကတော့ သတိပြုမိပုံမရချေ။
            ''သိပ်သေချာတာပေါ့၊ မင်းနာမည် ရိုစီပေါ့၊ ကိုယ် မင်းကို ကောင်းကောင်း သိတယ် ဆိုပါတော့၊ ဘာလဲ..မင်းကိုယ့်ကို မသိဘူးလား၊ အင်းလေ..မင်း ကိုယ့်ကို မသိဘူးဆိုတာလည်း သဘာဝကျပါတယ်လေ''ဟု ပြောရင်း သူက ခေါင်းတဆတ်ဆတ် ညိတ်နေပြန်သည်။
            ''ရှင်ဘာပြောလိုက်တယ်၊ ကျွန်မနာမည် ရိုစီ...၊အိုး မဖြစ်နိုင်တာပဲ..ရှင်ကရော ဘယ်သူလဲ၊ ဘာပြုလို့ ကျွန်မကို ကောင်းကောင်းကြီးသိတယ်ပြောရတာလဲ၊ ကျွန်မနဲ့ရှင်က အခုမှ တွေ့ဖူးတာ မဟုတ်လား''
            ပေါက်ပေါက်ပွင့်များ တဗောင်းဗောင်းဖောက်နေဘိသကဲ့သို့ သူမနှုတ်ဖျားမှ မေးခွန်းများ ဒရစပ်ထွက်ပေါ်လာသည်။
            ''ကိုယ်က ဒီအိမ်ရဲ့ ဖယ်မလီဒေါက်တာလို့ အကြမ်းဖျင်းမှတ်ထားလိုက်ပေါ့၊ ကိုယ့်ကို မင်း ဒီ့ထက်ပိုသိစရာလည်း မလိုပါဘူး၊ အဲ..မင်း သိရမှာက.....''
            သူက စကားစကိုဖြတ်ကာ သူမ မျက်နှာကို အကဲခတ်လာသည်။ မျက်စိ မျက်နှာပျက်ယွင်းနေသည့် လူကြီးနှင့် စိုးရိမ်ထိတ်လန့်စွာ ရှိနေသည့် မိန်းမ၏ အခြေအနေကို စာနာနားလည်စွာကြည့်ကာ သူ စကားဆက်သည်။
            ''မင်း သိရမှာက....မင်းဟာ ဒီအိမ်က ဖြစ်တယ်ဆိုတာရယ်၊ သူတို့ဟာ မင်းအဖေနဲ့ မင်းအမေပဲဆိုတာရယ်...''
          ''ရှင် ဘာတွေ လာပြောနေတာလဲ မဟုတ်မဟတ်တွေ''
          ''ဒါ အမှန်တရားတွေပါရိုစီ၊ ပြောရရင်တော့ အင်း...မင်း အဲဒီနေ့က အိမ်နဲ့ စိတ်ဆိုးပြီး တစ်ယောက်တည်း ကားမောင်းထွက်သွားခဲ့တယ်၊ ဆယ့်သုံးမိုင်အလွန်မှာ မင်းကားနဲ့ ဆိုင်ကယ်တစ်စီး မတော်တဆ ဝင်တိုက်မိခဲ့ကြတယ်။ ဆိုင်ကယ်သမားကတော့ အဲဒီနေ့ကပဲ ပွဲချင်းပြီး သေဆုံးခဲ့ရှာတယ်။ မင်းကတော့ ကံကောင်းထောက်မစွာနဲ့ သတိလစ်မေ့မြောရုံပဲ၊ ဒါပေမဲ့ ဆိုးတာက မင်းသတိလစ်တာ တစ်လတိတိကြာခဲ့တယ်၊ မင်းဟာ ကိုမာရောဂါသည်လိုပဲ အိပ်ရာထဲမှာ၊ အဲဒီအတောအတွင်းမှာ ကိုယ်ဟာ မင်းကို စောင့်ကြည့်ပေးခဲ့ရတယ်၊ ဒီနေ့ဟာ မင်းသတိပြန်လည်လာတဲ့နေ့၊ ပထမဆုံးနိုးထတဲ့ နေ့ပဲ၊ ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားကြည့်ပါလားရိုစီ၊ အခု ကိုယ်ပြောတာ အားလုံး အမှန်တွေချည်းပါပဲ''
            သူမ ခေါင်းတွေမူးနောက်လာသည်။ သူမအနားရှိ သူ့ကိုယ်သူ မာမာဟု ပြောသော မိန်းမထံ အလန့်တကြားကြည့်မိသည်။ ထိုမိန်းမ၏ မျက်လုံးများတွင် မျက်ရည် များ ပြည့်လျှံနေသည်ကို အတိုင်းသားမြင်တွေ့ရလျှင် သူမ ရင်ခုန်သွားသည်။  ရင်းတွင်းဝယ် လှိုင်းထန်ကာ တင်းကျပ်ဆို့နင့်လာသကဲ့သို့လည်း ခံစားနေရပြန်သည်။ သူမ စိတ်ထဲ လုံးလုံးမကောင်းပါ။ ကြင်နာတတ်ပုံရသော ထိုမိန်းမအား အမှန်ပင် သနားမိပါသည်။ သို့သော် သူမသည် ထိုမိန်းမ၏သမီး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။ သူမ ဗြုန်းခနဲ ထရပ်လိုက်သည်။ သူ့ကိုသူ ဖယ်မလီဒေါက်တာဟု ဆိုသော လူရွယ်ကို ရင်ဆိုင်လိုက်သည်။
            ''မဟုတ်ဘူး၊ ရှင်ညာတာ...ရှင်လုပ်ကြံပြောနေတာ၊ ရှင်ပြောတာတွေ အားလုံး ကျွန်မ နားမလည်ဘူး၊ ကျွန်မ ရိုစီလည်း မဟုတ်ဘူး''
            သူမက စိတ်လှုပ်ရှားစွာအော်ဟစ်ပြောလိုက်သော်လည်း လူရွယ်၏ပုံစံက အေးဆေး တည်ငြိမ်လွန်းနေသည်။ ဤသည်ကို သူမ ပို၍ မကျေမချမ်းဖြစ်ရပြန်သည်။
            ''ကဲ..ထားပါလေ..ရိုစီမဟုတ်ရင် မင်း ဘယ်သူလဲ ပြောစမ်းပါဦး''
            ''ကျွန်မ...ကျွန်မ...၊ အို..ကျွန်မ ဘယ်သူဆိုတာထက် ကျွန်မ ဘာတွေ ဖြစ်ခဲ့တယ်ဆိုကာ အရင်မေးကြစမ်းပါဦးလား..အမှန်တော့ မနေ့ညကတည်းက ကျွန်မ ပြောပြသင့်တာ၊ သူတို့ကလည်း မမေးကြဘူး၊ ဒီတော့ အဲဒါကို ကျွန်မ မပြောပြဖြစ်ခဲ့ဘူး''
            ပြောဆိုနေရင်းက သူမသည် အားလုံး၏မျက်နှာကများကို အကြည့်များဖြန့် ကျက်ကာ အကဲခတ်လိုက်သည်။ စိတ်ပျက်အားလျော့စရာပင်။ သူမ စကားကို မည်သူကမှ နားထောင်လိုဟန် မရှိပါ။
ဆရာဝန်လူရွယ်သည် သက်ပြင်းတစ်ချက်ချကာ သူမအား လိုက်လျောစွာဖြင့် လမ်းဖွင့် စကားဆိုပေးလိုက်သည်။
            ''ဟုတ်လား..ကိုင်း ဒါဖြင့်..ပြောပြစမ်းပါဦး မင်းမနေ့က ဘာတွေဖြစ်ခဲ့လဲ ကိုယ်သိချင်လိုက်တာကွာ''
            သူမ ဆတ်ခနဲဖြစ်သွားကာ လူရွယ်ထံသို့ စူးစူးစိန်းစိန်းကြည့်လိုက်သည်။
            ''ရှင် ကျွန်မကို ရွဲ့နေပြန်ပါပြီ''
          ''အာ မဟုတ်ရပါဘူးကွာ၊ ကိုယ်တကယ်သိချင်တာ၊ ပြောသာပြောပြစမ်းပါ''
            လူရွယ်က သူမနှင့် မျက်နှာချင်းဆိုင်သို့ ကပ်ထိုင်လာကာ သူမ ပြောပြလာမည့် စကားကို နားစိုက်ထောင်ဟန်ပြလိုက်သည်။
            ''ကျွန်မ..မနေ့က နှင်းဆီနက်ကဖေးဆိုင်မှာ လက်ဖက်ရည်သောက်နေတုန်း ဗြုန်းဆို လူတစ်ယောက် ကျွန်မကို လာနှောက်ယှက်ခဲ့တယ်ရှင့်၊ အဲဒါနဲ့ အင်မတန် ကြိုက်လှတဲ့ လက်ဖက်ရည်တောင် မသောက်ဖြစ်တော့ဘဲ ကျွန်မ ကပျာကသီ ထထွက် လာခဲ့ရတယ်၊ နောက်တော့ ကျွန်မကို သူ့ဆိုင်ကယ်နဲ့ လိုက်ပို့ ပေးမယ်ဆိုပြီး ကျွန်မ အနား အဲဒီလူ ရောက်လာပြန်ရော''
          ''အဲဒီတော့...မင်းက...''
            လူရွယ်က စိတ်ဝင်စားဟန်ပြုကာ စကားကို ထောက်ပေးလိုက်သည်။
            ''အို..ကျွန်မက လက်သင့်မခံပါဘူး၊ သူ ဘယ်သူမှန်းမသိဘဲနဲ့၊ ပြီးတော့ ကျွန်မ ဆိုင်ကယ်လည်း မစီးရဲဘူး၊ မလိုဘူးလို့ ပြောလိုက်တော့ သူလှည့်ပြန်သွားတယ်..''
            ''နေ..နေစမ်းပါဦး၊ မင်းက ဘာပြုလို့ ဆိုင်ကယ်မစီးရဲရတာလဲ''
          ''အို..ကျွန်မ ကြောက်လို့ပေါ့၊ တစ်ခုခုနဲ့များ ဝင်တိုက်မိမှဖြင့်ဒုက္ခ၊ မိုးကလည်း ရွာနေသေး..လမ်းတွေကလည်း ပြောင်ချောနေသေး''
          'ဆက်ပြောစမ်းပါဦးလေ..'ဟု လူရွယ်ကပြောလိုက်သည်။ သူမက စောစောကထက်  စိတ်ဝင်စားပုံပေါ်လာသော လူရွယ်၏ပုံစံကိုကြည့်ကာ လိုလိုလားလားဖြင့် စကားကို ဆက်ပြောလိုက်၏။
            ''ပြီးတော့ အင်း...သူပြန်သွားတယ်..ဟုတ်တယ်၊ သူပြန်သွားပြီး ကျွန်မ နောက်ကို ချက်ချင်းပဲ ခြေကျင်လိုက်လာပြန်ရော''
          ''ခြေကျင်..ဟုတ်စ၊ ဒါဖြင့်..ဆိုင်ကယ်က ဘယ်ရောက်သွားလဲ''
          ''ဒါတော့ ကျွန်မလည်း ဘယ်သိပါ့မလဲ၊ တစ်နေရာရာမှာ ထားခဲ့မှာပေါ့၊ အဲ..အဲဒီမှာ သေချာတာက သူဟာ ကျွန်မကို သတ်ဖို့ပြန်လာတာပဲ''
            လူရွယ်သည် မျက်ခုံးများပင့်တက်သွားကာ သူမကို စိုက်ကြည့်လိုက်သည်။
            ''မင့်ကို သတ်ဖို့...၊ ဟုတ်ပါ့မလား ဒါကိုမင်း ဘယ်လိုသိလဲ''
          ''အို..သိတာပေါ့၊ ကျွန်မနားထဲမှာ လူသတ်သမားလိုက်လာပြီ ပြေး ပြေး ဆိုတဲ့အသံတွေ စီညံနေတာပဲ၊ ကျွန်မလှည့်ကြည့်တော့လည်း သူ့လက်ထဲမှာ ဓားနဲ့''
            ''သူ ဓားကိုင်ထားတာ မင်းမြင်လို့လား''
          ''ကျွန်မ ထင်တာ၊ အို မဟုတ်ဘူး၊ ကျွန်မဘာသာကျွန်မ အလိုလိုသိတာ၊ ဒါနဲ့ ကျွန်မလည်း ကြောက်အားလန့်အားနဲ့ အားကုန်ပြေးခဲ့တော့တာပဲ၊ ပြေးလာရင်း ဒီအိမ်ရှေ့ရောက်တော့ အိမ်ရှေ့သံဆွဲတံခါးက နည်းနည်းလေးဟနေတာနဲ့ ကျွန်မဘာသာ အတင်းဆွဲဖွင့်ပြီး ဝင်လာခဲ့တာ၊ ကျွန်မ အဲဒီတုန်းက အော်တောင်မှ ပြောလိုက် ပါသေးတယ်၊ တံခါးမြန်မြန်ပိတ်ဖို့...''
          ''ဘယ်သူ့ကို အော်ပြောလိုက်တာလဲ''ဟု လူရွယ်က ဖျတ်ခနဲ ဝင်မေးသည်။
            ''မာမာ့ကို အဲ မဟုတ်ဘူး၊ ဟောဒီက ဒေါ်ဒေါ့်ကို''
            လူရွယ်က သဘောပေါက်သွားဟန်ဖြင့် တစ်ချက်ပြုံးသည်။
            ''အိမ်ထဲ ရောက်တော့ ကျွန်မ အဝတ်လဲတယ်၊ ပြီးတော့ ကျွန်မကို နွားနို့ တစ်ခွက်တိုက်တယ်၊ သူတို့က ကျွန်မကို ဘာမှလည်းမမေးကြဘူး၊ မနက်ကျမှ စကား ပြောကြတာပေါ့တဲ့၊ ဒါနဲ့ ကျွန်မလည်း ဟိုဘက်အိပ်ခန်းမှာ အိပ်ပျော်သွားတယ်၊ ကျွန်မလည်း ပြေးရလွှားရနဲ့ဆိုတော့ မောပြီး ချက်ချင်းအိပ်ပျော်သွားတယ်နဲ့တူပါတယ်၊  စောစောက နိုးနိုးချင်းပဲ ကျွန်မဗိုက်ဆာလို့ မီးဖိုခန်းထဲမှာ မုန့်ရှာပြီးစားသေးတယ်၊ အဲ..သူတို့ကိုတောင် မပြောရသေးဘူး၊ ကိတ်မုန့်တစ်လုံးအဆင်သင့်တွေ့လို့ ကျွန်မဆာဆာနဲ့ စားလိုက်မိသေးတယ်...။ အိုး..နေစမ်းပါဦး၊ ခုမှ သတိရတယ်၊ မီဝါ..မီဝါ ဘယ်ရောက်နေလဲ၊ ကျွန်မ ပြောတာ ရှင်တို့မယုံရင် မီဝါကိုမေးကြည့်၊ ဒုက္ခပါပဲ မီဝါ ကလည်း စကားမပြောတတ်နဲ့၊ ကျွန်မနဲ့မီဝါ ခုနကပဲ မုန့်အတူစားကြသေးတယ်''
          ''မီဝါလေးက မနေ့ညနေကပဲ ကားတိုက်ခံရလို့ မရှိတော့ပါဘူးကွယ်''
            လူကြီးက စိတ်ရှုပ်ထွေးလာသောမျက်နှာဖြင့် ဝင်ပြောလိုက်သည်။
            ''အို မဟုတ်တာပဲ၊ အဲဒါ ဦးလေး လိမ်တာ၊ ခုပဲ မီဝါနဲ့ ကျွန်မ ကိတ်မုန့် အတူစားခဲ့ပါတယ်ဆို၊ မယုံရင် ရှင်တို့လိုက်ကြည့်လှည့်၊ မီဝါစားထားတဲ့ ကိတ်မုန့် အစအနတွေဆိုတာ မီးဖိုထဲမှာ ပြန့်ကြဲနေတာပဲ''
            သူမက စိတ်မရှည်စွာဖြင့် လေသံမာမာ ပြောပစ်လိုက်သည်။ လူရွယ်က တစ်စုံတစ်ရာကိုစိတ်ကူးမိသွားသည့်ပုံဖြင့် စကားဆိုသည်။
            ''ကဲ ထားပါလေ၊ မင်းပြောတဲ့အတိုင်း တို့များသွားကြည့်ရအောင်လား၊ ဒါပေမဲ့ မင့်ကြောင်လေးက အကုန်ပြောင်အောင် စားပစ်လိုက်ပြီဆိုရင်ကောကွာ...''
            ''ရှင့်ပါးစပ်ကိုပိတ်ထားလိုက်စမ်း ဆရာဝန်၊ ကျွန်မ အမှန်ကိုပြောပြနေတာ၊ ကျွန်မကတစ်ချပ်စားလိုက် သူ့ကို တစ်ချပ်ချကျွေးလိုက်နဲ့၊ ဘယ့်နှယ် ကိတ်မုန့်ထူထူ လေးချပ်စလုံး သူဘယ်လိုလုပ်ပြောင်အောင် စားနိုင်ပါ့မလဲ၊ ကြမ်းပြင်ပေါ်မှာဆို သူစားထားတဲ့ ကိတ်မုန့်အကျန်တွေများ မွစာကိုကြဲနေတာပဲ ရှိကိုရှိတယ် ရှင်လိုက်ခဲ့၊ ကျွန်မပြမယ်''
          စကားဆုံးလျှင် သူမက စတင်လှုပ်ရှားကာ ထိုင်ရာမှထလိုက်သည်။ လူရွယ်က သူမနှင့် ယှဉ်လျက် ချက်ချင်းလိုက်ပါသွားသည်။ တစ်ချိန်လုံးငြိမ်လျက် နားထောင်နေခဲ့ သည့် မိန်းမကြီသည်  သူတို့နောက်မှ တိတ်ဆိတ်စွာ ကပ်လိုက်သွားသည်။ လူကြီးကတော့ ခေါင်းငိုက်စိုက်ချလျက် ဧည့်ခန်းတွင်ကျန်နေခဲ့၏။ အိပ်ခန်းဘေးမှ ဖြတ်လျှောက်အသွားတွင် လူရွယ်က သူမဘက်သို့လှည့်ကြည့်ရင်း ကောက်ကာငင်ကာ မေးလိုက်၏။
            ''နေစမ်းပါဦး မီးဖိုခန်း ဒီဘက်မှာရှိတာ မင်းကဧည့်သည်ဖြစ်ပြီး ဘယ့်နှယ်လုပ် သိလဲ''
          ''ဒီ့အတွက် ရှင်ဘာမှ သံသယမဖြစ်နဲ့၊ အိမ်တစ်လုံးရဲ့ထုံးစံအရ ဧည့်ခန်း၊ အိပ်ခန်းတို့ရဲ့အနောက်ဘက်မှာ မီးဖိုခန်းရှိတတ်တာ လူတိုင်းသိပြီးသားကိစ္စတစ်ခုပဲ၊ ရှင် ကျွန်မကို ဘာမှ စစ်ဆေးနေစရာမလိုဘူး၊ သံသယမဝင်နဲ့၊ ကျွန်မက မနေ့ကမှ ဒီအိမ်ကို ရောက်ဖူးတာ၊ ကျွန်မ ဒီအိမ်ကမဟုတ်ဘူး၊ အဲဒါကို ရှင်မြဲမြဲမှတ်ထား''
            လူရွယ်က ခွန်းတုံ့ပြန်ခြင်းမပြုတော့ဘဲ အခန်းဆီးကိုလှပ်ကာ မီးဖိုခန်းတွင်းသို့ သူမထက် အရင်ဦးအောင် ဝင်လိုက်သည်။ သူမက ဆန္ဒစောလျက် သူ့ပခုံးပေါ်မှ ကျော်ကာ စားပွဲ၏အောက်ခြေကို လှမ်းကြည့်လိုက်သည်။
            သူမ မျက်လုံးများပြာဝေသွားသည်။ ခြေထောက်များကလည်း တောင့်တင်းကာ စုံရပ်သွားမိ၏။ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မယုံကြည်နိုင်သော မျက်လုံး များဖြင့် လူရွယ်ကိုတွန်းဖယ်ပြီး စားပွဲအနီးသို့ အပြေးသွားလိုက်၏။ စားပွဲအောက် ခြေကြမ်းပြင်တစ်နေရာတွင် ဒူးထောက်ကာ ထိုင်ချလိုက်သည်။  သူမ၏လက်တို့သည် တဆတ်ဆတ်တုန်ယင်လာလျက် မျက်လုံးများသည်လည်း ပြူးကြောင်ဝိုင်းစက်လာကာ မမှတ်မသုံစိုက်ကြည့်နေတော့၏။ သူမ တွေ့မြင်နေရသည်ကား....
            ခြေရာလက်ရာမပျက်ရှိနေသော ကိတ်မုန့်ခပ်ထူထူ လေးချပ်....။
            တစ်စုံတစ်ရာကတော့ လွဲချော်နေလေပြီ။ ဒါဘယ်လိုဖြစ်ရတာလဲ...။
            သူမ၏ မျက်စိရှေ့တွင် ကြောင်လေးမီဝါစားနေခဲ့သည့် ကိတ်မုန့်တို့သည် ယခုမူ တစ်စက်ကလေးမှ ပဲ့ြေ
            ကြမ်းပြင်ပေါ်က ကိတ်မုန့်လေးချပ်ကတော့ သူမအား တိတ်တဆိတ် လှောင်ပြောင်ထေ့ငေါ့လျက် မော့ကြည့်နေသယောင်...။
            သူမသည် ရုတ်တရက်ထရပ်လိုက်ကာ..
            ''မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ကျွန်မပြောခဲ့တာတွေ အားလုံး အမှန်တွေချည်းပဲ၊ ဒါတစ်ယောက်ယောက်က လုပ်ကြံတာ၊ ရှင်ပဲ ဖြစ်မှာပဲ''
            သူမက လူရွယ်သို့ စိတ်ဆိုးမာန်ဆိုး အော်ပြောလိုက်၏။ သူမ၏ ဒေါသ အလုံးစုံတို့သည် ဆရာဝန်လူရွယ်အပေါ်သို့ စုပြုံကျရောက်နေတော့သည်။
            ဆူဆူညံညံ အသံများကြောင့် လူကြီးက စိုးရိမ်တကြီးပြေးဝင်လာကာ 'စိတ်အေးအေးထားပါ သမီးလေးရယ်၊ လာ လာ အသက်ဝဝရှူလိုက်'ဟုဆိုရင်း သူမကို ပြတင်းပေါက်အနားသို့ ဆွဲခေါ်လာသည်။ ပြတင်းတံခါးမှတစ်ဆင့် အိမ်ခေါင်မိုးများကို ရိုးတိုးရိပ်တိတ်လှမ်းကာမြင်ရလျှင် သူမ များစွာအံ့အားသင့်သွားပြန်သည်။ မနေ့က ပြေးရင်းလွှားရင်းဖြင့် ဝင်လာခဲ့သည်မှာ သည်အိမ်ရဲ့အောက်ဆုံးထပ် သံတံခါးများမှတစ်ဆင့် မဟုတ်လား။ အိပ်ခန်းတွင်းသို့ဝင်ကာ အိပ်ပျော်ခဲ့ချိန်ထိ မည်သည့် လှေခါးထစ်ကိုမှ မတက်ခဲ့ရပါ။ နံနက်အိပ်ရာနိုးထချိန်မှာလည်း မည်သည့်လှေခါးထစ်ကိုမှ မဆင်းခဲ့ မိသေးပါ။ မနေ့ကဖြစ်စဉ်အရ သူမသည် အိမ်၏ မြေညီထပ်တွင်သာ ရှိရမည်မှာ အမှန်ပဲဖြစ်၏။
            ယခုမူ သည်အိမ် အပေါ်ထပ်အမြင့်ဆီသို့ သူမ ရောက်ရှိနေသည်မှာ မထူးဆန်း ပေဘူးလား။ စိတ်ရှုပ်ထွေးစွာဖြင့် တစ်စုံတစ်ရာကို သူမ ရှာဖွေရန်ကြိုးစားပြန်သည်။ ရုတ်တရက် အိမ်ရှေ့ဘက်သို့ ပြေးသွားကာ အစိမ်းနုရောင် လိုက်ကာများကို ဆွဲဖယ်လျက် ကြည့်လိုက်မိသည်။ လိုက်ကာများ၏နောက်ကွယ်တွင် သူမ ထင်သကဲ့သို့ မနေ့က ဝင်လာခဲ့သည့် ဘာဂျာသံဆွဲတံခါးရှိမနေဘဲ ခပ်မြင့်မြင့်ဝရန်တာ တစ်ခုကိုသာ တအံ့တသြ တွေ့မြင်လိုက်ရလေသည်။
            စိတ်ကို ငြိမ်ငြိမ်ထားကာ ဝရန်တာ၏အောက်ဘက်ဆီသို့ ခါးကိုအတန်ငယ် ကိုင်းလျက် သူမ ငုံ့ကြည့်မိလိုက်သည်။
            လူရွယ်က တစ်ချိန်လုံး ငြိမ်လျက်စောင့်ကြည့်နေရာက သူမအပါးသို့ရောက်လာ ကာ တုန်ယင်နေသော သူမ၏ပခုံးနှစ်ဖက်အား ညင်သာစွာဆုပ်ကိုင် ဖေးမလာသည်။ သူမ လှည့်မကြည့်ဖြစ်ပါ။ အောက်ဘက်လမ်းမပေါ်ဆီသို့သာ ငေးစိုက်ကြည့်နေသည်။
            လမ်းမပေါ်မှအသံဗလံများက သာမန်ထက်ပို၍ ဆူညံနေကြသည်ကို သူမ သတိထားမိသည်။ နံနက်ခင်း ခေါင်းရွက်မုန့် သည်များ အပြိုင်အဆိုင်အော်နေသံကိုလည်း ကြားသည်။ သူမလှမ်းကြည့်နေရာသို့ လူရွယ်ကပါ လိုက်ကြည့်ရာ လမ်းမပေါ်တွင် စိတ်လွတ်လက်လွတ်ရယ်မောနေသည့် စိတ်မနှံ့သူလူတစ်ဦးကို မြင်ရသည်။ ကလေး တချို့က ထိုလူကို ဝိုင်းအုံကာ စနောက်လျက်ရှိ၏။ ထိုလူသည် ကလေးတစ်ယောက်၏ လက်ထဲမှ စက္ကူစွန်မြားတစ်ခုကို ဖျတ်ခနဲဆွဲယူကာ အပေါ်သို့ ပစ်တင်လိုက်သည်။    ကလေးများက 'ဟေး'ဟုပြိုင်တူဝိုင်းအော်ကာ စက္ကူစွန်လွင့်တက်သွားရာ အပေါ်သို့လိုက်မော့ကြည့်ကြသည်။ ကလေးများအလယ်မှ မော့ကြည့်နေသောလူတစ်ဦး၏ မျက်နှာကိုမြင်ရခိုက် သူမ ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ မရည်ရွယ်ပါဘဲနှင့် အတွေး ထဲတွင် ရုတ်တရက် ပုံဖော်စိတ်ကူး ကြည့်နေမိသည်။
            သည်လူရဲ့ စုတ်ပြတ်နွမ်းညစ်နေတဲ့ အဝတ်တွေကိုဖယ်၊ မနေ့က နောက်ကလိုက် လာတဲ့လူရဲ့ အဝတ်တွေကို ဝတ်ပေးလိုက်၊ ပြီးတော့ ဦးထုပ်တစ်လုံး ဆောင်းပေးကြည့်၊ ဘုရား ဘုရား သည်လူဟာ မနေ့ကလူပဲ၊ သူ..သူ ငါ့နောက်လိုက်နေတဲ့ လူသတ်သမား သူမှသူအစစ်၊ သေချာပြီ၊ ငါဒီအိမ်ရောက်နေမှန်းသိလို့ တမင် လိုက်လာ ကြည့်တာ၊ အရူးယောင်ဆောင်ပြီး တမင်လိုက်လာတာ၊ ဘုရားသကြား'မ'လို့ ငါ့ကို မတွေ့မိပါစေနဲ့။
            လူရွယ်သည် တစ်ယောက်တည်း တီးတိုးရေရွတ်ပြောဆိုနေသည့် သူမကို မျက်လုံးဒေါက်ထောက်ကြည့်နေသည်။
            'ရိုစီ ဘာတွေပြောနေတာလဲ'ဟု စိုးရိမ်တကြီးမေးကာ အနောက်သို့ ယိုင်ကျလာသည့် သူမ၏ကိုယ်လေးကို အသာထိန်းရင်း သူ့ဘက်သို့ ဖေးမဆွဲယူ လှည့်လိုက်သည်။
            သွေးဆုတ်ဖြူရော်နေသည့် သူမ၏မျက်နှာကိုသာ တွေ့ရသည်။ သူမက  လမ်းမဆီသို့ တုန်ယင်စွာ လက်ညှိုးထိုးရင်း ဗလုံးဗထွေးပြောလိုက်သည်။
            ''ဟို..ဟိုမှာ..ကျွန်မနောက်ကို လိုက်လာနေပြီ၊ သူ သူ ကျွန်မ ဒီအိမ်မှာ ရှိတာ သိသွားပြီ၊ ကျွန်မ ဘာလုပ်ရမလဲ...ကျွန်မ တကယ်ပြောနေတာပါ...အဲဒါ ကျွန်မ ပြောတဲ့လူ..မနေ့က နှင်းဆီနက်ကဖေးမှာ တွေ့ခဲ့တဲ့လူ၊ ဆိုင်ကယ်နဲ့လူ၊ ကျွန်မနောက်ကိုလိုက်တဲ့ လူသတ်သမား၊ အခုတစ်ခါ အရူးဟန်ဆောင်ပြီး ကျွန်မ နောက်ကို လိုက်လာပြီလေ...အခု ဘာလုပ်ကြမလဲ၊ ရှင်တို့ ကျွန်မကို မကယ်နိုင်ကြတော့ ဘူးလား.....ဟင်....။ ရှင်တို့ပြောတော့ ကျွန်မက ဒီအိမ်ကဆို...ရိုစီိ ဆို...ကျွန်မ ရိုစီမဟုတ်လို့ သာ ဒီလူ ကျွန်မနောက်ကို ကောက်ကောက်ပါအောင်လိုက်နေတာ..အခု ကျွန်မကို သူသတ်တော့မယ်...''
            ''ရိုစီ...''
            ဟင့်အင်း..။ သူမကိုယ်သူမ ခုချိန်ထိ ရိုစီဟုမယူဆပါ။ ဒါဖြင့် သူမနာမည် ရိုစီမဟုတ်လျှင် တခြားအမည်တစ်ခုတော့ ရှိကိုရှိရမည်ပေါ့။ သူမ အပြေးအလွှားစဉ်းစား သည်။ မရပါ..။
            သူမကိုယ်သူမ အားမလိုအားမရဖြစ်လာသည်။ လူတစ်ယောက်သည် မိမိ ဘယ်သူဘယ်ဝါဆိုတာကိုတော့ အချိန်မရွေးသိသင့်သည်။ အပ်ကျမတ်ကျပြောနိုင်ရမည်။ သူမမှာ ဘာကိုမှ ပြောဆိုနိုင်စွမ်းမရှိပါတကား။
            ''ဟိုမှာ ကျွန်မကိုကြည့်နေပြီ၊ ကျွန်မဆီလာနေပြီ၊ ရှင်တို့ဒီအတိုင်းပဲ သူ့ကို လွှတ်ထားတော့မှာလား....ဟင်''  
            လူကြီးနှင့်မိန်းမကြီးတို့က သွေးရူးသွေးတန်းအော်ဟစ်နေသည့် သူမကို လူရွယ်နှင့်အတူ ဝိုင်းကာဖေးမလာကြသည်။ သူမ အစွမ်းရှိသမျှထုတ်ကာ တွန်းထိုး ရုန်းကန်လိုက်သည်။
            ''ဟင့်အင်း ကျွန်မကို မထိကြနဲ့၊ ရှင်တို့ ကျွန်မကို ဟို လူသတ်သမားဆီ ပို့မလို့ မဟုတ်လား..ဖယ်..ဖယ်ကြစမ်း''
          ''သမီးလေး..စိတ်ကို နိုင်အောင်ထိန်းပါ သမီးရယ်၊ သမီးလေးကို ဘယ်သူမှ ဘာမှ မလုပ်ပါဘူး၊ သမီးဟာ ရိုစီပါ၊ မာမာ့သမီးပါ... မာမာသိပ်ချစ်ရတဲ့သမီးပါ.. သမီးဒုက္ခရောက်အောင် မာမာမလုပ်ပါဘူး..မာမာ့စကားနားထောင်ပါ..သနားပါ.. မာမာ့ကိုသနားပါ သမီးရယ်''
          ''မသိဘူး...သွား သွား ဘာကိုသနားရမှာလဲ... ကျွန်မကိုယ်ကျွန်မပဲ သနားတယ်၊ ကျွန်မကို အားလုံးဝိုင်းလိမ်နေကြတာ၊ ရှင်တို့အားလုံးမှားနေတယ်...ကျွန်မ ပြောပြီးပြီနော်... ကျွန်မ ရိုစီမဟုတ်ဘူးနော်..ကျွန်မနား ဘယ်သူမှ မကပ်ကြနဲ့၊ သမီးလို့လည်း မခေါ်ကြနဲ့၊ ဘာမာမာလဲ..မသိဘူးသွား မလာနဲ့...မလာနဲ့..''
            ငယ်သံပါအောင် အော်ဟစ်သောင်းကျန်းနေသော သူမကိုကြည့်ကာ မိန်းမကြီး သည်'အမယ်လေး သမီးလေးရယ်...'ဟု ညည်းတွားအပြီး နေရာတွင်ပင် ပျော့ခွေလဲကျ သွားတော့၏။ ဆရာဝန်လူရွယ်သည် ထိုမိန်းမအား ကပျာကသီဝင်ပွေ့ပြီးနောက် စိတ်မကောင်း ခြင်းကြီးစွာနှင့် ခေါင်းကိုယမ်းနေတော့သည်။ အဖြစ်အပျက်တို့က မြန်ဆန်လွန်းသဖြင့် လူကြီးသည် ဘာလုပ်ရမှန်းမသိတော့ချေ။
            သူမသည် မည်သူ့ကိုမျှ စိတ်မဝင်စား။
            သူမကိုယ်သူမ ရိုစီမဟုတ်ကြောင်းကိုသာ ခါးခါးသီးသီးငြင်းဆန်နေဆဲ....။


စုမီအောင် 
(၁၉၉၃၊ မတ်၊ ဟန်သစ်မဂ္ဂဇင်း)

No comments: