Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 11, 2014

ခိုမြို့ မြစ်ကမ်းခြေပျော်ပွဲရွှင်ပွဲမှာ

ဆားဘီးယားနိုင်ငံအရှေ့မြောက် ဒန်နူးဘ်မြစ် - Danube မြစ်ရဲ့ ညာဘက်မှာ ဂေါ်လူးဘတ်စ်-Golubac မြို့လေးရှိနေတယ်။ (ဆားဘီးယားဘက်မှာတော့ ဒူးနာဗ့်မြစ်လို့ပဲခေါ်ကြပါတယ်) Golub ဆိုရင် မြန်မာလို ခို လို့အဓိပ္ပါယ်ရတော့ မြို့လေးရဲ့နာမည်က ခိုမြို့လို့ပဲခေါ်ရမှာပါ။ ဂေါ်လူးဘတ်စ်မြို့အရှေ့ဘက်မှာ ရိုမေးနီးယားနိုင်ငံတောင်ကုန်းတွေရှိနေတယ်။ အနောက်ဘက်မှာ Veliko Gradište နဲ့ တောင်ဘက်မှာ Kučevo ဆားဘီးယားမြို့တွေရှိနေပါတယ်။ ဆားဘီးယားနိုင်ငံမှာ ဆောင်းတွင်းတွေမှာ သိပ်အေးလွန်းတော့ အိမ်တွင်းအောင်းပြီးနေရသမျှ နွေရာသီရောက်ပြီဆိုတာနဲ့ မြို့တိုင်းမှာ သူတို့ကိုယ်ပိုင်ပုံစံနဲ့ နှစ်စဉ်နှစ်တိုင်း နွေရာသီပွဲတော်လေးတွေပြုလုပ်ကြလေ့ရှိတယ်။ ဂေါ်လူးဘတ်စ်မြို့လေးမှာလည်း Danube fair and traditional Golubacki kotlic (Cajam Dunava - Golubac) ပျော်ပွဲရွှင်ပွဲပြုလုပ်ကြတယ်။
            ဒူးနာဗ့်မြစ်ဟာ ဂျာမနီနိုင်ငံကနေစတင်စီးဆင်းလာပြီး ပင်လယ်နက်ထဲမစီးဝင်ခင် ဆားဘီးယားနိုင်ငံဒေသ ၁၀.၂ ရာခိုင်နှုန်းခန့် ဖြတ်စီးသွားပါတယ်။ ပုံမှန်အားဖြင့် ရေစီးလည်းသန်ပြီး ကျယ်ပြန့်တဲ့ ဒူးနာဗ့်မြစ်ဟာ ဂေါ်လူးဘတ်စ်မြို့နဲ့  ရိုမေးနီးယားနိုင်ငံကြားထဲစီးဆင်းသွားတဲ့နေရာမှာတော့ မြစ်ဟာ အကျဉ်းဆုံးဖြစ်သွားပါတယ်။ ၄ ကီလိုမီတာအကွာလောက်ပဲ ရှိတော့တာပါ။ မြစ်ကသိပ်ကျဉ်းသွားတော့ ရိုမေးနီးယားဘက်ကလည်းတော်တော်လေးနီးနေပါတယ်။ ရိုမေးနီးယားက ခရီးသွားတွေလည်း အသွားအလာများလှတယ်။ ဂေါ်လူးဘတ်စ်မြို့မှာပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲနဲ့ ရိုးရာငါးစွတ်ပြုတ်ပြိုင်ပွဲဟာ နာမည်ကြီးပါတယ်။ စနေ၊ တနင်္ဂနွေနှစ်ရက်ပြုလုပ်ကြတာပါ။ နေ့ခင်းတွေမှာ ရိုးရာလက်မှုအရောင်းဆိုင်လေးတွေ မြစ်ကမ်းဘေးမှာ စီတန်းပြီး ခင်းကျင်းရောင်းချကြတယ်။ ပထမနေ့မှာတော့ ရိုးရာ၊ ခေတ်ပေါ် ဂီတဖျော်ဖြေပွဲတွေပြုလုပ်ကြပါတယ်။ ခရီးသွားတွေကတော့ အနီးအနားက ဟိုတယ်၊ တည်းခိုခန်းတွေမှာ တည်းခိုကြပြီး ခိုမြို့ရဲ့ အထင်ကရ ဂေါ်လူးဘာ့စ်ခံတပ်(Golubac Fortress) ဆီသွားရောက်လည်ပတ်ကြတယ်။ မြစ်ကမ်းခြေမှာ ရေကူးကြသူတွေလည်းရှိပြီး ရွက်လှေစီးကြသူတွေလည်း အများအပြားရှိကြပါတယ်။

            ရိုမေးနီးယားနိုင်ငံက ခရီးသွားတွေအပြင် တခြားနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေပါ အရောက်လာတတ်ကြတဲ့ ပျော်ပွဲရွှင်ပွဲပါ။ ဂေါ်လူးဘတ်စ်မြို့ခရီးသွားလုပ်ငန်းကနေပြီး Kostolac မြို့ Udruženje likovnih umetnika Kostolca Artist Club က organizer Artist Željko Stoičevic အပါအဝင် Artist တွေကိုဖိတ်ကြားခဲ့ပါတယ်။ Artist တွေအတွက် လိုအပ်တဲ့ material တွေနဲ့ accomodation အတွက် စီစဉ်ပေးကြတယ်။ အဲဒီလိုပဲ နှစ်စဉ် Artist တွေကို ဖိတ်ကြားလေ့ရှိတယ်။ ပွဲတော်နေ့ကို လာကြတဲ့ခရီးသွားတွေထဲက ပန်းချီဆွဲဖို့ စိတ်ဝင်စားကြတဲ့ ကလေးငယ်တွေအတွက်လည်း သရုပ်ပြပန်းချီဆွဲပေးတာတွေ ပုံတူဆွဲပေးတာတွေလည်းပြုလုပ်ပေးပါတယ်။ ပန်းချီဆွဲချင်တဲ့ပန်းချီဝါသနာရှင်တွေအတွက်လည်း ပန်းချီဆွဲဖို့ canvas တွေထားပေးထားကြတယ်။ ပန်းချီဆရာတွေဆွဲတဲ့ပန်းချီကားတွေဟာ ဂေါ်လူးဘာစ့်မြို့အထင်ကရ ဂေါ်လူးဘာ့စ်ခံတပ်ရဲ့ ပုံကို အဓိကထားဆွဲကြတယ်။ ပန်းချီဆရာတွေက Žika Loyovički, Vlada Mutic, Slavica, Hristo, Ljubovna, Mira, Bane နဲ့ Nenad Vučkovic တို့ပါဝင်ကြတယ်။ ပန်းချီရေးဆွဲခြင်းကို ၂ ရက်အတွင်း ပန်းချီဆရာတစ်ဦးကို ဘယ်နှစ်ကားဆွဲရမယ် ကန့်သတ်ချက်မျိုးမရှိဘဲ ကြိုက်သလောက် ဆွဲနိုင်ကြပါတယ်။ ဒုတိယနေ့ နေ့လည်ပိုင်းမှာတော့ Golubac Tourist Center မှာ ပြသထားကြတယ်။

            ဒုတိယနေ့ နေ့လည်ပိုင်းကျော်လာတာနဲ့ ပွဲတော်ကိုရောက်လာကြသူတွေ ပိုပြီးများလာကြတယ်။ ငါးစွပ်ပြုတ်ပြိုင်ပွဲစတော့မှာမို့ ပထမရက်ကတည်းက ပြင်ဆင်ထားခဲ့တဲ့ ထင်းပုံလေးတွေနားမှာ အုပ်စုအသီးသီးနေရာယူလာကြပြီး စွပ်ပြုတ်အတွက် အပြိုင်အဆိုင်ပြင်ဆင်ကြပါတော့တယ်။ မီးမွှေးပြီး စတင်ချက်ပြုတ်ကြတဲ့အခါ ထင်းမီးပုံလေးတွေအများကြီးက ထွက်လာတဲ့မီးခိုတွေကြားထဲ လူငယ် လူကြီး ပျော်ပျော်ရွှင်ရွှင်သွားလာလှုပ်ရှားနေလိုက်ကြတာများ မီးခိုးညှော်နံ့တွေကတောင် သူတို့အတွက်ပျော်ရွှင်စရာတစ်ခုဖြစ်နေတော့တာပါ။ သိပ်မကြာပါဘူး ဆိုင်ကယ်သံတွေအဆက်မပြတ်ကြားလာရတယ်။ သတင်းတွေမှာလည်း ဆိုင်ကယ်အဖွဲ့တွေရောက်လာကြမယ်လို့ ကြေညာထားခဲ့တာပါ။ ဆိုင်ကယ်ကြီးကြီး လူထွားကြီးတွေ ဆိုင်ကယ်သံအသံလုံးကြီးကြီးဆူဆူညံညံအသံပြုလို့ ငါးစွပ်ပြုတ်ပြိုင်ပွဲနေရာအနီးလမ်းမမှာ ပြည့်နှက်သွားတော့တယ်။ ဆိုင်ကယ်ချစ်သူတွေရဲ့စတိုင်လ်အတိုင်း အဝတ်အစား၊ ကိုယ်နေဟန်ထားနဲ့ လူငယ်၊ လူကြီးတွေလည်း ပွဲတော်မှာ ဝင်နွှဲကြပါတော့တယ်။ ငါးစွပ်ပြုတ်ရလာပြီဆိုရင်တော့ ပွဲတော်ကိုလာတဲ့ဧည့်သည်တိုင်းကို တစ်ခါသုံးခွက်လေးတွေနဲ့ ငါးစွပ်ပြုတ်တွေခပ်ခပ်ထည့်ပေးပြီး ဧည့်ခံကြပါတယ်။ စွပ်ပြုတ်နဲ့အတူ မပါရင်မဖြစ်တဲ့ ပေါင်မုန့်ညိုကြီးတွေကိုလည်း စားပွဲပေါ်မှာ ဗန်းတွေနဲ့ ထည့်ထားပေးကြတယ်။ ရိုးရာအကအလှအဖွဲ့လေးတွေရဲ့ ဖျော်ဖြေပွဲလည်းရှိနေတော့  ဆားဘီးယန်းရိုးရာအဝတ်အစားနဲ့ မိန်းကလေး၊ ယောက်ျားလေးအုပ်စုလေးတွေ၊ မိန်းကလေး ယောက်ျားလေအတွဲလိုက်လေးတွေ ဟိုဟိုဒီဒီ သွားလာနေကြပါတယ်။ အနက်ရောင်လူထွားကြီးတွေ လမ်းသလားနေကြသလို ရိုးရာဝတ်စုံနဲ့ လူငယ်လေးတွေလည်း သွားသွားလာလာနဲ့ ဂေါ်လူးဘာစ့်မြို့က နွေရာသီပျော်ပွဲရွှင်ပွဲမှာ လူငယ်လူကြီးအလွှာစုံ အနုပညာရှင်တွေပါ အားလုံး ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနိုင်ခဲ့ကြပါတယ်။            ။
ငါးပုံသစ်သားထိုင်ခုံလေး ကြိုက်လို့
ဖြိုးဖြိုး

No comments: