ကျွန်မအနားမှာ 'မောင်' မရှိအောင်လုပ်ခဲ့သူမှာ ကျွန်မဖြစ်သည်။ တကယ်တမ်း အနားမှာ မောင်မရှိသောအခါ 'မောင်ရှိခဲ့မယ်ဆိုရင်' ဟု တွေး၍တွေး၍နေမိသူမှာ ကျွန်မပဲဖြစ်ပါသည်။
xxxxx
ပြတင်းတံခါးကိုဖွင့်တော့ လတ်ဆတ်၍ ပန်းရနံ့သင်းသော နံနက်ခင်းလေပြေ က ကျွန်မမျက်နှာကို တို့ထိနှုတ်ဆက်သည်။ 'မင်္ဂလာပါ လေညင်းကလေးရေ' ဟု တီးတိုးရေရွတ်သော ကျွန်မ၏ အသံကု ကြည်လင်လတ်ဆတ်၍ မနေပါ။ မောင်ရှိခဲ့ မယ်ဆိုရင် လေညင်းကလေးတွေကို ကျွန်မ လျစ်လျူရှု၍ အရင်ဆုံးမောင့်ကိုသာ နှုတ် ဆက်လိုက်မည်။ အိပ်ပျော်နေဆဲ မောင့်ရဲ့ နဖူးပြင်ကို ကျွန်မပါးပြင်ဖြင့် အသာထိကပ် ၍ အဦးဆုံးနှုတ်ဆက်မည်။ အခု အိပ်မောကျနေဆဲ လူတစ်ယောက်ကျွန်မအနားမှာ ရှိသည်။ နှုတ်ဆက်ဖို့ကို ဝန်လေးစွာဖြင့် ကျွန်မကျောခိုင်းရပ်နေခဲ့သည်မှာ မနက်ခင်း ပေါင်းမြောက်များစွာ ရှိခဲ့လေပြီ။ ကျွန်မအထင် သည်လို မနက်ခင်းပေါင်း ၈ဝဝကျော် ကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။
အချိန်တစ်ခုမှာ အိပ်ရာဝင်ခဲ့ပြီး အချိန်တစ်ခုမှာ ကျွန်မအိပ်ရာက နိုးထသည်။ နေ့လား ညလားမကွဲပြားသော်လည်း ကျွန်မ၏ အတွေးတို့ကို ထွန်းညှိလျက် မောင့်၏ အမည်နာမကို ကျွန်မ ဟစ်ခေါ်ဖူးသည်။ တစ်ခါတစ်ရံအတွေးတို့သည် ကျွန်မ မထွန်း ညှိရပါဘဲနှင့် လင်းလက်ဖြာဝေကာ မောင့်အမည်နာမသည် ကျွန်မနှလုံးသားကို အုပ်စိုး နေသည်။ သည်အချိန်ကျွန်မခန္ဓာကိုယ်က ဟော့သည်မီးဖိုခန်းထဲမှာ ရောက်နေပြီး လက်များက သူစားဖို့ နံနက်စာများကို စီစဉ်ချက်ပြုတ်နေသည်။ ညစာကိုတော့ အထွေ အထူးစီမံစရာမလို။ 'သူ' သည်အပြင်(ကျွန်မအထင် ပါတီ၊ စားသောက်ဆိုင်များ) ကနေ စားခဲ့၍ပဲ ဖြစ်၏။ ကျွန်မချက်သော ဟင်းလျာများ အစပ်အဟပ်မတည့်လှကြောင်း ရိပ်စားမိသော်လည်း ကျွန်မ မတတ်နိုင်ပါ။ မောင်က အုပ်စိုးထားသော ကျွန်မနှလုံးသား သည် မီးဖိုခန်းထဲမှာမနေ။ ပြတင်းကနေ ခုန်ချကာ လေဟုန်စီး၍ ခရီးဆန့်သည်။ လိုက်ခေါ်ရန်ကြိုးစားမိသလား။ ကျွန်မကိုယ်တိုင်က ကြိုးဖြေပေးခဲ့သလား ကျွန်မမသိ။ နှလုံးသားသည် ကျွန်မရင်ဘတ်ထဲမှာ ရှိမနေပါ။
နှလုံးသား အကူအညီမပါဘဲ လက်များကချက်သောကျွန်မ၏ဟင်းလျာများ ချိုမြိန်ဖွယ်ရာမရှိကြောင်း ကျွန်မသိနေသော်လည်း သူကတော့ မြိန်ရေယှက်ရေ စားသုံးကာ ဗဲရီးဂွတ်ဟု ပြောဦးမည်။ သူ့ချီးအမွမ်းကို ခံရသော်လည်း ကျွန်မ၏လျှာကဖြင့်ခံတွင်း မတွေ့ပါ။ ကျွန်မ၏ သွားများက စက္ကူပျော့ဖတ်တွေကို နေ့စဉ်ဝါးမျိုသည်။ မောင်ရှိ ခဲ့မယ်ဆိုရင် နတ်သုဒ္ဓါဖြင့် မလဲနိုင်သော ဟင်းလျာများကို ကျွန်မဖွယ်ဖွယ်ရာရာ စီမံ ချက်ပြုတ်မိမှာ သေချာသည်။ ကျွန်မ၏ ဟင်းလျာများကို အရင်မြည်းကြည့်ရုံနှင့် အနားမှာရှိသော မောင့်ကိုတောင်တခဏ မေ့သွားသည်အထိ အရသာထူးကဲသော ဟင်းများ ဖြစ်ကြောင်း ကျွန်မအာမခံနိုင်ပါသည်။ အခုတော့ မောင်ရှိခဲ့မယ်ဆိုရင် မနက်ဖြန်မှာ ထပ်တွေးနိုင်အောင် စက္ကူပျော့ဖတ်တွေ ကျွန်မဝါးရပေဦးမည်။ ကျွန်မရဲ့ အတွေးများ၊ ကျွန်မထွန်းညှိစရာ မလိုဘဲ နေ့တိုင်းရှင်သန်စေရန် အာဟာရတစ်ခုလိုသောကြောင့် ဖြစ် သည်။
ရေချိုးချန်းထဲက ရေသံကြားသည်။ သူနိုးလာပြီဟု ဦးနှောက်က သိလိုက်သည် နှင့် ဘလက်ကော်ဖီတစ်ခွက်ဖျော်၏။ သံပရာသီးတစ်စိတ်ပါလှီး၍ အသင့်ပြင်ဆင်ထားရန် ကျွန်မ၏ လက်များက မမေ့မလျော့ပါ။
'ဆောရီး၊ ညက နည်းနည်းများ သွားတယ်'
အတိုဆုံး တောင်းပန်စကားကို ဆို၍ သူကော်ဖီသောက်သည်။ မောင့်ရဲ့နာမည် ကို အခေါက်ခေါက်အခါခါအလွတ်ရခဲ့သလောက် သူ့အမည်ကို ကကြီးခခွေး ရေးသလို အစကနေ ကျက်မှတ်လေ့လာနေရတုန်း။ သူနှင့် နေသည်မှာ ရက်ပေါင်း ၈ဝဝ ကျော် ရှိခဲ့သော်လည်း သူ့အမည်ကို ခုထိ အလွတ်မရသေးပါ။ စိတ်မဝင်စားသော ဘာသာရပ် တစ်ခုကို ဘယ်လိုမှ သင်ယူကျက်မှတ်၍ မရနိုင်သလိုပင်။ သူသည် နိုင်ငံရပ်ခြား ဘာသာစကားတစ်ရပ်လည်း ဖြစ်နိုင်သည်။
မနေ့ညက သိသိသာသာ ယိမ်းယိုင်ကာ သူအိမ်ပြန်လာခဲ့သည်။ ဒီလောက် ဒယီးဒယိုင်ပုံစံဖြင့် ကားမောင်း၍ အိမ်အရောက်ပြန်လာနိုင်သော သူ့ကို တအံ့တသြ ဖြစ်လျက် အိပ်ရာထက်သို့ ရောက်အောင် ခဲရာခဲဆစ် ကျွန်မကြိုးစား ပို့ပေးခဲ့၏။ ကျွန်မ အမှန်ဆိုရလျှင် ဒီလိုနည်းနည်းများသွားတယ်ဆိုတာထက် အများကြီးများသွား တာကို ပိုလိုချင်မိသေးသည်။ နည်းနည်းများသွားတာတောင် သူ့ကို ချက်ချင်းအိပ်ပျော် စေခဲ့လျှင် အများကြီးများသွားခဲ့ရင်တော့ သူအိမ်ပင်ပြန်မလာနိုင်တော့ဘဲ အဲသည် (သောက်သည့်)နေရာမှာပင် တစ်ချိုးထဲ ထိုးအိပ်သွားစေမှာပဲ။ ထိုအတွေးဖြင့် ကျွန်မ သူ့ကို အများကြီးအများကြီး များခဲ့စေချင်သည်။
ထိုအခါ ကျွန်မတစ်ယောက်တည်း လွတ်လပ်သော အတွေး၊ လှသောအိပ်မက် တို့ဖြင့် ညကို ဖြတ်သန်းနိုင်မည်။ သို့တစေ ကျွန်မမျှော်လင့်သလောက် အတိုင်းအတာ မျိုးအထိ ဘယ်တော့မှ သူမရောက်ပါ။ သူသည် နည်းနည်းများသွားတယ် ဆိုရုံလောက် သာ မူးတတ်သူ၊ အိမ်သို့ ကောင်းကောင်းကြီး ပြန်လာနိုင်တဲ့အထိသာ မူးတတ်သူ၊ ဒီထက်ပို၍ နည်းနည်းကလေးမှ အမူးမခံတတ်သူ ဖြစ်ပါသည်။
မောင်သာဆိုလျှင် နည်းနည်းကလေးသောက်ရုံဖြင့် သိသိသာသာပျာယာခတ် လျက် အိပ်မရနိုင်တဲ့အထိ တစ်ညလုံး မောင်ကိုသာ အရိပ်တကြည့်ကြည့် ကြည့်ရှုစောင့် ရှောက်မိချေမည်။ (သို့သော် မောင်က အရက်၊ ဆေးလိပ် မသောက်တတ်သူ လူလိမ္မာ ကလေးဖြစ်ပါသည်။) မူးအိပ်နေသော သူကို ကျောပေးလျက် ကျွန်မ ညက စိတ်ချ လက်ချ အိပ်ပျော်စေခဲ့ပါသည်။ ညအခါ ဘယ်လောက်ပဲ ကျောခိုင်းခိုင်း မိုးလင်းသည့် အခါမှာတော့ ဘလက်ကော်ဖီဖျော်ပေးရန် ကျွန်မလုပ်နိုင်သည်။ 'သိပ်တော်တဲ့မိန်းမပဲ' ဟု ချီးကျူးစကားဆိုသည့်အခါ ကျွန်မဘယ်လိုမှ စိတ်မလှုပ်ရှားပါ။ သူ့အထင် သိပ်တော် တဲ့မိန်းမသည် မောင်ရှိခဲ့မယ်ဆိုရင် ဆိုတဲ့ အတွေးများဖြင့်သာ ပြည့်လျှံနေတဲ့ မိန်းမ ဖြစ်ကြောင်း သူမသိပါ။ အားတုန့်အားနာ ကျွန်မဖြစ်ခိုက်ကော်ဖီသောက်ပြီးသည့် သူက ဘုရားရှိခိုးနေပြီ။ ပြီးလျှင် သူ စာဖတ်ခန်းထဲဝင်လိမ့်မည်။
ကျွန်မ ကော်ဖီသောက်သည်။ ကော်ဖီသည် ချိုသော ခါးသော အရသာတစ် စုံတစ်ရာ ရှိမနေခြင်းကား ထူးဆန်းသည်။ ဒါကော်ဖီလား။ ကျွန်မကိုယ်တိုင်ဖျော်၍သာ ကော်ဖီဟု သိသည်။ မောင်ရှိခဲ့မယ်ဆိုရင် ကော်ဖီစစ်စစ်၏ အရသာကို ကျွန်မရှာဖွေတွေ့ ရှိနိုင်သည်။ လက်ဖက်ရည်ခါးခါး၏အရသာသစ်ကိုလည်း ကျွန်မခံစားစွဲလန်းနိုင်သည်။ ဘယ်လိုမှ မကြိုက်တတ်သော လက်ဖက်ရည်ခါးခါးကို မောင့်အကြိုက်ဟု သတ်မှတ် ၍ တစွဲတလန်း ကျွန်မလိုက်သောဖူးသည် မဟုတ်လော။ နက်(စ်)ကော်ဖီကြိုက်တတ် သော သူ့အကြိုက်ကို (အသာကလေး လိုက်ကြည့်လို့ရရက်နှင့်) တစ်ခါမျှ လိုက်မသောက် ဖြစ်ခဲ့ပါ။ ကျွန်မ၏ ပင်ကို အကြိုက်အတိုင်း 'ဆု'ကော်ဖီမှုန့် (pure) များကိုသာ ဖျော် ၍ မနက်ခင်းပေါင်း ၈ဝဝကျော်ကို ကျွန်မဖြတ်သန်းခဲ့ပြီ။ နောက်ထပ် ဘယ်လောက် ဖြတ်သန်းရဦးမယ်။ ကျွန်မ မသိပါ။
မောင်ရှိခဲ့မယ်ဆိုရင် ကျွန်မရဲ့လှုပ်ရှားမှု အလုံးစုံသည် မောင့်အကြိုက်များပဲ ဖြစ်မှာ သေချာ၏။ ကျွန်မ အဲဒီလောက်မောင့်ကို ချစ်သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်က ချစ်ရန်အခွင့်အလမ်းမရှိတော့။ ဟင့်အင်း ချစ်တယ်လို့ ပြောရန် အခွင့်အလမ်းမရှိတော့တာပါ။ ဆွံ့အတိတ်ဆိတ်စွာဖြင့် ကျွန်မ မောင့်ကို ချစ်နေနိုင်သည်။ ဒါဟာ ဖောက်ပြန်မှုလား၊ ဟင့်အင်း မောင့်အတွက် သစ္စာပါ။ သို့တစေ ကျွန်မက ဆူးချွန်တွေနဲ့ ယက်လုပ်တဲ့ စည်းဝိုင်းတစ်ခုရဲ့ အလယ်ခေါင်မှာ ဣနြေ္ဒရရ ရပ်နေပါသည်။ အပြင်ထွက်လို့ ရလိုရငြား ဆူးချွန်တွေကို ချိုးဖျက်ဖို့ ကျွန်မ စိတ်မကူးပါ။ ကျွန်မ ကိုယ်တိုင် ယက်လုပ်ခဲ့တဲ့ စည်းဝိုင်းပဲ မဟုတ်လား။ မောင့်ထံ ကျွန်မမသွားပါ။ မောင့်ကို လာပါ၊ နေပါ ကျွန်မနဲ့အတူရှိလှည့်ပါ။ ကျွန်မ မဖိတ်ခေါ်။ တမ်းတခြင်းနှင့် အခြားတစ်စုံတစ်ရာတို့ ကင်းသော အတွေးကလေးသက်သက်ဖြင့်သာ ကျွန်မတွေးသည်။ 'မောင်ရှိခဲ့မယ်ဆိုရင်' ဒီလောက်တော့ ကျွန်မအနေနှင့် တွေးပိုင်ခွင့်ရှိပါလိမ့်မည်။ ကျွန်မ ၏ အတွေးများမှာ အသံတစ်ခုရှိခဲ့လျှင် စက္ကန့်မလပ် ကျယ်လောင်လွန်းနေမည်ဖြစ်သော ထိုအသံ 'သူ' ကြားနိုင်သည်။ အခု ဘာမှ မသိပါ။ 'သူ' မသိအောင်လိမ္မာပါးနပ်စွာ ကျွန်မ တွေးမည်။
အမှန်ဆုံးစကားကို ကျွန်မ ဆိုပါဦးမည်။ မောင်သည် ကျွန်မ၏ အဦးဆုံးသော သူ၊ နောက်ဆုံးသော သူဖြစ်၏။ ကျွန်မဘဝ၏ အစနှင့်အဆုံးလည်းဖြစ်သည်။ ကျွန်မ ၏ အချိန်၊ အတွေးတို့ကို ပိုင်သောလူဖြစ်၏။ ဘဝ၌ မလိုလားအပ်သော အပြောင်းအလဲ များကို ကြုံနေရသော်လည်း မောင်သည် မနေ့၊ ယနေ့ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ တည်သောသူ ဖြစ်၏။ အဆီးအတား အကန့်အသတ် လွတ်ကင်းသော ကျွန်မ၏ အတွေးထဲ၌ မောင် နေသည်။ ကွေကွင်းရဖို့ ကျွန်မကစ၍ အတည်ပြုခဲ့သော် လည်း တစ်ကယ်တည်း ကွေကွင်းခြင်းထဲ၌ မောင်ရှိခဲ့မယ်ဆိုရင်လို့ ကျွန်မ ဘာကြောင့် တွေးတွေး နေမိပါလိမ့်။
မနက်၊ နေ့လယ်စာ တို့ကိုစားပြီး၍ သူ့အပြင်(အလုပ်သို့) သွားတော့မည်။ သူယူမည့်အိတ်ကို ကောက်ဆွဲ၍ သူနှင့်အတူ အိမ်တံခါးဝသို့ထွက်ခဲ့ခြင်းမှာ သူ့ကို လိုက်ပို့ရန်မဟုတ်ပါ။ သူထွက်အသွား တစ်ယောက်ထဲကျန်ခဲ့မည့် ကျွန်မ၏ လုံခြုံမှု အတွက် ခြံဝန်း၊ အိမ်တံခါးများကို စောင့်ပိတ်ရန် ဖြစ်ပါသည်။ သူအိမ်က ထွက်အသွား အနမ်းတစ်ပွင့်ဖြင့် လက်ပြနှုတ်ဆက်ခြင်းမရှိသလို သူအိမ်ပြန်အလာကို မွှေးပျံ့ပျံ့သနပ်ခါး ဖြင့် ကျွန်မစောင့်ကြိုဆိုဖူးခြင်း မရှိပါ။ သူမရှိလျှင် ကျွန်မခန္ဓာကိုယ်သည် အဖြူရောင် ကိုယ်ထည်ပွပွတီရှပ် တစ်ထည်ဝတ်ထားရသလို ဖြစ်ပြီး သူရှိလျှင် အနက်ရောင် သားရေ ကိုယ်ကြပ်အင်္ကျီတစ်ထည်ဝတ်ထားရသလို ဖြစ်၏။
သူထွက်သွားပြီ ဖြစ်သော်လည်း သူ့အတွက် လုပ်ပေးနေကျ အလိုအလျောက် အကျင့်ပါနေပြီဖြစ်သော ကျွန်မလက်များက အနားယူ၊ ခိုကပ်နေခြင်းမရှိပါ။ လျှော်ဖွပ် ရန်အဝတ်အစားများကို မီးပူတိုက်သည်။ အိမ်ကို သန့်ရှင်းရေးလုပ်သည်။ မောင်ရှိခဲ့မယ် ဆိုရင် (အလုပ်သွားချိန်)များမှာသည် အလုပ်များကို ကျွန်မ စိတ်ဖြောင့်ဖြောင့် လုပ်နိုင် မည်မဟုတ်ပါ။
ဘုရားခန်းသို့ဝင်၍ မောင်ရဲ့တစ်နေတာ လုပ်ငန်းများ၊ အဆင်ပြေစေဖို့၊ အိမ်သို့ ဘေးရန်ကင်းရှင်းစွာ ပြန်လာနိုင်စေဖို့ အရင်ဆုံးဆုတောင်းပြီး ကျွန်မလည်တိုင်သည် မောင်ပြန်မရောက်မချင်းတဖြည်းဖြည်းတိုး၍ ရှည်လျားဆန့်ထွက်နေလိမ့်မည်။ အိမ် အလုပ်များ လုပ်နေမှာ ဖြစ်သော်လည်း ကျွန်မရဲ့ မျက်လုံးများက အိမ်တံခါးဝဆီိသို့သာ လှမ်း၍ကြည့်၊ နားရွက်များက မောင့်ရဲ့ခြေသံကို ကား၍ကား၍ စွင့်နေမိလိမ့်မည်။ အခု သူအပြင်သွားတိုင်း လုပ်စရာရှိသည်တို့ကို စိတ်ဖြောင့်လက်ဖြောင့် ကျွန်မလုပ်နိုင် ပါသည်။
သို့သော် အနားမှာ မောင်မရှိခြင်း(တစ်နည်း) သူရှိနေခြင်းအတွက်ကျွန်မ နောင်တရစိတ်အလျဉ်းမရှိပါ။ အလိုမကျ၊ နောင်တရခြင်းမရှိသလို ကျေနပ်ရောင့်ရဲခြင်း လည်းမရှိခဲ့။ မိဘများ စိတ်တိုင်းကျ (ငြင်းဆန်လျှင် ရရက်နှင့် မငြင်းဆန်ဘဲ) သူ့ကို လက်ထက်ခဲ့သော ကျွန်မ၏ လုပ်ရပ်ကို အမြဲတစေ မှန်ကန်သည်ဟုတော့ ကျွန်မယုံကြည် မှုရှိနေသည်။
ဘဝရဲ့လက်တွဲဖော်အဖြစ် ကျွန်မက သူ့ကို၊ သူကကျွန်မကို အပြန်အလှန် ရွေးချယ်ခဲ့ကြသည်။ ကိုယ့်လုပ်ရပ်အပေါ် ကိုယ်အမြဲတစေမှန်ကန်သည်ဟူသော ယုံကြည် ချက်မှ တစ်ပါး၊ ကျွန်မတို့ကြားမှာ ဘာမှမရှိပါ။ တစ်ယောက်အကြိုက် တစ်ယောက် လိုက်ရန် စိတ်ကူးမရှိ၊ သဘောထားကွဲလွဲဆန့်ကျင်ခြင်းမရှိ၊ ကျီစယ် ချော့မြူခြင်း၊ ကတောက်ကဆတ်ဖြစ် စိတ်ဆိုးခြင်းမရှိ။ ကျွန်မတို့ နှစ်ယောက်လင်နှင့်မယားဖြစ်သော် လည်း လျှာနှင့်သွားများ မရှိကြပါ။
လက်ထပ်ပြီး လင်ယောက်ျားဖြစ်သွားသည်နှင့်ချစ်သွားတတ်ကြစမြဲဟု မည်သူ အဆိုပြု၍ မည်သူတွေ ဝိုင်းဝန်းထောက်ခံနေကြသလဲ ကျွန်မ မသိ၊ သူ့ကို ကျွန်မက ချစ်လာနိုးနိုးဖြင့် သူက အချိန်ပေး၍ စောင့်မျှော်မနေသလို၊ ကျွန်မက သူ့ကိုချစ်နိုးနိုး အချိန်ယူ၍ မကြိုးစားဘူးခဲ့။ အချစ်မရှိ၊ အမုန်းမရှိသည့် ပကတိ အေးအေးလူလူဘဝ မျိုးကို ကျွန်မတို့ ရထားကြသည်။ ခမ်းနားကြီးကျယ်သော ဧည့်ခံပွဲကြီးလုပ်၍ ကျွန်မ တို့ တစ်ယောက်ကို တစ်ယောက်အဖော်လုပ်ကြမည်ဟု ကတိပြုခဲ့ကြသည်။ တစ်ယောက် အတွက် တစ်ယောက် အဖော်စစ်စစ်ကားမဖြစ်ခဲ့ချေ။ တစ်ယောက်မရှိလျှင် တစ်ယောက် မနေတတ်သည်အထိ အပြန်ပြန်အလှန်လှန် မှီခိုအားထားသော အဖော်မျိုးမဖြစ်ခဲ့။ ကျွန်မ တို့ တစ်ယောက်ကို တစ်ယောက်အဖော်လုပ်၍ သည်အိမ်ထဲမှာ နေထိုင်ကြသည်။ အချစ်ကို စတင်ထိတွေ့ခဲ့ရဖူးစဉ်က စိတ်ကူးယဉ်ခဲ့ဖူးသည့် အိပ်မက်ထဲကဘဝကို အပြင်မှာ အရှင်လတ်လတ်ထိတွေ့ခံစားခွင့်တော့ ကျွန်မမှာ မရှိတော့ပါ။ သို့တစေ ဘာဆိုဘာမှ မလိုအပ်ဘဲ ခုလို အေးအေးလူလူ နေနိုင်သော ဘဝအခြေအနေကို ရွေးချယ်နိုင်ခဲ့သည့် အတွက် ကျွန်မမမှားနိုင်ပါ။ အမြဲမှန်ပါသည်။
ခက်သည်က မိုးလင်းမိုးချုပ် မောင်ရှိခဲ့မယ်ဆိုလျှင် ဆိုတဲ့အတွေးများကို ကျွန်မ ဘာကြောင့် မရပ်မနား တွေး၍နေမိပါလိမ့်။ တစ်ယောက်ရဲ့ အတွင်းစိတ်ကို တစ်ယောက် က ဒိုးယိုပေါက် ထွင်းဖောက်မြင်နိုင်သည့် မျက်ကြည်လွှာမျိုး ကျွန်မတို့၏ မျက်လုံးများထဲ တွင် ထည့်သွင်းဖန်ဆင်းမပေးခဲ့သည့် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ရဦးမည်။ သည်သို့သာ မြင်နိုင်ခဲ့လျှင် ကျွန်မတို့ ခုလိုအေးအေးလူလူ နေနိုင်မည်မဟုတ်တော့ပါ။ ကျွန်မတို့ သူတို့ အားလုံးတို့၏ ဘဝသည် စစ်တလင်းတစ်ခုနှယ် ကျည်သံ၊ အမြောက်သံ များ ဆူဝေလျက်၊ မီးဟုန်းဟုန်း တောက်လောင်နေပေလိမ့်မည်။
ဘာနဲ့မှ ငြိမ်းသတ်မရနိုင်တဲ့ မီးလျှံများက ကျွန်မတို့ခန္ဓာကို ဝါးမြိုလိမ့်မည်။ သောကမီး၊ အလုံးစုံကင်းငြိမ်းပြီး ခုလို အေးအေးလူလူ နေရသော ဘဝအတွက် သူ့ကို ကျွန်မကျေးဇူးတင်ရမည်ဖြစ်သော်လည်း တစ်ဝက်မျှသာ ကျွန်မကျေးဇူးတင်သည်။ ကျန် တစ်ဝက်က ကျွန်မအတွက်ပဲဖြစ်၏။
အတွင်းက ဆက်သွယ်မှုတွေ လွဲချော်နေသည်ကို မမြင်ဘဲ စံပြအိမ်ထောင် ဖြစ် ချီးကျူးခံရလျှင်တော့ ကျွန်မရယ်ချင်မိ၏။ အိမ်နီးချင်းမေရီက 'ကိုယ်တို့တော့ ဘာမှမဟုတ်တာလေးအတွက်နဲ့လည်း ခဏခဏ စကားများကြရတယ်။ သူနဲ့ ရန်ဖြစ် ရ၊ ကလေးတွေကို ဆူပူငေါက်ငမ်းရနဲ့ အမြဲဆူညံပွတ်လောရိုက်နေတာ။ မင်းတို့ကို အားကျတယ်ကွာ။ တစ်ခါမှ ရန်ဖြစ်သံ မကြားရဘူး။ အေးအေးဆေးဆေးပဲ နော်' တဲ့။ ရန်ဖြစ်သံမကြားရသလို ရယ်မောပျော်ရွှင်သံကိုရော ဘယ်တုန်းက ကြားဖူးသလဲ' ဟု မေရီကိုပြန်မေးချင်၏။ မမေးဖြစ်ပါ။ ဒီအတိုင်းပဲ နေခြင်းကကောင်းပါလိမ့်မည်။
'ဒါပေမဲ့ တစ်ခုတော့ လိုတယ်ကွ၊ ကလေးတစ်ယောက်လောက်တော့ ယူဖို့ ကောင်းတယ်၊ မယူတာလား၊ မရတာလား'
မေရီ့အမေးကို ဖြေရန် အဆင့်သင့်မရှိခြင်းမှာ ကျွန်မ ဒီအကြောင်းကို တစ်ခါ မှ မစဉ်းစားခဲ့ဖူးသောကြောင့်ဖြစ်ပါသည်။ 'ကလေး' ဟုတ်ပါရဲ့။ မေရီပြောမှ ကျွန်မ စဉ်းစားမိတော့သည်။ အိမ်ထောင်တစ်ခုရဲ့ အဓိကလိုအပ်ချက်တဲ့။ ဒါဖြင့် ကျွန်မတို့ ဘာကြောင့်များ မေ့လျော့ခဲ့ကြပါလိမ့်။ သူကလည်း စကားမစပါ။ 'စိတ်ပျက်စိတ်ကုန် စရာတွေများလိုပ သည်းမခံနိုင်တဲ့အဆုံး ကွာရှင်းချင်တယ်ဆိုရင်တောင် ဒီကလေးကြောင့် မလွယ်ဘူး။ ဖြတ်တောက်ရုန်းထွက်လို့ မရနိုင်တဲ့နှောင်ကြိုးပဲ။ ဒါကြောင့် တို့တော့ ကလေးမယူဘူးလေ' ဟုဆိုတတ်ကြတဲ့ ခပ်ညံ့ညံ့မိန်းမတစ်ယောက်ရဲ့ အတွေးမျိုးကျွန်မ မှာ ဘုရားစူး မရှိခဲ့ပါ။ အမှန်တော့ မလိုချင်စိတ်မရှိခဲ့ဘူးသလို လိုချင်စိတ်လည်း မပြင်းပြဘူးပါ။ အနားမှာ မောင်ရှိခဲ့မယ်ဆိုရင်တော့ လိုချင်တပ်မက်စိတ်အပြည့်ဖြင့် မောင်နှင့်တူသော သားကလေးနှင့်၊ ကျွန်မနှင့်တူသော သားကလေးနှင့်၊ ကျွန်မနှင့်တူ သော သမီးကလေး အမွှာကို ကျွန်မအမြန်ဆုံး မွေးဖွားသန့်စင်ချင်ပါသည်။ ခက်ပါရဲ့၊ မောင်ရှိခဲ့မယ်ဆိုရင် လို့ ကျွန်မတွေးမိပြန်ပြီ၊ တကယ်တော့ ကျွန်မတို့ အိမ်ထောင် အကြောင်း မေရီက ဆွေးနွေးနေခြင်းမဟုတ်လား။ မဟုတ်သေးပါဘူး။ ခေါင်းတစ်ချက် ခါရမ်းရင်း ကျွန်မ ရေချိုးခန်းဝင်သည်။ အအိုက်ပြေခြင်းငှာ ရေချိုးသော်လည်း ရေသည် ပူနွေနေ၏။ မောင်ရှိခဲ့မယ်ဆိုရင် ဟောသည် ကျွန်မချိုးမယ့် ရေတွေဟာ နွေအခါမှာ နွေးထွေးနေလိမ့်မည်။ မောင်ရှိခဲ့မယ်ဆိုရင်လို့ တွေးနေမှာလား။ ကျွန်မ မထင်ပါမောင်။ မောင့်ရဲ့ ဇနီးချော၊ ကျွန်မရဲ့သူငယ်ချင်းနွယ်ဟာ မောင့်ကို ကျွန်မအရင် သဘောကျ စွဲလန်းချစ်ခဲ့ သူဖြစ်ပြီး အင်မတန်မိန်းမပီသသူလည်းဖြစ်သည်။ ဒါတွေဟာ မောင် ကျွန်မကို လုံးလုံးလျားလျား မေ့သွားစေဖို့ လုံလောက်တဲ့ အချက်အလက်တွေပဲ မဟုတ် လား။
မောင်ရှိခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးများ ဆထက်ထမ်းပိုး တိုးပွားလာချိန်မှာ မောင်နှင့် ကျွန်မပြန်ဆုံကြသည်။
ပစ္စည်းတချို့ ဝယ်ယူပိုက်ပြီး စူပါဝမ်းကုန်တိုက်ထဲက ထွက်အလာ၊ ဗိုလ်ချုပ် ဈေးဘက်ကနေ လမ်းဖြတ်ကူးလာဟန်ရှိသော မောင်နှင့် ကျွန်မ ဆုံကြသည်။ မတွေ့တာ ကြာပြီဖြစ်သော မိတ်ဆွေဟောင်းများအဖြစ် ီငောသညိ ႊၽ့ငအန မွာ ထိုင်ရင်း ကျွန်မတို့ စကား ပြောဖြစ်ခဲ့သည်။
မောင်က အဆင်ပြေလားဟု ညီတူမျှတူ မမေးပါ။ ကျွန်မရွေးချယ်သည့် ဘဝ၌ ကျွန်မ အဆင်ပြေစွာ နေနိုင်လိမ့်မည် ဟု မျှော်လင့်စိတ်ချထားသော အမေး။
'ဒီလိုပါပဲ ကိုနေနိုင်ရော အဆင်ပြေရဲ့လား'
အဆင်ပြေမှ ပြေရဲ့လားဟု စိုးရိမ်သံစွက်သော အမေးကို ကျွန်မဘာသာ သတိပြုမိလိုက်သည်။ မောင်က မဖြေပါ။
'ယောက်ျားတွေ စိတ်ညစ်ရင် အရက်သောက်ကြတယ်၊ အဲဒါ စုလေးမေ သိလား'
'ဟင့်အင်း ပျော်လည်းသောက်ကြတာပါပဲ ရှင်'
ကျွန်မအဖြေကို မောင်က သဘောကျပြီး ဟတ်ခနဲရယ်လိုက်သည်။
'မင်း တွေ့ဖူးပြီထင်တယ်။ ဟုတ်တယ်၊ ယောက်ျားမှန်ရင် အကြောင်းတစ်ခု မဟုတ် တစ်ခုပြပြီး အရက်သောက်ကြတာချည်းပဲ၊ ကိုယ်ပြောတာက အရက်လုံးဝ မသောက်တဲ့သူမျိုး၊ ဥပမာ.. ကိုယ့်လိုလူစားမျိုးပေါ့၊ စု သိလား ..ကိုယ် အခု ညတိုင်း အရက်သောက်ဖြစ်တယ်'
ဆေးလိပ်တောင် မသောက်တတ်ခဲ့သော မောင့်အကြောင်းကို ကျွန်မအသိခဲ့ဆုံး မို့ အနည်းငယ်တုန်လှုပ်ချင်သည်။ စု ဟူသောအခေါ်အဝေါ်ဟောင်းကြောင့် ကျွန်မ ပို၍တုန်လှုပ်ရသည်။ မောင်က ကျွန်မ တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့် နေသည်။
'မင်းကြည့်ရတာ အတိုင်းထက်အလွန်ကို အဆင်ပြေနေပုံပဲ၊ အလှအပတွေလည်း အရင်ကထက် ပိုပြင်ထားတယ်။ အင်းလေ ဒီလိုမှန်းသိလို့လည်း ဒီလမ်းကို ရွေးခဲ့တာ ပဲမဟုတ်လား'
'ဟင်အင်း ကျွန်မရဲ့ အတွေးတွေ ကတော့ မောင်ရှိခဲ့မယ်ဆိုရင်လို့ တကယ် ကို တွေးနေမိတာပါ။ မောင့်ကို ကျွန်မမမေ့ဘူး။ မောင်သိလား။ ကျွန်မလေ ကျွန်မ.....။ အပြင်သို့ ထိုးထွက်ရန်တာစူနေသော စကားလုံးတွေကို ကျွန်မ ချက်ချင်းလက်ငင်း မျိုချလိုက်ရသည်။ ဟင်အင်း ကျွန်မ ဒါတွေကို ပြန်နားထောင်ဖို့ လာတာမဟုတ်ဘူး။ မတွေ့တာကြာပြီဖြစ်လို့ ရိုးရိုးသားသားနဲ့ သာကြောင်း မာကြောင်းနဲ့ ထွေရာလေးပါး စကားဆိုရုံကလေးပါပဲ။
'ကိုယ့်မေ့ကိုမေ့နေတာ သိလား။ နှစ်တွေ အများကြီးကြာသွားသလိုပဲ၊ တကယ် တော့ နှစ်နှစ်ကျော်ရုံကလေးပဲရှိသေးတယ်နော်၊ မယုံနိုင်စရာဘဲ။ မင်းကို ဒီနေ့ပြန်တွေ့ ရတဲ့အခါ ကိုယ့်ရင်တွေ အခုန်မြန်တုန်းပဲ'
သည်ဆိုင်သို့ လိုက်ထိုင်မိတာ မှားလေပြီဟု ကျွန်မ နောင်တရချင်သည်။ ကျေးဇူးပြုပြီး အဲဒါတွေ မပြောပါနဲ့လိုလည်း ကျွန်မ မတားနိုင်၊ ဆက်နားထောင်ရန် လည်း မဝံ့မရဲနှင့်၊ ကျွန်မ အကျဉ်းအကျပ်ထဲ ရောက်ရလေပြီ။
'မှတ်မိသေးတယ်။ ကျွန်မကို မေ့လိုက်ပါ။ နွယ့်ကို လက်ထပ်လိုက်ပါတဲ့ မင်းရဲ့နောက်ဆုံးစကားလေ၊ အဲဒီတုန်းက ကိုယ်ဟာ မင်းပြောသမျှ ဆုံးဖြတ်စေခိုင်း သမျှ ခေါင်းညိတ်လိုက်နာချင်တဲ့ အရူးအပေါပဲ၊ မင်းဖြစ်ချင်တဲ့ အရာအားလုံးချက်ချင်း လုပ်ပေးနိုင်တဲ့ မှော်ပဉ္စလက်နှလုံးသားတစ်စုံ ကိုယ့်ရင်ဘတ်ထဲမှာ ရှိနေခဲ့တာကိုး၊ ဒါကြောင့်လည်း ကိုယ့်ဘဝတစ်ခုလုံး သေဆုံးခဲ့ရတာ၊ မဟုတ်ဘူး..... သေခြင်းထက် သေလုမျောပါးဖြစ်တဲ့ အခြေအနေက ပိုကြောက်ဖို့ကောင်းတယ်ကွ သိလား၊ တစ်ခါတည်း သေသွားခဲ့ရင်လည်း အကောင်းသား၊ အခုကိုယ့်မှာ တကယ့် သလုမြောပါးပဲ ခံစားရတာ။ မင်းကို ချစ်စိတ်နဲ့ မင်းဆန္ဒအကုန်လိုက်လျောပေးခဲ့ပေမဲ့ တကယ်တော့ ကိုယ့်နှလုံးသား က အတ္တသိပ်ကြီးခဲ့တာ၊ အနားမှာရှိနေတဲ့ မိန်းမကို ငဲ့မကြည်နိုင်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် ပဲ ပြန်ကြည့်လွန်းအားကြီးခဲ့တာ။ ကိုယ့်နှလုံးသားထဲမှာ တခြားဘယ်သူ့အတွက်မှ တစ်နေရာစာလေးတောင် ချန်မထားနိုင်တော့တဲ့အထိ မင်းနဲ့ပဲ ငါ့နှလုံးသားပြည့်လျှံပြီး လေးလံနေခဲ့တာ စုလေးမေ သိလား'
မောင့်ကို တအံ့တအားကြည့်ပြီး ကျွန်မလည်း အဲဒီလိုပဲဟု ပြောမိတော့မလိုလို။ ကျွန်မ နှုတ်ခမ်းတွေ လှုပ်ရွလာ၏။ ပြောဖြစ်သည်က……
'ကျွန်မအတွက်တော့ အတိတ်ဆိုတာ တံတားအောက်ကနေ ရေတွေ ဖြတ်စီး သွားသလိုပဲ၊ စီးမျောသွားကြပြီ၊ ဘယ်တော့မှ ပြန်ဆန်တက်လာမှာ မဟုတ်ဘူး ကိုနေနိုင်'
ပြတ်သားသော ကျွန်မစကားကြောင့် မောင်များစွာအံ့သြသွားပါသည်။
'ကုမ္ပဏီပိုင်ရှင် သူဌေးရဲ့ ကတော်ဖြစ်မှ စကားတွေတတ်လှချည်လား စုလေးမေ'
ကျွန်မသိသိသာသာပင် သက်ပြင်းတစ်ချက်ချမိလိုက်သည်။ ဟင်အင်း စကားတွေ မတတ်တော့တာပါ မောင်၊ ရင်ထဲမှာ ရှိတာတွေ ဖြစ်နေတာတွေ မောင်ရှိ ခဲ့မယ်ဆိုရင်လို့ တွေးနေမိခဲ့တာတွေ ဘာဆိုဘာမှ ကျွန်မမပြောတတ်တော့ပါ။ မောင်က မျက်ခုံးပင့်ကြည့်ပြီး
'သိပ်အံ့သြတယ် စုလေးမေ၊ သိပ်ကိုအံ့သြစရာပဲ၊ ကိုယ်ထင်ခဲ့တာ ကိုယ်တို့ နှစ်ယောက်ပြန်တွေ့တဲ့အခါ ကိုယ့်ရဲ့ အဖြစ်ကို ကြားသိလိုက်ရတာနဲ့၊ ကိုယ်ပုံစံမြင်တာ နဲ့ မင်းဟာ သနားညှာတာစိတ်နဲ့ ကိုယ့်ကို စကားချိုချိုလေးတွေဆိုမှာပဲ၊ တောင်းပန် စကား မဟုတ်တောင် အနည်းဆုံးအပြစ်ရှိသူ တစ်ယောက်လို မျက်နှာပေးလေးနဲ့ ကိုယ့် အပေါ်ကြင်နာဟန်ကလေးတော့ ရှိလိမ့်မယ်ပေါ့။ ခုတော့ စု မျက်လုံးတွေက တစ်ခါ မှ မသိခဲ့ဘူးတဲ့သူတွေလို'
ဟုတ်သလား မောင်.... ကျွန်မ အဲဒီလောက်တောင် ဟန်ဆောင်ကောင်းသွား သလားကွယ်။ မောင်က ဘယ်လိုများ ဖြစ်စေချင်လို့လဲ။ မောင်ရယ် ကျွန်မ တကယ် ချစ်ခဲ့တာ မောင့်ကိုပါ၊ သူနဲ့နေပေမဲ့ မောင့်ကို ချစ်တုန်းပဲ၊ မောင့်ကို ချစ်သလိုမျိုး သူ့ကို ဘယ်တော့မှ ချစ်လို့ ရမှာမဟုတ်ဘူး ဆိုပြီး မျက်နှာငယ်ငယ်လေးနဲ့ ပြောစေချင် သေးသလားဟင်၊ မောင့်အတွက် စိတ်ကောင်းဟန်နဲ့ မျက်ရည်ကလေးဝဲပြနေရဦးမှာ လားဟင်၊ 'သူ' ရဲ့မျက်ကွယ်မှာ မောင့်ကို နှုတ်ဆက်ရုံမျှမက စကားထိုင်ပြောဖြစ်တာ တောင် ကျွန်မအနေနဲ့ လွန်နေပြီ မဟုတ်လား။ မောင်ရှိခဲ့မယ်ဆိုရင်လို့ တွေးနေမိတာတွေ ကိုတော့ မောင့်ကို ပြောပြလိုက်ချင်သား၊ ဒါပေမဲ့ မောင်ရယ် တချို့စကားတွေသာ မပြောဘဲထားတာ ကောင်းတယ် မဟုတ်လား၊ မောင်မျှော်လင့်သလို အကြင်နာလက်ကျန် တွေကို ချပြနေရရင် မောင်ဟာ ရှေ့လျှောက် ကျွန်မဆီပဲ ပိုအာရုံရောက်နေမှာ အရက်တွေ ပဲသောက်ပြီး ဒီသံသရာထဲမှာပဲ လည်နေရမှာ၊ မောင့်ရဲ့ခံစားချက်ကို လျော့ပါးသွားအောင် စိမ်းပြတ်တဲ့ ပုံစံပြသင့်သလား၊ မောင့်ရဲ့ခံစားချက်တွေ တိုးပွားလာအောင် အကြင်နာ ဟန်နဲ့ သွေးထိုးမြှောက်ပင့်သင့်သလား။ ကျွန်မ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်း သိနေပါသည်မောင်။
'သွားကြစို့ ကိုနေနိုင်၊ ကျွန်မ အိမ်အလုပ်တွေ အများကြီး လုပ်စရာရှိသေးတယ်'
'တဆိတ် ကျေးဇူးပြုပြီး ကိုယ့်စကားတွေဆုံးအောင်'
'ဟင်အင်း ကျွန်မတို့ ရုတ်တရက်တွေ့ဆုံကြတာပဲ၊ ရှင့်စကားတွေ နားထောင် ဖို့လာခဲ့တာမှမဟုတ်တာ'
ပြောပြောဆိုဆို ကျွန်မထရပ်တော့ မောင်လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး...
'မင်း ငါ့ကို ဘာကြောင့် ထားရစ်ခဲ့တယ်ဆိုတာ ငါအရင်က အတွေးမရခဲ့ဘူး၊ ကျန်ခဲ့တဲ့ ကိုယ်အဖြစ်ကိုလည်း မနေ့ကထိ မယုံနိုင်အောင်ဖြစ်နေတုန်းပဲ၊ ဘာလို့ဆို မင်းက ငါ့ကို ချစ်ကြောင်းတွေ သိပ်ပြခဲ့တာကိုးကွ၊ အခုတော့ ဘာကြောင့်ဆိုတာ ငါ မျက်ဝါးထင်ထင်တွေ့ရပြီ၊ လွယ်လွယ်ချစ် လွယ်လွယ်မေ့နိုင်တဲ့ အပေါစားနှလုံးသားနဲ့ ငါ့ကို အပျင်းပြေရုံချစ်ခဲ့တာကိုး'
ကျွန်မဦးခေါင်းကို မိုးကြိုးထိမှန်သလို၊ နားတွေဟာ သံရည်ပူပူနဲ့ လောင်ချ ခံရသလို၊ ကျွန်မတစ်ကိုယ်လုံး ရုတ်တရက် ပူလောင်ပြင်းပြသွားပါသည်။
မကောင်းဆိုးဝါးတစ်ကောင် ဝင်ပူးနေပြီလား၊ ထင်ရလောက်အောင် မောင့် စကားများက ပက်စက်လွန်း၏။ သို့သော် ဒီလောက်တော့ ကျွန်မခံနိုင်ရည်ရှိနေပါမည်။ ဒီထက် အများကြီးတောင်ခံနိုင်ရည်ရှိခဲ့ပြီးပြီပဲ၊ ခုချိန်မှာ ခံနိုင်ရည်မရှိ လှုပ်လှုပ်ရှားရှား ဖြစ်သွားလျှင် ကျွန်မတို့ရဲ့ ဘဝတွေအားလုံးကမောက်ကမ ဖြစ်ကုန်လိမ့်မည်။ ကျွန်မ ထွက်လာခဲတော့ မောင် အဲသည်နေရာ ထိုင်လျက်ကျန်ခဲ့သည်။
'ဘယ်တုန်းက ပြန်ရောက်နေသလဲ စုလေးမေ'
ဟင်းအိုးမွှေနေသည့် ကျွန်မရဲ့လက်က တုန့်ခနဲ ဖြစ်သွား၏။ စောစောက တံခါးဖွင့်ပေးစဉ်က သူသည် ဘာမှ မသိသလိုပင်။ အခု ကျွန်မအပြင်ထွက်ခဲ့ကြောင်း သူသိနေ၏။ အခါတိုင်းလည်း အိမ်အတွက် လိုအပ်တာကို ကျွန်မ တက္ကစီ ဖြင့် ထွက်ဝယ်နေကြ။ ဒါကို တစ်ခါမှ မမေးဖူးပါ။ မလုံမလဲစိတ်ဖြင့် ကျွန်မ ဘာမှ ပြန်မဖြေဖြစ်သေး။
'မင်းတို့ ဆိုင်ထဲ ဝင်လာတာ ဝင်ဝင်ချင်းထောင့်က စားပွဲမှာ နေရာယူတာ ကိုယ်မြင်ခဲ့တယ်၊ အဲဒီတုန်းက အတွင်းဘက်အကျဆုံး စားပွဲမှာ ကိုယ်ရှိနေခဲ့တာကိုး'
ကျွန်မ စိတ်အိုက်သွား၏။ ဆိုင်ထဲ ပြည့်ကျပ်နေသော စားပွဲများရဲ့ တစ်နေရာ မှာ သူရှိနေလိမ့်မည်ဟု မထင်ခဲ့ပါ။ စကားတပြောပြောဖြင့်ဝင်အလာ လွတ်သောစားပွဲ မှာ ကျွန်မတို့ ဝင်ထိုင်ခဲ့ပြီး ကျွန်မက လမ်းဘက်ကို မျက်နှာမူသောခုံမှာ ထိုင်ခဲ့ သဖြင့် ဆိုင်အတွင်းဘက်ကို ဘာမှမြင်စရာအကြောင်းမရှိခဲ့၊ အကယ်၍ မြင်ခဲ့၍ သူရှိမှန်း သိခဲ့လျှင်ကော ကျွန်မ ဘာမျှ လုပ်မည်နည်း။ မသိပါ။ ဘာဖြစ်ဖြစ် ကျွန်မတို့ ပြောစကား တွေကို အလှမ်းဝေးနေသဖြင့် သူဘယ်လိုမှ မကြားနိုင်ဟု ယူဆပြီး ကျွန်မ စိတ်သက်သာရာ ရသည်။
'ကိုယ်သိပ်ကျေးဇူးတင်တယ် စုလေးမေ'
'ဘာကိုလဲဟင်'
'အချစ်ဟောင်းရဲ့ တစ်ကျော့ပြန် ကြိုးစားအားထုတ်မှုကိုကျောခိုင်းခဲ့ပြီး ကိုယ့်ဆီ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လာနိုင်ခဲ့လို့ပေါ့့'
ကျွန်မ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဘုရားသခင် ဒီလောက်ဝေးတာ သူ ဘယ်လို……
'မင်းနောက်က ကပ်လျက်စားပွဲ လူရှင်းသွားတာနဲ့ ကိုယ်ချက်ချင်းပြောင်းထိုင် နေခဲ့တာ'
ဒါဖြင့်ကျွန်မ တို့ ပြောသမျှကို အိတ်သွန်ဖာမှောက် သူသိသွားခဲ့ပေါ့။ ကျွန်မ နားရွက်ဖျားတွေ ပူထူသွားကာ ရှက်သည်လား၊ အခံရခက်သည်လား တစ်ခုခုကို ခံစားလိုက်ရသည်။
'ကိုယ် လက်ထပ်ခွင့်တောင်းခဲ့စဉ်က မင်းက အဲဒ်ီလိုရည်းစားရှိနေမှန်း တကယ် မသိခဲ့ဘူး'
ကျွန်မ လှုပ်လှုပ်ရှားရှား ဖြစ်ပြီး တစ်ခုခုပြောရန် ဟန်ပြင်တော့ သူက လက်ကာ၍ တားသည်။
'ဟင်အင်း ကိုယ်မင်းကို အပြစ်မတင်ပါဘူး။ သိလည်းမသိချင်ခဲ့ပါဘူး။ တကယ်လို့ သိခဲ့ရင်လည်း နောက်ဆုတ်မိမှာ မဟုတ်ဘူး။ ကိုယ် မင်းကို နှစ်နှစ်ကာကာသကြီး လိုချင်ခဲ့တာကိုး'
အပြစ်မလုပ်စဖူး လုပ်မိသော ကျောင်းသားတစ်ယောက်၊ ဆရာရဲ့ ခွင့်လွတ်မှု၊ နားလည်မှုကို ခံစားရပြီး ဆရာ့ရဲ့ ရှေ့မှာ ရှက်ရွံ့အနေရခက်နေသလိုမျိုး ကျွန်မ ခံစား နေရသည်။
'ကိုယ် သိပ်ကံကောင်းပါတယ်'
ခနဲ့လေသလား၊ ရွဲ့လေသလား အထင်နှင့် သူ့ကို ဆက်ခနဲ မော့ကြည့်မိတော့ ပြုံးနေသော သူ့ကို တွေ့ရပါသည်။
'ကိုယ် တကယ်ပြောတာ၊ တခြား မိန်းမသားဆို ဒီလို ထိန်းချုပ်ဖို့ လွယ်မယ် မထင်ဘူး'
ကျွန်မကိုကျွန်မလည်း အံ့သြပါသည်။ မောင်နှင့် မျက်နှာချင်းဆိုင် တွေ့နေ တာတောင် ကျွန်မရဲ့ အတွေးတွေအကြောင်း အရိပ်အမြွက်ကလေးမျှ ဘာလို့ မပြောမိခဲ့ပါလိမ့်။ တခြား ဘယ်အရာကများ ကျွန်မရဲ့ အတွေးတွေကို တားဆီးပိတ် ပင်ခဲ့ပါလိမ့်။ ကျွန်မ မသိပါ။
'သိလား စုလေးမေ၊ အဲဒီတုန်းက ကိုယ့်စိတ်တွေ ဂဏာမငြိမ်ဖြစ်လိုက်ရတာ၊ နောက်ဆုံး မင်းထွက်သွားပြီး သကောင့်သားငူငူကြီး ကျန်ခဲ့တာ တွေ့ရမှာပဲ ကိုယ် သက်ပြင်းချုနိုင်တော့တာ'
သူ့မျက်ဝန်းများထဲသို့ ပထမဆုံး အကြိမ် ကျွန်မ စူးစိုက် ကြည့်မိချေသည်။ ဗလုံးဗထွေးဖြင့် သူထပ်ပြော၏။
'မြင်စမ်းစေချင်တယ်၊ အဲဒီတုန်းက ကိုယ်မနာလိုစိတ်တွေနဲ့ တကယ့်ကို ဂနာမငြိမ်ဖြစ်ခဲ့ရတာကွ၊ အဲဒါ ဘာကြောင့်လဲ သိလား စုလေးမေ'
ဟင်းဖတ်တချို့ ပေကျံနေသည့် စတီးဇွန်းရှည်သည် ကျွန်မ လက်ထဲကနေ ထောက်ခနဲ ကြမ်းပြင်သို့ လျှောကျသွား၏။
ကိုင်း .... ပြောကြည့်လိုက်စမ်းပါ။
မောင်ရှိခဲ့မယ်ဆိုရင် ဆိုတဲ့အတွေး တွေကို နောက်တစ်နေ့မှာ ကျွန်မ တွေးမိ နေမှာလားဟင်....။
စုမီအောင်
(၂ဝဝ၁၊ ဒီဇင်ဘာ၊ ချယ်ရီမဂ္ဂဇင်း)
No comments:
Post a Comment